← Chapters

အခန်း (၁၃၈)

Vol. 14 Ch. 138

အခန်း (၁၃၈)

Vol. 14 Ch. 138

​ရှန်းမင်၏စနောက်လိုသောအကြည့်များနှင့် အကြည့်ချင်းဆုံမိလိုက်သောအခါ ကျိုးထောင်ဟွား ရုတ်တရက်အသိပြန်ဝင်လာပြီး ပါးပြင်နှစ်ဖက်နီမြန်းသွားလေသည်။

​"ညီမ ညီမ ကြိုက်တယ်"

​ကျိုးထောင်ဟွား ထိုစကားများကိုချန်ထားရစ်ခဲ့ပြီး အဝတ်အစားလဲရန် သူမအခန်းဆီသို့ အလျင်အမြန်ပြေးထွက်သွားလေသည်။ ​ရှန်းမင်သည် ထွက်ခွာသွားသော သူမကျောပြင်ကိုကြည့်ရင်း မျက်ဝန်းအိမ်များ နက်မှောင်သွားလေသည်။

​"ရှန်းမင် ဒါထောင်ဟွားအဖေရဲ့ အဝတ်အစားတွေ၊ လောလောဆယ် ဒါပဲ ဝတ်ထားလိုက်ဦး"

​ချမ်ရှီမှာ ရှန်းမင်ကို အဝတ်အစားနှစ်စုံပေးလာသည်။ ​ကျိုးထောင်ဟွား ပြန်ထွက်လာချိန်တွင် ရှန်းမင်မှာအဝတ်အစားလဲပြီးနေပြီ ဖြစ်သည်။

​ကျိုးအာ့ရှုအဝတ်အစားများသည် ရှန်းမင်ဝတ်လိုက်သောအခါ လက်ဇကအင်္ကျီနှင့် ဘောင်းဘီတိုကဲ့သို့ဖြစ်နေသော်လည်း သူ့ခန္ဓာကိုယ်အချိုးအစား ကောင်းမွန်လွန်းသဖြင့် ဘာဝတ်ဝတ် ကြည့်ကောင်းနေ၏။ ​ချမ်ရှီနှင့် ကျိုးအာ့ရှုတို့သည် ဧည့်ခန်းမဆောင်တွင်ရပ်လျက် မိုးမပက်စေရန် တံခါးပေါက်ရှေ့တွင် ဝါးလိုက်ကာများချိတ်ဆွဲနေကြသည်။ ​ချမ်ရှီစိုးရိမ်တကြီး ပြောလိုက်၏။

"မိုးက သည်းလွန်းတယ်၊ တောင်ပေါ်ကရေတွေ စီးဆင်းလာတဲ့အသံကိုတောင် ကြားနေရသလိုပဲ"

​ချမ်ရှီ တစ်ယောက်တည်းမဟုတ်ဘဲ အခြားရွာသားများလည်း ကြားနေရသည်။ ​မိုးသည်းထန်စွာ ရွာသွန်းမှုသည် တောင်ပေါ်တွင် အရှိန်ပြင်းသော ရေစီးကြောင်းကြီးအဖြစ် စုစည်းသွားပုံရပြီး အချိန်ကြာလာသည်နှင့်အမျှ ရေစီးသံများ ပိုမိုကျယ်လောင်လာလေ၏။ ​အိမ်ထဲ၌ရှိနေသူများပင် တောင်ပေါ်၌ဖြစ်ပျက်နေသည်များကို အာရုံစိုက်နားစွင့်နေကြသည်။ ​မိုးရေစိမ်ထားသဖြင့် တောင်ပေါ်ရှိ မြေသားများနှင့် ကျောက်တုံးများသည် တဖြည်းဖြည်းလျော့ရဲလာကြသည်။ ​နာရီဝက်ကြာပြီးနောက် မြေပြိုခြင်းနှင့် ရွှံ့ခဲပြိုကျခြင်းများ တစ်ခုပြီးတစ်ခုဖြစ်ပေါ်လာပြီး မြေသားများနှင့် ကျောက်တုံးအမြောက်အမြားသည် တောင်စောင်းအတိုင်း မြင်းရိုင်းများ ဒုန်းစိုင်းပြေးသကဲ့သို့ လိမ့်ဆင်းလာကြ၏။

