အခန်း (၁၃၆)
Vol. 14 Ch. 136
သူတို့လေးယောက်ခြံဝင်းထဲပင် မဝင်ရသေးမီ ကလေးငိုသံနှင့်ကျိုးကွမ်းလေ့၏အော်ဟစ်ဆူပူသံများကို ကြားလိုက်ရသည်။
"ဘာလို့ ငိုနေတာလဲ၊ တစ်နေ့ကုန်မပြီးနိုင်မစီးနိုင်ငိုနေတော့တာပဲ"
ထိုအချိန်တွင် ချန်ရုန်ရုန်သည် ကလေးများနှင့်အတူ အိမ်တွင်တစ်ယောက်တည်း ကျန်နေခဲ့ပြီး ယောက္ခမဖြစ်သူပြန်လာမည့်အချိန်ကို စောင့်နေခဲ့သည်။ ပြန်ရောက်လာသောအခါ အကူအညီမပေးသည့်အပြင် ကလေးများကိုပါအော်ဟစ်ဆူပူသဖြင့် ကလေးများကြောက်လန့်ပြီး မရပ်မနားငိုကြွေးနေကြရာ ချန်ရုန်ရုန်တစ်ယောက် ရင်ကွဲမတတ်ဖြစ်နေရ၏။
ချန်ရုန်ရုန် သည်းမခံနိုင်တော့ပေ။
"အဖေ ကလေးတွေကြောက်ကုန်ပြီလေ"
ယောက္ခမဖြစ်သူလုပ်ရပ်များကြောင့် သူမ နို့ထွက်ရပ်သွားပြီး တစ်လကျော်အရွယ်သာရှိသေးသော ကလေးငယ်နှစ်ဦးမှာ နေ့စဉ်ဆိတ်နို့နှင့်ဆန်မှုန့်ပြုတ်ကိုသာ စားသောက်နေရသည်ကို သူမသည်းခံခဲ့ပြီးဖြစ်သည်။ သူသည်သူမယောက္ခမဖြစ်သဖြင့် သူမလေးစားခဲ့သော်လည်း ယခုကလေးနှစ်ယောက်ကိုပါ အနိုင်ကျင့်နေလာပြီပင်။ ကျိုးကွမ်းလေ့ မျက်မှောင်ကြုံ့ကာ မော့ကြည့်လိုက်ပြီး ချန်ရုန်ရုန်ပါးကို ရိုက်လိုက်သည်။
"ရိုင်းလိုက်တဲ့ ကောင်မ"
"အဖေ"
ကျိုးရှန့်ချိုး အပြေးရောက်လာသည်။
"ဘာလုပ်တာလဲ"
ကျိုးရှန့်ချိုးသည် ကျိုးကွမ်းလေ့ကို ဆွဲထားလိုက်သည်။ သူ့သားမှသူ့ကိုပြန်ရိုက်ရဲသည်အားတွေ့လိုက်ရသဖြင့် ကျိုးကွမ်းလေ့နောက်လှည့်လိုက်ပြီး ကျိုးရှန့်ချိုးကို အသေထိုးကြိတ်လေတော့၏။
ထိုးနှက်ချက်များသည် ရက်စက်ပြီး အားပါလှသည်။ လက်သီးနှစ်ချက်နှင့်တင် ကျိုးရှန့်ချိုးနှာခေါင်းသွေးလျှံထွက်လာ၏။ ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ မြောင်ရှီခြေဆောင့်ပြီး စိုးရိမ်တကြီး အော်ဟစ်လိုက်တော့သည်။
"ကျိုးကွမ်းလေ့"
ဒါက ဘယ်လိုအရှုပ်အထွေးတွေလဲ။
