အခန်း (၁၃၁)
Vol. 14 Ch. 131
ကျိုးထောင်ဟွား ချက်ချင်းဘေးသို့ရှောင်၍ ခေါင်းလှည့်ကြည့်လိုက်ရာ သူမအနောက်တွင် ရက်စက်ကြမ်းကြုတ်သောအငွေ့အသက်များထုတ်လွှတ်နေသည့် ရှန်းမင်ကိုတွေ့လိုက်ရသည်။ ဖားပြုတ်နတ်ဆိုးမှာ သူ့ကိုကြောက်၍ထွက်ပြေးသွားခြင်းဖြစ်မည်ဟု ခန့်မှန်းမိလိုက်သည်။ ကျိုးထောင်ဟွား ရှန်းမင်လက်ကို ဘေးသို့အမြန်ဆွဲလိုက်၏။
"အစ်ကိုရှန်းမင် လိုက်ခဲ့"
ကျိုးထောင်ဟွား ရှင်းပြဖို့အချိန်မရှိပေ။ ရှန်းမင်ကို နောက်သို့မီတာအနည်းငယ်ဆွဲခေါ်သွားပြီး သစ်ပင်ကြီးတစ်ပင်၏ပင်စည်အနောက်တွင် ပုန်းအောင်းခိုင်းလိုက်သည်။ ကျိုးထောင်ဟွားသည် ရှန်းမင်ကို သူမအနောက်တွင်ထားလိုက်ပြီး သူမကိုယ်တိုင်တော့ သစ်ပင်ပင်စည်နှင့်ကပ်ထားကာ တောင်ပေါ်မှအသံများကို တိတ်တဆိတ် နားထောင်နေလိုက်သည်။
ယခင်ကဆိုလျှင် နတ်ဆိုးလေးများမှာတောင်ပေါ်ရှိ ဝံပုလွေများအားဆွဲဆောင်နိုင်ခဲ့သည်ဖြစ်ရာ ဤတစ်ကြိမ်တွင်ရော ဖားပြုတ်နတ်ဆိုးအား ဆွဲဆောင်နိုင်မည်လားဆိုသည်ကို သူမသိချင်နေ၏။
ကျိုးထောင်ဟွားသည် စိတ်လှုပ်ရှားနေသလို မျှော်လင့်ချက်လည်းရှိနေသဖြင့် သူမကျောဘက်တွင်ကပ်နေသော ရှန်းမင်ကိုလုံးဝ သတိမထားမိပေ။ ရှန်းမင်သည် အာရုံစိုက်နေသော သူမမျက်နှာဘေးဘက်ကိုစိုက်ကြည့်နေမိသည်။ သူ့အကြည့်များသည် သူမမျက်နှာပေါ်တွင်သာစွဲကပ်နေပြီး ဖယ်ခွာ၍မရနိုင်အောင်ပင်။
*မွ*
ရှန်းမင်၏နူးညံ့သောနှုတ်ခမ်းများ သူမပါးပြင်ပေါ်သို့ရုတ်တရက် ကျရောက်လာရာ ဝိညာဉ်စွမ်းအင်လှိုင်းလုံးကြီးတစ်ခု သူမခန္ဓာကိုယ်ထဲသို့ ချက်ချင်းစီးဝင်လာပြီး ကျိုးထောင်ဟွား၏ပြည့်ဝနေပြီးသား ဝိညာဉ်စွမ်းအင်များကို ပိုတိုးလာစေသည်။ သူ့အနမ်းကြောင့် ကျိုးထောင်ဟွားထိတ်လန့်သွားရ၏။ သူမအသံနှိမ့်ပြီး မေးလိုက်သည်။
"အစ်ကိုရှန်းမင် ဘာလုပ်တာလဲ"
သူမမှာ ဖားပြုတ်နတ်ဆိုးပြန်လာမည်အား စောင့်နေခြင်းဖြစ်ကာ ရိုမန့်တစ်ဆန်နေဖို့မဟုတ်ပေ။
"စိတ်မပူပါနဲ့ သူမလာသေးပါဘူး၊ ညီမက အရမ်းလှနေတော့ အစ်ကိုမနေနိုင်ဘဲနမ်းလိုက်မိတာပါ၊ တစ်ကယ်လို့ နစ်နာတယ်လို့ခံစားရရင် ညီမ အစ်ကို့ကိုပြန်နမ်းလို့ရပါတယ်"
