အခန်း (၁၈၇)
Vol. 19 Ch. 187
“မင်းက အလျှော့မပေးဘူးပေါ့... ပိုင်ကျန့်ဝမ်..."
"ကောင်းပြီလေ... ဒီနေ့တော့ ငါ့ရဲ့ အစွမ်းကို ပြရသေးတာပေါ့”
“အဖိုအမ ဓားနှစ်စုံ... ကန်ကျန်းနဲ့ မော်ယဲ့”
ကန်ဖုန်း၏ မျက်နှာသည် တည်ကြည်သွားပြီး သူ၏ ပေါ့ပျက်ပျက် ပုံစံများ ပျောက်ကွယ်သွားသည်။ ထို့နောက် လက်နှစ်ဖက်ကို လွှဲယမ်းကာ ဟင်းလင်းပြင်အတွင်းသို့ ထိုးစိုက်လိုက်လျှင် အနီရောင်နှင့် အစိမ်းရောင်ရှိသောအကြီးနှင့် အသေး နတ်ဘုရားဓားနှစ်လက် ထွက်ပေါ်လာသည်။
သူသည် ဓားနှစ်လက်ကို ကိုင်ဆောင်ကာ အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့် ပိုင်ကျန့်ဝမ် ထုတ်ဖော်ထားသော ကျန်းဟွမ်ဓားသုံးလက် ၏ တိုက်ခိုက်မှုများကို အပြတ်အသတ် ချေမှုန်းပစ်လိုက်၏။
ဓားချက်မှ ကျန်ရှိနေသော စွမ်းအင်များသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး ပိုင်မိသားစု၏ ခြံဝန်းကြီးကို နှစ်ပိုင်း ပြတ်သွားစေသည်။ ထို့နောက် အဝေးရှိ ကိုးဆင့်ကောင်းကင် ဥက္ကာဓားအစီရင် ဆီသို့ တိုက်ရိုက် ထိမှန်သွားလေသည်။ အစီရင်သည် ပြင်းထန်စွာ တုန်ခါသွားပြီး ပျက်စီးလုနီးပါး ဖြစ်သွား၏။
ဤအစီရင်သည် သာမန် သူတော်စင် အဆင့်၆ ရှိသော စွမ်းအားရှင်များ၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်း ရှိသည်။ သို့သော်လည်း ကန်ဖုန်း၏ သာမန် ဓားချက်တစ်ချက်အောက်၌ ပျက်စီးလုနီးပါး ဖြစ်သွားရလေသည်။ ကန်ဖုန်းသည် ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦး ဖြစ်သော်လည်း သူတော်စင်အဆင့် ၁ ကျင့်ကြံမှုသာ ရှိသေးပြီး ထိုကဲ့သို့စွမ်းအားမျိုးမထုတ်ဖော်နိုင်ပေ။
ဤသည်မှာ သူ၏ လက်ထဲရှိ ကန်ကျန်းနှင့် မော်ယဲ့ ဓားနှစ်လက်ကြောင့်သာ ဖြစ်သည်။ ဓားနှစ်လက်သည် စစ်မှန်သော ဓားနတ်ဘုရားတစ်ပါး၏ လက်ထဲသို့ ရောက်ရှိသွားပါက မဟာတာအိုတစ်ပိုင်း အဆင့်ရှိသည့် သတ်ဖြတ်ခြင်း စွမ်းအားကိုပင် ထုတ်ဖော်နိုင်ပေလိမ့်မည်။
ပိုင်ကျန့်ဝမ်သည် အလွန်ပင် ထိတ်လန့်သွားသည်။
''နင်... နင် တကယ်ပဲ... ကန်ကျန်းနဲ့ မော်ယဲ့ကို ရှာတွေ့ထားတာလား...''
'"ဒီ အဖိုအမ ဓားနှစ်လက် ကွဲကွာနေတာ နှစ်သန်းပေါင်းများစွာ ကြာပြီလေ..."
"ဒဏ္ဍာရီတွေအရ ဒီဓားနှစ်လက် ပြန်ပေါင်းစည်းရင် မယုံနိုင်လောက်အောင် စွမ်းအားကြီးတယ် ဆိုတာ အမှန်ပဲပေါ့..." "နင် တကယ် ရှာတွေ့ခဲ့လိမ့်မယ်လို့ ထင်မထားမိဘူး..."
