← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း ( ၁၉ ) - ငါ့ရဲ့ ချမ်းသာတဲ့ ကလေးဘဝကို ဘယ်သူ ခိုးယူသွားတာလဲ

မိုးတွေ တဖြည်းဖြည်း သည်းလာကာ နေ့လား ညလားပင် ခွဲလို့ မရတော့ပေ။

ဂူထဲတွင် သစ်ရွက်ပေါ် မိုးကျသံနှင့် လေတိုက်သံတွေသာ ကြားနေရသည်။

ဟော်ရင်ရင်က ရှန်းတန်၏ရင်ဘတ်ထဲ ခေါင်းနစ်ထားကာမပီမသ ပြောလိုက်သည်။

“ဟင်း ကံဆိုးလိုက်တာ။”

သူမက တစ်ဝကြီး ရှူရှိုက်လိုက်လေသည်။ ရှန်းတန်၏ ကိုယ်သင်းနံ့က အလွန်မွှေးသည်။

ဟော်ရင်ရင်၏ စကားသံကိုကြားပြီး‌နောက် လူတိုင်းက အထွန့်တက် ပြောဆိုကြလေသည်။

“ဒါရိုက်တာက မိုးလေဝသ မစစ်ဆေးခဲ့ဘူးလား။”

“အမှန်တိုင်းပြောရရင် မိုးလေဝသကလည်း သိပ်မမှန်ပါဘူး။”

“ကယ်ဆယ်ရေးအသင်းက ဘယ်အချိန်မှ လာမှာလဲ။”

“ငါတို့က တကယ်ကို လူသူကင်းမဲ့တဲ့ကျွန်းပေါ် သောင်တင်နေတာပဲ။”

ကျောက်ကျဲ့က အရွှန်းဖောက်လိုက်လေသည်။ “ငါတို့ရှိုး နာမည်ကြီးမယ်ထင်လား။”

ရှန်းတန်က ခေါင်းငြိမ့်ပြလိုက်သည်။ “စိတ်မပူနဲ့၊ သေချာပေါက် နာမည်ကြီးမှာ။”

ဟဲယွမ်က ပိုအကောင်းမြင်တတ်ကာ တောက်ပသည့် ရှေ့ရေးကို မျှော်တွေးလိုက်သည်။ “အမှန်အတိုင်းပြောရရင် ငါ့ရဲ့ဝေ့ပေါ်မှာ ဖော်လိုဝါ ၅၀၀၀၀ ရှိပေမယ့် ၄၉၉၀၀ က ကုမ္ပဏီက ဝယ်ထားပေးတာ၊ တကယ်လို့ ဒီရှိုးသာ အောင်မြင်မယ်ဆိုရင်တော့ ပရိသတ်အစစ်တွေ ရဖို့ မျှော်လင့်ပါတယ်။”

ဟော်ရင်ရင်က ရှန်းတန်ကို ကပ်တွယ်ထားဆဲဖြစ်သည်။ ကျွန်မမှာ ဖော်လိုဝါ ၁သိန်းလောက် ရှိပေမယ့် အများစုက အကောင့်အတုတွေနဲ့ ကျန်တာက အဖေ့ရဲ့ အလုပ်သမားတွေ။”

“မင်းအဖေရဲ့ ကုမ္ပဏီက အလုပ်သမား များသားပဲနော်။” ယဲ့ယွမ်က မနာလိုစွာ ကြည့်လိုက်သည်။ “ဘဝရှင်သန်ရေးအတွက် ငါ ဘာဖြစ်လို့ အဲလောက်ရုန်းကန်နေရတာလဲလို့ တွေးနေတာ၊ တကယ်တော့ တခြားတစ်ယောက်က ကောင်းမွန်စွာ နေထိုင်နေရတာကို။”

ကျောက်ကျဲ့က မဖြေသိမ့်နိုင်သလို ဟန်ဆောင်ငိုကြွေးလိုက်သည်။ “ဒုတိယမျိုးဆက်အနေနဲ့ ချမ်းသာရမယ့် ငါ့ကံကြမ္မာကို ဘယ်သူခိုးသွားတာလဲ။”

“ဖွီး...။”

ထိုအဖြစ်အပျက် ကြုံပြီးသည့်နောက်တွင် လူတိုင်းက အချင်းချင်း ရင်းနှီးသွားခဲ့သည်။

ဘေးတွင် ကင်မရာများ မရှိသဖြင့် သူတို့တွေက စကားကို ပွင့်ပွင့်လင်းလင်း ပြောခဲ့ကြသည်။

ကျောက်ကျဲ့က သူ့အပြုအမူကို ပြန်တွေးပြီးနောက် နီရဲနေသည့်မျက်နှာဖြင့် ရှန်းတန်ကို တောင်းပန်ခဲ့သည်။ “အစ်မရှန်းတန် ကျွန်တော် တကယ်တောင်းပန်ပါတယ်၊ အစ်မရဲ့ ရေပန်းစားမှုကို မန်နေဂျာက တမင်တူးဆွခိုင်းခဲ့တာ၊ Truth or Dare အစီအစဉ်ကလည်း ဒါရိုက်တာရဲ့ အကြံတွေပါ။”