​၎င်းတို့ဖြတ်သန်းသွားရာ နေရာတိုင်းတွင် သစ်ပင်များမှာ အမြစ်မှနေကျွတ်ထွက်ကုန်ပြီး ကျောက်တုံးကြီးများဆိုလျှင် အလွယ်တကူမျောပါသွားကာ နားကွဲလုမတတ်ဟိန်းသံကြီးများ ထွက်ပေါ်လာစေသည်။ ​ကျိုးကျားရွာတွင်းရှိ ရွာသားများသည် သုန်းသုန်းတောင် နှင့် ကွမ်းကွမ်းတောင်ပေါ်မှ ဆူညံသံများကို နားထောင်ရင်း အားလုံးကြောက်လန့်တကြားဖြစ်နေကြ၏။

​ချန်ရုန်ရုန်သည် မိုးကာအင်္ကျီဝတ်ဆင်ထားပြီးဖြစ်သလို သူမကလေးငယ်နှစ်ဦးကိုလည်း လုံလုံခြုံခြုံထုပ်ပိုးထားပြီးဖြစ်သည်။ ​သူမပြောလိုက်၏။

"အဖေ အမေ ရှန့်ချိုး ကျွန်မတို့မြန်မြန်ပြေးရအောင်၊ ဒီမှာထိုင်ပြီး သေမယ့်နေ့ကို စောင့်လို့မဖြစ်ဘူး"

​ထိုအချိန်တွင် ချန်ရုန်ရုန်အလွန်အမင်း စိုးရိမ်ပူပန်နေမိသည်။ ​သူမသေမည်ကိုမကြောက်သော်လည်း သူမကလေးနှစ်ယောက်မှာ တစ်လကျော်ကျော်လေးသာ ရှိသေး၏။ မိခင်စိတ်သည်ပြင်းထန်လှသဖြင့် ကလေးများကိုအထိခိုက်ခံမည် မဟုတ်ပေ။ ​မြောင်ရှီနှင့် ကျိုးကွမ်းလေ့တို့အချင်းချင်း ကြည့်လိုက်ကြပြီးနောက် အပြင်ဘက်ရှိ ကောင်းကင်နှင့်သည်းထန်စွာ ရွာသွန်းနေသော မိုးကိုကြည့်လိုက်ကြသည်။ ​မြောင်ရှီအကြံပေးလိုက်၏။

"ရုန်ရုန် အပြင်မှာမိုးတွေ အရမ်းသည်းနေတာ၊ မိုးကာဝတ်ထားရင်တောင် ကလေးနှစ်ယောက်က စိုရွှဲကုန်မှာပဲ၊ သူတို့က အရမ်းငယ်သေးတာကို တကယ်လို့သာဖျားသွားခဲ့ရင်....."

​သူတို့ကလေးများကို ကယ်နိုင်ချင်မှကယ်နိုင်တော့မှာပင်။ ​သူမ၏အမွှာမြေးလေးများသည် အလွန်တရာချစ်စရာကောင်းပြီး ငယ်လွန်းသေးရာ တစ်ကယ်လို့ တစ်ခုခုသာဖြစ်သွားခဲ့လျှင် သူမခံနိုင်ရည်ရှိမည်မဟုတ်ပေ။ ​ကျိုးကွမ်းလေ့အား ကျိုးထောင်ဟွားအဆောင်လက်ဖွဲ့သည် သူ့ခန္ဓာကိုယ်ထဲရှိဒေါသတ‌စ္ဆေကို မောင်းထုတ်ပေးခဲ့ပြီး သူ့အားထိန်းချုပ်မှုမှ လွတ်မြောက်စေကာ ဒေါသများကို ငြိမ်သက်စေခဲ့သည်ကိုပြန်သတိရလိုက်သည်။ ​သူအကြံပေးလိုက်၏။

