← Chapters

အခန်း (၁၈၃)

Vol. 19 Ch. 183

အခန်း (၁၈၃)

Vol. 19 Ch. 183

ဒယ်အိုးများစွာမှ အခိုးအငွေ့များ တထောင်းထောင်း ထွက်ပေါ်နေသည်။ မျိုးနွယ်စုပေါင်းစုံမှ သားရဲတစ်သိန်းကျော်သည် အငမ်းမရ စားသောက်နေကြ၏။ ချင်းထျန်းတောင်ထိပ်မှ လူသားအသွင်ပြောင်းထားသော မိစ္ဆာသူတော်စင်များပင်လျှင် အရာအားလုံးကို မေ့လျော့ကာ စားသောက်နေကြခြင်းဖြစ်သည်။

"ဒါ ဘယ်လို နတ်သုဒ္ဓါမျိုးလဲဟ..."

"ဒီမုန်လာဥနဲ့ ဟင်းသီးဟင်းရွက်တွေကလည်းအရမ်း စားလို့ကောင်းတယ်..."

"ပါးစပ်ထဲ ရောက်တာနဲ့ အရည်ပျော်သွားပြီး ချိုမြိန်လတ်ဆတ်နေတာပဲ..."

"စားလိုက်တာနဲ့ ပျော်ရွှင်မှုတွေက ဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံးနေရာအထိ တိုးဝင်သွားသလိုပဲ..."

ချင်းထျန်းတောင်ထိပ်မှ ကြက်ဖကြီးအချို့သည် သူတို့၏ကြက်ဖအသွင်ဖြင့် တအံ့တဩ ပြောဆိုနေကြသည်။

သူတို့သည် ချင်းထျန်းတောင်ထိပ်၌ နှစ်ပေါင်းသောင်းချီ နေထိုင်ခဲ့ကြပြီး ကျုံးရှန် ချီးမြှင့်သော အဖိုးတန် ရတနာများစွာကို စားသုံးခဲ့ဖူးသော်လည်း အရသာပိုင်းတွင်မူ ဤရွှေနှံစပါး၊ ရွှီကျောက်စိမ်းမုန်လာဥနှင့် ချင်းဖေ့ဟင်းသီးဟင်းရွက်တို့ကို တစ်သောင်းပုံ တစ်ပုံပင် မမီပေ။

ရွေ့ဝူတီမှာလည်း ဘေးတစ်ဖက်တွင် ထိုင်လျက် ထမင်းကို အငမ်းမရ စားသောက်နေသည်။ သူသည် အဝတ်အစားများ စုတ်ပြတ်သတ်နေပြီး သူတောင်းစားတစ်ဦးနှင့်ပင် တူလှသည်။ ယခုကဲ့သို့ အရသာရှိလှသော အစားအစာများကို စားလိုက်ရသဖြင့်ဝမ်းသာလွန်းပြီးမျက်ရည်ကျမတတ်ပင် ခံစားနေရသည်။ ဤအဖြစ်အပျက်သည် သူ၏ စိတ်ဓာတ်ကို လေ့ကျင့်ပေးလိုက်ခြင်း တစ်မျိုးပင် ဖြစ်သည်။

ရွေ့ဝူတီသည် ငယ်စဉ်ကတည်းက ကျုံးရှန်၏ စောင့်ရှောက်မှုအောက်၌ ကြီးပြင်းခဲ့ရသူ ဖြစ်သည်။ ကျုံးရှန်သည် သူ၏ မူလပါရမီ ဖြစ်သော ကံဆိုးမိုးမှောင်ကျခြင်းကို ပြောင်းလဲပေးခဲ့ရုံသာမက တန်ဖိုးရှိသော ကံဆိုးခြင်းကျင့်စဉ်များကိုပါ သင်ကြားပေးခံခဲ့ရသည်။

