အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
အခန်း ( ၂၃ ) - ဒီကိုမလာဘူးလား
နောက်တစ်ရက်တွင် အရာအားလုံး ပုံမှန်ဖြစ်သွားခဲ့သည်။
ထိုနေ့က ဖြစ်ပျက်ခဲ့သည်များကိုတော့ ရှန်းတန်က တမင်ပင် မေ့ပစ်ခဲ့သည်။ ကုဟွိုင်အန်းကလည်း ပြန်မပြောခဲ့ပေ။ နှစ်ယောက်သားက ယခင်ကအတိုင်း ပြန်ဖြစ်သွားကြသည့်ပုံပင်။
သို့သော်လည်း အစ်မထောင်ကတော့ ဆရာ ဘာကြောင့် အိမ်ပြန်မအိပ်ပြန်သလဲဟု ရေရွတ်ရင်း နေ့တိုင်း သက်ပြင်းတချချဖြစ်နေလေသည်။
ဟော်ရင်ရင်နှင့် အခြားလူများက ရှန်းတန်ကို ဝေ့ပေါ်တွင် ကျေးဇူးတင်စကားပြောခဲ့သည်လည်း ရှိသေးပေသည်။
သို့သော်လည်း သူတို့၏ ကျော်ကြားမှုက ဖျော်ဖြေရေးနယ်ပယ်တွင် ဘာမှမဟုတ်ကြသေးသည်ဖြစ်၍ အင်တာနက်အသုံးပြုသူများကို မယုံကြည်ခဲ့ကြချေ။
[ဟားဟား၊ ဒီဧည့်သည်တွေကို ရှန်းတန်က ဝယ်ထားတာပဲ ဖြစ်ရမယ်]
[သေချာပေါက် ဝယ်ထားတာပဲနေမှာ၊ ကျစ် ကျစ် ကျစ် နောက်ကွယ်မှာ သူဌေးကြီးတစ်ယောက်လောက်တော့ ရှိလောက်မယ် ထင်တာပဲ]
ထိုကောမန့်ကိုမြင်ပြီး ရှန်းတန်ခေါင်းငြိမ့်လိုက်သည်။ ထိုလုပ်ရက် နောက်ကွယ်တွင် သူဌေးကြီးတစ်ယောက် အမှန်တကယ်ရှိနေခဲ့သည်။ ဤလူ မှန်ပေသည်။
[ရှန်းတန်လို အလှပန်းအိုးတစ်ယောက်က ဘယ်လိုလုပ်ပြီး အဲလောက် စွမ်းဆောင်ရည်ရှိမှာလဲ]
အကျိုးအကြောင်းသင့်သည့် ဖြတ်သွားဖြတ်လာများလည်းရှိသေးသည်။ ယခင် တိုက်ရိုက်ထုတ်လွှတ်မှုမှ ရှန်းတန်၏ အိမ်ပြန်ပြင်ဆောက်ခြင်း ခေါက်ဆွဲချက်ခြင်း တို့ကိုကြည့်ရှုခဲ့ကြသဖြင့် ၎င်းက အမှန်တကယ်ဖြစ်သည်ဟု ယုံကြည်နေကြသည်။
သို့သော်လည်း ရှန်းတန်ဘက်က ကာပြောပေးသောလူမှန်သမျှ ဦးနှောက်မရှိသော ဖန်အဖြစ် သတ်မှတ်ခံခဲ့ရသည်။
ဤသည်က ဖြတ်သွားဖြတ်လာများကို ဆန့်ကျင်ပုန်ကန်လိုစိတ်များ ပေါ်လာစေပြီး ရှန်းတန်၏ အမှန်တကယ် ဖန်များ ဖြစ်လာစေခဲ့သည်။
ရှန်းတန် ပါးစပ်အုပ်၍ ရယ်မောနေမိသည်။ မထင်မှတ်ထားသော ပျော်ရွှင်မှုတစ်ခုပင်ဖြစ်ချေသည်။
ဤဖန်များက သစ္စာမရှိဘဲ မည်သည့်အချိန်မဆို နုတ်ထွက်သွားနိုင်သော်လည်း သူမ၏ ဖန်ဂရုတွင် လူများတိုးပွားလာသည်ကိုကြည့်ပြီး သူမ၏ နှလုံးသားလေး နွေးထွေးလာရသည်။
ရှန်းတန်က သူမ ဂရုမစိုက်ပါဟုပြောပြီး အနားယူတော့မည်ဟု ပြောနေသော်လည်း ရင်ထဲတွင်တော့ ဤလမ်းကြောင်းတွင် သူမ ပထမဆုံး ပါဝင်ခဲ့ဖူးသည့် ရှိုးပွဲအပေါ် လူအများ၏ တုံ့ပြန်ချက်ကို လိုချင်နေဆဲသာ ဖြစ်သည်။
ဒါရိုက်တာကလည်း အလွန်ဉာဏ်ပြေးလှသဖြင့် ယခင်မှ တိုက်ရိုက်ထုတ်လွှင့်မှုကို တည်းဖြတ်ကာ ချက်ချင်း ထုတ်လွှင့်လိုက်တော့သည်။
ထိုအပိုင်းက အတော်လေး စိတ်ဝင်စားစရာကောင်းသဖြင့်ချက်ချင်း နာမည်ကြီးသွားခဲ့သည်။ အချို့သော အင်တာနက်အသုံးပြုသူများက နောက်တစ်ပိုင်းကိုပင် မျှော်နေကြပြီဖြစ်သည်။
ဖုန်းပိတ်လိုက်ပြီးနောက်တွင် ရှန်းတန်က အဝတ်အစားလဲကာ ဟော်ရင်ရင်နှင့် ထွက်တွေ့ခဲ့သည်။
နှစ်ယောက်သား ကြောင်ကဖေးတွင်ဆုံခဲ့ကြပြီး စကားပြောလိုက် ကြောင်ကိုပွတ်သပ်လိုက်ဖြင့် အချိန်ကောင်းလေးတစ်ခု ပိုင်ဆိုင်ခဲ့ကြသည်။
ဟော်ရင်ရင် ပြုံးလိုက်ပြီး မျက်လုံးတစ်ဖက်မှိတ်၍ ပြောလိုက်သည်။ "အစ်မတန်တန်၊ အခု အစ်မနဲ့ အစ်မရဲ့ အလုပ်အလုပ်ရှင်ကြားက အခြေအနေက ဘယ်လိုလဲ။"