သူမသည် အလွန်အမင်း တုန်လှုပ်သွားသဖြင့် ခန္ဓာကိုယ်အတွင်းရှိ ဓားဆန္ဒများမှာလည်း များစွာ ဆုတ်ယုတ်သွားသည်။
ဓားကျင့်ကြံသူများအကြား၌ ကန်ကျန်းနှင့် မော်ယဲ့ ဓားနှစ်လက်၏ ဂုဏ်သတင်းမှာ အလွန်ပင် ကြီးမားလှသဖြင့် ပိုင်ကျန့်ဝမ် ဤမျှ တုန်လှုပ်သွားခြင်းသည် မဆန်းလှချေ။
ရှေးဟောင်းကာလတွင် ဖြစ်ပေါ်ခဲ့သော နတ်ဘုရားဓားအချို့ပြီးလျှင် ယင်းဓားနှစ်လက်မှာ အကျော်ကြားဆုံး ဖြစ်၏။ ကန်ဖုန်းက ဓားတစ်စုံလုံးကို ရရှိထားသဖြင့် အခြေအနေမှာ အလွန်ပင် ဆိုးရွားသွားသည်။ မိစ္ဆာမျောက်ဝံ မဟာယဇ်ပုရောဟိတ် ဝင်မပါလျှင်ပင် ပိုင်ကျန့်ဝမ်သည် သူ့ပြိုင်ဘက် မဟုတ်တော့ပေ။
ပိုင်ကျန့်ဝမ်၏ စိတ်ထဲ၌ သတ်သေချင်စိတ်များ ဖုံးလွှမ်းသွားပြီး သူမ၏ မျက်ဝန်းများ နီမြန်းလာသည်။
"ဝူတီ... ခွင့်လွှတ်ပါ... ဝမ်အာ ရှင်ပြန်လာတာကို စောင့်နိုင်တော့မယ် မထင်ဘူး''
သေမင်းကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သောအခါ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဓားဆန္ဒမှာ ပို၍ပင် ကြည်လင်ပြတ်သားလာပြီး သူမ၏ တစ်ကိုယ်လုံးမှ ထက်မြက်သော ဓားအရှိန်အဝါများ ထွက်ပေါ်လာသည်။ ပိုင်ကျန့်ဝမ်သည် ပြတ်သားသော အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။
''ငါ ပိုင်တီမြို့ကနေ ထွက်သွားပြီး... ဖေဖေနဲ့ မိသားစုဝင်တွေ ထွက်ပြေးဖို့ အချိန်ဆွဲပေးရမယ်'
သူမသည် မိမိကိုယ်ကို စတေးရန် ဆုံးဖြတ်လိုက်သည်။ လက်ထဲရှိ ကျန်းဟွမ်ဓားသုံးလက်သည်အလင်းတန်း သုံးခုအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် သူမကိုမတင်လိုက်ကာ ဟင်းလင်းပြင်ကို ခွဲထွက်ပြီးထွက်ပြေးသွားလိုက်သည်။
သူမ၏ ဦးတည်ရာမှာ နန်ယန်စီရင်စု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နန်ယန်စီရင်စုရှိ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ သည် ရွေ့ဝူတီ၏ အစွမ်းထက်လှသော ဆရာသခင်၏ ဂိုဏ်းဖြစ်ကြောင်း သူမ ကြားဖူးထားသောကြောင့် ဖြစ်သည်။ သို့သော် ဤနေရာနှင့် နန်ယန်စီရင်စုမှာ အလွန်ပင် ဝေးကွာလှ၏။
သာမန် နိယာမနယ်ပယ် အဆင့် ၂၄ ဟင်းလင်းပြင်ဖြတ်ကျော်အဆင့်ရှိသူများ ဟင်းလင်းပြင်ကို ခွဲပြီး သွားပါက နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည်။ ယခင်က သူတော်စင် စတုတ္ထအဆင့်၌ရှိသော ရွေ့ဝူတီပင်လျှင် ဟင်းလင်းပြင် နည်းစနစ်ကို အသုံးပြု၍ ချင်းထျန်းတောင်ထိပ်သို့ ပြန်ရန် တစ်လခန့် အချိန်ယူခဲ့ရ၏။
