← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း ( ၇ ) - ငါ ကြားဖူးတာတော့ စီးပွားရေးလုပ်ငန်းရှင် ဘော့စ်ကြီးတွေက တစ်ညမှာ အဲ့ကိစ္စကို ( ၇ ) ခါ လုပ်ကြတယ်တဲ့

ရှန်းတန်က သူ စကားပြောမှာကို စောင့်မနေဘဲ ဗီရိုထဲက မွေ့ရာခင်း အပါးလေးကို ယူကာ ဆိုဖာပေါ်မှာ သပ်သပ်ရပ်ရပ် ခင်းလိုက်သည်။

“ ခုတင်ပေါ်မှာ ရှင် အိပ်လိုက်။ ကျွန်မကတော့ ဆိုဖာပေါ်မှာပဲ အိပ်လိုက်မယ်။ စိတ်မပူပါနဲ့ ၊ ကျွန်မ အိပ်တာ အရမ်း ငြိမ်တယ်။ ဟောက်လည်း မဟောက်တတ်ဘူး။ ရှင့်ကို လုံးဝ အနှောင့်အယှက် မဖြစ်စေရဘူး။ ”

“ အဲ့လို လုပ်ဖို့ မလိုပါဘူး။ မင်း ခုတင်ပေါ် သွားအိပ်လို့ ရတယ်။ ”

ကုဟွိုင်အန်းက ထိုသို့သာ ပြောပြီး လက်‌ပ်တော့ပို ဖွင့်ကာ အလုပ် ဆက်လုပ်နေသည်။

ရှန်းတန်ကတော့ သူ့စကားကို အလေးအနက် မယူခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ဆိုဖာက ကြီးလည်း ကြီး ၊ နူးလည်း နူးညံ့ကာ အလွန် သက်သောင့်သက်သာရှိသည်။

ဒါပေမဲ့လည်း စီးပွားရေးလုပ်ငန်းရှင်တွေက ဒီလောက်ထိ အလုပ်ကြိုးစားဖို့ လိုလို့လား။

“ ဒေါက် ဒေါက် ဒေါက်။ ”

တံခါးခေါက်သံ ထွက်ပေါ်လာ၍ ရှန်းတန်က ဖိနပ်မစီးဘဲ ပြေးသွားကာ တံခါးဖွင့်ပေးလိုက်သည်။

“ ဦးလေးဟယ်ပါလား။ ” တံခါးခေါက်သူက စံအိမ်ကြီးရဲ့ လုံခြုံရေး ဖြစ်ကာ သူ့မျိုးရိုးနာမည်ကလည်း ဟယ် ဖြစ်ပြီး ဗီလာက ဦးလေးဟယ်ရဲ့ အစ်ကို ဖြစ်ပါသည်။

ဒီဦးလေးဟယ်ကတော့ စကားမများ။ သူက အိတ် တစ်လုံးကို လှမ်းပေးသည်။ “ သခင်မကြီး ပို့ခိုင်းလိုက်တဲ့ အိတ်ပါ။ သခင်မလေး ဒီအိတ်ကို လုံခြုံအောင် သိမ်းထားရမယ်တဲ့။ ”

ထုပ်ပိုးထားတဲ့ ပုံစံကို ကြည့်ရုံဖြင့် အထဲမှာ ဘာပါလဲ ဆိုတာ သူမ မပြောနိုင်ပေ။ နှုတ်ဆက်လက်ဆောင် တစ်မျိုး ဖြစ်လိမ့်မည်ဟု ရှန်းတန် တွေးကာ ပြုံးရင်း ယူလိုက်သည်။

“ ဒါဆို သခင်မလေးတို့ အနားယူနေတာကို ကျွန်တော် မနှောင့်ယှက်တော့ဘူးနော်။ ”

ဦးလေးဟယ် ပြန်သွားတော့ ရှန်းတန်က ဝမ်းသာစိတ်ဖြင့် ထိုအိတ်ကို ကိုင်ထားလျက် ဆိုဖာပေါ်မှာ ထိုင်နေမိသည်။ အဲ့ဒီနောက် သူမ အိတ်ကို ဖွင့်ကြည့်လိုက်လျှင် ချက်ချင်းပဲ မျက်နှာအိုကျသွားလေသည်။

[ ဘုရားရေ။ ]

[ ဝါး။ လူချမ်းသာမိသားစု‌က လူတွေက ဒီကိစ္စနဲ့ ပတ်သက်လာရင် အရမ်းကို ပွင့်ပွင့်လင်းလင်း ရှိကြတယ်လား။ သူတို့ ပို့ပေးလိုက်တာ … တစ် ၊ နှစ် ၊ သုံး ၊ လေး ၊ ငါး … ငါးဘူးတောင်ပဲ။ ]

[ လက်တွေ့ကျကျ ပြောရရင် ဒါ အနုနည်းနဲ့ လူသတ်နေတာပဲ။ ဟန်ဆောင်လက်ထပ်ထားတာမို့လို့သာ တော်သေးတယ်။ ]

ရှန်းတန်က မေးစေ့ကို ပွတ်သပ်ရင်း ကုဟွိုင်အန်းကို လှမ်းကြည့်လိုက်သည်။

[ ငါ ကြားဖူးတာတော့ စီးပွားရေးလုပ်ငန်းရှင် ဘော့စ်ကြီးတွေက တစ်ညမှာ အဲ့ကိစ္စကို ( ၇ ) ခါ လုပ်ကြတယ်တဲ့။ ဒီသကြားဖေဖေကရော အဲ့လို လုပ်နိုင်ပါ့မလား ဆိုတာ သိချင်တယ်။ ]

အလုပ် လုပ်နေသော ကုဟွိုင်အန်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားကာ ချက်ချင်းပဲ သူ့နားရွက်ဖျားတွေက ရဲတက်သွားခဲ့သည်။

ရှန်းတန်က အဲ့ဒါကို မြင်တော့ အမြော်အမြင်ရှိစွာ လေအေးပေးစက် အပူချိန်ကို လျှော့ပေးလိုက်၏။

သူမ ထိုအိတ်ကို ဘေးဖယ်ထားလိုက်ကာ ဖုန်းထဲက King of glory ဂိမ်းကို ဖွင့်လိုက်တော့ ထူးဆန်းစွာပင် သူမရဲ့ ဂိမ်းဆော့ဖော်လေးက လိုင်းပေါ်မှာ ရှိမနေခဲ့။ သူမအတွက် “ အားတင်းထား ” တို့ ၊ “ ဆော့တာ အရမ်း တော်တယ် ” တို့ ဘယ်သူ ပြောပေးမှာလဲ။