သူမ တွေးလေလေ ထိုနှစ်ယောက်ကြားက လေထုက ပုံမှန်မဟုတ်လေလေဟု ခံစားနေရသည်။ ထိုနှစ်ယောက်ကြားတွင် သေချာပေါက် တစ်ခုခုရှိနေလောက်မည်ဖြစ်သည်။
မည်သို့ပင်ဆိုစေ ယခုလက်ရှိတွင် ရှန်းတန်ကသာ ကုဟွိုင်အန်းအနားတွင်ရှိသည့် တစ်ဦးတည်းသော မိန်းကလေးတစ်ယောက် ဖြစ်သည်။
ရှန်းတန် အံ့အာသင့်သွားရပြီး သူမနှင့်ကုဟွိုင်အန်းတို့ မတွေ့ရသည်မှာ ရက်အတော်ကြာသွားပြီဖြစ်ကြောင်း သတိထားမိသွားသည်။ ကြည့်ရသည်မှာ နောက်ဆုံးတစ်ခေါက် သူမကို အိမ်ပြန်လိုက်ပို့ပြီးချိန်ကတည်းက အိမ်ပြန်မလာခဲ့သည့်ပုံပင်။
သူမရင်ထဲမှ ထူးခြားသည့် ခံစားချက်ကို ဖိနှိပ်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။ "ဘာမှ မရှိပါဘူး၊ လျှောက်တွေးမနေနဲ့၊ အစ်မနဲ့ သူ့ကြားမှာ တစ်ခုခုရှိလာဖို့ဆိုတာ မဖြစ်နိုင်ဘူး။"
ဟော်ရင်ရင် စိတ်အလိုမကျစွာဖြင့် နှုတ်ခမ်းထော်သွားသော်လည်း ခဏအကြာတွင် ချက်ချင်း ပြန်တက်ကြွလာသည်။
"အစ်မတန်တန်၊ ညီမတို့ရှိုးပွဲ နောက်ထပ် season တစ်ခု ရှိလာဦးမယ်လို့ထင်လားဟင်။"
ရှန်းတန် ထိုအရာကိုလည်း မသိပါချေ။
ထို့နောက်တွင် ဟော်ရင်ရင် အိတ်ထဲမှ စာချုပ်တစ်ခုကိုထုတ်ပြီး သူမရှေ့သို့ တွန်းပို့ပေးလိုက်သည်။ "အစ်မတန်တန် ဒါက ကြော်ငြာတစ်ခုပဲ၊ ကြည့်လိုက်ပါဦး၊ အစ်မ လိုချင်ရဲ့လား။"
ရှန်းတန် စာလုံးကြီးများဖြင့် ရေးထားသော 'စူးယာအုပ်စု'ဟူသည့် စာလုံး ( ၄ ) လုံးကို ချက်ချင်းမြင်လိုက်ရသည်။ သူမ၏ မျက်ခွံများ တွန့်သွားရသည်။ "ဒါ ဘယ်က ရောက်လာတာလဲ။"
စူးယာအုပ်စုဆိုသည်မှာ နိုင်ငံထဲတွင် အကြီးမားဆုံးသော နေ့စဉ်သုံး အိမ်သုံးဓာတုပစ္စည်း (ဆပ်ပြာ၊ခေါင်းလျှော်ရည်၊ ရေမွှေး အစရှိသည်) ထုတ်လုပ်ရေး ကုမ္ပဏီကြီး ဖြစ်သည်။ ထိုကုမ္ပဏီမှ ထုတ်လုပ်သည့် မည်သည့်ထုတ်ကုန်မဆို နာမည်ကြီးကာ အသိအမှတ်ပြုခံရသည်။
ဟော်ရင်ရင် ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။ "ညီမ အမေနာမည်က စူးယာလေ၊ ဒါက ညီမတို့မိသားစုရဲ့ ကုမ္ပဏီပဲ ပြောပါတော့။"
ရှန်းတန်က ဟော်ရင်ရင်မှာ ချမ်းသာသည့်မိသားစုမှ ဆင်းသက်လာကြောင်း သိသော်လည်း ဤမျှ ချမ်းသာကြွယ်ဝမည်ဟု မထင်ထားခဲ့ချေ။
ခဏမျှ ဆွဲဆောင်ခံလိုက်ရသော်လည်း ရှန်းတန် ခေါင်းခါကာ ယဉ်ကျေးစွာ ငြင်းဆိုလိုက်သည်။ "ကျေးဇူးတင်ပေမဲ့ အစ်မ ဒါကို လက်မခံနိုင်ဘူး။”
"ဘာလို့လဲ၊ ညီမတို့က သူငယ်ချင်းတွေ မဟုတ်ဘူးလား၊ စိတ်မပူပါနဲ့။ ညီမအမေက ဒီကိစ္စကို သဘောတူထားပါတယ်။"
ရှန်းတန် သက်ပြင်းချလိုက်သည်။ "အစ်မတို့က သူငယ်ချင်းတွေဖြစ်နေလို့ ငြင်းနေရတာပဲ၊ အစ်မရဲ့ ဂုဏ်သတင်းက အတော်လေး ဆိုးဝါးတယ်ဆိုတာ ညီမ သိတာပဲလေ၊ အစ်မသာ ကြော်ငြာပေးလိုက်ရင် မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်လာလိမ့်မယ်၊ အင်တာနက်အသုံးပြုသူတွေသာ ညီမတို့ကုမ္ပဏီထုတ်ကုန်တွေကို မဝယ်တော့ဘဲ သပိတ်မှောက်လိုက်ရင် အတော်လေး ဆိုးသွားမှာလေ။"
သူမ ချဲ့ကားပြောဆိုနေသည်မဟုတ်ဘဲ ထိုကဲ့သို့သော ကိစ္စမျိုးများက ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲတွင် ဖြစ်ဖူး၍ဖြစ်သည်။