ကျိုးရှန့်ချိုးသည် ငယ်ရွယ်သော်လည်း ကျိုးကွမ်းလေ့ခွန်အားကို မယှဉ်နိုင်ပေ။ ကျိုးကွမ်းလေ့သည် ဒေါသတစ္ဆေ(သရဲထက် တစ္ဆေကသုံးရအဆင်ပြေမလားလို့)၏ထိန်းချုပ်မှုအောက်သို့ လုံးဝ ရောက်ရှိသွားပုံရပြီး အသိစိတ်လွတ်ကာ စုံလုံးကန်းဒေါသဖြင့် သောင်းကျန်းနေလေသည်။ အနားရှိအိမ်နီးချင်းများသည် ဆူညံသံများကြားသဖြင့် ရောက်ရှိလာကြ၏။ ကျိုးကွမ်လေ့၏မြေးနှစ်ယောက် ငိုသံ၊ ကျိုးကွမ်းလေ့၏အော်ဟစ်သံနှင့် ကျိုးရှန့်ချိုးကိုထိုးကြိတ်နေသောမြင်ကွင်းများသည် အိမ်နီးချင်းများကို ထိတ်လန့်သွားစေသည်။
"ကျိုးကွမ်းလေ့ရူးသွားပြီလား"
ရွာသားတစ်ယောက်မှ ပြောလိုက်သည်။
"ကွမ်းလေ့တို့အိမ်ဘာဖြစ်တာလဲ၊ ရှန့်ချိုးကအမှားလုပ်မိလို့လား"
ထိုးကြိတ်နေပုံမှာ လူသတ်တော့မည့်အလားဖြစ်နေသဖြင့် ရှန်းမင်ဝင်ရောက်စွက်ဖက်ကာ ကျိုးကွမ်းလေ့လက်သီးကို ဖမ်းဆုပ်လိုက်သည်။ လက်တစ်ဖက်တည်းဖြင့်ပင် ကျိုးကွမ်းလေ့လုံးဝမလှုပ်ရှားနိုင်အောင် သူချုပ်ထားလိုက်၏။
ကျိုးထောင်ဟွားသည် ကျိုးကွမ်းလေ့ခေါင်းပေါ်တွင် ဒေါသတစ္ဆေရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် ကျိုးကွမ်းလေ့၏ပြင်းထန်လာသောဒေါသများကို စုပ်ယူရင်းပိုမိုကြီးထွားလာနေ၏။ မြောင်ရှီမှ ကျိုးထောင်ဟွားကိုအလျင်အမြန် တောင်းဆိုလာသည်။
"သမီးရယ် ကွမ်းလေ့ဆီကဒေါသတစ္ဆေကို ဖယ်ရှားပေးပါဦး"
"ဒေါ်လေးမြောင် စိတ်မပူပါနဲ့"
ဒေါသကိုစားသုံးသော သရဲတစ်ကောင်သာဖြစ်သဖြင့် ကျိုးထောင်ဟွားသည် အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူပြီး ကျိုးကွမ်းလေ့နဖူးပေါ်တွင် ကပ်လိုက်ရုံသာပင်။ ချက်ချင်းဆိုသလို ယခင်ကအလွန်အမင်းဒေါသထွက်နေသော ကျိုးကွမ်းလေ့မှာ ငြိမ်သက်သွားလေသည်။
သူ့အပေါ်ပူးကပ်နေသော ဒေါသတစ္ဆေသည် အဆောင်လက်ဖွဲ့ထံမှဝိညာဉ်စွမ်းအင်ကြောင့် လောင်ကျွမ်းသွားပြီး တစ်ကိုယ်လုံးတစီစီမြည်ကာ အော်ဟစ်ငိုကြွေးနေလေ၏။ ခြံဝင်းထဲရှိလူတိုင်း ထိုအသံကိုကြားလိုက်ကြသည်။ ရွာသားတစ်ယောက်မှာ ထိတ်လန့်တကြားဖြင့်အော်လာ၏။
