အခန်း (၁၈၅)
Vol. 19 Ch. 185
မြောက်ဘက်နယ်စပ် ဓားကုန်းမြေတိုက်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ မြောက်ဘက်အစွန်ပိုင်းတွင် တည်ရှိသည်။ ရာသီဥတုမှာ အေးခဲလွန်းပြီး တစ်နှစ်ပတ်လုံး ဆီးနှင်းများ ဖုံးလွှမ်းနေ၏။ သို့သော် ဓားကုန်းမြေတိုက်၏ အနောက်ဘက်ခြမ်းတွင်မူ အပူရှိန်များ တောက်လောင်နေသည်။ မြေအောက်မှ ပူပြင်းလှသော ရေပူစမ်းများ အဆက်မပြတ် ပန်းထွက်နေသဖြင့် လေထုအတွင်း၌ ရေနွေးငွေ့များနှင့် ဆာလဖာနံ့များ ဖုံးလွှမ်းနေ၏။ ယင်းမှာ မြောက်ဘက်နယ်စပ် ဓားကုန်းမြေတိုက်အတွင်းရှိ ထူးဆန်းသော နယ်မြေတစ်ခု ဖြစ်သည်။
ထိုထူးဆန်းသော နယ်မြေ၏ အလယ်ဗဟို၌ စိမ်းလဲ့သော ကန်ကြီးတစ်ကန် ရှိနေပြီး ကန်အတွင်း၌ မရေမတွက်နိုင်သော ဓားမြောက်မြားစွာ နစ်မြုပ်နေသည်။ သာမန်ဓားများ ဖြစ်သော်လည်း တစ်ချက်ကြည့်လိုက်ရုံနှင့် ထက်မြက်တောက်ပနေသည်ကို တွေ့မြင်နိုင်သည်။
ဤနယ်မြေနှင့် မလှမ်းမကမ်းတွင် ကြီးမားသော မြို့ကြီး တစ်ခု ရှိသည်။ မြင့်မားသော မြို့ရိုးများ ဝန်းရံထားပြီး မြို့ရိုးပေါ်၌ ဓားသမားများစွာ ကင်းလှည့်နေကြကာ အခြေအနေမှာ တင်းမာနေပုံရ၏။ မြို့တွင်းရှိ မြေပြင်ပေါ်၌ ရှုပ်ထွေးသော အစီရင်အမှတ်အသားများ ပြန့်နှက်နေကာ ထိုအမှတ်အသားများသည် မြို့လယ်ရှိ တောင်တစ်လုံးခန့် ကြီးမားသော ကိုးဆင့်ကောင်းကင် ဥက္ကာခဲသံတုံး ဆီ၌သွားရောက်စုစည်းသွားကြသည်။
ဥက္ကာခဲသံတုံး၏ အပေါ်ပိုင်းကို ကြီးမားလှသော ဓားလက်ကိုင်နှင့် ဓားကိုယ်ထည်အဖြစ် ထုဆစ်ထားပြီး အောက်ပိုင်းသည် ကြမ်းတမ်းသော သံမဏိတုံးအဖြစ် ကျန်ရှိနေ၏။ သံမဏိတုံးအတွင်းသို့ တစ်ဝက်ခန့် စိုက်ဝင်နေသော ဓားကြီးတစ်လက်နှင့် တူလှသည်။ ဤသံမဏိဓားရုပ်တုသည် မြေပြင်ပေါ်ရှိ အစီရင်များနှင့် ဆက်သွယ်ထားပြီး မြို့တစ်ခုလုံးကို တစ်သားတည်း ဖြစ်စေသည်။ ဤမြို့၏ အမည်မှာ ပိုင်တီမြို့ဖြစ်ပြီး မြောက်ဘက်နယ်စပ် ပိုင်မိသားစု၏ အခြေစိုက်စခန်းလည်း ဖြစ်သည်။
ပိုင်မိသားစုသည် ရှေးဟောင်း မိသားစုကြီး တစ်ခု ဖြစ်ပြီး သူတို့၏ ဘိုးဘေးမှာ ဝမ်တာအိုဧကရာဇ်၏ နောက်လိုက်ဖြစ်သူ တော်ဝင်ဓားသူတော်စင် ပိုင်ကျန့်ရှင်းဖြစ်၏။ သူသည် ကောင်းကင်နှင့်မြေကြီး၏ အသိအမှတ်ပြုမှုကို ရရှိထားသော စစ်မှန်သော သူတော်စင် တစ်ဦး ဖြစ်ကာ သူတော်စင် အဆင့် ၆ အထိ ရောက်ရှိခဲ့သူဖြစ်သည်။
