← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း ( ၉ ) - မြင်းကောင်းမြင်းသန့်တွေက သူတို့ စွန့်ပစ်လိုက်တဲ့ အစားအစာတွေကို ဘာလို့ ပြန်မစားလဲ သိလား။

အိမ်အပြန်လမ်းတွင် ရှန်းတန်ကို သူမရဲ့ လက်ထောက် ယွမ်ယွမ်က ဖုန်းလှမ်းဆက်သည်။

“ အစ်မတန်တန် ၊ အစ်မကတော့ ထိပ်တန်း ရေပန်းစားမှုစာရင်းထဲ ရောက်သွားအောင် လုပ်လိုက်နိုင်ပြီပဲ။ ”

“ အမ်။ ငါ အခုတလော ဘာအရှုပ်အထွေးတွေကိုမှ ရှုပ်မထားဘူးလေ။ ”

ယွမ်ယွမ် : “ … ”

“ ဒီတစ်ခေါက်ကတော့ သတင်းကောင်းပါ အစ်မတန်တန်ရဲ့။ ဝေ့ပေါ်ကို အမြန် သွားကြည့်လိုက်နော်။ ”

ဝေ့ပေါ်ထဲကို ရှန်းတန် ဝင်လိုက်သည်နှင့် သူမရဲ့ ဖုန်းလေးက တရစပ် တုန်ခါသွားလေသည်။

မက်ဆေ့ခ်ျတွေက ၉၉+ ဟူ၍သာ ပေါ်နေသော်လည်း သူမ အဆဲမခံချင်သဖြင့် ဝင်မကြည့်မိ။

ထိပ်တန်း ရေပန်းစားမှုစာရင်းကို ဖွင့်ကြည့်လိုက်တော့ မျှော်လင့်ထားသလိုပင် သူမကိုယ်သူမ ထိုစာရင်းထဲမှာ တွေ့လိုက်ရသည်။

စိတ်အားထက်သန်သော အင်တာနက်အသုံးပြုသူ တချို့ဟာ တိုက်ရိုက် ထုတ်လွှင့်မှုထဲက သူမရဲ့ ဆောင်ရွက်ချက်ကို မှတ်တမ်းတင်ပြီး ဝေ့ပေါ်ပေါ်မှာ ပြန်တင်ခဲ့ကြသည်။

ကွန်းမန့်တွေ အကုန်လုံးက သူမကို ကျိန်ဆဲထားကြလိမ့်မည်ဟု ရှန်းတန် ထင်ထားသော်လည်း မျှော်လင့်မထားစွာဖြင့် သူမကို ကာကွယ်ပေးသူ တချို့ ရှိနေတာကို တွေ့လိုက်ရသည်။ သူတို့တွေ ဆိုးဆိုးဝါးဝါး အတိုက်ခိုက်ခံနေရတာတောင်မှပေါ့။

သူတို့က ဒီတိုင်း ဖြတ်သွားဖြတ်လာတွေပဲ ဆိုတာကိုတော့ ရှန်းတန် သေချာပါသည်။ ဘာလို့ဆို သူမမှာ ပရိသတ် မရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားသောကြောင့် ဖြစ်သည်။

ရေပန်းစားမှုစာရင်းကို စီမံခန့်ခွဲသည့် မန်နေဂျာတွေ အကုန်လုံးကို သူမရဲ့ အကောင့်ခွဲတွေ ဖြစ်ပြီး ပရိသတ်အဖွဲ့ထဲမှာလည်း လူ အနည်းငယ်သာ ရှိသည်။ မာကျောက် စားပွဲဝိုင်း နှစ်ဝိုင်းစာ ဆော့ဖို့ လုံလောက်တဲ့ အရေအတွက်တောင် မရှိချေ။

[ ရှန်းတန်က အမှန်တရားကို ပြောနေတယ် ဆိုတာ ငါ သက်သေပြမယ်။ ငါ ဓာတ်ပုံ တစ်ပုံ တင်ပေးမယ်။ ]

ထိုဓာတ်ပုံထဲမှာ ဒူးရင်းသီးရဲ့ အက်ကွဲကြောင်းတွေထဲမှာ စိမ့်ထွက်လာသော အဆီတွေထဲမှာ လုံးထွေးနေသည့် ပိုးဟပ် တစ်ကောင်ကို ပြထားသည်။ တော်တော်လေး ရွံစရာကောင်းတဲ့ ဓာတ်ပုံပါပဲ။

[ ဟားဟားဟား ၊ ရှန်းတန်ကတော့ အမြဲတမ်း သူများနဲ့ ဆန့်ကျင်ဖက်ပဲ။ ]

[ ငါက ကုန်လှောင်ရုံမှာ အလုပ် လုပ်နေတာပါ။ ကုန်လှောင်ရုံက အရမ်း ညစ်ပတ်တာ ၊ ကြွက်တွေ။ ပိုးဟပ်တွေလည်း အများကြီး ရှိတယ်။ လူတိုင်းက အဲ့ဒီ အစီအစဉ်တင်ဆက်သူ အမျိုးသားရဲ့ နာမည်နဲ့ ရောင်းနေတဲ့ အသီးတွေ ၊ လတ်ဆတ်တဲ့ အစားအသောက်တွေကို မဝယ်ဘဲ ရှောင်ရှားသင့်တယ်။ ]

[ ကောလာဟာလတွေ ဆိုတာ တောမီးလိုပဲ ပျံ့နှံ့လွယ်တယ် ၊ အမှန်တရားကတော့ ဖြေရှင်းရခက်တယ်။ အပေါ်က တစ်ယောက်က သက်သေမရှိဘဲနဲ့ စော်ကားနေတာလား။ မင်းမှာ သက်သေရှိတယ် ဆိုရင် ဓာတ်ပုံ တင်ပေးလေ။ ]

အင်တာနက်ပေါ်မှာ ထိုကိစ္စကြောင့် ပွက်လောရိုက်နေကာ အစီအစဉ်တင်ဆက်သူ အမျိုးသားရဲ့ ပရိသတ် အများစုကတော့ သူ့ကို ယုံကြည်ကာကွယ်ပေးနေကြပြီး တချို့ကတော့ နောက်ဆုံးမှာ သူ ဒူးရင်းသီး မစားခဲ့တဲ့ အချက်ကို ထောက်ပြနေကြသည်။