ထို့ပြင် ကျုံးရှန် သင်ကြားပေးသော ဓားသိုင်းပညာများကိုလည်း ရရှိခဲ့ကာ တောင်ပေါ်မှ ဆင်းလာသည်နှင့် တစ်ပြိုင်နက် သူနှင့်မျိုးဆက်တူကျင့်ကြံ သူများကို အနိုင်ယူခဲ့သည်။ သူ၏ ကျင့်ကြံခြင်း ခရီးလမ်းမှာ အလွန်ပင် ချောမွေ့ခဲ့သည်ဟု ဆိုရပေမည်။

ထို့ကြောင့် ရွေ့ဝူတီ၏ စိတ်ဓာတ်သည် အနည်းငယ် မတည်မငြိမ် ဖြစ်တတ်လေသည်။ သူ့၌ မကောင်းသော စိတ်ထား မရှိသော်လည်း စိတ်ထဲရှိသမျှကို ပွင့်ပွင့်လင်းလင်း ပြောတတ်သည့် အကျင့်ကြောင့် လူအများ၏ အငြိုငြင်ကို ခံရလေ့ရှိသည်။ ယခုကဲ့သို့ ပိုင်ရွှီနယ်မြေရှိ ဆန်းကြယ်သော တိုက်ကြီးပေါ်တွင် ပင်ပင်ပန်းပန်း အလုပ်လုပ်ရခြင်းသည် သူ၏ စိတ်ဓာတ်ကို တည်ငြိမ်စေရန်အတွက် အလွန်ပင် ကောင်းမွန်လှ၏။

"ဂေ့..."

ပတ်ဝန်းကျင် တစ်ခွင်မှ လေချဉ်တက်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ကြီးမားသောခန္ဓာကိုယ်ရှိသည့် နွားရိုင်းကြီးများ၊ ဆင်ကြီးများမှစ၍ မျောက်နှင့် မြေခွေးများအထိ အားလုံးမှာ အားရပါးရ စားသောက်ပြီးနောက် သက်သောင့်သက်သာဖြင့် လေချဉ်တက်နေကြခြင်း ဖြစ်၏။ ရွေ့ဝူတီလည်း စားသောက်ပြီးသွားပြီ ဖြစ်သဖြင့် ပန်းကန်များကို ဘေးသို့ ချလိုက်ကာ ဗိုက်ကို ပွတ်နေမိသည်။

အားလုံး စားသောက်ပြီးစီးသွားသည်ကို မြင်သောအခါ အဘိုးအိုသည် တုတ်ကောက်ဖြင့် မြေကြီးကို ထောက်လိုက်သည်။ မိုင်တစ်ရာ ပတ်လည်ရှိ မြေပြင်တစ်ခုလုံး တုန်ခါသွားရ၏။

"စားပြီးရင်လည်း အလုပ်မြန်မြန် သွားလုပ်ကြတော့..."

သူတို့မှာ စွမ်းအားများ ဖိနှိပ်ခံထားရသော်လည်း နားနေရန် မလိုအပ်ဘဲ နေ့ရောညပါ အလုပ်လုပ်နိုင်ကြသည်။ လူအများသည် တစ်ဝကြီး စားသောက်လိုက်ရပြီး အဘိုးအို၏ ကျေးဇူးကို ခံစားလိုက်ရသဖြင့် ယခုအချိန်တွင် အချိန်ဆွဲမနေကြတော့ပေ။

အားလုံးသည် ချက်ချင်း ထရပ်လိုက်ကြပြီး သတ်မှတ်ထားသော တာဝန်များအတိုင်း ကိုယ်နှင့်သက်ဆိုင်ရာ နေရာများသို့ပြန်လည်သွားရောက်ကာ အလုပ်ပြန်လုပ်လိုက်ကြသည်။

