အခန်း (၁၄၀)
Vol. 14 Ch. 140
သူမသည် လူသန်ကြီး၏ပခုံးပေါ်တွင် ထိုင်လျက် တောင်ပေါ်သို့ တက်လာခဲ့သည်။ သူမ ကုန်ပစ္စည်းသွားဝယ်တော့မယ်လေ။ လူသန်ကြီးမှာဘာမေးခွန်းမှမမေးဘဲ ကျိုးထောင်ဟွားဘယ်သွားခိုင်းခိုင်း သူသွားပေးသည်။ ပထမဦးစွာ ကျိုးထောင်ဟွားသည် ကွမ်းကွမ်းတောင်ရှိရေကာတာသို့ရောက်သွား၏။ စုစုပေါင်း ရေကာတာခြောက်ခု ရှိသည်။ အပြင်ဘက်ဆုံး ရေကာတာသို့ရောက်သောအခါ သူမလိုချင်သောအရာကို ချက်ချင်းရှာတွေ့လိုက်သည်။ လူသန်ကြီးနှင့်မိခင်မှိုနတ်ဆိုးတို့လည်း တွေ့လိုက်ကြ၏။
"သခင်မလေး ဒါကဖားလောင်းနတ်ဆိုးမလား"
မိခင်မှိုနတ်ဆိုး မေးလိုက်သည်။ ကျိုးထောင်ဟွား ခေါင်းညိတ်ပြလိုက်၏။
"ဆွဲတင်လိုက်"
"ဟုတ်ကဲ့"
မိခင်မှိုနတ်ဆိုးပြန်ဖြေပြီးသည်နှင့် ရေကာတာထဲရှိရေများထဲတွင် မှိုမျှင်အများအပြား ချက်ချင်းပေါ်ထွက်လာလေသည်။ ၎င်းတို့သည် လျင်မြန်စွာရက်လုပ်ပြီး ရေလုံသောမှိုမျှင်အိတ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဖားလောင်းနတ်ဆိုးကိုဖမ်းယူပြီး အပေါ်သို့ဆွဲတင်လိုက်လေ၏။ ဤမှိုမျှင်အိတ်သည် ပါးလွှာပြီး ဖောက်ထွင်းမြင်နိုင်လုနီးပါးဖြစ်သဖြင့် အတွင်းထဲရှိ သတ္တဝါလေးကို ကျိုးထောင်ဟွား ရှင်းရှင်းလင်းလင်းမြင်တွေ့နေရသည်။ ဖားလောင်းနတ်ဆိုးတွင် ပုလဲနက်လုံးကဲ့သို့ ဝိုင်းစက်သောခေါင်းလေးတစ်ခုရှိ၏။ ခေါင်း၏ဘေးတစ်ဖက်တစ်ချက်စီတွင် ကြီးမားတောက်ပသောမျက်လုံးတစ်စုံပါရှိပြီး ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ဖြင့် လိုက်လံကြည့်ရှုနေသည်။
၎င်း၏အမြီးသည် ရှည်လျားသွယ်လျပြီး အလင်းဖဲကြိုးလေးတစ်ချောင်းအလား ဖြစ်နေကာ ရေထဲတွင်ကျက်သရေရှိစွာဖြင့် ယိမ်းနွဲ့လှုပ်ရှားနေ၏။ ကျိုးထောင်ဟွားသဘောအကျဆုံးအချက်မှာ ဖားလောင်းလေး၏တောက်ပသော အရောင်အသွေးဖြစ်ပြီး အတော်လေးလှပလေသည်။ ၎င်း၏ခန္ဓာကိုယ်သည် အဝါရောင်တောက်တောက်ဘက်ရောက်သည့် အစိမ်းရောင်ဖြစ်ပြီး ညဘက် ကောင်းကင်ယံမှ ကြယ်ပွင့်လေးများကဲ့သို့ အမဲစက်လေးများပြန့်ကျဲနေ၏။
ကျိုးထောင်ဟွားသည် မှိုမျှင်အိတ်ကို မိခင်မှိုနတ်ဆိုးထံ ပေးလိုက်သည်။
"ရော့ နောက်ထပ် ဖားလောင်းနတ်ဆိုးတွေ ထပ်ဖမ်းကြစို့"