ရှန်းတန် ပြုံးလိုက်၏။ ကောင်းတယ် ကောင်းတယ်။ အဲ့ဒီ လူယုတ်မာရဲ့ လုပ်ရပ်တွေကို အနှေးနဲ့ အမြန်ဆိုသလို လူသိသွားတော့မည်။

ရှန်းတန် စိတ်ချမ်းသာသွားကာ သူမရဲ့ နှလုံးသားထဲမှာ ငြိမ်းချမ်း‌ပျော်ရွှင်သွားမိသည်။

ဒါက စာအုပ်ထဲက ဇာတ်လမ်းကို ပြောင်းလဲလို့ ရသေးတယ် ဆိုတဲ့ သဘောပါပဲ။ သူမလည်း သူမရဲ့ ဝမ်းနည်းစရာ ဇာတ်သိမ်းကို ပြောင်းလဲလို့ ရသည်။

ဟဲဟဲ။

အလွန်အမင်း ပျော်ရွှင်သွားသော ရှန်းတန်သည် အိမ်ပြန်ရောက်လျှင် ထမင်း သုံးပန်းကန်တောင် စားပစ်လိုက်၏။

အဲ့ဒါက သူမ ဝိတ်လျှော့ဖို့ ကြိုးစားတာလည်း တစ်ခန်းရပ်သွားပြီ ဆိုတဲ့ သဘောပင်။

ဒါပေမဲ့ …

“ ကျွန်မရဲ့ ခင်ပွန်း အိမ်ပြန်မလာသေးဘူးလားဟင်။ ”

အစ်မထောင်က ခေါင်းခါပြသည်။ “ မလာသေးဘူးရယ်။ သူ ကုမ္ပဏီနားက တိုက်ခန်းမှာ နေ,နေတာ ဖြစ်လိမ့်မယ်။ ”

ရှန်းတန်ကတော့ အစ်မထောင်ရဲ့ မျက်လုံးထဲက ပူပင်သောက အရိပ်အယောင်တွေကို သတိမပြုမိဘဲ နားလည်စွာ ခေါင်းညိတ်ပြနေသည်။ အခုမှ လက်ထပ်ပြီးခါစ စုံတွဲတွေက ဘာလို့ တကွဲတပြားစီ နေ,နေရတာလဲ။

အစ်မထောင်သည် အကြံ‌မပေးဘဲ မနေနိုင်ပေ။ “ သခင်လေးကို အစားအသောက်တွေ သွားပို့ပေးလိုက်ပါလားဟင် သခင်မလေး။ ကျွန်မ ပြင်ပြီးသွားပြီ။ ”

ရှန်းတန်က မသွားချင်ပေမဲ့ သူမ မငြင်းနိုင်သေးခင်မှာပဲ အစ်မထောင်က ထမင်းဘူးကို ထုပ်ပိုးကာ သူမလက်ထဲ ထည့်ပေးလိုက်ပြီ ဖြစ်သည်။

ရှန်းတန် : အယ် ၊ ဒါက ….

“ သူ အပြင်ကနေ မှာစားပြီးလောက်ပါပြီ အစ်မထောင်ရဲ့။ ”

သူ့လို ဘော့စ် တစ်ယောက်မှာ စားစရာတွေ မရှိဘဲ နေမတဲ့လား။

အစ်မထောင်ကတော့ လက်မခံသလို ခေါင်းခါပြသည်။ “ အဲ့လို တွေးရမှာ မဟုတ်ဘူးလေ။ စားသောက်ဆိုင်က အပြင်စာတွေက ကျန်းမာရေးနဲ့ မညီညွှတ်ဘူး။ သန့်ရှင်းပြီး အရသာရှိတဲ့ အိမ်ထမင်း အိမ်ဟင်းနဲ့ ဘယ်ယှဉ်လို့ ရမှာလဲကွယ်။ ပြီးတော့ သခင်လေးရဲ့ အစာအိမ်က အထိအခိုက် လွယ်တယ် ၊ သူက တစ်ခါတလေ ထမင်းလည်း လွတ်သွားသေးတာ။ သူ ဒီည ညစာရော စားပြီးပြီလား ဆိုတာ ဘယ်သူ သိမှာလဲ။ ”

ရှန်းတန်က ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ထမင်းဘူးကို ယူလိုက်သည်။ “ ဟုတ်။ ကျွန်မ တစ်ချက် သွားကြည့်လိုက်ပါ့မယ်။ ”

ဒီငွေထုတ်စက်ကြီးကို အစာအိမ်ရောဂါ ဖြစ်အောင် သူမ ပစ်မထားနိုင်ပေ။ သူ တစ်ခုခု ဖြစ်သွားရင် သူမကို ဘယ်သူ ပိုက်ဆံပေးမှာလဲ။

သူမ ကောင်းကောင်း ဆောင်ရွက်ပြလိုက်ရင် ငွေထုတ်စက်ကြီးက ကျေနပ်သွားပြီး သူမကို ပိုက်ဆံတွေ ပိုပေးရင် ပေးလိမ့်မယ်။ ဟဲဟဲ။

ကုဟွိုင်အန်း နေထိုင်သော တိုက်ခန်းရှိသည့် အဆောက်အအုံရဲ့ လုံခြုံရေးက တင်းကျပ်သည့်အပြင် ရှန်းတန်ရဲ့ အချက်အလက်တွေက စနစ်ထဲမှာ မရှိသောကြောင့် အထဲကို ဝင်လို့ မရဘဲ ဝင်ပေါက်မှာတင် တားဆီးခံလိုက်ရသည်။

ရှန်းတန် : “ … ”

ထိုအချိန်မှာပဲ ပြိုင်ကား တစ်စီးက သူမဘေးမှာ ကျွီခနဲ ရပ်သွားကာ ပြတင်းပေါက်မှန်လည်း ဖြည်းဖြည်းချင်း ကျလာခဲ့သည်။

“ အိုး ၊ အထဲကို ဝင်မရလို့ ကုမ္ပဏီဝင်ပေါက်မှာ ငုတ်တုတ်လေး ထိုင်နေတာ ဘယ်သူများလဲ။ ”

