← Chapters

ငန်းရေကန်ပုံပြင် (၄)

Vol. 4 Ch. 223

ငန်းရေကန်ပုံပြင် (၄)

Vol. 4 Ch. 223

ကျွန်မရှေ့မှာတင်ပဲ ပါစီဗယ်က သူ့ခါးကြားက ပစ္စတိုသေနတ်ကို ဆွဲထုတ်လိုက်တယ်။ ဒါကြောင့်ကျွန်မလည်း မျက်လုံးကို မှိတ်ထားလိုက်မိတယ်။ သူကျွန်မကိုသတ်ပြီးတော့ တစ္ဆေဖြစ်အောင်လုပ် သူနဲ့အတင်းလက်ထပ်ခိုင်းတော့မယ်နဲ့ တူတယ်။

ဒိုင်း...

ဟော... သေနတ်သံထွက်လာပြီ။

ဒါပေမဲ့... ကျွန်မခန္ဓာကိုယ်မှာ တစ်ခုခုထူးခြားတာမျိုး မခံစားရဘူး။ အရင်သေတုန်းကဆိုရင် တော်တော်နာတာလေ။ အခုကျတော့ ပူခနဲတောင်မခံစားရဘူး။ မဟုတ်မှလွဲရော ပါစီဗယ်က ကျွန်မ နာကျင်ခံစားနေရမှာစိုးလို့ ခေါင်းကိုတည့်တည့်တည်ပစ်တာလား။ အဲဒါကြောင့်မလို့ ဘာမှမခံစားရဘဲ တစ္ဆေဖြစ်သွားတာလားဟင်။

ဒီအတွေးတွေနဲ့အတူ ကျွန်မမျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ပါစီဗယ်က ကျွန်မကိုကျောခိုင်းပြီး ရှေ့မှာရပ်နေဆဲဖြစ်တာ သိလိုက်ရတယ်။ သူ့လက်ထဲက သေနတ်က မီးခိုးတွေအူပြီး ထွက်နေတယ်။ သေချာပေါက်သေနတ်မောင်းကို ဆွဲခဲ့တာ ဖြစ်ခဲ့ပေမဲ့လို့ သေနတ်က...

‘နေပါဦး၊ ငါ့ကိုချိန်ထားတာ မဟုတ်ဘူးပဲ။' တကယ်က ပြောင်းဝက ကျွန်မနဲ့ဆန့်ကျင်ဘက်ကို ညွန်ပြထားတာ။

“နင်ဘာလုပ်လိုက်တာလဲ....”

မကြာခင်မှာပဲ ငန်းရေကန်နတ်သမီးဆီကနေပြီးတော့ အော်သံ အကျယ်ကြီးထွက်လာတယ်။ နားတွေအူသွားပြီး ရေကန်က ရေခဲပြင် တချို့တောင် အက်ကွဲကုန်တယ်။ ငန်းဖြူနတ်သမီးကို သေချာကြည့်လိုက်တော့ ရင်ဘတ်ကနေ အနက်ရောင်သွေးတွေ စီးကျနေပြီး တစ်ကိုယ်လုံးတုန်ယင်နေလေရဲ့။

“စိတ်မကောင်းပါဘူး၊ ဆယ်ဗီက ဆန္ဒမရှိဘူးလို့ပြောနေတယ်။ မဒမ်မူဆဲဆယ်ဗီ မဖြစ်ချင်တဲ့အရာတစ်ခုကို ကျုပ်ဖိအားပေးပြီး မလုပ်နိုင်ဘူး။ ပြီးတော့ ခင်ဗျားက... ငန်းဖြူနတ်သမီးအစစ် မဟုတ်ဘူးထင်တယ်။”

ကျွန်မတို့ပတ်ဝန်းကျင်မှာ မြူတွေစပြီးရစ်သိုင်းလာတယ်။ ကျွန်မရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာ ပက်တီးပတ်စစ်သားတွေ ပေါ်လာပြီးတော့ ကျွန်မကိုကာကွယ်ပေးထားတယ်။ ကျွန်မတို့ ရှေ့မှာရှိနေတဲ့ ငန်းဖြူနတ်သမီးက​တော့ ဖြည်းဖြည်းချင်းစီ ပြောင်းလဲသွားခဲ့ပါပြီ။

သွေးနက်တွေက ဂါဝန်တစ်ခုလုံးကိုပြန့်နှံသွားပြီး ဘဲလေးဂါဝန်က အနက်ရောင်ဖြစ်သွားတယ်။ ခေါင်းပေါ်က ငွေရောင်သရဖူဟာ အနက်ရောင်အဖြစ်ပြောင်းသွားပြီး မျက်တောင်တွေကလည်း သဘာဝမကျစွာ ရှည်လျားလာခဲ့တယ်။ အဲဒီနောက်ကျောနောက်က ငန်းတောင်ပံတွေပေါက်လာပြီး လက်သည်းတွေ ရှည်ထွက်လာတယ်။

“သောက်အတွဲတွေ သေကြစမ်း....”