ထင်ထားသည့်အတိုင်းပင် ကျိုးထောင်ဟွားပြောခဲ့သလို နောက်ရေကာတာတစ်ခုစီတိုင်း၏ရေလှောင်ကန်ထဲတွင် ဖားလောင်းနတ်ဆိုး အများအပြားရှိနေကြသည်။ ထို့ပြင် ရေကာတာမြင့်လေလေ အတွင်းထဲတွင် ပုန်းအောင်းနေသော ဖားလောင်းနတ်ဆိုးအရေအတွက်များလေလေပင်။ နောက်ဆုံးတွင် သူတို့သည် ရေကာတာခြောက်ခုပေါင်းမှ ဖားလောင်းနတ်ဆိုးလေးဆယ့်နှစ်ကောင်တိတိ ဖမ်းမိခဲ့ကြသည်။ မှိုမျှင်အိတ်ထဲတွင် ကူးခတ်နေကြသော ဖားလောင်းနတ်ဆိုးများကိုကြည့်ရင်း ကျိုးထောင်ဟွားပျော်ရွှင်စိတ်လှုပ်ရှားစွာပြောလိုက်၏။
"အိမ်ပြန်ကြစို့"
ဤရလဒ်မှာ သူမမျှော်မှန်းထားသည်ထက် အများကြီးပို၏။ သူမမှာ ရှစ်ကောင် ဆယ်ကောင်လောက်သာဖမ်းမိမည်ဟုထင်ထားသော်လည်း ထင်မထားစွာပင် လေးဆယ်ကျော်ထိရခဲ့သည်။ အိမ်ပြန်ရောက်သောအခါ ကျိုးထောင်ဟွားသည် အသုံးမပြုဘဲထားသော စဥ့်အိုးကြီးတစ်လုံးကိုရှာပြီး ရေတစ်ဝက်ခန့်ဖြည့်လိုက်ကာ ဖားလောင်းနတ်ဆိုးလေးဆယ့်နှစ်ကောင်လုံးကို ထည့်လိုက်၏။
အခြားနတ်ဆိုးသုံးကောင်လည်း ဝိုင်းအုံလာကြသည်။ ရာသီသွေးမိစ္ဆာမှဇဝေဇဝါဖြင့်မေးလာ၏။
"သခင်မလေးကျိုးကဖားလောင်းတွေ မွေးမလို့လား"
ဤဖားလောင်းနတ်ဆိုးများမှာ ငယ်သေးသလို ခြေထောက်လေးချောင်းနှင့်အမြီးတောင်မထွက်သေးပေ။ သူတို့မှာနတ်ဆိုးများဖြစ်ပေသိ လောလောဆယ် ရေထဲတွင်သာနေရသေးပြီး ရေထဲမှထွက်ပါကသေသွားနိုင်၏။ ဖားလောင်းနတ်ဆိုးများသည် အစာကွင်းဆက်၏အောက်ဆုံးတွင် ရှိနေကြသည်။ သူတို့၏အားနည်းချက်ကြောင့် ရေထဲရှိ အခြားငါးများ၏စားသောက်ခြင်းကို ခံရနိုင်ခြေများ၏။ ကောင်းကင်ပေါ်မှ ငှက်များသည်လည်း သူတို့ကိုသားကောင်အဖြစ် ဖမ်းယူစားသောက်ကြသည်။
ဖားလောင်းနတ်ဆိုးတစ်ကောင် အရွယ်ရောက်ဖို့ အနည်းဆုံးနှစ်ပေါင်းငါးဆယ်ကြာမြင့်၏။
သို့သော် ထိုမျှရှည်လျားသည့်နှစ်ငါးဆယ်အတွင်းမှာ သူတို့ဘယ်နှကြိမ်လောက်များ အစားခံရမည့်ဘေးမှ လွတ်မြောက်အောင်ကြိုးစားနိုင်မည်နည်း။ ထို့ကြောင့် ဖားလောင်းနတ်ဆိုးအရေအတွက် များပြားသော်လည်း နောက်ဆုံးတွင် ဘေးကင်းကင်းဖြင့်ကြီးပြင်းလာနိုင်သူ အလွန် နည်းပါးလှသည်။ ဒူးရင်းသီးနတ်ဆိုးမှာ စဥ့်အိုးထဲတွင် ကူးခတ်နေသော ဖားလောင်းနတ်ဆိုးများကို ငေးကြည့်နေ၏။
"အစ်မကျိုး သူတို့လေးတွေကအရမ်း ချစ်ဖို့ကောင်းတာပဲ"
