အခန်း (၁၈၉)
Vol. 19 Ch. 189
ပေတစ်သိန်းခန့် ကြီးမားလှသော ခန္ဓာကိုယ်မှာ အလွန်အမင်း ကြီးမားလှသည်တော့ မဟုတ်ပေ။ သူတော်စင်အဆင့် စွမ်းအားရှင်တိုင်းသည် ခန္ဓာကိုယ်ကို စိတ်ကြိုက်ကြီးထွားစေသော နည်းစနစ်များဖြင့် ဤမျှအရွယ်အစားသို့ ပြောင်းလဲနိုင်ကြသည်။ အားကောင်းသော စွမ်းအားရှင်များဆိုလျှင် သူတို့၏ နတ်ဘုရားပုံရိပ်များမှာ မိုင်ပေါင်းသောင်းချီ၊ သိန်းချီအထိပင် ကြီးမားတတ်ကြ၏။
ရှေးဟောင်း သူတော်စင်များနှင့် နတ်ဘုရားများဆိုလျှင် စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံနိုင်သည်အထိ ကြီးမားပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ကမ္ဘာငယ်တစ်ခုစာနှင့်ပင် နိုင်းယှဉ်နိုင်သည်။
ယခင်က စွမ်းအားများ ဆုံးရှုံးနေခဲ့သော ဝက်ဘိုးဘေး ထျန်းဖုန်းပင်လျှင် ရှေးဟောင်းသူတော်စင် ဖြစ်သဖြင့် သူ၏ခန္ဓာကိုယ်သည် ပြည်နယ်တစ်ခုစာခန့် ကြီးမားခဲ့ဖူး၏။ သို့ဖြစ်ရာ ဟင်းလင်းပြင်အတွင်းမှ မျောက်ဝံကြီး၏ အရွယ်အစားမှာ ပါ့ဝူဧကရာဇ်ကို ထိတ်လန့်သွားစေသည်တော့ မဟုတ်ပေ။ မျောက်ဝံကြီးသည် ဟင်းလင်းပြင်အတွင်းမှ အပြည့်အဝ ထွက်ပေါ်လာသည်။
သူပေါ်ထွက်လာသည်နှင့် ခြေထောက်အောက်ရှိ မြေကြီးများ ပြိုကျသွားပြီး မိုင်ပေါင်း တစ်သိန်း ပတ်လည်တွင် ကမ္ဘာပျက်သကဲ့သို့ တုန်ခါသွားသည်။ ထို့ပြင်အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်သွားပြီး အဝေးသို့ ပျံ့နှံ့သွား၏။
အကယ်၍သာ သူ၏ တန်ခိုးစွမ်းအားဖြင့် ခန္ဓာကိုယ်ကို လေထဲ၌ မမြှောက်ထားပါက အလွန်အမင်း လေးလံလှသော ကိုယ်အလေးချိန်ကြောင့် မြေပြင်တစ်ခုလုံး မိုင်ပေါင်းသောင်းချီ ကျွံဝင်သွားပေလိမ့်မည်။ ဤသည်မှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ဖြစ်ကြောင်း ခန့်မှန်းကြည့်နိုင်ပေသည်။
မျောက်ဝံကြီး၏ အရှိန်အဝါကြောင့် ပါ့ဝူဘိုးဘေးဧကရာဇ်မှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားရ၏။
'နတ်ဘုရားနယ်ပယ် ဒုတိယအဆင့် ပါလား... ငါ့မှာ ဘယ်လောက်ပဲ ကံကောင်းခြင်းတွေ ရှိနေပါစေ... ဒီလောက်အဆင့် ကွာခြားနေတာဆိုတော့...သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး...'
