အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
အခန်း ( ၂၇ ) - တောင်ကို အားကိုးတဲ့သူတွေက တောင်ပြိုကျရင် သူတို့ပါ အတူပါသွားပြီး ဘာမှ လုပ်ကိုင်တတ်မှာ မဟုတ်ဘူး။
"ကောင်းပြီလေ မင်းတို့တွေပဲ ဆက်ဆော့ကြတော့၊ ဦးလေးက ကုမ္ပဏီသွားရတော့မယ်။" ကုဟွိုက်အန်းက ရှောင်ရွှိုက်၏ ဆံပင်ကိုဖွပြီး ပြောလိုက်သည်။
ရှန်းတန် ခပ်မြန်မြန် မေးလိုက်သည်။ "ရှင် စားပြီးပြီလား။"
"မနက်စာကို ပြောချင်တာလား နေ့လည်စာကို ပြောချင်တာများလား။"
ထိုအခါမှ ရှန်းတန်က မနက်ဆယ်နာရီကျော်နေပြီဖြစ်ကြောင်း သတိထားမိတော့သည်။ ဤ အလုပ်သရဲ ကုဟွိုင်အန်း အလုပ်ကို ဤမျှနောက်ကျမှသွားမည်ကို သူမ အံ့ဩသွားရသည်။ သူ၏ အလုပ်သရဲဟူသော ပုံစံက ပျက်စီးသွားပုံပင်။
ကုဟွိုင်အန်း ထွက်သွားချိန်တွင် ရှောင်ရွှိုက်က လက်သီးဆုပ်ပြီး ဝမ်းပန်းတသာ အောင်ပွဲခံလေသည်။ "နောက်ဆုံးတော့ ရေခဲတောင် ဦးလေး ထွက်သွားပြီကွ၊ အစ်မ ဘာလို့ သူနဲ့ ပေါင်းနေသေးတာလဲ။"
ရှန်းတန် ဘယ်လိုတုံ့ပြန်ရမလဲမသိ၍ အသံတစ်ခုသာ လုပ်ပြလိုက်သည်။
သူက ချမ်းသာလို့ဆိုပြီး ပြောလိုက်ရမလား။
ဒါဆို အရမ်းကို ငွေမက်သလို ဖြစ်သွားမှာပေါ့။
ဒါပေမဲ့ သူမက တကယ် ပိုက်ဆံကြိုက်တာပဲလေ။
"သားရဲ့ ဦးလေးက ချောမောပြီး ချမ်းသာတယ်လေ ဟားဟားဟား၊ ဒီအကြောင်း မပြောကြရအောင်ပါ၊ သားတို့ ဂိမ်းဆက်ဆော့ချင်သေးလား။" ရှန်းတန် မေးလိုက်သည်။
"ဟုတ်ကဲ့။"
ကုမ္ပဏီကိုရောက်၍ အရေးတကြီး အလုပ်များကို လုပ်ပြီးနောက်တွင် ကုဟွိုင်အန်းက ဂိမ်းထဲသို့ဝင်လိုက်သည်။
ဂိမ်းပွဲအချို့ကို ဆက်တိုက်ကစားခဲ့သော်လည်း သူ၏ ဂိမ်းကစားနိုင်စွမ်းက ဆိုးရွားလွန်းလှသဖြင့် အဆက်မပြတ်ရှုံးနိမ့်သွားပြီး အဖွဲ့သားများထံမှ ဆဲဆိုခံရကာ ရီပို့တင်ခံရ အမှတ်များပင် လျော့သွားခဲ့ရသည်။
ကုဟွိုင်အန်း။ "....."
သူ လက်ထောက်ကန်းကို ခေါ်လိုက်သည်။ "မင်း King of Glory ဘယ်လိုကစားရလဲသိလား။"
လက်ထောက်ကန်းမှာ နားကြားလွဲသွားသည်ဟု ထင်သွားခဲ့ရသည်။ "King of Gloryလား။"
"ဟုတ်တယ်။"
"ဘယ်လိုကစားရမလဲ သိပေမဲ့ အချိန်မရှိလို့ တစ်ခါတစ်လေမှပဲ ကစားဖြစ်ပါတယ်။" သူ့မှာ အလုပ်များလွန်း၍ဟု ပြော၍ ရပေသည်။
"ငါ့ကို ဘယ်လိုကစားရမလဲဆိုတာ သင်ပေးဖို့ တစ်ယောက်ယောက် ရှာပေး။"
လက်ထောက်ကန်းမှာ ကုဟွိုင်အန်း အပမှီခံရလိုက်ရပြီဟုပင် ထင်မိသွားရသည်။
သို့သော်လည်း ဥက္ကဋ္ဌကုက သင်ချင်သည်ဆိုမှတော့ သူ့ဘက်က ဆရာကောင်းတစ်ယောက် ရှာပေးမှ တော်ကာ ကျပေမည်။
ဤသို့ဖြင့် လက်ထောက်ကန်းလည်း ချန်ပီယံအဖွဲ့၏ နည်းပြတစ်ယောက်ကို ဖိတ်ကြားလိုက်လေတော့သည်။
ရှန်းတန်က ထိုကိစ္စနှင့် ပတ်သက်ပြီး ဘာမှမသိခဲ့ပေ။ သူမက King of Glory ကစားပြီး ကလေးနှစ်ယောက်၏ အောင်အောင်မြင်မြင် ကစားနိုင်ခဲ့သဖြင့် ညီအစ်ကို နှစ်ယောက်ပင် ရခဲ့သေးသည်။
ဂိမ်းစွဲမည်ကို ကာကွယ်ရန်အတွက် ကလေး နှစ်ယောက်တွင် ဂိမ်းကစားချိန်က အကန့်အသတ်ရှိနေသည်။
ဂိမ်းကစားပြီးနောက်တွင် သူတို့နှစ်ယောက်က အတန်းတက်ရဦးမည်ဖြစ်သည်
ဤသည်က ရှန်းတန်တစ်ယောက် လူချမ်းသာများ၏ ကလေးများ၏ ဘဝကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ ထိုကလေးများတွင် တက်စရာ သင်တန်းများစွာ ရှိနေပေသည်။
