စားပွဲဝိုင်းတရားရုံး
Vol. 4 Ch. 224
အဲဘင်းမြို့ရထားဘူတာကထွက်တော့ လေကျောင်းတော်အဖွဲ့ဝင် တော်တော်များများက ပလက်ဖောင်းပေါ်မှာ နေရာယူထားတာ နက်ဆန်သတိထားမိလိုက်တယ်။ ရှားလော့ခ်ကိုယ်တိုင်က သူတို့ကိုဦးဆောင်လာတာဖြစ်ပြီး မသိမသာ နက်ဆန်တို့ကို ဝိုင်းထားပါတယ်။
“ရှင်တို့ လေကျောင်းတော်က လူကြားထဲမှာတောင် တိုက်ခိုက် ချင်နေသေးတာလား။”
အယ်မာက ရှေ့ကိုတက်လာပြီး အားလုံးကိုခြိမ်းခြောက်ပေမဲ့ ရှားလော့ခ်ကတော့ နောက်ကိုဆုတ်သွားမယ့်ပုံစံမျိုးမရှိဘူး။ အဲဒီအစားသူက အယ်မာကိုကြည့်လိုက်ပြီး...
“မစ်ရှင်က ပြီးသွားပြီမဟုတ်လား။ ဆိုလိုတာက ညအရှင်ကို ရှင်တို့EUOCကပေးထားတဲ့ လုပ်ပိုင်ခွင့်မရှိတော့ဘူးဆိုတဲ့ သဘောပါပဲ။”
အယ်မာက အံ့ကြိတ်လိုက်တယ်။ လောလောဆယ် မှော်ရတနာ ရရှိထားတဲ့အတွက်ကြောင့် အယ်ဒါအဆင့်ကိုရောက်နေပြီဆိုပေမဲ့ သူ့မှာကိုယ်လေးလက်ဝန်ရှိနေတယ်။ ရန်သူက ရှားလော့ခ် တစ်ယောက်တည်းမဟုတ်ဘဲ ဆီနိတ်တာခုနစ်ယောက်ပါ ပါပါသေးတယ်။ သူတို့တစ်ယောက်ချင်းစီကလည်း အားမနည်းကြဘူး။
“သခင်... မနက်ရောက်နေပြီဆိုပေမဲ့ မပူပါနဲ့။ ကျွန်မသူတို့ကို အချိန်ဆွဲပေးထားမယ်။ သခင်က မမလေးတို့နှစ်ယောက်ကို ခေါ်ပြီးတော့ပြေးနှင့်ပါ။”
ဒေါ်ရသီက တိုက်ပွဲဝင်ဖို့ပြင်လိုက်တယ်။ ဆယ်ဗီနဲ့နာတာရှာက ခြေမကိုင်မိလက်မကိုင်မိဖြစ်နေပြီး ဆယ်ဗီကတော့ ဘယ်ကမှန်း မသိတဲ့ရန်သူတွေ သူတို့ကိုဝိုင်းထားတဲ့အတွက် စိတ်ရှုပ်ထွေးနေပုံ ရပါတယ်။
“ဘာလို့ အမှောင်ကျောင်းတော်က သွားလေရာနေရာတိုင်းမှာ ရန်သူတွေရှိနေရတာလဲ။”
နက်ဆန်ကတော့ လက်ရှိအခြေအနေမှာ တည်တည်ငြိမ်ငြိမ် ဆက်ပြရှိနေပါတယ်။ တုန်လှုပ်နေမယ့်အစား သူကရှားလော့ခ်ကို ကြည့်ပြီးတော့မေးလိုက်လေရဲ့။
“ခင်ဗျားကျုပ်ကို ဖမ်းဆီးချင်နေရတဲ့အကြောင်းအရင်းက နာတာရှာကြောင့် သက်သက်ပဲလား။”
“နာတာရှာက ငါ့တပည့်တွေထဲမှာ အတော်ဆုံးမဟုတ်ပေမဲ့ နတ်ဘုရားခန္ဓာကိုယ်တစ်ခုပိုင်ဆိုင်ထားတယ်။ ပြီးတော့ နင်တို့က သူ့ကိုသတ်ပြီး အစေခံအဖြစ်လုပ်ထားတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အကြောင်းပြချက်ပေးကိုပေးရလိမ့်မယ်။”