အဲဒီနောက်တော့ ရုပ်ဆိုးဆိုးကြီးဖြစ်သွားတဲ့ ငန်းဖြူ... အခုငန်းမည်းကြီးက ကျွန်မတို့ဆီကို ပြေးလာနေပြီ။

“ဆယ်ဗီ၊ ကိုယ့်နောက်မှာနေ။ အဲဒီရုပ်ဆိုးမကြီး ခင်ဗျားလေးကို လက်ဖျားနဲ့တောင် မထိစေရဘူး။”

“ ပစ်...”

ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း....

ခေါင်းဆောင်လုပ်တဲ့သူ အမိန့်ပေးတာနဲ့ တပ်သားတွေက သူတို့သေနတ်မောင်းတွေကို ဖြုတ်လိုက်ကြတယ်။ သေနတ် သံတွေဆူညံ့သွားပြီး ကျည်ဆန်ဒါဇင်ပေါင်းများစွာက ငန်းနက် စုန်းမကြီးကိုထိတယ်။

“အား....” ငန်းနက်ရဲ့ကိုယ်ပေါ်မှာ ကျည်ပေါက်ရာတွေပေါ်လာပြီး အခိုးအငွေ့တွေအဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။ အဲဒီနောက်မှာတော့ ရေကန်အလယ်မှာပြန်ပေါ်လာပြီး ကျွန်မတို့ကို မျက်လုံးနီကြီးတွေနဲ့ ကြည့်လိုက်ပါပြီ။

“နင်တို့တွေအားလုံး ဒီကနေထွက်သွားဖို့ မစဥ်းစားနဲ့။”

ပတ်ဝန်းကျင်မှာရှိနေတဲ့ ရေခိုးရေငွေ့တွေက ငန်းနက်မကြီးနားမှာ စုစည်းလာပြီးတော့ သူ့ခန္ဓာကိုယ်ကြီးကလည်း တဖြည်းဖြည်းနဲ့ ကြီးထွားလာတယ်။ မြို့ငယ်လေးတစ်ခုလုံးကို တောင်ကြီးလိုမျိုး သူ့ခန္ဓာကိုယ်ကြီး​က ဖုံးလွှမ်းထားပြီးတော့ ပါစီဗယ်ရဲ့​​သေနတ်တွေ မထိရောက်တော့ဘူး။

“ပါစီဗယ်... ​ကျွန်မတို့ ထွက်ပြေးကြရအောင်....”

ပါစီဗယ်က သူ့ဘာသာသူဆိုရင် ဒီလောက်မစွမ်းမှန်း ကျွန်မ သိနေတယ်။ သူ့ကိုစွမ်းအင်တွေ ထောက်ပံပေးမယ့်သူလိုတယ်။ လောလောဆယ် ကျွန်မရဲ့စွမ်းအားတွေက ချိပ်ပိတ်ခံထားရတဲ့ အတွက်ကြောင့် သူ့ကိုကူညီပေးလို့မရဘူးဖြစ်နေတယ်။

“နောက်ကျသွားပြီ ဆယ်ဗီ၊ ကိုယ်တို့မှာ တိုက်ရုံပဲရှိတော့တယ်။”

ပါစီဗယ်ပြောလိုက်တဲ့စကားကြောင့် ပတ်ဝန်းကျင်ကို ကျွန်မ ကြည့်လိုက်တော့ နှင်းမြူတွေက ရေကန်ကမ်းနားတစ်ဝိုက်ကို လုံးဝဖုံးလွှမ်းသွားပြီး ရေခဲကျောက်စိုင်တွေ မြေကြီးတွေထဲက ထိုးထွက်နေတယ်။ ရဲတိုက်နံရံကြီးတွေလိုဖြစ်နေတာမလို့ ကျွန်မတို့တွေ အလွယ်တကူအပြင်ပြန်ထွက်လို့မရတော့ဘူး။