ရွေ့ဝူတီသည် ထရပ်လိုက်ကာ တောရိုင်းဆင်ကြီးများနှင့်အတူ သစ်တောသို့ သွား၍ သစ်လုံးများကို ဆက်လက် သယ်ယူလေသည်။ ယခုတစ်ကြိမ်တွင် ရွေ့ဝူတီသည် ဧရာမ သစ်လုံးကြီးတစ်လုံးလုံးကို တစ်ဦးတည်း အလွယ်တကူ မနိုင်စွမ်း ရှိနေ၏။ ယခင်ကဆိုလျှင် သူသည် တောရိုင်းဆင် အကောင်ပေါင်းများစွာနှင့် ပူးပေါင်းလုပ်ဆောင်မှသာ သစ်လုံးတစ်လုံးကို သယ်ဆောင်နိုင်ခြင်း ဖြစ်သည်။ သူ၏ ခွန်အားမှာ အဆပေါင်း ရာနှင့်ချီ၍ တိုးတက်သွားခြင်း ဖြစ်ပေသည်။

တစ်ဖက်ရှိတောရိုင်းဆင်ကြီးများမှာလည်း ခွန်အားများ တိုးပွားလာကြပြီး လုပ်ငန်းခွင် စွမ်းဆောင်ရည်မှာ ချက်ချင်း မြင့်တက်သွားသည်။ ရိုးရှင်းသောထမင်းတစ်နပ်သာ စားရခြင်းဖြစ်သော်လည်း အလွန်ပင် ဆန်းကြယ်လှ၏။ ဝမ်ချွမ်းကုန်းမြေတိုက်ပေါ်ရှိ သားရဲများအားလုံး၏ ခွန်အားသည် ဆယ်ဆမှ အဆတစ်ရာအထိ တိုးပွားလာကြသည်။

ထိုအကျိုးဆက်ကြောင့် သူတို့၏အလုပ်လုပ်နှုန်းမှာ သိသိသာသာ မြန်ဆန်သွားပြီး သုံးနှစ်ခန့် လုပ်ရမည့် အလုပ်မှာ နှစ်ပတ်အတွင်း ပြီးစီးသွားတော့မည်ဖြစ်သည်။ အားလုံးမှာ အိမ်ပြန်ချင်စိတ်ဖြင့် အားကြိုးမာန်တက် အလုပ်လုပ်လိုက်ကြ၏။ ပျက်စီးသွားသော နေရာများသည် မျက်စိတစ်မှိတ်အတွင်း လျင်မြန်စွာ ပြုပြင်ခြင်းခံနေရသည်။

အဘိုးအိုသည် လယ်တောထဲ၌ ထိုင်နေရင်း အမြဲတမ်း ပျော်ရွှင်နေတတ်သော်လည်း ယခုအခါ သူ၏ မျက်ဝန်းအစုံ၌ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသော အထီးကျန်ဆန်မှုများ အရိပ်ထင်နေသည်။ သူသည် အလုပ်ရှုပ်နေသော သက်ရှိများ၏အလွန်အ ဝေးတစ် နေရာကို ကြည့်လိုက်၏။

"ပိုင်ရွှီနယ်မြေထဲမှာ ဖန်ဆင်းရှင် လုပ်ရတာ တကယ့်ကို ခက်ခဲပါ့လား..."

"ငါ နှစ်သန်းပေါင်းများစွာ ကြိုးစားခဲ့တာတောင် ဒီကုန်းမြေတိုက် သေးသေးလေး တစ်ခုပဲ ဖန်တီးနိုင်ခဲ့တယ်..."

"ရွှေနှံစပါးနဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးနိုင်ပေမဲ့ သက်ရှိတွေကိုတော့ မွေးဖွားပေးနိုင်ခြင်း မရှိသေးဘူး.... အထူးသဖြင့် အသိဉာဏ်ရှိတဲ့ သက်ရှိတွေကိုပေါ့...''