“နေပါဦး...” ရှားလော့ခ်ဆီကနေ တင်စီးတဲ့စကားတွေကို ကြားရတဲ့အချိန်မှာတော့ ဆယ်ဗီက ဒေါသမထိန်းနိုင်တော့ဘဲ ဖြတ်ပြောလိုက်တယ်။
“နာတာရှာကို သတ်ခဲ့တဲ့သူက နက်ဆန်ကိုဆန့်ကျင်နေခဲ့တဲ့ ဆီနိတ်တာ မာရီယာပါ။ သူက နက်ဆန်ရဲ့အမိန့်အောက်မှာ ရှိနေခဲ့တာမဟုတ်ဘူး။ နက်ဆန်က နာတာရှာကို ကလဲ့စားချေခွင့် ပေးချင်ခဲ့ရုံပဲ။”
“ စိတ်ဝင်စားစရာကောင်းတဲ့ ပုံပြင်ပဲ....” အနက်ရောင် သိုးမွှေးဂျာကင်ရှည်ကိုဝတ်ထားတဲ့ ရှားလော့ခ်က ဆယ်ဗီရဲ့ စကားကိုကြားတဲ့အခါမှာတော့ ပါးစပ်ကိုလက်ဝါးနဲ့ကာပြီး ခပ်ဟဟရယ်မောလိုက်တယ်။ သူ့အတွက် ကမ္ဘာပေါ်မှာ အရယ်ရဆုံးပုံပြင်တစ်ပုဒ်ကို ကြားလိုက်ရသလိုပါပဲ။
သူ့ရဲ့ကွေးညွှတ်ပြီးခါးအထိရှည်လျားတဲ့ အဖြူရောင် ဆံနွယ်တွေကတော့ လှုပ်ယမ်းလို့သွားတော့တာပေါ့။ ဒီအမျိုးသမီးက အသက်လေးဆယ်ထဲဝင်နေပြီ ဖြစ်ပေမဲ့လို့ နည်းနည်းလေးမှ အလှလျော့ကျမသွားဘဲ ဝိုင်လိုမျိုး နီရဲတဲ့ပါးပြင်တွေနဲ့ ပါးလျတဲ့နှုတ်ခမ်းကို ပိုင်ဆိုင်ထားတယ်။
“နောက်ဆုံးမှာတော့ အဲဒီလူက အမှောင်ကျောင်းတော်ရဲ့အဖွဲ့ဝင် ဖြစ်နေတုန်းပဲလေ မိန်းကလေးရဲ့။ ရော့ဝဲလ်က မြေနဲ့ရေ နတ်ဘုရားခန္ဓာကိုယ်တွေကို ခိုးခဲ့တယ်။ ညအရှင်ကတော့ အမျိုးသမီးတစ်ယောက်ရဲ့မိသားစုအတွက် လက်စားချေလိုစိတ်ကို အသုံးချပြီးတော့ တစ်သက်လုံးကျွန်ပြုထားခဲ့တာ။
ထင်တဲ့အတိုင်းပဲ အမှောင်ကျောင်းတော်ကလူတိုင်းက ကတိမတည်ဘဲ လှည့်စားတတ်တဲ့သူတွေချည်းပဲ။”
ရှားလော့ခ်က လက်ထဲက မှော်နှင်တံကို လှည့်ပတ်ကစားနေရင်းနဲ့ ဆယ်ဗီရှေ့မှာရပ်နေတယ်။ သူ့ပုံစံက နက်ဆန်ဘက်ကနေ ဝင်ပြောနေတဲ့ ဆယ်ဗီကို သနားသလိုလို ရယ်ချင်သလိုလို ပုံစံမျိုးနဲ့။
“ဒါနဲ့... နင်က အဲဒီညအရှင်ကို သိပ်ယုံနေတာလား။”
ရှားလော့ခ်ရဲ့လှောင်သလိုပြောက်သလိုပုံစံမျိုးကိုမြင်ရတော့ ဆယ်ဗီက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်လိုက်ပြီးတော့ ခြေဆောင့်ကာပြောလိုက်တယ်။
“ယုံတယ်.... ကျွန်မက သူကိုယ်တိုင်ကိုရော သူပေးထားတဲ့ ကတိတွေကိုရောယုံတယ်။ အကြောင်းက... သူကသူ့ရဲ့ကတိတွေကို အမြဲတမ်းဖြည့်ဆည်းပေးတတ်လို့ပဲ။”
ဟားဟားဟား....