ထိုဂိမ်းဆော့ဖော်လေးရဲ့ ID က ချစ်စရာကြောင်မလေး ဖြစ်၍ ရှန်းတန်က သူမကို မြောင်မြောင်လို့ အမြဲတမ်း ခေါ်ခဲ့သည်။

[ နင် ဘာလို့ ဒီနေ့ အွန်လိုင်းမတက်တာလဲ မြောင်မြောင်။ ]

တစ်ဖက်လူရဲ့ WeChat မှာ “ စာရိုက်နေသည် … ” ဟူသော စာတန်းလေး ပေါ်လာလျက် အချိန် အတော်ကြာ နောက်ဆုံးတွင်တော့ မက်ဆေ့ခ်ျ အရှည်ကြီး တစ်စောင်ကို ရှန်းတန် ဖတ်လိုက်ရသည်။

[ ဝူး ၊ ညီမ သဘောတူနေတဲ့ စုံတွဲလေးတော့ ကွဲသွားပြီး အစ်မမျောက်ရေ။ ညီမရဲ့ အစ်ကိုက ဘယ်ကကြည့်ကြည့် ညီမ ယောင်းမတော်ချင်တဲ့ မိန်းမလှလေးကို မမီတဲ့ မိန်းမကို အိမ်ခေါ်လာခဲ့တယ်။ အဲ့မိန်းမမှာ မျက်နှာလေး တစ်ခုက လွဲလို့ ကျန်တာ ဘာမှ မရှိဘူး။ ညီမအစ်ကိုက ဟိုမိန်းမလှလေးကို ဘယ်လောက်တောင် သဘောကျလဲ ဆိုတာ ညီမ သိတယ် ၊ သူမ ပြန်လာရင် လက်ထပ်ပါမယ်လို့တောင် က‌တိပေးထားတာ။ အခု အခြေအနေကို ညီမ လက်ခံပေးလို့ မရဘူး။ လက်ရှိ မိန်းမကို သူ သဘောမကျဘူး ဆိုတာ ညီမ သိပေမဲ့လည်း သူမှာ အမည်းစက် ရှိသွားပြီမို့လို့ ညီမရဲ့ မိန်းမလှလေး ပြန်လာ‌ရင်တောင် သူက သူမနဲ့ လုံလုံလောက်လောက် မထိုက်တန်တော့ဘူး။ အား .. ယောက်ျားတွေက ဘာလို့ ဒီလောက် အပြောင်းအလဲမြန်ရတာလဲ။ ]

ပျစ်ပျစ်နှစ်နှစ်ရှိသော အတင်းအဖျင်းကို ကြားလျှင် ရှန်းတန် ရုတ်တရက် ထိတ်လန့်သွားသည်။

ဒီဇာတ်လမ်းက နည်းနည်းလေး တူနေသလိုပါပဲလား။ ဒါပေမဲ့ အဲ့ဒါက အရေးမကြီးပါဘူးလေ။ ထားလိုက်ပါ။

ရှန်းတန် ချက်ချင်းပဲ ထိုင်ချကာ ဖုန်းကို တတောက်တောက် စတင် နှိပ်လိုက်သည်။

[ နင့်အစ်ကိုက ကောင်မလေး နှစ်ယောက်လုံးအပေါ် မကောင်းကြံတဲ့ တကယ့် လူယုတ်မာကောင်ပဲ။ ]

ပြောရင်း ပြောရင်း စကားဝိုင်းက ပိုလို့ အရှိန်ရလာသည်။ အဆုံးသတ်မှာတော့ မကောင်းတဲ့ ကောင်ကို သူတို့ နှစ်ယောက် အတူတူ ကျိန်ဆဲလိုက်ကြသည်။

နာရီ အချက်ပေးသံ မြည်တော့မှ ည ဆယ့်တစ်နာရီ ထိုးပြီ ဆိုတာ ရှန်းတန် သိသွား၏။ အိပ်ဖို့ အချိန်ကျပြီ။

ဒါပေမဲ့ သူမ တစ်စက်ကလေးတောင် မအိပ်ချင်မိဘဲ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ဖို့တောင် တက်ကြွနေပါသေးသည်။

လှမ်းကြည့်လိုက်တော့ သူမရဲ့ အပေါစား ခင်ပွန်းက အလုပ် လုပ်နေဆဲ။

သူက စက်ရုပ်လား။

သူ လုံးဝ မပင်ပန်းဘူးလား။

ရှန်းတန်က ခဏလောက် စဉ်းစားပြီးမှ အိမ်နေရင်း စီးသည့် ခြေညှပ်ဖိနပ် အပါးလေးကို စီးကာ နို့ တစ်ခွက်လောက် သောက်ရန် အောက်ထပ်ဆင်းခဲ့လိုက်သည်။

သူမ နွားနို့ယူပြီး အပေါ်ထပ် ပြန်တက်တော့မည့် အချိန်မှာပဲ လက် တစ်ဖက်က သူမရဲ့ နွားနို့ခွက်ကို ယူသွားကာ တစ်ထိုင်တည်း မော့သောက်ပစ်လိုက်လေသည်။ ပြီးတော့ နှုတ်ခမ်းထောင့်မှာ ပေနေသော နွားနို့စက်လေးတွေကိုတောင် ဖြည်းဖြည်းချင်း လျက်နေသေးသည်။

“ ကျေးဇူးပါ မရီး။ ကျွန်တော် ရေဆောနေမှန်း မရီး ဘယ်လိုလုပ် သိတာလဲ။ ”

ရှန်းတန် : “ … ”

“ ဒါက ကျွန်တော့်အစ်ကိုအတွက် ပြင်ထားတာများလား။ ကျွန်တော့်အစ်ကိုက ကော်ဖီပဲ သောက်တယ် ၊ နို့ မသောက်ဘူး ဆိုတာ မရီး မသိဘူးလား။ ”

ရှန်းတန် စိတ်ရှုပ်သွားကာ အကြိမ် အနည်းငယ်လောက် လက်ချောင်းတွေကို ကွေးလိုက် ၊ ဆန့်လိုက် လုပ်ပြီးမှ မျက်နှာတည်ဖြင့် ပြောလိုက်သည်။ “ ဘယ်သူက အဲ့လို ပြောလို့လဲ။ အဲ့ဒါက ကျွန်မ သောက်မလို့။ ”

“ အိုး ၊ ကျွန်တော် သိပြီ။ ”