အသံပိုင်ရှင်ကို ချက်ချင်း မှတ်မိသွား‌သော ရှန်းတန်က မတ်တပ်ရပ်ပြီး မျက်လုံးလှိမ့်လိုက်သည်။ “ အိုး ၊ ငါ့ကို ပိုက်ဆံအကြွေးတင်နေတာတောင်မှ မျက်နှာလာပြရဲသေးတာကရော ဘယ်သူများလဲ။ ”

“ ယွမ် ထောင်ဂဏန်းလောက်ပဲ ရှိတာ။ ငါ မင်းကို အခုချက်ချင်း ပြန်ဆပ်ပေးမယ်။ ”

ရှာ့မာသယ့်က ခဏလောက် စောင့်နေပြီးမှ ရှန်းတန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ “ မင်း တကယ်ကြီး ငါ့ကို ဘလော့ခ်ထားတာပဲ။ ”

“ ဆောရီး ၊ ငါ မေ့နေတာ။ ”

ရှန်းတန်က ချက်ချင်းပဲ သူ့ကို Blacklist ထဲကနေ ဖယ်လိုက်ကာ အကြွေး ပြန်ရပြီးသည်နှင့် ချက်ချင်း ပြန်ဘလော့ခ်ပစ်လိုက်သည်။

“ ကဲ ၊ အကြွေးလည်း ရပြီ။ နောက်မှ တွေ့မယ်နော်။ ”

“ နေပါဦးဟ။ ” ရှာ့မာသယ့်က ကားထဲကနေ အလျင်အမြန် ဆင်းလာခဲ့သည်။ “ ငါ ဒီ‌မှာ နေတယ် ဆိုတာ သိလို့ တမင်သက်သက် ငါ့ကို လာစောင့်နေတာလို့တော့ မပြောနဲ့နော် ရှန်းတန်။ ငါ ပြောမယ် ၊ ငါ မင်းနဲ ဘယ်တော့မှ ပြန်တွဲမှာ မဟုတ်ဘူး။ ”

ရှန်းတန်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ “ နင် ဘာလို့ အဲ့လောက် ယုံကြည်‌ချက်ရှိနေတာလဲ။ မြင်းကောင်းမြင်းသန့်တွေက သူတို့ စွန့်ပစ်လိုက်တဲ့ အစားအစာတွေကို ဘာလို့ ပြန်မစားလဲ သိလား။ ”

“ မသိဘူး။ ဘာလို့ မစားတာလဲ။ ”

“ စွန့်ပစ်လိုက်တဲ့ အစားအစာ ဆိုမှတော့ ချီး ဖြစ်နေလို့ပေါ့ဟယ်။ ”

ရှာ့မာသယ့် : “ … ”

“ဟားဟားဟားဟား။ ”

ဘေးကနေ ထွက်ပေါ်လာသော ရယ်သံကြောင့် ရှာ့မာသယ့်ရဲ့ မျက်နှာက အလွန် ရှုံ့မဲ့သွားကာ ကားနံပါတ်ပြားကို တစ်ချက် ကြည့်လိုက်၏။ ကားပိုင်ရှင်ကို သူ ရန်စလို့ မရမှန်း သိသောကြောင့် ရှန်းတန်ကို ခြိမ်းခြောက်ပြီး ထွက်လာခဲ့လိုက်သည်။ “ မင်းနဲ့ ပြန်တွဲပေးဖို့ ငါ့ကို လာတောင်းပန်မယ့် နေ့ကို ငါ စောင့်နေတယ်။ ”

“ အိုး ၊ ဆက်စောင့်နေနော်။ နောက်ဘဝမှ တွေ့ကြမယ်။ ”

ရှာ့မာသယ့် ထွက်သွားပြီးနောက် နောက်ဆုံးတွင် ရှန်းတန်က အနည်းငယ် ရင်းနှီပုံပေါ်သော်လည်း သိပ်မရင်းနှီးသော မျက်နှာစိမ်း အမျိုးသမီး တစ်ယောက်ကို ကြည့်လိုက်သည်။

အမျိုးသမီးက နေကာမျက်မှန်ကို ချွတ်လိုက်တော့ အေးစက်စက် မျက်နှာလေး ပေါ်လာသည်။

“ ဘာလဲ။ သုံး လေးရက်လောက် မတွေ့ရတာနဲ့ ငါ့ကို မမှတ်မိတော့ဘူးလား။ ”

ရှန်းတန်က သူမရဲ့ မှတ်ဉာဏ်တွေထဲမှာ ရှာဖွေကြည့်လိုက်တော့ ထိုအမျိုးသမီးက သူမရဲ့ ပြိုင်ဘက် ဖြစ်တဲ့ နာမည်မရှိသော ရုပ်ရှင်သရုပ်ဆောင် ချီယွဲ့ ဖြစ်နေသည်။

ချီယွဲ့က အလှက လွဲလို့ ဘာအရည်အချင်းမှ မရှိသော မူလရှန်းတန်ကို အထင်သေးကာ မူလရှန်းတန်ကတော့ အောင်လည်း မအောင်မြင်ဘဲ သွေးနား‌ထင်ရောက်နေသော ချီယွဲ့ကို အထင်သေးသည်။

ဘုရားရှင် ပေးတဲ့ ဇာတ်ညွှန်းကို ရထားသော လက်ရှိ ရှန်းတန်ကတော့ ချီယွဲ့ဟာ လူချမ်းသာ မိသားစုကနေ လာတာမို့ အနုပညာကို အပျော် လုပ်နေတာ ဖြစ်ကာ ဖြစ်ဖြစ်‌မြောက်မြောက် မအောင်မြင်လျှင်လည်း မိသားစု လက်ငုပ်လက်ရင်း စီးပွားရေးလုပ်ငန်းတွေကို အချိန်မရွေး အမွေဆက်ခံနိုင်လို့ အဲ့လိုတွေ ဖြစ်နေတာပဲ ဟူ၍ မှတ်ချက် ချလိုက်သည်။

“ နင် ဒီကို ဘာလာလုပ်တာလဲ။ ”

ချီယွဲ့ရဲ့ နှုတ်ခမ်းတွေက တွန့်ကွေးသွားသည်။ “ ငါ ဒီမှာ နေတာလေ။ ”