သို့ဖြစ်ရာ ပိုင်ကျန့်ဝမ်သည် လျှို့ဝှက်နည်းစနစ်များကို အသုံးပြု၍ ခရီးနှင်မည် ဆိုလျှင်တောင်မှ အနည်းဆုံး လအနည်းငယ် ကြာမြင့်ပေလိမ့်မည်။ ပိုင်ကျန့်ဝမ်တစ်ယောက် ဟင်းလင်းပြင်ကို ဖြတ်ကျော် ထွက်ပြေးသွားသည်ကို မြင်သောအခါ ကန်ဖုန်းသည် လက်လျှော့မည့်ပုံ မရှိပေ။ သူသည် မဟာယဇ်ပုရောဟိတ်နှင့်အတူ ဟင်းလင်းပြင်ကို ဖောက်ထွင်းကာ သူမ၏ နောက်သို့ အသည်းအသန် လိုက်လံ ဖမ်းဆီးတော့သည်။
သူတို့နှစ်ဦး ပူးပေါင်းလိုက်သည့် အရှိန်သည် ပိုင်ကျန့်ဝမ်ထက် များစွာ သာလွန်၏။ လမ်းတစ်လျှောက်တွင် သူမသည် အချိန်ဆွဲနိုင်ရန်အတွက် မိမိ၏ အသက်ဓာတ်ကို ထိခိုက်စေနိုင်သော စွမ်းရည်များကို အသုံးချခဲ့သည်။ သို့သော် ထိုသို့ ပြုလုပ်ခြင်းသည်ပင်လျှင် သုံးရက်ခန့်သာ အချိန်ဆွဲနိုင်ခဲ့လေသည်။
သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်စွမ်းအားများ ကုန်ခမ်းစပြုလာပြီ ဖြစ်သည်။ မကြာခင်၌ပင် သူမသည် ဟင်းလင်းပြင်အတွင်း ဆက်လက် သွားလာရန်မတတ်နိုင်တော့ဘဲ အပြင်လောကသို့ ပြန်လည်ထွက်လာခဲ့ရ၏။
ဤနေရာသည် မြောက်ဘက်နယ်စပ် ဓားကုန်းမြေတိုက် နှင့် မိုင်ပေါင်း သန်းပေါင်းများစွာ ဝေးကွာနေပြီ ဖြစ်သည်။ ပြည်နယ်များစွာကို ဖြတ်ကျော်ခဲ့သော်လည်း နန်ယန်စီရင်စုသို့ ရောက်ရန်မှာ ဝေးကွာနေသေး၏။ ယခုအခါ ပိုင်ကျန့်ဝမ်သည် အလွန်ပင် ပင်ပန်းနွမ်းနယ်နေပြီး တစ်ကိုယ်လုံးတွင်လည်း ဒဏ်ရာများ ပြည့်နှက်နေသည်။ သူမ၏သူတော်စင်ကမ္ဘာ အမြုတေ ပင်လျှင် မှေးမှိန်နေပြီး အခြေခံအုတ်မြစ်ထိခိုက်သွားလေသည်။
ပို၍ဆိုးရွားသည်မှာ သူမ ယူဆောင်လာသော ဝိညာဉ်ဆေးပင်များနှင့် အဖိုးတန် ရတနာများ အားလုံးလည်း ကုန်ဆုံးသွားပြီဖြစ်သည်။ ပိုင်ကျန့်ဝမ်သည် နောက်ဆုံး အခြေအနေသို့ ရောက်ရှိနေ၏။
သူမ ရောက်ရှိနေသောနေရာမှာ မြောက်ပိုင်းဒေသတွင် ရှိနေသေးသော်လည်း အလယ်ပိုင်း သူတော်စင်ကုန်းမြေတိုက်နှင့် နီးစပ်လာပြီဖြစ်သည်။ ဤနေရာမှာ မြောက်ဘက်နယ်စပ် ဝူကုန်းမြေတိုက်ပင် ဖြစ်သည်။ အလယ်ပိုင်းသူတော်စင်ကုန်းမြေတိုက် နှင့် နီးကပ်လှသဖြင့် လူမျိုးခြားများ မရှိဘဲ အခြေအနေမှာ တည်ငြိမ်လှသည်။
'လူသား ကျင့်ကြံသူတွေသတိထားမိသွားရင်..ငါ ကယ်တင်ခံရနိုင်တယ်...'