ရှန်းတန်က ပြုံးပြလိုက်သည်။ “ရပါတယ်၊ ရှင့်မန်နေဂျာက တော်တော်သတ္တိရှိတာပဲ။”

မည်သို့ပင်ဖြစ်ဖြစ် သူမ၏ ဂုဏ်သတင်းကလည်း မကောင်းလှပေ။

ဟော်ရင်ရင်က သူမကို တင်းကြပ်စွာဖက်လိုက်သည်။ “အစ်မရှန်းတန်က အဲလိုလူဖြစ်မယ်လို့ မထင်ပါဘူး၊ အွန်လိုင်းပေါ်က မကောင်းတဲ့သတင်းတွေက အစ်မကို တိုက်ခိုက်နေတာပဲဖြစ်မယ်။”

ရှန်းတန်က တိတ်ဆိတ်သွားခဲ့သည်။ “အင်း အတိအကျတော့ မဟုတ်ပါဘူး၊ ကျွန်မ မန်နေဂျာက အမြဲ အငြင်းပွားရအောင် တမင်လုပ်နေတာ။”

ကျန်သည့်လူများ။ “....”

လူတိုင်း၏ ထိတ်လန့်မှုကိုမြင်တော့ ရှန်းတန်က အသိုင်းအဝိုင်းရှိ အညှီအဟောက်တွေနှင့် မပြောအပ်သည့် အတွင်းရေး အချက်များကိုပါ ပြောပြခဲ့သည်။

သူမ ချုပ်တည်းထားရသည်မှာ ကြာပြီ ဖြစ်သည်။

ယခုအဖွဲ့ထဲတွင် ဟော်ရင်ရင်တစ်ယောက်ကသာ ချမ်းသာသည့် အသိုင်းအဝိုင်းမှ လာသူ ဖြစ်သည်။ ကျန်သည့်လူများက အနုပညာအသိုင်းအဝိုင်းထဲတွင် လူသစ်လေးများဖြစ်ကာ လူရည်မလည်သူလေးတွေ ဖြစ်သည်။ အတွင်းဇာတ်လမ်းကို သိပြီးနောက်တွင် သူတို့မျက်လုံးထဲတွင် အလင်းရောင်မှိန်မှိန်လေး ဖြစ်တည်သွားခဲ့သည်။

ရှန်းတန်က အကောင်းအဆိုးတွေ အကုန်ထုတ်ဖော်မိလိုက်မည်စိုးသဖြင့် အမြန် ရပ်တန့်လိုက်သည်။

ဟော်ရင်ရင်က သူမအစား ရင်နာသွားခဲ့သည်။ “အစ်မရှန်းတန်အတွက် ဒီနှစ်တွေက အများကြီး ခက်ခဲခဲ့မှာပဲ။”

ထိုစကားတစ်ခွန်းက ရှန်းတန်၏ သမာဓိကို ယိမ်းယိုင်စေလုနီးပါး ဖြစ်သွားခဲ့သည်။

သူမ ဘဝက မလွယ်ကူခဲ့ပေ။

အတိတ်ဘဝတုန်းက သူမက အနိုင်ကျင့်ခံ၊ ဖိနှိပ်ခံရပြီး ထောက်ပံ့မှုကောင်းကောင်းလည်း မရခဲ့ကာ အောင်မြင်မှု မရခဲ့ပေ။

သူမက အဆင့်Dအနုပညာရှင်ဆိုသော်လည်း အသိအမှတ်ပြုခံရမှုကတော့ မနည်းပေ။ သူမ၏ ဝေ့ပေါ်ပို့စ်များတွင် ကြောက်ဖို့ကောင်းသည့် မှတ်ချက်များစွာဖြင့် တစ်ပတ်ကို hot search အများကြီး ရအောင် လုပ်နိုင်ခဲ့သည်။

“ဒီနေ့ ရှန်းတန် အနုပညာလောကက ထွက်သွားပြီလား” ဟူသော အကောင့်နာမည်ဖြင့် သူမကို မုန်းတီးသည့် ပရိသတ်လည်းရှိနေကာ ထိုလူက သူမ အနားယူဖို့ကို နေ့တိုင်း စောင့်မျှော်နေခဲ့သည်။

ရှန်းတန်က မျက်ရည်များကို ချုပ်တည်းကာ အားတင်းပြီး ပြုံးလိုက်သည်။ “အဆင်ပြေပါတယ်၊ ကျွန်မက အဲဒါနဲ့ ပတ်သက်ပြီး လက်တွေ့ဆန်တယ်လေ၊ ဒီလောကထဲ ဝင်လာတာ ပိုက်ဆံရှာဖို့လေ၊ ဒီနှစ်တွေထဲ ပိုက်ဆံ အများကြီး မရှာနိုင်သေးပေမယ့် သာမာန်အလုပ်တွေထက်တော့ အများကြီး အဆင်ပြေပါတယ်။”

မှန်သည်၊ ယခု သူမက အရှုံးပေးထားလိုက်ကာ ရေလိုက်ငါးလိုက်နေဖို့သာ တွေးထားတော့သည်။

ထိုစကားကိုကြားတော့ ဟော်ရင်ရင်၏ စိတ်အခြေအနေက ပိုဆိုးသွားခဲ့သည်။

ယခု ရသစုံရှိုး ပြီးသွားပါက သူမ မိဘတွေကိုပြောကာ ရှန်းတန်ကို ထောက်ပံ့ခိုင်းမည်ဟုပင် သူမ ပြောခဲ့သည်။