သူ့အကြည့်က မရိုးသားဘူးဟု သူမ အမြဲတမ်း ခံစားနေရသည်။ ရှန်းတန်သည် နောက်ထပ် နွားနို့ တစ်ခွက် ထပ်ထည့်ပြီး အပေါ်ထပ် တက်လာခဲ့ချိန်ထိတိုင်အောင် သူ့ရဲ့ စူးရှတဲ့ အကြည့်က သူမဆီမှာ ကပ်ပါလာတယ် ဆိုတာကို ခံစားရသည်။ ထိုအကြည့်က သူမကို ကြက်သီးထစေပါသည်။

အခန်းထဲ ရောက်တော့ နွားနို့ခွက်ကို စားပွဲပေါ် တင်ပြီး စိတ်ထဲကနေ သက်ပြင်းမောလေး တစ်ချက် မှုတ်ထုတ်လိုက်သည်။

“ ဘာဖြစ်လာတာလဲ။ ” ကုဟွိုင်အန်းက သူ့နှာခေါင်းပေါ်က ကိုင်းပျောက်မျက်မှန်လေးကို ပင့်တင်းရမ်း လှမ်းကြည့်သည်။

ရှန်းတန်က သူ့ကို မကျေမချမ်း ကြည့်လိုက်သည်။

“ ဘာမှ မဖြစ်ဘူး။ ”

[ ရှင့်ညီက ကျွန်မကို ဖြားယောင်းချင်နေတဲ့ပုံပဲလို့ ကျွန်မ ပြောသင့်လို့လား။ ]

[ သူ ကျွန်မကို ကြိုက်နေတယ်လို့ ပြောရင်လည်း အဲ့ဒါက သေချာပေါက် မဖြစ်နိုင်တဲ့ ကိစ္စပဲလေ။ ရှင့်ညီမှာ အကြံအစည် တစ်ခုခုတော့ သေချာပေါက် ရှိနေလိမ့်မယ်။ အဲ့လူယုတ်မာက သိပ်ယုတ်မာတာ။ ]

[ နှစ်သန်း ၊ နှစ်သန်း ၊ နှစ်သန်း ၊ နှစ်သန်း။ ဟဲဟဲ ၊ ဘယ်သူမှ ငါ ပိုက်ဆံရှာမှာကို မတားဆီးနိုင်ဘူး။ ]

ကုဟွိုင်အန်း : “ … ”

တကယ့်ကို ဒေါ်ငွေခင်ပဲ။

ကုဟွိုင်အန်းသည် ရှန်းတန်ရဲ့ စိတ်ထဲက အသံတွေကို သူ ကြားနိုင်မှန်း နားလည်သွားချိန်မှ စ၍ သူ့ဘဝကို သံသယဖြစ်နေခဲ့သည်။

သူ တကယ်ကြီး အချိန်ကူးပြောင်းလာတာလားလို့တောင် စတင် မေးခွန်းထုတ်မိလေသည်။ သူ့အရင်ဘဝတုန်းက အဖြစ်အပျက်တွေကရော တကယ် ဖြစ်ခဲ့တာလား။ မဟုတ်ရင် လူ တစ်ယောက် အဲ့လောက်ထိ ဘယ်လိုလုပ် ပြောင်းလဲသွားနိုင်မှာလဲ။

သူ မျက်လုံးမှိတ်ပြီး တဒင်္ဂ အတွေးတွေ အကုန်လုံးကို ဖုံးကွယ်ထားလိုက်သည်။

ကုစံအိမ်တော်မှာ တစ်ညပဲ အိပ်ခဲ့ကာ နောက်တစ်နေ့ မနက်စောစောတွင် သူတို့ နှစ်ယောက်လုံး ပြန်လာခဲ့ကြသည်။

ဝေလီဝေလင်း အချိန်မို့ လူတွေ အများကြီး မရှိပါ။

ဒါပေမဲ့ သခင်မကြီးကု ကြိုတင် ပြင်ဆင်ထားသော လက်ဆောင်ကြီး ၊ လက်ဆောင်လေးတွေကတော့ ရှန်းတန်ကို ဝမ်းနည်းသွားစေခဲ့သည်။

ပြောရရင် သူမက တကယ် လက်ထပ်ထားတာ မဟုတ်ဘူးလေ။

ထို့ကြောင့် သခင်မကြီးကုက သူမ ပိုင်ဆိုင်သော ပစ္စည်းတွေကို လက်ဆင့်ကမ်း လွှဲပြောင်းပေးချိန်မှာ သူမ အတော်လေး တွန့်ဆုတ်နေမိသည်။

ရှန်းတန်သည် သူမရဲ့ ရင်ဘတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ခံစားရလွန်းလို့ ငိုချမိတော့မလိုတောင် ဖြစ်သွားခဲ့လေသည်။

ကုဟွိုင်အန်းက သူမကို စောင်းငဲ့ ကြည့်သည်။ ပျော့ညံ့လိုက်တာ။

“ မင်းကို ပေးလိုက်တာနဲ့ မင်းပစ္စည်း ဖြစ်သွားပြီ။ ယူမှာသာ ယူပါ။ ”

ရှန်းတန် အပျော်လွန်သွား၏။ “ တကယ်လား။ ”

“ အေး။ ”

“ ဟီးဟီး။ ကျေးဇူးပါ သကြားဖေဖေ။ ”

ကုဟွိုင်အန်း : “ … ” သကြားဖေဖေ ဆိုတာ ဘယ်လို အခေါ်အဝေါ်ကြီးလဲ။

ထင်ထားသလိုပင် ၊ စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးတွေက သိပ်ကို ရက်ရောသည်။

ရှန်းတန် စိတ်ထဲမှာ ကျိတ်ပျော်သွားကာ ဒီလက်ဆောင်ပစ္စည်းတွေကို ရောင်းပစ်လိုက်ရင် ပိုက်ဆံ ဘယ်လောက် ရမလဲ ဆိုတာ စတင် တွက်ချက်နေတော့သည်။

သို့သော် သူမရဲ့ ပျော်ရွှင်မှုက ကြာရှည်မခံလိုက်ပါ။ အိမ်ကို ပြန်မရောက်သေးခင်မှာပဲ သူမရဲ့ အေးဂျင့် အစ်ကိုဝမ်က အလုပ်ရှိကြောင်း ဖုန်းလှမ်းဆက်သည်။

ဒီတစ်ခေါက် အလုပ်က လူသုံးကုန်ပစ္စည်းတွေကို နာမည်ကြီး ဘလော့ဂါ တစ်ယောက်နှင့်အတူ ပရိုမိုးရှင်းဆင်းပေးရမှာ ဖြစ်သည်။