ထိုသို့ပြောပြီးနောက် ရှန်းမင်သည် သူ့မျက်နှာကို ကျိုးထောင်ဟွားမျက်နှာနားသို့တိုးကပ်လိုက်သည်။ ကျိုးထောင်ဟွားဘာပြောရမည်ကိုပင် မသိတော့ပေ။ စိတ်ဆိုးရမလိုလို ရှက်ရမလိုလိုဖြစ်သွားရသည်။ ကျိုးထောင်ဟွားနှုတ်ခမ်းများ အသာတွန့်သွားပြီး ခေါင်းပြန်လှည့်ကာ သစ်ပင်ပင်စည်ပေါ်နားကပ်လျက် လှုပ်ရှားမှုတစ်စုံတစ်ရာရှိမရှိ နားပြန်စွင့်လိုက်၏။ သူမ၏လေးနက်နေသောအမူအယာအားမြင်သောအခါ ရှန်းမင် သူမကို စနောက်ချင်လာသည်။ ရုတ်တရက် သူ့နားရွက်များလှုပ်ရှားသွား၏။
"ညီမထောင်ဟွား ဖားပြုတ်နတ်ဆိုးလာနေပြီ"
ရှန်းမင် သတိပေးလိုက်သည်။ ကျိုးထောင်ဟွား ဝမ်းသာသွားရ၏။
"ဒီနတ်ဆိုးလေးတွေက တော်လိုက်တာ၊ ဖားပြုတ်နတ်ဆိုးကိုမျှားခေါ်ဖို့ အသံတုတောင်လုပ်တတ်ကြတယ်"
သူမမှာ သူတို့အနေဖြင့် ဝံပုလွေအသံလောက်သာ တုပတတ်မည်ဟုထင်ထားသော်လည်း အခြားနတ်ဆိုးများ၏အသံကိုပါ တုပနိုင်ခဲ့သည်ပင်။ ရှန်းမင်နားရွက်များ ထပ်မံလှုပ်ရှားသွား၏။
"ညီမထောင်ဟွား တစ်ခုခုမှားနေပြီ၊ ဖားပြုတ်နတ်ဆိုးက တစ်ကောင်တည်း မဟုတ်ဘူးထင်တယ်"
"ဘယ်လို"
ကျိုးထောင်ဟွား မယုံကြည်နိုင်ဟန်ဖြင့်မျက်လုံးပြူးသွားရသည်။ နတ်ဆိုးလေးများမှာ ဖားပြုတ်နတ်ဆိုးအုပ်ကြီးကိုများ ဆွဲဆောင်လိုက်သည်များလား။ ထင်ထားသည့်အတိုင်းပင် ခဏအကြာ၌ သူမခြေဖဝါးအောက်မှတုန်ခါမှုကို ခံစားလိုက်ရပြီး အချိန်ကြာလာသည်နှင့်အမျှ တုန်ခါမှုမှာပိုမိုပြင်းထန်လာသည်။ သစ်ပင်ပင်စည်အနောက်မှ သူမချောင်းကြည့်လိုက်ရာ တောင်ထိပ်ပေါ်မှဆင်းလာသော ကြီးမားလှသည့် ဖားပြုတ်နတ်ဆိုးကြီးနှစ်ကောင်ကို တွေ့လိုက်ရ၏။ ၎င်းတို့တွင် အစိမ်းရင့်ရောင်အရေပြားများရှိကြပြီး ကြွက်နို့ကဲ့သို့အဖုများဖြင့် ဖုံးလွှမ်းနေကြသည်။ ၎င်းတို့၏ခြေလက်များသည် တုတ်ခိုင်သန်မာပြီး လက်သည်းတိုင်းတွင် လက်သည်းချွန်ချွန်များပါရှိကာ တောက်ပနေသောဓားမြှောင်များကဲ့သို့ဖြစ်နေ၏။
ဖားပြုတ်နတ်ဆိုးများသည်လည်း အလွန်အံ့သြနေကြသည်။ ဤတောင်တန်းများတွင် အခြားဖားပြုတ်နတ်ဆိုးများရှိနေသည်ဟု ထင်မှတ်ထားကြပုံရ၏။ တစ်ကယ်တော့ ဖားပြုတ်များသည် ကမ္ဘာပေါ်တွင်အစွမ်းထက်ဆုံးမျိုးစိတ်များဖြစ်ကြသည်။ ဤတောင်တန်းများတွင် ဖားပြုတ်နတ်ဆိုးအများအပြား ကျင့်ကြံအားထုတ်နေကြသည်မှာအမှန်ပင်။ သို့သော် ဖားအော်သံကြားရာနေရာသို့ ရောက်သောအခါ သူတို့မျိုးနွယ်ဝင်တစ်ကောင်ကိုမှမတွေ့ရပေ။ နတ်ဆိုးလေးများသည် ဖားပြုတ်နတ်ဆိုးများပေါ်လာသည်ကို မြင်လိုက်ရသောအခါ ကြောက်လန့်တကြားဖြစ်သွားကြ၏။
