အခန်း (၃၀၈၁-၃၀၈၅)
Vol. 134 Ch. 3081-3085
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၈၁)
ဘာသာပြန်သူ_တိမ်တိုက်
လုဟွိုက်ရွှမ်းသည် ငယ်ရွယ်စဉ်ကတည်းက ကျင့်ကြံရာတွင် အထူး ပါရမီပါခဲ့လေသည်။ မိသားစုကြီးတွင် မွေးဖွားလာသည့်အတွက်ကြောင့်လည်း ကျင့်ကြံဖို့ရာအတွက် အရင်းအမြစ်မလုံလောက်သည့်ကိစ္စမျိုးနှင့် ကြုံခဲ့ရခြင်းမရှိ။
ထူးချွန်သောပါရမီနှင့် မိသားစု၏ အကန့်အသတ်မဲ့ ထောက်ပံ့မှုတို့ကိုပါ ပေါင်းစည်းလိုက်သော် လုဟွိုက်ရွှမ်းမှာ သူမမျိုးဆက်၏ ခေါင်းဆောင်များအနက်မှ တစ်ဦး ဖြစ်လာရတော့လေ၏။ ထိုအကြောင်းကြောင့်ပင်လျှင် လုဟွိုက်ရွှမ်းသည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်ရန်အတွက် နှစ်တစ်ရာလောက်သာ အချိန်ယူခဲ့ရခြင်း ဖြစ်လေသည်။
ထိုသို့ပင်ဖြစ်လင့်ကစား အခြားသော ဂုဏ်သရေရှိမိသားစုများမှ သခင်မလေးများကဲ့သို့ မောက်မာဝံ့ကြွားခြင်းမရှိဘဲ သူမ၏လက်အောက်ငယ်သားများအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် လုဟွိုက်ရွှမ်းသည် နေမိုးသောက်ကြယ်၌ အတော်လေးကိုမှ ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေလေ၏။
ယခင်မိသားစုခေါင်းဆောင်ဟောင်း နာမကျန်းဖြစ်လာသည့်အတွက်ကြောင့်သာ မဟုတ်ပါက လုဟွိုက်ရွှမ်းသည် သူမဘာသာသူမ ကျင့်ကြံရာတွင်သာ အာရုံစိုက်နေပေလိမ့်ဦးမည်။ ကျင့်ကြံခြင်းသည် သူမအတွက်တော့ ပျင်းစရာမကောင်းလှ။ သူမ၏ခွန်အား တဖြည်းဖြည်း တိုးတက်လာသည်ကို ခံစားမိနေရသည်မှာ လုဟွိုက်ရွှမ်းအတွက်တော့ အမှန်တကယ်ကိုမှ ဝမ်းသာဖွယ်ရာ ကောင်းလှပေသည်။
မိသားစုခေါင်းဆောင်ဟောင်း နာမကျန်းဖြစ်လာပြီးသည့်နောက်တွင် မိသားစုခေါင်းဆောင်ရာထူးကို ယူရန်မှာ သူမ၏ဆန္ဒမဟုတ်။ သို့သော်ငြား မိသားစုခေါင်းဆောင်ရာထူးကို ယူပြီးသည့်နောက်တွင် လုဟွိုက်ရွှမ်းမှာ အမျိုးမျိုးသောပြဿနာများကို ဖြေရှင်းလာရသည့်အတွက်ကြောင့် ယခင်ကကဲ့သို့ အားအားယားယား ကျင့်ကြံမနေနိုင်တော့ပေ။ မနက်မိုးလင်း၍ မျက်လုံးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် သူမအမိန့်ပေးလာမည်ကို စောင့်ဆိုင်းနေကြသော သူမလက်အောက်ငယ်သားများ၏ အသံများကို ကြားနေရလေသည်။
လွန်ခဲ့သည့်နှစ်သုံးဆယ်လုံးလုံး လုဟွိုက်ရွှမ်းသည် လုမိသားစုအတွက် တတ်စွမ်းသမျှ ကြိုးစားပေးခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် သူမ၏ကျင့်ကြံခြင်းအပေါ် အာရုံမစိုက်ဖြစ်ခဲ့ပေ။ သို့တိုင် သူမဘက်က လုမိသားစုအတွက် ထိုမျှလုပ်ပေးနေသည့်တိုင် လုမိသားစုထဲမှ တစ်စုံတစ်ဦးသည် ဘာကြောင့် သူမအပေါ် သစ္စာဖောက်ရသလဲဆိုသည်ကို လုံးဝနားမလည်နိုင် ဖြစ်နေရလေသည်။
(သူ ဘာလို့ အဲ့လိုလုပ်ရတာလဲ… သူ ဘာကိုလိုချင်နေတာလဲ… ငါ မိသားစုအတွက် ဒီလောက်တောင် နှစ်သုံးဆယ်လုံး ပေးဆပ်ပေးခဲ့တာတောင် ဒီလိုသစ္စာဖောက်ခံရသေးတယ်ပေါ့…) လုဟွိုက်ရွှမ်းသည် မိုးပြာရောင်ဓါးရှည်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီးမှ သူမလက်ကို ဖြေလျှော့လိုက်လေသည်။ ထို့နောက် ပထမဦးလေးဆိုသူအား စူးရဲစွာ တစ်ချက်လှမ်းကြည့်လိုက်ပြီးသည့်နောက် မာချောင်ကျွင်းဘက်သို့ ပြန်လှည့်၍ မေးလိုက်လေ၏။ “ဒုခေါင်းဆောင်… ရှင် ဒီကိုရောက်နေပြီဆိုမှတော့ ပထမခေါင်းဆောင်နဲ့ တတိယခေါင်းဆောင်လည်း ရောက်နေလောက်ပြီပေါ့… ဟုတ်တယ်မလား… ဘာဖြစ်လို့ သူတို့ကို ထွက်မလာခိုင်းသေးတာလဲ…”
ပြောနေရင်းမှ လုဟွိုက်ရွှမ်းသည် ဘေးပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်လေသည်။
မာချောင်ကျွင်းမှာ အားကောင်းပါသော်ငြား လုဟွိုက်ရွှမ်းကမူ မာချောင်ကျွင်းကို မကြောက်ပေ။ မာချောင်ကျွင်းနှင့် လက်ရည်ဖလှယ်ကြည့်ပြီးသည့်နောက်တွင် သူမတို့နှစ်ဦးမှာ လက်ရည်တူသာ ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ နှစ်ဦးစလုံးမှာ တန်ခိုးရှင်ပထမအဆင့်ကျင့်ကြံသူများ ဖြစ်ကြသည့်အလျောက် ခွန်အားမှာလည်း တူညီကြပေသည်။
လုဟွိုက်ရွှမ်း၏အားသာချက်မှာ သူမ၏ ခိုင်မာကျစ်လျစ်သောအုတ်မြစ်နှင့် မြောက်မြားလှစွာသော သူတော်စင်ချီတို့ပင်။ မာချောင်ကျွင်း၏အားသာချက်မှာတော့ နှစ်ပေါင်းများစွာကြာအောင် စုဆောင်းလာခဲ့သော တိုက်ပွဲအတွေ့အကြုံများသာ ဖြစ်ကြလေသည်။ တကယ်တော့ မာချောင်ကျွင်းအနေဖြင့် ကြယ်စီရင်စုကြီးထဲ နာမည်ကျော် ကြယ်တာရာပင်လယ်ဓါးပြတစ်ဦး ဖြစ်လာဖို့ရာအတွက် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ရလိမ့်မည် မဟုတ်လေလော။
မာချောင်ကျွင်းတစ်ဦးတည်းသာဆိုလျှင်တော့ လုမိသားစုက အနိုင်ယူနိုင်ပေသေးသည်။ သို့သောင်ြား လေပြင်းပင်လယ်ဓါးပြများသည် လူအင်အားအနည်းငယ်ဖြင့်သာ လှုပ်ရှားတက်ကြွသည့် အဖွဲ့အစည်းတစ်ခုမဟုတ်ဘဲ တစ်ဖွဲ့လုံး အင်တိုက်အားတိုက်ဖြင့် လှုပ်ရှားကြသည့် အဖွဲ့တစ်ခုဖြစ်ပေသည်။
လေပြင်းပင်လယ်ဓါးပြအဖွဲ့တွင် ခေါင်းဆောင်သုံးဦးရှိသည်။ ပထမခေါင်းဆောင်ရှန်းယောင်သည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး လက်ရှိ သူမရှေ့တွင်ရှိနေသည့် ဖက်တီးလေးမှာမူ ဒုတိယခေါင်းဆောင်ဖြစ်ပေသည်။ တတိယခေါင်းဆောင်မှာမူ တန်ခိုးရှင်ဘုရင် ပထမအဆင့် ကျင့်ကြံဿူတစ်ဦးဖြစ်သည့် ကဲမင်သာ ဖြစ်လေသည်။
လေပြင်းပင်လယ်ဓါးပြအဖွဲ့ ယခုအချိန်အထိ ရှင်သန်နေနိုင်ရခြင်းမှာ ကံကောင်းမှုသက်သက်ကြောင့်သာလျှင်မဟုတ်။ သူတို့၏ခွန်အားကြောင့်လည်း ပါပေသည်။
မာချောင်ကျွင်းက ရယ်သွမ်းသွေးလျက် “သူတို့ကို အခုလိုမျိုး စိတ်ပူပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်… ဒါပေမယ့် မိန်းကလေးတို့ရဲ့ဆန္ဒကတော့ ဖြစ်နိုင်လိမ့်မယ်လို့တော့ မထင်ဘူး… ပထမအစ်ကိုနဲ့ တတိယညီလေးက အခြားလုပ်စရာကိစ္စတွေရှိနေလို့ ဒီမှာမလာအားဘူး… သူတို့ကိုတွေ့ချင်တယ်ဆိုရင်တော့ ဌာနချုပ်ဆီ လိုက်ခဲ့မှပဲ ရလိမ့်မယ်… အဲ့ဒါဆိုရင်တော့ သူတို့ကို ကျိန်းသေတွေ့နိုင်လိမ့်မယ်…”
လုဟွိုက်ရွှမ်းက မျက်လုံးမှေးစင်းလျက် “ရှင်တို့ရဲ့ဌာနချုပ်ဆီ ကျွန်မကို ဖိတ်ခေါ်နေတာလား…”
မာချောင်ကျွင်းက ပြုံးမြဲပြုံးလျက် “မိန်းကလေးလု သဘာတူတယ်ဆိုရင်တော့ ဖိတ်ခေါ်တာပေါ့…”
“ကျွန်မ သဘောမတူဘူးဆိုရင်ရော…”
“ဟဲ ဟဲ ဟဲ…” မာချောင်ကျွင်းသည် ရယ်သာရယ်လိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။ သို့သော်ငြား သူ့အဓိပ္ပာယ်မှာ အသိသာကြီးပင်။ သူမသည်သာ သဘာမတူပါက သူ့ဘက်မှ တိုက်ခိုက်မည်ဟူ၍ပင်။
လုဟွိုက်ရွှမ်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ “လေပြင်းပင်လယ်ဓါးပြတွေအကြောင်း ကျွန်မ ကြားဖူးပါတယ်… ဒီကြယ်စီရင်စုကြီးက ဒီလောက်အကျယ်ကြီးကိုတောင် တိုက်တိုက်ဆိုင်ဆိုင် ရှင်တို့လေပြင်းပင်လယ်ဓါးပြအဖွဲ့နဲ့မှ လာတိုးရတယ်… အခုလိုမျိုး ရုတ်တရက်ကြီး တွေ့မိလိုက်တော့ ကျွန်မ ဘာလက်ဆောင်မှ မပြင်လာခဲ့လိုက်ရဘူး… ဒါပေမယ့် ကျွန်မဘက်က လက်ဆောင်တွေတော့ ပေးမှာပါ… အပြန်အလှန်အနေနဲ့ ရှင်တို့လေပြင်းပင်လယ်ဓါးပြအဖွဲ့ကနေပြီးတော့ ကျွန်မတို့ကို ထွက်သွားခွင့်ပေးဖို့ တောင်းဆိုချင်တယ်….”
