အခန်း (၁၈၈)
Vol. 19 Ch. 188
ကောင်းကင်ထက်မှ ကျဆင်းလာသောလက်သီးကြီးသည် အလွန်ပင် စွမ်းအားထက်လှရာ မိစ္ဆာမျောက်ဝံ မဟာယဇ်ပုရောဟိတ်နှင့် ကန်ဖုန်းတို့ မျက်နှာပျက်သွားကြ၏။
''ဒီမိန်းမယုတ်... "
"ခုနက ကျန်းဟွမ်ဓားမြစ်က တကယ်ပဲ မြောက်ဘက်နယ်စပ် ဝူကုန်းမြေတိုက်က လူသားအင်အားစုတွေကို သတိထားမိအောင် လုပ်လိုက်တာပဲ..."
ဤလက်သီး၏ စွမ်းအားသည် ပြိုင်ဘက်ကင်းလှသဖြင့် လာရောက်သူမှာ မည်သူဖြစ်ကြောင်း ကန်ဖုန်း ခန့်မှန်းမိလိုက်သည်။
မြောက်ဘက်နယ်စပ် ဝူကုန်းမြေတိုက်သည် ရှေးယခင်ကပင် သိုင်းပညာ ထွန်းကားပြီး ရဲရင့်ကြမ်းတမ်းသော လူမျိုးများ နေထိုင်ကြရာ ဒေသတစ်ခု ဖြစ်သည်။ ထိုဒေသတွင် အင်အားအကြီးဆုံးမှာ တာ့ဝူအင်မော်တယ်မင်းဆက် ဖြစ်၏။
လူသားမျိုးနွယ်၏ ဒုတိယမြောက် ဧကရာဇ်ဖြစ်သူ ဟန်ဧကရာဇ်သည် ဝူကုန်းမြေတိုက်မှ ဆင်းသက်လာသူ ဖြစ်သဖြင့် သူ့ကို ဟန်ဝူဧကရာဇ်ဟုလည်း ခေါ်ဆိုကြသည်။ တာ့ဝူအင်မော်တယ်မင်းဆက်သည် ထိုဟန်ဧကရာဇ်၏ မျိုးဆက်များ တည်ထောင်ခဲ့သော မင်းဆက်ပင် ဖြစ်သည်။ တော်ဝင်မိသားစု၏ အဓိက လက်သီးသိုင်းမှာ ဝူရှစ်မျိုးခြောက်ခြားဘုံလက်သီး ဖြစ်၏။
ဒဏ္ဍာရီများအရ ဟန်ဧကရာဇ် ချန်ထားရစ်ခဲ့သော လက်သီးသိုင်း ဖြစ်ပြီး အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံနိုင်ပါက လက်သီးတစ်ချက်တည်းဖြင့် အရပ်ရှစ်မျက်နှာကို ငြိမ်သက်သွားစေနိုင်သည်ဟု ဆိုသည်။ နှစ်ပေါင်းများစွာအတွင်း တာ့ဝူအင်မော်တယ်မင်းဆက်၏ ပါရမီရှင်များသည် ခက်ခဲသော အပိုင်းများကို ပြုပြင်မွမ်းမံခဲ့ကြသဖြင့် ကျင့်ကြံရန် ပိုမိုလွယ်ကူလာစေ၏။
တာ့ဝူအင်မော်တယ်မင်းဆက် တစ်ခုလုံးတွင် ကျားမ မရွေး ၊ အသက်အရွယ်မရွေး လက်သီးကွက် အနည်းငယ်လောက်တော့ ကစားတတ်ကြသည်။
သို့သော်ယခုကဲ့သို့ စွမ်းအားမျိုး ထုတ်ဖော်နိုင်သူသည် တော်ဝင်မိသားစုမှ အဆင့်မြင့်ပုဂ္ဂိုလ် သို့မဟုတ် အနားယူနေသော ဧကရာဇ်ဟောင်း တစ်ဦးသာ ဖြစ်ပေမည်။
ကန်ဖုန်းနှင့် မိစ္ဆာမျောက်ဝံ မဟာယဇ်ပုရောဟိတ်တို့သည် ပေါ့ဆခြင်း မရှိကြပေ။ ယဇ်ပုရောဟိတ်သည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ မြူခိုးများ ဖုံးလွှမ်းနေသော သူ၏ မျက်နှာမှ နီမြန်းသော အလင်းတန်းများ ထွက်ပေါ်လာ၏။ ထို့နောက် သူ၏ လက်ထဲရှိ တုတ်ကောက်မှာ ဧရာမ သံတုတ်ကြီးအဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်မှာ လျင်မြန်စွာ ကြီးထွားလာကာ ဝတ်ဆင်ထားသော အဝတ်အစားများ စုတ်ပြဲသွားသည်။ ခဏချင်းအတွင်းပင် သူသည် ပေပေါင်း တစ်သောင်းခန့် မြင့်မားသော ဧရာမ မျောက်ဝံကြီးအဖြစ် ပြောင်းလဲသွားသည်။