ဟော်ရင်ရင် သက်ပြင်းချလိုက်သည်။ "ညီမက အစ်မကို ကူညီပေးချင်ရုံပါ။"
"အမှန်အတိုင်းပြောရရင် ညီမ အမေက အစ်မ လက်မခံလောက်ဘူးလို့ပြောပေမဲ့ ညီမက အစ်မကို ရအောင် နားချနိုင်မှာလို့ အမေ့ကို ပြန်ပြောခဲ့တာလေ။"
ရှန်းတန် ပြုံးပြီး ဟော်ရင်ရင်၏ ခေါင်းလေးကို ပွတ်ပေးလိုက်သည်။ "ညီမရဲ့ ကြင်နာတဲ့ စိတ်ထားလေးကိုပဲ လက်ခံလိုက်ပါ့မယ်၊ ကျေးဇူးနော် အစ်မရဲ့ ရင်ရင်လေး။"
ဟော်ရင်ရင် ရှက်သွေးဖြာသွားပြီး နောက်ထပ် ဖိုင်တွဲတစ်ခုကို ထုတ်လာသည်။
"မသိဘူးနော်၊ အစ်မ ဟိုတစ်ခုကို ငြင်းပြီးမှတော့ ဒီတစ်ခုကိုတော့ လက်ခံမှ ရမှာ။"
ရှန်းတန် ဖွင့်ကြည့်ချိန်တွင် ၎င်းက လူရွေးပွဲအသိပေးစာဖြစ်ကြောင်း တွေ့လိုက်ရသည်။
ထိုအပြင် ၎င်းက နာမည်ကြီး လူကြိုက်များသော အရောင်းရဆုံး စာအုပ်ကို ရိုက်ကူးခြင်း ဖြစ်သည်။
ဒုတိယဇာတ်လိုက်မင်းသမီးနေရာကပင် မင်းသမီးများစွာ၏ တိုက်ခိုက်လုယူခြင်းကို ခံရမည်ဖြစ်သည်။
ရှန်းတန် ဇာတ်ညွှန်းကို ဂရုတစိုက် ဖတ်လိုက်သည်။ ဇာတ်လမ်းထဲတွင် ဒုတိယမင်းသမီးဖြစ်သူ ထောင်ကျစ်၏ ကလေးဘဝက အလွန်သနားစရာကောင်းလှသည်။
အငတ်ဘေးကြုံရသည့်နှစ်တွင် လူများက ကြံရာမရသဖြင့် လူသားစစားလာကြသည်။
ထောင်ကျစ်က သူမ မိသားစုထံမှ သတ်စားခံရမည့်လူအဖြစ် ရောင်းချခံလိုက်ရပြီး မင်းသားကျင်း၏ ကယ်တင်ခြင်းကို ခံလိုက်ရကာ သူ့အိမ်တော်ထဲသို့ ရောက်လာခဲ့သည်။
ထောင်ကျစ်က ခက်ခဲကြမ်းတမ်းမှုများစွာကို ကြုံတွေ့ခဲ့ရသည်။ ပြိုင်ဘက်ဖြစ်သော လူအယောက်ရာကျော်ကို အောင်မြင်စွာ အနိုင်ယူပြီး နောက်ဆုံးတွင် ကျင်းမင်းသား၏ ကိုယ်ပိုင်အစောင့်တစ်ယောက်ဖြစ်လာပြီး သူ၏ လျှို့ဝှက်အလုပ်များကို လုပ်ပေးခဲ့ရသည်။
သူမက သစ္စာရှိကာ သူမ၏ ခံစားချက်များကို ဖုံးကွယ်ထားပြီး မင်းသားကျင်း၏ အသက်ကယ်တင်ပေးခဲ့သော ကျေးဇူးကြွေးကို ဆပ်ရန်အတွက် တာဝန်တိုင်းကို အကောင်းဆုံး လုပ်ဆောင်ပေးခဲ့သည်။
သို့သော်လည်း မထင်မှတ်ထားစွာဖြင့် မင်းသားကျင်းက ဇာတ်လိုက်မဖြစ်သူ လျန်ရိကို တွေ့စဉ်ကတည်းက စိတ်လွတ်သွားခဲ့သည်။ သူမအတွက် အမြဲတမ်း ချွင်းချက်များ ပြုလုပ်ပေးပြီး သူမအတွက် လူများစွာကို စော်ကားခဲ့ကာ ဧကရာဇ် ပေးအပ်ထားသည့် တာဝန်ကိုပင် စွန့်ပစ်ခဲ့သည်။
ထောင်ကျစ် အကြိမ်ပေါင်းများစွာ နားချရန် ကြိုးစားသော်လည်း မင်းသားကျင်းက နားမထောင်ချေ။ ယင်းအစား သူမကို သူ့အနားမှ ဖယ်ထုတ်ခဲ့ပြီး သူမကလည်း လက်လျှော့ရန်သာ တတ်နိုင်သည်။
တစ်နေ့တွင် လျန်ရိ၏ ဖခင်က ကပ်ဘေးအတွက် ဖြန့်ဝေရမည့် ငွေအများစုကို အလွဲသုံးစားလုပ်ပစ်ခဲ့ပြီး ဒုက္ခသည်အယောက်ထောင်သောင်းချီကို သေဆုံးစေခဲ့သော်လည်း မင်းသားကျင်းက လျန်ရိကို ကူညီပြီး ထိုကိစ္စမှ သက်သေများကို ဖျောက်ဖျက်ပေးခဲ့သည်။
ထောင်ကျစ်က မင်းသားကျင်းကို ကယ်တင်၍ မရတော့ကြောင်း သတိပြုမိသွားတော့သည်။
ထိုကဲ့သို့သော လူမျိုးက ဧကရာဇ်ဖြစ်ရန် မထိုက်တန်ချေ။
သူမ ကလေးဘဝက အငတ်ဘေးမှာ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း မှတ်မိနေဆဲ ဖြစ်သည်။ မိန်းမများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးများမှာ ပထမဆုံး စွန့်ပစ်ခံရသည့်လူများ ဖြစ်ကြသည်။ သူမ ထိုကိစ္စကို ခွင့်မလွှတ်နိုင်ချေ။