"ရုန်ရုန် ခဏလောက်ထပ်စောင့်ပါဦး၊ အဖေ ထောင်ဟွားကိုယုံတယ်၊ သူပြောတာတော့ သုန်းသုန်းတောင်မှာပဲ မြေပြိုပြီး ကွမ်းကွမ်းတောင်မှာတော့ ရွှံ့ခဲပြိုကျမယ်တဲ့၊ အဖေတို့တွေ တောင်နှစ်လုံးစလုံးမှာ ကာကွယ်ရေးစီမံကိန်းတွေလုပ်ပြီးပြီလေ၊ အားလုံး အဆင်သင့်ဖြစ်နေပြီ၊ ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး"

​"!!!"

​တောင်ပေါ်မှအသံများကို ကြားနေရသော ချန်ရုန်ရုန်သည် ကြောက်ရွံ့မှုကြောင့် တင်းမာနေသည်။ သူမသည် မျက်လုံးပြူးကာ ကျိုးကွမ်းလေ့နှင့်မြောင်ရှီတို့ထံစိုက်ကြည့်နေပြီး သူတို့စကားကို လုံးဝမယုံကြည်နိုင်ဖြစ်နေ၏။

​"အဖေ အမေ တစ်ကယ်လို့မြေပြိုတာနဲ့ ရွှံ့ခဲပြိုကျတာတွေသာရောက်လာရင် ကျွန်မတို့အားလုံး သေကုန်မှာပေါ့၊ အခုချိန်မှာထွက်ပြေးရင် အသက်ရှင်ဖို့ အခွင့်အရေးရှိသေးတယ်လေ"

​ချန်ရုန်ရုန် တောင်းပန်တိုးလျှိုးလိုက်သည်။ ​သူတို့နှစ်ယောက်မှ မလှုပ်မယှက် ရှိနေသည်ကိုတွေ့လိုက်ရသဖြင့် သူမမှာ ကျိုးရှန့်ချိုးလက်မောင်းကိုဆွဲကာ သူမဘက်မှကူပြောပေးရန် မျှော်လင့်လိုက်သည်။ ​ကျိုးရှန့်ချိုး သူမပခုံးကိုကိုင်ပြီး နှစ်သိမ့်လိုက်၏။

​"ရုန်ရုန်မကြောက်နဲ့နော် အဆင်ပြေပါတယ်၊ လူတိုင်းက တောင်ပေါ်မှာ ကာကွယ်ရေးအတားအဆီးတွေ ဆောက်ထားပြီးပြီပဲ၊ အရင်နှင်းမုန်တိုင်းနဲ့ မိုးသီးမုန်တိုင်းနှစ်ခါတိုက်တုန်းကလဲ ညီမထောင်ဟွားကြိုဟောခဲ့လို့ လူတိုင်းကြိုပြင်ဆင်နိုင်ခဲ့တာ မင်းမေ့သွားပြီလား၊ ဒီတစ်ခါလဲ ကိုယ်တို့တွေပြင်ဆင်ထားပြီးသားမလို့ အားလုံးအဆင်ပြေသွားမှာပါ"

​သို့သော် ကျိုးရှန့်ချိုးဘယ်လိုပြောပြော ချန်ရုန်ရုန်စိတ်မအေးနိုင်ပေ။ ​လူတိုင်းမထွက်ခွာဖို့ ဆုံးဖြတ်ထားကြသည်ကို တွေ့လိုက်ရသဖြင့် သူမမှာကလေးနှစ်ယောက်ကိုပွေ့ချီပြီး မိုးထဲလေထဲသို့တစ်ကိုယ်တည်း ထွက်ပြေးရန်ပြင်လိုက်၏။

​"ရုန်ရုန်"