ကျိုးဟောက်က ရေအများကြီးသောက်ထားရာ အပေါ့သွားချင်နေသော်လည်း အပြင်တွင် မိုးသည်းထန်စွာ ရွာနေပြီး သူ့ခြေထောက်ကလည်း နာနေသဖြင့် အောင့်အီးထားလေသည်။

ပုံစံမျိုးစုံ ပြောင်းထိုင်ပြီးသည့်နောက်တွင်တော့ သူ ဆက်မအောင့်နိုင်တော့ပေ။

သူက ကျောက်ကျဲ့အနားကပ်ကာ တီးတိုးပြောလိုက်သည်။ “အပေါ့သွားချင်လို့ လိုက်ပို့ပေးလို့ရမလား။”

ကျောက်ကျဲ့က အပြင်က မိုးချုန်းသံနှင့် လျှပ်စီးလျက်နေသည့် မြင်ကွင်းကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။

“အယ် ဂူထဲမှာပဲ သွားလိုက်ပါ့လား။”

ဂူက အတွင်းပိုင်း နက်သဖြင့် မြင်ရမည်မဟုတ်ပေ။

ကျိုးဟောက်၏ အမူအရာက တောင့်တင်းသွားခဲ့သည်။

ဘေးတွင် လူများစွာ ရှိနေသဖြင့် သူလုပ်နိုင်မည် မဟုတ်ပေ။

ရှန်းတန်က ဟော်ရင်ရင်ကို ဖက်ထားကာ သူ့ကို ကျောပေးလိုက်သည်။ “ကျွန်မတို့ နားပိတ်ထားပါ့မယ်၊ အပြင်မှာ အန္တရာယ်များတာမို့ အထဲမှာပဲ သွားလိုက်ပါ။”

ကျိုးဟောက်က ရှက်ရွံ့စွာပင် ကျောက်ကျဲ့၏ အကူအညီဖြင့် ဂူအတွင်းပိုင်းသို့ လျှောက်သွားလိုက်သည်။

ခြေလှမ်း ( ၃၀ ) လောက် လှမ်းပြီးသည့်နောက်တွင် ကျိုးဟောက်က ရပ်တန့်လိုက်သည်။

ကျိုးဟောက်က ယဉ်ကျေးစွာပင် ကျောပေးလိုက်သည်။

ကျိုးဟောက် အမြန်အပေါ့စွန့်လိုက်ကာ အရည်တစ်စက်စက်ကျသံက အနည်းငယ် ပဲ့တင်ထပ်နေလေသည်။ သူက သက်တောင့်သက်သာဖြစ်သွားလေသည်။

ခါးပတ်ပြန်ပတ်ပြီးသည့်နောက်တွင် သူ့ပုခုံးကို တစ်ခုခု လာရစ်ပတ်နေသကဲ့သို့ ခံစားလိုက်ရလေသည်။

လှမ်းကိုင်ကြည့်လိုက်တော့ ချွဲကျိကျိ ခံစားချက်ကိုရလိုက်လေသည်။

ကျိုးဟောက်က ရင်တုန်သွားခဲ့သည်။

ဘုရားရေ ဒါဘာကြီးလဲ။

“ရွှီ ရွှီ။”

မြေနှာမှုတ်သံကိုကြားပြီးနောက် ကျိုးဟောက်၏ ရင်ထဲ နောက်ဆုံးစကားကို တွေးမိသွားခဲ့သည်။

သူက အော်ဟစ်အကူအညီတောင်းလိုက်ချင်သော်လည်း အသံမထွက်ပေ။

သိပ်မကြာခင်တွင် လည်ပင်းထက်မှ ဆစ်ကနဲ နာကျင်မှုကြောင့် ခပ်အုပ်အုပ် အော်လိုက်မိလေသည်။

ကျောက်ကျဲ့က လှည့်ကြည့်လိုက်သည်။ “ကျိုးဟောက် ဘာဖြစ်တာလဲ။”

ကျိုးဟောက်က ပြောလိုက်သည်။ “မြွေကိုက်ခံရလို့။”

ကျောက်ကျဲ့က ထိတ်လန့်သွားခဲ့သည်။ “မြွေ၊ ဘယ်မှာလဲ။”

သူက ကျိုးဟောက်ကို ဓာတ်မီးဖြင့် ထိုးကြည့်လိုက်တော့ ကျိုးဟောက်၏ လည်ပင်းတွင် သွေးစို့နေသည့် အပေါက်နှစ်ပေါက်ကိုတွေ့လိုက်ပြီး မြွေကိုတော့ မတွေ့ခဲ့ပေ။

“ချီး...၊ ကျိုးဟောက် မြွေကိုက်ခံလိုက်ရပြီ။” ကျောက်ကျဲ့က အသားကုန် အော်ဟစ်လိုက်လေသည်။

