← Chapters

အခန်း (၁၃၂)

Vol. 14 Ch. 132

အခန်း (၁၃၂)

Vol. 14 Ch. 132

​ထိုအချိန်တွင် ဖားပြုတ်နတ်ဆိုးနှစ်ကောင်သည် သူတို့ခြေဖဝါးအောက်တွင် ပုံမှန်မဟုတ်သော အရာတစ်ခုကို ချက်ချင်း သတိထားမိလိုက်ကြသည်။ ၎င်းမှာ အဖြူရောင်စက်ဝိုင်းပုံသဏ္ဌာန် အစီအရင်ကြီးတစ်ခုပင်။ ​သူတို့မတုံ့ပြန်နိုင်ခင်မှာပင် အစီအရင်ထဲမှအဖြူရောင် အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ချွန်ထက်သော ဓားသွားများအလား သူတို့ခန္ဓာကိုယ်များကို ထိုးဖောက်သွားလေသည်။

​"အွတ်"

​ဖားပြုတ်နတ်ဆိုးများသည် နာကျင်လွန်းသဖြင့် အစီအရင်ထဲမှခုန်ထွက်လိုက်ကြသည်။ *ဒုန်း ဒုန်း*ဟူသည့်အသံကျယ်ကြီးနှစ်ချက်နှင့်အတူ မြေကြီးပေါ်တွင် နက်ရှိုင်းသော တွင်းကြီးနှစ်ခုဖြစ်ပေါ်သွားလေသည်။ သူတို့၏စိမ်းဖန့်ဖန့်မျက်လုံးလေးလုံးသည် သစ်ပင်,ပင်စည်ဘေးတွင် ရပ်နေသော ကျိုးထောင်ဟွားကို ချက်ချင်းရှာတွေ့သွားလေ၏။ အသံနိမ့်နိမ့်ဖြင့်အော်မြည်လိုက်ပြီးနောက် ရုတ်တရက် လျှာအရှည်ကြီးနှစ်ခုကို ထုတ်လွှတ်လိုက်ရာ အဆိပ်ရှိသောကြာပွတ်နှစ်ချောင်းအလား ကျိုးထောင်ဟွားထံသို့ ရိုက်ခတ်လာလေသည်။

​ကျိုးထောင်ဟွားမှာမူ တည်ငြိမ်နေဆဲပင်။

​ဤအချိန်တွင် သူမ၌ဝိညာဉ်စွမ်းအင်များ အကန့်အသတ်မရှိဖြစ်နေသည်ပင်။ လက်တစ်ဖက်လှုပ်ရှားလိုက်ရုံဖြင့် ဝိညာဉ်စွမ်းအင်ဒိုင်းကာနှစ်ခု သူမရှေ့တွင် ချက်ချင်းပေါ်လာလေသည်။ ဖားပြုတ်နတ်ဆိုးများ၏လျှာများသည် ဝိညာဉ်စွမ်းအင်ဒိုင်းကာများကို ရိုက်ခတ်မိပြီး တဘုန်းဘုန်းမြည်သံနှစ်ချက်ထွက်ပေါ်လာ၏။ ​သူတို့လျှာကို ပြန်မရုတ်သိမ်းနိုင်ခင်မှာပင် ဝိညာဉ်စွမ်းအင်ဓားတစ်လက်သည် ကျိုးထောင်ဟွားလက်ထဲတွင် ရုတ်တရက်ပေါ်လာပြီး လေထဲ၌ဓားချက်တစ်ခု လျင်မြန်စွာရေးဆွဲလိုက်လေသည်။ ဖားပြုတ်နတ်ဆိုးနှစ်ကောင်ပြန်ဆုတ်ဖို့ကြိုးစားသော်လည်း နောက်ကျသွားခဲ့ပြီပင်။ ဖားပြုတ်နတ်ဆိုးများမှာ နာကျင်စွာအော်ဟစ်လိုက်သော်လည်း အသံထွက်မလာတော့ချေ။