ရှန်းတန်ကဲ့သို့ အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်ပင် သူတို့ကိုကြည့်ပြီး ပင်ပန်းရသော်လည်း ကလေးနှစ်ယောက်က အပြစ်တင်ငြူစူခြင်းအလျင်း မရှိဘဲ ကစားချိန်တန်လျှင် ပျော်ပျော်ကြီး ကစား၍ စာလေ့လာချိန်တွင် အသေအချာ လေ့လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း ရက်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီး ရှန်းတန် ရိုက်ကူးရေးစမည့်နေ့ကိုပင် ရောက်လာခဲ့သည်။
ရှောင်မေ့က ရှန်းတန်၏ အင်္ကျီကို ဆွဲထားပြီး တွန့်ဆုတ်စွာ ပြောလိုက်သည်။ "အစ်မ ဘယ်တော့ပြန်လာမှာလဲဟင်။"
ရှောင်ရွှိုက်ကလည်း ခွဲခွာရန် တွန့်ဆုတ်နေသော အကြည့်များဖြင့် ကြည့်နေသည်။
"အစ်မလည်း မသိသေးဘူးရယ်၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ အစ်မ ညဘက်အလုပ်ပြီးတာနဲ့ သမီးတို့နှစ်ယောက်လုံးကို ဂိမ်းထဲမှာ rank တင်ပေးမယ်။"
ရှောင်ရွှိုက် ချက်ချင်း ပြုံးသွားသည်။ "အစ်မက အရမ်းကောင်းတာပဲ၊ ဦးလေးနဲ့ မတူဘူး၊ သူကလေ…"
"ဦးလေးက ဘာဖြစ်လဲ။"
ထိုမေးခွန်းကို မေးလိုက်သူ၏ အသံက ဦးလေးဆိုသူ ပိုင်ဆိုင်သော အသံဖြစ်သဖြင့် ရှောင်ရွှိုက်လေးခင်ဗျာ ချက်ချင်း ပါးစပ်ပိတ်သွားခဲ့သည်။
ကုဟွိုင်အန်း ရှန်းတန်ကို ကြည့်လိုက်သည်။ "ကိုယ်မင်းကို ရိုက်ကွင်းကို လိုက်ပို့ပေးမယ်။"
ရှန်းတန် ငြင်းဆန်ချင်ပါသော်လည်း ကားများအားလုံးက ကုဟွိုင်အန်းက ပိုင်ဆိုင်သည်ဖြစ်၍ ကွာခြားမှု မရှိကြောင်း သတိပြုလိုက်မိသည်။
ရှူးဂါးဒယ်ဒီကြီးက တစ်ခုခုပြောစရာရှိလို့ အတူသွားဖို့ ခေါ်တာဆို ဘယ်လိုလုပ်မလဲ။
ကားထဲရောက်သည်နှင့် ကုဟွိုင်အန်းက စကားမပြောတော့ပေ။ ရှန်းတန် ကုဟွိုင်အန်းကို အကြိမ်ရေ အနည်းငယ် ကြည့်လိုက်သော်လည်း တစ်ဖက်လူက ပြောစရာမရှိသည့်ပုံပင်။
"ဟို... ကျေးဇူးတင်ပါတယ်။" ရှန်းတန် ပြောလိုက်သည်။
"လမ်းကြုံလို့ပါ။"
ရှန်းတန်က "အိုး..."ဟုသာ ပြန်လည်တုန့်ပြန်လိုက်တော့သည်။
ရှေ့တွင် ကားမောင်းနေသည့် ဒရိုင်ဘာက နောက်ခန်းကို လှည့်မကြည့်ဘဲ မနေနိုင်တော့ချေ။ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသော နေရာနှစ်ခုကို 'လမ်းကြုံသည်'ဟု ပြော၍ ရသလား သူနားမလည်တော့ပေ။
နောက်ခန်းတွင်တော့ တိတ်ဆိတ်မှုတို့ ပြည့်နှက်နေသည်။
ကုဟွိုင်အန်း ခဏမျှတွေးပြီးမှ ပြောလိုက်သည်။ "မင်းကို တစ်ယောက်ယောက်က အနိုင်ကျင့်ရင် ကိုယ့်ကိုပြောလို့ရတယ်။”
ကုဟွိုင်အန်း လတ်တလောတွင် ဝေ့ပေါ်ကို ဒေါင်းလော့ဒ်လုပ်ထားခဲ့သည်။ မတိုင်ခင်က ရှန်းတန်၏ ဂုဏ်သတင်းက သိပ်မကောင်းဟုသာ သိထားခဲ့သော်လည်း ယခုတွင် ထိုသူများက သူမကို ကြမ်းတမ်းစွာ ဆဲဆိုအပြစ်တင်နေကြသည်ကို သိခဲ့ရသည်။
ရှန်းတန်က နာမည်ရလာရန် Cp များ ဖန်တီးခဲ့သည်မှာ မငြင်းနိုင်သည့် အမှန်တရား ဖြစ်သော်လည်း ထိုကိစ္စများအားလုံးကို သူမကိုယ်တိုင် ပြုလုပ်ခဲ့ခြင်း မဟုတ်ချေ။
ထို့အပြင် ထိုလူများက အပြာဆန်သော ဓာတ်ပုံ အတုများကို ဖန်တီးပြီး ဖြန့်ချိနေသည်မှာ လွန်လွန်းလှချေသည်။ ထို့ကြောင့် ထိုသူများကို တရားစွဲရန်အတွက် သက်သေများ စုဆောင်းထားပြီး ရှေ့နေအဖွဲ့ပင် ပြင်ထားခဲ့ပြီးပြီ ဖြစ်သည်။
