အခန်း (၁၃၅)
Vol. 14 Ch. 135
ညနေခင်းတွင် ရွာလူကြီးသည် ပြုံးရွှင်စွာဖြင့် ပြန်ရောက်လာပြီး ဆုကြေးငွေတစ်တေးကျော်ကို ယူဆောင်လာခဲ့သည်။
ရွာလူကြီးသည် ကျိုးမိသားစုအိမ်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာပြီး ကျယ်လောင်စွာ ကြေညာလိုက်၏။
"ထောင်ဟွား သမီးကကြီးမားတဲ့အကျိုးပြုလုပ်ငန်းကို လုပ်ဆောင်ခဲ့တာပဲ၊ ဒါ အုပ်ချုပ်ရေးမှူးလွီချီးမြှင့်လိုက်တဲ့ ဆုကြေးငွေ၊ ထောင်ဟွား အဲ့ဓားပြတွေက ငါတို့ဖူအန်းကောင်တီမှာ အလိုရှိနေတဲ့ဝရမ်းပြေးတွေဆိုတာ သမီးသိလား၊ အုပ်ချုပ်ရေးမှူးက ကောင်တီအရာရှိတွေအားလုံးဆီသူတို့ကိုဖမ်းဖို့ အမိန့်ပေးထားတာ၊ အဘ်ိုးတို့က အဲ့ဓားပြတွေကို ကောင်တီအရာရှိတွေလက်ထဲ အပ်လိုက်နိုင်လို့ အုပ်ချုပ်ရေးမှူးလွီက အဘိုးတို့ရွာကို အများကြီးချီးကျူးလိုက်တယ်၊ သမီးရဲ့ကောင်းမှုကြောင့် ရွာကဂုဏ်ပြုခံရတာ၊ ဒါကြောင့် ဒီဆုကြေးငွေက သမီးနဲ့အသင့်တော်ဆုံးပဲ"
ထိုသို့ပြောနေရင်း ရွာလူကြီးသည် ငွေအားလုံးကို ကျိုးထောင်ဟွားလက်ထဲ ထည့်ပေးလိုက်သည်။ ကျိုးထောင်ဟွား သတိထားလိုက်၏။ တစ်ခါတလေကျ နာမည်ကောင်းရဖို့အတွက် တခြားလူများကို မြှောက်ပင့်ပေးဖို့လိုအပ်သည်လေ။ ဒါ့အပြင် ဤငွေပမာဏအနည်းငယ်လောက်ကို သူမလုံးဝဂရုမစိုက်ပေ။ သူမ ငြင်းပယ်လိုက်သည်။
"အဘိုးရွာလူကြီး ဒါကိုလက်မခံနိုင်ပါဘူး၊ ဒါက လူတိုင်းရဲ့အောင်မြင်မှုပါ"
ငွေကို သူမတစ်ယောက်တည်းယူထားမည့်အစား မျက်နှာရဖို့သုံးလိုက်သည်မှာ ပိုကောင်းသည်။
"အဘိုးရွာလူကြီး ဒီငွေတစ်တေးကို ခွဲဝေပေးဖို့ ကူညီပေးပါလား၊ ကျွန်မတို့ရွာမှာ အိမ်ထောင်စု ၁၆၀ရှိတယ်ဆိုတော့ အားလုံးကို မျှဝေပေးလိုက်ရင်ရော ဘယ်လိုလဲ၊ တစ်အိမ်ထောင်ကို ဘယ်လောက်စီရနိုင်မလဲဟင်"
ကျိုးထောင်ဟွားက အကြံပြုလိုက်သည်။
ထိုစကားကို ကြားသောအခါ ရွာလူကြီးသည် ထောင်ဟွား၏ကြင်နာတတ်သော စိတ်နှလုံးနှင့် လူမှုဆက်ဆံရေးကောင်းမွန်မှုကို မလေးစားဘဲ မနေနိုင်တော့ချေ။ တစ်ကယ်တမ်းတွင် ဤအောင်မြင်မှုသည် ထောင်ဟွားအရည်အချင်းသက်သက်သာဖြစ်ကြောင်း လူတိုင်းသိကြသော်လည်း သူမမှာတော့ဆုလာဘ်ကို လူတိုင်းနှင့် မျှဝေခံစားချင်ပြီး တစ်ယောက်တည်း နာမည်ကောင်းမယူချင်ပေ။
တစ်ကယ့်ကို တွေးခေါ်မြော်မြင်တတ်တဲ့ကလေးပဲ။
ရွာလူကြီး ချက်ချင်းသဘောတူလိုက်သည်။
"ကောင်းပြီလေ သမီးသဘောအတိုင်းလုပ်တာပေါ့"