ဒီတစ်ခါတော့ ရှားလော့ခ်က ဟန်ဆောင်မနေတော့ဘဲ အကျယ်ကြီး ရယ်မောလိုက်တယ်။ ဒါပေမဲ့ အဲဒီရယ်သံရဲ့နောက်မှာ အထီးကျန် ဝမ်းနည်းမှုတချို့ ပါဝင်နေတာကိုတော့ သတိထားမိနိုင်ပါတယ်။
“ငါပြောမယ်... အမှောင်ကျောင်းတော်က ဘယ်သူကမှ ယုံကြည်လို့ရတဲ့သူတွေမဟုတ်ဘူး။ သူတို့တွေအားလုံးက အတူတူချည်းပဲ။”
ရှားလော့ခ်ရဲ့ရန်တွေ့တဲ့ပုံစံကြောင့် မနေနိုင်တော့တဲ့ဆယ်ဗီက လက်သီးကိုဆုပ်ပြီး ရှားလော့ခ်ကိုထိုးနှက်ဖို့ပြင်လိုက်ပါတယ်။ ရှားလော့ခ်က ဘာမှမလုပ်ပေမဲ့ ဆီနိတ်တာတွေက မှော်နှင်တံတွေနဲ့ ဆယ်ဗီကို ချိန်ရွယ်လိုက်တယ်။
“ဆယ်ဗီ... တော်လောက်ပြီ။”
နက်ဆန်က ပြောပြောဆိုဆိုနဲ့ ဆယ်ဗီရဲ့ရှေ့မှာဝင်ရပ်လိုက်ပြီး နှစ်ဖက်စလုံးကို ရပ်ခိုင်းလိုက်ပါပြီ။ ပြီးတဲ့နောက်မှာတော့ မုန်တိုင်းသခင်မကို စေ့စေ့ကြည့်လိုက်ပြီး...