ဧကရာဇ်တစ်ပါးဖြစ်သော ပါ့ဝူသည် ခေါင်းမာတတ်သူ မဟုတ်ပေ။ အခြေအနေအရ ရင်ဆိုင်ရန် မဖြစ်နိုင်တော့ကြောင်း သူ သိရှိလိုက်သည်။
တာ့ဝူအင်မော်တယ်မင်းဆက်တွင်လည်း နတ်ဘုရားအဆင့်ရှိ ဧကရာဇ်ဟောင်းကြီးများ ရှိနေကြ၏။ တော်ဝင်မြို့တော်၏ အစီရင်သည်ပင် ဟန်ဧကရာဇ် ကိုယ်တိုင် ချမှတ်ခဲ့သော ဝူတုန်းချန်းခွန်း အစီရင် ဖြစ်သည်။ နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးကိုယ်တိုင်ထိန်းချုပ်ပါက နတ်ဘုရားနယ်ပယ် ဒုတိယအဆင့် စစ်မှန်သော နတ်ဘုရား ကိုပင် ခုခံနိုင်သည်။
အစီရင်အတွင်း၌ ဦးဆောင်သူသည် စစ်မှန်သော သိုင်းပုံရိပ်များကို ဖန်တီးနိုင်ပြီး ထွက်ပေါ်လာသော သိုင်းပညာများဖြင့် ယင်ယန်နှင့် စကြဝဠာစွမ်းအားများကို အလွယ်တကူ ဆွဲယူနိုင်၏။ ထိုအခါ အချိန်နှင့် ဟင်းလင်းပြင်ကိုပင် လွှမ်းမိုးကာ အရာအားလုံးကို ကာကွယ်ပေးနိုင်ပေလိမ့်မည်။
ပါ့ဝူဧကရာဇ်သည် ဝူလင်သားရဲနှင့် စိတ်ချင်း ဆက်သွယ်လိုက်သည်။ ဝူလင်သားရဲ၏ ခြေလေးချောင်းအောက်တွင် မင်္ဂလာရှိသော တိမ်တိုက်လေးခု ပေါ်ထွက်လာပြီး လေကို နင်းကာ ပျံသန်းနိုင်သော စွမ်းအားကို ရရှိသွားသည်။ သူသည် လေပြင်းတစ်ခုအလား ပါ့ဝူဧကရာဇ်ကို တင်ဆောင်ကာ ပိုင်ကျန့်ဝမ်ကိုပါ ခေါ်ယူ၍ ထွက်ပြေးလိုက်သည်။
ကန်ဖုန်းသည် ယခုအခါ မိစ္ဆာမျောက်ဝံနတ်ဘုရား၏ ကိုယ်ပွားအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ သူ၏ ဧရာမ လက်မောင်းကြီး တစ်ဖက်တွင်လည်း အစိမ်းရောင် သံတုတ်ကြီးကို ကိုင်ဆောင်ထား၏။ ကန်မိသားစုနှင့် မိစ္ဆာမျောက်ဝံမျိုးနွယ်စု၏ ပူးပေါင်းမှုမှာ သာမန် မဟုတ်ကြောင်း သိသာလှသည်။ ကန်ဖုန်း၏ ယခုကဲ့သို့ ပြောင်းလဲနိုင်စွမ်းမှာ မိစ္ဆာမျောက်ဝံနတ်ဘုရား၏ အမွေအနှစ်ကို ဆက်ခံထားသူမှသာ လုပ်ဆောင်နိုင်သော အရာ ဖြစ်သည်။
သို့သော် မိစ္ဆာမျောက်ဝံနတ်ဘုရားသည် သေဆုံးသွားခြင်း မရှိသေးရာ ကန်ဖုန်း ဤသို့ ပြောင်းလဲနိုင်ခြင်းသည် သူနှင့် မိစ္ဆာနတ်ဘုရားကြားတွင် ဖုံးကွယ်ထားသော လျှို့ဝှက်ချက်အချို့ ရှိနေသောကြောင့်ဖြစ်နိုင်သည်။
ပါ့ဝူဧကရာဇ်က ပိုင်ကျန့်ဝမ်ကို ခေါ်၍ ထွက်ပြေးရန် ပြင်နေသည်ကို မြင်သောအခါ ကန်ဖုန်းက လက်ပိုက်ကြည့်မနေပေ။ ဝူလင်သားရဲသည် တိမ်များကို နင်း၍ အရှိန်အဟုန်ဖြင့် ပြေးလွှားနေသဖြင့် သူတော်စင်အဆင့်၏ အမြင့်ဆုံး အမြန်နှုန်းသို့ ရောက်ရှိနေ၏။
သို့သော် ဧရာမ မျောက်ဝံကြီးမှာ ပို၍ မြန်ဆန်လေသည်။ သူသည် ဟင်းလင်းပြင်ကို ခြေဖြင့် တစ်ချက် ဆောင့်ကန်လိုက်သောအခါ မျက်စိတစ်မှိတ်အတွင်း မိုင်ပေါင်းသောင်းချီကို ဖြတ်ကျော်သွား၏။ ထို့နောက် ဝူလင်သားရဲ၏အလျင်ကိုမှီသွားကာ သူသည် ယင်ကောင်ကို ရိုက်သကဲ့သို့ လက်ဖြင့် ရိုက်ချလိုက်သည်။