သူမက ရှန်းတန်ရဲ့ လက်ထဲမှ ထမင်းဘူးဆီ အကြည့်ရောက်သွားသည်။ “ နင် ထမင်းဘူးလာပို့တာလား။ ”

ရှန်းတန်က အိုးတိုးအမ်းတမ်း ရယ်မောလိုက်သည်။ “ ဟုတ်တယ် ၊ ငါ့ဘော့စ်အတွက် ညစာ လာပို့တာလေ။ ”

ချီယွဲ့ မျက်ခုံးပင့်သွားတာကို မြင်တော့ ရှန်းတန်က အလျင်အမြန် ရှင်းပြလိုက်သည်။ “ နောက်ထပ် ဘော့စ် တစ်ယောက်ပါ။ ငါ တခြား အလုပ် တစ်ခု လက်ခံထားတာ။ ”

ချီယွဲ့က နားလည်သလို ခေါင်းညိတ်လိုက်သည်။ ရှန်းတန်ရဲ့ မိသားစုအခြေအနေကို သူမ သိသည်။ အဲ့ဒါက ကုမ္ပဏီမှာ လျှို့ဝှက်ချက် မဟုတ်ပေ။

“ ဝင်ပါ။ ငါ နင့်ကို အထဲ လိုက်ပို့ပေးမယ်။ ”

ရှန်းတန်က ဇနီးသည်လေး တစ်ယောက်လိုပင် ထမင်းဘူးကို ကိုင်လျက် ချီယွဲ့နောက်ကို ကပ်လိုက်လာခဲ့သည်။

အဲ့ဒီတော့မှ သူမရဲ့ ငွေထုတ်စက် အရှင်သခင်ကြီးက ဘယ်အခန်းမှာ နေတယ် ဆိုတာကို သူမ လုံးဝ မသိမှန်း ကိုယ့်ကိုယ်ကိုယ် ပြန်သတိရသွား၏။ သူမမှာ သူ့ဖုန်းနံပါတ်လည်း မရှိ။ ဒရိုင်ဘာကတော့ အဆောက်အဦးအပြင်ဘက်မှာ စောင့်နေဆဲ ရှိသေးသည်။

ခုနတုန်းက သူမရဲ့ အရူးလို ရည်းစားဟောင်းက လာနှောင့်ယှက်နေတာနဲ့ သူမ မေးဖို့ မေ့သွားတယ်။

ရှန်းတန်သည် စိတ်ထဲကနေ ရေဘောင်ဘင်ခတ်သံကို ကြားလိုက်ရသလိုပင် ခေါင်းကို တရစပ် ခါယမ်းလိုက်သည်။

“ အမ် … ”

“ ဘာဖြစ်တာလဲ။ ”

ရှန်းတန်က အသံပျော့လေးဖြင့် ပြောလိုက်သည်။ “ ဘော့စ် ဘယ်အခန်းမှာ နေလဲ ဆိုတာ ငါ မေးဖို့ မေ့သွားလို့။ ”

“ ဖုန်းဆက်ပြီး မေးလိုက်လေ။ ”

“ ငါ့မှာ သူ့ဖုန်းနံပါတ် မရှိဘူး။ ”

ချီယွဲ့က နဖူးကို ရိုက်လိုက်သည်။

“ ဟို ၊ နင် ညစာ စားပြီးပြီလား။ ”

ရှန်းတန်က ချီယွဲ့ကို ကြည့်ပြီး ပြောလိုက်သည်။ “ ဒီထမင်းဘူးကို နင့်ကိုပဲ ပေးလိုက်ရင် ကောင်းမယ် ထင်တယ်။ စိတမပူပါနဲ့။ ဟင်းတွေ အကုန်လုံးက အရမ်း သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွှတ်တယ်။ ”

“ ကောင်းသားပဲ။ အဲ့ဒါဆိုလည်း ငါ့အခန်းကို သွားကြမယ်လေ။ ”

အရင်က သူတို့တွေ သိပ်မတွဲသော်လည်း နှစ်ယောက်ကြားမှာ ဘယ်လို ပဋိပက္ခမျိုးမှလည်း မရှိပါ။

ကွန်ဒိုတံခါးဝကို ရောက်တော့မှ ချီယွဲ့သည် အနုပညာလောကရဲ့ အမွှေစိန် တစ်ယောက်ကို စိတ်ရူးပေါက်ပြီး အိမ်ခေါ်လာမိပြီ ဖြစ်ကြောင်း နားလည်သွားလေသည်။

အခုမှတော့ ရှန်းတန်ကို နှင်ထုတ်လို့ မရတော့ပါ။ ပြီးတော့ ရှန်းတန်ကို ကြည့်ရတာ အရင်တုန်းက ပုံစံနှင့် နည်းနည်းလေး မတူတော့သလို ခံစားရသည်။

“ ဝိုး ၊ နင့်ကွန်ဒိုက ကောင်းလိုက်တာ။ ”

အပြင်ပန်းအရ အေးစက်ပုံပေါ်တဲ့ ချီယွဲ့မှာ အိမ်မှာ မွှေးပွအရုပ်ကလေးတွေ အများကြီး ရှိနေလိမ့်မည်ဟု ရှန်းတန် ထင်မထားခဲ့။ လက်တွေနဲ့ အထင်နဲ့ တကယ့်ကို ကွဲပြားတာပဲ။

“ သာမန်လောက်ပါပဲ … ” ချီယွဲ့ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက အနည်းငယ် ကော့တက်သွားသည်။ တစ်ယောက်ယောက်က သူမရဲ့ အိမ်ကို ကောင်းတယ်လို့ ချီးကျူးတာ ဒါ ပထမဆုံး အကြိမ်ပါပဲ။ သူမရဲ့ မိဘတွေက သူမကို ကလေးဆန်သည်ဟုသာ အမြဲ ပြောခဲ့ကြတာပင်။

ကောင်မလေး နှစ်ယောက်ကြားမှ ဆက်ဆံရေးသည် စိတ်ဝင်စားမှုတွေကို ဖလှယ်ရင်း တိုးတက်ရင်းနှီးလာခဲ့သည်။

ရှန်းတန်က ထမင်းဘူးကို ဖွင့်ကြည့်လိုက်တော့ ဟင်းတွေ ပူနေသေးတာမို့ ပြန်မနွှေးတော့ပါ။