ရှန်းတန်က အမြန်ရောက်လာကာ ဒဏ်ရာကို စစ်ဆေးလိုက်သည်။

မြေပေါ်တွင် မျက်ရည်ဝဲစွာ လဲလျောင်းနေသည့် ကျိုးဟောက်၏ ခေါင်းထဲတွင် အတွေးတစ်ခုသာ ရှိသည်။ ကံကောင်းလို့ ဘောင်းဘီဝတ်ပြီးသားဖြစ်နေခြင်း ဖြစ်သည်။ မဟုတ်ပါက ယခုဘဝတွင် နောက်ထပ် မျက်နှာဖော်ဝင့်တော့မည် မဟုတ်ပေ။

“ငါသေသွားရင် ငါမသိတတ်တဲ့သားဖြစ်တဲ့အကြောင်း အမေ့ကို ပြောပေးပါ၊ ငါ့ဘဏ်အကောင့် လျှို့ဝှက်နံပါတ်က…”

သူ့စကားမဆုံးသေးခင်တွင် ရှန်းတန်က ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး၊ အဆိပ်မရှိဘူး။”

ကျိုးဟောက်က ပြောလိုက်သည်။ “တကယ်လား၊ လိမ်နေတာ မဟုတ်ပါဘူးနော်။”

“တကယ်ပြောတာ၊ အဆိပ်ပြင်းတဲ့မြွေ မဟုတ်ဘူး။”

ဒဏ်ရာကို စစ်ဆေးပြီးသည့်နောက်တွင် ရှန်းတန်က လှည့်ပတ်ရှာဖွေခဲ့ရာ ဂူအနက်ပိုင်းတွင် မြွေအသေးလေးများစွာရှိနေသည့် မြွေအသိုက်ကို ရှာတွေ့ခဲ့သည်။

ကျန်သည့်လူတွေလည်း ထိုမြင်ကွင်းကိုမြင်တာ တုန်လှုပ်သွားကြလေသည်။

ဟော်ရင်ရင်သည် သူမ၏ လက်ပေါ်က ကြက်သီးမွေးညှင်းတွေကို ပွတ်သပ်လိုက်လေသည်။ “ကျွန်မတို့ မြွေအသိုက်ထဲ ရောက်လာတာများလား။”

ရှန်းတန်လည်း မြွေအများကြီးကို တွေ့လိုက်ရသဖြင့် အံ့ဩသွားခဲ့ကာ ကံကောင်းချင်တော့ အဆိပ်ပြင်းသည့်မြွေတွေ မဟုတ်ပေ။

“ဆေးလိပ်ရှိလား။”

ထိုမေးခွန်းက လူတွေကို စက္ကန့်ပိုင်းလောက် တောင့်တင်းသွားစေခဲ့သည်။

ထို့နောက် ရှန်းတန်က စိတ်ဖိစီးနေသဖြင့် ဆေးလိပ်သောက်ချင်နေသည်ဟု လူတိုင်းက တွေးလိုက်လေသည်။

“ကျွန်တော့်မှာ နည်းနည်းရှိတယ်။” ကျိုးဟောက်က သူ့အိတ်ကပ်ထဲက ဆေးလိပ် အနည်းငယ်ကို ယူထုတ်ပေးလိုက်သည်။

ရှန်းတန်၏ အမူအရာက ရှုပ်ထွေးသွားခဲ့သည်။ “ဆေးလိပ်ကို တော်တော်စွဲနေတာပဲ၊ မထင်ရဘူး။”

သိပ်မကြာခင်တွင် လူတိုင်း နားလည်သွားခဲ့သည်။

ရှန်းတန်က ဆေးလိပ်သောက်ချင်လို့ မဟုတ်ဘဲ ဆေးလိပ်မှုန့်ကို ရေစိမ်ကာ သူတို့၏ ပတ်ပတ်လည်တွင် ဖြန်းဖို့ ဖြစ်သည်။

မြေအသိုက်က အဝေးတွင် ရှိသော်လည်း ကြိုတင်ပြင်ဆင်ထားခြင်းက ပိုကောင်းသည်။

“ဒါက ဘာအတွက်လဲ။” ကျိုးဟောက်က လူတိုင်းသိချင်နေသည့်မေးခွန်းကို မေးလိုက်သည်။

ရှန်းတန်က အလုပ်ရှုပ်နေကာ ပြန်ဖြေလိုက်သည်။ “မြွေတွေက ကျိန်းစပ်တာတွေကို မကြိုက်ဘူး၊ ဒါက သူတို့ ဒီဘက်မလာအောင် တားလို့ ရတယ်၊ ဘာပဲဖြစ်ဖြစ် ဒါက သူတို့အသိုက်လေ၊ ငါတို့က ကျူးကျော်တဲ့လူတွေ၊ ရှောင်လို့ရရင်တော့ မသတ်ပစ်တာ အကောင်းဆုံးပဲ။”

သူမ ထုတ်မပြောဖြစ်သည့် အမှန်တရားက သူမလည်း မြွေနှင့် ပိုးကောင်တွေကို ကြောက်သည့် အကြောင်း ဖြစ်သည်။

သူမ ထုတ်ဖော်ပြသခြင်း မရှိသော်လည်း သူမ မကြောက်ဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။

ယခုအခြေအနေအရ သူတို့ နေရာပြောင်းလို့ မရပေ။ သူတို့နေထိုင်ရာ ပတ်ဝန်းကျင်ကို ပိုကောင်းမွန်အောင်လုပ်ဖို့သာ သူမ အကောင်းဆုံးလုပ်ရမည်။

