← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း ( ၂၁ ) - ကျွန်မကို ကယ်ဖို့ လာတာ မဟုတ်ဘူးမလား

ရှန်းတန်က ကုဟွိုင်အန်း ရောက်လာမည်ဟု တစ်ခါမှ မတွေးဖူးပေ။

ထိုအချိန်တွင် သူမက ညစ်ပတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး မီးပုံရှေ့တွင်ထိုင်၍ ဖိသိပ်ထားသော ဘီစကွတ်များကို တမြုံ့မြုံ့ဝါးနေခဲ့သည်။

ကုဟွိုင်အန်းက ဂူပေါက်ဝတွင် ပေါ်လာသည်မှာ နတ်ဘုရားတစ်ပါး ကိုယ်ထင်ပြလာသည့်အလားပင်။

ရှန်းတန် အံ့ဩတကြီးဖြစ်ကာ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး သူမပါးစပ်ထဲမှ ဘီစကွတ်များကိုပါ ဝါးစားရန် မေ့သွားခဲ့သည်။

သူမ မျက်လုံးများကို ပွတ်သပ်ကြည့်သော်လည်း ထိုလူက သူမရှေ့တွင် ရှိနေဆဲသာ ဖြစ်သည်။

[သေလိုက်ပါတော့လား၊ ကုဟွိုင်အန်းက ဘယ်လိုလုပ် ဒီကို ရောက်လာရတာလဲ။]

[ဒါက စာအုပ်ထဲမှာပါတဲ့ ဇာတ်ကွက်လည်း မဟုတ်ဘူးလေ။]

ကုဟွိုင်အန်း မျက်မှောင်ဖွဖွကြုတ်ထားပြီး ဂူထဲတွင်ရှိနေသော မည်သူကမျှ အသက်ပြင်းပြင်း မရှူရဲ ဖြစ်နေကြသည်။

လူတိုင်းက သူ့မျက်နှာကို မှတ်မိကြသည်။ ကုဟွိုင်အန်းက အလွန်အမင်းချမ်းသာရုံသာမကဘဲ အမျိုးသမီးများနှင့်အတူ နီးနီးကပ်ကပ် မနေသော သူ၏ ဂုဏ်သတင်းက အလွန်အမင်း ဆွဲဆောင်မှု ရှိပေသည်။

လူပေါင်းများစွာက သူ၏ ချွင်းချက်လေး တစ်ခု ဖြစ်လာရန် စိတ်ကူးယဉ်ခဲ့ဖူးကြသည်။

ရှန်းတန် ကြောင်စီစီဖြစ်နေသည်ကိုမြင်ပြီး ကုဟွိုင်အန်းက အနားသို့ ရောက်လာပြီး သူမလက်ကိုကိုင်၍ မေးလိုက်သည်။ "မလာဘူးလား။"

"လာမှာ၊ လာမှာ။"

ရှန်းတန် သူ့လက်ကို ဆွဲကိုင်ပြီး မြေပြင်ပေါ်မှထရန် အားယူလိုက်သည်။

သူမ ပါးစပ်ထဲမှ ဘီစကွတ်ကို မြိုချပြီး မေးလိုက်သည်။ "ဟိုလေ ရှင် ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ။"

[ငါ့ကို ကယ်ဖို့ သီးသန့်လာခဲ့တာတော့ မဖြစ်နိုင်ပါဘူး။]

ရှန်းတန် သူမဘာသာ သံသယဖြင့် တွေးနေလိုက်သည်။

"အစ်မထောင်နဲ့ ဦးလေးဟယ်က မင်းကို အရမ်းကို စိတ်ပူနေကြတယ်။"

ရှန်းတန် နားလည်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ ကုဟွိုင်အန်း သူမကို သီးသန့်လာကယ်ရန် မဖြစ်နိုင်ကြောင်း သူမ သိပေသည်။

သူမ၏ အတွေးများကို ကြားပြီးနောက် ကုဟွိုင်အန်း။ "....."

သူ အလုပ်က ခွင့်ယူပြီး လူကိုင်တိုင် လာခဲ့တာလေ၊ ဒါ သူမကို သူကိုယ်တိုင် သီးသန့်လာကယ်တာလို့ ပြောလို့ မရဘူးလား။

သို့သော်လည်း သူကိုယ့်သူ ရှင်းပြရန်အတွက် မလုပ်လိုက်ပေ။

ကုဟွိုင်အန်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ "သွားကြစို့။”

"ထုပ်ပိုးပြီး ဒီကနေ သွားကြရအောင်လေ။" အတင်းအဖျင်းပြောချင်စိတ်တို့ တောက်လောင်နေသော မျက်လုံး ( ၅ ) စုံကိုကြည့်ပြီး ရှန်းတန် ပြောလိုက်သည်။

ဟော်ရင်ရင်က ခပ်ကြောက်ကြောက်ဖြင့် မတ်တတ်ထရပ်ပြီး ညင်သာစွာ မေးလာသည်။ "အစ်မရှန်းတန်၊ အစ်မနဲ့ မစ္စတာကုနဲ့ကြားက ဆက်ဆံရေးက ဘာလဲဟင်။"

သူမ မေးလိုက်သည်နှင့် အခြားသော အမျိုးသားဧည့်သည် ( ၄ ) ဦးကလည်း နားစွင့်နေတော့သည်။

ရှန်းတန် ရယ်ချင်မိသွားသည်။ အတင်းအဖျင်းပြောခြင်းက လူသားများ၏ ဗီဇသာ ဖြစ်ပေသည်။

"သူက အစ်မရဲ့ အလုပ်ရှင်၊ အလုပ်ရှင်ပါ။"

မည်သူမှ သူမ၏ စကားကို သံသယမဝင်ကြပေ။ မည်သို့ပင်ဆိုစေ မတိုင်ခင်က ကစားပွဲထဲတွင် ရှန်းတန်က သူမ ဘယ်သောအခါမှ ရည်းစားမထားဖူးသလို မနမ်းဖူးဘူးဟု ပြောခဲ့ပေသည်။