သူမက နာမည်ကြီး အနုပညာရှင် တစ်ယောက် ဆိုသော်လည်း နာမည်ဆိုးနှင့် ကျော်ကြားတာမို့ အခြေခံအားဖြင့် အလုပ်ကောင်းကောင်းတွေကို မရဘဲ လူပြောများ ရေပန်စားမှုကိုသာ မှီခိုရသည်။

သို့သော်လည်း ရေပန်းစားလေ ၊ လူတွေက သူမကို မကြိုက်ကြလေပါပဲ။ ရက်စက်တဲ့ သံသရာစက်ဝန်းက အဲ့ဒီလို လည်ပတ်နေတာပါ။

ထိုအလုပ်ကို ရှန်းတန် အမှန်တကယ် ငြင်းဆန်ချင်သည်။

မူရင်းစာအုပ်ထဲမှာ ဒီလို အဖြစ်အပျက်မျိုး ဖြစ်ဖူးတယ် ဆိုတာကို သူမ မမေ့သေးပေ။ ကုမ္ပဏီက စီစဉ်ထားတဲ့ ကုန်ပစ္စည်းတွေကို သူမ အလွန်အကျူး အမွှန်းတင်ခဲ့သဖြင့် လူတွေက အရည်အသွေးမကောင်းတဲ့ အသီးတွေ ၊ အထူးသဖြင့် အရည်အသွေးမကောင်းတဲ့ ဒူးရင်းသီးတွေကို သွားဝယ်ခဲ့ကြသည်။ ဈေးကြီးရုံသာမက ပုပ်နေတဲ့ အသီးတွေ ၊ နာနေတဲ့ အသီးတွေကလည်း အများကြီးမို့ သူမလည်း ဆိုးဆိုးဝါးဝါး ကြိမ်းမောင်းဆဲဆိုခံခဲ့ရပါသည်။

ဒါပေမဲ့ အကြောင်းပြချက်မရှိ ငြင်းပယ်တာက နားမလည်နိုင်စရာကောင်း၏။ တစ်ဖက်လူက ပိုက်ဆံ အများကြီး ပေးထားသဖြင့် ကုမ္ပဏီကလည်း သူမကို ငြင်းပယ်ခွင့်ပြုမှာ မဟုတ်။ ပြီးတော့ သူမ ဒီအခွင့်အရေးကို အသုံးချကာ ဝယ်သူတွေကို သတိပေးလို့ ရသည်။

“ ဟို … ရှင် ကျွန်မကို ကုမ္ပဏီကို လိုက်ပို့ပေးလို့ ရမလားဟင်။ ”

“ ရတယ်။ ”

ကုဟွိုင်အန်း ပြောလိုက်သည်နှင့် ဒရိုင်ဘာကလည်း ကားကို တစ်ဖက်သို့ ချိုးကွေ့သွားသည်။

ရှန်းတန်းက သူမရဲ့ ဖုန်းကို ဖွင့်ပြီး အစ်ကိုဝမ် ပို့ထားတဲ့ အချက်အလက်တွေကို ကြည့်လိုက်သည်။ ဒီတိုက်ရိုက်ထုတ်လွှင့်မှု ပရိုမိုးရှင်းရဲ့ ပုံစံက လယ်သမားတွေကို ကူညီပြ သူတို့ရဲ့ မရောင်းရတဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေကို ကူရောင်းပေးရမှာ ဖြစ်သည်။

ရည်ရွယ်ချက်က ကောင်းသော်လည်း ရောင်းချသူနှင့် ဝယ်သူကြားမှာ ကုန်ပစ္စည်းကို ကိုင်တွယ်ထားတဲ့ ကြားလူ ( ပွဲစား ) တွေကတော့ အလွန် ယုတ်မာလေသည်။

စာအုပ်ထဲမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေကို ပြန်တွေးကြည့်ပြီး တိုက်ရိုက် ထုတ်လွှင့်နေစဉ်အတွင်း အပေါ်ယံ နှမ်းဖြူးရုံလောက်သာ လုပ်ကာ နောက်ခံအနေဖြင့်သာ ရှိနေဖို့ ရှန်းတန် ဆုံးဖြတ်လိုက်သည်။

သို့သော် သူမဘေးမှာ ထိုင်နေသူရဲ့ မျက်နှာက တဖြည်းဖြည်း တည်ငြိမ်လေးနက်လာတာကိုတော့ သူမ သတိမထားမိလိုက်ပေ။

အပေါ်ယံမှာသာ ဟန်မပျက် တည်ငြိမ်နေသော်လည်း စိတ်ထဲမှာတော့ အတွေးတွေ ဗလောင်ဆူနေသော ကုဟွိုင်အန်းက ရှန်းတန်ကို မသိမသာ ကြည့်လိုက်သည်။

သူမ ဘာတွေ တွေးနေတာလဲ။

စာအုပ်ထဲမှာ ပါတယ် ဆိုတာ ဘာကို ပြောချင်တာလဲ။

အဖြေက သူ့ရှေ့တင်ရယ်ပါ။ နည်းနည်းလောက် ထိတွေ့ကြည့်ရုံဖြင့် သူ သိနိုင်မှာ ဖြစ်သော်လည်း ကုဟွိုင်အန်း ရှေ့ဆက် မတွေးရဲပါ။

ဒရိုင်ဘာရဲ့ စကားကို ကြားတော့မှ ကုဟွိုင်အန်း ပြန်သတိဝင်လာသည်။

အဲ့ဒီတော့မှ ရှန်းတန်လည်း ကားပေါ်မှာ မရှိတော့ပြီ ဖြစ်ကာ သူလည်း ကုမ္ပဏီရောက်နေပြီ ဆိုတာကို သဘောပေါက်သွား၏။

သူ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်ကာ မျက်ခုံးတွေကို လက်ညိုး ၊ လက်မဖြင့် ဖျစ်ညှစ်လိုက်ပြီးနောက် ကုမ္ပဏီထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားလိုက်လေသည်။

အမှန်တရားက ဘယ်လိုပဲ ဖြစ်နေပါစေ ၊ လုပ်စရာရှိတဲ့ အလုပ်ကိုတော့ လုပ်ရပါမည်။

မှန်ပါသည်။ စီးပွားရေးလုပ်ငန်းရှင် သူဌေး တစ်ယောက် ဆိုလျှင်တောင် သူ လုပ်ချင်တဲ့ အရာကို လုပ်ချင်တိုင်း လုပ်လို့ မရပေ။

