သူနဲ့တွေ့တဲ့အခိုက်
Vol. 4 Ch. 225
လွန်ခဲ့သော နှစ်ပေါင်းများစွာက....
ကြာခဲ့ပြီဖြစ်လို့ ရှားလော့ခ်ကိုယ်တိုင်တောင်မှ အဲဒီနေ့က ဘယ်နှစ်က ဖြစ်ခဲ့တာလဲဆိုတာ သေချာမမှတ်မိတော့ဘူး။ ဒါပေမဲ့ အဲဒီနေ့မှာ ဖြစ်ခဲ့တဲ့အရာတွေရယ် အဲဒီကောင်လေးရယ်ကို မှတ်မိ နေဆဲပါ။
ကြာညောင်းခဲ့ပြီဖြစ်လို့ ပါးပြင်မှာအရေးအကြောင်းတွေ တိုးလာခဲ့ပြီး အသက်ထိပ်စီးအကြိမ်ကြိမ်ပြောင်းခဲ့ပေမဲ့ သူ့ဦးခေါင်းထက်က ဆံသားကိုထိတွေ့လိုက်တဲ့အခါတိုင်း အဲဒီတုန်းက ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်သတိရဖြစ်ပြီး ပြုံးမိ၊ အမှတ်ရနေမိဆဲပါပဲ။
“အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရခဲ့ရယ်....” ဒါက ရှားလော့ခ်အတွက် ဘယ်တော့မှပြည့်လာမှာမဟုတ်တဲ့ ဆုတောင်းတစ်ခုပါပဲ။
အဲဒီနေ့က နေသာတဲ့နေ့တစ်နေ့ဆိုတာတော့ ရှားလော့ခ်မှတ်မိ နေခဲ့ပါတယ်။ နွေဦးကာလဖြစ်ပြီးတော့ နှင်းတွေကင်းစင်သွားပြီ။ သစ်ပင်တော်တော်များများက အရိုးခြောက်ကြီးတွေလိုမျိုး သစ်ရွက်မရှိဘဲဖြစ်နေသေးပေမဲ့ ရွက်သစ်ကလေးတွေ ဖူးငုံစပြုလို့။ မြက်ခင်းပြင်တွေကလည်း ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ မီးခိုးရောင်ကနေ အစိမ်းနုရောင်သန်းစပြုလာတဲ့ သမယပေါ့။
“နောက်ထပ် မွေးနေ့ရောက်လာပြန်ပြီ။”
ဆံပင်အဖြူရောင်ရှိတဲ့ ကလေးမလေးရဲ့မီးခိုးရောင်စက္ခုအစုံက ဖူးငုံနေတဲ့ အနီရောင်ပေါ်ပီပန်းခင်းကြီးကို စိုက်ကြည့်လို့ရယ်။ ပန်းခင်းက တကယ်တော့လူတွေပြုလုပ်ထားတဲ့ အိမ်တွင်းဥယျာဥ် အတွင်းမှာရှိနေတဲ့ ပန်းမွေ့ရာတစ်ခုသာဖြစ်ပေမဲ့လို့ စံအိမ်တွင်း ခြံဝင်းက တော်တော်ကျယ်တာမလို့ ရှားလော့ခ်လေး ပန်းမွေ့ရာ နောက်မှာပုန်းနေရင် တော်ရုံလူမမြင်ရဘူး။
“ မွေးနေ့ရောက်တိုင်း အလည်လာတတ်တဲ့သူတွေကို မုန်းတယ်။”
ရှားလော့ခ်က မဲ့ရွဲ့ပြီးပြောလိုက်တယ်။ သူဝတ်ထားတဲ့ ဂါဝန်ဖြူပေါ် အပြာရောင်ပန်းပွင့်တွေပါတဲ့ ဂါဝန်အနားကတော့ မြေကြီးတွေနဲ့ ပေပွလို့။