အတိတ်တွင် မိစ္ဆာဓားသူတော်စင်ကို ချုပ်နှောင်ပြီးနောက် ဝမ်တာအိုဧကရာဇ်သည် မိမိ၏ လက်အောက်ငယ်သားများကို ဤနေရာ၌ အခြေချနေထိုင်ရန် တိုက်တွန်းခဲ့သည်။ ပိုင်ကျန့်ရှင်းသည် ထိုတိုက်တွန်းချက်ကြောင့် ဤနေရာသို့ လာရောက်နေထိုင်ခဲ့ခြင်း ဖြစ်သည်။ သူသည် သူတော်စင် အဆင့် ၆သာ ရှိသော်လည်း စစ်မှန်သော သူတော်စင် ဖြစ်သည့်အပြင် ရှေးဟောင်းကာလ၏ ကျင့်စဉ်များစွာကိုလည်း ပိုင်ဆိုင်ထားခဲ့သည်။ ထိုခေတ်ကာလ၏ ကမ္ဘာ့ကံတရားသည် ထွန်းကားလှသဖြင့် ပါရမီရှင်များသည် မရေမတွက်နိုင်ပေါ်ထွက်ခဲ့ရာ ပိုင်ကျန့်ရှင်းသည်တစ်ဦးအပါအဝင်ဖြစ်ပေသည်။ သူ၏ အစွမ်းသည် ယခုခေတ်ရှိ နတ်ဘုရားအမြုတေ မရှိသော ဒုတိယအဆင့် နတ်ဘုရားတစ်ပါးကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိ၏။
ယင်းမှာ ခေတ်ကာလတစ်ခုနှင့်တစ်ခုအကြား ကမ္ဘာ့ကံတရားနှင့် အခြေခံအုတ်မြစ် ကွာခြားမှုပင် ဖြစ်သည်။ ကျင့်ကြံခြင်းလောကတွင် ပါရမီကို အကြမ်းဖျင်းအားဖြင့် ခြောက်ဆင့် ခွဲခြားထားသည်။ ညံ့ဖျင်းသူ၊ အလယ်အလတ်၊ အထက်တန်း၊ ဂျီးနီးယပ်စ်၊ ပြိုင်ဘက်ကင်းပါရမီရှင် နှင့် မွေးရာပါသူတော်စင် တို့ ဖြစ်ကြသည်။ လူတိုင်း ကျင့်ကြံနိုင်သည်ဟု ဆိုသော်လည်း ပါရမီ ကွာခြားမှုကြောင့် ကျင့်ကြံမှုနှုန်းနှင့် နားလည်နိုင်စွမ်းမှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားလှ၏။
မွေးရာပါ သူတော်စင် ပါရမီရှင်များသည် နိယာမနယ်ပယ်သို့ စတင် ဝင်ရောက်ရုံဖြင့် နိယာမနယ်ပယ် အဆင့် ၄ သို့မဟုတ် အဆင့် ၅ ရှိသူများကို သတ်ဖြတ်နိုင်ကြသည်။ သူတို့၏ကျင့်စဉ်နှင့် တန်ခိုးစွမ်းအားများအပေါ် နားလည်သဘောပေါက်နိုင်စွမ်းသည် သာမန်ကျင့်ကြံသူများထက် များစွာ ပိုမိုသာလွန် လေသည်။ ထို့ကြောင့်ပင် မွေးရာပါသူတော်စင်များသည် ပိုမို အားကောင်းသော စွမ်းအားများကို ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။
သာမန်လူများထဲတွင် လူတစ်သောင်းလျှင် တစ်ယောက်သာ အထက်တန်း ပါရမီရှင် ပါလေ့ရှိသည်။ အထက်တန်းပါရမီရှင် တစ်ဦးသည် ဆယ်စုနှစ်တစ်ခုခန့် ကြိုးစားကျင့်ကြံပါက ဝူကျုံး အဆင့်သို့ ရောက်ရှိနိုင်ပြီး ကံကောင်းပါက နိယာမနယ်ပယ်သို့ တက်လှမ်းနိုင်၏။