ထို့အပြင် ကုဟွိုင်အန်းက လူတိုင်း ခူးယူချင်နေသည့် တောင်ပေါ်မှပန်းပွင့်လေးတစ်ပွင့်ဖြစ်သဖြင့် အဝေးမှသာ ငေးမျှော်ကြည့်နိုင်ပြီး ခူးယူခွင့်ရှိမည်မဟုတ်ပေ။

ဟော်ရင်ရင်က ရှန်းတန်၏ စကားဆုံးသည်နှင့် ကုဟွိုင်အန်း၏ အမူအရာက ချက်ချင်း အေးစက်သွားကြောင်း သတိထားမိသွားသည်။

သူမ အလွန်ကြောက်လန့်သွားပြီး ရှန်းတန်၏ နောက်တွင် ချက်ချင်း ပြေးပုန်းမိသွားရသည်။

ဘုရားရေ၊ မစ္စတာကုက ကောလဟာလတွေထဲကလို တကယ်ကြောက်ဖို့ကောင်းတာပဲ။

ရှန်းတန်လည်း ကုဟွိုင်အန်း၏ မသာမယာမျက်နှာထားကိုမြင်ပြီး စိတ်ရှုပ်သွားရသည်။ သူ တစ်ခုခုကို စိတ်တိုနေတာလား။

သူမ သူ့ကို ချော့ချင်ပါသော်လည်း လက်ရှိအချိန်တွင် ပစ္စည်းများ ထုပ်ပိုးခြင်းက ပို၍ အရေးကြီးသဖြင့် သူ့ကို တစ်ယောက်တည်း လွှတ်ထားလိုက်သည်။

ကုဟွိုင်အန်းလည်း သူ ဘာကြောင့် ဒေါသထွက်မိသွားလဲ မသိတော့ပေ။ ခုနက ရှန်းတန် သူ့နားမှ နောက်ဆုတ်သွားသည်ကို ကြည့်ပြီး မသက်မသာခံစားနေရသည်။

သူက အဲ့လောက်တောင် ချဉ်းကပ်ဖို့ မလွယ်တဲ့ပုံပေါက်နေလို့လား။

သိပ်မကြာခင်တွင် လူတိုင်းက မိမိပစ္စည်းများကို ထုပ်ပိုးသိမ်းဆည်းပြီး အမှိုက်များကို ရှင်းလင်း၍ ကုဟွိုင်အန်း၏ လက်အောက်ငယ်သားများ၏ အနောက်မှ လိုက်ခဲ့ကြသည်။

အပြင်ဘက်တွင် လေရော မိုးပါ သည်းထန်နေလျက် ရှိသည်။

ကုဟွိုင်အန်းက သူ၏ ရှည်လျားသော အရပ်ဖြင့် ရှန်းတန်ကို မုန်တိုင်းထံမှ ကာကွယ်ပေးနေခဲ့သည်။

ရှန်းတန်လည်း ထိုအချိန်မှ သူ့အဝတ်အစားများ စိုရွှဲနေသည်ကို သတိထားမိသွားသည်။ ဤဇီဇာကြောင်သည့် အမျိုးသား၏ ဖိနပ်တွင်လည်း ရွှံ့များပေကျံနေခဲ့လေသည်။

ရုတ်တရက် သူမ နှလုံးခုန်မြန်လာခဲ့သည်။

ရှန်းတန် မော့ကြည့်လိုက်ချိန်တွင် သူမ ကာပေးထားသော အမျိုးသားတွင် ရှည်လျားသော အရပ်၊ ကျယ်ပြောသော ပခုံးပြင်များနှင့် သေးသွယ်သော ခါး ရှိနေသည်ကို မြင်လိုက်ရသည်။ အိုး... သူမကို တစ်ချက်လောက် ရိုက်ပစ်ချင်သွားအောင် လက်ယားသွားစေသော တင်ပါးကောက်ကောက်လေးလည်း ရှိနေသေးသည်။

ကုဟွိုင်အန်း တောင့်ခနဲဖြစ်သွားကာ သူ့လမ်းလျှောက်ပုံက ကိုးရိုးကားရားဖြစ်လာခဲ့သည်။

သူ့ နားသန်သီးလေးများပင် နီရဲလာလေသည်။

ဒီမိန်းမ၊ သူ့ရဲ့ ခေါင်းထဲမှာ အဲ့လိုအတွေးတွေနဲ့ပဲ ပြည့်နေတာ။

ရှန်းတန် နောင်တရစွာဖြင့် အကြည့်ပြောင်းလိုက်တော့သည်။ သူမ ကိုယ်ကျင့်တရား ပျက်ယွင်းနေသည့် လူတစ်ယောက် ဖြစ်သွားလုနီးနီးဟု ခံစားလိုက်ရသည်။

ကုဟွိုက်အန်း စိတ်ထဲတွင် တိတ်တဆိတ်တွေးလိုက်သည်။ သူမက အဲလိုလူပဲမဟုတ်လို့လား။

လှေပေါ်ရောက်ချိန်မှသာ ကုဟွိုင်အန်း၏ တောင့်ခဲနေသော ခန္ဓာကိုယ်က ပြေလျော့သွားတော့သည်။ သူ ညွှန်ကြားအချို့ အလျင်အမြန်ပေးပြီးနောက်တွင် သူ့အခန်းသူ ပြန်လိုက်သည်။

သင်္ဘောက ကြီးသဖြင့် ရှန်းတန်နှင့် သူမ၏ အဖော်များအားလုံး တစ်ယောက် တစ်ခန်း ရခဲ့သည်။

ရေနွေးနွေးလေးဖြင့် ရေချိုးပြီး ဆံပင်ကိုခြောက်အောင် သုတ်ပြီးနောက်တွင် လူတိုင်း အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။ ထမင်းစားခန်းတွင် ဂျင်းပြုတ်ရည်နှင့် ပူပူနွေးနွေးဟင်းလျာများကို ပြင်ဆင်ပေးထားလေသည်။

ရှန်းတန်က ဂျင်းပြုတ်ရည်ကို အလွန်မုန်းသော်လည်း တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်သည်။

ဂျင်း မည်မျှပင် ထည့်ထားသလဲမသိ အလွန်ပူစပ်လှသည်။

တည်ခင်းထားသော ဟင်းလျာများက ဖွယ်ဖွယ်ရာရာရှိလှပြီး ရက်အနည်းငယ်ကြာအောင် ဖိသိပ်ထားသော ဘီစကွတ်များသာ စားခဲ့ရသော သူတို့အဖို့ ဤသည်က တော်ဝင်စားတော်ပွဲကြီးပင် ဖြစ်ချေသည်။