ရှားလော့ခ် ဟောသွန်းဟာ လေကျောင်းတော်အယ်ဒါရဲ့အကြီးဆုံး သမီးဖြစ်တယ်။ အသန့်စင်ဆုံးသွေးမျိုးဆက်ကိုပိုင်ဆိုင်ထားပြီး မွေးကတည်းက တောင်ပံလေးဖက်ပါ လေနတ်ဘုရားခန္ဓာကို ပိုင်ဆိုင်ထားပြီးသား။ နည်းနည်းလေးအားစိုက်လိုက်ရင် နောက်ထပ်တောင်ပံတစ်ခုထပ်ပေါက်လာပြီး အယ်ဒါအဆင့်ကို ရောက်တော့မယ့် ပါရမီရှင်မလေးပေါ့။
ပိုပြီးထူးဆန်းတာက ရှားလော့ခ်ဟာ အခုမှခုနစ်နှစ်ပဲရှိသေးတာပဲ။ မိသားစုဝင်တွေအားလုံးက မျိုးဆက်သစ်ပါရမီရှင်လေးအဖြစ် ချီးကျူးကြပြီးတော့ လပြေနတ်သမီးလို့ခေါ်ကြတယ်။ မွေးနေ့ ရောက်တဲ့အခါတိုင်းမှာလည်း ကျောင်းခြောက်ကျောင်းကရော ပိုလန်ရဲ့ဩဇာအာဏာကြီးမားသူတွေကပါ ဟောသွန်းမိသားစုပိုင် စံအိမ်ကြီးဆီကိုလာလည်လေ့ရှိကြတယ်။
ဒါပေမဲ့ အလည်လာတဲ့သူတွေ မသိကြတဲ့အချက်တစ်ခုတော့ ရှိပါတယ်။ လေကျောင်းတော်ရဲ့လေပြေသခင်မလေး ရှားလော့ခ်ဟာ အိမ်တွင်းအောင်းတစ်ယောက်ဖြစ်ပြီးတော့ လူတွေနဲ့ပြောဆိုဆက်ဆံရမှာကို သေမတတ်ကြောက်တာပါပဲ။
“ငါ့ကို ဘယ်သူမှမတွေ့ပါစေနဲ့... ငါ့ကိုဘယ်သူမှမတွေ့ပါစေနဲ့...”
ရှားလော့ခ်က ပုန်းအောင်းနေရင်းကနေပြီး ဘယ်သူ့ကို ဆုတောင်းလို့ ဆုတောင်းနေမှန်းမသိဘဲ ဆုတောင်းနေခဲ့တယ်။ သဘာဝအရ စကားများတတ်တဲ့ လေနတ်ဘုရားဗန်တီက စကားမပြောချင်တဲ့ ရှားလော့ခ်လေးကို မကြားချင်ယောင် ဆောင်လွန်းလို့ကို နာမည်ထည့် ဆုမတောင်းတော့တာ။
ကျွီ.... ကျွီ...
ရုတ်တရက် သူ့ခြေထောက်ပေါ်ကို အကောင်တစ်ကောင် တက်လာသလိုမျိုး ခံစားလိုက်ရတဲ့အတွက် ငုံကြည့်မိတော့ အရိုးစုကြွက်တစ်ကောင်ကို မြင်လိုက်ရပါလေရော။
“ အောင်မလေး....”
အရိုးစုကြွက်က လက်ဖဝါးတစ်ခုစာလောက်ကြီးပြီး မျက်လုံးကနေ မီးခိုးစိမ်းစိမ်းတွေထွက်နေတာမလို့ ရှားလော့ခ်လေးလည်း လန့်ပြီး ခုန်ထလိုက်မိတယ်။ အဲဒီနောက်တော့ နောက်မှာရှိနေတဲ့တစ်စုံ တစ်ယောက်ကိုဝင်တိုက်မိတော့တာပါပဲ။
“သေပါပြီဗျ....”