“တကယ်လို့ မင်းက နာတာရှာအကြောင်းသိချင်ရုံသက်သက်ပဲ ဆိုရင်တော့ ငါလိုက်ခဲ့ပေးမယ်။”
“ကောင်းပြီလေ။ ကျွန်မက ကျိုးကြောင်းမဆင်ခြင်တတ်တဲ့ သူမဟုတ်ပါဘူး။ တခြားအယ်ဒါတစ်ယောက်ကို နှိမ့်ချပြီး ဆက်ဆံစရာအကြောင်းမရှိဘူး။ ရှင့်အဆင့်အတန်းနဲ့ ညီညွတ်တဲ့ တရားစီရင်မှုမျိုးကိုရမှာပါ။”
ဆီနိတ်တာတွေက နက်ဆန်တို့အုပ်စုရဲ့ဘေးဘယ်ညာမှာဝင်ရပ်ပြီး ထွက်မပြေးနိုင်အောင် လုပ်ဆောင်လိုက်တယ်။ ရှားလော့ခ်က ရှေ့ကနေဦးဆောင်လျှောက်ပြီး နက်ဆန်နဲ့တခြားသူတွေက နောက်ကလိုက်ရပါတယ်။
ဆယ်ဗီကတော့ နားမလည်နိုင်တဲ့ပုံစံနဲ့မေးလိုက်တယ်။ “အဆင့်အတန်းနဲ့အညီ တရားစီရင်တယ်ဆိုတာက ဘာကြီးလဲ။ နောက်ထပ်ကျောင်းခြောက်ကျောင်းရဲ့ထုံးတမ်းတစ်ခုပဲလား။”
အယ်မာက ခေါင်းညိတ်လိုက်ပြီးတော့ “အဲဒီလိုပဲ ပြောရမှာပေါ့။ ကျောင်းခြောက်ကျောင်းက တစ်ဖွဲ့နဲ့တစ်ဖွဲ့ မကျေနပ်တဲ့ကိစ္စတွေ ရှိိပြီးတော့ တစ်ခါတလေ ကိစ္စတွေပြင်းထန်လာတဲ့အခါမျိုးမှာ စစ်ဖြစ်တတ်ကြတယ်ဆိုပေမဲ့ ပြဿနာဖြစ်တိုင်း ထသတ်နေလို့တော့ မဖြစ်သေးဘူးမဟုတ်လား။”
အဲဒါကြောင့် ကျောင်းတော်တစ်ခုနဲ့တစ်ခု အငြင်းပွားမှုတစ်ခုခု ဖြစ်လာပြီဆိုရင် အရင်ဆုံး သံတမန်ရေးအရဖြေရှင်းဖို့အတွက် တရားသူကြီးသုံးပါးပါဝင်တဲ့ စားပွဲဝိုင်းတရားစီရင်ရေးစနစ် ဖြစ်တည်လာတာပဲ။”
ဆယ်ဗီကတော့ အယ်မာပြောပြတဲ့စကားတွေကို နားလည်ဖို့ အကောင်းဆုံးကြိုးစားနေတယ်။ ဒါကြောင့်သူတို့လူအုပ်က ရှေ့ဆုံးကလျှောက်နေတဲ့ ရှားလော့ခ်ရဲ့ဒေါက်ဖိနပ်က ထွက်ပေါ်လာတဲ့ စည်းချက်ညီညီ တဒေါက်ဒေါက်သံကိုတောင် ကြားနိုင်တယ်။
“ဒါဖြင့် နက်ဆန်က တရားစွဲခံရတယ်ဆိုတဲ့ သဘောပဲပေါ့။ ဒါပေမဲ့ အဆင့်အတန်းနဲ့ကိုက်ညီတဲ့ တရားစီရင်မှုဆိုတာကရော။”
ဆယ်ဗီရဲ့မေးခွန်းတွေက တစ်ခုအပေါ်ကိုတစ်ခု ဆင့်ပွားလာတယ်။ အယ်မာက အနည်းငယ်ဖောရောင်နေတဲ့ သူ့ခြေထောက်တွေကို ငုံကြည့်လိုက်ပြီးမှ ပြန်ဖြေတယ်။
“တရားလိုဖြစ်တဲ့ ရှားလော့ခ်ရော တရားခံဖြစ်တဲ့ နက်ဆန်ရောက အယ်ဒါတွေပဲ။ ဒါကြောင့် စားပွဲဝိုင်းတရားသူကြီးတွေကလည်းပဲ အယ်ဒါတွေဖြစ်ရမယ်လို့ ဆိုလိုတာ။”
“တစ်နည်းအားဖြင့် တရားရုံးထဲမှာ ကျောင်းခြောက်ကျောင်း အယ်ဒါခြောက်ယောက်ထဲက ငါးယောက်တောင်စုနေမှာပေါ့။ အလင်းကျောင်းတော်ဟောင်းဖြစ်တဲ့ ရိုမြူလက် ဘုရားကျောင်းကလွဲလို့ ကျန်တဲ့လူတွေအားလုံး အဲဒီနေရာမှာရှိနေမှာလား။”