လူတိုင်း စကားတစ်ခွန်းပင်မဆိုဘဲ ငုံ့လွေးတော့သည်။

အချိန်အတော်ကြမှ အောင်းကျစ်ဖျင်က သက်ပြင်းချလိုက်သည်။ "ငါ့အဖေ ငါ့ကို အခုထိ လာမရှာသေးတာ တကယ်မယုံနိုင်ဘူး၊ ငါက သူ့သားအရင်းရော ဟုတ်ရဲ့လားဆိုပြီးတော့တောင် စပြီး သံသယဝင်လာနေမိပြီ။"

ဟဲယွမ်က မေးထောက်နေသည်။ "မင်းက ရှင်းယောင်အင်တာတိန်းမန့် စီအီးအိုရဲ့ သားဆိုတာ တကယ်ပဲလား။"

"ဟုတ်တယ်လေ၊ ဘာလို့လဲ၊ စီအီးအိုရဲ့ သားနဲ့ မတူလို့လား။"

"ဟုတ်တယ်၊ တကယ် မတူဘူး။"

ကျောက်ကျဲ့က သဘောတူစွာခေါင်းငြိမ့်လိုက်သည်။ "မင်းက ဒီအတိုင်း သာမန် ကောလိပ်ဘွဲ့ရတစ်ယောက်နဲ့ပဲ တူနေတယ်၊ လူချမ်းသာတွေနဲ့ မတူဘဲ အခက်အခဲတွေပါ သည်းခံနိုင်နေတယ်လေ။"

"ဘာလို့လဲဆိုတော့ ငါက သာမန်လူတစ်ယောက်ပဲမလို့ပေါ့၊ ငါ့မိသားစုက ပုံမှန်ထက် နည်းနည်းလောက် ပိုပြီး ချမ်းသာတာပဲ ရှိတယ်၊ လူချမ်းသာတွေလို့ ပြောလို့မရဘူး။"

သူ့ပုံစံက အလွန်ရိုးသားနေသည်။ ကြည့်ရသည်မှာ ထိုအတိုင်း အမှန်တကယ် တွေးထားသည့်ပုံပင်။

မတိုင်ခင်က အစ်ကိုဝမ်၏ ညွှန်ကြားချက်များအရ ရှန်းတန်က မေးခွန်းအချို့ ပို၍မေးရန် ကြံလိုက်ပါသော်လည်း ထိုအကြောင်းအရာကို လူတိုင်းရှေ့တွင် အကျယ်မချဲ့ချင်သလို သူမအပေါ် မကောင်းမြင်သွားမည်ကိုလည်းစိုး၍ သူမ မေးချင်သည့် မေးခွန်းများကို ပြန်မြိုချလိုက်ရသည်။

ကျိုးဟောက်က ပဟေဠိဖြစ်သွားသည်။ "မင်းမိသားစုက ကုမ္ပဏီတစ်ခု ပိုင်တယ်ဆိုရင် ပိုနာမည်ကြီးတဲ့ ရသစုံရှိုးတွေကို မသွားဘဲ ဘာလို့ ဒီမှာ လာပြီး သောင်တင်နေရတာလဲ။"

အမှန်အတိုင်းပြောရလျှင် ဇာတ်ကြောင်းကို သိထားသည့် ရှန်းတန်မှလွဲ၍ မည်သူကမျှ ဤရှိုး နာမည်ကျော်လာမည်ဟု မယုံကြချေ။

အဓိကချန်နယ်ကြီးများတွင် နာမည်အကြီးဆုံး ရှိုးများမှာ ဒိတ်တင်းရှိုးနှင့် ကလေးထိန်းရသည့်ရှိုးများပင် ဖြစ်သည်။ ယခုလို ရှိုးပွဲများကို ကြည့်ရှုသူ အလွန်နည်းပါးလှသည်။

အောင်းကျစ်ဖျင် သူ့ခေါင်းသူ ကုတ်ပြီး ပြုံးလိုက်သည်။ "တကယ်တော့ ငါ့မိသားစုနောက်ခံကို ငါ မမှီခိုချင်တာကြောင့်ပဲ၊ ဒီရှိုးကိုလာတာက ငါ့ကိုယ်ပိုင်အကြံပါ၊ငါ ဒီရှိုးကို တကယ်ကြိုက်တာလေ၊ အိုး ဟုတ်သား၊ ကျေးဇူးပြုပြီး မင်းတို့တွေ ငါ့ရဲ့ အထောက်အထားကို လျှို့ဝှက်ပေးထားလို့ရမလားဟင်၊ အနာဂတ်မှာ ငါ့ကို ငါ့မိသားစုကို အသုံးချပြီး အမြင့်ကိုတက်လာတာလို့ အပြောမခံချင်လို့ပါ။"

ရှန်းတန်က နားလည်သွားပြီဖြစ်သည်။ အောင်းကျစ်ဖျင်က အတော်လေး စိတ်သဘောထား ပွင့်လင်းရိုးသားသည့်ပုံပင်။ သူမကို ခြေနင်းကျောက်တုံးအဖြစ် ချနင်းချင်ပုံမပေါ်ပေ။

အစ်ကိုဝမ်က သူ့ဘာသာ ဆုံးဖြတ်ချက်ချပြီး သဘောတူလိုက်ကာ သူမကို အသုံးချ၍ အောင်းကျစ်ဖျင်ကို နာမည်ကောင်းရစေလိုသည်ဟု ခန့်မှန်းလိုက်သည်။

အဘယ်ကြောင့် အလုပ်မဖြစ်လဲဆိုသည်ကိုတော့ ရှန်းတန်လည်း မသိတော့ပေ။

လူတိုင်း ပျော်ပျော်ကြီး စားသောက်ပြီး စကားပြောနေခဲ့ကြသည်။

ရုတ်တရက် ဟော်ရင်ရင်က ထပြောလာခဲ့သည်။ "အစ်မရှန်းတန်၊ မစ္စတာကုက အစ်မကို အတော်လေး ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်နော်။"

ရှန်းတန်။ "?"