ထို့ကြောင့် မင်းသားလွေ့ဘက်သို့ခိုလှုံလာ သူလျှိုတစ်ယောက် ဖြစ်လာခဲ့သည်။
အဆုံးတွင် မင်းသားကျင်းက ရှုံးနိမ့်သွားကာ မင်းသားလွေ့က ပလ္လင်ပေါ်ထိုင်နိုင်ခဲ့သည်။ ထောင်ကျစ်က မင်းသားကျင်းရှေ့တွင် သူမကိုယ်သူမ သတ်သေပြီး တောင်းပန်ခဲ့သည်။
"အရှင့်သား ကယ်တင်ပေးခဲ့တဲ့ ဒီအသက်ကို ပြန်ပေးပါ့မယ်။"
ဇာတ်ညွှန်းဖတ်ပြီးနောက်တွင် ရှန်းတန် ခံစားချက်များ ရှုပ်ထွေးသွားရသည်။
"ဒီဇာတ်ကောင်နေရာကို လူတွေ အများကြီး လိုချင်နေကြလောက်မှာ။"
ဟော်ရင်ရင် ချစ်စဖွယ်ကောင်းစွာ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ "အစ်မကို ဒီဇာတ်ကောင်ပေးမယ်လို့ မသတ်မှတ်ထားပါဘူး၊ လူရွေးပွဲဝင်ခွင့်လေးတစ်ခုပါပဲ၊ ဒါရိုက်တာက ညီမရဲ့ ဝမ်းကွဲလေ၊ သူက သရုပ်ဆောင်စွမ်းရည်ကလွဲလို့ ဘာကိုမှ ဂရုမစိုက်ဘူး၊ ညီမ အစ်မရဲ့ အရင်ဒရာမာတွေကြည့်ပြီးပြီး၊ အစ်မက သရုပ်ဆောင်ကောင်းရဲ့သားနဲ့ နာမည်ကြီးဖို့ အခွင့်အလမ်းတွေ နည်းပါးနေတယ်လို့မြင်မိတယ်၊ ဒီတော့ ညီမကတော့ အစ်မ ဒီဇာတ်ကောင်ကိုရပြီး အကြီးကြီး အောင်မြင်သွားမှာလို့ ယုံကြည်မိတာပဲ။"
ရှန်းတန် ဟော်ရင်ရင်ကို တင်းကြပ်စွာ ဖက်လိုက်ပြီး သူမ၏ မျက်ဝန်းများကလည်း နီရဲနေသည်။ "ကျေးဇူးတင်ပါတယ် ရင်ရင်။"
ဤသည်က လူရွေးပွဲအသိပေးချက်တစ်ခုတင် မဟုတ်ဘဲ သူမ၏ သရုပ်ဆောင်စွမ်းရည်ကို အသိအမှတ်ပြုခြင်းနှင့် တောက်ပနေသည့် အနာဂတ်တစ်ခုအတွက် ပထမဆုံးခြေလှမ်းပင် ဖြစ်ချေသည်။
ရှန်းတန်က ဟော်ရင်ရင်တစ်ယောက် သူမအပေါ် အလွန်ကောင်းပေးမည်ဟု မထင်ထားခဲ့သဖြင့် ရင်ထဲ အတော်လေး ထိသွားရသည်။
"စိတ်ချထားလိုက်၊ အစ်မ ဒီဇာတ်ကောင်ကို သေချာပေါက် ရစေရမယ်။"
နောက်ရက်အနည်းငယ်တွင် ရှန်းတန် စိတ်နှလုံးသားတစ်ခုလုံး နှစ်ကာ ဇာတ်ညွှန်းကို လေ့လာပြီး ဇာတ်ကောင်ထဲ စိတ်နစ်ဝင်အောင် ကြိုးစားနေခဲ့သည်။
ထိုအချိန်တွင် သူမ ချီယွဲ့ထံမှ ဖုန်းတစ်ကောလ် လက်ခံရရှိခဲ့သည်။ "တန်တန်၊ နင်အခု ရှာဖွေမှုအများဆုံးလူစာရင်းထဲ ရောက်နေပြီ။"
ရှာဖွေမှုအများဆုံးလူစာရင်းထဲ ရောက်သည်သာ သာမန်သာဖြစ်၍ ရှန်းတန် မအံ့ဩပါချေ။
သို့သော်လည်း ချီယွဲ့ကိုပင် ဖုန်းဆက်လာအောင် လုပ်နိုင်သည့် ရှာဖွေမှုအများဆုံးလူစာရင်းကတော့ သူမကို စပ်စုလိုစိတ်တို့ တောက်လောင်လာစေသည်။
သူမ ဝေ့ပေါ်ကိုဖွင့်ကြည့်ချိန်တွင် ပထမဆုံးရှာဖွေခံရဆုံးနေရာတွင် သူမက ရောက်နေကြောင်း မြင်လိုက်ရသည်။
ဤသည်က တိုက်ရိုက်ထုတ်လွှင့်မှုတွင် တောင်ပေါ်ရှိ ဂူထဲ၌ သူမတို့ ပြုလုပ်ခဲ့သော အရာများကို တည်းဖြတ်၍ တင်ထားသော ဗွီဒီယို တစ်ပုဒ် ဖြစ်သည်။
ရှန်းတန် အနည်းငယ်မျှ အံ့ဩသွားရသည်။ တိုက်ရိုက်ထုတ်လွှင့်မှု ပျက်သွားတယ်မဟုတ်ဘူးလား။
မေးမြန်းကြည့်ချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုက အင်တာနက်ပျက်သွားသည်နှင့် ပျက်သွားသော်လည်း ဗွီဒီယိုအဖြစ် ဆက်လက်ရိုက်ကူးထားသည်ဖြစ်ကြောင်း သိလိုက်ရသည်။
ရှန်းတန် သေချာပြန်တွေးကြည့်ချိန်တွင် သူမ ဘာမှမပြောခဲ့ကြောင်း သတိထားမိ၍ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ကောမန့်များက အတော်လေး နှစ်ခြမ်းကွဲနေခဲ့သည်။