ဤသည်က ရှန်းတန် ထိုကဲ့သို့သော စကားများကို ကြားဖူးသည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။ သူမ မိဘမဲ့ဂေဟာတွေနေခဲ့ရသည့်ဘဝက မလွယ်ကူလှဘဲ ကလေးများက အုပ်စုဖွဲ့၍ အချင်းချင်း အနိုင်ကျင့်ကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။
ရှန်းတန် ငယ်စဉ်ကတည်းက တောင်ကို မှီခိုသည့်လူများက တောင်ပြိုလျှင် ထိုတောင်နှင့်အတူ လိုက်လံလဲပြိုကျပြီး လူကို မှီခိုသူများက ထိုလူထွက်သွားလျှင် စွန့်ပစ်ခံရမည်ဖြစ်သဖြင့် သူမကိုယ်သူမ မှီခိုခြင်းက အခြားသူများကို မှီခိုခြင်းထက် ပိုကောင်းကြောင်း နားလည်ခဲ့သည်။
မည်သူကမှ သူမကို ဤကဲ့သို့ စကားမျိုး တစ်ခါမှ မပြောခဲ့ဖူးပေ။
ရှန်းတန် ဂရုမစိုက်ဟန်ဆောင်သည့် အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။ "ဘယ်သူမှ ကျွန်မကို အနိုင်မကျင့်ပါဘူး။"
သူမ၏ ထိုအပြုံးကိုမြင်ချိန်တွင် ကုဟွိုင်အန်း၏ ရင်ထဲတွင် ရုတ်တရက်ဆိုသလို စူးအောင့်သွားရသည်။
"မင်းက ကုအုပ်စုရဲ့ သခင်မကုဖြစ်နေပြီ၊ ဒီရာထူးရဲ့ တာဝန်တွေကို ဖြည့်ဆည်းနေချိန်မှာ ဒီရာထူးကပေးတဲ့ အကျိုးအမြတ်တွေကို ခံစားလို့ရတယ်၊ မင်း အကူအညီလိုရင် ကိုယ့်ကို တိုက်ရိုက်ဆက်သွယ်ရင် ဆက်သွယ်၊ မဆက်သွယ်ရင် လက်ထောက်ကန်းကို ဆက်သွယ်လိုက်။"
ရှန်းတန် တောင့်ခဲသွားရသည်။
သူမ ကုဟွိုင်အန်းကို သရဲဝင်ပူးနေပြီဟု သံသယဝင်သွားမိသည်။
သူ ဘာကြောင့် သူမအပေါ် အလွန်ကောင်းနေရသလဲ သူမ နားမလည်တော့ပေ။
အမှန်တကယ်ပြောရလျှင် သူ့ဘက်က ဂရုစိုက်ပေးနေစရာပင် မလိုပါချေ။
ရှန်းတန် ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ ဒါဆို ကျွန်မ ဟိတ်ဟန်ထုတ်မနေတော့ဘူးနော်။"
ထိုသို့ပြောပြီးနောက်တွင် ရှန်းတန် တိတ်ကျသွားသော်လည်း သူမ၏ စိတ်ထဲတွင် အတော်လေး ရှုပ်ထွေးနေသွားရသည်။
ရိုက်ကူးရေးလုပ်ရမည့်နေရာသို့ ရောက်ချိန်တွင် ရှန်းတန်က ပြုံး၍ ပြောလိုက်သည်။ "ရောက်ပြီ၊ ကျေးဇူးတင်ပါတယ်နော်။"
"မင်း ဒီနေ့ ကိုယ့်ကို ကျေးဇူးတင်စကားပြောတာ များနေပြီ။"
ရှန်းတန် အံ့အားသင့်သွားရသည်။ အဲ့လောက် များနေလို့လား။
"နောက်တစ်ကြိမ် ကိုယ်နဲ့ တွေ့ရင် အဲ့လောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး။"
ခရီးဆောင်အိတ်များကို ချပေးပြီးနောက်တွင် ကုဟွိုင်အန်း၏ ကားက ခပ်မြန်မြန်မောင်းထွက်သွားခဲ့သည်။
ရှန်းတန် ယွမ်ယွမ်ကို ဖုန်းခေါ်နေချိန်တွင် သူမ နောက်မှ အသံ တစ်သံ ထွက်လာခဲ့သည်။ "အကူအညီ လိုသေးလား မသိဘူး။"
သူမ လှည့်ကြည့်လိုက်ချိန်တွင် ဇာတ်ကား၏ အဓိကဇာတ်လိုက်ဖြစ်သလို ဇာတ်လိုက်မင်းသမီး၏ ပိုးပန်းသူတစ်ဦးလည်းဖြစ်သော ရှန်းရှို့ရန်ကို မြင်လိုက်ရသည်။
ရှန်းတန် လက်ခါပြလိုက်သည်။ "မလိုပါဘူး၊ ရပါတယ်နော်။"
သူမ အဓိကဇာတ်ဆောင်များနှင့် မပတ်သက်ချင်ပါချေ။
"ကိစ္စမရှိပါဘူး၊ ကျွန်တော် ကူသယ်ပေးပါ့မယ်။"
ရှန်းရှို့ရန် ခရီးဆောင်အိတ်ကို မရန် လုပ်လိုက်သော်လည်း မ'မ'နိုင်ဖြစ်နေရသည်။
သူ အံကြိတ်ပြီး ထပ်မသော်လည်း ခရီးဆောင်အိတ်က မြေပေါ်က ကြွရုံသာ ကြွလာသည်။ "အထဲမှာ ဘာတွေများ ထည့်ထားလဲ။"
ရှန်းတန် ရှက်ရွံ့စွာ ပြုံးလိုက်သည်။ "နေ့စဉ်သုံးလေးတွေပါပဲ။"
ထို့နောက်တွင် လက်တစ်ဖက်စီတွင် ခရီးဆောင်အိတ် တစ်ခုစီ သယ်ရင်း လမ်းလျှောက်ထွက်သွားတော့သည်။
ရှန်းရှို့ရန် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ "....."