အထက်တန်းပါရမီရှင် တစ်သောင်းလျှင် တစ်ယောက်သာ ဂျီးနီးယပ်စ် အဆင့် ပါလေ့ရှိသည်။ ဂျီးနီးယပ်စ်တစ်ဦးသည် နိယာမနယ်ပယ် အဆင့် ၁၄ မူလဝိညာဉ်ခန္ဓာခွဲထွက်ခြင်းအဆင့်ထိ အလွယ်တကူ ရောက်ရှိနိုင်ပြီး ဂိုဏ်းတစ်ခု၏ အကြီးအကဲ သို့မဟုတ် အင်ပါယာ၏ စစ်သူကြီး ဖြစ်လာနိုင်သည်။ နှစ်ပေါင်းသောင်းချီ ကြိုးစားပြီး ဆေးဝါးများ အကူအညီ ရယူပါက သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်ရှိရန် အခွင့်အရေး ရှိ၏။
ပြိုင်ဘက်ကင်းပါရမီရှင်မှာမူ ပို၍ပင် ရှားပါးလှသည်။ အချို့သော ဂိုဏ်းများသည် နှစ်ပေါင်း တစ်သောင်းကြာသည်အထိ ပြိုင်ဘက်ကင်းပါရမီရှင် တပည့်တစ်ဦးကိုမျှ ရှာမတွေ့ခြင်းမျိုးပင် ရှိ၏။ ယခုခေတ်ကာလကဲ့သို့ ကမ္ဘာ့ကံတရား မှေးမှိန်နေချိန်၌ပင် ထိုပြိုင်ဘက်ကင်းပါရမီရှင်များသည် သူတော်စင်တစ်ပိုင်းအဆင့်သို့ အလွယ်တကူ ရောက်ရှိနိုင်ပြီး ဂိုဏ်းချုပ် သို့မဟုတ် ဧကရာဇ်များ ဖြစ်လာတတ်ကြ၏။ သူတို့အတွက် သူတော်စင်အဆင့်သို့ ရောက်ရှိရန်မှာ အချိန်တစ်ခုသာ လိုအပ်သည်။
မွေးရာပါသူတော်စင်များမှာမူ လက်ချိုးရေတွက်၍ ရသည်အထိ ရှားပါးလှ၏။ သူတို့သည် အနှစ်တစ်ထောင်အတွင်းမှာပင် နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားကာ ဟင်းလင်းပြင်အတွင်း၌ စစ်မှန်သော နတ်ဘုရား ဖြစ်လာမည့် အခွင့်အရေးကို ရှာဖွေတတ်ကြသည်။
အကယ်၍ ဂိုဏ်းတစ်ခု၌ မွေးရာပါသူတော်စင် တစ်ဦး ရှိပါက ထိုဂိုဏ်း၏ အဆင့်အတန်းသည် နတ်ဘုရားတစ်သောင်းကုန်းမြေတိုက်ရှိ ထိပ်တန်းဂိုဏ်းကြီး ၇၂ ဂိုဏ်းအနက် ထိပ်သီးအဆင့် ၂၀ အတွင်းသို့ ချက်ချင်း ရောက်ရှိသွားပေလိမ့်မည်။
ကျုံးရှန်၏ မြေးဖြစ်သူ ကျုံးချီမင်သည်မူလက ပါရမီရှင်အဆင့်သာ ရှိသော်လည်း ကောင်းကင်သန့်စင်အရိုးနှင့် ပေါင်းစပ်ပြီးနောက် ပြိုင်ဘက်ကင်းပါရမီရှင် ဖြစ်လာခဲ့သည်။ ထို့ကြောင့် ပါရမီကို ထူးကဲသော နည်းလမ်းများဖြင့် နောက်ပိုင်းတွင် ပြောင်းလဲ၍ ရနိုင်သကဲ့သို့ ထိပ်သီးပါရမီများကိုလည်း အမွေဆက်ခံခြင်း သို့မဟုတ် လုယူခြင်းများဖြင့် ရယူနိုင်သည်။
ပိုင်မိသားစုသည် ယခင်က မြောက်ဘက်နယ်စပ် ဓားကုန်းမြေတိုက်၏ နံပါတ်တစ် မိသားစုကြီး ဖြစ်ခဲ့သည်။ သူတို့ထံ၌ ပါရမီရှင်များစွာ ရှိခဲ့ပြီး နှစ်ပေါင်းသောင်းချီကြာသည့်အခါတိုင်း ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦး ပေါ်ထွက်လေ့ ရှိ၏။ သို့သော် လွန်ခဲ့သော နှစ်ပေါင်း တစ်သန်းအတွင်း၌ မျိုးဆက်ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ပါရမီရှင် ဘိုးဘေးအချို့မှာ ကွယ်လွန်ခဲ့ကြပြီး အချို့မှာ ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်သွားကြသဖြင့် နောက်မျိုးဆက်များသည် အားနည်းလာခဲ့လေသည်။