“ မြန်မြန်လေး စားလိုက်။ ငါ နင့်ကို ပြောပြမယ်။ အစ်မထောင်ရဲ့ လက်ရာက ဆွေမျိုးမေ့လောက်တယ်။ ”

ချီယွဲ့က စားကောင်းသောက်ဖွယ်တွေ အကုန်လုံးကို စား‌ဖူးသော်လည်း သဘောတူ လက်ခံစွာ ခေါင်းညိတ်လိုက်၏။ “ တော်တော်လေး စားကောင်းတယ်။ ”

ခန္ဓာကိုယ်ကို ထိန်းသိမ်းရမည့် အနုပညာရှင် တစ်ယောက်မို့ သူမက အစားလျှော့စားတတ်သည်။

ပုံမှန်အားဖြင့် ညဘက်ဆို အရွက်သုပ်တွေလောက်ူာ စားသော်လည်း ဒီညတော့ စည်းကမ်းချိုးဖောက်လိုက်ပါသည်။

သို့သော်လည်း ရှန်းတန်ကို ဒီလောက် အားရပါးရ စားလိမ့်မည် ဟူ၍ သူမ မျှော်လင့်မထားပေ။

ချီယွဲ့က ရှန်းတန်ရဲ့ အနည်းငယ် ပူထွက်နေသော ဗိုက်လေးကို ကြည့်ကာ မျက်လုံးပြူးသွားသည်။

ရှန်းတန်က နောက်ဆုံး လက်ကျန် စွပ်ပြုတ် တစ်ဇွန်းစာကို လက်စသတ်လိုက်ပြီး ဆိုဖာပေါ် ဝမ်းလျားမှောက် လှဲချလိုက်သည်။ “ သက်သောင့်သက်သာ ရှိလိုက်တာ။ ”

ချီယွဲ့က သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။ “ နင် တစ်ခုခု ဖြစ်ထားတာလား ရှန်းတန်။ ”

ရှန်းတန်ကတော့ ချီယွဲ့ ဘာလို့ အဲ့ဒီလို မေးမှန်း နားမလည်ပေ။

ချီယွဲ့က အမှုန်အမွှား အစအနလေးတောင် မကျန်တော့ဘဲ ပြောင်သလင်းခါသွားသော ထမင်းဘူး အလွတ်ကို ကြည့်လိုက်သည်။ တစ်ခုခု ဖြစ်ထားတယ် ဆိုတာ အသိအသာကြီးပဲလေ။ ဘာမှ ဖြစ်မထားရင် ဒီလောက် အများကြီး စားမှာတဲ့လား။ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေတဲ့ အပြုအမူလိုပဲ … ။

ရှန်းတန်ကတော့ ပြုံးစိစိ လုပ်နေ၏။ “ အစားကောင်းကိုပဲဖြစ်ဖြစ် ၊ ပိုက်ဆံကိုပဲဖြစ်ဖြစ် ဘယ်တော့မှ မဖြုန်းတီးနဲ့။ ”

အခြားတစ်ဖက်၌ ကုဟွိုင်အန်းသည် ဘဏ္ဍာစိုးဆီက မက်ဆေ့ခ်ျရထားပေမဲ့ အခုထိ ဘယ်သူ့ကိုမှ မတွေ့ရသေးပေ။ “ … ”

သူ့ညစာ ဘယ်ရောက်သွားတာလဲ။

အခန်း ( ၁၀ ) - သခင်လေးက နောက် သုံး လေးနှစ်ဆို မလုပ်နိုင်တော့တာ…

ထိုညမှာ ရှန်းတန် အိမ်ပြန်မလာခဲ့ပေ။

ပြောရရင် သူငယ်ချင်းကောင်းတွေ ဆိုတာ အတူတူ အိပ်ကြတယ်လေ။

တကယ်တော့ ချီယွဲ့သည့် သူမရဲ့ ဘာသိဘာသာ နေတတ်‌သော ပုံစံကြောင့် အတွင်းကျကျ ရင်းနှီးတဲ့ သူငယ်ချင်းရယ်လို့ မရှိခဲ့။ အိပ်ရာ တစ်ခုတည်းမှာ သူငယ်ချင်းမိန်းကလေး တစ်ယောက်နှင့် အတူ အိပ်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ ဖြစ်သည်။

သူမ အနည်းငယ် သက်သောင့်သက်သာမရှိသလို ခံစားရပေမဲ့ မငြင်းဆန်ဖြစ်ပါ။ ဒီနယ်ပယ်ထဲမှာ ချီယွဲ့ရဲ့ ဂုဏ်သတင်းကလည်း သိပ်ကောင်းတာ မဟုတ်။

ရှန်းတန်ကတော့ တစ်ယောက်တည်း သက်ပြင်းလေး ခိုးမချမိဘဲ မနေနိုင်ပေ။ တကယ်တော့ အိပ်ရာ တစ်ခု ဆိုတာ လူ နှစ်ယောက် အိပ်ဖို့ နေရာမလောက်ဘူးပဲ။

ဒီစာအုပ်ကမ္ဘာထဲကို ကူးပြောင်းလာချိန်မှ စလို့ ချီယွဲ့က သူမနှင့် ပထမဆုံး ခင်တဲ့ သူငယ်ချင်းကောင်း တစ်ယောက် ဖြစ်သည်။ သူမက အေးစက်ပြီး အပြောအဆို ထောင့်မကျိုးသော်လည်း တကယ်တမ်းတော့ ပွင့်လင်းလွန်းလို့ လူတွေကို စော်ကားမိသလို ဖြစ်နေတာပါ။

အခုလည်းပဲ ရှန်းတန်သည် ချီယွဲ့ရဲ့ နူးညံ့ချောမွတ်သော အသားလေးကို ထိတွေ့ကြည့်ရင်း တအံ့တဩ ပြောလိုက်မိသည်။ “ နင့်အသားအရေက ကောင်းလိုက်တာ။ နင် ဘယ်လို အသားအရေ ထိန်းသိမ်းလဲဟင်။ ”

ချီယွဲ့ : “ ဆေးထိုးထားတာ။ ”

ရှန်းတန် : “ အိုး။ ”