“အမြောက်သမား... အဲဒီကောင်ကြီးခေါင်းကိုချိန်ပစ်၊ တပ်ဖွဲ့ တစ်... ညာဖက်ကိုတက်။ တပ်ဖွဲ့နှစ်... ဘယ်ဘက်ကိုတက်။ တပ်ဖွဲ့၃နဲ့၄ ရန်သူရှေ့တက်မလာနိုင်အောင် ခုခံထား။”

ပါစီဗယ်ကတော့ သူ့တပ်ရင်းတစ်ခုလုံးကိုထုတ်သုံးနေပြီးတော့ အမိန့်တွေဆက်တိုက်ပေးနေတယ်။ အမြောက်သေးသေးလေးနဲ့ အမြောက်တပ်သားတချို့ပေါ်လာပြီး ပြောင်းဝကို မကောင်းဆိုးဝါး မကြီးမျက်နှာကိုတည့်တည့်ချိန်ပစ်တယ်။

တပ်သားတချို့က ကျွန်မတို့ရှေ့မှာရပ်ပြီး ငန်းနက်မကြီးရှေ့ကို တက်မလာနိုင်အောင်ကာကွယ်နေသလို ကျန်တပ်သားတွေကတော့ ခက်ရင်းနှစ်ခွပုံစံဗျူဟာအတိုင်း ရှေ့ကိုကျားထိုးတက်ကြတယ်။ အနားရောက်လာချိန်မှာတော့ လက်ပစ်ဗုံးတွေနဲ့ပစ်သူပစ်ကြ၊ သေနတ်တွေနဲ့ပစ်သူကပစ်နဲ့ ဆူညံ့နေတော့တာပေါ့။

“ အသုံးမဝင်ဘူး....”

ဘုန်း... ဘုန်း....

ငါးမီတာလောက်အမြင့်ရှိတဲ့ ငန်းနက်မကြီးကတော့ ကန်ရေပြင် တစ်ဝက်လောက်အထိသူ့ခန္ဓာကိုယ်ကိုနစ်မြုပ်နေပြီး အပေါ်ပိုင်းသာ ကျွန်မတို့မြင်ရတော့တယ်။ သူ့လက်တွေက လှုပ်ရှားနေပြီးတော့ ပါစီဗယ်ရဲ့တပ်သားတွေကို လက်ဝါးနဲ့ခြင်ရိုက်သလို ရိုက်ချနေတယ်။

ချောက်... ချောက်... ချောက်...

ဆယ်မိနစ်လောက်တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ ပါစီဗယ်ရဲ့ တပ်သားတွေရဲ့သေနတ်ကနေ ကျည်မထွက်တော့ဘူး။ ပါစီဗယ်ရဲ့ မျက်နှာလည်းမည်းမှောင်သွားတော့တာပေါ့။

“မကောင်းတော့ဘူး....”

ကျွန်မနားမှာရှိနေတဲ့ ပါစီဗယ်က ရေရွတ်လိုက်ပါပြီ။ ကျွန်မလည်း လန့်လန့်နဲ့ သူ့ကိုမေးလိုက်တာပေါ့။

“ကျည်ကုန်သွားတာလား....”

“မဒမ်မူဆဲဆယ်ဗီ... ကျွန်တော့်မှာ စွမ်းအားမကျန်တော့ဘူး။”

“......” ဒါဆို ကျွန်မတို့သေပြီပေါ့။

“ပိုးကောင်တွေ၊ သေကြစမ်း....” ဖိနှိပ်မယ့် အမြောက်တွေ သေနတ်တွေမရှိတော့တဲ့နောက်တော့ ငန်းနက်မကြီးက ပိုပြီးသောင်းကျန်းလာတယ်။ ပါစီဗယ်ရဲ့တပ်သားတွေ တစ်အုပ်ပြီးတစ်အုပ် ရိုက်နှက်ခံရပြီး မြူတွေအဖြစ်ပြောင်းကုန် ပါတော့တယ်။ အဲဒီနောက်တော့ ကျွန်မတို့ကိုယ်တိုင် ရေကန်ပတ်ပတ်လည်မှာ ပြေးနေရတော့တာပဲ။

“ပါစီဗယ်... နောက်ဆိုရင် ရှင့်ကိုယုံပြီး လျှောက်မသွားတော့ဘူး။” ကျွန်မလည်းငိုယိုပြီးတော့ ပြေးလွှားနေရင်းကနေ ပါစီဗယ့် ခေါင်းကို တဘုန်းဘုန်းရိုက်မိရော။

“သေပါပြီဗျ....”