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် ရှန်းတန် ရပ်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။ "ရှင် လိုက်မလာဘူးလား။"
"လာပါပြီ။" ရှန်းရှို့ရန် အံကြိတ်ရင်း ပြန်ဖြေလိုက်သည်။
နှစ်ယောက်သား ဟော်တယ်လော်ဘီထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာခဲ့ကြသည်။ အထဲတွင် ကြိုရောက်နေသောလူများ ရှိနေကြပြီး လူတိုင်းက ဇာတ်ပို့များသာ ဖြစ်ကြပြီး ထိုနှစ်ယောက်ကို မြင်သည်နှင့် ချက်ချင်း မတ်တတ်ထပြီး နှုတ်ဆက်လာကြသည်။
ရှန်းတန် သူမကို စိုက်ကြည့်နေသော အကြည့် တစ်ခုကို ခံစားလိုက်ရသည်။
သူမ ရှာကြည့်လိုက်ချိန်တွင် မရင်းနှီးသည့် မိန်းမတစ်ယောက် ဖြစ်ကြောင်းတွေ့လိုက်ရသည်။
ထိုမိန်းမက အားပါးတ ရပြုံးပြလိုက်သည်။ ရှန်းတန် အကြည့်လွှဲလိုက်၍ ထိုမိန်းမ မျက်ဝန်းအတွင်းရှိ မုန်းတီးစိတ်အရိပ်အယောင်တို့ကို မမြင်လိုက်ရချေ။
"ဖက်ခ်။"
ထိုအသံကိုကြားလိုက်ရ၍ လှည့်ကြည့်ချိန်တွင် ရှန်းရှို့ရန် ခရီးဆောင်အိတ်နှစ်လုံးကို မရန် ကြိုးစားနေကြောင်း မြင်လိုက်ရသည်။
သူက သူမ ခရီးဆောင်အိတ် နှစ်လုံးကို မနိုင်သည်ကိုမြင်၍ သိပ်မလေးလှဟု တွေးထားသည့်ပုံပင်။
အမှန်တကယ်တွင် ရှန်းတန် မလာခဲ့သည့် နှစ်ခုက အပေါ့ဆုံးပင် ဖြစ်သည်။ ဟီးဟီးဟီး...။
အခန်း ( ၂၈ ) - ငါ့ကို အဘိုးကြီးတစ်ယောက်က ထောက်ပံ့နေတယ်လို့ ကောလဟာလတွေ လွှင့်နေတယ်လို့ ကြားထားတယ်။
ရိုက်ကူးရေးအဖွဲ့တွင် တင်းကြပ်သော စီမံအုပ်ချုပ်မှုရှိသည်။
ဒါရိုက်တာက ရိုက်ကူးရေးပြုလုပ်နေစဉ်အတွင်း မည်သည့်သတင်းမှ ပေါက်ကြားခြင်းမရှိစေရန် တောင်းဆိုထားသည်။
ထို့ကြောင့် ရိုက်ကူးနေစဉ်အတွင်း အထူးအခြေအနေများမှအပ ဖုန်းသုံးခွင့်မပြုချေ။ ဖုန်းသုံးရန်အတွက် နားချိန်ကိုစောင့်ပြီး အခန်းထဲရောက်ပါမှ သုံး၍ရသည်။
ရလဒ်အနေဖြင့် ရှန်းတန်က သူမကို အဘိုးကြီးတစ်ယောက်က ထောက်ပံ့ပေးနေပါသည်ဟူသော သတင်းက အင်တာနက်တစ်ခွင်တွေ ပျံ့နှံ့နေကြောင်း မသိခဲ့ရချေ။
ကုဟွိုင်အန်းက ထိုသတင်းကို ဖိနှိပ်လိုက်ပါသော်လည်း အကြောင်းပြချက်အချို့ကြောင့် ရှာဖွေမှုအများဆုံးလူစာရင်းတွင် ထပ်ကာထပ်ကာ ပေါ်လာလေသည်။
ချီယွဲ့၊ ဟော်ရင်ရင်နှင့် အခြားလူများကလည်း ထိုသတင်းများကို တွေ့သွားကြပြီး ရှန်းတန်ကို ဆက်သွယ်ရန် ကြိုးစားသော်လည်း မရသဖြင့် အလွန်စိတ်ပူနေကြတော့သည်။
ဟော်ရင်ရင်က သူမဝမ်းကွဲ၏ စိတ်ဓာတ်ကို သိသော်လည်း သူ့ကို ဆက်သွယ်၍ မရသဖြင့် ပေါက်ကွဲသွားတော့သည်။
"ချီးပဲ။"
အောင်းကျစ်ဖျင် ပဟေဠိဖြစ်သွားရသည်။ "???"
