အခန်း (၁၃၇)
Vol. 14 Ch. 137
ကျိုးထောင်ဟွားမေးလိုက်သည်။
"ဦးလေးကွမ်းလေ့ ဒီတောင်တစ္ဆေဒင်္ဂါးကို သမီးယူသွားလို့ရမလား"
သူမ ဒါကိုဖျက်ဆီးပစ်ရမယ်။
"ရတာပေါ့ မြန်မြန်သာယူသွား၊ ထောင်ဟွားရေ အဲ့ဒါကိုဖျက်ဆီးပစ်ဖို့နည်းလမ်းရှာရမယ်နော်"
အခြားရွာသားများကလည်း ထောက်ခံပြောဆိုကြသည်။
"ထောင်ဟွားရေ ကျိုးကျားရွာအေးချမ်းဖို့က သမီးအပေါ်မှာပဲမူတည်တော့တယ်"
လွန်ခဲ့သောခြောက်လအတွင်း လူတိုင်းသည် မကောင်းဆိုးဝါးဝိညာဉ်၊ ရာသီသွေးမိစ္ဆာ၊ နတ်ဆိုးလေးများ၊ ဒူးရင်းသီးနတ်ဆိုး၊ အသံနတ်ဆိုး၊ ခရုနတ်ဆိုး၊ ပိုးတောင်မာနတ်ဆိုး၊ တီကောင်နတ်ဆိုး၊ ရေသရဲ၊ နတ်ဆိုးကလေး၊ ကာမနတ်ဆိုး၊ မှိုနတ်ဆိုး၊ လယ်ကြွက်နတ်ဆိုး၊ သန္ဓေသားဝိညာဉ်၊ ဂုံးကောင်နတ်ဆိုး၊ ကုတင်နတ်ဆိုး၊ ခြင်နတ်ဆိုး၊ ဖားပြုတ်နတ်ဆိုး၊ ဒေါသတစ္ဆေအစရှိသည်တို့ကို မြင်တွေ့ခဲ့ကြရသည်။
ကျိုးမိသားစုအိမ်တွင်
ကျိုးထောင်ဟွားနှင့် ရွာလူကြီးတို့သည် ဧည့်ခန်းမဆောင်တွင် အတူထိုင်နေကြ၏။ ကျိုးထောင်ဟွားမှပြောလိုက်သည်။
"အဘိုးရွာလူကြီး ဒီတစ်ခေါက်ဓားပြတိုက်ခံရပြီးတဲ့နောက်မှာ ကျွန်မတို့ကျိုးကျားရွာရဲ့လုံခြုံရေးကို မြှင့်တင်ဖို့လိုတယ်လို့ထင်တယ်၊ ရွာကိုကာကွယ်ဖို့ လုံခြုံရေးအဖွဲ့ဖွဲ့စည်းထားရမယ်"
ကျိုးကျားရွာသည် ယခင်ကကဲ့သို့ဆင်းရဲသောရွာမဟုတ်တော့ပေ။ အိမ်တိုင်းကို အပြာရောင်အုတ်ခဲများ၊ အုတ်ကြွပ်ပြားများဖြင့်ဆောက်လုပ်ထားပြီး ရွာသား ၉၀ရာခိုင်နှုန်းသည် နွားလှည်းဝယ်ယူနိုင်ကြပြီဖြစ်သည်။ ရွာနီးချုပ်စပ်များတွင်လည်း အချမ်းသာဆုံးရွာဖြစ်နေ၍ ရွာလူကြီး ချက်ချင်းသဘောတူလိုက်၏။
လူတိုင်းအသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် ရွာလုံခြုံရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ချက်ချင်းအကောင်အထည်ဖော်ရပေမည်။
"ထောင်ဟွား အဘိုးသဘောပေါက်ပြီ၊ မျိုးနွယ်စုအကြီးအကဲတွေနဲ့ သွားတိုင်ပင်လိုက်ဦးမယ်"
ရွာလူကြီးမှာ ထိုသို့ပြောပြီးအမြန်ထွက်ခွာသွားလေသည်။ ကျိုးထောင်ဟွား အနည်းငယ်စိတ်သက်သာရာရသွားသော်လည်း အက်ရာပါသော တောင်တစ္ဆေဒင်္ဂါးကို ထုတ်ယူလိုက်သောအခါတွင်မူ စိတ်လေးလံလာပြန်၏။ ၎င်းအပေါ်တွင် အကာအကွယ်အတားအဆီးတစ်ခု ရှိနေသည်။
........