​၎င်းတို့သည် ကျိုးထောင်ဟွားအား မုန်းတီးစွာစိုက်ကြည့်လိုက်ကြသည်။ တစ်ကောင်သည် သူမကိုဝါးမြိုရန် ပါးစပ်ကြီးဟကာ ခပ်မြင့်မြင့်ခုန်တက်လိုက်၏။ ကျိုးထောင်ဟွား ရှောင်တိမ်းခြင်းမရှိသော်လည်း ၎င်းနှင့်လက်တစ်ကမ်းအလိုတွင် လူတစ်ရပ်ကျော်ရှည်လျားသော ဝိညာဉ်လှံတံတစ်ချောင်း သူမလက်ထဲ ရုတ်တရက်ပေါ်လာပြီး သူ့ခေါင်းထဲထိုးစိုက်လိုက်လေသည်။ ​ထိုးဖောက်ခံလိုက်ရသောဒဏ်ရာမှ သွေးများမှာရေပန်းအလား ပန်းထွက်လာ၏။ သို့သော် အကာအကွယ်အစီအရင်တစ်ခုမှာ သူမကို လုံခြုံစွာကာကွယ်ပေးထားသဖြင့် ကျိုးထောင်ဟွားမှာ အနံ့ဆိုးဝါးသောသွေးစက်များနှင့် လုံးဝမထိတွေ့ခဲ့ပေ။ ဖားပြုတ်နတ်ဆိုး၏အကျိအချွဲများနှင့် သွေးများအားလုံးမှာ အဆိပ်ရှိကြောင်းသူမသိထားသည်။

​ဘေးနားရှိ အခြားဖားပြုတ်နတ်ဆိုးတစ်ကောင်သည် ထိုမြင်ကွင်းကိုမြင်လိုက်ရသဖြင့် နောက်လှည့်ပြီးအမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးလေတော့၏။ ၎င်း၏နှစ်ပေါင်းရာချီသော သက်တမ်းတစ်လျှောက်တွင် ဤမျှကြောက်စရာကောင်းသော ရွာသူမလေးတစ်ယောက်ကိုမှမမြင်ဖူးခဲ့ပေ။ သူမခွန်အားမှာမယုံနိုင်စရာပင်ဖြစ်၏။

*သူမက ရွာထဲမှာဘယ်လိုလုပ် ရှိနေရတာလဲ။ အဓိပ္ပာယ်မရှိလိုက်တာ*

​သို့သော် ယခုအချိန်သည်စဉ်းစားခန်းဖွင့်နေရမည့်အချိန်မဟုတ်ရာ အသက်လုပြီးထွက်ပြေးမှဖြစ်မည်။ ကျိုးထောင်ဟွားသည် ထွက်ပြေးသွားသော၎င်း၏ပုံရိပ်ကိုကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းများကွေးညွှတ်သွားသည်။

*ဒီတောင်တန်းတွေထဲမှာရှိနေသရွေ့ ဘယ်ကိုထွက်ပြေးနိုင်မှာလဲ*

​ကျိုးထောင်ဟွားသည် ဝိညာဉ်လှံတံကိုဆွဲထုတ်လိုက်ပြီး ဖားပြုတ်နတ်ဆိုး၏ခန္ဓာကိုယ်ကို အကဲခတ်လိုက်သည်။ နောက်ဆုံးတွင် ဝိညာဉ်စွမ်းအင်ဖြင့် ၎င်း၏နှလုံးသားထဲမှ နှစ်တစ်ရာသက်တမ်းရှိ ကျင့်ကြံခြင်းစွမ်းအား ပါဝင်သောအမြုတေတစ်လုံးကို ဆွဲထုတ်ယူလိုက်၏။ သွေးစွန်းနေသည်များကို လက်ကိုင်ပုဝါဖြင့်သုတ်လိုက်ပြီး အင်္ကျီရင်ဘတ်ထဲထည့်လိုက်ကာ ဖားပြုတ်နတ်ဆိုးနောက်သို့ လိုက်လေတော့သည်။

​"နတ်ဆိုးလေးတို့ သူအခုဘယ်ရောက်နေပြီလဲ"

