← Chapters

အခန်း (၁၈၄)

Vol. 19 Ch. 184

အခန်း (၁၈၄)

Vol. 19 Ch. 184

ပရမ်းပတာ နယ်မြေထဲသို့ ရောက်ရှိသွားသည်နှင့် ဝမ်ချွမ်းလှေပေါ်ရှိမိစ္ဆာသားရဲအားလုံး၏ ခန္ဓာကိုယ်အတွင်းသို့ စွမ်းအားများပြန်လည် စီးဝင်လာသည်။

ထို့နောက်အံ့သြစရာကောင်းသော အရာများဖြစ်ပေါ်လာ၏။

ရွေ့ဝူတီနှင့် ဂျွမ်းလီ အပါအဝင် ချင်းထျန်းတောင်ထိပ်မှ သူတော်စင်အဆင့် စွမ်းအားရှင်များ၏ ကျင့်ကြံခြင်းအဆင့်မှာ မူလအတိုင်း ပြန်လည် ပြည့်ဝလာရုံသာမကဘဲ ဆက်လက် မြင့်တက်လာသည်။ ယခင်က နိယာမနယ်ပယ် အဆင့် ၁၃ တွင် ရှိနေကြသော မိစ္ဆာသားရဲ စစ်တပ်၏ ကျင့်ကြံခြင်းမှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာ၏။ သူတို့သည် နိယာမနယ်ပယ်ကို ကျော်ဖြတ်ကာ သူတော်စင်အဆင့် သို့ အသီးသီး ဝင်ရောက်သွားကြသည်။

ဝမ်ချွမ်းလှေသည် လျင်မြန်စွာ ဖြတ်သန်းနေသဖြင့် ကောင်းကင်နှင့်မြေကြီး ထူးခြားဖြစ်စဉ်များသည် ဟင်းလင်းပြင်အတွင်း ကျန်ရစ်ခဲ့ကာ အချိန်အတော်ကြာပင် ပျောက်ကွယ်သွားခြင်း မရှိပေ။ မိစ္ဆာသားရဲ တစ်သိန်းကျော်သည် မိစ္ဆာသူတော်စင်များအဖြစ်သို့ တစ်ပြိုင်နက် အဆင့်တက်သွားကြသည်။ သူတော်စင် ပထမအဆင့် သာ ဖြစ်သော်လည်း အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှ၏။

ယခင်က နိယာမနယ်ပယ် အဆင့် ၂၄ အထက်ရှိသော မိစ္ဆာဘုရင်များသည် သူတော်စင်အဆင့် ဆဋ္ဌမအဆင့် သို့ ရောက်ရှိသွားကြပြီး သူတော်စင်ဘုံကို စတင် ဖွင့်လှစ်နိုင်သော သူတော်စင်များဖြစ်လာကြသည်။ သူတို့၏ ကျင့်ကြံမှုသည် အဆပေါင်း တစ်ရာမက တိုးတက်လာခြင်း ဖြစ်၏။

မူလကပင် သူတော်စင်အဆင့်ရှိနေကြသည့်ချင်းထျန်း‌တောင်ထိပ်မှ မိစ္ဆာသားရဲများ၏ ပြောင်းလဲမှုမှာ ပို၍ပင် အံ့အားသင့်ဖွယ် ကောင်းလှသည်။ ဝက်မည်းများ၊ မျောက်ဘုရင်၊ ကြက်ဖများနှင့် မြေခွေးမျိုးနွယ် အကြီးအကဲများသာမက ရွေ့ဝူတီနှင့် ကျွမ်းလီတို့ အားလုံး အဆင့်တက်သွားကြသည်။ သူတို့အတွက် သူတော်စင်အဆင့်၏ အတားအဆီးမှာ မရှိသကဲ့သို့ပင် နတ်ဘုရားအဆင့် သို့ လွယ်ကူချောမွေ့စွာ ဝင်ရောက်သွားကြ၏။

ဟင်းလင်းပြင်အတွင်း၌ နတ်ဘုရားအဆင့်သို့ တက်လှမ်းသည့် ထူးခြားသော နိမိတ်လက္ခဏာ အမျိုးမျိုး ပေါ်ထွက်လာသည်။ ကောင်းကင်ဘုံသို့ ခြေတစ်လှမ်းတည်းနှင့် တက်လှမ်းသွားခြင်းပင်ဖြစ်သည်။

“ငါတို့ရဲ့ ကျင့်ကြံခြင်းတွေက...”