ရှားလော့ခ် သတိဝင်လာတော့ သူ့အောက်မှာတစ်ယောက်ယောက် ပိနေတယ်လို့ ခံစားရတဲ့အတွက် ဖယ်ပေးလိုက်ချိန်မှာတော့ ဆံပင်အနက်ရောင်နဲ့ တီရှပ်အနက်၊ ဂျင်းအနက်ကိုတွဲဝတ်ထားတဲ့ ရွယ်တူကောင်လေးတစ်ယောက်ကို မြင်လိုက်ရတယ်။
ကောင်လေးရဲ့နှုတ်ခမ်းကနေ သွေးတွေစီးကျနေပြီးတော့ အစောပိုင်းကတိုက်မိတုန်းက လျှာကိုက်မိသွားတဲ့ပုံပါပဲ။
“ထိ... ထိခိုက်သွားသေးလား...” စိုးရိမ်နေတဲ့စိတ်ကြောင့် ရှားလော့ခ်က ရှိတဲ့သတ္တိကိုမွေးပြီး မေးလိုက်ပါတယ်။ ရွယ်တူကောင်လေးကတော့ စပ်ဖြဲဖြဲမျက်နှာနဲ့ပြန်ထရပ်ရင်း တောင်းပန်လိုက်တာပေါ့။
“တကယ်က ကျွန်တော့်အမှားပါ။ အရှေ့မှာ ခင်ဗျားတစ်ယောက်လုံး ရှိနေတာကိုမမြင်ဘဲ ပီတာနောက်ကို လိုက်လာခဲ့မိတာလေ။”
“ပီတာ....” ရှားလော့ခ်က အရိုးစုကြွက်ကလေးကို မယုံနိုင်တဲ့ မျက်လုံးတွေနဲ့ကြည့်လိုက်တယ်။ ကြွက်ကလေးကတော့ ခုန်ပေါက်သွားလာရင်းနဲ့ ကောင်လေးကိုယ်ပေါ်တက်ပြီး ဘယ်ဘက်ပခုံးပေါ်မှာနားနေတယ်။
“ ကျွန်တော်မွေးထားတဲ့ ကြွက်ကလေးလေ... သူက ဒီနားဝန်းကျင်မှာ ရတနာနံရတယ်လို့ပြောလို့ လိုက်ရှာနေတာ။ ခင်ဗျားရောပါဦးမလား...”
“ကျွန်မ....” ရှားလော့ခ်က ငြင်းဖို့ကြိုးစားခဲ့ပေမဲ့ ကောင်လေးက သူ့လက်ကိုဆွဲခေါ်နှင့်ပြီးနေပြီ။
“ပီတာက ဟိုဖက်ခြမ်းမှာလို့ပြောတယ်... သွားကြည့်ရအောင်...”
ဒီလိုအဖြစ်မျိုးနဲ့မကြုံဖူးတာကြောင့် အံ့ဩလွန်းတဲ့အတွက် ရှားလော့ခ်ငြင်းဖို့ကိုတောင်မေ့သွားပြီး အိမ်တွင်းပန်းဥယျာဥ်ထဲ ထူးဆန်းတဲ့ကောင်လေးနဲ့အတူ ရတနာရှာဖြစ်ခဲ့တယ်။
“ တွေ့ပြီကွ...” မြေတူးရလွန်းလို့ နှစ်ယောက်လုံးရဲ့အဝတ်တွေ ပေကျံလာချိန်မှာတော့ ကောင်လေးက ရွံတွေပေကျံနေတဲ့ ငွေဆံထိုးလေးတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ ငွေဆံထိုးလေးက အိုဟောင်းနေပြီး မြုပ်နှံထားတဲ့ ကျောက်မျက်ရတနာတွေတောင် မရှိတော့ဘူး။
“ကြည့်ရတာ ဒီနေရာမှာတစ်ယောက်ယောက် ကျပျောက်သွားတာ ကြာပြီနဲ့တူတယ်။ တန်ဖိုးမရှိပေမဲ့ တို့နှစ်ယောက်တွေ့ဖူးတဲ့ အမှတ်တရအဖြစ်နဲ့ ယူထားလို့ရတယ်နော်။”
ကောင်လေးက ဆံထိုးကိုရေဆေးပြီးနောက် ရှားလော့ခ်ရဲ့လက်ထဲ ထည့်ပေးလိုက်တယ်။ စီခြယ်ထားတဲ့ ရတနာမရှိတော့သလို အိုဟောင်းနေလို့ ငွေရောင်တလဲ့လဲ့တောက်ပမနေတော့ပေမဲ့ ရှားလော့ခ်နှစ်သက်တယ်။ အကြောင်းက အဲဒီထူးဆန်းပြီး ပျော်တတ်တဲ့ကောင်လေးက ပေးခဲ့တာမလို့ပဲ။
“သခင်မလေးရေ... သခင်မလေး....”
“အရှင့်သားရေ... အရှင့်သား....”