ထွက်ပြေးနေသော ဝူလင်သားရဲသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ပေပေါင်း သောင်းချီ ကျယ်ဝန်းသော ကျင်းကြီးတစ်ခု ဖြစ်သွား၏။ ဤမျောက်ဝံကြီးသည် မည်သည့် တန်ခိုးစွမ်းအားကိုမျှ အသုံးမပြုဘဲ သူ၏ ကိုယ်ခန္ဓာခွန်အားသက်သက်ဖြင့်သာ ရိုက်ချလိုက်ခြင်း ဖြစ်သည်။
သို့သော် ထိုဒဏ်ကြောင့် ဝူလင်သားရဲ၊ ပါ့ဝူဧကရာဇ်နှင့် ပိုင်ကျန့်ဝမ်တို့မှာ အကြီးအကျယ် မူးဝေသွားကြရ၏။ အထူးသဖြင့် ဒဏ်ရာရထားသော ပိုင်ကျန့်ဝမ်မှာ ထိုရိုက်ချက်ကြောင့် ကိုယ်တွင်းအင်္ဂါများပြင်းထန်စွာ လှုပ်ခတ်သွားပြီး သတိလစ် မေ့မြောသွားသည်။
ပါ့ဝူဧကရာဇ် အကြီးအကျယ် ဒေါသထွက်သွား၏။ သူတို့၏ တာ့ဝူအင်မော်တယ်မင်းဆက်သည် သူတစ်ပါး အနိုင်ကျင့်ခြင်းကို ခံရမည့် အခြေခံမရှိသော အင်အားစုလေး မဟုတ်ပေ။ သူသည် ဝူလင်သားရဲကို ပိုင်ကျန့်ဝမ်နှင့်အတူ ဆက်လက် ထွက်ပြေးစေပြီး သူကိုယ်တိုင်မှာမူ လေထဲသို့ ပျံတက်ကာ မျောက်ဝံကြီးကို ရင်ဆိုင်လိုက်သည်။
မူလက ပိုင်ကျန့်ဝမ်ကို ကယ်တင်ခြင်းသည် လက်တစ်ဖက် လှုပ်ရှားလိုက်ရုံမျှသာ ဖြစ်သည်။ သို့သော် ဤမိစ္ဆာမျောက်ဝံမှာ အလွန်ပင် ရိုင်းစိုင်းလွန်းလှသည်။ တာ့ဝူအင်မော်တယ်မင်းဆက်သည် ဟန်ဧကရာဇ်လက်ထက်ကလောက် မကြီးကျယ်တော့သော်လည်း ဧကရာဇ်တစ်ပါးအနေဖြင့် အလွယ်တကူ အနိုင်ကျင့်ခံ၍ မဖြစ်ပေ။
သူသည် ကောင်းကင်ထက်၌ခန့်ညားစွာ ရပ်နေပြီး ကောင်းကင်သားတော်အရှိန်အဝါကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။ နှမြောစရာ ကောင်းသည်မှာ သူသည် ရှေးဟောင်းဧကရာဇ်များ၏ ကောင်းကင်ယဇ်ပူဇော်ခြင်း ကို မပိုင်ဆိုင်ထားသဖြင့် ကောင်းကင်သားတော် နတ်ဘုရားပညာရပ်ကို မကျင့်ကြံနိုင်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သူ၏ အရှိန်အဝါများကို သိုင်းကွက်များ၏ စွမ်းအားကို မြှင့်တင်ရန်အတွက်သာ အသုံးချနိုင်၏။
“ဝူရှစ်မျိုးခြောက်ခြားဘုံလက်သီး”
“သတ်ဖြတ်ခြင်းခုနစ်ပါးလက်သီး၊ စစ်သည်တော် ဖြိုခွင်းလက်သီး၊ လောဘ ဝံပုလွေလက်သီး၊ ထျန်းရင်လက်သီး၊ ထျန်းကျီလက်သီး၊ ကောင်းကင်လက်သီး၊ မြေကမ္ဘာလက်သီး၊ လူသားလက်သီး”
“အရပ်ရှစ်မျက်နှာ တုန်ဟည်းလက်သီး”
ပါ့ဝူဧကရာဇ်သည် လက်သီးချက် ရှစ်မျိုးကို တစ်ပြိုင်နက် ထုတ်ဖော်လိုက်သည်။
ဤလက်သီးချက် ရှစ်မျိုးသည် ဟန်ဧကရာဇ်၏ ကြယ်တာရာများ၊ ကောင်းကင်၊ မြေကြီးနှင့် လူသားတို့အပေါ်နားလည်သဘောပေါက်မှုကိုအခြေခံကာ တီထွင်ခဲ့သော ပညာရပ် ဖြစ်သည်။ လက်သီးချက်အားလုံး ပေါင်းစပ်လိုက်ပါက ဝူရှစ်မျိုးခြောက်ခြားဘုံလက်သီး ဖြစ်လာ၏။