“ဒါက ဘယ်လိုဖြစ်ရတာလဲ”

"ငါတို့က ဝမ်ချွမ်းကုန်းမြေတိုက်မှာ နှစ်အနည်းငယ်လောက် အလုပ်လုပ်ပြီး ထမင်းတစ်နပ် စားခဲ့ရုံပဲလေ... ဘာလို့ ပြန်ရောက်တာနဲ့ ကျင့်ကြံမှုတွေက ဒီလောက်အထိ တိုးတက်လာရတာလဲ..."

ကျွမ်းလီသည် ကြောင်အမ်းအမ်း ပြောလိုက်သည်။ သူမ၏ အာရုံခံနိုင်စွမ်းမှာ ဝမ်‌ချွမ်း‌ လှေပေါ်ရှိအားလုံးထဲတွင် အကောင်းဆုံးဖြစ်သဖြင့် ယခုကဲ့သို့ ကျင့်ကြံခြင်းအဆင့်များအရှိန်အဟုန်ဖြင့်ခုန်ပျံ‌ ကျော်တက်သွားခြင်းသည်အစစ်အမှန်ဖြစ်ကြောင်း သိရှိနေသည်။ ကျန်သည့်သူအားလုံးလည်း အလွန်အမင်း အံ့သြတုန်လှုပ်နေကြ၏။

နိယာမနယ်ပယ်မှ သူတော်စင်အဆင့်သို့၊ သူတော်စင်အဆင့်မှ နတ်ဘုရားအဆင့်သို့ ကူးပြောင်းသွားခြင်း ဖြစ်သည်။ ထိုပြောင်းလဲမှုသည် ကျင့်စဉ်နှင့် ပါရမီ ကွဲပြားမှုများကိုပင် လျစ်လျူရှုကာ သာမန် ပါရမီသာရှိသော သားရဲများပင်လျှင် အတားအဆီးမရှိ အဆင့်တက်သွားကြခြင်းဖြစ်၏။ ဤကဲ့သို့သောရလာဒ်မျိုးကို ကောင်းကင်တာအိုပင် မစွမ်းဆောင်နိုင်ပေ။

"မှားနေပြီ... ငါတို့ ထင်တာတွေ အကုန် မှားနေပြီ..."

“အဲ့ဒီ ပိုင်ရွှီနယ်မြေက စွမ်းအားတွေကို ဖိနှိပ်ထားတာ မဟုတ်ဘူး...”

“စည်းမျဥ်းနိယာမတွေ မတူညီတာပဲ..."

" အဲ့ဒီမှာ ရှိတဲ့ သာမန်သစ်သားတွေ၊ လယ်ယာသုံးပစ္စည်းတွေရဲ့ အလေးချိန်က နတ်ဘုရားတစ်သောင်းကုန်းမြေတိုက်က ပစ္စည်းတွေထက် အဆပေါင်းသန်းချီ ပြီးလေးလံနေတာ..."

"ဒါကြောင့် ဒီရက်ပိုင်း အလုပ်လုပ်ရတာ သာမန်လူတွေလို ပင်ပန်းဆင်းရဲခဲ့တာပေါ့..."

"ငါတို့က အဲ့နေရာမှာစွမ်းအားတွေနဲ့ သိုင်းကွက်တွေကို ထုတ်သုံးခွင့်တောင် မရှိခဲ့ဘူးလေ..."

"ငါ့ရဲ့ အစွမ်းထက်လှတဲ့ ဓားတစ်သောင်းကျင့်စဉ် ဆိုရင် ခန္ဓာကိုယ်ထဲက ထွက်လာတာနဲ့ ဝမ်ချွမ်းကုန်းမြေတိုက်ရဲ့ လေထုပွတ်တိုက်မှုကြောင့် ပျက်စီးသွားမှာသေချာတယ်..."