"ဟမ်။"

ဟော်ရင်ရင်က သူမ၏ လက်ချောင်းလေးများကို သုံးပြီး ရေတွက်ပြလိုက်သည်။ "အစ်မ မြင်တဲ့အတိုင်းပဲ အောင်းကျစ်ဖျင်ရဲ့ အဖေကတောင် ရောက်မလာသေးဘူး မစ္စတာကုက အမြန်ကြီး ရောက်လာခဲ့တယ်၊ ဒါက သူ အစ်မကို ဘယ်လောက်စိုးရိမ်နေလဲဆိုတာကို ပြနေတာပဲ။"

အောင်းကျစ်ဖျင်။ "....."

"ပြီးတော့ ညီမတို့တွေ အကုန်လုံး လမ်းလျှောက်နေတုန်းက အစ်မကို ခဏခဏအဆင်ပြေလားဆိုပြီး လှည့်ကြည့်နေတာကို သတိထားမိသေးတယ်။"

"သူက အစ်မအပေါ် အတော်လေး ကောင်းတာပဲ။"

ရှန်းတန်၏ စိတ်ထဲတွင် သူမကိုယ်သူမ အမျိုးသမီးဇာတ်ဆောင်ကဲ့သို့ ဆက်ဆံခံနေရ၍ အံ့အားသင့်သွားရသည်။ ထိုသူက အလွန်ကောင်းမွန်ထူးချွန်လှသည်။ သူမလို စာချုပ်ဇနီးသည်ကိုပင် အလွန် ကောင်းမွန်စွာ ဆက်ဆံပေးနေသည်။

ကံကောင်းစွာဖြင့် သူမက ကိုယ့်နေရာကိုယ် သိပေသည်။ စာချုပ်က ( ၂ ) နှစ်တာကာလပြီးလျှင် ကုန်ဆုံးသွားမည်ဖြစ်သည်။ သူမက ပိုက်ဆံယူပြီး ထွက်သွားမည်ဖြစ်၍ စာအုပ်ထဲကလို ဇာတ်လမ်းရှုပ်တော့မည် မဟုတ်ပေ။

ဘေးအခန်းထဲတွင် ကုဟွိုင်အန်း၏ အမူအရာက အနည်းငယ် အကျည်းတန်နေခဲ့သည်။

ဗွီဒီယိုကောတွင် တစ်ဖက်လူက ဖြေးဖြေးချင်း ပြောနေပြီး တစ်ခုခု မှားပြောမိမည်ကို အဆက်မပြတ် စိုးရိမ်နေလေသည်။

ဖုန်းချခါနီးတွင် ကုဟွိုင်အန်းက အေးစက်စွာဖြင့် စကားနှစ်လုံးကိုသာ ပြောလိုက်သည်။ "ပြန်လုပ်။"

တစ်ဖက်လူက စိတ်သက်သာရာရစွာ သက်ပြင်းချပြီး စိတ်အားထက်သန်စွာ ဖုန်းချသွားသည်။

ကုဟွိုင်အန်း သူ့နှဖူးကြောသူနှိပ်လိုက်ပြီး သူ ဘာဖြစ်နေလဲ ဘာကြောင့် မသက်မသာဖြစ်နေသလို ခံစားနေရလဲ နားမလည်နိုင် ဖြစ်နေသည်။

သူမက အမှန်အတိုင်း ပြောခဲ့တာပဲလေ၊ ဟုတ်တယ်မလား။

ထို့နောက်တွင် ရှန်းတန်က သူ့အကြောင်း ဆက်မတွေးတော့ဘဲ သူငယ်ချင်းများနှင့်အတူကစားရင်း အချိန်ကောင်းလေး တစ်ခု ပိုင်ဆိုင်နေခဲ့သည်။

ဘေးအခန်းတွင် ကုဟွိုင်အန်းက တစ်ယောက်တည်း တိတ်ဆိတ်စွာ ထိုင်နေချိန်၌ အပြင်ဘက်မှ ကျယ်လောင်စွာ ရယ်မောသံတို့ ထွက်ပေါ်နေသည်။ သူက မည်သည့် လှုပ်ရှားသက်ဝင်မှုမှ မရှိသော ပတ်ဝန်းကျင်ထဲတွင် ပေါင်းစပ်နေလေသည်။

အခန်း ( ၂၂ ) - ကျွန်မကို ရုပ်ဆိုးတယ်လို့ထင်လား

"ဒေါက် ဒေါက် ဒေါက်"

ကုဟွိုင်အန်း သူ့ကိုယ်သူ အတွေးများထဲမှ ဆွဲထုတ်လိုက်သည်။ "ဝင်လာခဲ့ပါ။"

တံခါးက တွန်းဖွင့်ခံလိုက်ရပြီး ရှန်းတန်၏ ခေါင်းလေးက တံခါးဝတွင်ပေါ်လာခဲ့သည်။ "မစ္စတာကု၊ အခု အလုပ်ရှုပ်နေလားဟင်။"

ကုဟွိုင်အန်း သူမကို တည်တည်ငြိမ်ငြိမ်ကြည့်ပြီး သူစိုက်ကြည့်နေသည်မှာ ရှန်းတန်ကိုပင် ရင်ထိတ်သွားစေခဲ့သည်။

"တစ်ခုခုလိုလို့လား။"

"သူတို့က ရှင့်ကို လူကိုယ်တိုင် ကျေးဇူးတင်နေကြတယ်၊ အဆင်ပြေရဲ့လားတော့ မသိဘူး။"

မရှင်းပြနိုင်သော စိတ်ပျက်လက်ပျက် ဖြစ်သွားသည့် ခံစားချက်တစ်ခု ကုဟွိုင်အန်း ရင်ထဲတွင် မြင့်တက်လာခဲ့သည်။ "မလိုပါဘူး၊ သူတို့ကို တိုက်ဆိုင်လို့ ကယ်ပေးလိုက်တာပါ။"