အခန်း ( ၈ ) - နင် ဘယ်စိတ်ကျန်းမာရေးဆေးရုံကနေ လွတ်လာတာလဲ … ။

အခြားတစ်ဖက်၌ ရှန်းတန်က ကုမ္ပဏီကို သွားသော်လည်း အစ်ကိုဝမ်ကို မတွေ့ရဘဲ ယွမ်ယွမ် တစ်ယောက်တည်းကိုသာ တွေ့လိုက်ရသည်။

“ အစ်ကိုဝမ် ဘယ်မှာလဲ။ ”

ယွမ်ယွမ်က သေချာလေး ရှင်းပြသည်။ “ အစ်ကိုဝမ်က အခုတလော ဝန်ထမ်းတွေကို လေ့ကျင့်ပေးရင်းနဲ့ အလုပ်ရှုပ်နေတာရယ်။ ”

ရှန်းတန် မျက်မှောင်ကြုတ်လိုက်သည်။ နစ်နာသူတွေ ထပ်တိုးလာပြန်ပြီပဲ။

“ အစ်မတန်တန် … ”

“ ငါ အဆင်ပြေပါတယ်။ ဝန်ထမ်းသစ်တွေအတွက် နည်းနည်းလေး ခေါင်းကိုက်သွားလို့ပါ။ ”

ယွမ်ယွမ် : “ … ”

အစ်ကိုဝမ်က ဘယ်လို လူမျိုးလဲ ဆိုတာ လူတိုင်း သိသည်။

“ သွားရအောင်။ အလုပ် သွားလုပ်ကြမယ်။ ”

“ ဟုတ်ကဲ့။ ”

စတူဒီယိုကို ဆယ်မိနစ် စောရောက်သွားသော ရှန်းတန်သည် လူတွေ အရှေ့အနောက် ပတ်ခြံရံထားတဲ့ အစီအစဉ်တင်ဆက်သူ အမျိုးသား လျှောက်ဝင်လာတာကို နာရီဝက်ကျော် စောင့်လိုက်ရသည်။

သူက ခေါင်းမော့ထားကာ ရှန်းတန်ကို ပြီးစလွယ် နှုတ်ဆက်ပြီးနောက် စတင် မိတ်ကပ်လိမ်းခြယ်လေတော့သည်။ တစ်ချက် တစ်ချက်တွင် သူ့လက်သူကြွယ်ကို မိန်းကလေးကဲသို့ တွန့်ကွေး၍ မိတ်ကပ်ဆရာကို ဇီဇာကြောင်စွာ ဟိုခိုင်း ဒီခိုင်း လုပ်နေ၏။

ရှန်းတန် : “ … ”

ဒါက တကယ့်ကို သောက်မြင်ကတ်ချင်စရာကောင်းတာပါပဲလား။ ရှန်းတန် တစ်ယောက် အခုတော့ မျက်လုံးကျယ်သွားပြီ ဖြစ်သည်။

နင် ပိုက်ဆံမရှာချင်ရင်လည်း ဒီကို အစကတည်းက မလာခဲ့သင့်ဘူးဟု ကိုယ့်ကိုယ်ကိုယ် ပြန်ပြောလိုက်သည်။

တရားဝင် တိုက်ရိုက်ထုတ်လွှင့်မှု စတင်ချိန်မှာ ပရိသတ်တွေက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ စောင့်နေတာ အချိန် အတော်ကြာခဲ့ပြီ ဖြစ်သည်။

တိုက်ရိုက် ထုတ်လွှင့်မှာကို ဖွင့်လိုက်သည်နှင့် အစီအစဉ်တင်ဆက်သူ အမျိုးသားက ခုနတုန်းကလို ဆောင့်ကြွားကြွား အမူအရာ တစ်စက်ကလေးတောင် မရှိတော့ဘဲ တခြား လူ အသစ် တစ်ယောက်လို ပြောင်းလဲသွားသည်။

သူ မျက်မှောင်ကြုတ်ပြီး အောက်နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်လိုက်၏။ “ ဒီနေ့ ကိစ္စ တစ်ခု ပေါ်လာလို့ နောက်ကျသွားတာနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုလည်း နောက်ကျသွားတယ်။ ကျွန်တော် တကယ် တောင်းပန်ပါတယ် ဘေဘီလေးတို့ရယ်။ ဒီလို လုပ်ရအောင်လေ ၊ လူတိုင်းကို အလျော်ပေးတဲ့အနေနဲ့ ကံစမ်းမဲ တချို့ ပြင်ထားလိုက်မယ်။ အဆင်ပြေလား။ ”

[ မျက်မှောင်ကြီး မကြုတ်ပါနဲ့ ယောက်ျားရေ ၊ အဲ့ဒါက မိန်းမကို စိတ်ပူစေတယ်။ ]

[ နောက်မကျဘူး နောက်မကျဘူး။ အချိန်ကိုက်ပဲ။ ]

ရှန်းတန် : “ … ”

အစီအစဉ်တင်ဆက်သူ အမျိုးသားက အဖွင့်အနေဖြင့် နှုတ်ဆက်ပြိးသွားသောအခါ ရှန်းတန်ကလည်း နှုတ်ဆက်လိုက်သည်။ “ အားလုံးပဲ မင်္ဂလာပါ။ ကျွန်မက ရှန်းတန် ဖြစ်ပါတယ်။ ”

Filter တွေ ဆယ်ခုတောင် ထည့်ထားသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုထဲက ရှန်းတန်ရဲ့ မေးစေ့ဟာ လူ တစ်ယောက်ကို သတ်နိုင်လောက်အောင်ပင် ချွန်မြနေခဲ့သည်။

သူမကို ပျစ်ပျစ်နှစ်နှစ် ပြောဆိုထားတဲ့ ကွန်းမန့်တွေကို ကြည့်လိုက်တော့ တကယ့်ကို ဆိုးဆိုးဝါးဝါးတွေချည်း။

[ ရှန်းတန်က ပလတ်စတစ်ဆာဂျရီ လုပ်ထားတဲ့ မိန်းမ တစ်ယောက်ပဲ ဆိုတာ ခိုင်လုံတဲ့ သက်သေရပြီ။ ]

[ အဖွဲ့ကတော့ သူမရဲ့ ပြိုင်ဖက်ကင်းတဲ့ အလှတရားအကြောင်း ဆက်တိုက် ပြောနေကြတုန်းပဲ။ ငါ အူတက်သေတော့မယ်။ ]