"ဒါကြောင့် ငါတို့ အလုပ်လုပ်ခဲ့တာတွေက ကျင့်ကြံခြင်း တစ်မျိုးလို့သတ်မှတ်လို့ရပြီး... ပုံမှန်ကျင့်ကြံခြင်းထက်သန်းချီတဲ့အကျိုးသက်ရောက်မှုကိုရရှိခဲ့တာ... နောက်ပြီး ငါတို့ ထူးဆန်းတဲ့ ထမင်းတစ်နပ်လည်း စားခဲ့သေးတယ်လေ..."

ရွေ့ဝူတီသည် သူတို့ကြုံခဲ့ရသည့်အတွေ့အကြုံများကို သေချာသဘောပေါက်နားလည်သွားပြီးနောက် အားလုံးကိုရှင်းပြလိုက်သည်။

ပိုင်ရွှီနယ်မြေ၏ စွမ်းအားနိယာမများသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးထက် များစွာ ပိုမိုမြင့်မားလှသည်။ အကယ်၍ ထိုပိုင်ရွှီနယ်မြေ၌ သက်ရှိများ မွေးဖွားလာမည် ဆိုပါက မွေးစကတည်းကပင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ သူတော်စင်အဆင့် စွမ်းအားရှင်များနှင့် ရင်ဘောင်တန်းနိုင်ပေလိမ့်မည်။

“ဝမ်ချွမ်းတစ်ဖက်ကမ်းက.... တကယ့်ကို အကြီးမားဆုံးသော ကံကောင်းခြင်းပဲ”

“သခင်သာ ငါတို့ကို အခုတွေ့ရင် အံ့ဩသွားမှာပဲနော်”

ရှေးဟောင်းဧရာမကြက်ဖကြီး အချို့သည် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို ခံစားရင်း ပြောဆိုနေကြသည်။

ထိုစကားကိုကြားလိုက်ရသောအခါ ကျွမ်းလီ၏ မျက်ဝန်းများထဲတွင် လွမ်းဆွတ်မှုများ ပြည့်နှက်သွားသည်။

“သခင်က ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးမှာ မရှိတော့ဘူး...”

“တခြား ကမ္ဘာတစ်ခုကို ရောက်နေတယ်လို့... အာရုံခံမိတယ်...”

“အခု ငါတို့ဆီမှာ မိစ္ဆာသူတော်စင် တစ်သိန်းကျော် ရှိနေပြီ... ဟွမ်ရှားမျိုးနွယ်စု တစ်ခုလုံးကို ရှင်းပစ်ဖို့တောင် ပြဿနာ မရှိတော့ဘူး..."

"ကုန်းမြေတိုက်မှာ စစ်မီးတွေ တောက်လောင်နေပြီး ကပ်ဘေးတွေ ကျရောက်နေတယ်... တံခါးပိတ်ကျင့်ကြံနေတဲ့ ရှေးဟောင်းအဖိုးကြီးတွေလည်း ထွက်လာကြသလို... ချိတ်ပိတ်ခံထားရတဲ့ မိစ္ဆာဆိုးတွေလည်း လှုပ်ရှားကုန်ကြပြီ..."

"ငါတို့ နန်ယန်စီရင်စုကို အမြန် ပြန်ပြီး... ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ နဲ့ အင်မော်တယ်တစ်သန်းတောင်တန်း ကြားမှာ ခံစစ်စည်း တည်ဆောက်ရမယ်..."

ကျွမ်းလီသည် အလေးအနက် ပြောဆိုလိုက်သည်။

နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားပြီးနောက် သူမ၏ နတ်ဘုရားအာရုံမှာ အဆပေါင်း ရာချီ၍ မြင့်တက်သွားသဖြင့် အချက်အလက် သန်းပေါင်းများစွာကို တစ်ပြိုင်နက် အာရုံခံနိုင်စွမ်း ရှိလာ၏။ ထို့ကြောင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ နောက်ဆုံး အခြေအနေများကို သူမ ချက်ချင်း သိရှိသွားခြင်း ဖြစ်သည်။