ထို့နောက် လက်သီးပုံရိပ် ရှစ်ခုသည် မတူညီသော စိတ်ဆန္ဒများကိုသယ်ဆောင်လျက် မျောက်ဝံကြီးထံသို့ ပြေးဝင်သွားတော့သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
ကျယ်လောင်လှသော ပေါက်ကွဲသံ ရှစ်ချက် ထွက်ပေါ်လာပြီး မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွား၏။ အရှိန်အဝါများသည် မိုင်ပေါင်း သန်းချီအထိ ပျံ့နှံ့သွားသဖြင့် အနီးနားရှိ ရွာများနှင့် မြို့ငယ်များစွာ ပျက်စီးသွားရကာ အစီရင်များဖြင့် ကာကွယ်ထားသော နေရာများသာ ဘေးကင်းနိုင်လိုက်သည်။
ဤတိုက်ပွဲ၏ အဆင့်အတန်းသည် နတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ကုန်းမြေတိုက်များသည် အလွန် ပျက်စီးလွယ်သည်။ လက်သီးတစ်ချက်၊ ခြေတစ်ချက်မှာပင် သက်ရှိ သန်းပေါင်းများစွာ ပျက်စီးသွားရ၏။
သို့သော် ပါ့ဝူဧကရာဇ်သည် ထိုအရာများကို ဂရုမစိုက်နိုင်တော့ပေ။ ဝူရှစ်မျိုးလက်သီးချက်သည် သူ၏ အမြင့်ဆုံးသော စွမ်းအား ဖြစ်သော်လည်း မျောက်ဝံကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ထိမှန်သွားသောအခါ အသံအနည်းငယ်သာမြည်ခဲ့ပြီး ပျောက်ကွယ်သွားရ၏။ ထိုမျောက်ဝံကြီး၏ ခန္ဓာကိုယ်မှာ အလွန်ပင် မာကျောကြံခိုင်လှသဖြင့် ဖန်ဆင်းခြင်းနတ်ဘုရားလက်နက် များကဲ့သို့ ခိုင်ခံ့နေလေသည်။
သူတို့နှစ်ဦး၏ ကျင့်ကြံခြင်းသည် အဆင့်များစွာ ကွာခြားနေသော်လည်း ပုံမှန်အားဖြင့်ဆိုလျှင် ဝူရှစ်မျိုးခြောက်ခြားဘုံလက်သီး၏ ဒဏ်ကို ဤမျှ အလွယ်တကူ ခံနိုင်ရန် မဖြစ်နိုင်ပေ။
မျောက်ဝံကြီးအတွင်းရှိ ကန်ဖုန်းသည်လည်း တိတ်တဆိတ် အံ့ဩသွားရ၏။ ဤခန္ဓာကိုယ်သည် မိစ္ဆာမျောက်ဝံနတ်ဘုရား၏ ကိုယ်ပွားဖြစ်သဖြင့် မည်မျှ အစွမ်းထက်ကြောင်း သူ ကောင်းကောင်း သိရှိသည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ မည်သည့် စီရင်စုကိုမဆို အလွယ်တကူ ချေမှုန်းနိုင်စွမ်း ရှိ၏။
သို့သော် ဆင့်ခေါ်ရန်အတွက် ပေးဆပ်ရသည်မှာလည်း မသေးလှပေ။ သူသည် သူ၏ ဝိညာဉ်ကို မိစ္ဆာမျောက်ဝံနတ်ဘုရားထံ ယဇ်ပူဇော်ပြီး မိစ္ဆာဝိညာဉ်အဖြစ် ပြောင်းလဲခဲ့ရသည်။ ထို့ကြောင့် ကန်ဖုန်းသည် ယခုအခါ လူ မဟုတ် မျောက် မဟုတ်သော အခြေအနေသို့ ရောက်ရှိသွားလေသည်။
ထိုမျှမက မိစ္ဆာမျောက်ဝံမျိုးနွယ်စုမှ သူတော်စင်အဆင့် ပရောဟိတ်ကို မိစ္ဆာမျောက်ဝံပုံစံ ပြောင်းလဲစေပြီး ကိုယ်ပွား၏ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခဲ့ရသလို ကန်ကျန်းနှင့် မော်ယဲ့ ဓားနှစ်လက်၏ မဟာတာအိုတစ်ပိုင်း စွမ်းအားများကိုလည်း အသုံးချခဲ့ရသည်။