“အဲဒီအတိုင်းပဲ။ ကိစ္စကြီးတစ်ခုလို့ပဲ ဆိုပါတော့။”
အယ်မာဆီက အတည်ပြုချက်ကို ရပြီးတဲ့အခါမှာတော့ ဆယ်ဗီ ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ အဲဒီနောက်တော့ သူက လက်ချောင်းလေးတွေကိုထောင်ပြီး စတင်ရေတွက်ကြည့်လေရဲ့။
“ဒါဆိုရင် ရိုစယ်လီယာလည်း တရားရုံးမှာတရားသူကြီး လုပ်ရမှာမဟုတ်လား။ သူက နက်ဆန်ကို အစကတည်းက ကြည့်လို့ရတဲ့သူမဟုတ်ဘူးဆိုတော့ ပြဿနာပဲ။
မြေကျောင်းတော်က ဖွားဖွားရီတာက သဘောကောင်းမယ့်ပုံ ရပေမဲ့ သူကဘက်လိုက်ပါ့မလား။
ရေကျောင်းတော်ကတော့... အင်း.... သူတို့အယ်ဒါကို ကျွန်မ မမြင်ဖူးသေးဘူး။ ဒီရေဂို အဲဘတ်တိုင်းလို မဟုတ်ပါစေနဲ့လို့ ဆုတောင်းရတာပဲ။ ဒါပေမဲ့...”
နောက်တော့ ဆယ်ဗီက စိတ်ပူနေတဲ့မျက်နှာနဲ့ အယ်မာရဲ့ ပခုံးနှစ်ဖက်လုံးကို ဆုပ်ကိုင်ကာမေးလိုက်ပါလေရောလား။
“အယ်... အယ်မာရေ.... တရားရှုံးသွားရင် ဘာဖြစ်မှာလဲဟင်။”
အယ်မာကတော့ သက်ပြင်းချလိုက်ရင်းနဲ့ ဆယ်ဗီကို သူသိနေပြီးသားအဖြေကိုပြောလိုက်တယ်။
“တရားစီရင်ချက် တစ်ခုနဲ့တစ်ခုကမတူပေမဲ့ စားပွဲဝိုင်းတရားသူကြီးတွေက အယ်ဒါတွေကိုတောင် ရာထူးကနေနှုတ်ထွက်ဖို့ ဖိအားပေးတောင်းဆိုပိုင်ခွင့်ရှိတယ်။ တကယ်လို့ တရားရုံးအမိန့်ကို ငြင်းဆန်ရင်တော့ ကျန်တဲ့ကျောင်းတော်တွေက အမှောင်ကျောင်းတော်ကို တစ်ပြိုင်နက်တည်း စစ်ကြေညာလိမ့်မယ်။”
“ရာထူးကနေ နှုတ်ထွက်ရမယ်... စစ်ကြေညာခံရမယ်....” ဆယ်ဗီက အဲဒီစကားလုံးနှစ်လုံးကိုလည်းကြားပြီးရော မနေနိုင်တော့ဘဲ ရထားဘူတာကြမ်းပြင်ပေါ်ကို ဒူးထောက် ကျသွားပါလေရော။
“နက်ဆန်သာ တစ်ခုခုဖြစ်သွားရင် ကျွန်မဘယ်လိုလုပ်ရမလဲ။”
ဆယ်ဗီတစ်ယောက် အတွေးတွေစလွန်လာတဲ့အတွက်ကြောင့် အယ်မာလည်း မနေနိုင်တော့ဘဲ ကလေးမလေးလိုဖြစ်နေတဲ့ ဆယ်ဗီကို ခေါင်းပုတ်ပေးလိုက်တော့တာပေါ့။
“အဲဒီလောက်ကြီး စိုးရိမ်စရာမလိုပါဘူး။ ဒါက တရားရှုံးမှ မဟုတ်ဘူးလား။ ဖုတ်ကောင်ဖြစ်သွားပြီးတဲ့နာတာရှာနဲ့ ငါတွေ့ဖူးတယ်။ သူက သူ့ဆန္ဒနဲ့သူ နက်ဆန်နောက် လိုက်ခဲ့တဲ့ပုံမလို့ ပြဿနာမရှိလောက်ဘူးထင်တာပဲ။”
“ဒါလည်း ဟုတ်တာပဲနော်။” ဒီတော့မှ ဆယ်ဗီက ခေါင်းညိတ်လိုက်ပြီး ပြန်ထကာ သူတို့ကိုရပ်စောင့်နေရတဲ့ တခြားသူတွေကို တောင်းပန်လိုက်ပါတယ်။
အဲဒီနောက်တော့...