ဟော်ရင်ရင်က သူမကို လေးစားစွာ ကြည့်လိုက်သည်။ “အစ်မရှန်းတန်က တော်လိုက်တာ။”

ရှန်းတန်က ဘာမှ မရှင်းပြဘဲ ပြုံးလိုက်သည်။

မသေချာသည့် ဗဟုသုတတွေကို သူမ အသုံးချမည် မဟုတ်ပေ။

အခန်း ( ၂၀ ) - ကျွန်တော့်မိန်းမက အဲ့နေရာမှာ ရှိနေတယ်

ကုဟွိုင်အန်း အိမ်သို့ပြန်ရောက်ချိန်တွင် ထင်ထားသည်နှင့်မတူဘဲ တိတ်ဆိတ်နေကြောင်း မြင်လိုက်ရသည်။

ကုဟွိုင်အန်းက ပေါ့ပေါ့ပါးပါးမေးဟန်ဖြင့် စကားစလိုက်သည်။ "မဒမ် ဘယ်မှာလဲ။"

အစ်မထောင်၏ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နှက်နေသည်။ "မဒမ်က ရသစုံရှိုးတစ်ခုမှာ ပါဝင်ဖို့ ထွက်သွားပြီး အခု ကျွန်းတစ်ခုပေါ်မှာ ပိတ်မိနေတယ်၊ ဆရာ မဒမ်ကို ကယ်မှ ရမယ်။"

ဦးလေးဟယ်၏ မျက်နှာကလည်း သိပ်မကောင်းချေ။

ရှန်းတန်က ရသစုံရှိုးတွင် ပါဝင်ရန် ထွက်သွားခဲ့ကြောင်း သိစဉ်ကတည်းက သူတို့နှစ်ယောက်လုံး တစ်နေကုန် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေခဲ့ကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအောက်မှ ကောမန့်များမှာ အလွန်ကြမ်းကြုတ်လှသည်။ နှစ်ယောက်သားက ဖုန်းကိုထုတ်ပြီး ကိုးရိုးကားရားနိုင်စွာဖြင့် လူတိုင်းကို ရှင်းပြခဲ့သော်လည်း ရှန်းတန်၏ အရူးဖန်များဟု ခေါင်းစဉ်တပ်ခံခဲ့ရပြီး ဆွေမျိုး ( ၁၈ ) ဆက်လုံးပါ ကျိန်ဆဲခံခဲ့ရသည်။

အစ်မထောင်က မဒမ်မှာ ဤမျှသနားစရာကောင်းမည်ဟု မထင်ခဲ့ချေ။ ထိုစကားလုံးများကိုကြည့်ပြီး သူမပင် သည်းမခံနိုင်အောင်ဖြစ်နေရသော်လည်း မဒမ်က နှစ်ပေါင်းများစွာ သည်းခံခဲ့ရသည်။

ကုဟွိုင်အန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ "ငါ့ကို အချက်အလက်နဲ့ အတိအကျပြော။"

ဤသို့ဖြင့် အစ်မထောင်လည်း ဤနှစ်ရက်အတွင်း ဖြစ်ပျက်ခဲ့သမျှကို စကားတန်ဆာဆင်ကာ ချဲ့ကားပြောဆိုခဲ့လေသည်။

သူမ၏ စကားလုံးများထဲတွင် ရှန်းတန်က အင်တာနက်အသုံးပြုသူ ထောင်ပေါင်းများစွာထံမှ အပြစ်တင်ခံနေရသော သနားစရာ ကောင်မလေးတစ်ယောက် ဖြစ်နေခဲ့သည်။ ထို့အပြင် ယခုအချိန်၌ ကျွန်းတစ်ခုတွင် ပိတ်မိနေပြီး သေသလား ရှင်သလားပင် မသိချေ။

ကုဟွိုင်အန်း၏ မျက်နှာ မည်းမှောင်သွားခဲ့သည်။ "ဒီလို ကိစ္စမျိုး ဖြစ်နေတာတောင် ကျွန်တော့်ကို ဘာလို့ စောစောမပြောရတာလဲ။"

သူက ဖျော်ဖြေရေးလုပ်ငန်းမှ သတင်းများကို နားမစွင့်တတ်သဖြင့် ထိုအကြောင်းကို မသိခဲ့ချေ။

အစ်မထောင်၏ အမူအရာက တစ်မျိုး ဖြစ်သွားရသည်။ သူမက မပြောချင်တာတဲ့လား။ မပြောရဲတာလေ။

ဦးလေးဟယ်က ရှေ့သို့ ထွက်လာခဲ့သည်။ "ဦးလေး ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဆက်သွယ်ဖို့ ညွှန်ကြားထားပြီးပါပြီ၊ ရိုက်ကူးရေးအဖွဲ့ကလည်း လူတွေ ပို့ပြီးလောက်ပါပြီ၊ သူက အစိုးရိမ်လွန်နေတာပါ။"

ကုဟွိုင်အန်း၏ မျက်နှာ မဲမှောင်သွားပြီး လက်ထောင်ကန်းကို ချက်ချင်းဖုန်းဆက်လိုက်သည်။