"အဲဒါ ဘာအသံလဲ"
"ခုနက မြောင်ရှီသရဲအကြောင်းပြောနေတာ ကြားလိုက်တယ်၊ ကျိုးကွမ်းလေ့ဆီကို သရဲပူးနေတာလား"
"ဒါကြောင့် ကျိုးကွမ်းလေ့က ရှန့်ချိုးကို ရုတ်တရက်ထိုးကြိတ်နေတာကိုး၊ သရဲထိန်းချုပ်မှုကြောင့်ဖြစ်မယ်"
ဒေါသတစ္ဆေ၏ဝမ်းနည်းပက်လက် အော်ဟစ်သံများ ပျောက်ကွယ်သွားသည်နှင့်အမျှ ကျိုးကွမ်းလေမျက်နှာပေါ်ရှိ ဒေါသအရိပ်အယောင်များလည်း ပျောက်ကွယ်သွားပြီး မောပန်းနွမ်းနယ်မှုနှင့်ဇဝေဇဝါဖြစ်မှုတို့ဖြင့် အစားထိုးသွားလေသည်။ ထိုအခြေအနေကိုမြင်လိုက်ရသောအခါ မြောင်ရှီရှေ့တိုးလာပြီး သူရိုက်ထားသောကြောင့် ရောင်ရမ်းနေသည့် သူမညာဘက်ပါးကိုပြကာ သူ့ရင်ဘတ်ကို လက်သီးဖြင့်ထုလိုက်၏။
"ကျိုးကွမ်းလေ့ ရှင်ဘာလုပ်ထားလဲ ကြည့်ပါဦး"
ရှန်းမင် သူ့လက်ကိုလွှတ်ပေးလိုက်ပြီး မိသားစုကိစ္စကို သူတို့ဘာသာဖြေရှင်းစေရန် ဆုံးဖြတ်လိုက်သည်။ ကျိုးကွမ်းလေ့မှတ်ဉာဏ်များမှာ ဖြည်းညှင်းစွာပြန်လည်ရောက်ရှိလာပြီး ခုနကသူပြုလုပ်ခဲ့သော ဆိုးရွားသည့်အပြုအမူများကို သတိရသွား၏။ သူသည် မြောင်ရှီမျက်နှာကို ကြည့်လိုက်ပြီးနောက် ကျိုးရှန့်ချိုးမျက်နှာ၊ နောက်ဆုံးတွင် ဒေါသထွက်နေသောချွေးမဖြစ်သူနှင့် ငိုကြွေးနေသော မြေးနှစ်ယောက်တို့ကိုကြည့်လိုက်မိသည်။
ကျိုးကွမ်းလေ့နောင်တများဖြင့် ပြည့်နှက်သွားရ၏။ သူဆံပင်ကိုပြန်ဆွဲလိုက်ပြီး နောင်တရဟန်ဖြင့်ပြောလိုက်သည်။
"ငါဘယ်လိုလုပ်ပြီး ဒီလောက်မိုက်မဲတဲ့အလုပ်ကိုလုပ်မိတာလဲ"
ရွာလူကြီးမှာ မီးလောင်ရာလေပင့်လိုက်သည်။
"မင်းက ထောင်ဟွားတို့မိသားစုနောက်လိုက်သွားပြီး မင်းရဲ့သားရှန့်ချိုးအတွက် မျက်နှာလုပ်ချင်နေသေးတာနော်"
ထိုအခိုက်အတန့်တွင် ထိုဆိုးရွားသော မှတ်ဉာဏ်များမှာ ကျိုးကွမ်းလေ့ခေါင်းထဲပြန်ဝင်လာပြီး အိတ်ကပ်ထဲမှဆယ်ပြား ကို ထုတ်ယူလိုက်သည်။
"!!!"