သို့မှသာ နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်ရှိသော ဤမိစ္ဆာနတ်ဘုရားကိုယ်ပွားကို ဆင့်ခေါ်နိုင်ခြင်း ဖြစ်သည်။ ကိုယ်ပွား၏ အစွမ်းမှာ ကျင့်ကြံခြင်းအဆင့်ထက် သူ၏ ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်၌ ရှိနေပြီး ခုခံအား အလွန်ကောင်းမွန်သည့်အပြင် ခွန်အားမှာလည်း အနှိုင်းမဲ့လှ၏။
ယခုဆိုလျှင် သူသည် ကမ္ဘာငယ်တစ်ခုကိုပင် ကျောပေါ်၌ ထမ်း၍ သွားနိုင်စွမ်း ရှိပေသည်။ လက်သီးရှစ်ချက် အသေသတ်တိုက်ကွက်ကို ခံယူပြီးသောအခါ လက်ထဲရှိ အစိမ်းရောင် သံတုတ်ကြီးကို လွှဲယမ်းကာ ပါ့ဝူဘိုးဘေးဧကရာဇ်ထံသို့ ရိုက်ချလိုက်သည်။
မည်သည့် တန်ခိုးစွမ်းအားကိုမျှ အသုံးမပြုဘဲ အနှိုင်းမဲ့ခွန်အားဖြင့်သာ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။ သူ၏ အမြင်၌ ပါ့ဝူ ဘိုးဘေးဧကရာဇ်ကို တန်ခိုးဖြင့် တိုက်ခိုက်ရန်ပင် တန်ဖိုးမရှိဟု ထင်မြင်နေပုံရသည်။
ပါ့ဝူဧကရာဇ်၏ မျက်ဝန်းများမှာ ကျုံ့ဝင်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်၏။
သို့သော် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်တစ်ခုလုံးမှာ သံတုတ်ကြီးမှထွက်ပေါ်လာသော ပြင်းထန်သည့် ဖိအားကြောင့် ကြေမွသွားပြီဖြစ်၏။ ဟင်းလင်းပြင် လှိုင်းတံပိုးများနှင့် လေပြင်းများကြောင့် သူ၏ ဟင်းလင်းပြင် နည်းစနစ်ကို အသုံးမပြုနိုင်တော့ပေ။
နောက်တစ်စက္ကန့်၌ သံတုတ်ကြီးသည် ပါ့ဝူဧကရာဇ်ပေါ်သို့တည့်တည့် ကျရောက်လာပြီးခန္ဓာကိုယ်ကို အမှုန်အမွှားဖြစ်အောင် ရိုက်ခြေပစ်လိုက်တော့သည်။ အလွန်ပင်ကြောက်စရာ ကောင်းလှ၏။
ပြန့်ကျဲသွားသော အမှုန်များသည် အဝေးတစ်နေရာ၌ ပြန်လည် စုစည်းသွားပြီး ပါ့ဝူဘိုးဘေးဧကရာဇ်၏ ပုံရိပ် ပြန်လည် ပေါ်ထွက်လာသည်။ သို့သော် သူ၏အရှိန်အဝါသည် အလွန် အားနည်းသွားပြီဖြစ်သည်။ ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို နောက်ထပ် အနည်းငယ်မျှ ခံရမည်ဆိုပါက သူသည် လုံးဝ ကွယ်ပျောက်သွားပေလိမ့်မည်။
'မဖြစ်ဘူး... ငါ့စွမ်းအားနဲ့ ဒီမိစ္ဆာကို မယှဉ်နိုင်ဘူး... ဘိုးဘေး ဧကရာဇ်ဟောင်းတွေကို တံခါးပိတ်ရာကနေ ထွက်လာဖို့ ဖိတ်ခေါ်မှ ဖြစ်မယ်...'
'ဒါမှမဟုတ် ဟန်ဧကရာဇ် ကျောက်စိမ်းတံဆိပ်တော်ကို ထုတ်သုံးပြီး ဟန်ဝူတောင်တန်းတွေနဲ့ ချုပ်နှောင်မှ ရမယ်'
ဆုံးဖြတ်ချက် ချပြီးသည်နှင့် ပါ့ဝူ ဘိုးဘေးဧကရာဇ်သည် နောက်လှည့်ပြီး ထွက်ပြေးတော့သည်။
မျောက်ဝံကြီးသည် သူ့နောက်သို့ မလိုက်ပေ။ သူသည် နှာခေါင်းကို တစ်ချက် ရှုံ့လိုက်ပြီး မိုင်ပေါင်း သောင်းချီ ဝေးရာသို့ ရောက်ရှိနေသော ဝူလင်သားရဲနှင့် ပိုင်ကျန့်ဝမ်တို့အပေါ်သို့ အကြည့်ရောက်သွား၏။