ကြယ်တာရာပင်လယ်ဓါးပြများသည် အများအားဖြင့် ငွေနောက်လိုက်ကြသူများသာ ဖြစ်ကြပေသည်။ ဖြစ်သာဖြစ်နိုင်လျှင် လုဟွာရှင်းအနေဖြင့် ထိုအဖွဲ့အစည်းနှင့် ထိပ်တိုက်မတွေ့ချင်ပေ။ အရေးအကြီးဆုံးအချက်မှာ ဤနေရာတွင် မာချောင်ကျွင်းတစ်ဦးတည်း ရှိနေခြင်းမဟုတ်ဟု သူမစိတ်ထဲ ခံစားနေရရခြင်းပင်။
ပထမခေါင်းဆောင်ရှန်းယောင်နှင့် တတိယခေါင်းဆောင်ကဲမင်တို့သည် တစ်နေရာရာတွင် ပုန်းအောင်းနေရင်းမှ အလစ်အငိုက် ချောင်းတိုက်ခိုက်နိုင်မည့် အခွင့်ကောင်းတစ်ခုကို ရှာကောင်း ရှာနေလောက်ပေပြီ။ ထို့အတွက်ကြောင့် တိုက်ပွဲသာဖြစ်မည်ဆိုလျှင် လုမိသားဝင်အားလုံး ကပ်ဆိုးမိုးမှောင် ကျရပေလိမ့်မည်။ သူမသည်လည်း အသက်ရှင်လျက် ထွက်ပြေးနိုင်တော့လိမ့်မည်မဟုတ်ပေ။
သူတို့လုံခြုံရေးကို ပိုက်ဆံဖြင့်သာ လဲလှယ်နိုင်မည်ဆိုလျှင်တော့ လက်ခံပေးလိုက်ဖို့ရာ လုဟွိုက်ရွှမ်း တုံ့ဆိုင်းနေလိမ့်မည်မဟုတ်ချေ။
ထိုစကားကိုကြားသော် မာချောင်ကျွင်းက ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “လုမိသားစုရဲ့ အကြီးဆုံးသခင်မလေးက တကယ်ကို လုပ်နိုင်ကိုင်နိုင်စွမ်းရှိတယ်ဆိုပြီးတော့ ကျုပ်ကြားဖူးတယ်… ကြည့်ရတာ ကောလာဟလတွေက တကယ်ဖြစ်နေတဲ့ပုံပါပဲ…”
အမျိုးသမီးအများစုမှာ ရှက်ရှက်နှင့် အိန္ဒြေကြီးသူများ ဖြစ်ကြပေါ်သာ်ငြား လုဟွိုက်ရွှမ်းမှာမူ ယောက်ျားအများစုထက်ပင် ပို၍ ရဲတင်းကာ သတ္တိရှိလေသည်။ ထို့အတွက်ကြောင့် လုမိသားစုကဲ့သို့သော မိသားစုကြီးတစ်ခုလုံးကို အမိန့်ပေးထားနိုင်ပြီး နေမိုးသောက်ကြယ်တစ်ဝက်လောက်ကို အပိုင်စိုးနိုင်သည်မှဦ အဆန်းတော့မဟုတ်ပေ။ သူမသည်သာ ယောက်ျားတစ်ဦး ဖြစ်မည်ဆိုလျှင်တော့ ယခုထက်ပင် ပို၍ အခြေအနေကောင်းနေလောက်ပေသေးသည်။
မာချောင်ကျွင်းက ခေါင်းခါလျက် သင်ပြး်ချကာ ပြန်ပြောလိုက်လေသည်။ “ဆိုးတာပဲ… ကျုပ်ဘက်ကတော့ အမျိုးသမီးလျိုကို လွှတ်ပေးချင်ပါတယ်… ဒါပေမယ့် အချို့ကတော့ မလွှတ်ပေးချင်ကြဘူး…”
“ရှင်ဘာပြောချင်နေတာလဲ…” လုဟွိုက်ရွှမ်းက မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြန်မေးလိုက်လေသည်။
ထိုအခိုက်အတန့်မှာပင် အနက်ရောင်ကြယ်သင်္ဘောတစ်စင်းသည် တိမ်တိုက်တိမ်တိုက်များကိုထိုးခွဲ၍ မြေပြင်ဆီသို့ သက်ဆင်းလာခဲ့လေသည်။ ထိုကြယ်သင်္ဘော၏အရွယ်အစားမှာ လက်ရှိ လုမိသားစုဝင်များ စီးလာသည့် ကြယ်သင်္ဘောနှင့် အတူတူပင် ဖြစ်လေသည်။
ဟဲဟူသော စကားလုံးကြီးတစ်လုံးကိုမူ ကြယ်သင်္ဘော၏ကိုယ်ထက် ထိုးထွင်းထားခဲ့လေသည်။
“ဟဲမိသားစုရဲ့ ကြယ်သင်္ဘောပဲ…”
“သူတို့ ဘာဖြစ်လို့ ဒီကို ရောက်နေရတာလဲ…”
“ဒါ ထောင်ချောက်ပဲကွ… သွားပြီ…”
“ဟဲမိသားစုက လေပြင်းပင်လယ်ဓါးပြတွေနဲ့ ပူးပေါင်းထားတာလား… ဒီကောင်တွေ အရှက်မရှိလိုက်တာကွာ…”
ဟဲမိသားစုသည် နေမိုးသောက်ကြယ်၏ အခြားသောထိပ်တန်းမိသားစုတစ်ဦး ဖြစ်ပေသည်။ လုမိသားစုနှင့် ဟဲမိသားစုတို့သည် နေမိုးသောက်ကြယ်ကို အပိုင်စိုးထားကြသည့် မိသားစုကြီးနှစ်ဦး ဖြစ်ကြသည်။ ဂူတစ်လုံးထဲတွင် အတူမနေဆိုသည့်အတိုင်း လုမိသားစုနှင့် ဟဲမိသားစုသည် အမြဲ တကျက်ကျက်ကို ပြဿနာဖြစ်ကြလေသည်။ မကြာမကြာဆိုသလို မိသားစုနှစ်ခုကြား တိုက်ပွဲများလည်း ဖြစ်လေ့ရှိကြသည်။ တဖြည်းဖြည်းနှင့် တိုက်ပွဲလေးများမှတစ်ဆင့် မိသားစုနှစ်ခုကြား သွေးကြွေးတို့ ဖြစ်ပေါ်လာရတော့လေ၏။
နေမိုးသောက်ကြယ်ပေါ်ရှိ ဟဲမိသားစုနှင့် လုမိသားစုတို့သည် တစ်ဦးအပေါ်တစ်ဦး ပျက်စီးစေလိုကြလေသည်။ သို့သော်ငြား ဟဲမိသားစုသည် လေပြင်းပင်လယ်ဓါးပြများနှင့်ပင် ပူးပေါင်းရဲလိမ့်မည်ဟု လုဟွိုက်ရွှမ်း မထင်ထားခဲ့ပေ။
လေပြင်းပင်လယ်ဓါးပြများသည် ကြယ်စီရင်စုကြီးထဲ နာမည်ဆိုးဖြင့်ကျော်ကြားသည့် ပင်လယ်ဓါးပြအဖွဲ့တစ်ဖွဲ့ ဖြစ်ပေသည်။ ဟဲမိသားစုသည်သာ လေပြင်းပင်လယ်ဓါးပြအဖွဲ့နှင့် ပူးပေါင်းနေကြောင်း သတင်းပြန့်သွားခဲ့မည်ဆိုလျှင် သူတို့၏ဂုဏ်သတင်းမှာ လုံးဝကို ဟိုးအောက်သို့ ထိုးကျသွားရပေလိမ့်မည်။
(ဟဲမိသားစုဝင်တွေ ဒီသတင်းပြန့်သွားမှာကို မကြောက်ကြတာလား… ကြယ်စီရင်စုကြီးထဲ ပညာရှင်တွေသာ ဒီအကြောင်းကို သိသွားမယ်ဆိုရင် သူတို့မိသားစုကို တိုက်ခိုက်လာကြမှာ… အဲ့အခါကျ ငါတို့လုမိသားစုကို ဖျက်ဆီးနိုင်မယ်ဆိုရင်တောင် ဒီကောင်တွေ လုံးဝ ပျော်နိုင်တော့မှာမဟုတ်ဘူး…)
သို့ရာတွင် မကြာခင် လုဟွိုက်ရွှမ်း၏အမူအယာ သုန်မှုန်သွားခဲ့လေသည်။ အကြောင်းမှာ ဟဲမိသားစုဝင်များသည် သူတို့၏ကြယ်သင်္ဘောဖြင့် ဤနေရာသို့ လာရဲသည့်အတွက်ကြောင့် ဤနေရာတွင်ရှိနေသည့် မည်သည့်လုမိသားစုဝင်ကိုမှ အသက်ရှင်လျက် လွှတ်ပေးရန် မစဉ်းစားထားသည့်အတွက်ကြောင့် ဖြစ်ရမည်မှန်း လုဟွိုက်ရွှမ်း သဘောပေါက်သွားသည့်အတွက်ကြောင့်ပင်။
သူတို့အားလုံးကို သတ်ပစ်မှသာလျှင် ယနေ့၏လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်လိမ့်မည်မဟုတ်လေလော။
ထိုအချက်ကို စဉ်းစားမိလိုက်သော် လုဟွိုက်ရွှမ်း၏အကြည့် အေးစက်သွားခဲ့ပြီး ပထမဦးလေးဆီသို့ လှမ်းကြည့်လိုက်ရာ ထိုလူမှာလည်း ပါးစပ်အဟောင်းသားဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ သူကိုယ်တိုင်သည်လည်း ယခုကဲ့သို့ ဖြစ်လာမည်မှန်း မမျှော်လင့်ထားသည့်အလား။
ကြယ်သင်္ဘော မြေပြင်ပေါ်သို့ ဆင်းလာခဲ့ပြီး မကြာခင်မှာပင် သင်္ဘောပေါ်ရှိတံခါး ပွင့်သွားခဲ့ပြီး အသက်ခြောက်ဆယ်အရွယ်လောက်ရှိမည့် မီးခိုးရောင်ဆံပင်နှင့် လူအိုကြီးတစ်ဦး အပြင်သို့ ထွက်လာခဲ့လေသည်။ ထိုလူအိုကြီး၏နောက်တွင်တော့ ရာနှင့်ချီသော ဟဲမိသားစုဝင်များ အတူလိုက်ပါလာကြလေ၏။