အဲ့စကားက အဲ့လိုအဓိပ္ပါယ်ရှိတာလား။
ဟော်ရင်ရင် မျက်ဆန်လှန်လိုက်သည်။ "နင် နားမလည်ပါဘူး၊ ဘော့စ်က ပြောမှ ရမယ်။"
"ဒါပေမဲ့ မင်းက ဘော့စ်မှ မဟုတ်တာ။"
ဟော်ရင်ရင် သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ "နင့်ကို ဘယ်သူက မေးလို့လဲ။"
အောင်းကျစ်ဖျင် : "....."
အား...။ သူမ ပါးစပ်ချော်ပြီး ပြောမိတော့မလို့။ သေပါရစေတော့။
ရှန်းတန်က ခရီးဆောင်အိတ် နှစ်လုံးကို အေးအေးဆေးဆေး သယ်နိုင်ခဲ့သဖြင့် ရိုက်ကူးရေးအဖွဲ့ထဲတွင် တိရိစ္ဆာန်ရုံထဲမှ မျောက်တစ်ကောင်နှယ် ဝိုင်းကြည့်ခံရပြီး နာမည်ကြီးလာခဲ့သည်။
ခရီးဆောင်အိတ်များကို မရေမတွက်နိုင်အောင် မပြမိပြီးနောက်တွင် သူမလည်း ပိုက်ဆံရအောင် အလေးမပြသည့် လက်မှတ်ရောင်းစားရမည်လားဟု တွေးလာမိသည်။
"ရှန်းတန်၊ မင်းအိတ်ထဲမှာ ဘာတွေပါလဲဆိုတာ မေးလို့ ရမလား။"
ရှန်းရှို့ရန်က အခြားမင်းသမီးများ၏ ခရီးဆောင်အိတ်များကို ကူ၍ မပေးခဲ့ဖူးသည်။ ထိုအိတ်များက လေးလံပါသော်လည်း လက်ခံ၍ရသည်အထိ လေးလံသည်။ ရှန်းတန်၏ အိတ်များနှင့် မတူပေ။ ထိုအိတ်များက မျက်လှည့်ဆရာတစ်ယောက်၏ အိတ်များအလား လေးလံလှသည်။
"အလေးတုံး နည်းနည်းပါ။"
ရှန်းရှို့ရန် : "???"
"ရိုက်ကူးရေးကို အလေးတုံးတွေ သယ်လာပြီး ဘာလုပ်မလို့လဲ။"
"လေ့ကျင့်ခန်းလုပ်မလို့ပေါ့။" ရှန်းတန်က ထိုသူ၏ မေးခွန်းက ထူးဆန်းလှသည်ဟု တွေးနေမိသည်။
အခြား သရုပ်ဆောင်များကလည်း ရှန်းတန်ကို လေးစားသွားကြပြီး လက်မထောင်ပြလိုက်ကြသည်။
ရိုက်ကူးရေးလုပ်ရသည်မှာ ပင်ပန်းလှသော်လည်း ရှန်းတန်က လေ့ကျင့်ခန်းလုပ်ခြင်းကို အားသွန်ခွန်စိုက်ကြိုးစားသည်မှာ လေးစားစရာပင်။
အမှန်တကယ်တွင် ရှန်းတန် အလေးတုံးများကို ယူလာခဲ့ခြင်းမှာ ပို၍ စားသောက်နိုင်ရန် ဖြစ်သည်။ မဟုတ်ပါက သူမ၏စားနိုင်စွမ်းဖြင့်ဆိုလျှင် ဝိတ်မတက်ပါက ထူးဆန်းနေပေလိမ့်မည်။ အလေးတုံးများက ကာဗာသာ ဖြစ်သည်။
လူတိုင်း စကားပြောနေကြချိန်တွင် ဒါရိုက်တာက ရုတ်တရက်ကြီး ရောက်လာခဲ့သည်။
သူ့ဆံပင်က ရှည်နေပြီး မျက်ခုံးနှင့် မျက်လုံးများကို ဖုံးအုပ်နေသဖြင့် စိတ်ဓာတ်ကျကာ လူမှုဆက်ဆံရေးချို့တဲ့သော လူတစ်ယောက်နှင့် တူနေစေသည်။
အမှန်တကယ်တွင်တော့ ထိုသူက ယောက်ျားမိန်းမ မရွေးဘဲ ပြင်းပြင်းထန်ထန် ဆူပူတတ်သော နှလုံးသားမဲ့သူတစ်ယောက် ဖြစ်ပေသည်။
သူရောက်လာသည်ကိုမြင်သည်နှင့် လူတိုင်းက သားရဲတွေ့လိုက်ရသော ငှက်များနှယ် ပြန့်ကျဲသွားခဲ့သည်။ ရှန်းတန်က အနည်းငယ် နှေးသဖြင့် နောက်တွင် ချန်ထားခဲ့ခံရသည်။
"မင်္ဂလာပါ ဒါရိုက်တာ။" ရှန်းတန် အလွန်စိတ်လှုပ်ရှားနေမိပြီး ကျောင်းတုန်းက ဝတ္ထုခိုးဖတ်ချိန်တွင် ဆရာမိသွားချိန်ထက်ပို စိုးရိမ်နေမိသည်။
"အမ်း။"
ဒါရိုက်တာက ထွက်မသွားဘဲ သူမရှေ့တွင်ရပ်နေသည်ကိုမြင်၍ ရှန်းတန် ဂရုတစိုက် မေးလိုက်သည်။ "တစ်ခုခု လိုအပ်လို့လား။"
"မင်းက အရမ်းသန်မာတယ်လို့ငါကြားထားတယ်၊ နွားသိုးတစ်ကောင်ကိုတောင် အေးဆေးမနိုင်တယ်ဆို။"
ရှန်းတန် ကိုးရိုးကားရား ပြုံးလိုက်သည်။ ယနေ့ခေတ်တွင် ကောလဟာလက ပျံ့နှံ့လွယ်လှပေသည်။
"မဟုတ်ပါဘူး။ မဟုတ်ရပါဘူး၊ ကျွန်မက သာမန်လူတွေထက် နည်းနည်းပိုသန်မာရုံပါပဲ။"
ထိုသို့ပြောနေရင်း ရှန်းတန်က ခရီးဆောင်အိတ်အလေးကြီးကို လက်တစ်ဖက်တည်းဖြင့် ၁၃ကြိမ်မြောက် မြှောက်ပြလိုက်သည်။
ဒါရိုက်တာ အလွန်စိတ်ဝင်စားသွားပြီး သူမ၏ လက်မောင်းကို ထိကိုင်လိုက်လေသည်။ ထိုခရီးဆောင်အိတ်က အလွန်လေးကြောင်း သူကိုယ်တိုင် မကြည့်၍ သိပြီးသား ဖြစ်ပေသည်။
"မဆိုးဘူးပဲ။"
"ချီးကျူးပေးတာ ကျေးဇူးပါ။"
"ငါ့မှာ ဒယ်စောက်အိုးကြီးကို အေးဆေးမနိုင်တဲ့ အမျိုးသမီးဇာတ်လိုက်ပါတဲ့ ဇာတ်ညွှန်းတစ်ခုရှိတယ်၊ စိတ်ဝင်စားလား။"
ရှန်းတန် : "!!!"