ဤသည်မှာ မိစ္ဆာမျောက်ဝံမျိုးနွယ်စု၏ မွေးရာပါ စွမ်းရည်ဖြစ်သော မိစ္ဆာမျောက်ဝံ ကိုယ်ပွား ဖြစ်သည်။
မျောက်ဝံကြီးသည် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပြီး မျက်နှာပေါ်တွင် ပြင်းထန်သော ဒေါသများ ဖုံးလွှမ်းနေသည်။ သူ၏ ခန္ဓာကိုယ်မှာ သံမဏိဖြင့် ထုဆစ်ထားသကဲ့သို့ ဖြစ်နေပြီး ပြိုင်ဘက်ကင်းသော ခွန်အားများ ကိန်းဝပ်နေ၏။ မိစ္ဆာမျောက်ဝံအဖြစ် ပြောင်းလဲပြီးနောက် မဟာယဇ်ပရောဟိတ်၏ ခွန်အားမှာ အဆပေါင်း ရာနှင့်ချီ၍ တိုးတက်သွားသည်။
သို့ဖြစ်ရာ သူတော်စင်အဆင့် ၃ ရှိသော ယဇ်ပုရောဟိတ်သည် ယခုအခါ ခွန်အားအရ နတ်ဘုရားအဆင့်နှင့် ရင်ဘောင်တန်းနိုင်လာသည်။ ထိုခွန်အားသည် တောင်များကို ရွှေ့ပြောင်းနိုင်သည့် စွမ်းအားမျိုး ဖြစ်သည်။
ရှေးဟောင်း မဟာဧကရာဇ်များသည် လူရိုင်းမျိုးနွယ်များကို မကြာခဏ တိုက်ခိုက်လေ့ရှိပြီး အထူးသဖြင့် မိစ္ဆာမျောက်ဝံ မျိုးနွယ်ကို ပို၍ တိုက်ခိုက်လေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အလုပ်ကြမ်းလုပ်ရာတွင် အလွန် အသုံးဝင်သောကြောင့် ဖြစ်၏။
မိစ္ဆာမျောက်ဝံ မျိုးနွယ်ဝင် တစ်ဦးသည် ကျင့်ကြံမှု မည်မျှပင်နိမ့်ကျနေပါစေ ကိုယ်ပွားအဖြစ်ကူးပြောင်းပြီးချိန်တွင် အကောင်းဆုံး လုပ်သားတစ်ဦး ဖြစ်လာသည်။ မိစ္ဆာမျောက်ဝံ တစ်ကောင်သည် သာမန်လုပ်သား တစ်သန်းနှင့် ညီမျှသည်။
မိစ္ဆာမျောက်ဝံကြီးသည် မိမိ၏ ရင်ဘတ်ကို တဘုန်းဘုန်း ထုလိုက်ပြီး သန်မာသော ခြေထောက်နှစ်ဖက်ဖြင့် မြေပြင်ကို ဆောင့်ကန်ကာ ကောင်းကင်သို့ ပျံတက်သွားသည်။ သူသည် တောင်တစ်လုံးခန့် ကြီးမားသော လက်သီးပုံရိပ်ကြီးကို သွားရောက် တိုက်ခိုက်လိုက်သည်။ ကန်ဖုန်းသည်လည်း ငြိမ်မနေပေ။ ကန်ကျန်းနှင့် မော်ယဲ့ ဓားနှစ်လက်ကို ဝှေ့ယမ်းကာ ဓားအလင်းတန်းများပစ်လွှတ်တိုက်ခိုက်လိုက်သည်။ လက်သီးပုံရိပ်မှာ တဖြည်းဖြည်း အားနည်းသွားပြီး မြေပြင်ပေါ်သို့ ကျဆင်းလာချိန်တွင် မိစ္ဆာမျောက်ဝံကြီး၏ တိုက်ခိုက်မှုကြောင့် အပိုင်းပိုင်း ကွဲကြေသွားသည်။
ဤလက်သီးကို သူတို့နှစ်ယောက် ပူးပေါင်းပြီး ဖျက်ဆီးနိုင်ခဲ့သော်လည်း ပေါ့ဆမနေရဲကြပေ။ ထိုသို့သော တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်သူသည် အနည်းဆုံး သူတော်စင် ဆဋ္ဌမအဆင့်ထက် မနိမ့်ပေ။
''ဟမ့်... ငါ့ရဲ့ လက်သီးတစ်ချက်ကို တားနိုင်တယ်ဆိုတော့ မဆိုးဘူးပဲ..."