ပိုက်ဆံကိုကိုင်ထားသော ကျိုးကွမ်းလေ့လက်မှာ တုန်ယင်နေသည်။ သူကဆယ်ပြားအတွက်နဲ့ ရွာလူကြီးကိုရန်ရှာခဲ့တာတဲ့လား။ ထောင်ဟွားက ဆုကြေးငွေကို ကိုယ်ကျိုးအတွက်မယူဘဲ ရွာလူကြီးကို တစ်ရွာလုံး ညီတူညီမျှခွဲဝေပေးခိုင်းခဲ့တာလေ။ သူကျိုးထောင်ဟွားထံ အလျင်အမြန်တောင်းပန်လိုက်သည်။
"သမီးထောင်ဟွား ဦးလေးလဲဘာဖြစ်သွားမှန်း မသိပါဘူး၊ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့ကွယ်"
"ဦးလေးကွမ်းလေ့ သမီး သိပါတယ်၊ ဦးလေးက မတော်တဆဒေါသတစ္ဆေရဲ့ ထိန်းချုပ်တာခံလိုက်ရလို့ အခုလိုစိတ်ဆတ်သွားတာပါ"
ကျိုးထောင်ဟွားစကားကိုကြားသောအခါ ကျိုးကွမ်းလေ့မျက်နှာထား ပျော့ပျောင်းသွားသည်။ ကျိုးရှန့်ချိုးသည် နှာခေါင်းသွေးများကိုသုတ်လိုက်ပြီး မေးလာ၏။
"ညီမထောင်ဟွား ဘယ်လိုလုပ်ပြီး အစ်ကို့အဖေက ရုတ်တရက်ကြီးဒီဒေါသတစ္ဆေ ပူးကပ်ခံရတာလဲ"
မြောင်ရှီနှင့်ချန်ရုန်ရုန်တို့လည်း ထူးဆန်းသည်ဟု ထင်နေကြသည်။ ကျိုးထောင်ဟွား ကျိုးကွမ်းလေ့ထံကြည့်ပြီး မေးလိုက်၏။
"ဦးလေးကွမ်းလေ့ ဒီရက်ပိုင်းဘယ်တွေ သွားခဲ့သေးလဲ၊ ထူးဆန်းတာတွေဘာတွေရောတွေ့ခဲ့သေးလား"
ကျိုးကွမ်းလေ့မျက်မှောင်ကြုတ်ကာ အသည်းအသန်စဉ်းစားကြည့်သော်လည်း ပုံမှန်မဟုတ်သော အရာတစ်ခုမှပြန်မမှတ်မိပေ။ ကျိုးထောင်ဟွားသည် သူ့မိသားစုတွင် တစ်ခုခုမှားယွင်းနေကြောင်း ခံစားမိသဖြင့် သူမဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ပြီး ချက်ချင်းရှာဖွေလိုက်သည်။ သာမန်မကောင်းဆိုးဝါးအငွေ့အသက် စွန်းထင်းနေသောပစ္စည်းများနှင့်မတူဘဲ ဤနေရာရှိအရာဝတ္ထုများသည် ရှည်လျားသောသမိုင်းကြောင်း ရှိပုံရ၏။
ကျိုးထောင်ဟွား : "ဦးလေးကွမ်းလေ့ သမီးတို့ရွာရဲ့ပထမဆုံးရွာလူကြီးက ဦးလေးတို့မိသားစုထဲကပဲမလား"
ကျိုးကွမ်းလေ့ဂုဏ်ယူစွာပင်ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်"
ကျိုးထောင်ဟွား အသက်ရှူမှားသွားရသည်။
သေချာပြီ