ထိုသို့ တွေးလိုက်မိသောအခါ သူမ၏ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာသည်။သို့နှင့် သူမသည် ထွက်ပြေးခြင်းကို ရပ်တန့်လိုက်ကာ နေရာ၌ပင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး အသက်ရှူသွင်းကာ စွမ်းအားများ ပြန်လည် ဖြည့်တင်းနေလိုက်သည်။
မိနစ်အနည်းငယ် ကြာသောအခါ ဟင်းလင်းပြင် ဖောက်ထွင်းခြင်း ခံလိုက်ရပြီး ကန်ဖုန်းနှင့် မဟာယဇ်ပုရောဟိတ်တို့ ရောက်ရှိလာကြသည်။
ပိုင်ကျန့်ဝမ်သည် ကျင့်ကြံနေခြင်းကို ရပ်တန့်လိုက်၏။ မိနစ်အနည်းငယ်သာ ပြန်လည်ဖြည့်တင်းလိုက်ရသဖြင့် စွမ်းအားများစွာ မရှိသော်လည်း နောက်ဆုံး အသေတိုက်ကွက်တစ်ကွက်အတွက် လုံလောက်သွားပြီဖြစ်သည်။
ဤတိုက်ကွက်ကို ထုတ်သုံးလိုက်ပါက သူမ၏ အခြေခံအုတ်မြစ်မှာ ပျက်စီးသွားမည် ဖြစ်ပြီး ကျင့်စဉ်အဆင့်လည်း သူတော်စင်အဆင့်မှ နိယာမနယ်ပယ် သူတော်စင်တစ်ပိုင်းအဆင့်သို့ ပြန်လည် ကျဆင်းသွားပေလိမ့်မည်။
သူမ၏အစွမ်းကိုထုတ်ဖော်လိုက်လျှင် ကောင်းကင်နှင့်မြေကြီးမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ တိမ်တိုက်များအကြား၌ ကြီးမားလှသော ဝဲဂယက်ကြီး တစ်ခု ပေါ်ထွက်လာ၏။ ပိုင်ကျန့်ဝမ်သည် ကောင်းကင်ထက်ရှိ ဝဲဂယက်အတွင်းသို့ ကျန်းဟွမ်ဓားသုံးလက် ကို တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်လျှင် ဓားများမှာ ဝဲဂယက်အတွင်းသို့ နစ်မြုပ်သွား၏။
ထို့နောက် ဝဲဂယက်မှာ ရပ်တန့်သွားပြီး ကန်ဖုန်း၏ ဦးခေါင်းထက်တွင် ပြန်၍ပေါ်လာကာ မရေမတွက်နိုင်သော ဓားများ ထွက်ပေါ်လာသည်။ ဓားမြစ်ကြီးသည် ကန်ဖုန်းထံသို့ အရှိန်အဟုန်ဖြင့်တိုးဝင်သွားတော့သည်။
ပိုင်ကျန့်ဝမ်၏ မျက်နှာသည် ဖြူလျော်သွားပြီး ခန္ဓာကိုယ်လည်း မတည်မငြိမ် ဖြစ်လာသည်။ သူမသည် သူတော်စင်စွမ်းအားများကို အလွန်အကျွံ အသုံးပြုလိုက်သည့်အတွက် အခြေခံအုတ်မြစ်ပြင်းထန်စွာ ထိခိုက်သွားခြင်းဖြစ်၏။ ဤအသေသတ်တိုက်ကွက်သာ အောင်မြင်မှု မရှိခဲ့ပါလျှင် သူမအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်မည်ဖြစ်သည်။
ပိုင်ကျန့်ဝမ်၏ပြင်းထန်လှသောအသေသတ်တိုက်ကွက် အရှိန်အဝါကြောင့် မိစ္ဆာမျောက်ဝံ မဟာယဇ်ပရောဟိတ်သည် မိုင်ပေါင်း ထောင်ချီ၍ ဆုတ်ခွာသွားပြီး အဝေးမှ ကြည့်နေလေသည်။ အကယ်၍ ထိုတိုက်ခိုက်မှုအား ထိမှန်သွားပါက မြောက်ပိုင်း ဝူကုန်းမြေတိုက်၏ နယ်မြေအတော်များများ ထိခိုက်သွားပေလိမ့်မည်။
ကန်ဖုန်းသည် အရှိန်အဝါ ပြင်းထန်လှသော ကျန်းဟွမ်ဓားမြစ်ကို ကြည့်ကာ ရုတ်တရက် ပြုံးလိုက်၏။
“မင်းက တကယ် မဆိုးပါဘူး ဝမ်အာ... ဒီအသေတိုက်ကွက်က သူတော်စင် တတိယအဆင့်ရှိတဲ့ စွမ်းအားရှင်တွေတောင် တိုက်ရိုက် ရင်မဆိုင်ရဲတဲ့ အစွမ်းပဲ...”