ဒါ သန်မာနေလို့ရလာတဲ့ အကျိုးအမြတ်တွေများလား။
ရိုက်ကူးရေးပင် မပြီးသေးသော်လည်း နောက်ထပ် ဇာတ်လမ်းတစ်ခုအတွက် အပ်နှံခံရပြီး ဇာတ်လိုက်မင်းသမီးပင် ဖြစ်ရဦးမည်ဟု ရှန်းတန် မထင်ထားမိခဲ့ချေ။
သူမ ဘယ်လိုလုပ်ပြီး စိတ်မဝင်စားဘဲနေရမှာလဲ။
"စိတ်ဝင်စားပါတယ်၊ စိတ်ဝင်စားပါတယ်။"
"ဒါဆိုရင်လည်း ပြီးရောလေ၊ အချင်းချင်း ဆက်သွယ်လို့ရမယ့် အချက်အလက်တွေ လဲလှယ်ကြတာပေါ့။”
ဒါရိုက်တာ ထွက်သွားချိန်အထိ ရှန်းတန်မှာ အံ့အားသင့်နေဆဲ ဖြစ်သည်။ ပြောရမည်ဆိုလျှင် ဤသည်က ကောင်းကင်ပေါ်မှ ကိတ်မုန့်တုံးကြီး ပြုတ်ကျလာခြင်းပင် မဟုတ်ပါလော။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူမအနားသို့ ရှုပ်ထွေးနေသော အမူအရာဖြင့်ရောက်ရှိလာလေသည်။ "အစ်မရှန်းတန်၊ အစ်မ လူရှာဖွေမှုအများဆုံး စာရင်းထဲ ဝင်နေပြန်ပြီ။"
"ဒီတစ်ခါရော ဘာကိစ္စပြန်လဲ။" ရှန်းတန် ရေဘူးကိုဖွင့်ပြီး လည်ချောင်းချောက်နေသည်ကို ပြန်လည်စိုစွတ်သွားစေရန် မော့သောက်လိုက်သည်။
"အစ်မက အဘိုးကြီးတစ်ယောက်ဆီက ထောက်ပံ့ခံနေရတာတဲ့။"
"ဖွီး။"
ပါးစပ်အပြည့်ရေများက လည်ချောင်းထဲပင် မရောက်လိုက်ပဲ မြေပြင်ပေါ် ထွေးထုတ်ခံလိုက်ရသည်။
"အစ်မရှန်းတန်၊ အစ်မ စိတ်ပူနေမယ်ဆိုတာ ညီမ သိပါတယ်၊ ဒါပေမဲ့ စိတ်လောလို့မဖြစ်ဘူးနော်၊ ညီမတို့အားလုံးက ဒါ သတင်းအမှားဆိုတာ သိပါတယ်၊ သေသေချာချာသာ ကိုင်တွယ်လိုက်ရင် ဒီကိစ္စကို ကောင်းတဲ့နေရာမှာ အသုံးချလို့ရတယ်လေ။"
ရှန်းတန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားရသည်။ ဤသတင်းက အကုန်လုံး မှားသည်တော့ မဟုတ်ပေ။ သတင်းအချက်အလက်များ မည်မျှပေါက်ကြားသွားသလဲ သူမ မသိသလို သူမ၏ ရှူးဂါးဒယ်ဒီကြီးပါ ဤသတင်းထဲ ပါလာပြီလားလည်း သူမ မသိပေ။
ရှန်းတန် သူမ အခန်းကိုပြန်ပြီး ခပ်မြန်မြန် ဖုန်းကိုဖွင့်၍ ကြည့်လိုက်သည်။ အရင်ဆုံး ဒါရိုက်တာ၏ ဝီချက်အကောင့်ကို လက်ခံကာ သူမ၏ သူငယ်ချင်းများကိုလည်း ဝီချက်မှတစ်ယောက်ချင်း စာပြန်လိုက်သည်။
ထို့နောက်တွင် ကုဟွိုင်အန်းထံမှ စာမရထားကြောင်း သတိထားလိုက်မိသည်။ အလုပ်များလွန်း၍ ထိုအကြောင်းများကို မသိခြင်း ဖြစ်ရပေမည်။
ရှန်းတန် ခေါင်းခါလိုက်သည်။ သူမ ကုဟွိုင်အန်းနဲ့ ပတ်သက်ပြီး ဘာတွေတွေးနေတာလဲ။ သူတို့က စာချုပ်ချုပ်ထားတဲ့ လင်မယားတွေသပ်သပ်ပဲကို။