ညနေစောင်းလာသည်နှင့်အမျှ သူတို့သည် ရေထဲတွင်စိမ်းဝါရောင်အလင်းတန်းများ ထုတ်လွှတ်လာကြပြီး သူတို့မျက်လုံးများတွင် အညိုရောင်သမ်းသော အနီရောင်အနားသတ်များ ပေါ်လာကြသည်။ ခရုနတ်ဆိုးမှ မေးလာ၏။
"သခင်မလေးကျိုး သူတို့ကဘာစားတာလဲ"
အကယ်၍ သဘာဝအတိုင်း နေထိုင်မည်ဆိုလျှင် ရေထဲရှိ ပိုးလောက်လမ်းများ၊ ရေပိုးမွှားများနှင့် အခြားမျှောလှေးများအများကြီးရှိမည်ပင်။ လူသန်ကြီးမှာတစ်စုံတစ်ရာကို ချက်ချင်းတွေးမိလိုက်သည်။
"ငါတို့အိမ်မှာ ဆန်ရှိတယ်လေ ဒါမှမဟုတ် ကြက်ဥအနှစ်ပြုတ်ကျွေးလို့လဲရတယ်"
အာဟာရတန်ဖိုးမြင့်မားတော့ သူတို့ကြီးထွားနှုန်းလည်းမြန်မှာပေါ့။
မိခင်မှိုနတ်ဆိုးမှာ ကျိုးထောင်ဟွားထံကြည့်လိုက်သည်။ သူမ၌အစီအစဉ်ရှိပြီးသားဖြစ်ကြောင်း အာရုံခံမိနေ၏။ ဆန်နှင့်ကြက်ဥအနှစ်တွင် အာဟာရရှိပေသိ ဖားလောင်းနတ်ဆိုးများအတွက်တော့ သူတို့၏နှစ်ငါးဆယ်စာကြီးထွားနှုန်းသံသရာကို အများဆုံးနှစ်လေးဆယ် လောက်ထိသာ လျှော့ချပေးနိုင်သည်။
"သူတို့ဒါကိုစားတယ်"
ထင်ထားသည့်အတိုင်းပင် နောက်တစ်ခဏ၌ ကျိုးထောင်ဟွားသည် နှစ်ပေါင်း တစ်ရာစာကျင့်ကြံခြင်းစွမ်းအင်ပါဝင်သော အမြုတေတစ်လုံးကိုထုတ်ယူလိုက်သည်။ ချက်ချင်းပင် နတ်ဆိုးငါးကောင်၏မျက်လုံးများ ပြူးကျယ်သွားကြ၏။ နှစ်ပေါင်းတစ်ရာကျော် ကျင့်ကြံခြင်းစွမ်းအားပါဝင်သည့်အမြုတေပင်။ ထိုအရာကို ဘယ်သူကများမမက်မောဘဲနေမည်နည်း။ အထူးသဖြင့် ခရုနတ်ဆိုးနှင့် မိခင်မှိုနတ်ဆိုးတို့သည် ကျိုးထောင်ဟွားပေးသော ကျင့်ကြံခြင်းအမြုတေများကို စားသုံးပြီးမှသာ လူအသွင် ပြောင်းလဲနိုင်ခဲ့ကြခြင်းဖြစ်သည်။
သို့သော် သူတို့စားသုံးခဲ့သောအမြုတေများသည် နှစ်ပေါင်းနှစ်ရာကျော် သက်တမ်းရှိပြီး တစ်ယောက်လျှင် တစ်လုံးစီရရှိခဲ့ကြ၏။ ယခုဖားလောင်းနတ်ဆိုးများကဲ့သို့ နှစ်ပေါင်းတစ်ရာကျော် ဓာတ်လုံးတစ်လုံးတည်းကို လေးဆယ်နှစ်ကောင်မျှဝေစားသုံးရမည်မဟုတ်ပေ။
ကျိုးထောင်ဟွားမှအမြုတေကိုထုတ်လိုက်သည့်အချိန်တွင် စဥ့်အိုးထဲရှိ ဖားလောင်းနတ်ဆိုးအားလုံး အာရုံခံမိသွားပုံရပြီး တစ်ကောင်ပြီးတစ်ကောင် ရေပေါ်သို့ တက်လာကြသည်။ သူတို့မျက်လုံးများသည် ကျိုးထောင်ဟွားလက်ထဲမှ အမြုတေပေါ်တွင်စွဲကပ်နေပြီး လိုချင်တပ်မက်မှုများဖြင့်ပြည့်နှက်နေ၏။ ကျိုးထောင်ဟွားပြုံးလိုက်ပြီး