ဘယ်လောက်တောင် ရိုးစင်းပြီး ဟန်ဆောင်မှုကင်းတဲ့ အဖြေလဲ။

ရှန်းတန် ကိုယ့်မျက်နှာကိုယ် ကိုင်ကြည့်မိသည်။ အခု သူမမှာလည်း ပိုက်ဆံရှိလာပြီမို့ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်ရပါမည်။ အနာဂတ်မှာ ကွာရှင်းပြီးလျှင် ကောင်လေး ငယ်ငယ်‌ချောချောလေးတွေကို ရှာပြီး ဘယ် တစ်ယောက် ၊ ညာ တစ်ယောက် ခြံရံနေလို့ ရသည်။ ဟီးဟီး …။

ချီယွဲ့က အနည်းငယ် အံ့ဩသွားသည်။ “ နင် ဘာလို့ ကြက်သီးထချင်စရာကောင်းအောင် ရယ်နေတာလဲ။ ”

“ ငါ့ရဲ့ ပျော်စရာ အနာဂတ်ဘဝလေးကို စိတ်ကူးယဉ်ကြည့်မိလို့ပါ။ နင်ရော ဘယ်လိုလဲ။ နင် လုပ်ချင်တာတွေ မရှိဘူးလား။ ”

ချီယွဲ့ နှုတ်ဆိတ်သွားသည်။

အစကတည်းက အနုပညာလောကထဲကို သူမ ဝင်လာရတဲ့ အကြောင်းပြချက်ဟာ သူမရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ပင်။

သို့သော် မိသားစုရဲ့ အထောက်အပံ့ မရှိတာမို့ နာမည်လေး တစ်ခု ရအောင်တောင် မလုပ်နိုင်ဘဲ ( ၂ ) နှစ်တိတိ ရုန်းကန်နေခဲ့ရသည်။

သူမ ဟိုးထိပ်မှာ ရပ်နိုင်မယ့် တစ်နေ့ ရောက်လာဦးမှာလား ဆိုတာ မသိတော့ပါ။

“ ငါလည်း မသိဘူး။ ”

သူတို့ နှစ်ယောက်သား မျက်နှာချင်းဆိုင် လဲလျောင်းကာ ညနက်တဲ့အထိ စကားဖောင်ဖွဲ့ရင်း အိပ်ပျော်သွားခဲ့ကြသည်။

နောက်တစ်နေ့ မနက်ရောက်တော့ ရှန်းတန်က သူမရဲ့ ဖုန်းကို လှမ်းယူလိုက်သော်လည်း ချောမွတ်သည့် အထိအတွေ့ကိုသာ ခံစားလိုက်ရသည်။ ဘယ်လိုမှ လက်နှင့် ဆုပ်ကိုင်လို့ မရသောကြောင့် မျက်လုံးဖွင့်ကြည့်လိုက်သော ထိတ်လန့်နေသော မျက်နှာဖြင့် ရင်ဘတ်ကို လက်နှင့် အုပ်ထားသော ချီယွဲ့နှင့် မျက်နှာချင်းဆိုင်လိုက်ရလေသည်။

ရှန်းတန် တစ်ယောက် ချက်ချင်းပဲ ခေါင်းနားပန်းတွေ ကြီးသွားသည်။ “ ဆောရီး ဆောရီး။ ငါ တကယ် မသိလို့ ကိုင်မိတာပါ။ ”

ချီယွဲ့က စူပုပ်ပုပ်လေး ပြောလိုက်သည်။ “ နင်က အိပ်ရင် အရမ်း အအိပ်ကြမ်းတာပဲ။ ”

“ အမ်။ အအိပ်ကြမ်းတယ် .. ဟုတ်လား။ ” ရှန်းတန်က အပြစ်ကင်းစင်စွာ ခေါင်းကုတ်လိုက်သည်။

သူမက စအိပ်ပျော်သွားတုန်းက ပုံစံအတိုင်း တစ်လက်မလေးတောင် မရွေ့သေးတဲ့ သူမရဲ့ အနေအထားကို ကြည့်လိုက်သည်။

ချီယွဲ့က နှုတ်ခမ်းဆူလိုက်သည်။ “ ဘယ်ကိုမှ လျှောက်ကြည့်မနေနဲ့။ ညလယ်ခေါင်ကြီး နင် ငါ့ကို တစ်ခါ ဖက်တယ် ၊ တစ်ခါ ကန်တယ်။ ငါ့မှာ နင့်ကြောင့် လန့်,လန့်နိုးရတာ။ နင် အိပ်ရာထဲမှာ ( ၁၈၀ ) ဒီဂရီ လှည့်ပြီး ( ၃၆၀ ) ဒီဂရီ လည်နေတာတောင် မူလအနေအထား ရောက်အောင် ဘယ်လို လုပ်လဲ မသိဘူး။ ”

ရှန်းတန်က အားတုံ့အားနာ ပြုံးပြပြီး စကားလမ်းကြောင်း ပြောင်းလိုက်၏။ “ ဒါနဲ့ နင် ဗိုက်ဆာပြီလား။ ငါ နင့်အတွက် မနက်စာ ပြင်ပေးမယ်လေ။ ”

ရေခဲသေတ္တာကို ဆွဲဖွင့်ကြည့်တော့ ပါဝင်ပစ္စည်းတွေ များများစားစား မရှိသော်လည်း ဆန်းဒ်ဝစ်ခ်ျတွေ လုပ်ဖို့တော့ လုံလောက်သည်။

ရှန်းတန်က အရင်တုန်းက တစ်ယောက်တည်း နေလာတာမို့ သူမရဲ့ အချက်အပြုတ် လက်ရာက စိတ်ကျေနပ်လောက်စရာ အနေအထားမှာ ရှိသည်။

မနက်စာ စားပြီးသွားချိန်မှာ ချီယွဲ့က ကတိပေးထားတဲ့ အလုပ်ဆီ သွားရမည် ဖြစ်၍ ရှန်းတန်ကို အရင် အိမ်ပြန်ပို့ပေးခဲ့သည်။

ဇိမ်ခံဗီလာကြီးကို မြင်တော့ ချီယွဲ့ရဲ့ အမူအရာက အလွန် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ “ နင် မလုပ်ချင်တဲ့ ဟာတွေကို မလုပ်နဲ့နော် ရှန်းတန်။ နင် ပိုက်ဆံပြတ်နေရင် ငါ့ကို ပြောလို့ ရတယ်။ ”