"မင်းကို ငါ သိတယ်... ကန်မိသားစုက ကောင်လေး မဟုတ်လား..."
"ကန်မိသားစုက မိစ္ဆာမျောက်ဝံ လူရိုင်းမျိုးနွယ်တွေနဲ့ ပေါင်းပြီး ဓားကုန်းမြေတိုက်က မိစ္ဆာဓားသူတော်စင်ရဲ့ ချိတ်ပိတ်မှုကို ဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းက အမှန်ပဲကိုး.."
"မင်း ဓားကုန်းမြေတိုက်မှာ ပုန်းနေရင် ငါ မင်းကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ မင်းက ငါ့ရဲ့ ဝူကုန်းမြေတိုက်အထိ လာပြီး ပြဿနာရှာရဲတယ်ပေါ့..."
"ဒီနေ့ မင်းတို့ ကန်မိသားစုနဲ့ လူရိုင်းတွေလက်ချက်နဲ့ သေဆုံးသွားရတဲ့ လူသားမျိုးနွယ်တွေအတွက် ငါ လက်စားချေပေးမယ်..."
ကောင်းကင်ယံရှိ တိမ်တိုက်များအကြားမှ နဂါးဝတ်ရုံ ဝတ်ဆင်ထားသော လူရိပ်တစ်ခုသည် ဝူလင်သားရဲ ကို စီးနင်းကာ ထွက်ပေါ်လာသည်။ ထိုသားရဲသည် သမင်ဦးခေါင်း၊ လင်းဦးချို၊ မြင်းခွာများနှင့် တစ်ကိုယ်လုံး၌ မည်းနက်သော အကြေးခွံများ ဖုံးလွှမ်းထားသောပုံစံရှိသည်။ ဝူလင်သားရဲသည် ရှေးဦးမျိုးစိတ်ဖြစ်ပြီး မင်ကျွေတိမ်တိုက်သားရဲနှင့် နတ်သားရဲ ချီလင်တို့၏ မျိုးဆက်ဖြစ်သည်ဟု ဆိုကြသည်။ ချီလင် သွေးစစ် မဟုတ်သော်လည်း ငယ်ရွယ်စဉ်ကတည်းက နိယာမနယ်ပယ် အဆင့် ၇ တိမ်စီးနင်းနယ်ပယ်၌ရှိသည်။ အရွယ်ရောက်ပြီးပါက အတားအဆီးမရှိဘဲ သူတော်စင်အဆင့်သို့ပင် ရောက်ရှိနိုင်၏။ ဝူလင်သားရဲသည် ငယ်စဉ်ကတည်းက သွေးဖြင့် တိုက်ကျွေးကာ စိတ်ဝိညာဥ်ချင်း ဆက်သွယ်ထားမှသာလျှင် ယဉ်ပါးအောင်မွေးမြူနိုင်သဖြင့် ဤပုဂ္ဂိုလ်၏ နောက်ခံမှာရိုးရှင်းမှုမရှိကြောင်းသိသာလှသည်။
သူသည် ဝူလင်သားရဲကို စီးနင်းကာ ပိုင်ကျန့်ဝမ်၏ ရှေ့တွင် ကာကွယ်ပေးလိုက်သည်။
''ပါ့ဝူ ဘိုးဘေးဧကရာဇ်"