တစ်ခဏအကြာတွင် လူအိုကြီးမှာ လုဟွိုက်ရွှမ်းနှင့် အခြားသူများ ရှိနေသည့်နေရာဆီသို့ ရောက်လာကြလေသည်။ ရုတ်တရက်ဆိုသလို နှစ်ဖွဲ့ကြားရှိအခြေအနေမှာ စတင်၍ တင်းမာလာခဲ့လေ၏။ လုမိသားစုဝင်များမှာလည်း အတော်လေးကိုမှ စိုးရိမ်နေကြသည့်အလား တံတွေးတစ်လုပ်ပြီးတစ်လုပ်ကို မျိုချနေကြလေသည်။
မာချောင်ကျွင်းမှာတော့ ဟဲဝူကျွေ့ရောက်လာသည်ကို သတိမထားမိသည့်အလား ပြုံးမြဲပြုံးနေခဲ့လေသည်။
ဟဲဝူကျွေ့ကမူ လုဟွိုက်ရွှမ်းအား မမှိတ်မသုန် စိုက်ကြည့်ရင်းမှ လှောင်ပြုံးပြုံးကာ ပြန်ပြောလိုက်လေ၏။ “ကောင်မလေး… နင် ဒီနေ့ သေပြီသာမှတ်ပေတော့…”
လုဟွိုက်ရွှမ်းမှာလည်း သူမအနေဖြင့် ယနေ့ မည်သည့်နည်းနှင့်မျှ အသက်ရှင်နိုင်တော့လိမ့်မည်မဟုတ်မှန်း သိလိုက်လေသည်။ ထို့အတွက်ကြောင့် အလွန်အမင်း စိတ်ပူမနေတော့ဘဲ အသက်ကိုပြင်းပြင်းရှူသွင်း၍သာ စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။ ထို့နောက် မျက်နှာသေအမူအယာဖြင့် ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “လူအိုကြီးဟဲ… နေမိုးသောက်ကြယ်ပေါ်ကပြဿနာက ကျွန်မတို့မိသားစုနှစ်ခုကြားက ပြဿနာပဲ… အဲ့ပြဿနာထဲမှာ အပြင်လူတွေကို ဆွဲထည့်တာ သင့်တော်တယ်လို့ ရှ၍်ထင်နေတာလား…”
ဟဲဝူက နှာခေါင်းရှံ့လျက် ပြန်ပြောလိုက်သည်။ “လေပြင်းပင်လယ်ဓါးပြရဲ့ ခေါင်းဆောင်သုံးယောက်က ငါ့ရဲ့ သွေးသောက်ညီအစ်ကိုတွေပဲ… ဒီတော့ သူတို့တွေက အပြင်လူမဟုတ်ဘူး…”
ထိုစကားကိုကြားလိုက်သည့်အခိုက် လုမိသားစုဝင်အားလုံး ထိတ်လန့်တုန်လုပ်သွားကုန်ကြလေသည်။ လုဟွိုက်ရွှမ်းသည်လည်း ခြွင်းချက်မဟုတ်။ သူမကိုယ်တိုင်သည်ပင် ထိုအကြောင်းကို လုံးဝမသိခဲ့ရ။ သူမသည်ပင်လျှင် မသိလေရာ ကြယ်စီရင်စုကြီးထဲမှ အခြားသောလူများသည်လည်း သိလိမ့်မည်မဟုတ်ချေ။
ထို့အပြင် ဟဲဝူကျွေ့၏ ပုံစံမှာ နောက်နေသည့်ပုံ လုံးဝမပေါ်ချေ။ မာချောင်ကျွင်းမှာလည်း ဟဲဝူဝေပြောသည်ကို ငြင်းဆန်ခြင်းမရှိ။ ကြည့်ရသလောက် ဟဲဝူကျွေ့နှင့် လေပြင်းပင်လယ်ဓါးပြအဖွဲ့၏ ခေါင်းဆောင်သုံးဦးမှာ သွေးသောက်ညီအစ်ကိုများ ဖြစ်ကြသည့်ပုံပင်။
အံ့အားသင့်နေသည့် လုဟွိုက်ရွှမ်းကိုကြည့်ရင်း ဟဲဝူကျွေ့စိတ်ထဲ ကြိတ်ကာ ရွှင်မြူးနေခဲ့လေသည်။ သူ့အနေဖြင့် ယနေ့အခိုက်အတန့်သို့ ရောက်လာနိုင်ရန်အတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည်။ ယခုအချိန်မှစ၍ နေမိုးသောက်ကြယ်တွင် ဟဲမိသားစုတစ်ခုတည်းသာ ရှိတော့လိမ့်မည်ဖြစ်ပြီး လုမိသားစုမှာတော့ သမိုင်းကြောင်းမှ ပျောက်ကွယ်သွားရပေတော့မည်။
“လေးယောက်မြောက်ညီလေး… အခြားသူတွေကိုတော့ ငါ ဂရုမစိုက်ပါဘူး… ဒါပေမယ့် လုမိသားစုရဲ့ အကြီးဆုံးသခင်မလေးကိုရော မင်း သတ်ချင်နေတာ သေချာလား…” မာချောင်ကျွင်းသည် ရုတ်တရက် ဟဲဝူကျွေ့ဘက်သို့လှည့်၍ မေးလိုက်လေသည်။
လုမိသားစုမှ အခြားသူများ သေသေရှင်ရှင် သူဂရုမစိုက်ပေ။ သို့သော်ငြား လုဟွိုက်ရွှမ်းကိုမူ သူ အတော်လေး နှစ်သက်လှသည်။ ဤလောကကြီးတွင် မိန်းမချောပေါင်းများစွာ ရှိကြပေသည်။ မာချောင်ကျွင်း၏ အဆင့်အတန်းနှင့် ခွန်အားအရ သူသာလိုချင်ပါက မိန်းမချောပေါင်းများစွာကို ခေါင်းခေါက်ရွေးယူနိုင်ပေသည်။ သို့သော်ငြား တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေသော နှစ်လိုဖွယ်ကောင်းသည့် အမျိုးသမီးများမှာလည်း ရှားပါးလှပေသေးသည်။
ထို့အပြင် လုဟွိုက်ရွှမ်းအား သူမဘဝ၏အချိန်အများစုကို ကျင့်ကြံရင်းဖြင့်သာ ကုန်ဆုံးခဲ့ကြောင်း မာချောင်ကျွင်း ကြားခဲ့ရသည်။ ထိုအကြောင်းကြောင့် လက်ရှိအချိန်ထိ လုဟွိုက်ရွှမ်းမှာ အပျိုတစ်ဦးသာ ဖြစ်ရပေလိမ့်ဦးမည်။ ထိုကဲ့သို့သောလူတစ်ဦးအား ဤအတိုင်း သတ်ပစ်လိုက်ဖို့ရာမှာ နှမြောစရာတော့ ကောင်းလှပေသည်။
မာချောင်ကျွင်း၏စကားကိုကြားသော် ဟဲဝူကျွေ့သည် ချက်ချင်းပဲ အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “ဒုတိယအစ်ကို… နှင်းဆီပန်းက မွှေးတာမှန်တယ်… ဒါပေမယ့် အဆူးတွေနဲ့ ပြည့်နေတာနော်…”
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် မာချောင်ကျွင်းက ခေါင်းညိတ်လိုက်လေ၏။ “အာ… အဲ့ဒါဆိုလည်း ထားလိုက်ပါတော့လေ…”
တန်ခိုးရှင်ဘုရင် ပထမအဆင့် ကျင့်ကြံသူတစ်ဦးအား အသက်ရှင်လျက် ဖမ်းဆီးဖို့ရာ မည်မျှခက်ခဲကြောင်းကို မာချောင်ကျွင်းသိပေသည်။ တစ်ဖက်လူအား အရှင်ဖမ်းချင်သည့်အတွက်ကြောင့် သူ့ဘက်မှ တုံ့ဆိုင်းနေခဲ့မည်ဆိုလျှင် တစ်ဖက်လူ၏ ပြန်လည်သတ်ဖြတ်ခြင်းကိုပင် ခံသွားရနိုင်ပေသည်။
“စပေတော့…” ဟဲဝူကျွေ့က ရုတ်တရက် အော်ပြောလိုက်သည်။
ဟဲဝူကျွေ့မှ အချက်ပြလိုက်သည်နှင့်တစ်ပြိုင်နက် မာချောင်ကျွင်းသည်လည်း သူ့လက်ကို မြှောက်လိုက်ရာ သူ့လက်ထဲ ရွှေရောင်အလုံးလေးနှစ်လုံး ပေါ်လာခဲ့လေသည်။
ဟဲဝူကျွေ့သည်လည်း သူ့ကိုယ်သူ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ပြီး သူတော်စင်ချီကို လှည့်ပတ်ထားလိုက်လေ၏။
တစ်ဖက်လူမှာ စတင်တိုက်တော့မည်ဖြစ်သည့်အတွက်ကြောင့် လုဟွိုက်ရွှမ်းမှာလည်း သူမ၏ဓါးရှည်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်းမှ အချိန်မရွေးတိုက်နိုင်ရန်အတွက် ဟန်ပြင်ထားလိုက်လေသည်။ တိုက်ပွဲစတော့မည့်အချိန်မှာပင် လူတစ်ဦးသည် လုဟွိုက်ရွှမ်းဘေးနား၌ ခိုးကြောင်ခိုးဝှက်ဖြင့် ပေါ်လာပြီး သူမအား ဓါးမြှောင်ဖြင့် ကောက်ထိုးချလိုက်လေ၏။
ထိုအဖြစ်အပျက်ကြောင့် လုဟွိုက်ရွှမ်းမှာ ပျာယာကို ခတ်သွားခဲ့ရလေသည်။