ကျွန်မတို့တွေ ရုန်းရင်းဆန်ခတ် ပြေးလွှားနေတုန်းမှာ ပါစီဗယ်ရဲ့တပ်ရင်းတစ်ခုလုံး အပြောင်ရှင်းခံလိုက်ရပြီးဆိုတာ သတိမထားခဲ့မိဘူး။ ကောင်းကင်ကြီးတစ်ခုလုံးမှောင်ကျသွားပြီး မော့ကြည့်လိုက်ချိန်မှာ ငန်းနက်မကြီးရဲ့လက်ဝါးကိုမြင်လိုက်ရမှ နောက်ကျသွားပြီမှန်း သိလိုက်ရတော့တာ။ နေက်တစ်ခါထပ်ပြီး နာနာကျင်ကျင်နဲ့သေရဦးမှာ တွေးကြောက်မိပြီး မျက်စိမှိတ် အကျယ်ကြီးအော်မိတော့တာပဲ။

“အရူးကောင်... ရှင်ကျွန်မကို ထပ်သေခိုင်းဦးမှာလား....”

ဘုန်း....

ခပ်အုပ်အုပ် အသံတစ်သံထွက်လာပြီး မြေပြင်တစ်ခုလုံး လှုပ်ခါသွားတာ သတိထားလိုက်မိတယ်။ ရင်းနှီးနေတဲ့ အလင်းရောင်ကို ခံစားမိတဲ့အတွက် မျက်လုံးဖွင့်ကြည့်တော့ ဝိညာဥ်မီးအိမ်ရဲ့မြင်နေကျ အပြာရောင်မီးအလင်းက နှင်းမြူတွေကို ဖြတ်သန်းပြီးတော့ ရေကန်အနီးတစ်ဝိုက်မှာ ပြန့်နှံနေတာကို သတိထားမိလိုက်တယ်။

ပြီးတော့ ကျွန်မတို့ကိုရိုက်ချလိုက်တဲ့ လက်ဝါးကြီးကလည်းပဲ ရှေ့ဆက်မလာဘူး။ အကြောင်းအရင်းကတော့ ကျွန်မတို့တွေကို မဟူရာရောင်သလင်းကျောက်အလွှာက ကာကွယ်ပေးထားလို့ပဲ။

“ဆယ်ဗီ... ကိုယ်က အရူးမဟုတ်ဘူး။”

အသံလာရာကို ဝမ်းသာအားရကြည့်လိုက်တော့ တကယ်ပဲ သူဖြစ်နေတာပဲ။ နက်ဆန်က တခြားသူတွေကိုဦးဆောင်ပြီး ကျွန်မတို့ဆီကိုဦးဆောင်လျှောက်လာနေတယ်။ သူ့ညာဘက်မှာ မိုနီကာရှိနေပြီးတော့ ဝိညာဥ်မီးအိမ်ကိုကိုင်ဆောင်ထားတယ်။ ဘယ်ဘက်မှာတော့ ခရမ်းရောင်အလင်းတန်းတွေကိုလက်က ထုတ်လွှင့်နေတဲ့ ဒေါ်ရသီကိုမြင်နိုင်ပြီး သလင်းကျောက်လွှာကို သူကထိန်းချုပ်ထားတာ။ အယ်မာလည်းပါပေမဲ့ သူကတိုက်ပွဲမှာ ဝင်ကူပေးမယ့်ပုံမရဘူး။

“နောက်ထပ် အရှုပ်ထုတ်တွေလား... ကောင်းတယ်၊ နင်တို့ကိုပါ သတ်ပစ်ပြီး နင်တို့စွမ်းအားတွေကိုစုပ်ယူပစ်မယ်။”

ငန်းနက်မကတော့ ကျွန်မတို့ဆီကနေ အာရုံပြောင်းသွားပြီးတော့ နက်ဆန်တို့ကိုတိုက်ခိုက်ဖို့ လက်နှစ်ဖက်လုံးကိုစုစည်းကာ တူပုံစံ လက်ဟန်လုပ်ပြီး အားပြင်းပြင်းနဲ့ထုချလိုက်တယ်။

“ကျွန်မရှိနေသမျှ သခင့်ကို ဘယ်သူမှမထိနိုင်ဘူး.....”