သူတွက်ချက်ကြည့်လိုက်ရာ စုစုပေါင်း ငွေတစ်တေးနှင့်ပြားခြောက်ရာရှိသဖြင့် တစ်အိမ်ထောင်လျှင် ဆယ်ပြားတိတိရရှိမည်ဖြစ်သည်။ သူဆယ်ပြားရေတွက်ပြီး ကျိုးထောင်ဟွားကို ပေးလိုက်၏။
"ထောင်ဟွား ဒီပိုက်ဆံကိုသမီးသိမ်းထားလိုက်"
ရွာလူကြီးမှ ကျိုးထောင်ဟွားအား ပိုက်ဆံပေးလိုက်စဉ်မှာပင် ကျိုးကွမ်လေ့သည် ဒေါသတကြီးဝင်ရောက်လာပြီး အော်ဟစ်လိုက်သည်။
"ဘာဖြစ်လို့ အုပ်ချုပ်ရေးမှူးပေးသမျှငွေတွေအကုန်လုံးကို ကျိုးထောင်ဟွားတစ်ယောက်တည်းဆီ ပေးရမှာလဲ၊ ငါတို့မှာရော ဘာဂုဏ်ပြုမှုမှမရှိဘူးလား၊ ငါ့သား ရှန့်ချိုးလဲဓားပြတွေကို အုပ်ချုပ်ရေးမှူးရုံးထိ လိုက်ပို့ခဲ့တာပဲလေ၊ ဓားပြတွေကိုလိုက်ပို့ရတာ ဘယ်လောက်အန္တရာယ်များလဲ၊ တစ်ကယ်လို့ အဲ့ဓားပြတွေမှာကြံရာပါတွေရှိပြီး လာကယ်ကြရင် ဘယ်လိုလုပ်မလဲ၊ ငါ့သားရှန့်ချိုးက အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရတာ....."
ကျိုးကွမ်လေ့ ပွစိပွစိပြောဆိုနေစဉ် သူနှင့်အတူပါလာသော မြောင်ရှီနှင့်ကျိုးရှန့်ချိုးတို့သည်တော့ အလွန်အမင်းရှက်ရွံ့နေကြသည်။ ကျိုးထောင်ဟွားသည် ကျိုးကွမ်လေ့ခေါင်းပေါ်ရှိ ထူးဆန်းသောအငွေ့အသက်များကို တစ်ချက်ကြည့်လိုက်၏။ သူဘာလို့ ဒီလောက်ထိဒေါသကြီးနေရသလဲဆိုတာ အံ့သြစရာ မဟုတ်တော့ပေ။ ကျိုးထောင်ဟွား မျက်မှောင်ကြုံ့လိုက်သည်။ အရင်ခြောက်လအတွင်း ကျိုးကျားရွာသည် မကောင်းဆိုးဝါးဝိညာဉ်များနှင့် သရဲတစ္ဆေများ မကြာခဏပေါ်လာခြင်းကြောင့် ဒုက္ခရောက်နေခဲ့ရပြီး သရဲရွာအဖြစ်ပြောင်းလဲကာ ရွာသားများအနေဖြင့်ငြိမ်းချမ်းစွာ မနေထိုင်နိုင်ကြတော့ပေ။
ဤသည်ကို ကျိုးထောင်ဟွား မနှစ်မြို့ချေ။ ကျိုးကျားရွာမှာ သရဲတစ္ဆေတွေဒီလောက်များပြားလာအောင် လှုံ့ဆော်ပေးနေတဲ့ အဓိကသော့ချက်တစ်ခုခုရှိကိုရှိရမည်ပင်။ ကျိုးရှန့်ချိုး ဖြတ်ပြောလိုက်သည်။
"အဖေ တော်ပါတော့၊ ကျွန်တော်ကဘာမှ မလုပ်ခဲ့ပါဘူး၊ ကျွန်တော့်မှာ ဘာဂုဏ်ပြုစရာရှိလို့လဲ"
"ဘာကို ဘာမှမလုပ်ခဲ့ဘူးလဲ၊ ငါပြောတာ ဘာမှားလို့လဲ၊ တစ်ကယ်လို့ ဓားပြတွေမှာသာ ကြံရာပါတွေရှိရင် မင်းအခုဆိုသေနေလောက်ပြီ"
ကျိုးကွမ်လေ့သည် သူ့ယုတ္တိနှင့်သူ ခေါင်းမာစွာရပ်တည်နေပြီး ကျိုးရှန့်ချိုးပြောသမျှကို နားမထောင်ခဲ့ပေ။ ကျိုးရှန့်ချိုးမျက်မှောင်ကြုတ်လိုက်သည်။ ဓားပြတွေကိုတွေ့ခဲ့တာက ကျိုးထောင်ဟွား၊ နှိမ်နင်းခဲ့တာက နတ်ဆိုးလေးကောင်လေ။ သူ့မှာ ဘာအရည်အချင်းရှိလို့လဲ။