လုဟွိုက်ရွှမ်းသည် မာချောင်ကျွင်းနှင့် ဟဲဝူကျွေ့တို့ပေါ်တွင်သာ တစ်ချိန်လုံး အာရုံစိုက်နေခဲ့ခြင်း ဖြစ်လေသည်။ ထိုနှစ်ဦးမှ တိုက်ခိုက်ရန်ပြောလာသည့်အခါ အချိန်မရွေး တန်ပြန်တိုက်ခိုက်နိုင်ရန်အတွက် သူမကိုယ်သူ ပြင်ဆင်ထားလိုက်လေသည်။ သို့သော်ငြား တကယ့်တကယ်တွင်တော့ ထိုနှစ်ဦးသည် သူမ၏အာရုံကို အခြားတစ်နေရာဆီသို့ ရောက်အောင် လွှဲထားခြင်းသာဖြစ်ပြီး တကယ်တိုက်ခိုက်မည့်လူမှာ အခြားတစ်ဦး ဖြစ်နေကြောင်းကိုတော့ လုဟွိုက်ရွှမ်းမသိခဲ့ပေ။ ထို့အတွက်ကြောင့် လုပ်ကြံသူဖြတ်သူ သူမဘေးတွင် ပေါ်လာသည့်အခိုက် လုဝမ်ရှန်းမှာ အချိန်မီ တုံ့ပြန်နိုင်ခဲ့ခြင်းမရှိပေ။
ဟဲဝူကျွေ့နှင့် မာချောင်ကျွင်းတို့မှာတော့ ပွဲကြီးပွဲကောင်းတစ်ခုကို ကြည့်ရတော့မည့်အလား ပြုံးဖြီးနေကြလသည်။
မရဏမြားတစ်စင်းပမာ သေခြင်းတရားအငွေ့အသက်တို့ကို သယ်ဆောင်လာလျက် ဓါးမြှောင်သည် လုဟွိုက်ရွှမ်းတည့်တည်သို့ တိုးဝင်လာခဲ့လေသည်။
ထိုအခိုက်အတန့်မှာပင် ဓါးမြှောင်ပိုင်ရှင်မှာလည်း ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရလေသည်။ သူ့ကိုယ်သူ နှင်းမုန်တောင်တစ်ခုထဲသို့ ရောက်သွားသည့်ပမာ သူ့သွေးကြောများအားလုံး အေးခဲသွားသလို ခံစားလိုက်ရလေသည်။
လုဟွိုက်ရွှမ်းသည်လည်း ထိတ်လန့်တုန်လှုပ်နေသည့်အမူအယာဖြင့် မျက်လုံးကို မှေးစင်းထားခဲ့သည်။ အကြောင်းမှာ သူမ၏ခြေထောက်နားတွင် ရှိနေသော လူတိုင်း သေပြီဟု မှတ်ယူထားကြသည့် လူငယ်လေးမှာ ရုတ်တရက်ဆိုသလို အလွန်ထူးဆန်းသည့်ပုံစံမျိုးဖြင့် စတင် လှုပ်ရှားလာသည့်အတွက်ကြောင့်ပင်။
ပထမဦးစွာ ခြေထောက်နှစ်ဖက်သည် ရုတ်တရက် မိုးပေါ်သို့ ထောင်လိုက်ပြီး မြေပြင်ပေါ်သို့ ပြန်ချလာခဲ့သည်။ ထို့နောက်တွင် ခြေထောက်များသည် တဖြည်းဖြည်း ဆန့်တန်းလာခဲ့ပြီး ထိုလူငယ်လေး၏ခါးသည်လည်း တဖြည်းဖြည်း လေပေါ်သို့ မြောက်တက်လာခဲ့သည်။
လုဟွိုက်ရွှမ်း ထိုလူငယ်လေးအား လှမ်းကြည့်လိုက်ချိန် အဆုံးမဲ့အသူတစ်ရာချောက်နက်ကြီးပမာ နက်ရှိုင်းလှသော ထိုလူငယ်လေး၏ အနက်ရောင်မျက်ဝန်းတစ်စုံဖြင့် အကြည့်ချင်းသွားဆုံမိလေသည်။ ထိုလူငယ်လေး၏အကြည့်ကို ခံစားမိလိုက်သည့်အခိုက် လုဟွိုက်ရွှမ်းမှာ သူမကိုယ်သူမ အဆုံးမဲ့ချောက်နက်ကြီးထဲသို့ ကျသွားသလို ခံစားလိုက်ရလေသည်။
ထို့အတွက်ကြောင့် အထိတ်ထိတ် အပျာပျာဖြင့် စိတ်စွမ်းအင်ကို အရူးအမူးလှည့်ပတ်၍ သူမ၏စိတ်အစုံကို ကာကွယ်လိုက်ရလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၈၂)
ဘာသာပြန်သူ_တိမ်တိုက်
လေပြင်းပင်လယ်ဓါးပြအဖွဲ့၏ ခေါင်းဆောင်သုံးဦးသည် ကိုယ်ပိုင်ပညာရပ်များကို ပိုင်ဆိုင်ထားကြလေသည်။ ပထမခေါင်းဆောင်ရှန်းယောင်သည် ပြောနေစရာပင်မလို တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်သည်နှင့်အညီ သူသည် ဤကြယ်စီရင်စုကြီးတစ်ခုလုံးထဲရှိ အားအကောင်းဆုံးသောပညာရှင်များအနက် တစ်ဦးအပါအဝင်ဖြစ်လေသည်။
ဒုတိယခေါင်းဆောင်ဖြစ်သည့် မာချောင်ကျွင်းမှာတော့ အသားဖြူဖြူ ဝဝတုတ်တုတ် ဖက်တီးတစ်ဦး ဖြစ်လေသည်။ သို့သော်ငြား သူ့ကိုယ်ပေါ်ရှိ အဆီများမှာ အစားလွန်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အဆီများမဟုတ်။ ထိုအဆီများသည် သူ၏ အသက်ကယ်ဝှက်ဖဲတစ်ရပ်လည်း ဖြစ်ပေသည်။ အဆီထုကြီး၏ အားကောင်းလှသော ခုခံနိုင်စွမ်းကြောင့် မာချောင်ကျွင်းသည် သူ့ထက် အဆင့်တစ်ဆင့် ပိုမြင့်သည့် ကျင့်ကြံသူတစ်ဦးနှင့်ပင်လျှင် ယာယီမျှ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပေသည်။
တတိယခေါင်းဆောင်ဖြစ်သော ကဲမင်မှာမူ လုပ်ကြံသတ်ဖြတ်ရာတွင် ကျွမ်းကျင်သည့် ပုပုဖိုင့်ဖိုင့် လူတစ်ဦးဖြစ်ပေသည်။
တည့်တိုးဝင်လာသည့်လှံတစ်ချောင်းကို ရှောင်ရန် လွယ်ပါသော်ငြား အမှောင်ထဲမှလာသည့် မြားတစ်စင်းကို ရှောင်ရန်ခက်သည် ဆိုသည့်အတိုင်း အမှောင်ထဲတွင်ပုန်းအောင်းနေသည့် ရန်သူတစ်ဦးမှာ ကြောက်မက်ဖွယ်ရာ အကောင်းဆုံးဖြစ်ပေသည်။ ယခုလေးတင် လုဟွိုက်ရွှမ်းအား အလစ်ချောင်းတိုက်ခိုက်ခဲ့သည့်လူမှာလည်း လေပြင်းပင်လယ်ဓါးပြအဖွဲ့၏ တတိယခေါင်းဆောင်ဖြစ်သော ကဲမင်သာ ဖြစ်လေသည်။
လုဟွိုက်ရွှမ်းခန့်မှန်းခဲ့သည်မှာ လုံးဝ ကွက်တိကို မှန်နေခဲ့လေသည်။ လေပြင်းပင်လယ်ဓါးပြများသည် တိုက်ခိုက်ရာတွင် အင်တိုက်အားတိုက် လှုပ်ရှားလေ့ရှိကြသည်။ မည်သူမျှ ထိန်ချန်နေလေ့မရှိ။ သူ၏ ပထမအစ်ကိုနဲ့ တတိယညီလေးတို့ အခြားကိစ္စများ ရှိနေသည့်အတွက်ကြောင့် မလာနိုင်ပါဟု ပြောသော မာချောင်ကျွင်း၏စကားမှာ အလိမ်အညာသက်သက်သာ ဖြစ်လေသည်။
ကဲမင်သည် ကိုယ်ပျောက်ပညာရပ်ကို အသုံးချလျက် လုဟွိုက်ရွှမ်းနားသို့ မသိမသာလေး တိုးကပ်လာပြီး လုဟွိုက်ရွှမ်းမှ မာချောင်ကျွင်းနှင့် ဟဲဝူကျွေ့တို့အပေါ် အာရုံစိုက်နေစဉ် အလစ်အငိုက်ချောင်း တိုက်ခိုက်ခဲ့လေသည်။
သူကိုယ်တိုင်သည်လည်း တန်ခိုးရှင်ဘုရင်ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အပြင် ယခုကဲ့သို့ အလစ်အချောင်းတိုက်ခိုက်ခွင့်လည်း ရထားလေရာ သူ့တိုက်ကွက်သည် လုဟွိုက်ရွှမ်းအား ဆိုးဆိုးရွားရွား ဒဏ်ရာရသွားစေလိမ့်မည်ဟု ကဲမင် ယုံကြည်နေပေသည်။ အနည်းဆုံး သူမအား မသတ်နိုင်လျှင်ပင် လှုပ်မရအောင်တော့ လုပ်ပစ်နိုင်ပေသည်။ သူတို့သည်သာ ဤအမျိုးသမီးကို လှုပ်မရအောင် ထိန်းချုပ်ထားနိုင်မည်ဆိုပါက လုမိသားစုမှ အခြားသူများအား ရှင်းပစ်ဖို့ရာမှာ ထမင်းစားရေသောက်သည့်ပမာ လွယ်ကူသွားခဲ့လေပြီ။