ဘုန်း....

ဒေါ်ရသီက သလင်းကျောက်လွှာတွေကိုသုံးပြီး အဲဒီတိုက်ကွက်ကို တားဆီးလိုက်တယ်။ နက်ဆန်ရဲ့အရိပ်ကြီးကတော့ ငန်းနက်နဲ့ ယှဥ်နိုင်တဲ့အရွယ်အစားအထိ ကြီးထွားလာပြီးတော့ ငန်းနက်ကို လက်သီးနဲ့ထိုးနှက်လိုက်တယ်။

ဘောင်း....

ခွပ်... ခရက်....

ရေကန်ပေါ်က ရေခဲပြင်တွေအက်ကွဲသွားပြီး ငန်းနက်ကြီးလည်း နောက်ကိုဆုတ်လိုက်ရတယ်။ မိုနီကာကတော့ ဝိညာဥ်မီးအိမ်ကို မြင့်မြင့်မြှောက်လိုက်ပြီးတော့ ပြောလိုက်ပါပြီ။

“ဒါလင်... အဲဒီငန်းနက်မကြီးက ရေကန်ပတ်လည်မှာ သူစုထားတဲ့ ဝိညာဥ်စွမ်းအားတွေကိုသုံးပြီး သူ့ခန္ဓာကိုယ်ပုံရိပ်ယောင်ကြီး ဖန်တီးထားတာ။ တကယ့်ဝိညာဥ်ခန္ဓာက အဲဒီပုံရိပ်အောက်မှာ။”

“ငါမြင်ရပြီ....” နက်ဆန်က ရေကန်တစ်နေရာကိုကြည့်တယ်။ ကျွန်မလည်း သူကြည့်တဲ့နေရာကို ကြည့်လိုက်တော့ ကျွန်မတို့ ပထမဆုံးမြင်ခဲ့ဖူးတဲ့အရွယ်အစားပဲရှိတဲ့ ငန်းနက်ကိုမြင်ရတယ်။

“အမှိုက်ကောင်... ငါ့ဆီလာခဲ့....” နက်ဆန်က ပါစီဗယ်ကို လက်လှမ်းပြီး ပြောလိုက်တယ်။ ပါစီဗယ်ကလည်း မကျေမနပ်နဲ့

“ဒီတစ်ခါတော့ မဒမ်မူဆဲဆယ်ဗီအတွက် ကူညီပေးလိုက်မယ်။” ဆိုပြီး ကျွန်မရှေ့ကနေပျောက်သွားရော။ နက်ဆန်ရဲ့လက်ထဲမှာ အနက်ရောင်တောက်ပနေတဲ့ ငွေဓားအဖြစ်ရောက်သွားပြီးတဲ့ အခါမှာတော့ နက်ဆန်ဟာ လေးညို့ကပစ်လိုက်တဲ့ မြားလိုမျိုး ပြေးထွက်လာတယ်။

“ငြိမ်းအေးစွာအနားမယူနိုင်ဘဲ သက်ရှိလူသားအပေါင်းတို့ကို ဘေးဥပဒ်ကျရောက်စေသော ဝိညာဥ်အိုတာလီ။ ညနတ်ဘုရားမ နာမတော်ဖြင့် အသင့်အားအပြစ်ပေးရန် အချိန်ကျရောက်ပြီ။”

“ငါတော့ လက်မလျှော့နိုင်ဘူးဟေ့။ ဘာလို့နင်တို့တွေပဲ အချစ်စစ်နဲ့ကြုံရတာလဲ။ ငါလည်းချစ်ခဲ့တာလေ။ ဘာလို့ငါ့ကျတော့ ငါကိုကြင်နာပေးမယ့်သူနဲ့ မကြုံတွေ့ရတာလဲ။”

ကျွန်မက နက်ဆန်ရှေ့ကိုပြေးထွက်သွားတာကိုကြည့်နေတယ်။ အိုတာလီကလည်းပဲ တတ်နိုင်သမျှတားဆီးဖို့ကြိုးစားပေမဲ့ မိုနီကာက “ဒါလင်၊ ဘယ်ကိုကွေ့ ညာကိုကွေ့။”ဆိုပြီး တိုက်ကွက်အားလုံးကိုကြိုသတိပေးနေသလို ဒေါ်ရသီကလည်း သလင်းကျောက်လွှာတွေနဲ့ ကာကွယ်ပေးထားပါတယ်။

နောက်ဆုံးတော့ နက်ဆန်က ပုံရိပ်ယောင်ကိုဖြတ်ကျော်ဖို့ ဓားနဲ့ ခုတ်ပိုင်းလိုက်ပြီး အိုတာလီရဲ့ရှေ့ကိုရောက်ရှိသွားတယ်။ သူ့ရဲ့လက်တစ်ဖက်က အနက်ရောင်ငွေဆေဘာကိုကိုင်ထားပြီး တခြားတစ်ဖက်မှာတော့ ငန်းနက်ရုပ်ထုလေးတစ်ခု။

“မဖြစ်ဘူး....”