ရှန်းတန်က သူမကို ပြေးဖက်လိုက်၏။

တစ်ဖက်လူရဲ့ ရင်ဘတ်မှာ မို့မောက်နေသည့် လှိုင်းလုံးတွေကို ခံစားမိတော့ အားကျမှုကြောင့် မျက်ရည်တွေ ကျတော့မလို ဖြစ်သွားရသည်။

သူမ မျက်ရည်စတွေကို ပွတ်သုတ်ပြီး ပြောလိုက်၏။ “ စိတ်မပူပါနဲ့။ ဒါ ငါ့ရဲ့ ဘော့စ်အိမ်ပါ။ ဒီမှာ ( ၂ ) နှစ်တိတိ နေဖို့နဲ့ စားဖို့ ငါ စာချုပ် ချုပ်ထားတာ။ ”

သူမ ရှင်းပြတာကို ကြားတော့မှ ချီယွဲ့လည်း စိတ်အေးသွားအေးသည်။ “ အင်းပါ။ နင်လည်း ကိုယ် လုပ်နိုင်တဲ့ အတိုင်းအတာကို သိတယ် ဆိုရင် ငါလည်း အခု ကုမ္ပဏီကို သွားတော့မယ်။ ”

ရှန်းတန်က သူမရဲ့ လက်တွေကို မလွှတ်ချင် လွှတ်ချင်ဖြင့် လွှတ်လိုက်သည်။ ချီယွဲ့ရဲ့ ကားက ခပ်ဝေးဝေးကို ရောက်သွားတော့မှ အိမ်ထဲကို သူမ လှည့်ဝင်လာခဲ့လိုက်သည်။

ဧည့်ခန်းထဲမှာ အစ်မထောင်နှင့် ဘဏ္ဍာစိုး ဦးလေးဟယ်က ကိစ္စ တစ်ခုခုအကြောင်း စကားစမြည် ပြောနေကြသည်။

ရှန်းတန် ဝင်လာတာကို မြင်တော့ အစ်မထောင်က ချက်ချင်း ပြေးလာပြီး သူမကို တွဲကူကာ ဆိုဖာပေါ်မှာ ထိုင်ခိုင်းသည်။

“ သခင်မလေး မနေု့ညတုန်းက ပင်ပန်းထားမှာပဲ။ ဒီမှာ ထိုင်လိုက်နော်။ ကျွန်မ အိုးထဲမှာ အာဟာရဖြည့် စွပ်ပြုတ် ချက်ထားတယ်။ ပြီးရင် သခင်မလေးအတွက် ယူလာခဲ့မယ်။ ”

ရှန်းတန် အနည်းငယ် အူကြောင်ကြောင် ဖြစ်သွားမိသည်။ “ ကျွန်မ မပင်ပန်းပါဘူး။ ”

အစ်မထောင်က နည်းနည်းလေး အံ့ဩသွားသည်။ “ နည်းနည်းလေးမှ မပင်ပန်းဘူးလား။ ”

သခင်လေးက မစွမ်းဆောင်နိုင်တာများလား။

ရှန်းတန် မတ်တပ်ရပ်ကာ လက်မြှောက်၍ ခြေဆောင့်လိုက်သည်။ “ ကျွန်မ အဆင်ပြေပါတယ်။ စိတ်မပူပါနဲ့နော်။ ”

သူမ အပြင်မှာ တစ်ညလေး သွားအိပ်ရုံနှင့် အကုန်လုံးက ဝိုင်းစိုးရိမ်ပေးနေကြ၍ စိတ်ထဲမှာ နင့်နင့်နဲနဲ ခံစားလိုက်ရသည်။ သူမရဲ့ အရင်ဘဝမှာ အမြဲတမ်း တစ်ယောက်တည်း နေခဲ့ရတာ ဖြစ်ကာ မိသားစုဘဝကို ကြုံတွေ့ဖူးတာ ဒါ ပထမဆုံးအကြိမ်ပါပဲ။

အစ်မထောင်က စွပ်ပြုတ် တစ်ခွက် ယူလာသည်။ ရှန်းတန်က ဘာမှ မမေးဘဲ စွပ်ပြုတ်ကို တစ်ငုံ တန်းသောက်လိုက်သည်။

“ အရသာက ဘာလို့ နည်းနည်းလေး ထူးဆန်းနေတာလဲဟင်။ ဒါ ဘာစွပ်ပြုတ်လဲ အစ်မထောင်။ ”

“ ကျောက်ကပ်ကို အားဖြည့်ပေးတဲ့ စွပ်ပြုတ်။ ”

“ ဖူး ဖလူး။ ” ဒုတိယ တစ်ငုံကို သောက်နေသော ရှန်းတန်သည် ချက်ချင်းပဲ စွပ်ပြုတ်ကို ထွေးထုတ်လိုက်တော့ သူမအရှေ့က ကံမကောင်းတဲ့ ဘဏ္ဍာစိုးဟာ စွပ်ပြုတ်အရည်တွေ စင်သွားခဲ့သည်။

“ တောင်းပန်ပါတယ် ၊ တောင်းပန်ပါတယ် ဦးလေးဟယ်။ ကျေးဇူးပြုပြီး မြန်မြန် သုတ်လိုက်ပါနော်။ ”

အစ်မထောင်က စိတ်ညစ်သွားသည်။ “ သွားပါပြီ ၊ ကျွန်မ တစ်မနက်လုံး ကျိုထားတာတောင်မှ အဲ့တစ်ခွက်ပဲ ရတာ သခင်မလေးရဲ့။ ”

“ ခဏလေး စောင့်နော်။ ကျွန်မ နောက်တစ်ခွက် ထပ်ချက်လိုက်မယ်။ ”

“ ဟင့်အင်း။ ” ရှန်းတန်က အစ်မထောင်ရဲ့ လက်ကို လှမ်းဆွဲလိုက်သည်။ “ လောလောဆယ် ကျွန်မ ဒီစွပ်ပြုတ်ကို သောက်ဖို့ မလိုသေးဘူးရယ် … ”