သူတို့သည် ခြေဖဝါးအောက်ရှိမြေကြီးထဲသို့ ချက်ချင်းဝင်ရောက်ပုန်းအောင်းလိုက်ကြပြီး တောင်ကြီးနှင့်တစ်သားတည်းဖြစ်အောင် ရောနှောလိုက်ကြသည်။ သို့မဟုတ်လျှင် အသံပြုလုပ်နေသည်မှာ သူတို့ဖြစ်ကြောင်း ဖားပြုတ်နတ်ဆိုးများသိသွားပါက သေချာပေါက်အသတ်ခံရပေလိမ့်မည်။ ကျိုးထောင်ဟွား ဖားပြုတ်နတ်ဆိုးနှစ်ကောင်ကို သေချာမြင်လိုက်ရသောအခါ သူမမျက်ဝန်းအိမ်များကျုံ့ဝင်သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
တစ်ကယ်လို့ ဖားပြုတ်နတ်ဆိုးတစ်ကောင်တည်းဆိုရင်တော့ သူမမှာရှိတဲ့ ဝိညာဉ်စွမ်းအင်ပမာဏနဲ့ သေချာပေါက် ဖြေရှင်းနိုင်တယ်။ ဒါပေမယ့် နှစ်ကောင်ဆိုရင်တော့ မသေချာတော့ဘူး။ သူမတောင်ပြန်အသတ်ခံရနိုင်တယ်။
တောင်ခြေရင်းတွင် ရွာလူကြီးနှင့်ကျိုးရှန့်ကျူးခေါ်လာသော ရေကာတာပြင်မည့် ရွာသားများသည်လည်း ဖားပြုတ်နတ်ဆိုး နှစ်ကောင်ကိုတွေ့လိုက်ရသည်။ သူတို့ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။
"ဖားပြုတ်နတ်ဆိုးက တစ်ကယ်နှစ်ကောင်တောင်ရှိတာလား"
"သောက်ကျိုးနည်း ငါတို့ရဲ့ရေကာတာကို ဖျက်ဆီးတဲ့ကောင်တွေက သူတို့ပဲ"
"အရင်တုန်းက ငါတို့ရွာမှာနတ်ဆိုးတစ်ကောင်ပဲပေါ်လာဖူးတာ၊ အခု တစ်ပြိုင်နက်တည်း နှစ်ကောင်တောင်ဆိုတော့ ထောင်ဟွားနိုင်ပါ့မလား"
ရွာသားတစ်ယောက်မှာ စိုးရိမ်တကြီးဖြင့်ပြောလိုက်သည်။ ထိုစကားကိုကြားသောအခါ လူတိုင်းမျက်နှာအမူအယာများလေးနက်သွားကြ၏။ အကယ်၍ ကျိုးထောင်ဟွားသာမနိုင်ခဲ့ပါက သူတို့ ဘယ်လောက်ပဲထပ်ပြင်ပြင် ကွမ်းကွမ်းတောင်ပေါ်ရှိ ရေကာတာကြီးမှာ ဖားပြုတ်နတ်ဆိုးများဖျက်ဆီးခြင်းကိုခံရဦးမည်ပင်။ အဲ့လိုသာဆို မြေပြိုကျလာတဲ့အချိန်ကျ သူတို့ကျိုးကျားရွာတော့သွားပြီပဲ။ ကျိုးကွမ်းလေ့မှာ ရွာဘက်သို့ချက်ချင်းပြန်ပြေးသွားသည်။
"မဖြစ်ပါဘူး ငါ့မိန်းမနဲ့ကလေးတွေကို ပစ္စည်းမြန်မြန်သိမ်းဖို့ သွားပြောရမယ်"
သူ့စကားကြောင့် ကျန်လူများလည်းစိတ်ဂနာမငြိမ်ဖြစ်လာကြသည်။
"ငါတော့ ထောင်ဟွားလုပ်နိုင်မယ်လို့ ယုံကြည်တယ်၊ ဒီတစ်ခေါက် ငါကသူနဲ့အတူ မြို့ထဲထိလိုက်သွားခဲ့တာလေ၊ သူက အသက်လေးဆယ်လောက်ရှိတဲ့ နတ်ဆိုးကျင့်ကြံသူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းစွမ်းအားကို လွယ်လွယ်လေးဖျက်ဆီးပစ်လိုက်တာကွ၊ ငါတော့သူလုပ်နိုင်မယ်လို့ယုံတယ်"
ရွာလူကြီးမှ လူအုပ်ကြီးကိုပြောလိုက်သည်။ ရွာလူကြီးအသံမှာ သန်မာပြီးပြတ်သားလှ၏။ ရွာလူကြီးသည် ရွာထဲတွင် အလွန်လေးစားခံရသူဖြစ်ပြီး အမြဲတစေ လူတိုင်း၏အားကိုးရာဖြစ်ခဲ့သည်။