"ထားလိုက်ပါတော့... နှစ်သန်းပေါင်းများစွာ အထီးကျန်ခဲ့တာပဲ... နောက်ထပ် တစ်နှစ်လောက် အထီးကျန်ရလည်း ဘာအရေးလဲ... ငါကတော့ လေပြည်ညင်းလိုပဲ အေးအေးဆေးဆေး ဆက်သွားနေမယ်..."

သူသည် တစ်ကိုယ်တည်း ရေရွတ်ပြီးနောက် ထရပ်လိုက်လျှင် မျက်စိတစ်မှိတ်အတွင်းပင် မိုင်ပေါင်းသောင်းချီ ဝေးသော ဝမ်ချွမ်းလှေ ပျက်ကျရာနေရာသို့ ရောက်ရှိသွားသည်။

ဝမ်ချွမ်းလှေသည် မိမိစိတ်ကြိုက် အရွယ်အစားကို ပြောင်းလဲနိုင်စွမ်း ရှိ၏။ ယခင်က လှေငယ်လေးသာ ဖြစ်သော်လည်း ယခုအခါတွင်မူ သင်္ဘောကြီးအလား ကြီးမားနေသည်။

အဘိုးအိုသည် လှေကြီး၏ ရှေ့တွင် ရပ်ကာ လက်နှစ်ဖက်ဖြင့် အသာအယာ တွန်းထုတ်လိုက်လျှင် ဧရာမ ဝမ်ချွမ်းလှေကြီးမှာ ပြန်လည် တည့်မတ်သွား၏။ ဤမြင်ကွင်းမှာ ပုရွက်ဆိတ်က တောင်ကြီးကို တွန်းရွှေ့နေသကဲ့သို့ အံ့ဩစရာ ကောင်းလှသည်။ သူ၏ ခွန်အားသည် ခွန်အားတိုးပွားလာသော ရွေ့ဝူတီထက် အဆသန်းပေါင်းများစွာ သာလွန်နေသည်။

အဘိုးအိုသည် လှေပေါ်သို့ ခုန်တက်လိုက်၏။ ပိုင်ရွှီနယ်မြေ၏ ဖိနှိပ်မှုကြောင့် ဝမ်ချွမ်းလှေရှိ ဝိညာဉ်စွမ်းအားများ ကုန်ဆုံးနေပြီဖြစ်သည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ နယ်စပ်ရှိ ပရမ်းပတာနယ်မြေထဲသို့ တွန်းပို့ပေးနိုင်မှသာ စွမ်းအားများ ပြန်လည် ရရှိပေလိမ့်မည်။

အဘိုးအိုသည် လှေဦးတွင် ရပ်ကာ လက်ချောင်းတစ်ချောင်းဖြင့် အကြီးဆုံးသော ရွက်တိုင်ပေါ်၌ စာသားအချို့ကို ရေးထွင်းလိုက်သည်။

ဤရွက်တိုင်မှာ ခမ်းနားလှသော ကောင်းကင်ထောက်တိုင်သစ်ပင် ၏ သစ်ကိုင်းဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီးကောင်းကင်ကိုးဆင့်နှင့် မြေကမ္ဘာဆယ်ခုကို ထမ်းထားနိုင်ပြီး အလွန် မာကျောလှသည်။ သို့သော်လည်း အဘိုးအိုသည် လက်ချောင်းဖြင့်ပင် အလွယ်တကူ ရေးထွင်းနိုင်စွမ်း ရှိနေ လေသည်။

စက္ကန့်အနည်းငယ် ကြာသောအခါ စာသားအချို့ကို ရေးထွင်းပြီးစီးသွားလေသည်။

"ဝမ်ချွမ်းလှေက ဝမ်ချွမ်းကို တက်လှမ်းတယ်...ဝမ်ရှန့်နတ်ဘုရားကုန်းမြေက နတ်ဘုရားတစ်သောင်းကို ဖျက်ဆီးတယ်"