အိုတာလီ​က ထွက်ပြေးဖို့အတွက်ကြိုးစားပေမဲ့ နက်ဆန်က ငန်းနက်ရုပ်ထုကိုမြောက်လိုက်တာနဲ့ သူ့ခန္ဓာကိုယ်ကနောက်ကို ပြန်ဆွဲခံထားရပြီး စုပ်ယူခံနေရတယ်။

“ဘာလို့လဲ... ဘာလို့ငါကျမှ ဒီလိုဖြစ်ရတာလဲ။” အိုတာလီက အကြာကြီးငြင်းဆန်နေခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ရုပ်ထုရဲ့ စုပ်ယူခြင်းကို မဆန့်ကျင်နိုင်တော့ဘူး။ နက်ဆန်ရဲ့ဆေဘာက သူနဲ့နီးလာချိန်မှာတော့ ဘာကြောင့်မှန်းမသိ ရုန်းကန်မနေတော့ဘဲ နက်ဆန်ကိုသာကြည့်ကာ မျက်လုံးကိုမှိတ်ထားလိုက်တော့တယ်။ သူ့မျက်လုံးထောင့်မှာတော့ မျက်ရည်တွေနဲ့....

“အဲဒီလိုလား.... အလက်ဇန်းဒါး... ကျွန်မကိုယ်တိုင်က နားမလည်ခဲ့တာလား....” ဆိုပြီးတော့ နောက်ဆုံးအနေနဲ့ ပြောခဲ့သေးတယ်။ ငန်းနက်မ ပျောက်ကွယ်သွားချိန်မှာတော့ နက်ဆန်ရဲ့လက်ထဲမှာ ရုပ်ထုပဲကျန်ရစ်ခဲ့တယ်။ နက်ဆန်က အဲဒီရုပ်ထုကို သူ့လက်ထဲမှာတင်ပဲ တစ်စစီဖျက်ဆီးပစ်လိုက် ပါတော့တယ်။

“ငရဲကိုသွားလိုက်တော့... မင်းက အမှောင်ဘုံနဲ့တောင် မထိုက်တန်ဘူး။”တဲ့။

....

“ဆယ်ဗီ... ဆယ်ဗီ....”

ကျွန်မအကြာကြီး ရေကန်ရှေ့မှာ ကြောင်ပြီးရပ်နေမိတာ။ နက်ဆန် ကိုမျက်နှာချင်းဆိုင်ရချိန်မှာ ကျွန်မဘာပြောရမှန်းမသိတော့ပါဘူး။ သူက ကျွန်မကိုတူညီတဲ့ နွေးထွေးတဲ့အပြုံးနဲ့ပဲ ကြည့်နေခဲ့ပြီးတော့ ကျွန်မကိုမေးလိုက်တယ်။

“မင်းတကယ်ပဲ... ပါစီဗယ်ကို ချစ်တာလား.... သူနဲ့ထာဝရ နေချင်တာလား....”

သူ့မျက်လုံးတွေထဲမှာ ဝမ်းနည်းရိပ်တချို့ကိုတွေ့ရတယ်။ ပြီးတော့ အခုလိုအမေးခံရတဲ့အတွက် ကျွန်မမျက်နှာတွေနီရဲသွားပြီးတော့ ခေါင်းကိုချက်ချင်းခါပြမိတော့တာပါပဲ။

“အဲဒီလိုမဟုတ်ပါဘူး... ကျွန်မကို အဲဒီကောင်က ဒီနေရာမှာ ဆုတောင်းရင် အချစ်စစ်နဲ့ညားတယ်လို့ပြောလို့ လာခဲ့တာ။”

“အဲဒီလိုဖြစ်ခဲ့တာလား....” နက်ဆန်က ဓားဖြစ်နေသေးတဲ့ ပါစီဗယ်ကို လက်ထဲမှာမြှောက်ကြည့်လိုက်တယ်။ ပြီးတော့ သူ့အရိပ်ထဲကိုပစ်ထည့်လိုက်ရော။