နောက်တစ်နေ့တွင် ရွာလူကြီးနှင့်မျိုးနွယ်စုအကြီးအကဲများမှာ ရွာလုံခြုံရေးအဖွဲ့အတွက် အစီအစဉ်တစ်ခုရေးဆွဲလိုက်ကြ၏။ ရွာလုံခြုံရေးအဖွဲ့သည် ရွာတစ်ရွာလုံး၏လုံခြုံရေးကို ကာကွယ်ပေးရမည်ဖြစ်၍ အိမ်ထောင်စုတိုင်းပါဝင်ကူညီရမည်ဖြစ်သည်။ ရွာလုံခြုံရေးအဖွဲ့တွင် ပါဝင်မည့်သူများသည် အသက် ၁၅နှစ်မှ ၃၅နှစ်အတွင်း သန်စွမ်းသောအမျိုးသားများဖြစ်ရမည်။ တစ်နေ့လျှင် သုံးဆိုင်းခွဲ၍တာဝန်ကျမည်ဖြစ်ပြီး အရပ်လေးမျက်နှာတွင် လူနှစ်ယောက်စီ စောင့်ကြပ်ရမည်ပင်။ လူတစ်ယောက်၏တစ်နေ့စာလခအဖြစ် ပြား၂၀၀ရရှိမည်ဖြစ်ပြီး နေရာတိုင်းသို့ ခွေးတစ်ကောင်စီအဖော်လိုက်ပါရမည် ဖြစ်သည်။ ထူးခြားမှု တစ်စုံတစ်ရာတွေ့ရှိပါက မောင်းထု၍ လူတိုင်းကိုချက်ချင်း အသိပေးရမည်။
သုံးရက်မြောက်နေ့တွင် ရွာလုံခြုံရေးအဖွဲ့ကို တရားဝင်ဖွဲ့စည်းလိုက်သည်။ ချက်ချင်းပင် လူတိုင်းလည်း ရွာထဲ၌လုံခြုံမှုကို ပိုမိုခံစားလာရ၏။ နောက်ပိုင်း၌ ရွာစွန်ရှိပန်းထိုးအလုပ်ရုံသို့ သွားရောက်လုပ်ကိုင်ချိန်တွင် သက်ကြီးရွယ်အိုများနှင့်ကလေးများသာ အိမ်မှာကျန်ရစ်ခဲ့လျှင်လည်း စိုးရိမ်စရာမလိုတော့ပေ။ ကျိုးရှန့်ကျူးသည် ကွမ်းကွမ်းတောင်အဖွဲ့သားများကို ဦးဆောင်ပြီး ကြိုးစားပမ်းစားလုပ်ကိုင်ခဲ့ရာ မေလ၏နောက်ဆုံးရက်တွင် ရေကာတာကို အပြီးသတ်ပြုပြင်နိုင်ခဲ့လေသည်။
သူသည် ရွာလူကြီးနှင့်ကျိုးထောင်ဟွားကို စစ်ဆေးရန် ခေါ်လိုက်၏။
"အဘိုးရွာလူကြီး ညီမထောင်ဟွား အခု အဆင်ပြေပြီလား"
ဖန်းချွမှုံ နောက်ပြောင်လိုက်သည်။
"ထောင်ဟွား ဒီတစ်ခေါက်တော့ ဖားပြုတ်နတ်ဆိုး လာဖျက်ဆီးတာမခံရလောက်တော့ဘူးမလား"
ချက်ချင်းပင် ဘေးနားရှိလူတစ်ယောက်မှာ ဖန်းချွမ်ခေါင်းကို ရိုက်လိုက်သည်။
"မင်းရဲ့ပါးစပ်ပုပ်ကြီးကို ပိတ်ထားစမ်း၊ ပေါက်တက်ကရတွေ လျှောက်ပြောမနေနဲ့၊ ထောင်ဟွားရဲ့ဟောကိန်းအရ မနက်ဖြန်ဆိုမိုးကြီးရွာချတော့မှာ၊ တစ်ကယ်လို့ အခုအချိန်မှ နောက်ထပ်ဖားပြုတ်နတ်ဆိုးတစ်ကောင်သာလာခဲ့ရင် ငါတို့လူ ၈၀လုံး ဝိုင်းလုပ်ရင်ဖြစ်ဖြစ် တစ်ရွာလုံးလာကူရင်ဖြစ်ဖြစ် အချိန်မီပြင်နိုင်မှာမဟုတ်တော့ဘူး"
ဖန်းချွမ် ပါးစပ်အမြန်ပိတ်လိုက်သော်လည်း မကျေမနပ်ဖြင့်တီးတိုးရေရွတ်နေသေးသည်။