ကံကောင်းလို့ ဒီနေ့ကျိုးကွမ်းလေ့အိမ်ကိုရောက်လာခဲ့တာ မဟုတ်ရင်တော့ ဒီကပ်ဆိုးကြီးကို ဘယ်တော့မှတွေ့မိမှာမဟုတ်ဘူး။ ကျိုးထောင်ဟွားသည် ဧည့်ခန်းမဆောင်ရှိဗီရိုဆီသို့ တန်းတန်းမတ်မတ် သွားလိုက်ပြီး မွှေနှောက်ရှာဖွေကာ အံဆွဲတစ်ခုထဲမှ ကြေးဒင်္ဂါးတစ်ပြားကိုထုတ်ယူလိုက်သည်။
တောင်တစ္ဆေဒင်္ဂါးပြားပဲ။
ကျိုးကွမ်းလေ့ဇဝေဇဝါဖြင့်မေးလိုက်သည်။
"အဲ့ကြေးဒင်္ဂါးကို ဒီမှာဘယ်တုန်းကထားလိုက်တာလဲ"
ကျိုးထောင်ဟွား ဒင်္ဂါးပြားကိုလူတိုင်းအားပြသလိုက်သည်။
"ဦးလေးကွမ်းလေ့ ဒါကသာမန်ကြေးဒင်္ဂါးမဟုတ်ဘူး၊ ရှေ့ဘက်မှာ ပကွားပုံစံပါပြီး နောက်ဘက်မှာ စာလုံး၂၇လုံးပါတဲ့မန္တန် ရေးထိုးထားတယ်"
ကျိုးကွမ်းလေ့ : "???"
မြောင်ရှီ : "ကြေးဒင်္ဂါးအကောင်းကြီးကို ဘာလို့ဒီလိုအရာတွေ ထွင်းထုပြီးသုံးရတာလဲ"
ရှန်းမင် : "ညီမထောင်ဟွား ဒါကဦးလေးကွမ်းလေ့ဆီ ဒေါသတစ္ဆေပူးကပ်ခံရတာနဲ့ ဆက်စပ်နေလား"
ကျိုးထောင်ဟွား တောင်တစ္ဆေဒင်္ဂါးပေါ်ရှိ အက်ရာကို လူတိုင်းအားထောက်ပြလိုက်သည်။
"ပြီးပြည့်စုံတဲ့တောင်တစ္ဆေဒင်္ဂါးက မကောင်းဆိုးဝါးတွေကို ကာကွယ်ပေးနိုင်တယ်၊ ကောင်းမွန်တဲ့စွမ်းအင်တွေကို မြှင့်တင်ပေးပြီး စီးပွားလာဘ်လာဘနဲ့ ကံကောင်းခြင်းတွေကို ဆွဲဆောင်ပေးနိုင်တယ်၊ ဒါပေမဲ့မပြည့်စုံတော့ဘူးဆိုရင် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာမှာ"
ကျိုးကွမ်းလေ့ ထိတ်လန့်တကြားဖြင့်အော်ဟစ်လိုက်သည်။
"မကောင်းဆိုးဝါးတွေကို ဆွဲဆောင်တယ် ဟုတ်လား"
ကျိုးကွမ်းလေ့စကားကိုကြားလိုက်ရသော အခြားရွာသားများလည်း ကြောက်လန့်သွားကြသည်။
"ဒါဆိုရင် ငါတို့ကြုံတွေ့နေရတဲ့နတ်ဆိုးတွေအကုန်လုံးက ဒီအရာကြောင့်ဆွဲဆောင်ခံရတာပေါ့"
ကျိုးထောင်ဟွားအကြည့်များသည် နက်ရှိုင်းနေ၏။ ကျိုးကွမ်းလေ့အိမ်သည် ကျိုးကျားရွာအလယ်ဗဟိုတွင် တည်ရှိပြီးဝန်းရံထားသော တောင်တန်းများ၏အလယ်ဗဟိုတည့်တည့်တွင်လည်း ရှိနေသည်။ ပထမဆုံးရွာလူကြီးသည် ဤအက်ရာပါသောတောင်တစ္ဆေဒင်္ဂါးကို ဤနေရာတွင်ထားရှိခဲ့သည်မှာ ရာစုနှစ်တစ်ခုနီးပါးကြာမြင့်ခဲ့ပြီပင်။