ဒါ့အပြင် ဓားပြများအားလိုက်ပို့ခဲ့သည်မှာ သူတစ်ယောက်တည်းမဟုတ်ပေ။ ရွာတစ်ရွာလုံးမှ သန်သန်မာမာယောင်္ကျားအယောက် ၂၀အတူတူသွားခဲ့ကြခြင်းပင်။ အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူးလွီနှင့် ရဲမက်များမှာ သူတို့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပြီး အများကြီး ချီးကျူးခဲ့ကြသည်။ ဓားပြတွေကို လိုက်ပို့ဖို့ ရွာလူကြီးရွေးချယ်တာခံရတဲ့အတွက်တင် ဂုဏ်ယူစရာကောင်းနေပါပြီ။ ကျိုးကွမ်လေ့စကားကို ကြားရသောအခါ ရွာလူကြီးရင်ဘတ်ထဲ စူးကနဲအောင့်သက်သွားပြီးဆဲရေးလိုက်သည်။
"မင်း အဘိုးအရွယ်တောင်ရောက်နေပြီ၊ ဒီလိုစကားမျိုး ပြောထွက်သေးတယ်ပေါ့လေ၊ ထောင်ဟွားက ဆုကြေးငွေကို လုံးဝမလိုချင်လို့ ငွေ တစ်တေးနဲ့ ပြားခြောက်ရာကို ရွာတစ်ရွာလုံးညီတူညီမျှ ခွဲဝေပေးဖို့ ငါ့ကိုပြောခဲ့တာ၊ ငါ သူ့ကို ဆယ်ပြားပဲပေးရသေးတယ်"
ထို့နောက် ရွာလူကြီးသည် ကျိုးကွမ်လေ့လက်ထဲသို့ ဆယ်ပြားထည့်ပေးလိုက်သည်။ ထိုခါမှ ကျိုးကွမ်လေ့စိတ်ငြိမ်သွားပြီး ပြောလာ၏။
"ဒါမှ ဟုတ်သေးတယ်"
မြောင်ရှီမျက်မှောင်ကြုံ့လိုက်ပြီး သူ့နားရွက်ကိုဆွဲကာ မေးလိုက်သည်။
"ရှင်က ဆယ်ပြားလိုချင်လို့ ထောင်ဟွားအိမ်ထိ လိုက်လာတာလား"
မြောင်ရှီစကားမပြောနိုင်လောက်အောင်ဖြစ်သွားပြီး သူ့အပြုအမူအတွက် ရှက်ရွံ့နေမိသည်။ ဘာဖြစ်သွားမှန်း သူမ,မသိတော့ပေ။ သူဘယ်လိုလုပ်ပြီး ဒီလိုလူမျိုး ဖြစ်သွားရတာလဲ။
"အ နာတယ်"
ကျိုးကွမ်လေ့ နာကျင်စွာအော်ဟစ်လိုက်ပြီးနောက်လှည့်၍ မြောင်ရှီအားပါးရိုက်လိုက်ရာ ရှိနေသူအားလုံး ထိတ်လန့်သွားကြသည်။
*ဖြောင်း*
"မိန်းမယုတ် မင်းကငါ့နားရွက်ကို ဒီလိုဆွဲရဲတယ်ပေါ့လေ"
ကျိုးကွမ်လေ့ မြောင်ရှီကိုဆဲဆိုလိုက်သည်။ မြောင်ရှီသည် အရိုက်ခံလိုက်ရသောပါးကို အုပ်ကိုင်ထားရင်း မယုံကြည်နိုင်ဟန်ဖြင့်ကြည့်နေမိ၏။ ပူလောင်ပြီး နာကျင်နေသည်။
"အဖေ ဘာလုပ်တာလဲ၊ အမေ့ကိုဘာလို့ရိုက်တာလဲ"
ကျိုးရှန့်ချိုး ဝင်ရောက်ဟန့်တားလိုက်သည်။ မထင်မှတ်ထားစွာပင် သူ့စကားများမှာ ကျိုးကွမ်လေ့ဒေါသကို လောင်စာပိုဖြည့်ပေးသလို ဖြစ်သွား၏။
"မင်းဆက်ပြီး ပွစိပွစိလုပ်နေရင် မင်းကိုပါ ရိုက်မယ်"
ကျိုးကွမ်လေ့မှာ ကျိုးရှန့်ချိုးအားရိုက်ရန် လက်ရွယ်လိုက်သည်။
"ကျိုးကွမ်လေ့ မင်းရူးနေလား၊ ဒီနေ့ ဘာဖြစ်နေတာလဲ"