"ငါကမေးကြည့်ရုံပါ၊ ဘယ်သူက တစ်ကယ်လာစေချင်လို့လဲ"
ကျိုးထောင်ဟွား ကွမ်းကွမ်းတောင်၏အနောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။
"ဖားပြုတ်နတ်ဆိုးတော့ မရှိတော့ဘူး၊ ဒါပေမယ့် အခြားအကောင်တွေတော့ရှိသေးတယ်"
"ဟမ်"
လူတိုင်း ထိတ်လန့်သွားကြသည်။
ဖန်းချွမ်ပြောလိုက်၏။
"ငါက သာမန်ကာလျှံကာပြောလိုက်တာပါ၊ တကယ်ကြီး လာစေချင်တာမဟုတ်ပါဘူး"
"ဦးလေးဖန်း စိတ်မပူပါနဲ့၊ ဒီနတ်ဆိုးတွေက ကျွန်မတို့ရဲ့ရေကာတာကို မဖျက်ဆီးနိုင်ပါဘူး"
အက်ရာပါသော တောင်တစ္ဆေဒင်္ဂါးကိုမဖျက်ဆီးနိုင်သရွေ့ ကျိုးကျားရွာသည်နတ်ဆိုးများကို ဆွဲဆောင်နေဦးမည်သာ ဖြစ်သည်။ တကယ်တမ်းတွင် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာအတွင်း တောနက်ထဲ၌ နတ်ဆိုးအချို့ပေါက်ဖွားကြီးပြင်းလာခဲ့ကြ၏။ ဥပမာအားဖြင့် ဤနတ်ဆိုးအချို့ကို ကျိုးကျားရွာ၏အစောင့်အရှောက်အဖွဲ့အဖြစ် အသုံးပြုနိုင်သည်ပင်။ ကျိုးထောင်ဟွားပြောပြီးသည်နှင့် ကောင်းကင်ကြီးသည် မင်အိုးမှောက်ကျသွားသကဲ့သို့ မည်းမှောင်သွားပြီး ထူထဲသောမိုးတိမ်မည်းကြီးများသည် လည်ပတ်နေသောဝဲဂယက်များအလား ကျိုးကျားရွာတစ်ရွာလုံးကို လျင်မြန်စွာလွှမ်းခြုံသွားလေသည်။ ရုတ်တရက် မျက်စိကျိန်းလုမတတ် လျှပ်စီးတန်းတစ်ခုသည် ဓားသွားတစ်ချောင်းအလား မီးခိုးရောင် ကောင်းကင်ကြီးကို ဖြိုခွင်းလိုက်လေ၏။
"ဒုက္ခပါပဲ မုန်တိုင်းလာတော့မယ်၊ အားလုံးပဲတောင်အောက်မြန်မြန်ဆင်းပြီး အိမ်ပြန်ကြတော့"
ရွာလူကြီး အော်ဟစ်လိုက်သည်။ ရွာသားအားလုံး ပစ္စည်းများကိုအမြန်သိမ်းဆည်းပြီး တောင်အောက်သို့ဆင်းကြလေသည်။
နားကွဲလုမတတ် မိုးခြိမ်းသံကြီးသည် ကျိုးကျားရွာတစ်ရွာလုံးကို ဖြိုခွင်းပစ်တော့မည့်အလား အပေါ်စီးမှနေဟိန်းထွက်လာလေ၏။ လေပြင်းမုန်တိုင်းသည်လည်း အလွန် ပြင်းထန်ပြီး ဒေါသထွက်နေသောသားရဲကောင်အုပ်ကြီးအလား ဝင်ရောက်တိုက်ခတ်လာကာ သစ်ကိုင်းများကိုယိမ်းထိုးစေပြီး တကျွီကျွီမြည်သံများ ထွက်ပေါ်လာစေသည်။ မိုးစက်ကြီးများသည် လေပြင်းနှင့်အတူရွာသွန်းလာပြီး ခေါင်းကိုနာကျင်အောင်ရိုက်ခတ်နေကြ၏။ မကြာမီ မိုးသည်းထန်စွာရွာသွန်းလာပြီး ရေကန့်လန့်ကာများအလားဖြစ်ပေါ်လာသဖြင့် ကျိုးထောင်ဟွားအမြင်အာရုံကို ဝါးတားတားဖြစ်စေလေသည်။