ကျွန်းပေါ်တွင် ဖြစ်သည်။

ညဘက်အချိန်တွင် လှိုင်းလေထန်နေပြီး လေပြင်းများကလည်း တိုက်ခတ်နေကာ ပဲစေ့အရွယ် မိုးရေစက်များစွာ ကျဆင်းနေပြီး နေရာအနှံ့ကို ရွှဲရွှဲစိုနေစေသည်။

ဟော်ရင်ရင်က အဝတ်ပုံထဲတွင် ခွေနေပြီး မျက်ခုံးများကလည်း အိကျနေသည်။ "မိုးက ပိုပိုသည်းလာသလိုပဲ။"

ရုတ်တရက် မိုးခြိမ်းသံ တစ်သံ ထွက်ပေါ်လာခဲ့ပြီး ဟော်ရင်ရင် ကြောက်လွန်းသဖြင့် ရှန်းတန်၏ လက်မောင်းကို ဖက်၍ အော်လေတော့သည်။ "အား၊ အစ်မရှန်းတန်၊ ညီမအရမ်းကြောက်တာပဲ။"

"မကြောက်နဲ့။ မကြောက်နဲ့။ အစ်မ ဒီမှာ ရှိတယ်နော်။"

ရှန်းတန်က နှစ်ဘဝလုံးတွင် မိဘမဲ့ဖြစ်သဖြင့်ကလေးများနှင့် ဆက်ဆံရာတွင် ကျွမ်းကျင်ပေသည်။ သူမက ဟော်ရင်ရင်ကို မသိစိတ်အရ ဖက်ထားပေးလိုက်ပြီး ခေါင်းလေးကိုပွတ်ကာ နောက်ကျောလေးကို ပုတ်ပေးလိုက်သည်။

ဟော်ရင်ရင် စိတ်ကျေနပ်စွာဖြင့် နှုတ်ခမ်းထောင့်လေးများ ကွေးညွတ်သွားခဲ့သည်။ အစ်မတန်တန်က အရမ်းချစ်ဖို့ကောင်းတာပဲ။

ဘေးနားမှ ဟဲယွမ်က မနာလိုဖြစ်သွားပြီး အောင်းကျစ်ဖျင်ကို မျှော်လင့်တကြီးကြည့်လိုက်လေသည်။

အောင်းကျစ်ဖျစ်။ "....."

သူ အလန့်တကြားမျက်လုံးပြူးသွားပြီး သူ့ရင်ဘတ်သူ အုပ်လိုက်သည်။

ဟဲယွမ် ကျောက်ကျဲ့ကို ကြည့်လိုက်ချိန်တွင် ကျောက်ကျဲ့က အေးစက်စွာဖြင့် အကြည့်လွှဲသွားခဲ့သည်။

ဟဲယွမ် ကျိုးဟောက်ကို လှမ်းကြည့်လိုက်သည်။ ကျိုးဟောက်က ချက်ချင်း မျက်ဆန်လှန်လိုက်သည်။ "ငါ့ကို လာမကြည့်နဲ့၊ ငါက လိင်တူဆက်ဆံရေးကို မုန်းတီးတဲ့လူ။"

ဟဲယွမ်။ "....."

"ငါ ကြိုပြောလိုက်မယ်၊ ငါက ဂေး မဟုတ်ဘူးနော်။"

"ဟုတ်ပါတယ် ဟုတ်ပါတယ် ဟုတ်ပါတယ်၊ မင်းက ဂေး မဟုတ်ပါဘူး၊ ယောကျာ်းတွေနဲ့ ပွတ်သီးပွတ်သပ်နေရတာပဲ ကြိုက်တာပါ။"

ဟဲယွမ်။ "....."

"ငါက တကယ် ဂေး မဟုတ်ဘူး။"

"ငါမင်းကို ယုံပါတယ်လို့ပြောနေတယ်လေ။"

ဟဲယွမ်က သူ ကျိုးဟောက်ကို ဒေါသထွက်လွန်း၍ သေတော့မည်ဟုခံစားနေရသည်။ တစ်ဖက်လူမှာ ပုံမှန်ဖြစ်နေပုံပေါ်သော်လည်း ပါးစပ်ဖွင့်လိုက်သည်နှင့် လူတိုင်းကို ရိုက်သတ်ချင်စိတ်ပေါ်လာအောင် လုပ်နိုင်သည်။

ထိုစကားဝိုင်းအပြီးတွင် လူတိုင်းက စိုးရိမ်ပူပန်ခြင်း သိပ်မရှိတော့ဘဲ စိတ်သက်သောင့်သက်သာဖြစ်သွားကြသည်။

ဟဲယွမ်က ရှန်းတန်ကို ကြည့်လိုက်သည်။ "အစ်မတန်တန်၊ ဘယ်လိုလုပ်ပြီး ဒီရှိုးမှာ ပါဝင်ဖြစ်တာလဲ။"

ရှန်းတန်၏ ဂုဏ်သတင်းက သိပ်မကောင်းသော်လည်း သူမ၏ နာမည်ကျော်ကြားမှုက သူတို့လို လူသစ်များထက် မြင့်မားပေသည်။

ရှန်းတန် သက်ပြင်းချလိုက်သည်။ "ငါ အစက ဒိတ်တင်းရှိုးမှာပါဖို့ တောင်းဆိုခံရပေမဲ့ ငါငြင်းလိုက်တော့ ဒီရှိုးမှာ ထည့်ပေးလိုက်တော့တာပဲ။"