ကန်ဖုန်း၏ မျက်နှာမှာ အလွန် ပျက်သွားသည်။ လာရောက်သူသည် တာ့ဝူအင်မော်တယ်မင်းဆက်၏ အနားယူနေသော ဧကရာဇ်ဟောင်းများအနက် တစ်ဦးဖြစ်ပြီး ပါ့ဝူဟု ဘွဲ့အမည် ရရှိထားသည်။ သူ နန်းတက်စဉ်က အလွန် အာဏာရှင်ဆန်ပြီး နယ်မြေချဲ့ထွင်ခြင်းကို နှစ်သက်သူဖြစ်၏။
ပါ့ဝူဧကရာဇ်သည် မင်းဆက်ငယ် အမြောက်အမြားကို သိမ်းပိုက်ခဲ့သလို လူရိုင်းမျိုးနွယ်စုများကိုလည်း စစ်တပ်လွှတ်၍ တိုက်ခိုက်ခဲ့လေသည်။
ကန်ဖုန်းသည် သူ၏ အကြောင်းကို စာအုပ်များထဲတွင်သာ ဖတ်ဖူးခဲ့ခြင်း ဖြစ်၏။ ပါ့ဝူဧကရာဇ်သည် အနားယူချိန်ကပင် သူတော်စင် အဆင့် ၆ ၌ ရှိခဲ့ပြီး ယခုအခါ နှစ်ပေါင်း သုံးသိန်း ကြာပြီးနောက်တွင် သူတော်စင် အဆင့် ၉ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကောင်းကင်နှင့်မြေပြင်၏ အသိအမှတ်ပြုခြင်း မခံရသော သူတော်စင်အတုသာ ဖြစ်သော်လည်း သူ၏ ဝူရှစ်မျိုးခြောက်ခြားဘုံလက်သီးမှာ မူလဟန်ဧကရာဇ်၏ ပညာရပ်အစစ် ဖြစ်သဖြင့် အလွန်ပင် နက်ရှိုင်းလှသည်။
ထို့ပြင် သူသည် ဧကရာဇ်တစ်ပါး ဖြစ်ခဲ့သဖြင့် ခန္ဓာကိုယ်အတွင်း၌ ကောင်းကင်သားတော်အရှိန်အဝါ ကိန်းဝပ်နေရာ ထိုအရှိန်အဝါက တိုက်ခိုက်ရာတွင် သူ၏ စွမ်းအားများကို ပိုမို ပြင်းထန်စေ၏။
ကန်ဖုန်းသည် ကြီးမားသော မိစ္ဆာမျောက်ဝံကြီး ဖြစ်သွားသည့် မဟာယဇ်ပုရောဟိတ်နှင့် အကြည့်ခြင်းဖလှယ်လိုက်သည်။ သူတော်စင် အဆင့် ၉ စွမ်းအားရှင်ကို သူတို့နှစ်ဦး ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။
''မိစ္ဆာမျောက်ဝံနတ်ဘုရားရဲ့ ကိုယ်ပွားကို ဆင့်ခေါ်လိုက်တော့''
"ဒီနေရာမှာ ကြာကြာနေလို့ မဖြစ်ဘူး... မဟုတ်ရင် နောက်ထပ် ဘယ်လောက်တောင် အစွမ်းထက်တဲ့သူတွေ ထွက်လာဦးမလဲ မသိဘူး..."