“အမှိုက်ကောင်... အမှောင်ဘုံထဲကနေ ပြန်ထွက်မလာနဲ့တော့။”

ပါစီဗယ်ကတော့ မရအရပြန်ရုန်းထွက်လာပြီး လူပုံစံနဲ့ သူ့ကိုလှမ်းအော်ပါသေးတယ်။ “ဟေ့၊ ငါတို့က တန်းတူစာချုပ် ချုပ်ထားတာကွ။ ပြီးတော့ မင်းမှာ ငါ့ကိုဝရမ်းမပါဘဲ ဖမ်းခွင့်ရှိလို့လား။”

နက်ဆန်ကတော့ ပါစီဗယ်ပြောသမျှကို နားမထောင်ဘဲ သူ့အရိပ်လက်ကြီးနဲ့ ပါစီဗယ်ကိုအရိပ်ထဲ အတင်းထိုးထည့်တယ်။

“ဆယ်ဗီ... ဆယ်ဗီ... ကိုယ့်ကိုကယ်ပါဦး။” ပါစီဗယ်က ကျွန်မကို အကူအညီတောင်းပေမဲ့ ကျွန်မက မကြားချင်ယောင် ဆောင်ထားလိုက်တာပေါ့။ ဒီပြဿနာတွေက သူ့ကြောင့်ဖြစ်လာတာလေ။

ကျွန်မကတော့ နက်ဆန်ရဲ့လက်ကိုဆွဲထားလိုက်မိပါတယ်။ “ ရေကန်ရဲ့သတင်းက အတုဆိုပေမဲ့ ကျွန်မကတော့ စမ်းကြည့်ချင်သေးတယ်။”

“ကောင်းပြီလေ။” အံ့ဩစရာကောင်းစွာပဲ နက်ဆန်က မငြင်းခဲ့ဘူး။ ကျွန်မတို့တွေအတူတူ သစ္စာဆိုခါနီးတော့ မိုနီကာရောက်လာပြီး မျက်စောင်းထိုးပါလေရော....

“ဒါလင်ရေ....” ဒါပေါ့၊ ကျွန်မတို့လည်း သူ့ကိုမှမေ့ထားလို့မရတာ။ ဒါကြောင့်မလို့ မိုနီကာ့လက်ကိုပါဆွဲပြီး နက်ဆန်ရဲ့တခြားလက် တစ်ဖက်ကိုကိုင်ခွင့်ပေးလိုက်တယ်။ နက်ဆန်ရောမိုနီကာပါ အဲဒီလုပ်ရပ်ကို မယုံနိုင်ဖြစ်နေကြတာပေါ့။

“ဆယ်ဗီ၊ ဒါက....”

“ကျွန်မတို့သုံးယောက်က အခက်အခဲတွေအများကြီးကို အတူတူဖြတ်ကျော်ခဲ့ကြပြီးသားမဟုတ်လား။ ဒါကြောင့်မလို့ အခုလိုပဲ အမြဲတမ်းရှိနေတာ မကောင်းဘူးလား။”

မိုနီကာ ကျွန်မနားမှာရှိနေတာက တော်တော်လေးနာကျင်တယ်လို့ ခံစားရပေမဲ့ သူမရှိတော့ရင် ကျွန်မတို့ရဲ့ကမ္ဘာကြီးတိတ်ဆိတ် သွားလိမ့်မယ်လို့လည်း ခံစားရပြန်ရော။ ဒီလိုနဲ့ပဲ....

ကျွန်မတို့သုံးယောက် မခွဲအတူရှိနေဖို့အတွက် ရေကန်စောင့် နတ်သမီးမရှိတော့တဲ့ ငန်းရေအိုင်မှာ သစ္စာဆိုဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သက်သေကတော့ အယ်မာပါ။

“အာရာ... တို့က ကလေးတွေလက်ထပ်တာကို စောင့်ကြည့်ရမယ့် အရွယ်တောင် ရောက်နေပြီလား။”

“အစ်မကြီးရေ၊ တိတ်တိတ်နေပေးပါလို့။ ဒီမှာကျွန်မတို့ မုသွင်းမရတော့ဘူး။”

...