မကြာခင်မှာပဲ အိမ်တော်ရဲ့အစေခံတွေနဲ့ အနက်ရောင်ဝတ်စုံ ဝတ်ထားတဲ့လူစိမ်းတွေက ပေလူးနေတဲ့ ရှားလော့ခ်နဲ့ ကောင်လေးကို ရှာတွေ့သွားပါလေရော။
ငါးမိနစ်လောက်ကြာပြီးတဲ့နောက်မှာတော့ ရှားလော့ခ်ဟာ ဂါဝန်အသစ်ကိုဝတ်ထားပြီး သူမနေချင်တဲ့ ခန်းမကျယ်ကြီးထဲ ပြန်ရောက်နေပြီ။ ဒါပေမဲ့ ဟိုကောင်လေးကလည်းခန်းမထဲမှာ ရှိနေပြီးတော့ ကောင်လေးနဲ့အတူပါလာတဲ့လူကြီးတွေက ရှားလော့ခ်ရဲ့ဖေဖေနဲ့အတူ စကားပြောနေတာပါ။
“ လူအိုကြီးကီဗင်စကီရေ၊ အစက မျောက်ရှုံးအောင်ဆော့တဲ့ ကျုပ်သားနဲ့ ခင်ဗျားသမီး ဖြစ်ပါ့မလားဆိုပြီးတွေးနေတာ လက်စသတ်တော့ အတူတူပေါင်းမွှေနေတာပဲကွ။”
“ဟားဟားဟား... အဲဒီကောင်လေးနေရာမှာ တခြားတစ်ယောက်ဆိုရင် ငါ့သမီးငိုနေလောက်ပြီကွ လောဟန်ရေ။”
လူကြီးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် နောက်ပြောင် ဟာသလုပ်ပြီးတဲ့နောက်မှာတော့ ကီဗင်စကီက သမီးဖြစ်တဲ့ ရှားလော့ခ်ပခုံးကိုဆုပ်ကိုင်လိုက်ရင်း ကြင်နာစွာ သတိပေးလိုက်တယ်။
“သမီးလေး... အဲဒီကောင်လေး ရိုဝင်က သမီးရဲ့ကြင်ဖက် ဖြစ်လာမယ့်ကောင်လေးပဲ။ သူ့ကိုလုံးဝအလွတ်မပေးလိုက်နဲ့နော်။”
ကြင်ဖက်... သူတို့နှစ်ယောက်က စေ့စပ်ထားကြတယ်လို့ ဆိုလိုတာလား။ ရှားလော့ခ်က ရိုဝင်ကိုထပ်ပြီးကြည့်တယ်။ နည်းနည်းအဆော့သန်တဲ့ပုံပေါ်ပေမဲ့လို့ စိတ်ပျက်စရာ ကောင်းတဲ့အကျင့်မျိုးမရှိသလို ကြင်နာတတ်တယ်။ ရုပ်ရည်လည်းသန့်ပြန့်တာမလို့ ရှားလော့ခ်ရဲ့ရင်ထဲမှာ အနာဂတ်ပုံရိပ်တွေ တစ်ခုပြီးတစ်ခုထွက်ပေါ်လာတော့တာပဲ။
“အင်း...” သူခေါင်းညိတ်ခဲ့တယ်။ မကြာခဏတွေ့ရပါစေလို့ သူဆုတောင်းဖြစ်ခဲ့မိတယ်။
....