အကုန်လုံးမှာ အစီအစဉ်အတိုင်း ချောချောမွေ့မွေ့နှင့် သွားနေခဲ့ပါသော်ငြား ရုတ်တရက်ဖြစ်လာသည့် အဖြစ်အပျက်သည် ကဲမင်အား ထိတ်လန့်တုန်လှုပ်သွားစေခဲ့လေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လုဟွိုက်ရွှမ်း၏ ခြေရင်းနား၌ လဲနေခဲ့သော စုတ်ပြတ်နေသည့် အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူငယ်လေးသည် ရုတ်တရက်ဆိုသလို ထရပ်လာပြီး ကဲမင်အား တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လာခဲ့လေသည်။ ထိုလူငယ်လေး၏စိတ်ထဲ မည်သည့်စိတ်ခံစားချက်တို့မှ ရှိမနေခဲ့ပါသော်ငြား ထိုလူငယ်လေးကိုကြည့်ရင်း ကဲမင်စိတ်ထဲ သူ့ကိုယ်သူ နိမ့်ကျသလို ခံစားလိုက်ရလေသည်။ သူ့ရှေ့တွင်ရှိနေသည့်လူငယ်လေးသည် မိုးယံထိတိုင် မြင့်မားသော တောင်တစ်လုံးပမာဖြစ်၍ သူကိုယ်တိုင်သည် တောင်ခြေရင်းတွင် ရပ်နေကာ တောင်၏ အမြင့်ဖျားကိုပင်လျှင် မည်သို့ပင် မော်ကြည့်နေစေကာမူ မမြင်နိုင်သည့် လူသားတစ်ဦးပမာ။
(ဒီလူက ဘယ်သူလဲ…) လုဟွိုက်ရွှမ်းနားသို့ မသိမသာလေး ချဉ်းကပ်လာစဉ် ဤအလောင်းကို သူသတိထားမိပေသည်။ သို့သော်ငြား အသက်ဓာတ်စွမ်းအင်မရှိတော့သည့် အလောင်းတစ်လောင်းသာ ဖြစ်သည့်အတွက်ကြောင့် ကဲမင်မှာ ဂရုစိုက်နေခဲ့ခြင်း မရှိပေ။ သို့ရာတွင် ထိုအလောင်းကြီးသည် မည်ကဲ့သို့များ ရုတ်တရက်ကြီး မတ်တပ်ရပ်လာရလေသနည်း။ ထို့အပြင် အသက်ဓာတ်မရှိတော့သည့်အလောင်းကြီးသည် မည်ကဲ့သို့များ မျက်တောင်တစ်ခတ်အတွင်း အသက်ဓာတ်လှိုင်လှိုင်ကြွယ်ဝနေသော လူတစ်ဦးအသွင်သို့ ပြောင်းလဲသွားရပါသနည်း။
ထိုသို့ပင်ဖြစ်လင့်ကစား ကဲမင်သည် ယာယီမျှသာ ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။ တိုက်ပွဲအတွေ့အကြုံကြွယ်ဝသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်နှင့်အညီ ကဲမင်သည် သူ့စိတ်ခံစားချက်များကို အမြန်ထိန်းချုပ်သွားနိုင်ခဲ့လေသည်။ ထို့ကြောင့် တစ်ခဏမျှ တုန်လှုပ်နေပြီးသည့်နောက်တွင် သူ့ကိုယ်သူ ရဲဆေးတင်၍ သူ့လက်ထဲရှိဓါးမြောင်ကို ပို၍လျင်မြန်သည့်နှုန်းဖြင့် ထိုးချလိုက်လေသည်။
(မင်း ဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး… ဒီလောက်နီးနီးလေးဆိုမှတော့ မင်း တန်ခိုးရှင်ဘုရင်တတိယအဆင့် ဖြစ်နေရင်တောင် သေရမယ်…)
“ပြန်ဆုတ်တော့…” နောက်ဆုံးမှသာ လုဟွိုက်ရွှမ်း အသိပြန်ဝင်လာခဲ့သည်။ လက်ရှိအချိန်တွင် ကဲမင်သည် ပြန်ဆုတ်ရမည့်အစား ပို၍ ရဲတင်းစွာ ရှေ့သို့ တိုးလာနေခဲ့သည်။ သို့သော်ငြား လူငယ်လေးမှာတော့ တုတ်တုတ်မျှမလှုပ် ငေးကြောင်ကြောင်ဖြင့်သာ ရပ်နေလေ၏။ သူမဘက်မှ အော်ခေါ်နေသည့်တိုင် တစ်ဖက်လူသည် တုတ်တုတ်မျှ မလှုပ်သဖြင့် လုဟွိုက်ရွှမ်းလည်း မနေသာတော့ဘဲ တစ်ဖက်လူ၏ပုခုံးကိုကိုင်၍ သူမဆီသို့ လှမ်းဆွဲခေါ်လိုက်လေသည်။
သို့သော်ငြား သူမဘက်မှ မည်သို့ပင်ဆွဲနေစေကာမူ တစ်ဖက်လူ၏ခန္ဓာကိုယ်သည် ကျောက်ရုပ်ထုကြီးပမာ အနည်းငယ်မျှပင် လှုပ်ရှားသွားခြင်း မရှိသည့်အတွက်ကြောင့် လုဟွိုက်ရွှမ်း ထိတ်လန့်တုန်လှုပ်သွားခဲ့ရလေသည်။ သူမဘက်မှဆွဲနေသည့်တိုင် တစ်ဖက်လူသည် သူမဆီသို့ ပါမလာရုံသာလျှင်မဟုတ် သူမကိုယ်တိုင်သည်ပင်လျှင် ပြန်တွန်းကန်အားကြောင့် ထိုလူငယ်လေး၏ခန္ဓာကိုယ်နှင့် ဝင်တိုက်လုမတတ်ပင် ဖြစ်သွားခဲ့ရသည်။
ထိုအခိုက်အတန့်မှာပင် “ကလန်” ဟူသည့် အသံတစ်သံ ထွက်လာခဲ့လေသည်။ ကဲမင်ကိုယ်တိုင်သည်လည်း အလွန်တရာကိုမှ ကြောက်ရွံ့နေသည့်အလား သူ့မျက်နှာထက်ရှိ ခက်ထန်ကြမ်းကြုတ်သည့် အမူအယာနေရာတွင် ကြောက်ရွံ့မှုတို့က အစားထိုး ဝင်ရောက်လာခဲ့လေ၏။ ထို့နောက် ခေါင်းမော့၍ ကြည့်လိုက်ရာ လူငယ်လေးနှင့် အကြည့်ချင်းဆုံသွားသည့်နောက် သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာတော့လေသည်။
ထိုလူငယ်လေးအား မတိုက်ခိုက်ခဲ့စဉ်က ကဲမင်စိတ်ထဲ ဖြစ်နိုင်ချေများစွာကို စဉ်းစားထားခဲ့လေသည်။ သူ့တိုက်ကွက်သည် တစ်ဖက်လူအား တစ်ချက်တည်းဖြင့် အသေသတ်ကောင်း သတ်သွားနိုင်သည်။ ထိုသို့သာမဟုတ်ပါက ဆိုးဆိုးရွားရွားလည်း ဒဏ်ရာရသွားအောင် လုပ်သွားနိုင်သေးသည်။ ထိုသို့မဟုတ်လျှင်ပင် တစ်ဖက်လူသည် သူ့တိုက်ကွက်အား တန်ပြန်ချေဖျက်ပြသွားနိုင်ပေသည်။
သို့သော်ငြား သူ့အိပ်မက်ထဲတွင်ပင် ယခုကဲ့သို့ ဖြစ်လာရလိမ့်မည်ဟု ကဲမင် လုံးဝ မျှော်လင့်ထားခဲ့ခြင်း မရှိပေ။ လူငယ်လေးသည် တစ်ချက်ကလေးမျှပင်မလှုပ်။ ကဲမင်မှ သူ့အား ဓါးဖြင့်လာထိုးသည်ကို ဤအတိုင်း ရပ်ကြည့်နေခဲ့သည်။ ထိုသို့ပင်ဖြစ်လင့်ကစား ကဲမင်၏ဓါးမှာ လူငယ်လေး၏ခန္ဓာကိုယ်ထဲသို့ တစ်လက်မလေးပင် ထိုးဖောက်ဝင်ရောက်သွားနိုင်ခြင်းမရှိခဲ့။ ဓါးဖြင့်ထိုးခံလိုက်ရသည့်လူမှာ ဘာမှဖြစ်မသွားပါသော်ငြား ဓါးကိုကိုင်ထားသည့်ကဲမင်မှာတော့ သူ့လက်တစ်ခုလုံး အလွန်ကိုမှ နာကျင်လွန်းလှသည့်အတွက်ကြောင့် ဓါးကို လွှတ်ချလုမတတ်ပင် ဖြစ်သွားခဲ့ရသည်။ တစ်ချိန်တည်းတွင် ဓါးကိုယ်တိုင်မှာလည်း ထိခိုက်သွားရသည့်အလား ၎င်းဆီမှ ထွက်ပေါ်နေသည့် အရောင်အဝါမှာလည်း သိသိသာသာကို မှိန်ကျသွားခဲ့ရလေသည်။
ဤဓါးမြောင်သည် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာတစ်ခု ဖြစ်သဖြင့် အလွန်တရာကိုမှ ထက်ရှလှကာ အလွန်ကိုမှ မာကျောလှသော သတ္တုများကိုပင်လျှင် အလွယ်တကူ ထိုးဖောက်ပစ်နိုင်ပေသည်။ လူသားတစ်ဦး၏ ခန္ဓာကိုယ်ဆိုလျှင်တော့ ပြောနေစရာပင်မလို။
ထိုသို့ပင်ဖြစ်လင့်ကစား ဤမျှအားကောင်းလှသော ဓါးမြောင်သည် လူငယ်လေး၏ခန္ဓာကိုယ်ထက် မည်သည့်ဒဏ်ရာကိုမှ မဖြစ်စေခဲ့ပေ။ ထို့အပြင် လူငယ်လေးဆီမှ မည်သည့်စွမ်းအင်အရှိန်အဝါမှ ဖြာထွက်နေခြင်းမရှိ။ တစ်နည်းဆိုရသော် ဤလူငယ်လေးသည် သူ့ဓါးမြောင်တိုက်ကွက်ကို ခန္ဓာကိုယ်သက်သက်ဖြင့် ခုခံပြသွားခဲ့ခြင်း ဖြစ်လေသည်။
(ဒီကောင် လူရော ဟုတ်သေးရဲ့လား…)