အမြုတေကို စဥ့်အိုးထဲသို့ပစ်ထည့်လိုက်ရာ ဖားလောင်းနတ်ဆိုးလေးဆယ့်နှစ်ကောင်လုံး ချက်ချင်းဝိုင်းအုံလာကြသည်။ သူတို့အားလုံးသည် အမြုတေနားကပ်နိုင်ရန်နှင့် ၎င်း၏ကျင့်ကြံခြင်းစွမ်းအားကို စားသုံးနိုင်ရန် အချင်းချင်း တိုးဝှေ့တွန်းတိုက်ပြီး ရှေ့ဆုံးရောက်အောင် ကြိုးစားနေကြ၏။ စဥ့်အိုးနှုတ်ခမ်းပေါ်တွင် ထိုင်နေသော ဒူးရင်းသီးနတ်ဆိုးသည် သူတို့၏လုယက်နေပုံကိုကြည့်ပြီး သဘောကျနေသည်။
"အစ်မကျိုး ကြည့်ပါဦး၊ သူတို့ကိုယ်ပေါ်က အလင်းရောင်တွေအရင်ကထက်ပိုတောက်လာတယ်"
မှောင်မိုက်လာသည်နှင့်အမျှ စဥ့်အိုးထဲရှိ ဖားလောင်းနတ်ဆိုးများသည် ပိုးစုန်းကြူးများထည့်ထားသော ကန်တစ်ခုအလားဖြစ်လာပြီး သူတို့၏အလင်းရောင်သည် ခြံဝင်းတစ်ခုလုံးကို တဖြည်းဖြည်းလင်းထိန်လာစေသည်။ ခဏအကြာတွင် ဒူးရင်းသီးနတ်ဆိုးမှ ထပ်မံအော်ဟစ်လိုက်ပြန်၏။
"အစ်မကျိုး မြန်မြန်လာကြည့်ပါဦး၊ ဟို ဖားလောင်းလေးက နောက်ခြေထောက်တွေထွက်လာသလိုပဲ၊ သူ့အမြီးရင်းနားမှာ ခြေချောင်းလေးတွေတောင်ပေါက်လာပြီ"
ဒူးရင်းသီးနတ်ဆိုးသည် စဥ့်အိုးထဲမှဖားလောင်းနတ်ဆိုးလေးတစ်ကောင်ကို လက်ညှိုးထိုးပြလိုက်သည်။
ကျိုးထောင်ဟွားငုံ့ကြည့်လိုက်ရာ ဖားလောင်းနတ်ဆိုးလေးသည် သူမအကြည့်ကို ခံစားမိသကဲ့သို့ ရေမျက်နှာပြင်ပေါ်သို့ ကူးခတ်လာသည်။
၎င်း၏ခေါင်းဝိုင်းဝိုင်းလေး ရေပေါ်,ပေါ်လာသောအခါ ပါးစပ်ဟပြီးအော်ခေါ်ပါတော့၏။
"အမေ အမေ"
"!!!"
ကျိုးထောင်ဟွား လုံးဝမှင်သက်သွားသည်။ ကျိုးထောင်ဟွားသာမက ကျန်နတ်ဆိုးငါးကောင်လည်း မှင်သက်သွားကြပြီး ဖားလောင်းနတ်ဆိုးလေးပြောလိုက်သောစကားကို မယုံကြည်နိုင်ဖြစ်နေကြသည်။
အမေတဲ့လား။
မိခင်မှိုနတ်ဆိုးသည် ဖားလောင်းနတ်ဆိုးလေးကို ပါးစပ်အဟောင်းသားဖြင့်ကြည့်နေမိသည်။ ဒါ အဆင့်မြင့်ဖားအသိလား။ သူမထက်တောင် မျက်နှာလိုမျက်နှာရပိုလုပ်တတ်နေပါရောလား။
ကျိုးထောင်ဟွားမှာမူ ရယ်ရခက်ငိုရခက် ဖြစ်နေသည်။ သူမမှာအိမ်ထောင်တောင် မကျသေးပေသိ ဤကလေးမှာဘယ်နေရာမှရောက်လာပါသနည်း။ ခဏအကြာတွင် ဖားလောင်းနတ်ဆိုးအများအပြား နောက်ခြေထောက်များထွက်လာကြပြီး ရေပေါ်သို့တက်လာကာ ကျိုးထောင်ဟွားကို ဝိုင်းခေါ်ကြလေသည်။
"အမေ အမေ"