စာရေးပြီးနောက် သူသည် လှေဦး၌ ထိုင်ကာ မျက်လုံးမှိတ်၍ အနားယူနေလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း လဝက်ခန့် ကုန်ဆုံးသွား၏။ ယခုအချိန်တွင် ပျက်စီးသွားသော လယ်ကွင်းများနှင့် အိမ်များ အားလုံးကို ပြုပြင်ပြီးသွားပြီ ဖြစ်သည်။

သားရဲများနှင့် သက်ရှိအားလုံးမှာ ဝမ်ချွမ်းလှေဘေးတွင် စုရုံးရောက်ရှိနေကြသည်။ သူတို့အားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေကြ၏။ အဘိုးအို၏ မျက်လုံးများ ဖွင့်လာကာ အားလုံးကို ဝေ့ကြည့်လိုက်သည်။

"မဆိုးဘူး... အားလုံး မူလအတိုင်း ပြန်ဖြစ်သွားပြီပဲ..."

"လှေပေါ်တက်ကြ... ငါ ကိုယ်တိုင် မင်းတို့ကို လိုက်ပို့ပေးမယ်..."

"နောက်ဆိုရင် ဒီလှေစုတ်ကြီးနဲ့ လျှောက်သွားမနေကြနဲ့ဦး"

အဘိုးအို၏ စကားကို ကြားသောအခါ သားရဲများအားလုံး ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် ပြိုင်တူ ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။

ဤအဘိုးအိုသည် လူကောင်းတစ်ယောက် ပင်ဖြစ်သည်။ အကယ်၍ သူသည် လူဆိုးတစ်ဦးသာ ဖြစ်ပါက ဤနေရာရှိလူအားလုံးကို အသတ်ခံရမည်ဖြစ်သည်။

သက်ရှိအားလုံး လှေပေါ်သို့ ရောက်ရှိသွားသောအခါ အဘိုးအိုမှာ လှေပေါ်မှ ဆင်းလိုက်သည်။ သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး လှေ၏ အမြီးပိုင်းတွင် ရပ်ကာ လှေကြီးကို လက်ဖြင့် ပင့်မလိုက်၏။ ထို့နောက် ခြေထောက်နှစ်ဖက်ကို ဆောင့်ကန်လိုက်ကာ ဝမ်ချွမ်းလှေ တစ်စင်းလုံးကို ပိုင်ရွှီ အတွင်းသို့ တွန်းပို့လိုက်သည်။

သူသည် အဆက်မပြတ်ဆက်တိုက် တွန်းပို့ပေးလိုက်ပြီး နောက်ဆုံးတွင် လှေကြီးမှာ ပရမ်းပတာ နယ်မြေ ထဲသို့ ဝင်ရောက်သွားလေသည်။ ထိုနေရာသို့ ရောက်သည်နှင့် အဘိုးအိုသည် သူ၏ အရှိန်အဝါများကို ထုတ်ဖော်လိုက်ရာ တစ်ကမ္ဘာလုံး တုန်ခါသွားရ၏။ သို့သော် ထိုအရှိန်အဝါမှာ ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွား ပြန်သည်။

အဘိုးအိုသည် ဆုပ်ကိုင်ထားသောလက်ကို လွှတ်လိုက်လျှင် ဝမ်ချွမ်းလှေကြီးမှာ ပရမ်းပတာနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာသို့ တိုးဝင်သွားတော့သည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိရာသို့ ဦးတည်သွားခြင်းပင်ဖြစ်၏။

အဘိုးအိုသည် သက်ပြင်းချလိုက်ပြီး နောက်လှည့်မကြည့်ဘဲ ဝမ်ချွမ်းကုန်းမြေတိုက်ပေါ်သို့ ပြန်သွားလိုက်သည်။

ဤသို့ဖြင့် ချင်းထျန်းတောင်ထိပ်မှ သားရဲများ၏ ဝမ်ချွမ်းခရီးစဉ်သည် တစ်ခန်းရပ်သွားလေသည်။

All Chapters