လူအချို့က ရှန်းတန်ကို လေလုံးထွားချင်ယောင်ဟန်ဆောင်ပြီး အတန်းရှင်းရှာနေသည်ဟု ဆူပူနေကြသည်။ အခြားသူများက ၎င်းက ရှန်းတန်၏ ပင်ကိုယ်သဘာဝဟု ခံစားနေရပြီး ထိုနှစ်ဖွဲ့က ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြသည်မှာ သွေးမုန်တိုင်းကြီးများအလားပင်။
ရှန်းတန်၏ အချို့သော သစ္စာရှိဖန်လေးများမှာ ကြောက်ရွံ့၍ တုန်ယင်နေကြပြီး ရန်ပွဲကိုဘေးထိုင်ကြည့်နေကြကာ ရန်ပွဲထဲ ဆွဲထည့်ခံရမည်ကို ကြောက်ရွံ့နေကြသည်။ တစ်ယောက်ယောက်က ရှန်းတန်၏ ဖန်ဟု ပြောချိန်တိုင်း သူတို့အားလုံး အော်ထုတ်ပစ်ချင်မိသည်။ ဒီကို မလာခဲ့နဲ့။
အခန်း ( ၂၄ ) - ရင်းနှီးမြှုပ်နှံသူ လိုသေးလား
လူအချို့က အုတ်အော်သောင်းတင်းဖြစ်နေသည်ကို ကြည့်နေကြပြီး အချို့က ရှန်းတန်၏ ဂုဏ်သတင်း ဖြေးဖြေးချင်း မြင့်တက်လာကြောင်း ရှာတွေ့သွားကြသည်။
အသိုင်းအဝန်းအထဲရှိ ဉာဏ်ကောင်းသည့်လူများက ရှန်းတန်အပေါ် အမြင်များ စတင်ပြောင်းလဲလာကြသည်။
ထိုနေ့တွင် ရှန်းတန်တစ်ယောက် ဇာတ်ညွှန်းကို အသေအချာ လေ့လာပြီးနောက်တွင် ချီယွဲ့နှင့်အတူ တွေ့ဆုံရန် ကော်ဖီဆိုင်တစ်ဆိုင်တွင် ချိန်းဆိုလိုက်သည်။
သူမ ရောက်ချိန်တွင် ချီယွဲ့က မရောက်သေး၍ ရှန်းတန်က မူရင်းဝတ္ထုကို ဖတ်နေခဲ့သည်။
"ဒါ ရှင် ရိုက်ချင်တဲ့ ရသစုံရှိုးလား၊ ဟားဟားဟား လယ်စိုက်တာကို ဘယ်သူက ကြည့်ချင်မလဲဆိုတာ ပြောစမ်းပါဦး။"
စူးရှနေသော အမျိုးသမီးတစ်ယောက်၏ အသံ နောက်တွင် အမျိုးသားတစ်ယောက်၏ အသံ ထွက်ပေါ်လာခဲ့သည်။ "အခု ရသစုံရှိုးတွေက တစ်ခုနဲ့ တစ်ခု ပုံစံတူနေတော့လေ၊ ကျွန်တော်ထင်တာကတော့..."
"ကျွန်မ ရှင့်ရဲ့ အတွေးကို မေးနေတာ မဟုတ်ဘူး၊ ကျွန်မရဲ့ အတွေးကို ပြောနေတာ၊ လော့ချန် ကျွန်မရဲ့ ပိုက်ဆံတွေက လေနဲ့ အတူ လွင့်လာတာ မဟုတ်ဘူး၊ ရှင်က ရသစုံရှိုးရိုက်ချင်ပြီး ကျွန်မကို ရင်းနှီးမြှုပ်နှံခိုင်းတာက ရပါတယ်၊ ဒါပေမဲ့ ဗလာနတ္ထိကတိတွေပေးရမယ့်အစား ရသစုံရှိုးက ရမယ့် အကျိုးအမြတ်တွေကို ပြောပြလေ။"
"ဗလာနတ္ထိ ကတိတွေ မဟုတ်ရပါဘူး။" ယောက်ျားလေးအသံက တီးတိုးရှင်းပြလာသည်။
"ဒါ ဗလာနတ္ထိ ကတိ မဟုတ်လို့ ဘာလဲ၊ ဒိတ်တင်းရှိုး၊ ကလေးတွေရှိုး အပြင် ဆိုးရွားစုတ်ပြတ်နေတဲ့ လူသူမဲ့ကျွန်းမှာ နေထိုင်ရတဲ့ရသစုံရှိုးကတောင်မှ အငြင်းအခုန်တွေ၊ အမြင်ကွဲတာတွေ ပရိတ်သတ်တွေဆိုတာ ရှိနေသေးတယ်၊ ရှင့်ရဲ့ ရသစုံရှိုးမှာက ဘာရှိလို့လဲ။"
"ပြီးတော့ အမျိုးသမီးဆယ်လီတွေကို လယ်စိုက်ခိုင်းမှာတဲ့လား၊ လာများနောက်နေသလား၊ ဘယ်လို အမျိုးသမီးဆယ်လီမျိုးက လယ်စိုက်ချင်မှာလဲ၊ ရှန်းတန်လို လူမျိုးတောင် ရှင့်ရဲ့ ရသစုံရှိုးကို လာချင်မှာ မဟုတ်ဘူး။"
ရုတ်တရက် ထည့်ပြောခံလိုက်ရသော ရှန်းတန်လေး။ သူမက ဘာဖြစ်လို့လဲ၊ သူမက ဘာလို့များ ထည့်ပြောခံနေရတာလဲ။
သူမ၏ ဘေးဝိုင်းတွင် ထိုင်နေသော လူနှစ်ယောက်ကို လှမ်းကြည့်လိုက်ချိန်တွင် မျက်နှာများကို ရင်းနှီးနေပါသော်လည်း လူကို မမှတ်မိသဖြင့် ခေါင်းသာငုံ့၍ စာဆက်ဖတ်နေလိုက်သည်။
ဘေးဘက်ရှိ သီးသန့်ခန့်မှ ဖိနှိပ်ထားသော ဆူပူကြိမ်းမောင်း အပြစ်တင်သံများက အဆက်မပြတ် ထွက်ပေါ်နေသည်။