ကဲမင်သည် ရန်သူ၏အသက်ကို တစ်ချက်တည်းဖြင့် အပျောက်ဖျောက်ပေးရာတွင် ကျွမ်းကျင်သော လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ဦး ဖြစ်သလို အန္တရာယ်အပေါ် အာရုံခံစားနိုင်စွမ်းမှာလည်း အလွန်ကိုမှ မြင့်မားသည့်လူတစ်ဦး ဖြစ်ပေသည်။ ဤလူငယ်လေးအား အနည်းငယ်မျှပင် ဒဏ်ရာရသွားအောင် မလုပ်နိုင်မှန်း သိလိုက်သည့်နောက် ချက်ချင်း ထွက်ပြေးရန် ကြိုးစားတော့လေသည်။ တစ်ချိန်တည်းတွင် သူ့မသိစိတ်သည်လည်း သူ့အား ချက်ချင်းထွက်ပြေးရန် သတိပေးနေခဲ့လေသည်။ သူသာ ထွက်မပြေးပါက ဆိုးဆိုးရွားရွားအဖြစ်နှင့် ကြုံရတော့မည့်အလား။ ထိုသို့ဖြင့် ကဲမင်၏ ခန္ဓာကိုယ်ကြီးမှာ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလား တဖြည်းဖြည်းနှင့် ဝေဝါးလာတော့လေသည်။
ထိုအခိုက်အတန့်မှာပင် လူငယ်လေးသည် သူ့လက်ကို ဖြည်းဖြည်းချင်းမြှောက်၍ လေထုအား ဖမ်းဆုပ်ချလိုက်လေသည်။ လူငယ်လေးမှ ထိုကဲ့သို့ လုပ်လိုက်သည်နှင့်တစ်ပြိုင်နက် ပျောက်ကွယ်သွားတော့မလိုဖြစ်နေသော ကဲမင်သည် လည်ပင်းမှ ဆွဲညှစ်ခံလိုက်ရသည့်အလား တောင့်တောင့်ကြီးဖြစ်သွားခဲ့ပြီး ပျောက်ကွယ်လုနီးပါးဖြစ်နေသော သူ့ခန္ဓာကိုယ်မှာလည်း တစ်ဖန် ပြန်ပေါ်လာခဲ့လေသည်။
ကဲမင်သည် အဆက်မပြတ် ရုန်းကန်ကြိုးစားနေခဲ့ပါသော်ငြား မည်သို့မှ မလွတ်မြောက်နိုင် ဖြစ်နေခဲ့ရလေသည်။ သူ့လည်ပင်းအား ဆွဲညှစ်ထားသည့် အင်အားမှာလည်း တဖြည်းဖြည်းနှင့် ပိုပို၍ အားကောင်းလာနေခဲ့လေသည်။
လူငယ်လေးမှ သူ့လက်အား အသာအယာလေး မြှောက်လိုက်သည့်အခိုက် ကဲမင်၏ခန္ဓာကိုယ်ပါ လေပေါ်သို့ မြောက်တက်သွားခဲ့လေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ဘေးနားတစ်ဝိုက်တွင် ရှိနေသည့်လူအားလုံး ထိတ်လန့်တုန်လှုပ်သွားကုန်ကြလေသည်။ ကဲမင်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လင့်ကစား လက်ရှိအချိန်တွင်တော့ ဘယ်ကမှန်းမသိသည့် လူငယ်လေးတစ်ဦး၏ ကြက်ကလေးငှက်ကလေးနှယ် ဆွဲမြှောက်ထားခြင်းကို ခံနေရလေသည်။
“တတိယညီလေး…” မာချောင်ကျွင်းမျက်နှာထက်ရှိအပြုံးမှာလည်း ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး သူ့မျက်နှာဝိုင်းဝိုင်းလေးမှာ စတင်၍ လေးနက်တည်ကြည်လာတော့လေ၏။
ဟဲဝူကျွေ့သည် မှုန်ကုပ်ကုပ်အမူအယာဖြင့် သူ၏မှော်ရတနာကို တိတ်တဆိတ်ထုတ်ထားရင်းမှ ပြေးပေါက်ရှာနေခဲ့လေသည်။
လူတိုင်း၏အကြည့်အောက်တွင်ပင် ထိုလူငယ်လေးသည် ကဲမင်အား သေသေချာချာကို ကြည့်နေရင်းမှ မျက်မှောင်ကျုံ့လျက် ရေရွတ်လိုက်လေ၏။ “အားနည်းလိုက်တာ…”
သူ့အနေဖြင့် တန်ခိုးရှင်ဘုရင်အဆင့်တွင် ရှိနေသော ကျင့်ကြံသူများနှင့် မတိုက်ခိုက်ခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့လေပြီ။ လွန်ခဲ့သည့်နှစ်များအတွင်း သူကြုံခဲ့ရသည့် ပြိုင်ဘက်အားလုံးမှာ သူ့ထက်ပို၍အားကောင်းသည့် ကျင့်ကြံသူများသာ ဖြစ်ကြသည့်အတွက်ကြောင့် ယခုကဲ့သို့သော အလွန်တရာကိုမှ အားနည်းလှသည့် ကျင့်ကြံသူများနှင့် တိုက်ခိုက်ရာတွင် သိပ်၍အသားမကျသလို ဖြစ်နေရလေသည်။
(ငါက အရင်တုန်းက ဒီလောက်တောင် အားနည်းခဲ့တာပါလား…)
“လူကြီးမင်းရဲ့နာမည်ကို သိလို့ရမလားဗျ…” မာချောင်ကျွင်းသည် မှုန်ကုပ်ကုပ်အမူအယာဖြင့် မေးလိုက်လေသည်။ တစ်ချိန်တည်းတွင်လည်း ကြယ်စီရင်စုကြီးထဲရှိ အားအကောင်းဆုံးသော ပညာရှင်များအကြောင်းကို ပြန်စဉ်းစားကြည့်နေခဲ့သည်။ သို့သော်ငြား သူသိထားသည့် မည်သည့်ပညာရှင်မှ လက်ရှိ သူ့ရှေ့တွင်ရှိနေသည့် လူငယ်လေးနှင့် မတူချေ။ ဤကဲ့သို့သောလူငယ်လေး ဤကြယ်စီရင်စုထဲ ရှိသည့်အကြောင်းကို သူ့အနေဖြင့် တစ်ခါမှ မကြားခဲ့ဖူးပေ။
“မင်းတို့လိုအမှိုက်ကောင်တွေက ငါ့နာမည်ကို သိဖို့မတန်ဘူး…” လူငယ်လေးက ပြန်ပြောလိုက်သည်။
လူငယ်လေး၏စကားပြောပုံသည် အလွန်ကိုမှ ရင့်သီးပေသည်။ သို့သော်ငြား မည်သူမျှ သူ့အပေါ် သွားအတွန့်မတက်ရဲခဲ့။ ထိုလူငယ်လေးတွင် ယခုကဲ့သို့ မောက်မာဝံ့ကြွားနိုင်သည့် ခွန်အားမျိုး ရှိနေသည်မဟုတ်ပေလော။ အခြားတစ်ဦးသည်သာ သူ့ကဲ့သို့ လာပြောမည်ဆိုလျှင်တော့ လူတိုင်း၏လှောင်ရယ်ခြင်းကိုသာ ခံရပေလိမ့်မည်။
မာချောင်ကျွင်းမှာ ဒေါသမထွက်ရဲခဲ့ပဲ တံတွေးတစ်လုပ်မျိုချလျက် လက်သီးဆုပ်ကာ ပြန်ပြောလိုက်လေသည်။ “ကျေးဇူးပြုပြီး အခုလို ရန်စမိသလို ဖြစ်သွားတဲ့အတွက် ခွင့်လွှတ်ပေးပါ လူကြီးမင်း… ကျေးဇူးပြုပြီးတော့ ကျုပ်ရဲ့ တတိယညီလေးကိုပါ ခွင့်လွှတ်ပေးလို့ရမလား… လူကြီးမင်းအနေနဲ့ သူ့ကို လွှတ်ပေးဖို့ အဆင်ပြေတယ်ဆိုလို့ရှိရင် ကျုပ်တို့ အခုချက်ချင်း ထွက်သွားပြီးတော့ လူကြီးမင်းရှေ့မှာ ဘယ်တော့မှ ပြန်ပေါ်မလာတော့ပါဘူးလို့ ကျိန်ပြောရဲပါတယ်…”
မာချောင်ကျွင်းသည် အပြင်ပန်းတွင် နှိမ့်ချနေချင်ယောင် ဆောင်နေပါသော်ငြား သူ့စိတ်ထဲတွင်တော့ ဟဲဝူကျွေ့အား ကြိတ်ကာ ကျိန်ဆဲနေခဲ့လေသည်။ (လေးယောက်မြောက်ညီလေးက တကယ်ကို ဘာမှမသိတဲ့ကောင်ပဲကွ… လုမိသားစုမှာ ဒီလိုပညာရှင်မျိုး ရှိနေတယ်ဆိုတာကို ဒီကောင် ဘယ်လိုလုပ်ပြီးတော့ မသိရတာလဲ… အခုတော့ ဟိုဘက်အဖွဲ့က ဒုက္ခမရောက်ဘဲ ငါတို့ပဲ ဒုက္ခရောက်နေရပြီ… ဒီလူငယ်လေး ငါတို့ကို လွှတ်ပေးမလားတောင် မသေချာဘူး… ဒီနေ့သာ လွတ်သွားမယ်ဆိုရင်တော့ လေးယောက်မြောက်ညီလေးနဲ့ အဆက်အသွယ်ဖြတ်မှပဲရတော့မယ်… သူနဲ့သာ ဆက်နေနေလို့ရှိရင် ငါတို့ပါ အနှေးနဲ့အမြန် အသက်ပျောက်ရလိမ့်မယ်…)
“မင်းတို့ လာချင်တိုင်းလာ သွားချင်တိုင်းသွားလို့ရမယ်များ ထင်နေတာလား… ငါမင်းကို အလွယ်တကူ လွှတ်ပေးမယ်လို့ ထင်နေတယ်ပေါ့…” လူငယ်လေးက လှောင်ပြုံးပြုံးလိုက်လေသည်။