​ကျိုးထောင်ဟွား လှမ်းခေါ်လိုက်ရာ အဖြူရောင်အလင်းလုံးလေးတစ်စု ပေါ်လာသည်။ သူတို့မှာ လမ်းပြပေးပြီး ကျိုးထောင်ဟွားသည် နောက်မှလိုက်ပါသွား၏။ ရှန်းမင်အနားကပ်လာသောအခါ သူတို့ကြောက်လန့်သွားပြီး ခြေလှမ်းများကိုအရှိန်မြှင့်လိုက်ကြသည်။ ​ဖားပြုတ်နတ်ဆိုးသည် အချိန်အတော်ကြာအောင် ထွက်ပြေးနေရပြီး မည်သည့်နေရာတွင်မှမနားရဲခဲ့ပေ။ ကျိုးထောင်ဟွား၏ဝိညာဉ်လှံတံအောက်တွင် နောက်ထပ်သားကောင်ဖြစ်သွားမည်ကို ကြောက်ရွံ့နေသည်။ သူ့စိတ်ထဲတွင်ယုံကြည်ချက်တစ်ခုသာရှိပြီး ထိုသည်မှာလည်း တတ်နိုင်သမျှဝေးဝေးထွက်ပြေးရန်သာဖြစ်၏။ ကျိုးထောင်ဟွား၏ဖမ်းဆီးသတ်ဖြတ်ခြင်းကိုတော့မခံနိုင်ပေ။

​တဖြည်းဖြည်းနှင့် တောနက်ထဲသို့ရောက်ရှိလာခဲ့သည်။ သတိပြန်ဝင်လာသောအခါသူ့ရှေ့၌ကန်ကြီးတစ်ခု ရုတ်တရက်ပေါ်လာ၏။ ဘာမှစဉ်းစားမနေဘဲ ရေထဲသို့ခုန်ဆင်းကာ ပုန်းအောင်းလိုက်လေသည်။ သူ့လျှာမှဒဏ်ရာသက်သာပြီး ကျင့်ကြံခြင်းအဆင့်မြင့်တက်လာသည်နှင့်တစ်ပြိုင်နက် ထိုရွာသူကောင်မစုတ်လေးကို လက်စားပြန်ချေရမည်ပင်။ ဖားပြုတ်နတ်ဆိုးသည် ထိုရွာသူမလေးအားပြန်ပေးဆပ်ခိုင်းရမည်ဟု စိတ်ထဲတွင်ကျိန်ဆိုလိုက်၏။

​ခဏအကြာတွင် အဖြူရောင်နတ်ဆိုးလေးတစ်စုသည် ကန်ကြီးရှေ့တွင်ရပ်တန့်လိုက်ပြီး ဖားပြုတ်နတ်ဆိုးအတွင်းထဲတွင်ရှိနေကြောင်း ကျိုးထောင်ဟွားကို လက်ဟန်ပြလိုက်သည်။ ထို့နောက် သူတို့ပျောက်ကွယ်သွားကြ၏။ ကျိုးထောင်ဟွားမျက်လုံးများထဲတွင် အပြုံးတစ်ခု ဖြတ်သန်းသွားသည်။

*ဒီမှာ ပုန်းနေတယ်ပေါ့လေ*

​သူမသည် ကန်ကြီးတစ်ခုလုံးကိုခြုံငုံကြည့်ရှုကာရယ်မောလိုက်သည်။

"ဒါက မိုးကြိုးမန္တန်သုံးဖို့အကောင်းဆုံးနေရာပဲ"

​ကျိုးထောင်ဟွားမျက်နှာအမူအယာနှင့် ကြီးမားသောကန်ကြီးအားကြည့်ပြီး ဖားပြုတ်နတ်ဆိုး ထိုကန်အောက်တွင်ရှိနေကြောင်း ရှန်းမင်ခန့်မှန်းမိလိုက်သည်။ ကျိုးထောင်ဟွားပြောပြီးသည်နှင့် လက် ချောင်းများဖြင့်စည်းသင်္ကေတပြုလုပ်ပြီး မန္တန်ရွတ်ဆိုလိုက်၏။