မိစ္ဆာမျောက်ဝံ မဟာယဇ်ပုရောဟိတ်သည် ကန်ဖုန်း၏ ဦးဆောင်မှုကို နာခံပုံရ၏။ ကန်ဖုန်း၏ ညွှန်ကြချက်ကိုကြားပြီးသည်နှင့်သူ၏ မျက်နှာပေါ်တွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်လာသည်။
ရုတ်တရက် ကန်ဖုန်း၏ ခန္ဓာကိုယ်မှ အရှိန်အဝါများ ပြောင်းလဲသွားပြီး မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်လာသည်။ သူ၏ လက်ထဲရှိ ကန်ကျန်းနှင့် မော်ယဲ့ ဓားနှစ်လက်မှာလည်း ညစ်ထေးသွားကာ အနီနှင့် အစိမ်းရောင်မှ အမည်းရောင်သို့ ပြောင်းလဲသွား၏။ ခန့်ညားသော မျက်နှာသည် ပြောင်းလဲသွားကာ နှာခေါင်း ပြားသွားပြီး ပါးစပ်မှ အစွယ်နှစ်ချောင်း ထွက်ပေါ်လာသည်။ မျက်ဝန်းများသည်လည်း နက်မှောင်သွားပြီး တစ်ကိုယ်လုံး၌ မိစ္ဆာအမှတ်အသားများဖုံးလွှမ်းသွားကာ အမည်းရောင် အမွှေးအမျှင်များ ပေါက်လာသည်။
အသွင်ပြောင်းသွားသော ကန်ဖုန်းသည် ဓားနှစ်လက်ကို ကိုင်ဆောင်ကာ ဧရာမ မိစ္ဆာမျောက်ဝံကြီး၏ ဦးခေါင်းပေါ်သို့ ခုန်တက်လိုက်၏။ သူသည် ဓားနှစ်လက်ကို မျောက်ဝံကြီး၏ ကျောရိုးအတွင်းသို့ ထိုးစိုက်လိုက်ပြီး မိမိ၏ သွေးကို အသုံးပြုကာ ထူးဆန်းသော မိစ္ဆာမျောက်ဝံပုံရိပ် တစ်ခုကို ရေးဆွဲလိုက်သည်။ သူတို့သည် ယဇ်ပူဇော်ပွဲတစ်ခုကို လုပ်ဆောင်နေခြင်း ဖြစ်သည်။
လူရိုင်းမျိုးနွယ်များသည် လူရိုင်းနတ်ဘုရား အများအပြားကို ကိုးကွယ်ကြသည်။ သူတို့၏ ထူးဆန်းရှုပ်ထွေးမှုသည် ဟွမ်ရှားလူမျိုးစု ထက်ပင် သာလွန်ကာ ကျင့်စဉ်များသည်လည်း အလွန် ယုတ်မာပြီး ငရဲဘုံမှ မျိုးနွယ်စုများနှင့် ဆင်တူလှသည်။ လူ့ပြည်မှ မိစ္ဆာကောင်များဟုပင် ခေါ်ဆိုနိုင်ကြသည်။
ကန်ဖုန်းသည် ဓားများ စိုက်ဝင်နေသော မျောက်ဝံကြီး၏ ဦးခေါင်းပေါ်တွင် ရပ်နေသည်။ ရုတ်တရက် အမည်းရောင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ဧရာမ မျောက်ဝံကြီးနှင့် ကန်ဖုန်းတို့သည် အမည်းရောင် အလင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထို့နောက်ဟင်းလင်းပြင်အတွင်းသို့ တိုးဝင်သွားကာ ပြင်းထန်စွာ လှုပ်ခါသွားသည်။
တုန်ခါမှု ရပ်တန့်သွား သောအခါဟင်းလင်းပြင်အတွင်းမှ အမွှေးအမျှင်များ ပြည့်နှက်နေသော ဧရာမ လက်မောင်းကြီး နှစ်ဖက် ထွက်ပေါ်လာသည်။ လက်မောင်းတစ်ဖက်ချင်းစီသည် ပေပေါင်း သောင်းချီ ကြီးမားလှ၏။
လက်မောင်းများထွက်ပေါ်လာပြီးနောက် မျက်နှာတစ်ခုလုံးတွင် အမာရွတ်များ ပြည့်နှက်နေသော ဧရာမ မျောက်ဝံခေါင်းကြီး ထွက်ပေါ်လာသည်။ ဧရာမခန္ဓာကိုယ်ကြီးသည် ဟင်းလင်းပြင်အတွင်းမှ ဆွဲဖြဲထွက်လာရာ မကြာခင်တွင် ပေပေါင်း တစ်သိန်းကျော်ခန့်ကြီးမားသော မျောက်ဝံကြီးတစ်ကောင်ဖြစ်သွားလေသည်။
မျောက်ဝံကြီးသည် ဟင်းလင်းပြင်အတွင်းမှထွက်လာလျှင် ပါ့ဝူ ဘိုးဘေးဧကရာဇ်ကိုလှည့်ကြည့်လိုက်ကာ လျှာသပ်လိုက်၏။ သူ၏ မျက်ဝန်းများမှာ ပါ့ဝူဧကရာဇ်ကို အာဟာရဖြစ်စေမည့် အစားအစာတစ်ခုကဲ့သို့ ကြည့်နေခြင်းသာ ဖြစ်တော့သည်။