ရှန်းတန် ခဏတာမျှ အံ့အားသင့်သွားရသည်။

သူတို့ကို ကယ်တာ တိုက်ဆိုင်လို့ဆို သူမကိုက တမင်လာကယ်ခဲ့တာလား။ သူမ၏ နှလုံးသားလေး ရုတ်တရက်ဆိုသလို ရှုပ်ထွေးသွားရသည်။ ဤမျှ ချောမောသော ယောက်ျားက သူမရှေ့တွင် ဒွိဟဖြစ်စေသော စကားများကို လာပြောနေသဖြင့် သူမကို အထင်မလွဲမိစေရန် ခက်ခဲစေသည်။

သူမ ပါးစပ်ဖွင့်လိုက်ပြီး "အိုး"ဟူသော အသံတစ်ခု ပြုလုပ်လိုက်သည်။

သူမ၏ ပျာယာခတ်သွားသော ပုံစံကိုကြည့်ပြီး ကုဟွိုင်အန်း၏ စိတ်အခြေအနေက ပြောမပြတတ်အောင် ကောင်းမွန်လာခဲ့သည်။

သူ့ကို ကျေးဇူးတင်ချင်နေသော လူများအတွက် သူကတော့ ကျေးဇူးတင်စကားပြောရန် လိုအပ်သည်ဟု မထင်ပေ။

သင်္ဘောက ဆိပ်ကမ်းသို့ ကပ်သွားပြီး လူအချို့ လှေပေါ်မှ ဆင်းလာသည်နှင့် မိုးထဲရေထဲတွင် စောင့်နေကြသည့် ငိုနေသော ဒါရိုက်တာနှင့် ပါပါရာဇီများကို တွေ့လိုက်ရသည်။

မီးရောင်များက အဆက်မပြတ် လင်းလက်လာပြီး ရှန်းတန်ကို ခဏတာမျှ တောင့်ခဲသွားစေသည်။

ဒီလောက်ထိ အလုပ်ကြိုးစားနေကြဖို့ လိုအပ်လို့လားနော်။

ယခုအချိန်တွင် မိုးများက သည်းထန်စွာရွာနေဆဲဖြစ်ပြီး ရေများက ခြေသလုံးအထိ ရောက်နေပြီဖြစ်ကြောင်း သိထားရန် လိုအပ်ပေသည်။

ဒါရိုက်တာကာ ငိုယိုရင်း လာရောက်တောင်းပန်နေသည်။ သူ့လက်ထဲတွင် ကိုင်ထားသော ထီးက လေကြောင့် အတွင်းအပြင် လန်သွားခဲ့ပြီး သူ့ခေါင်းပေါ်ရှိ လက်ကျန်ဆံပင်နည်းနည်းလေးမှာ စိုရွှဲကာ ပုံမကျပန်းမကျဖြစ်နေသည်။

သူ့မျက်နှာပေါ်တွင် ရေများဖြင့် ပြည့်နှက်နေပြီး မျက်ရည်လား၊ နှာရည်လား၊ မိုး‌ရေလားပင် မသဲကွဲတော့ဘဲ အလွန်သနားဖွယ်ကောင်းလွန်းလှသည်။

ဧည့်သည်များက အနည်းငယ် အပြစ်တင်ပြောဆိုခဲ့သော်လည်း အများကြီး မပြောလိုက်ပေ။

မည်သို့ပင်ဆိုစေ ဤသည်က သဘာဝဘေးအန္တရာယ်ပင်ဖြစ်ပြီး ဒါရိုက်တာတစ်ယောက်တည်း၏ အမှား ဟုတ်မနေချေ။

ဧည့်သည်များ၏ အေးဂျင့်များနှင့် လက်ထောက်များက စိုးရိမ်တကြီးစောင့်နေကြလေပြီး သူတို့၏ အနုပညာရှင်များကို တစ်ယောက်ချင်းခေါ်သွားကြလေသည်။

မပြန်ခင်တွင် ဟော်ရင်ရင်က ရှန်းတန်ကို ခုန်အုပ်၍ ဖက်လိုက်သည်။ "အစ်မတန်တန်၊ ညီမလေး အစ်မရဲ့ ဝီချက် IDကို မှတ်ထားတယ်၊ ညီမ လာအပ်လိုက်မယ်နော်၊ အစ်မ ပြန်ရောက်ရင် လက်ခံထားဖို့ မမေ့နဲ့ဦး။"

ထိုသည်ကိုကြားပြီး အောင်းကျစ်ဖျင်ကပင် လက်များကို အလောတကြီး ဝှေ့ရမ်း၍ အော်ပြောလာသည်။ "ငါ့ကိုရောနော်၊ ငါ့ကိုရော။"

ရှန်းတန် ပြုံးပြပြီး ခေါင်းငြိမ့်လိုက်သည်။

သူမကားဆီသို့ ပြန်ရောက်ချိန်တွင် ဒရိုင်ဘာနှင့် သူမ၏ လက်ထောက်ဖြစ်သူ ယွမ်ယွမ်ကိုသာတွေ့ခဲ့ရပြီး အစ်ကိုဝမ်ကိုမူ အရိပ်ပင် မမြင်ခဲ့ရချေ။

ရှန်းတန်က သူ့ဆီမှ မျှော်လင့်ထားသည်များလည်း ရှိမနေချေ။

ယွမ်ယွမ်နှင့် စကားအနည်းငယ်ပြောပြီးနောက်တွင် သူမ ကုဟွိုင်အန်း၏ ကားဆီသို့ ပြန်သွားလိုက်သည်။

ရှန်းတန် ထိုင်ချလိုက်သည်နှင့် ဘေးမှ တဘက်တစ်ထည် ကမ်းလာခဲ့သည်။

ထိုလူ၏ လက်ချောင်းများက ရှည်လျားကာ သေးသွယ်လှပြီး လက်ဆစ်များကလည်း ထင်းနေသည်။ လက်ချောင်းများနှင့် ပတ်သက်၍ စွဲလမ်းမှုရှိသူတစ်ဦးအနေဖြင့် ရှန်းတန်၏စိတ်ထဲတွင် မသင့်လျော်သော အတွေးများ မထိန်းချုပ်နိုင်အောင် ပေါ်ထွက်လာခဲ့သည်။

ကုဟွိုင်အန်း။ "....."