သူမသည် အခြားသူများနောက်မှ တောင်အောက်သို့လိုက်ဆင်းလာစဉ် ရုတ်တရက် ခြေချော်သွားလေ၏။
*သွားပြီ ငါတော့ဖင်ထိုင်လျက်လဲတော့မှာပဲ*
ကျိုးထောင်ဟွား တွေးလိုက်မိသည်။ သို့သော် နောက်တစ်ခဏတွင် သူမကို တစ်စုံတစ်ယောက်မှ အောင်အောင်မြင်မြင်ဖမ်းထိန်းလိုက်၏။ မော့ကြည့်လိုက်ရာ ဝါးတားတားမိုးရေစက်များကြားမှနေ ရှန်းမင်မျက်နှာမှာ သူမရှေ့၌ပေါ်လာသည်ကိုတွေ့လိုက်ရသည်။
"အစ်ကိုရှန်းမင်"
သူကငါ့ကို လာကြိုတာလား။
သူမသည် အခြားသူများနောက်မှ လိုက်ပါလာရင်း ထိတ်လန့်နေခဲ့ရသည်။ သူတို့အားလုံးမှာ ယောင်္ကျားလေးများဖြစ်ပြီး လက်နက်ကိရိယာများကိုင်ထားလျှင်တောင် အပြေးမြန်ကြ၏။ သူမကျန်ခဲ့မည်စိုး၍ စိုးရိမ်တကြီးအမီလိုက်နေခဲ့ရသည်။
"သေချာဖက်ထား"
ရှန်းမင် သတိပေးလိုက်ပြီး သူမကိုပွေ့ချီကာ မယုံနိုင်လောက်အောင်မြန်ဆန်သော နှုန်းဖြင့် တောင်အောက်သို့ပြေးဆင်းလာခဲ့သည်။ မိုးဒဏ် လေဒဏ်များသည် သူ့အပေါ်သက်ရောက်မှု မရှိသကဲ့သို့ပင်။ သူသည် ရွာလူကြီးနှင့်အခြားသူများထက်ပင်စော၍ တောင်ခြေရင်းသို့ ရောက်ရှိသွားလေ၏။ ကျိုးထောင်ဟွားသည် ရှန်းမင်လည်ပင်းကို ဖက်တွယ်ထားပြီး သူ့ပခုံးပေါ်တွင် ခေါင်းမှီထားကာ နက်ရှိုင်းသောလုံခြုံမှုကို ခံစားလိုက်ရသည်။ ရွာလူကြီးနှင့် အခြားသူများသည် ရှန်းမင်မှ လူတစ်ယောက်ကိုပွေ့ချီလျက် အလွန်မြန်ဆန်စွာပြေးသွားသည်ကို ကြည့်ပြီး အားကျမနေဘဲမနေနိုင်ကြပေ။
လူငယ်ဆိုတာ မတူပါလားနော်။
ချမ်ရှီသည် ရှန်းမင်နှင့် ကျိုးထောင်ဟွားတို့ စိုရွှဲလျက်ပြန်ရောက်လာသည်ကို တွေ့လိုက်ရသောအခါ စိုးရိမ်တကြီးပြောလိုက်သည်။
"မြန်မြန် အဝတ်ခြောက်တွေသွားလဲကြ၊ အအေးမိကုန်မယ်"
ထိုသို့ပြောရင်းဆိုရင်း ချမ်ရှီသည် ရှန်းမင်အတွက် အဝတ်အစားသွားရှာလေသည်။
"ဒေါ်လေးချမ် မလိုပါဘူး၊ ကျွန်တော် အိမ်ပြန်လဲလိုက်ပါ့မယ်"
သို့သော် ချမ်ရှီသည် အပြင်ဘက်တွင် မြင်းတစ်ထောင် ဒုန်းစိုင်းပြေးနေသကဲ့သို့ ပြင်းထန်စွာတိုက်ခတ်နေသော လေပြင်းမုန်တိုင်းနှင့် လမ်းမမြင်ရလောက်အောင် ဖြူဖွေးနေသော မိုးရေစက်များကိုကြည့်လိုက်သည်။ ချမ်ရှီ ချက်ချင်းလေသံမာမာဖြင့်ပြောလိုက်၏။