[ တိုက်ရိုက်ထုတ်လွှင့်မှုထဲကို မကောင်းတဲ့ အနုပညာရှင် တစ်ယောက် ရောက်လာတယ်လို့ ငါ ကြားထားတယ်။ သူမကို ဘယ်သူက ဆက်ပြီး လိမ်ညာချင်ဦးမှာလဲ။ ]

[ လခွမ်း ၊ နောက်လာမယ့် ထိပ်တန်း ရေပန်းစားမှုစာရင်းကို ငါ အခုကတည်းက ခန့်မှန်းလို့ ရနေပြီ။ အစ်ကိုကတော့ ထပ်ပြီး အလိမ်ခံရတော့မယ်။ ]

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ ရှန်းတန်ကို ဆန့်ကျင်မုန်းတီးသူတွေ ပြည့်နှက်သွားကာ ချက်ချင်းပဲ နာမည်ကြီးလာခဲ့သည်။

ရှန်းတန်ကတော့ ကွန်းမန့်တွေထဲမှာ အကြိမ်းမောင်းခံနေရတာ သူမ မဟုတ်သလိုပင် ပရော်ဖက်ရှင်နယ် အပြုံး တစ်ခုဖြင့် အပြုံးမပျက် ရပ်နေခဲ့သည်။

ဒီတိုက်ရိုက်ထုတ်လွှင့်မှုရဲ့ မစ်ရှင်က ဝေးလံခေါင်ဖျားတဲ့ တောင်တန်းဒေသတွေမှာ သစ်သီးတွေ အများကြီး သိုလှောင်ထားတဲ့ လယ်သမားတွေရဲ့ ပြဿနာကို ကူညီဖြေရှင်းပေးပြီး ကြည့်ရှုသူတွေရဲ့ ဈေးခြင်းတောင်းထဲမှာ စိုက်ပျိုးရေးထွက်ကုန်တွေ ပြည့်လျှံသွားအောင် လုပ်ရမှာပဲ ဖြစ်သည်။

တကယ်လို့ ဝတ္ထုကိုသာ ဖတ်မထားလျှင် ရှန်းတန်လည်း အဲ့ဒါကို ယုံကြည်သွားမှာပင်။

လယ်သမားတွေကို ကူညီခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အစီအစဉ်တင်ဆက်သူ အမျိုးသားရဲ့ အဖွဲ့က သစ်သီးတွေကို လယ်သမားတွေထံမှ ဈေးနှိမ်၍ ဝယ်ထားကာ မတန်တဆ ဈေးတင်၍ ပြန်ရောင်းနေကြသည်။ အဆုံးသတ်မှာတော့ လယ်သမားတွေလည်း ဘာပိုက်ဆံမှ မရဘဲ ရသမျှ ပိုက်ဆံတွေ အကုန်လုံး သူ့အိတ်ကပ်ထဲသာ ဝင်သွားတာ ဖြစ်သည်။

ရှန်းတန်က စားပွဲပေါ်မှာ အကောင်းဆုံး မျက်နှာပန်းလှစေရန်အတွက် ရွေးချယ် ခင်းကျင်းထားသော သစ်သီး အလုံး လှလှတွေကို ကြည့်လိုက်သည်။

သူမက မက်မွန်သီး တစ်လုံးကို ယူကာ ဒီတိုင်း လက်ဖြင့်ပင် ခွဲလျက် တစ်ကိုက် ကိုက်ကြည့်လိုက်၏။ အရသာက ကြွပ်ဆတ်ချိုမြနေသည်။ သူမ အကြိုက်ဆုံး အရသာပဲ။

အစီအစဉ်တင်ဆက်သူ အမျိုးသားဟာ ပါးစပ်က အမြုပ်ထွက်မတတ် ပြောရင်း ၊ ကုန်ပစ္စည်းတွေကို ပရိုမိုးရှင်းဆင်းရင်း အလုပ်ရှုပ်နေစဉ်မှာ ရှန်းတန်ကတော့ ဘေးမှာ ထိုင်ပြီး သစ်သီးတွေကို ဖြည်းဖြည်းချင်း စားနေခဲ့သည်။ သူမ စားနေပုံက အားရပါးရမို့ ကြည့်ရှုသူတွေဟာ သူမကို ကြည့်ရုံနှင့် သွားရည်ယိုလာကြလေသည်။

[ ရှန်းတန်က အားရပါးရ စားနေတာလို့ ပြောရမယ်။ ]

[ ဝယ်မယ်ဟေ့။ ဝယ်ပြီးမှ စားမကောင်းရင်တော့ ငါ မင်းတို့ကို ဝေ့ပေါ်မှာ ဆဲမှာနော်။ ]

ရှန်းတန် : “ ??? ”

“ ရှင်တို့ ဝယ်ပြီးမှ စားမကောင်းရင် အစီအစဉ်တင်ဆက်သူ အစ်ကို့ကိုလည်း ဆဲလို့ ရပါတယ်။ ”

အစီအစဉ်တင်ဆက်သူ အမျိုးသား : “ … ”

[ နင် စားနေသလိုမျိုး တစ်ပုံစံတည်း အသီးတွေကို ဝယ်ရမယ် ဆိုရင်တော့ ငါ အခုချက်ချင်း အော်ဒါတင်ပစ်မယ်။ ]

ရှန်းတန်ရဲ့ စိတ်ထဲမှာ လှုပ်ခတ်သွားပြီး ပြောလိုက်သည်။ “ သစ်သီးတွေ လှောင်ထားတဲ့ ကုန်လှောင်ရုံဆီ လူတိုင်းကို ခေါ်သွားရင် ကောင်းမလားဟင်။ အစီအစဉ်တင်ဆက်သူ အမျိုးသားက နာမည်ကြီး အစီအစဉ်တင်ဆက်သူ တစ်ယောက် ဆိုတာလည်း ရှင်တို့ အားလုံး သိတာပဲ ၊ သူက မကောင်းတဲ့ အသီးတွေကို အရည်အသွေးပြည့်မီတဲ့ အသီးတွေပါလို့ နာမည်တပ်ပြီး ညံ့ဖျင်းတဲ့ လုပ်ရပ်မျိုး လုပ်မှာ မဟုတ်ဘူးလို့ ကျွန်မတော့ ထင်တယ်။ ”

ထိုစကားက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲက လူတွေကို သတိဝင်သွားစေခဲ့သည်။ သူတို့ထဲမှ အများစုက လယ်သမားတွေကို ကူညီချင်တာမို့ သစ်သီး ကုန်လှောင်ရုံကို မျက်မြင် တွေ့နိုင်ခြင်းက အကောင်းဆုံး ဖြစ်သည်။