​"ကောင်းကင်မိုးကြိုး သက်ဆင်းပြီး မကောင်းဆိုးဝါးဟူသမျှ ပျောက်ကွယ်စေ"

​တစ်ခဏချင်းမှာပင် ကြည်လင်နေသောကောင်းကင်ကြီးမှာ ကွဲအက်သွားပြီး မိုးကြိုးပစ်ချလိုက်သည်။ လိမ့်တက်လာသော မိုးတိမ်မည်းကြီးများသည် ဒီရေလှိုင်းလုံးမည်းကြီးများအလား လျင်မြန်စွာစုစည်းလာပြီး နဂါးတစ်ကောင်အလား မိုးကြိုးတန်းကြီးမှာ အောက်သို့ထိုးဆင်းလာ၍ ကန်ကြီးထဲသို့တည့်တည့်ဝင်ရောက်သွားလေ၏။ အပြာရောင်လျှပ်စီးများသည် ရေထဲတွင်တဖျပ်ဖျပ်လက်နေပြီး ရေကန်တစ်ခုလုံးအားအပြာရောင်ပြောင်းသွားလေသည်။

​"အွတ်"

​မိုးကြိုးလုံးကြီးဝန်းရံထားသော ဖားပြုတ်နတ်ဆိုးသည် ရေထဲမှခုန်ထွက်လာပြီး သူ့ခန္ဓာကိုယ်သည်လည်း မရေမတွက်နိုင်သောသံမဏိအပ်များ ထိုးစိုက်ခံထားရသကဲ့သို့ ပြင်းပြင်းထန်ထန်တုန်ခါနေလေသည်။ မာကျောသောသူ့အရေပြားကို လျှပ်စီးကြောင်းများ ထိုးဖောက်သွားပြီး မီးခိုးမည်းများပင်ထွက်ပေါ်လာလေ၏။ သူသည် ဒေါသနှင့်ကြောက်ရွံ့မှုတို့ရောထွေးနေသောမျက်လုံးများဖြင့် ကျိုးထောင်ဟွားထံကြည့်လိုက်ပြီး နောက်ဆုံးလက်ကျန်အားအင်ကိုအသုံးပြုကာ သူမအားသတ်ဖြတ်ရန်ကြိုးစားလိုက်သည်။ သို့သော် ခြေလှမ်းတစ်လှမ်းသာလှမ်းနိုင်ပြီး အသက်မဲ့မရှိတော့ဘဲလဲကျသွားတော့၏။

​

*ဘုတ်*

​မီးလောင်ကျွမ်းထားသော သူ့ခန္ဓာကိုယ်သည်ပြာမှုန့်များအဖြစ် ပြောင်းလဲသွားလေသည်။ ကျိုးထောင်ဟွားသည် သူမလိုချင်သော နှစ်တစ်ရာကျော်သက်တမ်းရှိ ကျင့်ကြံခြင်းစွမ်းအားပါဝင်သည့် အမြုတေကိုကောက်ယူလိုက်၏။ ကျိုးထောင်ဟွားပြန်ရောက်လာသောအခါ တောင်အောက်မှ ကျိုးရှန့်ကျူးလှမ်းအော်မေးလာသည်အားကြားလိုက်ရသည်။

​"ညီမထောင်ဟွား နောက်ထပ်ဖားပြုတ်နတ်ဆိုးတစ်ကောင်ရော ဘယ်လိုနေလဲ"

​ရှန်းမင်မှာ သူမအစားလှမ်းအော်ပြောလိုက်သည်။

"ညီမထောင်ဟွားက ရှင်းပစ်လိုက်ပြီမလို့ အားလုံးစိတ်ချလို့ရပြီ"

ချက်ချင်းပင် လူတိုင်း၏မျက်နှာပေါ်တွင် အပြုံးများပေါ်လာကြပြီး တောင်ပေါ်သို့ တက်ရဲသွားကြသည်။ ရွာလူကြီးပြောသည်မှာ မှန်ပေ၏။ ကျိုးထောင်ဟွားအား ဤနတ်ဆိုးနှစ်ကောင်မှာ ယှဉ်နိုင်မည်မဟုတ်ပေ။ ​ကျိုးရှန့်ကျူးသည် ရေကာတာကိုပြုပြင်ရန် ရွာသားများအားဦးဆောင်ပြီး တောင်ပေါ်သို့တက်သွားလေသည်။