သူ့မျက်နှာပေါ်က တဖြေးဖြေးချင်း ရှက်သွေးတို့ဖြင့် ရဲလာသည်။

သို့သော်လည်း ရှန်းတန်က အပြစ်ရှိသလို ခံစားနေရသဖြင့် ခေါင်းမော့၍ ကြည့်မနေခဲ့သဖြင့် အဆိုပါ ရှားပါးလှသော မြင်ကွင်းကို လွတ်သွားခဲ့သည်။

သူမကို မတော်တဆ စင်သွားခဲ့သည့် မိုးရေစက်များကို ခြောက်သွေ့အောင် သုတ်ပြီးချိန်တွင် ဝန်ထမ်းဆီမှ ချက်ချင်းပြန်ရလာခဲ့သော သူမ၏ဖုန်းကို ဖွင့်လိုက်သည်။ ဖုန်းအားက ၆၀%ရှိနေဆဲပင် ဖြစ်သည်။

သူမ ဝေ့ပေါ်ကိုဖွင့်ပြီး သူငယ်ချင်းအဖြစ် တောင်းဆိုချက်များအားလုံးကို လက်ခံပြီးမှ ဝေ့ပေါ်ကို ဖွင့်လိုက်သည်။

ထင်ထားသည့်အတိုင်း ရှိုးက အလွန်ပေါက်နေပြီဖြစ်ပြီး လူရှာဖွေမှုအများဆုံး စာရင်းထိပ်ဆုံးဆယ်ခုတွင် ခြောက်ခုက ၎င်းနှင့် သက်ဆိုင်နေခဲ့သည်။

ရှန်းတန်ကို နေရောင်ကာခရင်မ် ယူသွား၍ အပြစ်တင်ပြောဆိုနေကြသော ပို့စ်များလည်း ပြတ်လပ်နေခြင်း မရှိဘဲ ကောမန့်များတွင်လည်း သူမကို ဆဲဆိုနေခဲ့ကြသည်။

နောက်ဆုံးသောပုံက လူတိုင်း သင်္ဘောပေါ်မှ ဆင်းနေကြသောပုံဖြစ်ပြီး ဓာတ်ပုံထဲတွင် ရှန်းတန်က လေပြင်းများကြောင့် မျက်နှာရှုံ့မဲ့နေပြီး မျက်လုံးမှိတ်ထားနေသည်။

#ရှန်းတန်၏မျက်နှာ ပျက်စီးနေခြင်း#

ထို လူရှာဖွေမှုများနေသော tagကို ကြည့်ပြီး ရှန်းတန်၏ ရင်ထဲတွင် အလဲလဲ အပြိုအပြို ဖြစ်သွားရသည်။

အခြားသူများက သူမ၏ ပရော်ဖက်ရှင်နယ်မဆန်သော လုပ်ဆောင်ချက်များကို ဝေဖန်နိုင်သည်။ သူမ၏ တိမ်ပေါ်ရောက်နေသလို မထိုက်တန်သည့် အမူအရာကို ဝေဖန်၍ ရသည်။ သို့သော်လည်း သူမ မျက်နှာကိုတော့ ဝေဖန်၍ မရချေ။

နေထိုင်လာရသည့် ဘဝနှစ်ခုလုံးတွင် သူမ ကျေးဇူးအတင်ဆုံးမှာ အမေ ပေးထားသည့် ပြီးပြည့်စုံသော မျက်နှာလေးပင်ဖြစ်သည်။

ရှန်းတန် ဒေါသတကြီး နှုတ်ခမ်းထော်လိုက်ပြီး ရုတ်တရက် ကုဟွိုင်အန်းအနား ကပ်လိုက်သည်။ "မစ္စတာကု၊ ကျွန်မကို ရုပ်ဆိုးတယ်ထင်လား။"

ကုဟွိုင်အန်း အသက်ရှူအောင့်ထားမိပြီး အသေအချာ စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ ရှန်းတန်၏ မျက်လုံး မျက်ခုံးများက အလွန်လှပပြီး သူမ မျက်နှာရှိ အစိတ်အပိုင်းတိုင်းက သိမ်မွေ့နူးညံ့ကာ ရုပ်ဆိုးသည်ဟူသော စကားဖြင့် လုံးဝ ဆန့်ကျင်ဘက်ပင် ဖြစ်သည်။

သူမရဲ့ မူလကမ္ဘာမှာတုန်းကလည်း ဒီမျက်နှာပဲများလား။

ရှန်းတန်လည်း သူ၏ တောက်လောင်နေသော အကြည့်များကြောင့် စိုးရွံ့လာမိပြီး သူမ၏ အလျင်စလို ပြုလုပ်လိုက်မိသော အမူအရာကြောင့် အနည်းငယ် နောင်တရသွားမိသည်။

"အမ်း...။"

ကုဟွိုင်အန်း နှုတ်ခမ်းဖျားတို့ ခပ်ဟဟပွင့်လာပြီး လည်စလုတ်က အပေါ်အောက် ရွေ့လျားသွားခဲ့သည်။ "လှပါတယ်။"

ရှန်းတန်၏ မျက်နှာက ချက်ချင်းကို ရဲရဲနီသွားတော့သည်။ သူမ "အိုး.."ဟူသော အသံသေးသေးလေးတစ်သံသာ ပြုလုပ်လိုက်ပြီး ချက်ချင်း အကြည့်လွှဲလိုက်တော့သည်။

[ရှူးဂါးဒယ်ဒီကြီးကို ကြည့်ရတာ နည်းနည်းတော့ ထူးဆန်းနေတယ်။]

[အားးးး ကိုးရိုးကားရားနိုင်လိုက်တာ၊ ငါ့မျက်နှာကြီး ပူထူနေတော့တာပဲ၊ ငါ ရှက်သွေးဖြာနေမိတာများလား။]

[စိတ်ငြိမ်ငြိမ်ထား ရှန်းတန်ရေ၊ နင်ကတော့ တကယ် ကယ်တင်လို့ မရတော့ဘူးဘဲ၊ ဒီမတိုင်ခင်က နေ့တိုင်း ဝမ်းဗိုက်ကြွက်သားပုံတွေ ကြည့်နေခဲ့တာ မဟုတ်ဘူးလားဟ။]

ကုဟွိုင်းအန်း မျက်မှောင်ကြုတ်သွားရသည်။ ဒီကောင်မလေး နေ့တိုင်း ဘာတွေကြည့်နေတာပါလိမ့်။