ရွာလူကြီးမှာ ကျိုးကွမ်လေ့အားလှမ်းအော်လိုက်သည်။ ရွာလူကြီးအသံကို ကြားမှ ကျိုးကွမ်လေ့လည်းမြှောက်ထားသောလက်ကို ပြန်ချလိုက်ပြီး သူခုနကရိုက်လိုက်သော မြောင်ရှီကိုဂရုမစိုက်ဘဲ လှည့်ထွက်သွားလေ၏။ မြောင်ရှီသည် ထွက်ခွာသွားသော သူ့ကျောပြင်ကိုကြည့်ရင်း မျက်ရည်များထိန်းမနိုင်သိမ်းမရစီးကျလာလေသည်။ သူမကျိုးကျားရွာတွင် နောက်ထပ် တစ်စက္ကန့်လေးတောင်ဆက်မနေချင်တော့ချေ။
"ဒီကျိုးကွမ်လေ့ကတော့ သောက်ကျိုးနည်း ဒီရက်ပိုင်းမှာ သူကယမ်းအိုးကြီးလိုပဲ၊ နည်းနည်းလေး စလိုက်တာနဲ့ ပေါက်ကွဲတော့တာပဲ၊ အရာရာကို သူပဲချယ်လှယ်ချင်နေတာ၊ ကိစ္စကြီးကြီးသေးသေး သူပဲဆုံးဖြတ်တယ်၊ ချွေးမလေးရုန်ရုန် ကလေးနှစ်ယောက်ကို ဘယ်လိုပြုစုရမယ်ဆိုတာကအစ သူပဲလိုက်ဆုံးဖြတ်နေတာ၊ သူ့ကြောင့် ရုန်ရုန်နို့ထွက်ရပ်သွားပြီး သနားစရာကလေးနှစ်ယောက်ခမျာ တစ်လကျော်ကျော်လေးပဲ ရှိသေးတယ် သောက်စရာနို့က မရှိတော့ဘူး၊ မြို့ထဲသွားပြီးဆိတ်နို့ဝယ်တိုက်နေရတယ်"
မြောင်ရှီပြောရင်း ငိုရှိုက်လေတော့သည်။ အကယ်၍ သူမထွက်သွားပါက ချွေးမလေးရုန်ရုန် ကလေးနှစ်ယောက်နှင့် ဒုက္ခရောက်ကျန်ခဲ့မည်ကိုသာမစိုးရိမ်ရလျှင် သူမအခုချက်ချင်း မိဘအိမ်ပြန်ပြေးပြီး ဘယ်တော့မှပြန်လာတော့မည်မဟုတ်ပေ။ သူမနှင့် ကျိုးကွမ်လေ့တို့ လက်ထပ်ခဲ့သည်မှာ နှစ်နှစ်ဆယ်နီးပါးရှိပြီဖြစ်ပြီး ဤသည်မှာပထမဆုံးအကြိမ် သူ သူမကိုကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းဖြစ်သည်။ မြောင်ရှီရင်ကွဲမတတ်ခံစားနေရပြီး ကျိုးရှန့်ချိုး၏နှစ်သိမ့်မှုများလည်း အရာမထင်ပေ။ ကျိုးထောင်ဟွား မြောင်ရှီနှင့်သူမသားကိုကြည့်ပြီး နှစ်သိမ့်စကား ဆိုလိုက်သည်။
"ဒေါ်လေးမြောင် အရမ်းဝမ်းနည်းမနေပါနဲ့၊ ဦးလေးကွမ်လေ့က သူ့ခေါင်းပေါ်မှာ ဒေါသသရဲပူးကပ်နေလို့ အခုလိုဖြစ်နေတာပါ၊ အဲ့သရဲက ဒေါသကိုကြိုက်တယ်လေ၊ ဒါကြောင့် ဦးလေးကွမ်လေ့က တဖြည်းဖြည်းနဲ့ ပိုပိုပြီးစိတ်ဆတ်လာတာ"
ထိုစကားကိုကြားသောအခါ မြောင်ရှီမျက်လုံးပြူးသွားရသည်။ ကျိုးရှန့်ချိုးလည်း ထပ်မေးလာ၏။
"ဒါဆို အဖေက အဲ့ဒေါသသရဲကြောင့် ဒီလိုစိတ်ဆတ်ပြီး ပြောင်းလဲသွားတာပေါ့"
"ထောင်ဟွား သမီးမှာ သူ့ကိုပြန်ကောင်းအောင်လုပ်ပေးနိုင်မယ့် နည်းလမ်းရှိလား၊ အဲ့သရဲကို ဘယ်လိုမောင်းထုတ်ရမလဲ၊ အဲ့ဒေါသသရဲကို မောင်းထုတ်ပြီးတာနဲ့ ငါသူ့ကို ကောင်းကောင်းကြီးပညာပေးရမယ်"
မြောင်ရှီ အံကြိတ်ပြီးဝင်ပြောလိုက်သည်။