ပိုပြီး တိတိကျကျ ပြောရလျှင် “ လောလောဆယ် ” မဟုတ်ဘဲ “ ထာဝရ ” ဖြစ်သည်။

“ သခင်မလေး ဘာလို့ အဲ့ဒါကို မလိုရမှာလဲ။ မနေ့ညတုန်းက သခင်လေးနဲ့ သခင်မလေး … ” အစ်မထောင်က မျက်လုံး တစ်ဖက်ကို ဖျတ်ခနဲ မှိတ်ပြပြီး ပြောသည်။

ရှန်းတန်ရဲ့ နှုတ်ခမ်း တစ်ဖက်က ကိုးရိုးကားရားနိုင်စွာ ကော့တက်သွားသည်။ “ ကျွန်မ မနေ့ညတုန်းက သူ့ဆီ သွားတာ မဟုတ်ပါဘူး။ ”

“ ဒါဆို သခင်မလေး ဘယ်သွားတာလဲ။ သခင်လေးကို ညစာ သွားပို့တာ မဟုတ်ဘူးလား။ ”

“ အဲ့ဒါက ဟုတ်ပါတယ်။ ဒါပေမဲ့ သူ ဘယ်အခန်းမှာ နေမှန်း မသိတော့ တစ်ညလုံး ကျွန်မသူငယ်ချင်းရဲ့ အိမ်မှာပဲ နေခဲ့တာ။ ”

အစ်မထောင် : “ … ”

အစ်မထောင်ရဲ့ မျက်နှာအမူအရာက သိသိသာသာ အိုကျသွားသည်။ ရှန်းတန်လည်း နည်းနည်းလေး အပြစ်မကင်းသလို ခံစားလိုက်ရ၏။

နေပါဦး ၊ အပြစ်မကင်းသလို ခံစားစရာ ဘာရှိလို့လဲ။

ရှန်းတန်က အစ်မထောင်ရဲ့ ပခုံးကို နူးညံ့စွာ ပုတ်လိုက်သည်။ “ အဲ့မှာ သူက အလုပ်ကြိုးစားနေတာလေ။ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် ပိုနားလည်မှုရှိသင့်တာပေါ့ အစ်မထောင်ရဲ့။ ”

အစ်မထောင် သက်ပြင်းရှိုက်လိုက်သည်။ “ ကျွန်မက သခင်မလေးကို ကလေး မြန်မြန် ရစေချင်လို့ပါ။ ”

ကလေးယူဖို့ တိုက်တွန်းတာက နောက်ကျပေမဲ့ ရောက်လာခဲ့ပါပြီ။

“ ကျွန်မ ငယ်‌ပါသေးတယ်။ အဲ့ကိစ္စကို အရမ်းကြီး လောစရာ မလိုပါဘူး။ ”

“ ဒါပေမဲ့ သခင်လေးက ဒီနှစ်ပိုင်းနွေထဲမှာ အသက်အရွယ် ရလာပြီလေ ၊ သူ လေးဆယ်တောင် ပြည့်တော့မယ်။ နောက် သုံး ၊ လေးနှစ်လောက်ဆို သူ မလုပ်နိုင် … ”

“ အဟမ်း အဟမ်း။ ” ဦးလေးဟယ်က ကျယ်လောင်စွာ ချောင်းဟန့်လိုက်သည်။

အစ်မထောင်က ရှက်ရွံ့စွာ ပါးစပ်ပိတ်ထားလိုက်၏။ သူမ ပါးစပ်ကနေ ပေါက်ကရတွေ လွှတ်ခနဲ ပြောမိတော့မလို့။ သူမ အရိုက်ခံရသင့်တယ်။

အဲ့ဒီလို တွေးမိတော့ သူမရဲ့ ပါးစပ်ကို နှစ်ကြိမ် ခပ်ဆတ်ဆတ်လေး ရိုက်ပစ်လိုက်သည်။

ဒီပါးစပ်ကြီးက အရမ်း ကြောက်ဖို့ ကောင်းတယ်။ အခုမှ သုံးဆယ်တောင် မပြည့်သေးတဲ့ ကုဟွိုင်အန်းက ချက်ချင်းလက်ငင်း လေးဆယ်ပြည့်သွားပါရောလား။

ရှန်းတန်သည် ရယ်ချင်စိတ်ကို ထိန်းထားရသည်။ “ သူလည်း ငယ်ပါသေးတယ် ၊ သူ့မှာလည်း သူ့ကိုယ်ပိုင် အစီအစဉ်တွေ ရှိမှာပဲ။ ”

အစ်မထောင်က ထပ်မံ သက်ပြင်းချလိုက်ပြီး ကလေးယူဖို့ စည်းရုံးရေးဆင်းတာကို ရပ်လိုက်တော့သည်။

ဘယ်လောက်ပဲ ရင်းနှီးသင့်မြတ်ပါစေ ၊ လိုက်နာရမယ့် စည်းမျဉ်းတွေကိုတော့ လိုက်နာရပါမည်။

သူမမျက်လုံးထဲက နောင်တတရားတွေက ထင်ရှားလွန်း၍ ရှန်းတန်သည် ချက်ချင်းပဲ အကြည့်လွှဲလိုက်ရ၏။

ဒါပေမဲ့လည်း ကလေးတွေအကြောင်းကို တွေးကြည့်လိုက်တော့ …

ရှန်းတန်က သူ့ဘဝသက်တမ်း နှစ်ခုလုံးမှာ တစ်ယောက်တည်း နေလာခဲ့ရတာပင်။ တကယ်လို့ သူမမှာ ကလေး တစ်ယောက် ရလာရင် သွေးသားတော်စပ်တဲ့ မိသားစုဝင် တစ်ယောက် ထပ်တိုးလာမှာပဲ မဟုတ်လား။

ကုဟွိုင်အန်းရဲ့ ကောင်းမွန်သော မျိုးရိုးဗီဇတွေနှင့်ဆိုလျှင် ဘယ်ကလေးမဆို အလွန် ကြည့်ကောင်းလိမ့်မည်။

သူမစိတ်ထဲ ထိုအတွေး ဝင်ရောက်လာပြီးနောက် ချက်ချင်းပဲ ပျောက်ကွယ်သွားသည်။

တစ်နေ့ကျ သူမရဲ့ မူလကမ္ဘာကို သူမ ပြန်ရောက်သွားရင်ရော … ။

All Chapters