ထိုအသံကိုကြားသဖြင့် ချမ်ရှီနှင့်ကျိုးအာ့ရှုတို့လည်း ထွက်လာကြသည်။ ဖားလောင်းအများအပြားမှ ကျိုးထောင်ဟွားကို အမေခေါ်နေကြသည်အားမြင်သောအခါ ချမ်ရှီရယ်မောလိုက်၏။
"နိမိတ်ကောင်းပဲ ငါတို့ထောင်ဟွားလေး နောင်ကျရင် သားသမီးတွေအများကြီးရပြီး ပျော်ရွှင်ရမှာသေချာတယ်"
ကျိုးထောင်ဟွားမျက်နှာ ချက်ချင်းနီရဲသွားရသည်။ သူမအမေက ဘာတွေ လျှောက်ပြောနေတာလဲ။ သားသမီးရမယ် ဟုတ်လား။ ကံကောင်းလို့ ရှန်းမင်မရှိတာပဲ မဟုတ်ရင် သူမမြေကြီးထဲသာ ဝင်ပုန်းချင်စိတ် ပေါက်သွားမှာ။
အမြုတေလုံးဝပျောက်ကွယ်သွားချိန်တွင် ဖားလောင်းနတ်ဆိုးလေးဆယ့်နှစ်ကောင်လုံး နောက်ခြေထောက်များထွက်လာကြပြီး ကျိုးထောင်ဟွားကို အမေဟုလာခေါ်ကြလေသည်။ သူတို့ခန္ဓာကိုယ်များ ပိုမိုကြီးထွားလာပြီး ရေတစ်ဝက်ဖြည့်ထားသောစဥ့်အိုးထဲတွင် ရေမျက်နှာပြင်မှာမြင့်တက်လာလေ၏။ ထို့နောက် ကျိုးထောင်ဟွားသည် နှစ်တစ်ရာစာကျင့်ကြံခြင်းစွမ်းအားပါဝင်သော ဒုတိယမြောက်အမြုတေကိုထုတ်ယူလိုက်ရာ ဖားလောင်းနတ်ဆိုးလေးဆယ့်နှစ်ကောင်သည် ပိုပြီးစိတ်အားထက်သန်စွာဖြင့် အော်ဟစ်ကြလေသည်။
ဆူညံနေသော်လည်း သူတို့အသံများ ပေါင်းစပ်လိုက်သောအခါ နားငြီးစရာမကောင်းပေ။ ကျိုးထောင်ဟွားမှ ဒုတိယအမြုတေကို ရေထဲသို့ပစ်ချလိုက်ရာ ဖားလောင်းများသည် တစ်ကိုက်လောက် စားရဖို့အတွက် ချက်ချင်းလိုက်လံ လုယက်ကြလေသည်။
"အစ်မကျိုး ဖားလောင်းနတ်ဆိုးတွေပိုကြီးလာပြီ၊ ရှေ့ခြေထောက်တွေတောင် ထွက်လာပြီ"
ဒူးရင်းသီးနတ်ဆိုး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ ထို့ပြင် စဥ့်အိုးထဲရှိ ရေမျက်နှာပြင် ထပ်မံမြင့်တက်လာပြန်၏။ ဤအချိန်တွင် စဥ့်အိုးထဲရှိ ဖားလောင်းနတ်ဆိုးများထံမှ ထွက်ပေါ်နေသော အလင်းရောင်သည် ပိုမိုတောက်ပလာပြီး ကျိုးမိသားစုခြံဝင်းတစ်ခုလုံးကို လင်းထိန်သွားစေသည်။ ကျိုးထောင်ဟွားမှာ စဥ့်အိုးထဲရှိပြောင်းလဲမှုများကို ကျေနပ်စွာကြည့်ရှုနေ၏။ ဖားလောင်းနတ်ဆိုးများသည် ကြီးထွားလာရုံသာမက သူတို့ကျင့်ကြံခြင်းအဆင့်လည်းမြင့်တက်လာသည်။ ဖားလောင်းနတ်ဆိုးအားလုံး ဒုတိယအမြုတေကိုစားသုံးပြီး ရှေ့ခြေထောက်များထွက်လာပြီးနောက် သူမသည် နောက်ဆုံးအမြုတေကို စဥ့်အိုးထဲသို့ပစ်ထည့်လိုက်၏။
အရေးကြီးဆုံး အချိန်ရောက်လာခဲ့ပြီပင်။