မိစ္ဆာသားရဲများမှာ စွမ်းအားများမြင့်တက်လာကြသဖြင့် တက်ကြွနေကြသည်။ ဝမ်ချွမ်းလှေသည် အရှိန်အဟုန်ဖြင့် ပြေးလွှားနေပြီး နောက်ထပ် သုံးရက်အတွင်း နန်ယန်စီရင်စုသို့ ရောက်ရှိမည် ဖြစ်သည်။

ထိုစဉ် ကျွမ်းလီသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ကာ ရွေ့ဝူတီကို စိုးရိမ်တကြီး ကြည့်လာသည်။ ရွေ့ဝူတီ၏ ကျင့်ကြံခြင်းမှာ ကျွမ်းလီထက်ပင် မြင့်မားနေ၏။ သူသည် ဝမ်ချွမ်းကုန်းမြေတိုက်တွင်လည်း အလုပ်ပို၍ ပင်ပန်းခဲ့သဖြင့် ယခုအခါ နတ်ဘုရားနယ်ပယ် ဒုတိယအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ စိတ်အာရုံသည် အလွန် လျင်မြန်လှသဖြင့် ကျွမ်းလီ၏ အမူအရာကို ချက်ချင်း သတိထားမိလိုက်သည်။

"ဘာဖြစ်လို့လဲ ကျွမ်းလီ..."

"နင် တစ်ခုခု ကြားလိုက်ရလို့လား..."

ကျွမ်းလီသည် လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။

“မင်းရဲ့ စေ့စပ်ထားတဲ့သူ ရှိနေတဲ့ မြောက်ဘက်နယ်စပ် ဓားကုန်းမြေတိုက် မှာ အပြောင်းအလဲတွေ ဖြစ်နေတယ်...”

"အဲဒီနယ်မြေက ရှေးဟောင်း မိစ္ဆာဓားသူတော်စင် ဓားသွန်းလုပ်ခဲ့တဲ့ နေရာဖြစ်ပြီး... အရမ်းဆိုးရွားလွန်းတဲ့သွေးဓားကန် တစ်ခု ရှိတယ်..."

"အဲဒီတုန်းက မိစ္ဆာဓားသူတော်စင်က သွေးဓားကန်ကို သုံးပြီး သက်ရှိပေါင်းများစွာကို သတ်ဖြတ်ကာ နတ်ဘုရားသတ်သွေးဓား ကို သွန်းလုပ်ခဲ့တယ်...."

“သူဟာ မြောက်ပိုင်းရဲ့ နံပါတ်တစ် အန္တရာယ်ရှိသူ ဖြစ်ခဲ့ပြီး စစ်မှန်သော နတ်ဘုရား တတိယအဆင့် စွမ်းအား ရှိခဲ့တယ်... ရှေးဟောင်း ဧကရာဇ်တွေတောင် သူ့ကို အပြတ်အသတ် သတ်နိုင်ဖို့ ယုံကြည်ချက်မရှိခဲ့ကြဘူး..."

“နောက်ဆုံးမှာ ဝမ်တာအိုဧကရာဇ် ကိုယ်တိုင်... ဝင်ရောက်တိုက်ခိုက်ခဲ့ရတယ်...သူက ကောင်းကင်ယဇ်ပူဇော်ခြင်း ကို သုံးပြီး မိစ္ဆာဓားသူတော်စင်ရဲ့ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခွဲပစ်ခဲ့တယ်..."

"ကောင်းကင်နန်းတော်ရဲ့ စစ်တပ်က သူတော်စင်အဆင့်နဲ့ နတ်ဘုရားအဆင့် စစ်သူကြီးတွေကို စုစည်းပြီး သွေးကန်ထဲမှာ ချိတ်ပိတ်ထားခဲ့တာပေါ့..."

"ဒါတောင်...တောင်ဖြိုစွမ်းအား နဲ့ တောင်ကုန်းပေါင်းတစ်သောင်းကို ရွှေ့ပြောင်းပြီး သွေးဓားကန်ကို ဖုံးအုပ်ထားခဲ့ရပြန်သေးတယ်..."

"အဲ့ဒါက ဓားကုန်းမြေတိုက်ဘယ်လိုဖြစ်လာလဲဆိုတာပဲ..."