​ကျိုးရှန့်ချိုးနှင့် ကျန်နှစ်ယောက်ပြိုင်တူ အော်ဟစ်လိုက်ကြသည်။

*ဘုန်း*

​ထိုစဉ်မှာပင် တောင်ပေါ်မှအသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာသဖြင့် လေးယောက်စလုံးထိတ်လန့်သွားကြသည်။ ထိုအခွင့်အရေးကိုအသုံးချပြီး ကျိုးရှန့်ချိုးနှင့် ကျိုးကွမ်းလေ့တို့သည် ချန်ရုန်ရုန်လက်ထဲမှ ကလေးများကိုပြန်ဆွဲယူလိုက်ကြ၏။ ​တစ်ကယ်လို့ ကလေးနှစ်ယောက်သာ မိုးထဲပါသွားရင် ဘုရားသခင်တောင် ကယ်နိုင်မှာမဟုတ်တော့ဘူး။

​"အား"

​ချန်ရုန်ရုန်ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်ပြီး ခေါင်းကိုလက်ဖြင့်အုပ်ကာ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ​သို့သော် အချိန်အတော်ကြာစောင့်ပြီးသည့်တိုင် မြေပြိုခြင်း သို့မဟုတ် ရွှံ့ခဲပြိုကျခြင်းတို့ ရွာထဲသို့ဝင်ရောက်လာသည်ကိုမခံစားရပေ။ ​အတော်ကြာမှ သူမ အသာမတ်တတ်ပြန်ရပ်လိုက်ပြီး အံ့သြတကြီး ပြောလိုက်သည်။

"တောင်စောင်းကာကွယ်ရေးစီမံကိန်းက တစ်ကယ်တားဆီးပေးလိုက်တာလား"

​ကျိုးကွမ်းလေ့ အတည်ပြုလိုက်သည်။

"သုံးလကြိုပြီး လူတိုင်းတည်ဆောက်ခဲ့တဲ့ တောင်စောင်းကာကွယ်ရေးစီမံကိန်းက အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာသေချာတယ်၊ အဲ့ဒီခိုင်ခံ့တဲ့ မြေသားနံရံတွေ မြေပြိုမှုကာကွယ်ရေးတိုင်တွေနဲ့ ရေကာတာတွေအားလုံးက သုန်းသုန်းတောင်နဲ့ ကွမ်းကွမ်းတောင်ကို မြေပြိုတာတွေ ရွှံ့ခဲပြိုကျတာတွေဒဏ်ကနေ ခံနိုင်ရည်ရှိအောင် ကူညီပေးခဲ့တာ"

​တစ်ကယ်တော့ ရွာထဲ၌ကြောက်လန့်နေကြသူမှာ ချန်ရုန်ရုန်တစ်ယောက်တည်း မဟုတ်ပေ။ တောင်စောင်းကာကွယ်ရေးစီမံကိန်းဆောက်လုပ်ထားပြီးကြောင်း သိကြသော်လည်း သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် ကြောက်ရွံ့မှုမှအရာရာကိုလွှမ်းမိုးသွားပြီး မသိစိတ်၏စေ့ဆော်မှုကြောင့် ထွက်ပြေးချင်စိတ်များဖြစ်ပေါ်လာကြသည်။ ​ကံကောင်းစွာပင် ကျန်ရှိသောမိသားစုဝင်များမှ တားဆီးထားနိုင်ခဲ့ကြ၏။ ဘာပဲဖြစ်ဖြစ် အပြင်၌မှောင်နေပြီဖြစ်သလို မိုးလည်းသည်းထန်စွာရွာသွန်းနေသဖြင့် အပြင်ထွက်ခြင်းမှာအလွန်အန္တရာယ်များလှသည်။

​သို့သော် အခြားသူအများအပြားမှာမူ ကျိုးထောင်ဟွားစကားကို ခိုင်ခိုင်မာမာယုံကြည်ကြပြီး တောင်စောင်းကာကွယ်ရေးစီမံကိန်းမှာ သူတို့ကိုကာကွယ်ပေးနိုင်မည်ဟု ယုံကြည်ထားကြ၏။