ဤသို့ဖြင့် နှစ်ယောက်သား စကားဆက်မပြောကြတော့ချေ။ ကားနောက်ခန်းထဲတွင် တစ်မျိုးကြီးဖြစ်နေသော လေထုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရှန်းတန်က အပေါ်ယံတွင် တည်ငြိမ်နေပါသော်လည်း စိတ်ထဲတွင် ကမ္ဘာပျက်နေပြီဖြစ်သည်။

သူမ ကားပြတင်းအပြင်မှ ရှုခင်းများကို ကြည့်ရန် လုပ်လိုက်သော်လည်း အလင်းရောင်က မှိန်ဖျော့နေသည်ဖြစ်၍ ကားပြတင်းမှန်ပေါ်တွင် သူမနှင့် ကုဟွိုင်အန်း၏ အရိပ်ကသာ ရောင်ပြန်ဟပ်နေခဲ့သည်။

ထို့အပြင် သူက သူမကိုကြည့်နေခဲ့သည်။

ရှန်းတန်။ "....."

[ငါ့ကို ဘာလို့ လာကြည့်နေတာလဲလို့...]

ကုဟွိုင်အန်းက ခပ်ဖွဖွလေး ရယ်မောလာပြီး ထိုရယ်သံက တစ်ပါးသူ၏ နားရွက်ကို ယားယံသွားစေနိုင်ပေသည်။

ရှန်းတန် စိတ်ထဲတွင် အော်ဟစ်ဆူပူနေမိသည်။

[နတ်ဆိုးကောင်ကြီး]

သူမရဲ့ တာအိုနှလုံးသားလေးကို ဖျက်စီးမိတော့မလို့။

သူမ၏ ဖုန်းက နိုတီဝင်လာသံများဖြင့် အဆက်မပြတ် မြည်လာလာခဲ့သည်။ ဖွင့်ကြည့်ချိန်တွင် သူမကို ဂရုတစ်ခုထဲ ထည့်ထားကြောင်း တွေ့လိုက်ရသည်။

ထိုဂရုထဲတွင် ဧည့်သည်များစွာ ပါဝင်နေပြီး ယခုလက်ရှိတွင် ရှာဖွေမှုအများဆုံးလူစာရင်းထဲမှ အကြောင်းအရာများကို ဆွေးနွေးနေခဲ့ကြသည်။

ဟော်ရင်ရင်က အလွန်ဒေါသထွက်နေခဲ့သည်။ သူတို့က ကိစ္စများကို ရှင်းလင်းချင်သော်လည်း အလျင်စလို မလုပ်ရဲ၍ ရှန်းတန်ကို ဂရုထဲထည့်ကာ ဆွေးနွေးရန် လုပ်ခဲ့သည်။

ရှန်းထန်၏ နှလုံးသားလေး နွေးထွေးသွားရသည်။ အမှန်အတိုင်းပြောရလျှင် သူမက အဆိုပါ ဖျက်လိုဖျက်ဆီး ရှာဖွေမှုအများဆုံးလူစာရင်းကို ဂရုမစိုက်ပါချေ။

စကားပုံများအတိုင်း သန်းများပေါလာလျှင် အကိုက်ခံရသည်ကို မသိတော့သလို အကြွေးများလာလျှင် မပူပန်တော့ ဆိုသကဲ့သို့ပင်။ သူမကိုဆဲဆိုနေကြသော လူများက သူမ၏ ပိုက်ဆံရှာနိုင်စွမ်းကို မထိခိုက်နိုင်ကြချေ။

စိတ်ရှုပ်စရာကောင်းသည့် တစ်ခုတည်းသော အရာမှာ သူမကို မျက်နှာခွဲစိတ်ပြုပြင်ထားသည်ဟု ပြောပြီး ရုပ်ဆိုးဆိုးပုံများကိုသုံးပြီး သူမ၏မျက်နှာ ပျက်စီးသွားပြီဟု ပြောဆိုနေကြခြင်း ဖြစ်သည်။

သူမ၏ အတွေးများကို ကြားလိုက်ရသော ကုဟွိုင်အန်း။ "....."

ခဏတာမျှ တွေးလိုက်ပြီးနောက်တွင် လက်ထောက်ကန်းဆီသို့ စာပို့လိုက်သည်။

တစ်ဖက်မှ ရှန်းတန်က ထိုအကြောင်းကို ဂရုထဲတွင် ဆွေးနွေးနေဆဲဖြစ်ပြီး သူမ ယွမ်ယွမ်ထံမှ ရုတ်တရက်ဆိုသလို မက်ဆေ့ချ်တစ်စောင်ကိုရလာပြီး သူမ ပါဝင်သည့် အဆိုပါ ဖျက်လိုဖျက်ဆီး ရှာဖွေမှုအများဆုံးလူစာရင်း ပျောက်ကွယ်သွားသည်ဟု ဆိုလာသည်။

ရှန်းတန် စိတ်လှုပ်ရှားစွာဖြင့် ဝေ့ပေါ်ဖွင့်ကြည့်လိုက်ပြီး ထိုအကြောင်းများကို ရှာမရတော့ကြောင်း မြင်လိုက်ရသည်။

သူမ ဂရုထဲတွင် သွားမေးလိုက်သည်။ ‘ဝူး ဝူး ဝူး ဝူး... ဘယ်ချစ်စရာလေးကများ ကျွန်မရဲ့ ရှာဖွေမှုအများဆုံးလူစာရင်းတွေကို ကူပြီး ဖျက်ပေးလိုက်တာလဲ၊ အရမ်းကို မိုက်တာပဲရှင်။’

ဟော်ရင်ရင် ဒေါသထွက်သွားသည်။ ‘ခြေတစ်လှမ်း နောက်ကျသွားပြီ၊ ဘယ်သူက အဲ့လောက် လက်မြန်သွားတာလဲ။’

အခြားသူများကလည်း သူတို့မဟုတ်ဟု ဆိုကြသည်။

ရှန်းတန် စိတ်ရှုပ်သွားရသည်။ သူမက ဟော်ရင်ရင်ဟု ထင်နေခဲ့သော်လည်း ဟော်ရင်ရင် မဟုတ်ပေ။ ဒါဆို ဘယ်သူလဲ။