နောက်တစ်နေ့ နေ့လယ်ပိုင်း။

နယ်မြို့လေးကနေ ကျွန်မတို့ထွက်သွားခါနီး နေ့လယ်စာစားတော့။ မနေ့ညက တွေ့ခဲ့တဲ့ အဒေါ်ကြီး... အဲ... အစ်မကြီးတွေနဲ့ တွေ့ရပြန်တယ်။

ပုံပြင်တွေအပြောကောင်းတဲ့ အငယ်မဆုံးအစ်မကြီးက ကျွန်မကို တွေ့တာနဲ့ သူတို့ဝိုင်းကိုဆွဲခေါ်သွားတော့တာပဲ။

“တကယ်တော့လေ... မနေ့က ပြောစရာပုံပြင်တစ်ပုဒ်ကျန်ခဲ့လို့ နင့်ကိုလိုက်ရှာနေတာ။”

“ငန်းရေအိုင်နဲ့ဆိုင်တဲ့ပုံပြင်ပဲလား....”

“အင်း... ဒါပေမဲ့ဒီတစ်ခါက မင်းသားလေးရဲ့သူငယ်ချင်း အလက်ဇန်းဒါးရှုထောင့်က....”

“ငန်းရေအိုင်ပုံပြင်က အဲဒီလောက်တောင် ကျယ်ပြန့်တာလား။”

ကျွန်မလည်း သွားရမယ့်အချိန်က နည်းနည်းလိုသေးတော့ နေ့လယ်စာစားရင်းနဲ့ပဲ အလက်ဇန်းဒါးရဲ့ရှုထောင့်ကို နားထောင်ဖြစ်ခဲ့ပါတယ်။

“ဟိုးရှေးရှေးတုန်းက နိမ့်ကျတဲ့ဘဝကနေ မွေးဖွားလာခဲ့ပေမဲ့ စစ်သူရဲကောင်းတစ်ယောက်ဖြစ်လာပြီး မင်းသားလေးရဲ့ ကိုယ်ရံတော်ဖြစ်လာခဲ့တဲ့ အလက်ဇန်းဒါးဆိုတဲ့ ကောင်လေး ရှိသတဲ့။ တစ်နေ့မှာတော့ မင်းတိုင်ပင်အမတ်ကြီးရဲ့သမီးကို ချစ်မိသွားခဲ့ပေမဲ့ မျိုးရိုးမြင့်မိန်းကလေးဖြစ်တဲ့အတွက်ကြောင့် ဖွင့်မပြောနိုင်ခဲ့ဘူးတဲ့လေ။

သူ့အချစ်တွေကို အမျိုးမျိုးပြသခဲ့ပေမဲ့ အဲဒီမိန်းကလေးက မမြင်နိုင်ခဲ့ဘဲ မင်းသားလေးကိုသာချစ်မိပြီး မကောင်းတဲဲ့ အကြံအစည်တွေကိုသာ ကြံစည်ခဲ့သတဲ့။

တစ်နေ့မှာတော့ အဲဒီမိန်းကလေးက မင်းသားလေးနဲ့ကြင်ယာတော် ဖြစ်လာမယ့်မိန်းကလေးကို သေအောင်လုပ်ခဲ့မိသတဲ့။ အဲဒီမိန်းကလေး မင်းပြစ်မင်းဒဏ်သင့်တဲ့အခါ စုန်းမအဖြစ် လက်ဝါးကပ်တိုင်မှာတင်ပြီး မီးရှို့ခံရမှာသိနေတဲ့ အလက်ဇန်းဒါးဟာ သူမလုပ်ချင်ဆုံးအရာတစ်ခုကို လုပ်ခဲ့ရသတဲ့။”

“အဲဒါကတော့ အဲဒီမိန်းကလေးကို သက်သောင့်သက်သာနဲ့ သေဆုံးနိုင်အောင် ကူညီပေးဖို့ပါ။ ပြီးတဲ့နောက်မှာတော့ သူ့ကိုယ်သူလည်း အဆုံးစီရင်သွားခဲ့သတဲ့။”

....

“အီးဟီးဟီး... ငန်းရေကန်ပုံပြင်က မုန်းဖို့ကောင်းလိုက်တာ။”

ဒီလိုနဲ့ အပြန်လမ်းမှာတော့ ကျွန်မရဲ့ပုံပြင်စာအုပ်ကို ဆက်ပြီး မဖတ်နိုင်တော့ဘဲ လွှင့်ပစ်လိုက်ရတဲ့အဆင့်ထိ ရောက်သွားပါလေရော။

All Chapters