"ဒိတ်တင်းရှိုးတဲ့လား၊ အချစ်ဘဝလို့ခေါ်တဲ့ရှိုးများလား။"

"ဟုတ်ပါ့။"

အောင်းကျစ်ဖျင်က အလွန်စိတ်လှုပ်ရှားသွားသည်။ "အဲ့ရှိုးက ဒီလောက် နာမည်ကြီးတာကို အစ်မက ငြင်းပစ်လိုက်တာပေါ့လေ။”

ရှန်းတန်က ထိုရှိုးမှာ အလွန်နာမည်ကြီးသော်လည်း ပါဝင်ပြီးသည်နှင့် အသက်ရှင်နိုင်ရန်က ပို၍အရေးကြီးသည်ဟု တွေးလိုက်မိသည်။ သူမ၏ ဘဝက ယခုတွင်ပင် အတော်လေး ဆိုးရွားနေပြီ ဖြစ်သည်။ ထိုရှိုးတွင်သာ ပါဝင်ပါက အပြင်ထွက်တိုင်း ကြက်ဥပုတ်များဖြင့် ပစ်ပေါက်ခံရလောက်မည်ဖြစ်သည်။

ရှန်းတန် ပြုံးလိုက်သည်။ "အစ်မရဲ့ ဂုဏ်သတင်းနဲ့ဆိုရင် သွားလိုက်ရင် စင်ဂယ်အဖြစ် ချန်ထားခံရတဲ့လူ ဖြစ်နေလိမ့်မယ်။"

မိန်းကလေးတစ်ယောက်အနေဖြင့် ဟော်ရင်ရင်က ပို၍ ဂရုစိုက်တတ်ပေသည်။ သူမ၏ မျက်ဝန်းထဲတွင် ရင်နာနေသော ခံစားချက်လေးများ ထွက်ပေါ်နေသည်။

"အစ်မတန်တန် စိတ်မပူနဲ့၊ ညီမက အစ်မကို အမြဲတမ်း ထောက်ပံ့ပေးနေမှာပါ။"

ရှန်းတန်။ "....."

ဒီကောင်မလေး ဘာတွေ ထပ်ပြီး စိတ်ကူးယဉ်နေပြန်ပြီလဲ။

ညဘက် ကင်းစောင့်ရန် လူအစဉ်သတ်မှတ်ပြီးနောက်တွင် လူတိုင်းက ထောက်ပံ့ရေးအိတ်များထဲမှ အိပ်ရာလိပ်များကိုထုတ်ပြီး အိပ်စက်ရန် ပြင်လိုက်ကြသည်။

အိပ်ရေးပျက်သောညတစ်ညပင်။

မနက်ရောက်လာသော်လည်း မိုးစဲသွားမည့် အရိပ်အယောင်လုံးဝမရှိချေ။ ဤသည်က လူတိုင်း၏နှလုံးသားကို လေးလံသွားစေပြီး စိတ်ဓာတ်ကျသွားစေခဲ့သည်။

ရှန်းတန်က ထောက်ပံ့ရေးအိတ်ထဲမှ အစားအသောက်များထုတ်၍ လူတိုင်းကို အညီအမျှ ခွဲဝေပေးလိုက်သည်။ "တစ်ခုခု စားထားကြ၊ ရိုက်ကူးရေးအဖွဲ့က ငါတို့ကို ဒီအတိုင်းတော့ မစွန့်ပစ်လောက်ကြပါဘူး။"

ခေါင်းဆောင်တစ်ယောက်၏ ဦးဆောင်မှုဟူသော ခံစားချက်တစ်ခုက ရှန်းတန်ထံမှ အခြားသူများဆီ သိမ်မွေ့စွာပျံ့နှံ့လာခဲ့သည်။ ပထမဆုံးအချက်အနေဖြင့် သူမက နာမည်အကြီးဆုံးဖြစ်၍ ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် သူမက အတည်ငြိမ်ဆုံးလူတစ်ယောက် ဖြစ်နေ၍ပင်။

အတွေးလွန်ခြင်းက အသုံးမဝင်ပေ။ ရှန်းတန်က အခြေအနေကိုလိုက်၍ နေထိုင်ရသည်ကို သဘောကျပြီး ပြဿနာဖြစ်လာလျှင် သက်သောင့်သက်သာအဖြစ်ဆုံး နည်းလမ်းဖြင့် နေထိုင်လေ့ ရှိသည်။

လူတိုင်း မနက်စာကို တိတ်တဆိတ် ထိုင်စားခဲ့ကြပြီး မတ်တတ်ရပ်၍ ဂူထဲတွင် လျှောက်ပတ်သွားကြည့်ခဲ့ကြသည်။

ရှန်းတန်က ထိုအခွင့်အရေးကိုယူပြီး မြွေများရှိနေမလားဟု လိုက်ကြည့်ခဲ့သည်။

ကံကောင်းစွာဖြင့် မြွေရှိနေသည့် လက္ခဏာကို မတွေ့ရသဖြင့် သူမကို အတော်လေး စိတ်သက်သာရာရသွားစေခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များ မည်သည့်အချိန်တွင် ရောက်လာမလဲ သိနိုင်ရန် နည်းလမ်း မရှိပေ။ သူတို့အားလုံး ပြင်ပကမ္ဘာနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်နေပြီဖြစ်သည်။