သူမဘေးမှ ခပ်ဖွဖွ ချောင်းဟန့်သံ ထွက်ပေါ်လာသည်။ သူမ ဂရုတစိုက် မေးလိုက်သည်။ "ရှင် အအေးမိသွားတာလား။”

ကုဟွိုင်အန်း သူမကို ကြည့်လိုက်သည်။ "ကိုယ် ရှာဖွေမှုအများဆုံးလူစာရင်းကို ဖြုတ်ချဖို့ တစ်ယောက်ယောက်ကို ခိုင်းထားတယ်၊ စိတ်မပူနဲ့တော့၊ အနာဂတ်မှာ အကူအညီတစ်ခုခုလိုလာရင် ကိုယ့်ကိုသာ တိုက်ရိုက် ဆက်သွယ်လိုက်ပါ။"

[ရှူးဂါးဒယ်ဒီကြီးက အရမ်းမိုက်တာပဲရော]

ခဏမျှတွေးပြီးနောက်တွင် ကုဟွိုင်အန်း ထပ်ပြောလိုက်သည်။ "ကိုယ်တို့ရဲ့ လက်ရှိ ဆက်ဆံရေးအရ ကိုယ်နဲ့ ပတ်သက်ပြီး အရမ်းကြီး စိတ်မထိန်းထားနဲ့။"

ရှန်းတန် ခဏမျှ တောင့်ခဲသွားသည်။

သူမတို့ရဲ့ လက်ရှိဆက်ဆံရေး၊ ဒါ ဒီအတိုင်း စာချုပ်ချုပ်ထားတဲ့ အိမ်ထောင်ရေးပဲ မဟုတ်ဘူးလား။ သူက ငွေကြေးထောက်ပံ့တယ်၊ သူမက လုပ်အားထောက်ပံ့တယ်၊ တခြား ဘာဆက်ဆံရေးတွေများ ရှိနေလို့လဲ။

အရင်က သူမကို သုံးမီတာအကွာမှာ နေဖို့ ပြောခဲ့တာ သူပဲ မဟုတ်ဘူးလား။

အခုမှ ဘာလို့ စိတ်မထိန်းထားနဲ့လို့ လာပြောနေရတာလဲ။

ရှန်းတန် ချက်ချင်း စိတ်ရှင်းလင်းသွားပြီး ကားတံခါးနားသို့ တိတ်တဆိတ်ကပ်သွားလိုက်သည်။

"ဟို ကျေးဇူးတင်ပါတယ်။"

[အဲဒီ ရှာဖွေမှုအများဆုံးလူစာရင်းကို ဖျက်ဖို့ ကုန်ကျငွေက ငါ့ရဲ့ လစဉ်အသုံးစရိတ်ထဲက ဖြတ်မှာတော့ မဟုတ်လောက်ပါဘူးနော်]

ကုဟွိုင်အန်း၏ မျက်နှာက ချက်ချင်းဆိုသလို မည်းမှောင်သွားရသည်။

ဒီမိန်းမက အကျယ်တဝင့်တွေးရမည့်နေရာတွင် အကျယ်တဝင့် မတွေးဘဲ၊ အကျယ်တဝင့်မတွေးရသည့်နေရာတွင် အကျယ်တဝင့် တွေးနေသည်။

သူ တမင်တကာပင် ရှင်းမပြလိုက်ဘဲ ရှန်းတန်၏ ပုံစံအမျိုးမျိုး ပြောင်းနေသော မျက်နှာမူအရာကိုကြည့်နေရင်း သူ့စိတ်ထဲ ရှုပ်ထွေးလာရသည်။

ကားက အိမ်သို့ရောက်သွားပြီဖြစ်သည်။ ဦးလေးဟယ်က အိမ်ဝင်ပေါက်တွင် ရပ်နေခဲ့ပြီး ကုဟွိုင်အန်းနှင့် ရှန်းတန်တို့ ကားပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာသည်ကိုကြည့်ပြီး သူ့နှလုံးသားလေး ကျေနပ်နှစ်သိမ့်သွားရသည်။

ဤနှုန်းဖြင့်ဆိုလျှင် သိပ်မကြာခင်တွင် သူ သခင်လေး သခင်မလေးများကို ထိန်းရတော့မည်ဖြစ်သည်။

အစ်မထောင်က အပြင်ကိုပြေးထွက်လာပြီး သူမပြေးလာတိုင်း ခန္ဓာကိုယ်ပေါ်မှ အဆီပြင်များက လှုပ်ခါနေခဲ့သည်။

"ဘုရားရေ၊ မဒမ် အဆင်ပြေရဲ့လားဟင်။" အစ်မထောင်က ရှန်းတန်ကို အပေါ်အောက် စုန်ဆန်ကြည့်ပြီးမှ မေးလာသည်။

ရှန်းတန် ပြုံးလိုက်သည်။ "အဆင်ပြေပါတယ်၊ စိုးရိမ်မိစေလို့ အားနာပါတယ်နော်။"

"မဒမ် အဆင်ပြေနေသရွေ့ ရပါတယ်။" ထိုအခါမှသာ အစ်မထောင်က စိတ်သက်သာရာရသွားတော့သည်။

သူမက ရှန်းတန်ကို အိမ်ထဲ အတင်းဆွဲခေါ်လိုက်သည်။ "အမြန်လာ၊ မဖျားအောင် ဂျင်းပြုတ်ရည်လေး နည်းနည်းသောက်လိုက်ဦး။"

ရှန်းတန် ဂရုတစိုက် ပြန်ပြောလိုက်သည်။ "အစ်မထောင်၊ ညီမ နည်းနည်းသောက်ပြီးသား....။"

"ကိစ္စမရှိဘူး၊ နည်းနည်း ထပ်သောက်လို့ ရတယ်၊ အစ်မ ညီမလေးအတွက် ဂျင်းတွေ ပိုထည့်ပေးထားတယ်။"

ရှန်းထန်၏ မျက်နှာပေါ်မှ အပြုံးလေး ပျောက်ကွယ်သွားရသည်။

[ဒီဂျင်းပြုတ်ရည်ဆိုတာကြီးကို ဘယ်သူကများ တီထွင်လိုက်တာလဲဟ]

All Chapters