သူမဝေ့ပေါ်ကိုဖွင့်ကြည့်လိုက်ချိန်တွင် ရှာဖွေမှုအများဆုံးလူစာရင်းက ဖိနှိပ်ခံလိုက်ရပြီဖြစ်ပြီး ရှာ၍မရတော့ကြောင်း တွေ့လိုက်ရသည်။ သို့သော်လည်း ထိုကိစ္စနှင့် ပတ်သက်ပြီး အသေအချာရှာလျှင်တော့ ရှာတွေ့နိုင်သေးပေသည်။
အမှန်အတိုင်းပြောရလျှင် သူမကို အဘိုးကြီးတစ်ယောက်က ထောက်ပံ့ပေးနေသည်ဟူသော သတင်းက တစ်စုံတစ်ယောက်ထံမှ ပေါက်ကြားလာခြင်းဖြစ်ပြီး ကြားသည်ကို ပြန်တင်သည်မှအပ သက်သေဟူ၍ မရှိချေ။
ရှန်းတန်က လူပေါင်းများစွာက ဤသတင်းကို ယုံကြည်နေကြောင်း မြင်လိုက်၍ ဆွံ့အသွားရသည်။
[ကောလဟာလက ပိုပြီး အတုအယောင်ဆန်လေ ပိုပြီး အမှန်ဖြစ်နိုင်လေပဲလေ။]
[ရှန်းတန်က လူကောင်းမဟုတ်ဘူးဆိုတာ ငါအရင်ကတည်းက သိသားပဲ။]
[ငါက သူ့ရဲ့ အလယ်တန်းကျောင်းတုန်းက အခန်းဖော်ပါ၊ သူ့မှာ ပိုက်ဆံမရှိတော့တိုင်း အဲ့အရွယ်ကတည်းက လူတွေကို အဖော်ပြုပြီး ပိုက်ဆံရှာတတ်တာလေ။]
[ငါလည်း ချမ်းသာပါတယ်ဟ၊ ပြီးတော့ ငယ်လည်း ငယ်သေးတယ်နော်၊ ရှန်းတန် ငါ့ကိုကြည့်လိုက်ပါဦးလား။]
[နင်က လူတောင် မရွေးတော့ဘူးလား၊ အပျက်မကိုတောင် လိုချင်နေသေးတယ်။]
ထိုစကားများကိုမြင်၍ ရှန်းတန် အလွန်ဒေါသထွက်သွားပြီး တိုက်ရိုက်ပြန်ပြောတော့သည်။
[နင် ဘာတွေလာဟောင်နေတာလဲ။]
[စကားမပြောခင် ခေါင်းထဲကို ဦးနှောက်လေး ဘာလေး ပြန်ထည့်ထားဦး။]
[နင့်အိမ်မှာ မှန်မရှိဘူးလား၊ မရှိရင်လည်း သေးပေါက်ပြီး ပြန်ကြည့်ကြည့်၊ တစ်ခုသုံးယွမ် ဆယ်ယွမ်ဖိုး သုံးခု ရုပ်ရည်နဲ့များ၊ နင်နဲ့ တူလို့တန်လို့လား။]
....
ရှန်းတန်က အင်တာနက်အသုံးပြုသူများနှင့် ဒေါသတကြီး ငြင်းခုန်နေသည်မှာ စာရိုက်လွန်ပြီး သူမဖုန်းပင် မီးခိုးများထွက်လာလုနီးနီးဖြစ်နေရသည်။
အဆုံးတွင်တော့ တစ်ဖက်လူများက သူမ၏ အဆူအဆဲကို မခံနိုင်တော့၍ အကောင့်ဖျက်ပြေးလေတော့သည်။
ရှန်းတန် အေးစက်စွာ နှာမှုတ်လိုက်သည်။ "ဟာသပဲ၊ ငါအင်တာနက် ထရိုးဖြစ်နေတုန်းက နင်တို့တွေ မွေးတောင် မွေးသေးတာမဟုတ်ဘူး။"
သူမ၏ အရင်ဘဝတုန်းက လူများကို အဆူအဆဲတော်လွန်းလှသဖြင့် နာမည်ကြီးအိုင်ဒေါများ၏ ဖန်များကပင် သူမကို လာငှားရမ်းရသည်။
ရှန်းတန် ဝီချက်ကိုဖွင့်လိုက်ပြီး အစ်ကိုဝမ်ကို ဤကိစ္စနှင့် ပတ်သက်ပြီး မည်သို့ ကိုင်တွယ်မလဲမေးရန် ပြင်လိုက်သော်လည်း အရင်တစ်ခါ လူရွေးပွဲပြီးကတည်းက အစ်ကိုဝမ်ကို အပြီးအပိုင် ဘလော့ထားမိကြောင်း သတိရသွားတော့သည်။
ရှန်းတန်။ "....."