“ရှားလော့ခ်ရေ... “
“အောင်မလေး....” ဧရာမ အရိုးစုမြင်းပျံကြီးကိုစီးနင်းပြီး အိမ်ဒုတိယထပ်ပြတင်းပေါက်နားမှာကပ်ပျံနေတဲ့ ဆယ်ကျော်သက်အရွယ် ရိုဝင်ကို ရုတ်တရက်မြင်လိုက်ရတဲ့အတွက်ကြောင့် ရှားလော့ခ် လန့်သွားတယ်။ လန့်လည်းလန့်ချင်စရာပဲလေ၊ ရိုဝင်ရဲ့ လက်မောင်းကနေသွေးတွေစီးကျလို့။
“ဘယ်လိုဖြစ်လာတာတုန်း....” ရိုဝင့်ဒဏ်ရာကိုတွေ့တော့ လန့်နေတာတောင်ပျောက်သွားပြီး မေးဖြစ်လိုက်တယ်။
“ခါတိုင်းလိုပဲ တစ္ဆေတွေကို အမဲလိုက်ရင်းဖြစ်လာတာပေါ့။”
ရိုဝင်က ပြတင်းပေါက်ကိုခုန်ကျော်ပြီး ရှားလော့ခ်ရဲ့အခန်းထဲ ဝင်လိုက်တယ်။ ရှားလော့ခ်ကတော့ ဒဏ်ရာကိုကိုယ်တိုင်ပဲ ချုပ်ပေးခဲ့ပါတယ်။ သူ့ရဲ့ဆံပင်ဖြူဖြူတွေမှာ သွေးတွေ စွန်းထင်းသွားခဲ့ပေမဲ့ ရွံရှာခြင်းမရှိခဲ့ဘူး။
....
“ရှားလော့ခ်... ဒီအမှတ်အသားကို သိလားဟင်။ တော်တော်ရှားတဲ့ နတ်ဆိုးအမှတ်အသားထင်တာပဲ။ ကိုယ်တို့အမှောင်ကျောင်းမှာ ရှာမတွေ့လို့။”
တစ်ခါတလေတော့ ရိုဝင်က ထူးဆန်းတဲ့အချက်အလက်တွေကို ယူလာပြီးတော့ သူ့ကိုအဖြေထုတ်ခိုင်းလေ့ရှိပါတယ်။ ရှားလော့ခ်ဟာ အဲဒီအတွက်ကြောင့် စာအုပ်ပုံကြီးထဲနစ်မြုပ်နေလေ့ ရှိပေမဲ့လို့ ရိုဝင်ကို နည်းနည်းလေးတောင်မှ စိတ်ကွက်ခြင်းမရှိခဲ့ဘူး။
“အဲဒါက နတ်ဆိုးဇာရယ်ရဲ့အမှတ်အသားပဲ။ လူသားစားတာ သဘောကျတဲ့ကောင်။ တချို့အထက်တန်းလွှာတွေက သူ့ကို ခိုးပြီးကိုးကွယ်လေ့ရှိကြတယ်။ မင်းမျိုးစိုးမျိုးတွေ တစ်ယောက်ကိုတစ်ယောက် ကျိန်စာတိုက်ဖို့သုံးတာ။”
မကြာခင်မှာပဲ ရှားလော့ခ်ဟာ လေကျောင်းတော်စာကြည့်တိုက် စာအုပ်တိုင်းကိုဖတ်ရှုပြီးသွားပြီး မှော်ဂါထာပေါင်းစုံနဲ့ အသိပညာတွေအားလုံးကိုတတ်မြောက်တဲ့ ‘ပညါရှိစုန်းမ'ဆိုတဲ့ နာမည်ဆိုးကိုဂုဏ်ပုဒ်အဖြစ် ရလာခဲ့တယ်။
နည်းနည်းပင်ပန်းပေမဲ့ ရိုဝင်ကိုထောက်ပံပေးနိုင်တာမလို့ သူပျော်ပါတယ်။
“ရိုဝင်... ကျွန်မတို့လက်ထပ်ကြတော့မလား။”ဆိုပြီး မေးတဲ့အခါတိုင်း ရိုဝင်ကဝေ့လည်ကြောင်ပတ်လုပ်နေလို့ စိုးရိမ်မိပေမဲ့ လာတဲ့အခါတိုင်းမှာ ပန်းစည်းလေးတစ်ခု လက်ဆောင်ပါလာတတ်တာမလို့ အဲဒီလောက်လေးနဲ့ပဲ ကျေနပ်နေခဲ့တဲ့သူပါ။
ဒါပေမဲ့ တစ်နေ့မှာတော့ ရိုဝင်က ဒဏ်ရာရနေတဲ့မိန်းကလေး တစ်ယောက်ကို ခေါ်လာခဲ့တယ်လေ။
“ ကျေးဇူးပြုပြီး သူ့ကိုကယ်ပေးပါ...”