“ဒါပေမဲ့ ငါ့အတွက်တော့ နည်းနည်း လိုသေးတယ်”
သူသည် ပိုင်ကျန့်ဝမ်ကို တမင် စနောက်ကာ ပြောဆိုလိုက်သည်။
“ကောင်းကင်နဲ့ မြေကြီး၊ ယင်နဲ့ ယန်... ပေါင်းစည်းကြစမ်း”
“ကန်ကျန်းနဲ့ မော်ယဲ့... အဖိုအမဓား ပေါင်းစည်းခြင်း”
ဂါထာကို ရွတ်ဆိုပြီးနောက် သူ၏ လက်ထဲရှိ ဓားနှစ်လက်မှာ ကောင်းကင်ထက်သို့ ပျံတက်သွားပြီး တစ်လက်နှင့်တစ်လက် ရစ်ပတ်ကာ ကျန်းဟွမ်ဓားမြစ်ထံသို့ တိုးဝင်သွားသည်။
ဓားနှစ်လက်သည် ပျံသန်းနေရင်းမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲသွား၏။ ထိုစုံတွဲသည် ကောင်းကင်မှ ဖန်ဆင်းပေးထားသော နတ်ဖက်သည့် ဖူးစာရှင်စုံတွဲအလား လိုက်ဖက်ညီလှပေသည်။ သူတို့သည် ဓားတစ်လက်စီ ကိုင်ဆောင်ကာ ဓားရေးအကကလိုက်ခြင်းဖြင့် တိုးဝင်လာသောကျန်းဟွမ်ဓားမြစ်ကြီးကို တိုက်ခိုက်လိုက်ကြသည်။
ဓားမြစ်ထဲမှ မရေမတွက်နိုင်သော ဓားများသည် ထိုစုံတွဲ၏ ရှေ့တွင် လွင့်စဉ်ထွက်သွားသည်။ သူတို့သည် ဓားမြစ်ကို ဖြတ်ကျော်ကာ ဓားများ ထွက်ပေါ်နေသော ဝဲဂယက်ကြီးဆီရောက်ရှိသွားပြီး ဖျက်ဆီးပစ်လိုက်သည်။
ဝဲဂယက်ကြီးသည် အပိုင်းပိုင်း ပြတ်တောက်သွားကာ ပျောက်ကွယ်သွားတော့၏။ ကျန်းဟွမ်ဓားသုံးလက်သည်လည်း စွမ်းအားများ ကုန်ဆုံးသွားကာ ဓားသွားများ ပဲ့ကြွေသွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျလာသည်။ ပိုင်ကျန့်ဝမ်သည် နှလုံးသွေး သုံးလုပ် အန်ထုတ်လိုက်ရကာ မြေပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။
အဝေးရှိ ကန်ဖုန်းသည် လက်ကို ဝှေ့ယမ်းလိုက်လျှင် ကန်ကျန်းနှင့် မော်ယဲ့ ဓားနှစ်လက်မှာ သူ၏ လက်ထဲသို့ ပြန်လည် ရောက်ရှိလာသည်။ သူသည် ခုခံနိုင်စွမ်း မရှိတော့သော ပိုင်ကျန့်ဝမ်ကို ယုတ်မာလှသော အပြုံးဖြင့် ကြည့်လိုက်၏။ သူ၏ ပါးစပ်မှ မိစ္ဆာဓာတ်များ ပြည့်နှက်နေသော သံကြိုးတစ်ခုထွက်ပေါ်လာကာ သူမကို ဖမ်းဆီးရန် ပျံသန်းသွားလေသည်။
“ဘယ်က မိစ္ဆာတွေက ငါတို့ တာ့ဝူအင်မော်တယ်မင်းဆက်ရဲ့ နယ်မြေထဲမှာ လာပြီး လူသတ်နေတာလဲ”
“ဝူရှစ်မျိုးခြောက်ခြားဘုံလက်သီး”
ကျယ်လောင်သော ကြုံးဝါးသံတစ်ခု ထွက်ပေါ်လာ၏။
ထို့နောက် ကောင်းကင်ပေါ်တွင် ကြီးမားသော လက်သီးပုံရိပ်ကြီးတစ်ခု ပေါ်လာကာ မိစ္ဆာမျောက်ဝံ မဟာယဇ်ပုရောဟိတ်နှင့် ကန်ဖုန်းတို့ အပေါ်သို့ ဖိချလိုက်လေသည်။