သူ့ကို တောင်းပန်ပြီး အကောင့်ပြန်အပ်ခိုင်းရန်မှာ သူမအတွက် မဖြစ်နိုင်ပေ။
နှစ်ကြိမ်နှစ်ခါမျှတွေးပြီးနောက်တွင် လက်ထောက်ကန်းကို ဖုန်းခေါ်လိုက်ပြီး ကုအုပ်စု၏ ဥပဒေရေးရာအဖွဲ့ကို ဤကိစ္စနှင့် ပတ်သက်ပြီး ကိုင်တွယ်ပေးရန် အကူအညီတောင်းလိုက်သည်။
မည်သို့ပင်ဆိုစေ ပိုက်ဆံပေးရမည်လည်းမဟုတ်ချေ။
တစ်ချိန်တည်းတွင် သူမ၏ တရားဝင်ဝေ့ပေါ်အကောင့်ကို လော့အင်ဝင်လိုက်သည်။
ရှန်းတန်V : ငါ့ကို အဘိုးကြီးတစ်ယောက်က ထောက်ပံ့နေတယ်လို့ ကောလဟာလတွေ လွှင့်နေတယ်လို့ ကြားထားတယ်။
စာကြွင်း : ကောလဟာလတွေ လွှင့်တဲ့သူတွေကို ဥပဒေရေးရာအရ တာဝန်ယူရပါမယ်။
[ဟားဟားဟား မဟုတ်လို့လားဟ။]
[နင်က မဟုတ်ဘူး ပြောတာနဲ့ မဟုတ်ဘူးလို့ ယုံရမှာလား။]
[နင့်ကို ယုံမယ်များ ထင်နေလား။]
ရှန်းတန် ထိုကောမန့်များကို အရေးမလုပ်ပေ။ အွန်လိုင်းပေါ်သို့ ဦးနှောက်မပါပဲ တက်လာသော ဤသူများက လိုင်းပေါ်တွင် ခွေးရူးများကဲ့သို့ မြင်မြင်ရာ လိုက်ကိုက်မည့်သူများသာ ဖြစ်ပေသည်။
လက်ထောက်ကန်း၏ အရှိန်က မြန်လွန်းလှသည်။ သူမ ထိုသူထံမှ ဖုန်းကောလ် တစ်ခု လက်ခံရရှိချိန်တွင် ဘဝကြီးကိုပင် သံသယဝင်သွားမိသည်။
"အဲလောက်မြန်တယ်လား။"
"မတိုင်ခင်ကတည်းက မစ္စတာကုက ကျွန်တော်တို့ကို အမိန့်ပေးပြီးပါပြီ၊ မိန်းကလေးရှန်း စိတ်မပူဘဲ အေးဆေး ဇာတ်ကားဆက်ရိုက်ပြီး ဒီကိစ္စကို မစ္စတာကုလက်ထဲ အပ်ထားလိုက်ပါ။"
ရှန်းတန်က ကုဟွိုင်အန်းမှာ သူမအတွက် ဤမျှလုပ်ပေးမည်ဟု မထင်ထားခဲ့ပေ။
မတိုင်ခင်က သူမ ထင်ထားသည်မှာ....
"ဒါဆို မစ္စတာကုကို ကျွန်မအစား ကျေးဇူးတင်ပေးပါဦး။"
"မိန်းကလေးရှန်းကိုယ်တိုင် ကျေးဇူးတင်တာ ပိုကောင်းပါလိမ့်မယ်။"
ဤကိစ္စကို အခြေခံ၍ မိန်းကလေးရှန်းက ဥက္ကဋ္ဌကု၏ မျက်လုံးထဲတွင် ထူးခြားကြောင်း သိလိုက်ရသည်။ သို့မဟုတ်ပါက ကုအုပ်စု၏ ဥပဒေရေးရာအဖွဲ့ကို ရှိသမျှကိစ္စများကို ဘေးပစ်ပြီး ဤကိစ္စကို ကိုင်တွယ်ရန် အရေးပေါ်လုပ်ခိုင်းမည်မဟုတ်ပေ။
ရှန်းတန်က သူမ၏လက်ရှိ ခံစားချက်ကို မဖော်ပြနိုင်ပေ။
သူမ ဝေ့ပေါ်ကိုပြန်ဖွင့်ချိန်တွင် မတိုင်ခင်က သတင်းများဖြန့်နေကြသော Vအကောင့်များနှင့် မကောင်းသည့် ကောမန့်များ မန့်နေကြသော အင်တာနက်အသုံးပြုသူများအားလုံး ရှေ့နေများထံမှ စာများ လက်ခံရရှိလိုက်ကြသည်။ ရှန်းတန်ကို တောင်းပန်ပြီး ထိုပို့စ်များကို ဖျက်မည်လား တရားစွဲခံမည်လားဟုပင်။
လူအများစုက ရှန်းတန်မှာ သရုပ်ဆောင်နေသည်ဟု တွေးနေကြသည်။ မည်သို့ပင်ဆိုစေ ရှေ့နေထံမှ စာလက်ခံရရှိခြင်းမှာ ဤအသိုင်းအဝိုင်းတွင် ရှားပါးခြင်း မရှိချေ။
ဉာဏ်ကောင်းသည့်လူအချို့က ဤရှေ့နေများကို ကုအုပ်စုက ပိုင်ဆိုင်ကြောင်း သတိထားမိကြပြီး ချက်ချင်း တောင်းပန်ခဲ့ကြသည်။
ကုအုပ်စု၏ ရှေ့နေအဖွဲ့က ထိပ်တန်းဖြစ်ပြီး ဘယ်သောအခါမှ အမှုမရှုံးဖူးကြောင်း လူတိုင်းအသိပင်ဖြစ်သည်။
သူတို့က မင်းကို စရုံစမယ်လို့များထင်နေတာလား။
သူတို့တွေက အလုပ်များလွန်းလို့ မင်းတို့ကို ခြောက်လှန့်ဖို့တောင် အချိန်ရှိမနေဘူး။