ခါတိုင်းလိုပဲ ရှားလော့ခ်မငြင်းခဲ့မိဘူး။ နောက်မှသိခွင့်ရခဲ့တာက အဲဒီမိန်းကလေးဟာ လေးသူတော်စင်ရီယာဖြစ်ပြီး ရိုဝင်သိပ်ချစ်တဲ့ ချစ်ရသူဖြစ်နေတယ်ဆိုတာပါပဲ။
“ဘာ... သခင်ရိုဝင်အချစ်ရဆုံးသူက ငါမဟုတ်ခဲ့ဘူးလား....”
“မဟုတ်ဘူး... သူ့ရဲ့ဇနီးလောင်းက ငါပဲလေ။”
ကိုယ့်ကိုယ်ကိုယ်သံသယဝင်လာတဲ့အခါတိုင်း ရှားလော့ခ်က အနက်ရောင်မဟူရာကျောက်ကို ထည့်သွင်းမြုပ်နှံထားပြီဖြစ်တဲ့ ငွေဆံထိုးလေးကို ထိကြည့်လေ့ရှိတယ်။ သူတို့နှစ်ယောက်ရဲ့ ချစ်သက်သေလို့ သူယူဆခဲ့တဲ့အရာပေမဲ့....
“ရှားလော့ခ်... ကိုယ်နဲ့ရီယာလက်ထပ်တော့မှာမလို့ မင်းက ကိုယ်တို့ရဲ့အသိသက်သေ ဖြစ်ပေးနိုင်မလား...”
ဒီစကားကို ကြားရတဲ့အချိန်မှာတော့ ရှားလော့ခ်တစ်ယောက် နွေခေါင်ခေါင် မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရတော့တာပဲ။
“ဘာတဲ့ရိုဝင်... ကျွန်မက ရှင့်ရဲ့သတို့သမီးဖြစ်လာဖို့အတွက် တစ်ဘဝလုံး စောင့်ဆိုင်းနေခဲ့ရတဲ့သူတစ်ယောက်လေ။ ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်ပြီးတောင်းဆိုရက်တာလဲ။”
“ကိုယ်တို့က လူကြီးတွေ သဘောတူထားကြရုံပဲလေ။”
ရှားလော့ခ်ဟာ အဲဒီကိစ္စကို ခါးခါးသီးသီးဆန့်ကျင်ခဲ့တယ်။ ရိုဝင်ကို သူ့အနားမှာရှိနေစေဖို့အတွက် လေကျောင်းတော် တတ်စွမ်းနိုင်သမျှကိုလုပ်ခဲ့တယ်။ အမှောင်ကျောင်းတော် အယ်ဒါရှေ့မှာဒူးထောက်ပြီး တောင်းဆိုတဲ့အထိဖြစ်ခဲ့ပေမဲ့
“စိတ်မကောင်းပါဘူး မိန်းကလေး၊ ငါ့သားကို သူချစ်တဲ့သူနဲ့ပဲ လက်ထပ်စေချင်တယ်။”
ခံရခက်တယ်...
မတရားဘူး...
နာကျင်ရတယ်...
ရက်စက်လိုက်တာ...
ခါးသီးတယ်...
ဘာကြောင့်လဲ...
ဘာကြောင့်ငါ့ကို ဒီလိုထားခဲ့ရတာလဲ။
တစ်ယောက်တည်းအကြိမ်ကြိမ်ရေရွတ်ရင်း ရှေ့ကိုလက်လှမ်းကာ ရိုဝင်ကိုဆွဲထားဖို့ကြိုးစားခဲ့ပေမဲ့ ရိုဝင်တစ်ယောက် သူချစ်တဲ့ ရီယာရဲ့လက်ကိုဆွဲပြီး မင်္ဂလာခန်းမကြီးထဲ ဝင်သွားတာကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။
ပေါက်.... ပေါက်...
ရှားလော့ခ်ရဲ့မျက်ရည်တွေ မြေပြင်ကိုထိခတ်သွားတယ်။ ဖိကိုက်ထားတဲ့နှုတ်ခမ်းက သွေးတွေစို့လို့။ လောကကြီးမှာ သူတစ်ယောက်တည်းကျန်ရစ်ခဲ့သလို ခံစားချက်မျိုးကို သူအဲဒီနေ့မှာခံစားခဲ့ရပြီး ယနေ့ထိတိုင်မမေ့နိုင်သေးတဲ့ ခံစားချက်ပေါ့။