အစောပိုင်းက ရန်ကိုင်သည် ထူးခြားသည့်အခြေအနေမျိုးတွင် ရှိနေခဲ့ပါသော်ငြား ဘေးပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များကို မသိသည်တော့မဟုတ်ချေ။ ထိုလူများပြောသည်ကို ကြားပြီးသည့်နောက် ဘာတွေဖြစ်နေသလဲဆိုသည်ကို အကြမ်းဖျင်း နားလည်ခဲ့လေသည်။ ရန်ကိုင်ကိုယ်တိုင်သည် တရားဘက်တော်သားတစ်ဦး မဟုတ်ပါသော်ငြား တစ်ယောက်ယောက် ပြဿနာတက်နေချိန် ဝင်ကူညီပေးဖို့ရာ စိတ်ထဲမထားပေ။
မာချောင်ကျွင်းမှာတော့ သူ့စိတ်ထဲ ကြိတ်ကာ အော်ဟစ်နေခဲ့လေသည်။ သို့သော်ငြား တလေးတစားဖြင့်သာ ပြန်ပြောလိုက်လေ၏။ “ကျုပ်တို့ တကယ်ကို အပြစ်ပေးခံရသင့်ပါတယ်… ဒါကြောင့် လူကြီးမင်း ကျုပ်တို့ဆီမှ ဘာလိုချင်လဲဆိုတာကို ကျေးဇူးပြုပြီး ပြောပြပေးလို့ရမလား…”
ဤလူငယ်လေး မည်မျှအားကောင်းသလဲဆိုသည်ကို မာချောင်ကျွင်း မသိသေးပေ။ ထို့အတွက်ကြောင့် တစ်ဖက်လူအား သွားမဆန့်ကျင်သေးရဲခဲ့။ ထိုသို့သုာမဟုတ်လျှင်တော့ ဤမျှ အားနည်းသည့်ပုံစံမျိုး လုပ်ပြနေလိမ့်မည်မဟုတ်ချေ။ တကယ်တော့ သူကိုယ်တိုင်သည်လည်း တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး မဟုတ်လေလော။
အလွန်အကျွံနှိမ့်ချကာ အလျှော့ပေးနေသည့် ဝတုတ်ကိုကြည့်ရင်း ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။
“ဂျုန်း… ဂျုန်း… ဂျုန်း…” ထိုစဉ်မှာပင် ကောင်းကင်ထက်ဝယ် တဂျုန်းဂျုန်း တဂျိန်းဂျိန်းအသံများ ထွက်ပေါ်လာခဲ့လေ၏။ ကမ္ဘာလောကကြီးတစ်ခုလုံးမှာလည်း ကပ်ဘေးဆိုက်တော့မည့်အလား အလွန်ကိုမှ အန္တရာယ်များလှသည့် အရှိန်အဝါတို့သည် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။ လျှပ်ပန်းလျှပ်နွယ်တို့ဟာလည်း ကောင်းကင်တစ်ခွင် ရစ်သိုင်းလာခဲ့လေ၏။
ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည့်အခိုက် ကောင်းကင်ထက်တွင် အနက်ရောင်တိမ်စိုက်တိမ်တိုက်များ စုဝေးနေခဲ့ပြီး တိမ်စိုင်တိမ်တိုက်များသည် ဝဲကတော့အသွင်သို့ ပြောင်းနေခဲ့ကာ ထိုဝဲကတော့ထဲ ကမ္ဘာဖျက်စွမ်းအားကို ပိုင်ဆိုင်ထားသည့် မိုးကြိုးနဂါးတစ်ကောင် ကူးခတ်နေသည်ကို မြင်လိုက်သည့်အခိုက် လူတိုင်း၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။
“မင်း ဘာဖြစ်နေတာလဲ… ငါ ဒီလောက်တောင် ပုန်းနေတာကို…” လူငယ်လေးသည် ကောင်းကင်ပေါ်သို့ မော့ကြည့်ရင်းမှ အော်ဆဲလိုက်လေသည်။
လုဟွိုက်ရွှမ်း မျက်မှောင်ကျုံ့သွားခဲ့ပြီး လူငယ်လေးအား ထူးထူးဆန်းဆန်းအမူအယာဖြင့် ကြည့်လိုက်လေသည်။ ထိုလူငယ်လေးသည် ကောင်းကင်အား တကယ်ကြီး ကျိန်ဆဲနေခြင်းပင်လော။
ရုတ်တရက်ဆိုသလို သူမစိတ်ထဲ ထိုလူငယ်လေးအပေါ် ကရုဏာသက်မိသွားခဲ့လေသည်။ လူငယ်လေး၏ကျင့်ကြံခြင်းမှာ အလွန်တရာကိုမှ အားကောင်းလှသလို သူ့လုပ်ရပ်မှတစ်ဆင့် သူသည် ရဲရင့်ပြီး သူရဲကောင်းဆန်သည့်လူတစ်ဦးမှန်း သိသာလှပေသည်။ သေသေချာချာ ကြည့်လိုက်သည့်နောက်တွင် ဤလူငယ်လေးသည် ရုပ်ရည်လည်းမဆိုးလှကြောင်း တွေ့လိုက်ရလေသည်။ ကံမကောင်းစွာဖြင့် လူငယ်လေးမှာ စိတ်ကယောင်ခြောက်ခြားအဖြစ်နှင့် ကြုံနေရသည့်ပုံပင်။ ထိုသို့သာမဟုတ်ပါက ဘာကြောင့်များ ကောင်းကင်အား သွားကျိန်ဆဲနေရမည်နည်း။
(ကြည့်ရတာ ဒီလိုပါရမီပါတဲ့လူမျိုးကို ကောင်းကင်ကတောင် မနာလိုဘူးနဲ့တူတယ်…) လုဟွိုက်ရွှမ်းစိတ်ထဲ ထိုကဲ့သို့ ရုတ်တရက် စဉ်းစားမိသွားခဲ့သည်။
လုဟွိုက်ရွှမ်း အတွေးနက်နေစဉ်မှာပင် “ဂျုန်း”ဟူသော မြည်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံကြောင့် လူတိုင်း၏နားစည်များ တုန်ခါသွားခဲ့ရသည်။ လူငယ်လေး၏အော်ဆဲသံကို ပြန်လည်တုံ့ပြန်နေသည့်အလား ဧရာမလျှပ်စီးတန်းကြီးတစ်ခုသည် ဝဲကတော့အတွင်းဆီမှ လူငယ်လေးတည့်တည့်သို့ ကျဆင်းလာခဲ့လေသည်။
ထိုလျှပ်စီးတန်းကို မြင်လိုက်သည့်လူတိုင်း ကျက်သီးမွေးညင်း ထသွားကုန်ကြလေသည်။ လူငယ်လေးနှင့် အနီးဆုံးတွင်ရှိနေသော လုဟွိုက်ရွှမ်း၏မျက်နှာတစ်ပြင်လုံးမှာလည်း ကျဆင်းလာနေသော လျှပ်စီးတန်းကြီးကိုကြည့်ရင်း သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။
(ကောင်းကင်မိုးကြိုးက သူ့ကို ပစ်ဖို့ ကြိုးစားနေတာလား… ဒီလူ ဘယ်လိုလူမျိုးမို့လို့ ကောင်းကင်ကတောင် သူ့ကို သေစေချင်နေရတာလဲ…)
“ပြေး…”
ထိုသို့ပြောပြီးသည့်နောက် လူငယ်လေးသည် လုဟွိုက်ရွှမ်း၏ အင်္ကျီကော်လံကို ဆွဲကိုင်၍ အဝေးတစ်နေရာဆီသို့ လွှင့်ပစ်လိုက်လေသည်။
လုဟွိုက်ရွှမ်းမှာ ဘာတွေဖြစ်လို့ ဖြစ်နေမှန်း မသိသေးခင်မှာပင် သူမတစ်ကိုယ်လုံး မြားတစ်စင်းပမာ လွင့်ထွက်သွားသည်ကို တွေ့လိုက်ရသည်။ နောက်ပြန်လွင့်ထွက်သွားနေရင်းမှတစ်ဆင့် လျှပ်စီးတန်း လူငယ်လေးအား ထိမှန်သွားသည်ကို တွေ့လိုက်ရလေသည်။ ချက်ချင်းဆိုသလို လူငယ်လေးကိုယ်ပေါ်ရှိ ဆံပင်များ ထောင်တက်သွားခဲ့ပြီး သူ့ပတ်ပတ်လည် မီတာတစ်ထောင်ဝန်းကျင်တစ်ခုလုံး လျှပ်ပန်းလျှပ်နွယ်များဖြင့် ပြည့်နှက်သွားသည်ကို တွေ့လိုက်ရသည်။
အချိန်မီမလွတ်မြောက်နိုင်သည့် ကျင့်ကြံသူများမှာတော့ လျှပ်စီးတန်း၏ ထိမှန်ခြင်း ခံလိုက်ရပြီးသည့်နောက် နေရာတွင်ပင် ပွဲချင်းပြီး သေသွားကုန်ကြရလေသည်။ အသားကျွမ်းနံ့တို့ဟာလည်း လေထဲ အစီအရီ ထွက်ပေါ်လာခဲ့လေ၏။
လျှပ်စီးတန်းမှာ တစ်ချက်တည်းနှင့် ရပ်တန့်သွားခြင်းမရှိဘဲ လူငယ်လေးအား ထပ်တလဲလဲကို ထိုင်ပစ်နေခဲ့လေသည်။ တရစပ်ကျဆင်းလာနေသည့် လျှပ်စီးတန်းများကြားဝယ် လူငယ်လေး၏ခန္ဓာကိုယ်မှာလည်း တဆတ်ဆတ်ကို တုန်ရီနေလေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၈၃)
ဘာသာပြန်သူ_တိမ်တိုက်
ဆက်မကြည့်နိုင်တော့သည့် အဆုံးတွင် လုဟွိုက်ရွှမ်း အကြည့်လွှဲသွားခဲ့လေသည်။ ထိုလူငယ်လေး အသက်ရှင်စဉ်က မည်မျှပင် ရက်စက်ကြမ်းကြုတ်ခဲ့စေကာမူ ထိုလူငယ်လေးသည် သူမ၏ ကျေးဇူးရှင် ဖြစ်နေဆဲ။ ထိုလူငယ်လေးကြောင့်သာ မဟုတ်ပါက သူမအနေဖြင့် သေလျှင်သေ မသေလျှင် ဆိုးဆိုးရွားရွား ဒဏ်ရာရနေလောက်ပေပြီ။