"မိစ္ဆာဓားသူတော်စင်ရဲ့ ကျန်ရစ်ခဲ့တဲ့ ဓားအသိစိတ်တွေကြောင့်...မြောက်ဘက်နယ်စပ် ဓားကုန်းမြေတိုက်ဟာ ဓားသိုင်းကျင့်ကြံသူတွေအကြားမှာ နာမည်ကြီးလာတယ်လေ.."

"အခုထက်ထိ မိစ္ဆာဓားသူတော်စင်က မသေဆုံးသေးဘဲ အမြဲတမ်း လှုပ်ရှားဖို့ ကြိုးစားနေခဲ့တာ..."

"မကြာသေးခင်တုန်းက မြောက်ဘက်နယ်စပ်ရဲ့ လူရိုင်းမျိုးနွယ်မှာ ယဇ်ပူဇော်ပြီး မိစ္ဆာမျောက်ဝံနတ်ဘုရား ကိုဆင့်ခေါ်ခဲ့တယ်... သူတို့က မြောက်ဘက်နယ်စပ် ဓားကုန်းမြေတိုက်က ကန် မိသားစု နဲ့ တိတ်တဆိတ် ပူးပေါင်းလိုက်ပြီး သွေးဓားကန်ရဲ့ အတားအဆီးကို ဖျက်ဆီးလိုက်ကြပြီ..."

"သိပ်မကြာခင်မှာပဲ မိစ္ဆာဓားသူတော်စင်က အတားအဆီးကနေ လွတ်မြောက်လာပြီး သူ့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပြန်လည် စုစည်းတော့မယ်နဲ့တူတယ်..."

"အဲဒီအချိန်ကျရင် မြောက်ဘက်နယ်စပ် ဓားကုန်းမြေတိုက် တစ်ခုလုံး သွေးပင်လယ် ဝေသွားမှာ..."

"အခုချိန်မှာ ကန်မိသားစုက မြောက်ဘက်နယ်စပ် ဓားကုန်းမြေတိုက်မှာ သောင်းကျန်းနေကြတယ်..."

"ကန်မိသားစုရဲ့ သခင်လေးကန်ဖုန်းက...အခု ပိုင်မိသားစုကို တိုက်ခိုက်ပြီး... မင်းရဲ့ စေ့စပ်ထားသူ ပိုင်ကျန့်ဝမ် ကို လာတောင်းနေတယ်..."

ကျွမ်းလီက အချက်အလက်များကို လျင်မြန်စွာ ပြောပြလိုက်သည်။

ရွေ့ဝူတီ ချက်ချင်းပင် ဒေါသထွက်သွား၏။ သူ၏ စိတ်မှာ တည်ငြိမ်လာခဲ့သော်လည်း ဤကဲ့သို့သော ကိစ္စမျိုးကိုမူ သည်းခံနိုင်စွမ်း မရှိချေ။ ပိုင်ကျန့်ဝမ်၏ အဆင့်အတန်းသည် သူ၏ စိတ်ထဲ၌ ဆရာသခင်ဖြစ်သူ ကျုံးရှန်ပြီးလျှင် ဒုတိယ အရေးအကြီးဆုံး ဖြစ်၏။

ဝမ်ချွမ်းလှေသည် အရှိန်အဟုန်ဖြင့် သွားနေသော်လည်း သူတို့ ကိုယ်တိုင် ထိန်းချုပ်၍ မရနိုင်ပေ။ သူ၏ စိတ်ထဲ၌ မီးလောင်မတတ် စိုးရိမ်ပူလောင်နေတော့သည်။

"ကန်မိသားစု... ဝမ်အာရဲ့ ဆံခြည်တစ်မျှင် ပြတ်သွားတာနဲ့ ငါ ရွေ့ဝူတီက မင်းတို့ ကန်မိသားစု တစ်ဆွေတစ်မျိုးလုံးကို သတ်ပစ်မယ်..."

ရွေ့ဝူတီသည် မျက်ဝန်းများ နီမြန်းလျက် အံကြိတ်ကာ ကြိမ်းဝါးလိုက်လေသည်။

All Chapters