သို့ဖြင့် ပိုင်မိသားစု၏ အင်အားသည် လျင်မြန်စွာ ဆုတ်ယုတ်လာခဲ့ရာ မူလက မြောက်ဘက်နယ်စပ် ဓားကုန်းမြေတိုက်၏ တစ်ဝက်ကျော်ကို ပိုင်ဆိုင်ခဲ့ပြီး မြို့တော် ခုနစ်မြို့ ရှိခဲ့သော်လည်း ယခုအခါ မြို့တော် တစ်မြို့သာ ကျန်ရှိတော့သည်။
ကံကောင်းသည်မှာ လက်ရှိ မိသားစုခေါင်းဆောင် ပိုင်ယွင်ဖေး၏ သမီး ပိုင်ကျန့်ဝမ်သည် ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦး ဖြစ်နေခြင်းပင် ဖြစ်သည်။ သူမသည် အလွန်လှပပြီး ကြယ်ရောင်ကဲ့သို့ တောက်ပြောင်ရှည်လျားသော ဆံနွယ်ရှည်များနှင့် ကြည်လင်လှပသော မျက်ဝန်းအစုံ ကိုပိုင်ဆိုင်ထားသည်။ လှပရုံသာမက တည်ငြိမ်ရင့်ကျက်ပြီး ကျောဘက်တွင် ဓားသုံးလက် လွယ်ထားကာ ရဲရင့်သော အသွင်ရှိ၏။
သူမ၏ စေ့စပ်ထားသူမှာလည်း သူတော်စင် အဆင့် ၄ ရှိသည့် အစွမ်းထက် ဓားသူတော်စင် တစ်ဦး ဖြစ်သည်။ သူသည် ပေပေါင်းများစွာ ကျယ်ဝန်းသော သူတော်စင်ဘုံတံခါးကို ဖွင့်လှစ်နိုင်ပြီး အနှိုင်းမဲ့ ဓားဆန္ဒများကို ခေါ်ယူနိုင်စွမ်း ရှိသဖြင့် ကျင့်စဉ်တူသူများအကြား ထိပ်သီးတစ်ဦး ဖြစ်သည်။
ပိုင်မိသားစုသည် ပိုင်ကျန့်ဝမ်နှင့် သူမ၏ စေ့စပ်ထားသူတို့က မိသားစုကို ပြန်လည် မြှင့်တင်ပေးမည်ဟု မျှော်လင့်ထားခဲ့ကြ၏။ သို့သော် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး ရုတ်တရက် မငြိမ်မသက် ဖြစ်လာပေါ်လာခဲ့ကာ သူမ၏ စေ့စပ်ထားသူမှာ ပျောက်ဆုံးသွားခဲ့သည်။
ထိုအချိန်တွင် မြောက်ပိုင်း လူရိုင်းမျိုးနွယ်များက အကြီးအကျယ် ကျူးကျော်လာကြ၏။ ယင်းတို့ထဲမှ မိစ္ဆာမျောက်ဝံနတ်ဘုရားသည် အင်အားကြီးလာသည့် နောက်ပိုင်းမျိုးဆက်ဖြစ်သူ ကန် မိသားစုနှင့် ပူးပေါင်းလိုက်ကာ မိစ္ဆာဓားသူတော်စင်ကို ချုပ်နှောင်ထားသော အစီရင်များကို လျှို့ဝှက်ဖျက်ဆီးခဲ့ကြသဖြင့် ဓားကုန်းမြေတိုက် တစ်ခုလုံး ရှုပ်ထွေးသွားခဲ့သည်။ မြောက်ပိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဒေသများအားလုံး လုံးဝ ကျဆုံးသွားခဲ့သည်။ ပို၍ ဆိုးရွားသည်မှာ ကန်မိသားစု၏ လက်ရှိသခင်လေး ကန်ဖုန်းသည် ပိုင်ကျန့်ဝမ်ကို မျက်စိကျနေခြင်းပင် ဖြစ်သည်။