ဆန့်ကျင်မုန်းတီးသူတွေကတောင် ဘာမှ မကန့်ကွက်ကြပေ။

အစီအစဉ်တင်ဆက်သူ အမျိုးသား : “ ??? ”

“ ခဏ နေပါဦး။ ”

ကိစ္စတွေက ဘယ်လိုလုပ် စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာရတာလဲ။

ရှန်းတန်က တမင် မေးလိုက်သည်။ “ ဘာလဲ။ ရှင် လူတိုင်းကို မမြင်စေချင်ဘူးလား။ ”

အစီအစဉ်တင်ဆက်သူ အမျိုးသားက အံ့ဩသလို ဟန်ဆောင်လိုက်သည်။ “ မင်း ဘာလို့ အဲ့လို ထင်ရတာလဲ။ သစ်သီး ကုန်လှောင်ရုံထဲမှာ တအား အလုပ်ရှုပ်နေကြတာ ၊ ငါတို့ သွားလည်း အဲ့မှာ အလုပ် လုပ်နေတဲ့ လူတွေကို နှောင့်ယှက်ရုံပဲ ရှိလိမ့်မယ်။ ပြီးတော့ အသီးတွေကို လတ်ဆတ်အောင် ထားဖို့အတွက် အဲ့မှာ ရှိတဲ့ အပူချိန်ကိုလည်း လျှော့ထားရတာ။ မင်းတို့ အဲ့ကို သွားရင် အအေးမိလိမ့်မယ်။ အဆင်‌ပြေမှာ မဟုတ်ဘူး။ ”

[ ဝါး ၊ အစ်ကိုက အရမ်း စေ့စေ့စပ်စပ် တွေးပေးတတ်တာပဲ။ ]

[ နေပါဦး ၊ တစ်ခုခု မူမမှန်ဘူးလို့ ခံစားနေရတာ ငါ တစ်ယောက်တည်းလား။ ]

“ ကျွန်မ သိပြီ။ ဒါဆို အဲ့ဒီလို သဘောပေါ့နော်။ ကျွန်မက ကုန်လှောင်ရုံထဲမှာ ရှင် လူအသိမခံရဲတဲ့ ရှက်စရာ ကိစ္စတွေ ရှိနေမယ်လို့ ထင်ထားတာ။ ”

အစီအစဉ်တင်ဆက်သူ အမျိုးသားရဲ့ နှလုံးသာထဲမှာ ဒိန်းခနဲ တုန်လှုပ်သွားလျက် ဒီတိုင်း ဘာရယ်မဟုတ် ပြောလိုက်ပုံပေါ်သည့် ရှန်းတန်ရဲ့ ဘာသဘောမှ မပါသလို ဖြူဖြူစင်စင် မျက်လုံးတွေကို ကြည့်လိုက်သည်။

သူ နောက်ထပ် စကား သုံး ၊ လေးခွန်းလောက်ကို လေပြည်အေးလေးဖြင့် ပြောကာ ရှင်းပြပြီးနောက် စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။

လူ တချို့က သံသယရှိနေဆဲ ဖြစ်သော်လည်း အစီအစဉ်တင်ဆက်သူ အမျိုးသားရဲ့ ပရိသတ်တွေက များလွန်းသောကြောင့် သူတို့ရဲ့ ကွန်းမန့်တွေဟာ အရာရာတိုင်းကို ဖုံးအုပ်သွား၏။

[ မင်းတို့ မဝယ်ဘူး ဆိုရင်လည်း ထွက်သွားလိုက်တော့။ ဒါက အစကတည်းက လယ်သမားတွေကို ကူညီဖို့ လုပ်နေတာ။ ဒီအလုပ်ကနေ ပိုက်ဆံရှာနိုင်မယ်လို့ မင်း ထင်နေတာလား။ ]

[ ဟုတ်တယ်။ အစ်ကို့ရဲ့ ရည်ရွယ်ချက်တွေက ရိုးသားတယ် ၊ အစ်ကိုက ကြင်လည်း ကြင်နာတတ်တယ်။ အဲ့ဒါနဲ့တောင် ဒီလို သံသယဝင်ရဲသေးတဲ့ နင်တို့ကို တကယ် ဘာမှ မပြောနိုင်လောက်အောင်ပဲ။ ]

ကုန်လှောင်ရုံကို မြင်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်မှန်း ရှန်းတန် သိပါသည်။ လူတိုင်းကို နည်းနည်းလေးပဲဖြစ်ဖြစ် သတိပေးချင်ရုံပါ။

အမှန်တရားကို ဘယ်လို ထုတ်ဖော်ရမလဲ ဆိုတာ သူမ စဉ်းစားနေမိသည်။ အခွင့်အရေး အမြန် ရလာလိမ့်မယ်လို့တော့ မျှော်လင့်မထားခဲ့ပေ။

ထို့နောက် သူတို့ ဒူးရင်းသီးတွေဘက် လှည့်လိုက်သည်။ အစီအစဉ်တင်ဆက်သူ အမျိုးသားက ခွဲပြီးသား ဒူးရင်းသီး တစ်လုံးကို ယူကာ အထဲက အသားပြည့်နေသော အသီးမွှာ အကြီးကြီးတွေကို ပြလိုက်လေသည်။

သူက ရှန်းတန်ကို ဒူးရင်းသီး တစ်မွှာ လှမ်းပေးသည်။ “ မိန်းကလေးရှန်းရော ဒူးရင်းသီးကြိုက်လား။ ”

ရှန်းတန်က သူ ပေးတာကို မယူဘဲ သူမရဲ့ မျက်နှာ အမူအရာက ရှုံ့မဲ့မဲ့လေး ဖြစ်သွားသည်။

အဲ့ဒါကို မြင်တော့ အစီအစဉ်တင်ဆက်သူ အမျိုးသားရဲ့ နှုတ်ခမ်းတွေက အနည်းငယ် ကော့တက်သွားသည်။ “ မရှက်ပါနဲ့ မိန်းကလေးရှန်းရဲ့။ ဒူးရင်းသီးက အနံ့ဆိုးပေမဲ့ အရသာရှိတယ်ဗျ။ ”

ရှန်းတန်ကတော့ ဘာကြောင့်မှန်းမသိ တုံ့ဆိုင်းနေခဲ့သည်။ “ ကျွန်မ ဒူးရင်းသီး မကြိုက်တာ မဟုတ်ပါဘူး။ ”

“ ရှင့်လက်ထဲကို ဒူးရင်းသီး အမွှာကိုပဲ မစားချင်ရုံပါ။ ” ရှန်းတန်က ရိုးသားစွာ ပြောလိုက်သည်။