"လော့ချန် ကျွန်မ ရှင့်ကို ပွင့်ပွင့်လင်းလင်းပြောမယ်၊ ရှင့်ရဲ့ ရသစုံရှိုးမှာ အနာဂတ်ဆိုတာ မရှိဘူးလို့ ကျွန်မ မြင်တာကြောင့် ကျွန်မဘက်က ရင်းနှီးမြှုပ်နှံတာမျိုး မလုပ်နိုင်ဘူး၊ အခု ရှင့်မှာ ရွေးချယ်စရာ နှစ်ခု ရှိမယ်၊ ရှင့်ရဲ့ ရသစုံရှိုးအတွက် အစီအစဉ်ကို ပြောင်းရင် ပြောင်း မပြောင်းရင် ရင်းနှီးမြှုပ်နှံမယ့်လူ အသစ်ကိုသာ ရှာလိုက်တော့။"
လော့ချန်ဟုခေါ်သော လူထံမှ စကားသံ ထွက်မလာတော့ချေ။
"ကျွန်မ အစားအသောက်အတွက် ရှင်းပေးခဲ့မယ်။" ထို့နောက်တွင် အမျိုးသမီးတစ်ယောက်၏ ဒေါက်ဖိနပ်သံဖြင့် လမ်းလျှောက်သွားသံက တဖြေးဖြေး ပျောက်ကွယ်သွားတော့သည်။
ထိုအခါမှသာ ရှန်းတန်က ဘေးဘက်အခန်းထဲသို့ ချောင်းကြည့်လိုက်ပြီး လော့ချန်ဟူသောလူနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။
ရှန်းတန်လည်း ကိုးရိုးကားရားနိုင်စွာဖြင့် ပြုံးပြလိုက်ရလေသည်။ "အယ်..."
"မင်းရော လယ်စိုက်မယ့်ရသစုံရှိုးမှာ အနာဂတ်မရှိဘူးလို့ထင်လား။"
ရှန်းတန် အံ့အားသင့်သွားရသည်။ သူမကို ထိုမေးခွန်း မေးလာမည်ဟု လုံးဝ မထင်ထားခဲ့ချေ။
သို့သော်လည်း တစ်ဖက်လူ၏ အနည်းငယ် နီရဲနေသော မျက်ဝန်းများကိုကြည့်ပြီး မကောင်းသည့် စကားများကို မပြောရက်တော့ချေ။
"မကြိုးစားကြည့်ဘဲနဲ့တော့ အလုပ်ဖြစ်မဖြစ်က ဘယ်လိုလုပ်သိမလဲလေနော်၊ အခုခေတ်မှာ ရသစုံရှိုးအမျိုးအစားက အများကြီး မရှိသေးဘူးလေ၊ ပရိတ်သတ်တွေက တူညီတဲ့ ရသစုံရှိုးတွေကိုပဲ ထပ်ကာထပ်ကာ ကြည့်ရတာ ပျင်းနေပြီး မတူကွဲပြားတဲ့ ရသစုံရှိုးတစ်ခုကို မျှော်နေလောက်မလားဆိုတာ ဘယ်လိုလုပ် သိမှာလဲ၊ ကျွန်မကတော့ ရှင့်အကြံက အတော်လေး ကောင်းတယ်လို့ ထင်တာပဲ။"
လော့ချန်၏ မျက်ဝန်းများ တဖြေးဖြေး တောက်ပလာသည်။ "ဟုတ်တယ်၊ ကျွန်တော် လက်လျှော့လိုက်လို့ မရဘူး။"
"အာ... ဒါပေမဲ့ ကျွန်မက ရှင်ပြင်ဆင်နေတဲ့ ရသစုံရှိုးရဲ့ အစီအစဉ်ကို ဂဃဏန မသိဘဲ လျှောက်ပြီး ခန့်မှန်းလိုက်တာဆိုတော့လေ။”
သူမ စကားမဆုံးခင် လော့ချန်က သူမဆီရောက်လာပြီး သူ့လက်ထဲမှ စာရွက်စာတမ်းများကို သူမဘက်သို့ တွန်းပို့ပေးလိုက်သည်။
"တစ်ချက်လောက် ကြည့်လိုက်ပါ။"
ရှန်းတန် အတော်လေး စိတ်ရှုပ်ထွေးသွားရသည်။ ဒီလော့ချန်ဆိုတဲ့တစ်ယောက်က အတော်လေး ကြောင်တောင်တောင် ဖြစ်နေတာလား၊ သူမကို ဒီအတိုင်းကြီး လာပြရတယ်လို့။
နေစမ်းပါဦး၊ လော့ချန်တဲ့လား။
ရှန်းတန်က စာအုပ်ထဲတွင် လော့ချန်ဟုခေါ်သော ဒုတိယအမျိုးသားဇာတ်လိုက် ရှိကြောင်း တဖြေးဖြေးချင်းဖြင့် အမှတ်ရလာခဲ့သည်။ အမျိုးသမီးဇာတ်လိုက်က ထိုသူ၏ ရသစုံရှိုးတွင် အဓိကရင်းနှီးမြှုပ်နှံသူဖြစ်ပြီး သူမဘက်က ဦးဆောင်ဦးရွက်ပြု၍ ရသစုံရှိုး၏ ဧည့်သည်အဖြစ် ပါဝင်ခဲ့သဖြင့် ထိုသူက အမျိုးသမီးဇာတ်လိုက်ကို ချစ်မြတ်နိုးသွားခဲ့သည်။
နောက်ပိုင်းတွင် အဆိုပါရသစုံရှိုးက အလွန်ကျော်ကြားသွားခဲ့ပြီး သူကလည်း ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်လာရသည်။ နောက်ပိုင်းတွင် အမျိုးသမီးဇာတ်လိုက်၏ လုပ်ငန်းများတွင် သူက အတော်လေး အကူအညီပေးခဲ့လေသည်။