"ဒီလောက်မိုးသည်းနေတာကို ဘယ်လိုလုပ်ပြန်မလဲ၊ ဒီည ဒီမှာပဲအိပ်လိုက်၊ မနက်ဖြန် မိုးတိတ်မှပြန်"
ရှန်းမင်သည် ထောင်ဟွား၏စေ့စပ်ထားသူဖြစ်ပြီး ယခုအခါ ချမ်ရှီသည်ရှန်းမင်ကို သားရင်းတစ်ယောက်လိုသဘောထားနေပြီ ဖြစ်သည်။ ကောင်းကင်တွင် မိုးတိမ်မည်းများဖုံးလွှမ်းနေပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းကိုပင်မမြင်ရပေ။ အိမ်နှစ်လုံးမှာ သိပ်မဝေးသော်လည်း တကယ်လို့ ရှန်းမင်သာတစ်ခုခုဖြစ်သွားခဲ့ပါက ထောင်ဟွားဘယ်လိုလုပ်မလဲ။
"ဟုတ်တယ် အစ်ကိုရှန်းမင် အမေပြောတာနားထောင်ပြီး မနက်ဖြန်မနက်မှပြန်လိုက်ပါ"
ထိုစကားကိုကြားသောအခါ ရှန်းမင်မှာ ကျိုးထောင်ဟွားကိုကြည့်လိုက်သည်။ သူမဆံပင်များမှာ စိုစွတ်နေပြီး မိုးရေစက်များသည် ပါးပြင်ပေါ်မှနေလျှောကျလာခဲ့၏။ အဝတ်အစားများသည် သူမခန္ဓာကိုယ်တွင်ကပ်နေပြီး ၁၅နှစ်သမီး အရွယ် မိန်းမပျိုလေး၏မပြုပြင်မဖန်တီးရသေးသော သဘာဝကိုယ်ခန္ဓာကောက်ကြောင်းများကို ပေါ်လွင်စေသည်။
သူမ၏ သွယ်လျသောခါးလေးနှင့် အနည်းငယ်မို့မောက်နေသော ရင်ဘတ်
ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ ရှန်းမင်ပါးပြင်များ ပူနွေးလာသည်ကိုခံစားလိုက်ရသည်။ မီးလောင်ခံလိုက်ရသကဲ့သို့ သူအကြည့်ကို ချက်ချင်း လွှဲလိုက်၏။
သူ့ရင်ဘတ်ထဲတွင် နှလုံးခုန်သံများထိန်းမနိုင်သိမ်းမရဖြစ်လာပြီး ယခင်ကမခံစားဖူးသော ထိတ်လန့်မှုနှင့်ရှက်ရွံ့မှုများ ပျံ့နှံ့လာလေသည်။
"ကျေးဇူးတင်ပါတယ် ဒေါ်လေးချမ်"
ရှန်းမင် သဘောတူလိုက်ပြီးဆက်မငြင်းတော့ပေ။ ကျိုးထောင်ဟွား သက်ပြင်းချလိုက်သည်။။အပြင်၌မိုးများသည်းကြီးမည်းကြီးရွာနေသည်ဖြစ်ရာ ရှန်းမင် ကျိုးမိသားစုအိမ်၌ လိမ်လိမ်မာမာနဲ့နေနိုင်မှသာ သူမစိတ်ချရမည်ပေ။ ကျိုးထောင်ဟွား ရှန်းမင်ကို ကြည့်လိုက်သည်။သူ့အင်္ကျီအပါးလေးသည် ရေစိုပြီး ခန္ဓာကိုယ်တွင်ကပ်နေသဖြင့် ကျယ်ပြန့်သော သူ့ရင်အုပ်နှင့် ကျစ်လျစ်သော ဝမ်းဗိုက်ကြွက်သားများကို အထင်းသား မြင်နေရ၏။ သူမငေးကြည့်နေမိသည်။
ရှန်းမင်၏နှုတ်ခမ်းများ ကွေးညွှတ်သွားပြီး ဖြည်းညှင်းစွာအနားကပ်လာ၏။
"ကြိုက်လား"