​မျှော်လင့်ထားသည့်အတိုင်းပင် အချိန်အတော်ကြာပြီးနောက် လူတိုင်း၏စိုးရိမ်ပူပန်မှုများလျော့ကျသွားလေသည်။ ကြောက်မက်ဖွယ်ရာသဘာဝဘေးအန္တရာယ်ကြီး နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီပင်။ ​မိုးသည်းထန်စွာ ရွာသွန်းမှုသည် တစ်ရက်နှင့်တစ်ညလုံးလုံးကြာမြင့်ခဲ့ပြီး လူတိုင်းသည်အပြင်မထွက်နိုင်ဘဲ အိမ်ထဲမှာသာနေခဲ့ကြရသည်။ ​မနေ့ည၌ ရှန်းမင်နှင့်ကျိုးအာ့ရှုတို့မှာ အရှေ့ဘက်အခန်းတွင်အိပ်ကြပြီး ကျိုးထောင်ဟွားနှင့်ချမ်ရှီတို့မှာ အနောက်ဘက်အခန်းတွင်အိပ်ကြ၏။

​ထိုညတွင် ကျိုးထောင်ဟွား ရှန်းမင်ကို အိမ်မက်မက်ခဲ့သည်။ အိမ်မက်ထဲတွင် သူသည် သူမရှေ့၌ရေစိုနေသော အဝတ်အစားများကို ချွတ်ပြနေ၏။

​အပေါ်အင်္ကျီကိုချွတ်ပြီးနောက် အောက်ပိုင်းကိုပါ ဆက်ချွတ်လိုက်သည်။ ရေစိုနေသော သူ့ဆံပင်ရှည်များသည် ကိုယ်ပေါ်သို့တွဲကျနေပြီး မိုးရေစက်များသည် သူ့ဝမ်းဗိုက်ကြွက်သားများပေါ်သို့ စီးကျနေလေ၏။ ​ကျိုးထောင်ဟွားသည် မျက်တောင်မခတ်တမ်း ငေးကြည့်နေမိသည်။

အိပ်ရာ​နိုးလာသောအခါ ကျိုးထောင်ဟွား လုံးဝဇဝေဇဝါဖြစ်သွားရ၏။ ဘာလို့ ဒီလိုအိမ်မက်မျိုးမက်ရသည်ကို သူမနားမလည်နိုင်ပေ။ ​မနေ့ညက ရှန်းမင်ကို တစ်ချက်ခိုးကြည့်မိလိုက်လို့များလား။ ​မနက်စာစားရန် စားပွဲတွင်ဝင်ထိုင်လိုက်သောအခါ သူမရှန်းမင်ထံ တစ်ချက်ကြည့်လိုက်ပြီးနောက် အကြည့်ကို ချက်ချင်းလွှဲလိုက်ကာ ထပ်မကြည့်ရဲတော့ပေ။ ​သူ အဝတ်အစားလုံလုံခြုံခြုံ ဝတ်ထားသော်လည်း အကြောင်းပြချက်မရှိ တစ်ချက်ကြည့်လိုက်ရုံဖြင့် အိမ်မက်ထဲတွင် သူအဝတ်အစားများကို လိုလိုလားလားချွတ်ပြနေသည့် ပုံရိပ်များက အလိုအလျောက်ပေါ်လာနေသည်။

​သူမ,မနက်စာကိုအမြန်စားပြီး အိမ်ခန်းမသို့ ပြန်သွားကာထိုင်လိုက်သည်နှင့် အက်ရာပါသော တောင်တစ္ဆေဒင်္ဂါးကို ချက်ချင်း ထုတ်ယူလိုက်၏။ ​ကျိုးထောင်ဟွားသည် ၎င်းအပေါ်ရှိ အကာအကွယ်အတားအဆီးကို စိုက်ကြည့်နေမိသည်။ သူမစမ်းသပ်ကြည့်ချင်နေ၏။

All Chapters