အစီအစဉ်တင်ဆက်သူ အမျိုးသားရဲ့ မျက်နှာပေါ်က အပြုံးဟာ အနည်းငယ် လျော့ရဲသွားသည်။

“ ကျွန်မ ရှင်းပြပါရစေ။ ကျွန်မ ရှင့်ကို ကန့်လန့်တိုက်နေတာ မဟုတ်ပါဘူး ၊ ဒူးရင်းသီးကိုပဲ မစားချင်လို့ပါ။ အဲ့လောက် အကျယ်ကြီး ခွဲထားတဲ့ ဒူးရင်းသီးတွေထဲကို ပိုးဟပ်တွေ ၊ ကြွက်တွေ ဝင်ထားရင်ရော ဘယ်သူ သိမှာလဲ။ ကျွန်မ တကယ် မစားရဲလို့ပါ။ ”

[ !!! ]

[ သောက်ကျိုးနည်း။ သူ ပြောတာ ဟုတ်တယ်။ ]

အစီအစဉ်တင်ဆက်သူ အမျိုးသားက အလောတကြီး ရှင်းပြသည်။ “ စိတ်မပူပါနဲ့ ဘေဘီလေးတို့ရယ်။ ကုန်လှောင်ရုံက သိပ်ကို သန့်ရှင်းပါတယ်။ ကျွန်တော်တို့မှာ ကုန်ပစ္စည်းတွေကို ကျန်းမာရေးနဲ့ ညီညွှတ်အောင် သေသေချာချာ ထိန်းသိမ်းထားတာပါ။ ဘာပိုးဟပ် ၊ ဘာကြွက်မှ မရှိဘူး။ ”

ရှန်းတန်က နားလည်သွသလို ခေါင်းညိတ်ပြပြီး မျှော်လင့်ချက်တွေ ပြည့်နှက်နေသော မျက်လုံးများဖြင့် ထိုဒူးရင်းသီးမွှာကို သူ့ပါးစပ်နား တေ့ပေးလိုက်လေသည်။ “ ကျွန်မ နားလည်ပါပြီ။ ဒါဆို ရှင် စားပြပါလားဟင်။ ”

အစီအစဉ်တင်ဆက်သူ အမျိုးသား : “ … ”

မင်းက အဆိပ်ပြင်းလိုက်တာ။

အဆုံးသတ်မှာဝောာ့ ထိုဒူးရင်းသီးကို သူလည်း မစားခဲ့ဘဲ လက်ထောက် တစ်ယောက်ကသာ စားလိုက်ရသည်။

ထိုလက်ထောက်က မကြာသေးခင်တုန်းကမှ ကောလိပ်ကနေ ပူပူနွေးနွေး ဘွဲ့ရထားတာ ဖြစ်ကာ အပြုံးတု တစ်ခုကို ပြုံးတယ် ဆိုရုံလေး ဟန်လုပ် ပြုံးနိုင်ရှာသည်။ ထိုအပြုံးက လူတချို့အား ကုန်လှောင်‌ရုံက တကယ်ရော သန့်ရှင်းရဲ့လား ဟူ၍ သံသယဝင်သွားစေခဲ့သည်။

အကျဉ်းချုံ့ ပြောရလျှင်တော့ ရှန်းတန်ရဲ့ အကြံအစည်တွေက ဒူးရင်းသီး ရောင်းအားကို ထိထိရောက်ရောက် ပျက်စီးစေခဲ့ပါသည်။

တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားသည်နှင့် အစီအစဉ်တင်ဆက်သူ အမျိုးသားရဲ့ မျက်နှာက ချက်ချင်း မှောင်မည်းသွားသည်။

“ ကျွန်တော် မိန်းကလေးရှန်းအပေါ် တစ်ခုခုများ စော်ကားမိလို့လား။ ”

ရှန်းတန်က အပြစ်ကင်းသလို ပုံစံလေး ဖမ်းနေလိုက်သည်။ “ ဟင့်အင်း ၊ ရှင် ဘာလို့ အဲ့လို ပြောတာလဲ။ ”

“ မင်း အခု တမင်သက်သက် လုပ်လိုက်တာလေ။ ”

ရှန်းတန်က အံ့ဩသွားသည့် အမူအရာလေးဖြင့် ပါးစပ်ကို လက်နှင့် အုပ်လိုက်လေသည်။ “ ကျွန်မ ဘာပြောမိလို့လဲဟင်။ တောင်းပန်ပါတယ်နော် ၊ တိုက်ရိုက်ထုတ်လွှင့်ပြီး ဈေးရောင်းဖူးတာ ဒါ ပထမဆုံးအကြိမ် ဆိုတော့ လုပ်ငန်းသဘောကို ကျွန်မ သိပ်နားမလည်ဘူး ဖြစ်သွားတယ်။ ”

သူမ အဲ့ဒီလို ဟန်ဆောင်နေတာကို မြင်တော့ အစီအစဉ်တင်ဆက်သူ အမျိုးသားက ပိုလို့တောင် ဒေါသထွက်သွားကာ သူမကို လက်ညိုးထိုး၍ အော်ပစ်လိုက်သည်။ “ မင်း စောင့်နေလိုက်။ ”

“ အမယ်လေး ၊ ကျွန်မ ကြောက်လိုက်တာရှင်။ ” ရှန်းတန်ကတော့ လူတွေအပေါ် အမှားကျူးလွန်မိလား ၊ ဘာလား ဆိုတာ ဂရုမစိုက်ပေ။ ဘာပဲဖြစ်ဖြစ် သူမက မကြာခင်မှာ ဒီလောကထဲကနေ အငြိမ်းစားယူပြီး ပျော်ရွှင်စရာ ဘဝသစ် တစ်ခုကို စတင်တော့မှာ ဖြစ်သည်။

ဒါပေမဲ့ ဒါက သူမ လုပ်နိုင်သလောက် အတိုင်းအတာပါပဲ။ အပွင့်လင်းဆုံး ပြောရရင် သူမက အစီအစဉ်တင်ဆက်သူ အမျိုးသားလောက် ပရိသတ်မတောင့်ပေ။

အမှိုက်ဆန်လွန်းတယ် ၊ တကယ့်ကို အမှိုက်ကောင်။

အစီအစဉ်တင်ဆက်သူ အမျိုးသားသည် နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်‌လာတဲ့အထိ ဒေါသထွက်သွားခဲ့သည်။ နင် ဘယ်စိတ်ကျန်းမာရေးဆေးရုံကနေ လွတ်လာတာလဲ … ။

All Chapters