​"သောက်ဖားပြုတ်နတ်ဆိုး ငါတို့ကိုအစကနေ ပြန်ပြင်ခိုင်းနေတယ်"

ရွာသားတစ်ယောက်မှ ငြီးတွားလိုက်သည်။

​"မငြီးနဲ့တော့ အလုပ်စကြစို့"

​"ထောင်ဟွားက ဖားပြုတ်နတ်ဆိုးကိုရှင်းပြီးပြီဆိုတော့ ငါတို့ရဲ့ရေကာတာကို ဘယ်သူမှ လာမဖျက်ဆီးတော့ဘူး"

​ကျိုးရှန့်ကျူး ပြောလိုက်သည်။ ​ကျိုးထောင်ဟွားသည် အိတ်ကပ်ထဲတွင် အမြုတေနှစ်လုံးအားထည့်လျက် တောင်အောက်သို့ဆင်းလာခဲ့သည်။ အိမ်ပြန်ရောက်သောအခါ ရှန်းမင်ပါသူမနှင့်အတူ ပြန်လိုက်လာသည်ကို တွေ့လိုက်ရ၏။

​"အစ်ကိုရှန်းမင် သုန်းသုန်းတောင်က ကာကွယ်ရေးစီမံကိန်းလည်း ပြီးပြီဆိုတော့ ပန်းထိုးအလုပ်ရုံကို ပန်းထိုးသွားမသင်ဘူးလား"

​ကျိုးထောင်ဟွား မေးလိုက်သည်။ ယခုအခါ ရွာထဲတွင်အသက်ငယ်လွန်းသူများနှင့် အသက်ကြီးလွန်း၍ မျက်စိမှုန်သူများမှလွဲ၍ ကျန်လူအားလုံးပန်းထိုးအလုပ်ရုံသို့ သွားရောက်သင်ယူနေကြ၏။ ကံကောင်းစွာပင် ပန်းထိုးအလုပ်ရုံဆောက်လုပ်စဉ်၌ သူမဝယ်ယူခဲ့သောမြေကွက်သည်ကြီးမားသဖြင့် လူအများအပြားဝင်ဆံ့လေသည်။ ရာသီသွေးမိစ္ဆာအပြင် ကျန်နတ်ဆိုးလေးကောင်ကိုလည်း အလုပ်ရုံတွင် ပန်းထိုးသင်ရန် သူမစီစဉ်ပေးထား၏။

*ပန်းထိုးပစ္စည်းတွေရောင်းရတဲ့အခါဆို သူမအတွက် ပိုက်ဆံရှာပေးသလိုဖြစ်မှာပေါ့*

​"သွားမှာပါ၊ ဒါပေမယ့် လုပ်စရာကိစ္စတစ်ခုကျန်သေးတယ်"

​ရှန်းမင် ခါးကိုင်းလိုက်ပြီး ကျိုးထောင်ဟွား၏ပါးပြင်နှစ်ဖက်ကို အုပ်ကိုင်ကာ သူမနှုတ်ခမ်းများအား, အားဖြင့်ဖိကပ်၍နမ်းရှိုက်လိုက်သည်။ သူ့နှုတ်ခမ်းများမှာ ပူလောင်နေတော့၏။ သူ့လျှာဖျားလေးသည်လှုပ်ရှားသွားပြီး သူမသွားများကိုတွန်းဖွင့်လိုက်လေသည်။ ပုံမှန်အပူချိန်မှာ ရုတ်တရက်မြင့်တက်လာပြီး ရင်းနှီးမှုအငွေ့အသက်များပျံ့နှံ့သွားလေ၏။ ကျိုးထောင်ဟွားမှာ ရှန်းမင်တစ်ယောက် ဤကဲ့သို့လုပ်လာလိမ့်မည်ဟု လုံးဝထင်မထားခဲ့မိပေ။

All Chapters