“ဒါနဲ့လေ... အယ်ဒါရှားလော့ခ်က အမှောင်ကျောင်းတော်အပေါ်ကို လ်ိုတာထက်ပိုပြီး ရန်လိုနေတယ်လို့ မထင်ဘူးလား။ နာတာရှာ ကိစ္စကြောင့်ဆိုပေမဲ့လို့ အဲဒါထက်နည်းနည်းပိုနေသလိုမျိုးပဲ။”
ဆယ်ဗီက သူ့ဝမ်းဗိုက်ထဲမှာရှိနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ သိစိတ်ကိုအသုံးချလိုက်တယ်။ အယ်မာကလည်းပဲ ခေါင်းညိတ် လိုက်ပြီးတော့ ဆယ်ဗီနားနားကပ်ခိုင်းပြီး တီးတိုးရှင်းပြတယ်။
“ငါကြားဖူးတာတော့ အမှောင်ကျောင်းတော်ရဲ့အရင်မျိုးဆက် ညမင်းသားဖြစ်တဲ့ ရိုဝင်က ရှားလော့ခ်နဲ့ ငယ်ငယ်ကတည်းက လူကြီးချင်းသဘောတူပြီး စေ့စပ်ထားတာတဲ့။”
“အဲဒီလိုလား....” အတင်းအဖျင်းလေးက နည်းနည်းပါလာတော့ ဆယ်ဗီက ချက်ချင်းတက်ကြွလာပြီး အယ်မာဆက်ပြောမယ့် စကားကို တက်တက်ကြွကြွစောင့်စားနေလိုက်တယ်။ အယ်မာကလည်း ထိန်ချန်ထားစရာမရှိဘူးလို့ ယူဆတဲ့အတွက် အခုလိုပဲ ပွင့်ပွင့်လင်းလင်းပြောလိုက်လေရဲ့။
“ဒါပေမဲ့ သခင်ရိုဝင်က အရင်မျိုးဆက် လေးသူတော်စင်ဖြစ်တဲ့ ရီယာနဲ့ချစ်ကြိုက်သွားပြီး လက်ထပ်ဖြစ်ခဲ့တယ်လေ။”
‘......’ ဆယ်ဗီက အဲဒီစာကြောင်းအရောက်မှာတော့ အလိုလိုနေရင်း ရှေ့ကသွားနေတဲ့နက်ဆန်ကိုကြည့်မိလိုက်တယ်။ တဖြည်းဖြည်းနဲ့တော့ ဘာဖြစ်ခဲ့လဲဆိုတာ သဘောပေါက်လာပြီ။ အယ်မာကတော့ ရပ်တန့်မယ့်ရည်ရွယ်ချက်မရှိဘဲ ဆက်ပြောခဲ့တယ်။
“ရှားလော့ခ်က အဲဒီကိစ္စနဲ့ပတ်သက်ပြီး အရင်အယ်ဒါလောဟန်ကို ကန့်ကွက်ခဲ့ပေမဲ့ အယ်ဒါလောဟန်က သူ့သားချစ်တဲ့သူယူပါစေ ဆိုပြီးတော့ ပယ်ချခဲ့တာ။ ရှားလော့ခ်က ရိုဝင်ကို ငယ်ငယ်လေးတည်းက ကြိုက်နေမှန်းမသိဘဲနဲ့ပေါ့။”
အကြောင်းစုံကိုကြားရပြီးတဲ့နောက်မှာတော့ ဆယ်ဗီဟာ မနေနိုင်တော့ဘဲ ငိုချမိလုနီးပါးဖြစ်လာတော့တာပါပဲ။ နောက်တော့ တိုးတိုးလေးပြောလိုက်ပါလေရော။