သူ့စကားကြောင့် စိုးရိမ်ပူပန်နေသော လူအများ၏စိတ်များမှာ ချက်ချင်းတည်ငြိမ်သွားကြ၏။ ကျိုးကွမ်းလေ့တစ်ယောက်သာ ပစ္စည်းသိမ်းရန် အိမ်ပြန်ပြေးသွားပြီး ကျန်လူများမှာတော့ဆက်စောင့်နေကြသည်။
"ထောင်ဟွား ဘာဖြစ်လို့လဲ"
ကျိုးထောင်ဟွားကိုယ်မှ တောင့်တင်းသွားသည်ကို ရှန်းမင်သတိထားမိသဖြင့် အနားသို့တိုးလာပြီး အသံတိုးတိုးဖြင့်မေးလိုက်သည်။ ထင်မထားစွာပင် ကျိုးထောင်ဟွားသည် ရုတ်တရက်သူ့ပါးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ပြီး သူ့နှုတ်ခမ်းအား ဖိကပ်ကာနမ်းလာလေ၏။
ထောင်ဟွားက သူ့ကိုနမ်းလိုက်တာလား။
ရှန်းမင်စိတ်ကြည်နူးသွားသည်။
ထောင်ဟွားမှ ယခုလိုစပြီးနမ်းလာတတ်သည်ကို သူပိုသဘောကျလေ၏။
ကျိုးထောင်ဟွားသည် ဝိညာဉ်စွမ်းအင်များ ရှန်းမင်ခန္ဓာကိုယ်မှတစ်ဆင့် သူမထံစီးဝင်လာသည်ကိုခံစားလိုက်ရပြီး စိတ်ထဲတွင် *မလောက်သေးဘူး မလောက်သေးဘူး* ဟုသာတွေးနေမိသည်။ သူမသည် နှုတ်ခမ်းအား အသာဟလိုက်ပြီး ရှန်းမင်နှုတ်ခမ်းများကိုဖွင့်ဟစေကာ သူ့ခံတွင်းထဲမှချိုမြိန်မှုကို စုပ်ယူလိုက်လေ၏။
ရှန်းမင်ခန္ဓာကိုယ်မှာ ခဏတာမျှတောင့်တင်းသွားရသည်။ အစပိုင်းတွင် ဘာလုပ်ရမှန်းမသိဖြစ်သွားသော်လည်း နောက်ပိုင်းတွင် သူ့ခန္ဓာကိုယ်မှာမီးလောင်ကျွမ်းသွားသကဲ့သို့ ခံစားလိုက်ရ၏။
သူမခါးကိုဖက်လိုက်ပြီး အနမ်းအားပိုမိုနက်ရှိုင်းစေရန်ပြုလုပ်လိုက်သည်။ ရှန်းမင်၏အသက်ရှူသံများ မြန်ဆန်လာပြီး နှလုံးခုန်သံများပါ ပိုမိုပြင်းထန်လာသည်ကို ကျိုးထောင်ဟွား ရှင်းရှင်းလင်းလင်းခံစားလိုက်ရ၏။ ထိုစဉ်မှာပင် ဝိညာဉ်စွမ်းအင်လုံလောက်ပြီဟု ခံစားလိုက်ရသဖြင့် ကျိုးထောင်ဟွားသည် ရှန်းမင်ကို ချက်ချင်းလွှတ်ပေးလိုက်သည်။
ရှန်းမင် : "???"
ပြီးသွားပြီလား
သူ့စိတ်က ခုမှကြွလာတာလေ။ ထောင်ဟွားက ဆက်မနမ်းတော့ဘူးလား။
သူဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ကျိုးထောင်ဟွား ရုတ်တရက်မန္တန်ရွတ်လာသည်ကို ကြားလိုက်ရလေ၏။
"ကောင်းကင်နှင့် မြေကြီး၊ ရွှမ်ဟွမ်၊ တာအိုတရားသည် မူလအစသို့ပြန်သွားကာ မကောင်းဆိုးဝါးများကို ဖျက်ဆီးပြီး နတ်ဆိုးများကိုသတ်ဖြတ်စေ"
မန္တန်ရွတ်ဆိုလိုက်သည်နှင့် သူမလက်မှစည်းသင်္ကေတသည်လည်း လျင်မြန်စွာပြီးစီးသွားလေသည်။ ရှန်းမင် အနည်းငယ်ဇဝေဇဝါဖြစ်သွားရ၏။
ထောင်ဟွားက ကိုယ့်ကိုကိုယ်သတ္တိမွေးဖို့ သူ့ကို နမ်းလိုက်တာများလား။