သင်္ဘောဆိပ်ကမ်းတွင် ဖြစ်သည်။

လေနှင့် လှိုင်းလုံးများက အလွန်ကြီးမားနေသဖြင့် ဆိပ်ကမ်းရှိ သင်္ဘောများက ဘယ်ညာ ရှေ့နောက် ယိမ်းနွဲ့နေခဲ့သည်။

ဒါရိုက်တာက သူ့ထီးကို တင်းတင်းကြပ်ကြပ် ကိုင်ထားပြီး မျက်လုံးဖွင့်နိုင်ရန် အားယူ၍ မေးလိုက်သည်။ "အဲကို သွားဖို့ တကယ် နည်းလမ်း မရှိဘူးလား။"

အသားညိုညိုနှင့်လူက လေးပင်စွာ ခေါင်းခါပြလိုက်သည်။ "ဟင့်အင်း၊ အန္တရာယ်များလွန်းတယ်။"

ဒါရိုက်တာ၏ မျက်နှာတွင် ရေလား မျက်ရည်များ မခွဲခြားနိုင်သော ရေစီးကြောင်းတစ်ခု စီးကျလာသည်။ သူ အားပါးတရ ငိုချလုနီးနေပြီဖြစ်သည်။

ထို့နောက်တွင် ဇိမ်ခံကားများစွာ ရောက်ချလာသည်။

ထီးကိုင်းထားသော အနက်ရောင်ဝတ် ဒရိုင်ဘာတစ်ယောက် ထွက်လာပြီး ကား၏အခြားတစ်ဖက်သို့သွားကာ တံခါးဖွင့်ပေးလိုက်သည်။ ကားထံမှ ရှည်လျားလှသော ခြေထောက်တစ်ချောင်း ထွက်ပေါ်လာခဲ့သည်။

ထိုမြင်ကွင်းကိုကြည့်ရုံဖြင့် ဒါရိုက်တာက သူ ထိုလူကို စော်ကားရန် မတတ်နိုင်ကြောင်း သိလိုက်ရသည်။

သူ ဘေးဖယ်ပေးလိုက်သော်လည်း ထိုလူက သူ့ထံ တည့်တည့်ရောက်လာမည်ဟု မထင်ထားခဲ့ပေ။

ဧည့်သည်ဖြစ်သူ၏ မျက်နှာကို ကြည့်ပြီး ဒါရိုက်တာ ပျာယာခတ်သွားရသည်။ ထိုမျက်နှာကို ပြာဖြစ်သွားလျှင်ပင် သူ မှတ်မိနေဆဲ ဖြစ်သည်။

"ကျွန်တော်က ဒါရိုက်တာပါ၊ အခု ရောက်လာရတာက…"

"ခင်ဗျားရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ပစ္စည်းက တည်နေရာကို လိုချင်တယ်။"

ထိုတိုက်ရိုက်ထုတ်လွှင့်မှုပစ္စည်းများတွင် တည်နေရာပြပစ္စည်းများ ရှိနေပြီး ပျောက်သွားလျှင် အလွယ်တကူ ပြန်ရှာနိုင်ရန် ဖြစ်သည်။

ဒါရိုက်တာက ပါးစပ်ဟလိုက်သော်လည်း ထိုလူက ဆက်ပြောလာသည်။ "ကျွန်တော့်မိန်းမက အဲ့မှာ ရှိနေတယ်။"

ဒါရိုက်တာ၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ သူ့မိန်းမက ဟော်ရင်ရင်လား၊ ရှန်းတန်လား။

သူ့စိတ်က မသိလိုက်မသိဘာသာဖြင့် ဟော်ရင်ရင်ဘက်ကို အလေးသာသွားသည်။ ရှန်းတန်က လှပသော်လည်း ဂုဏ်သတင်းက ဆိုးရွားလှပေသည်။

မိန်းမဟုခေါ်သော်လည်း အမှန်တကယ် မိန်းမ ဖြစ်နေသလား အပျော်လားတော့ သူ မသိပေ။

ထိုကဲ့သို့အရာမျိုးက ဤအသိုင်းအဝိုင်းတွင် ဖြစ်နေကြပင် ဖြစ်သည်။

သို့သော်လည်း ဤလူက လူကိုယ်တိုင် ရောက်လာသဖြင့် ထိုသူတို့၏ ဆက်ဆံရေးက သာမန် မဟုတ်လောက်ပေ။ အနာဂတ်တွင် သူ ဂရုစိုက်မှ ရပေတော့မည်။

တည်နေရာအချို့ကိုရပြီးနောက်တွင် ကုဟွိုင်အန်းနှင့် သူ့လူများက လှေပေါ်တက်၍ ထွက်ခွာကြလေသည်။

လှိုင်းလေထန်နေသော်လည်း သင်္ဘောက တည်ငြိမ်နေဆဲသာ ဖြစ်သည်။

ထိုအချင်းအရာကြောင့် ဒါရိုက်တာ၏ စိတ်က အတော်လေး သက်သာရာရသွားသည်။ ဒါက သူ့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်လေး လုံခြုံသွားပြီလို့ ဆိုလိုတာ မဟုတ်လား။

All Chapters