သူသည် မိစ္ဆာမျောက်ဝံနတ်ဘုရား၏ လက်အောက်ခံ စစ်တပ်နှင့် မိသားစု သေမင်းတမန် စစ်သည်များကို ခေါ်ဆောင်ကာ ပိုင်တီမြို့တော်သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် စစ်ဘေးဒဏ်မှ ရှောင်ရှားလိုပါက ပိုင်ကျန့်ဝမ်ကို သူ့အား ဇနီးအဖြစ် ပေးအပ်ရမည်ဖြစ်ပြီး မဟုတ်ပါလျှင် ပိုင်တီမြို့ကို ဖျက်ဆီးကာ မြို့သူမြို့သား အားလုံးကို မိစ္ဆာမျောက်ဝံနတ်ဘုရားထံ ယဇ်ပူဇော်မည်ဟု ခြိမ်းခြောက်လာသည်။ စဉ်းစားရန် တစ်ရက် အချိန်ပေးထားကာ လက်ရှိတွင် ကန်ဖုန်းသည် မြို့တော်နှင့် မိုင် ၃၀ အကွာ၌ တပ်စွဲ၍ အဖြေစောင့်ဆိုင်းနေ၏။
ပိုင်တီမြို့တော်အတွင်းရှိ ပိုင်မိသားစု၏ အစည်းအဝေးခန်းမ၌ အကြီးအကဲအားလုံးစုရုံး ရောက်ရှိနေကြသည်။ ထိပ်ဆုံးနေရာ၌ လက်ရှိ မိသားစုခေါင်းဆောင် ပိုင်ယွင်ဖေး ထိုင်နေ၏။ သူ၏ ကျင့်စဉ်သည် နိယာမနယ်ပယ် အဆင့် ၂၅ အထိ ရောက်ရှိနေပြီ ဖြစ်သော်လည်း ယခုအခါတွင် သူ၏မျက်နှာ၌စိုးရိမ်ရိပ်များ ဖုံးလွှမ်းနေသည်။
အောက်ဘက်ရှိ အကြီးအကဲများမှာ နှစ်ဖက်ကွဲကာ အပြင်းအထန် ငြင်းခုံနေကြ၏။ တစ်ဖက်သည် စစ်ဘေးဒဏ်မှ ကာကွယ်ရန် ပိုင်ကျန့်ဝမ်ကို ကန်ဖုန်းနှင့် လက်ထပ်ပေးသင့်ကြောင်း ထောက်ခံနေကြကာ အခြားတစ်ဖက်ကမူ လုံးဝ လက်မခံဘဲ သေသည်အထိ ခုခံတိုက်ခိုက်ရန် တောင်းဆို နေကြသည်။ နှစ်ဖက်စလုံး၌ ခိုင်လုံသော အကြောင်းပြချက်များ ရှိနေကြသဖြင့် မည်သူမျှ အလျှော့မပေးကြချေ။ ဤအကြီးအကဲ အများစု၏ ကျင့်ကြံမှုသည် နိယာမနယ်ပယ် အဆင့် ၂၀ ခန့်သာ ရှိကြသည်။ သို့သော် သူတို့၏ မိသားစုအတွင်းအဆင့်အတန်းမှာမြင့်မားလှသဖြင့် ပိုင်ယွမ်ဖေးလည်း ခေါင်းကိုက်နေရသည်။
“အကြီးအကဲတို့... ကျန့်ဝမ်ရဲ့ စကားတစ်ခွန်းကို နားထောင်ပေးကြပါဦး”
ရုတ်တရက် ဓားသွားကဲ့သို့ ပြတ်သားအေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအခါ အသံ၌ ထူးဆန်းသော စွမ်းအားများ ပါရှိနေသကဲ့သို့ ခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားတော့သည်။
“ဒီကိစ္စက မိသားစု ရှင်သန်ရေးနဲ့ ပတ်သက်နေပါတယ်..."
"ဒါကြောင့်.. မိသားစု ဘေးကင်းဖို့အတွက် ကျန့်ဝမ်အနေနဲ့ ကန်ဖုန်းဆီ လိုက်သွားဖို့ ဆန္ဒရှိပါတယ်”