ထိုသည်ကို တွေးမိပြီး ရှန်းတန်၏ နှုတ်ခမ်းများက အပြုံးကြီးတစ်ခုအဖြစ် ကွေးညွတ်သွားခဲ့သည်။
"လော့ချန် ရှင့်မှာ ရင်းနှီးမြှုပ်နှံသူတွေ လိုအပ်နေသေးလား။"
ရှန်းတန် အိမ်ပြန်လမ်းတွင် သီချင်းတစ်ပုဒ်ကို ဆိုညည်းနေခဲ့ပြီး တိုက်ဆိုင်စွာဖြင့် အိမ်ပြန်ရောက်လာသည့် ကုဟွိုင်အန်းနှင့် ဆုံခဲ့သည်။
ရှန်းတန် ပြုံးလိုက်ပြီး လက်ဝှေ့ရမ်းပြလိုက်သည်။ "ရှင် ပြန်လာပြီပဲ။"
ကုဟွိုင်အန်း ခဏမျှ တောင့်ခနဲ ဖြစ်သွားပြီးမှ သဘာဝကျကျ ပြန်လည်တုန့်ပြန်လိုက်သည်။ "အင်း၊ မင်းကြည့်ရတာ အရမ်းပျော်နေပုံပဲနော်။"
ရှန်းတန် နှစ်ခါမျှ ရယ်လိုက်သည်။
"ရှင် ဘယ်လိုလုပ် သိတာလဲ။"
ကုဟွိုင်အန်း သူမ၏ ပါးနှစ်ဖက်ကို လက်ညှိုးထိုးပြလိုက်သည်။ "မင်းရဲ့ နှုတ်ခမ်းထောင့်က နားထင်နားပါ ရောက်တော့မယ်လေ။"
ဒါ နည်းနည်းများ ချဲ့ကားသလို ဖြစ်သွားသလား။
ရှန်းတန် တောင့်ခဲသွားပြီး သူမ၏ အပြုံးလေးများ ချက်ချင်း ပျောက်ကွယ်သွားရသည်။
သို့သော်လည်း သူမအကောင့်ထဲ ရောက်လာတော့မည့် ပိုက်ဆံများအကြောင်းတွေးရင်း မထိန်းနိုင်ဘဲ ရယ်ချင်လာမိရသည်။
ဤသို့ဖြင့် သူမ၏ နှုတ်ခမ်းထောင့်များ ထိန်းမနိုင်သိမ်းမရ တွန့်နေသည်မှာ အကြီးအကျယ် စိတ်ကျန်းမာရေး ချို့ယွင်းနေသော လူတစ်ယောက်အလားပင်။
နှစ်ယောာက်သား ဘေးချင်းယှဉ် ရပ်နေသည်ကို မြင်ချိန်တွင် အစ်မထောင်က ၃၂ ချောင်းသော သွားများကို အကုန်ဖော်ရင်း သဘောတကျ ရယ်နေလေသည်။
"ဆရာနဲ့ မဒမ် ပြန်ရောက်လာကြပြီပဲ၊ ညစာက ခဏနေ အဆင်သင့်ဖြစ်တော့မှာပါ။"
လက်တလောတွင်ရှန်းတန်က ဇာတ်ကောင်နှင့် ကိုက်ညီအောင် ဝိတ်ချနေရ၍ အသီးအရွက်များသာ စားနေရသည်။ ထို့ကြောင့် ကုဟွိုင်အန်းရှေ့တွင်ရှိနေသော ဟင်းပွဲမျိုးစုံကိုကြည့်ရင်း သွားရည်တောက်တောက်ကျကာ မနာလိုမှုကြောင့် မျက်လုံးများ စိမ်းဖန့်လာသည်။
ကုဟွိုင်အန်းသည် ဟင်းပန်းကန်ကို သူမရှေ့သို့ တွန်းပို့ပေးလိုက်သည်။ "စားချင်ရင် စားလေ။"
"ဟင့်အင်း၊ ကျွန်မ လူရွေးပွဲဖြေဖို့လုပ်ထားတဲ့ ဇာတ်ကောင်က အတော်လေး ပိန်တာ။"
ရှန်းတန် တွန့်ဆုတ်စွာဖြင့် အကြည့်လွှဲလိုက်ရသည်။
နည်းနည်းလေး လျှော့စားရတာ ဘာများခက်ခဲလို့လဲ။
[ငါ အသီးအရွက်တွေ စားရတာ ကြိုက်တယ်၊ အသီးအရွက်တွေက အရမ်းအရသာရှိတယ်]
ရှန်းတန် သူမကိုယ်သူမ အဆက်မပြတ် ဦးနှောက်ဆေးရင်း အသီးအရွက်များကို တစ်လုတ်ပြီး တစ်လုတ် ပါးစပ်ထဲ သွပ်နေလိုက်သည်။
ကုဟွိုင်အန်း အစ်မထောင်ကို စားပွဲပေါ်ရှိ အသားဟင်းများကို ပြန်သိမ်းဖို့ပြောရန် ပြင်လိုက်သော်လည်း ရှန်းတန်က ချက်ချင်း တားလာသည်။
"မလုပ်နဲ့၊ ရှင်စားတာကို ကြည့်ရတာက ကျွန်မ စားရသလိုပဲမလို့ပါ။"
ကုဟွိုင်အန်း ထိုလော့ဂျစ်ကြီးကို နားမလည်ပေ။
ဤသို့ဖြင့် ပြန်မသိမ်းခိုင်းတော့ဘဲ ဆက်စားနေလိုက်သည်။
ကုဟွိုင်အန်း၏ စားသောက်ပုံက အလျင်စလိုဖြစ်ခြင်းမရှိဘဲ တစ်လုပ်ချင်းစီကို အရသာခံ၍စားနေပုံ ပေါ်သဖြင့် ထိုထိုသော အစားအသောက်တိုက်ရိုက်ထုတ်လွှင့်မှုများထက် ပို၍ မျက်စိပဒေသာ ဖြစ်စေသည်။
သို့သော်လည်း သူ၏ လှုပ်ရှားမှုတိုင်းကို စိုက်ကြည့်နေသော တောက်လောင်နေသည့် အကြည့်တစ်စုံကြောင့် သူ၏စားသောက်နေပုံက တဖြေးဖြေးချင်း ကိုးရိုးကားရား ဖြစ်လာခဲ့သည်။