“ဒါဆိုရင် ကျွန်မတို့ရှေ့က အယ်ဒါရှားလော့ခ်က တစ်ချိန်တုန်းက အချစ်ရေးမှာ ဆုံးရှုံးခဲ့တဲ့ အရှုံးသမားဖြစ်ခဲ့တာပေါ့။ အခုတော့ ချစ်သူရဲ့ရုပ်ရည်နဲ့ ရန်သူရဲ့မျက်လုံးတွေရှိနေတဲ့ကလေးကို ရင်ဆိုင်နေရပြီ။ သူ့ခင်ဗျာ ဘယ်လောက်တောင် နာကျင်နေလိုက်မလဲ။”
“တိုးတိုးပြော... ကြားသွားဦးမယ်။” အယ်မာက သတိပေး လိုက်ပါတယ်။ ဆယ်ဗီရဲ့စကားသံက ကျယ်လွန်းအားကြီးလို့ လေကျောင််းတော် ဆီနိတ်တာတွေတောင် လှမ်းကြည့်နေကြပြီ။
....
ဒီလိုနဲ့မကြာခင်မှာပဲ သူတို့အုပ်စုက ရထားဘူတာအပြင်ကို ရောက်လာခဲ့တယ်။ သူတို့တွေ ကားထဲဝင်ထိုင်ခါနီးမှာပဲ မျှော်လင့်မထားတဲ့အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့လေရဲ့။
ဘုန်း...
ကောင်းကင်ကနေ မီးခိုးတွေအူထွက်နေတဲ့ လူတစ်ယောက် ပြုတ်ကျလာတယ်။ သေချာကြည့်လိုက်တော့ မိန်းကလေး တစ်ယောက်ပါ။ သူ့အသားအရေ စိမ်းဖန့်ဖန့်ရောင်သန်းနေပြီး အမှောင်ကျောင်းတော်အရာရှိဝတ်စုံကိုဝတ်ထားတာပါ။ သူက နက်ဆန်ကိုတွေ့တဲ့အခါမှာတော့ တစ်ကိုယ်လုံးလောင်ကျွမ်း နေခဲ့ပေမဲ့ဂရုမစိုက်ဘဲ နက်ဆန်ရှေ့မှာ ဒူးထောက်လိုက်တယ်။
“ညအရှင်... ညအရှင်ခိုင်းလိုက်တဲ့ကိစ္စအောင်မြင်ပါပြီ။ ညအရှင်သိချင်နေတဲ့သူက သီရာပါပဲ။”
နက်ဆန်က ဒီစကားကိုကြားရတဲ့အခါမှာတော့ နေရာမှာတင် ကျောက်ရုပ်ကြီးတစ်ရုပ်လိုမျိုး တောင့်တင်းသွားခဲ့ပါတယ်။ ဆန့်ကျင်ဘက်မှာတော့ ရှားလော့ခ်က သူ့ရှေ့မှာရုပ်ပျက် ဆင်းပျက်ဖြစ်နေတဲ့ နာတာရှာကိုမြင်ရချိန်မှာ မခံစားနိုင်တော့ဘဲ ရင်ဘတ်က ဖောင်းလိုက်ပိန်လိုက်ဖြစ်နေလေရဲ့။
“ဘယ်လို... ဘယ်လိုသတ္တိမျိုးနဲ့... ငါ့တပည့်ကို ဒီလိုလုပ်လိုက်တာလဲ။”