စားသောက်ပြီးချိန်တွင် ကုဟွိုင်အန်း၏ နောက်ကျော တစ်ခုလုံး ချွေးများ စိုရွှဲနေခဲ့ပြီဖြစ်သည်။
နောက်တစ်နေ့ မနက်စောစောတွင် ကုဟွိုင်အန်းက ပုံမှန်အတိုင်း မနက်စောစောထခဲ့ပြီး အစ်မထောင်၏ ပုံမှန်အတိုင်း အသေအချာ ပြင်ပေးထားသော မနက်စာအသားညှပ်ပေါင်မုန့်ကို လက်ခံရရှိခဲ့သည်။
ကုဟွိုင်အန်း အသားညှပ်ပေါင်မုန့်ကို မယူလိုက်ချေ။ "ဒီနေ့ ကုမ္ပဏီမှာ အလုပ်မများတော့လို့ အိမ်မှာပဲ မနက်စာ စားတော့မယ်။"
အစ်မထောင်က နားလည်သည်။ ဤသည်က ဆရာတစ်ယောက် မဒမ်နှင့်အတူ မနက်စာစားမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
"အထူးတလှယ် ပြင်ဆင်ဖို့ မလိုဘူး၊ ပုံမှန်အတိုင်းဆို ရပြီ။"
ကုဟွိုင်အန်း လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးပြီးချိန်တွင် ရှန်းတန် နိုးထလာခဲ့သည်။
သူမက မိတ်ကပ်မလိမ်းထားလျှင်ပင် အလွန်လှပသည်ဟု ဆိုနိုင်ပေသည်။
ကုဟွိုင်အန်းကို မြင်ချိန်တွင် ရှန်းတန် ခဏမျှ ကြောင်အသွားရသည်။ "မောနင်းပါ၊ ရှင် အလုပ်မသွားသေးဘူးလား။"
[ဒီအလုပ်သရဲက တကယ်ကြီး နားရက်ယူထားတာတော့ မဟုတ်လောက်ပါဘူးနော်]
[ငါ ဒီနေ့ အစောကြီးများ ထမိတာလား]
ရှန်းတန်သည် သူမ၏ လက်ကောက်ဝတ်မှ လက်ပတ်နာရီကို ကြည့်လိုက်သည်။ မဟုတ်ဘူး၊ ပုံမှန်အတိုင်းပါပဲ။
ကုဟွိုင်အန်း တွေးလိုက်သည်။ အလုပ်သရဲလည်း နားရက် လိုပါတယ်နော်။
သူ ပုံမှန်လို အနားမယူသော်လည်း သူက အနားမယူနိုင်ဟု ဆိုလိုခြင်း မဟုတ်ချေ။ သူ၏ အားလပ်ချိန်တွင် ဘာလုပ်ရမလဲ မသိရုံသာ ဖြစ်သည်။
မနက်စာက အမျိုးအစားမျိုးစုံဖြင့် ဖွယ်ဖွယ်ရာရာရှိပြီး တစ်မျိုးကို ပန်းကန်အသေး တစ်ခုစာ ရှိနေသည်။
စားပွဲအပြည့် မနက်စာကိုကြည့်ပြီး သူ မနက်တိုင်း ရသည့် ရိုးရှင်းသော မနက်စာ အသားညှပ်ပေါင်မုန့်လေးကို တွေးမိပြီး တစ်စုံတစ်ခု မှားနေကြောင်း ကုဟွိုင်အန်း သတိထားမိသွားသည်။
"ကိုယ့်အတွက် နေ့တိုင်း မနက်စာပြင်ပေးတာ ကျေးဇူးပါ။" ကုဟွိုင်အန်း ပြောလိုက်သည်။
ရှန်းတန် ခဏတာမျှ အံ့အားသင့်သွားပြီးမှ တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။ "မလိုပါဘူးရှင်။"
[အစ်မထောင်က သူ့ကို မနက်တိုင်း အသားညှပ်ပေါင်မုန့် လုပ်ပေးနေတုန်းပဲလား]
[ဒီ ရှူးဂါးဒယ်ဒီကြီးက ချော့ရလွယ်တာပဲ]
[အဲ့ဟာက စားလို့ကိုမကောင်းတာ၊ ဝူးဝူးဝူး ဒီအိမ်ချက် မနက်စာတွေကတော့ အရမ်းကိုအရသာရှိတာပဲရော]
[အား! အစ်မထောင်ရဲ့ အချက်အပြုတ်ကတော့ အရမ်းကိုကောင်းတာပါ]
ရှန်းတန် သူမ၏ ယခင်ဘဝအကြောင်း တွေးမိချိန်တွင် မနက်တိုင်း အသားညှပ်ပေါင်မုန့် တစ်ခု သို့မဟုတ် ပေါက်စီနှစ်ခုသာ စားခဲ့ရသည်။ သူမကိုယ်သူမအတွက် မျက်ရည်နှစ်စက်ပင် ကျပေးလိုက်မိတော့သည်။
ကူးပြောင်းပေးတဲ့ နတ်ဘုရားကို ကျေးဇူးတင်ပါတယ်ရှင်။
သူမ နောက်နှစ်နှစ်ကြာပြီး၍ ကွာရှင်းချိန်တွင် အစ်မထောင်ကို သူမနှင့် ခေါ်သွား၍ ရမလားဟု တွေးနေမိသည်။
မည်သို့ပင်ဆိုစေ ကုဟွိုင်အန်းက အိမ်သို့ မကြာခဏ ထမင်း ပြန်မစားတတ်၍ အစ်မထောင်၏ ဟင်းချက်စွမ်းရည်က အလဟဿဖြစ်သွားမည်ဖြစ်သည်။
သူမ၏ အတွေးများအားလုံးကို ကြားရနေပါသော ကုဟွိုင်အန်း။ "....."