ထိုအချိန်အတောအတွင်း မာချောင်ကျွင်းနှင့် ဟဲ့ဝူကျွင်းတို့မှာမူ အလွန်ကိုမှ နှစ်ထောင်းအားရ ဝမ်းသာ ဖြစ်နေကြလေသည်။
[ကောင်းကင်က ငါတို့ဘက်မှာကွ၊ ဒီကောင်ကို ကောင်းကင်က အပြစ်ပေးနေပြီ]
ထို့နောက်တွင် နှစ်ဦးသား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ မျက်လုံးချင်း ဆုံသွားရင်းမှ တစ်ယောက်စိတ်ထဲ တစ်ယောက် ဘာတွေးနေသလဲ ဆိုသည်ကို နှစ်ဦးစလုံး သိလိုက်ကြလေသည်။ တစ်ခဏအကြာ၌ လျှပ်စီးတန်းများ ငြိမ်သက်သွားခဲ့ပြီး ကောင်းကင်ထက်တွင် ရစ်ဝဲနေသည့် တိမ်စိုင်တိမ်တိုက်များမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်သွားခဲ့လေသည်။ လူငယ်လေးကမူ ကဲမင်ကို သူ့လက်ထဲတွင် ကိုင်ထားဆဲ။ သို့သော်ငြား နှစ်ဦးစလုံး၏ မျက်နှာများမှာ မဲတူးချိတ်နေခဲ့ပြီး ဆံပင်များမှာလည်း ထောင်တက်နေကြလေသည်။ ထိုအပြင် သူတို့ဆီမှ မည်သည့် အရှိန်အဝါမျှ ဖြာထွက်နေခြင်း မရှိတော့။
လူငယ်လေး မည်သို့ ဖြစ်နေသေးသလဲဆိုသည်ကို မည်သူမျှ မသိကြပါသော်ငြား ကဲမင်ကမူ ဤလောကကြီးထဲမှ ထွက်သွားပြီမှန်း လူတိုင်း သိနေကြလေသည်။
အစောပိုင်းက ထွက်ပေါ်လာခဲ့သော မိုးကြိုးချက်များမှာ အလွန်တရာကိုမှ ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိုမိုးကြိုးချက်များသည် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်နေသည့် လူတစ်ဦးကိုပင်လျှင် သတ်ပစ်နိုင်လေရာ တန်ခိုးရှင်ဘုရင် ပထမအဆင့်သာ ရှိသေးသော ကန်းပင်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။ လူငယ်လေးသည် ကန်းပင်အား သတ်နိုင်သည့် စွမ်းအင်ကို ပိုင်ဆိုင်ထားပါသော်ငြား ကန်းပင်အား သူကိုယ်တိုင် မသတ်လိုက်ရဘဲ ကောင်းကင်မိုးကြိုးကြောင့်သာလျှင် ကန်းပင်မှာ အသက်ပျောက်သွားခဲ့ရသည်။
ထိုအခိုက်အတန့်တွင် မာချောင်ကျွင်းနှင့် ဟဲဝူကျွေ့တို့သည် အလင်းတန်းနှစ်ခု အသွင်သို့ပြောင်း၍ လူငယ်လေးဆီသို့ ပြိုင်တူ ပြေးဝင်လာခဲ့ကြလေသည်။
ကျူပင်ခုတ် ကျူငုတ်မကျန် ဆိုသည့်အတိုင်း ရန်သူရှိလျှင် ထိုရန်သူကို အမြစ်ပြတ် ရှင်းပစ်ရပေမည်။ ထိုအချက်ကို မာချောင်ကျွင်းနှင့် ဟဲဝူကျွေ့တို့ နှစ်ဦးစလုံး သေချာ နားလည်ထားကြပေသည်။ အစောပိုင်းက အားနည်းချင်ယောင်ဆောင်ပြနေရခြင်းမှာ ဤလူငယ်လေး ပြသသွားသော စွမ်းအားကြောင့်သာ ဖြစ်လေသည်။
ယခု လူငယ်လေးမှာ ကောင်းကင်မိုးကြိုးဖြင့် အပစ်ခံထားရလေရာ လူငယ်လေး သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ သူတို့အနေဖြင့် အရင်ဦးအောင် လူငယ်လေးအား ရှင်းပစ်ရပေလိမ့်မည်။
သူတို့ အသက်ရှင်နိုင်ရန်အတွက် ဤလူငယ်လေး သေမှ ဖြစ်ပေလိမ့်မည်။ ထိုသို့သာ မဟုတ်ပါက သူတို့၏ သေခြင်းရှင်ခြင်းကို သူတို့ဘာသာ သူတို့ ဆုံးဖြတ်နိုင်တော့လိမ့်မည် မဟုတ်ပေ။
မာချောင်ကျွင်းမှာ ဝပါသော်ငြား အလွန်ကိုမှ မြန်ပေသည်။ မာချောင်ကျွင်း၏ ဝဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးသည် အလွန်တရာ မြန်ဆန်လှသည့် နှုန်းဖြင့် ရွေ့လျားရင်းမှ သူ့လက်ထဲတွင် ရှိနေသော ရွှေရောင်အလုံးနှစ်လုံးမှာ အရောင်တလက်လက် တောက်ပလာခဲ့ပြီး လူငယ်လေး၏ ရင်ဘတ်နှင့် ခေါင်းဆီသို့ တိုးဝင်သွားခဲ့လေသည်။
တစ်ချိန်တည်းတွင်လည်း ဟဲဝူကျွေ့မှ လက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်ရာ လေထဲ စပါးအုံးမြွေကြီးတစ်ကောင် ထွက်ပေါ်လာခဲ့ပြီး လူငယ်လေး၏ ခေါင်းတည့်တည့်အား ကိုက်ချလိုက်လေသည်။
ထိုနှစ်ဦး လှုပ်ရှားသည်မှာ အလွန်တရာကိုမှ မြန်ဆန်လွန်းလှသည့်အတွက်ကြောင့် လုဟွိုက်ရွှမ်းမှာ အချိန်မီ တုံ့ပြန်နိုင်ခဲ့ခြင်း မရှိချေ။ သူမ အသိပြန်ဝင်လာချိန် ရင်တဒုန်းဒုန်းဖြင့် သူမ၏ဓားကို ဟဲ့ဝူကျွင်းနှင့် မာချောင်ကျွင်း တည့်တည့်သို့ ဝှေ့ယမ်းလိုက်လေသည်။ သို့သော်ငြား လုဟွိုက်ရွှမ်း အသိပြန်ဝင်လာခဲ့သည်မှာ နောက်ကျသွားခဲ့သည်။ သူမအနေဖြင့် တတ်နိုင်သလောက် လူငယ်လေးအား ကယ်ဆယ်ရန် ကြိုးစားခဲ့ပါသော်ငြား အသုံးမဝင်ခဲ့ပေ။
ရွှစ်၊ ရွှစ်၊ ရွှစ်။
လုဟွိုက်ရွှမ်း ပစ်လွှတ်လိုက်သည့် ဓားချီများမှာ လေထဲ ဖြတ်သန်းသွားနေစဉ် မာချောင်ကျွင်းနှင့် ဟဲ့ဝူကျွေ့တို့မှာတော့ မမြင်နိုင်သည့် နံရံတစ်ခုနှင့် ဝင်ဆောင့်မိသည့်အလား ရုတ်တရက် ရပ်သွားကြသည်။ တစ်ချိန်တည်းတွင်လည်း နှစ်ဦးစလုံးသည် သူတို့အရှေ့ တည့်တည့်ကို စိုက်ကြည့်နေရင်းမှ အလွန်တရာကိုမှ ထိတ်လန့်တုန်လှုပ်လာကြလေ၏။
သူတို့အား ရပ်သွားအောင် လုပ်လိုက်သည့်အရာမှာ လုဟွိုက်ရွှမ်း၏ ဓားချီများ မဟုတ်။ ထိုအစား လူငယ်လေး၏ တုံ့ပြန်မှုသာ ဖြစ်လေသည်။ ကောင်းကင်မိုးကြိုး ပစ်ခံရသည့် ထူးဆန်းသော လူငယ်လေးသည် ရုတ်တရက်ဆိုသလို စတင်၍ လှုပ်ရှားလာခဲ့လေသည်။ ပထမဦးစွာ ထိုးထောင်နေသည့် သူ့ဆံပင်ကို လက်ဖြင့် သပ်ချလိုက်လေသည်။ သူ့အကြည့်မှာလည်း တစ်စုံတစ်ခုနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်နေသည့်အလား တည်ငြိမ်နေရာမှ ဒေါသထွက်နေသည့် အရိပ်အယောင်များ စတင်၍ ပြသလာတော့သည်။
လူငယ်လေး၏ ထိုမျှ ရိုးရှင်းလှသော လှုပ်ရှားမှုလေးသည်သာလျှင် မာချောင်ကျွင်းနှင့် ဟဲ့ဝူကျွင်းတို့အား ယခုကဲ့သို့ ရပ်တန့်သွားစေခဲ့ခြင်း ဖြစ်လေသည်။
လူတိုင်းမှာ မမြင်နိုင်သည့် လက်ကြီးတစ်ဖက်၏ ချုပ်ကိုင်ထားခြင်း ခံရသည့်အလား တုတ်တုတ်မျှမလှုပ်နိုင်တော့ဘဲ ကျောက်ရုပ်ကြီး တစ်ရုပ်ပမာ မလှုပ်မယှက် ရှိနေကြတော့သည်။
[ဒီကောင် မသေသေးတာလား၊ ဒီလောက် မိုးကြိုးတွေ ပစ်ချထားခံရတာတောင် ဘယ်လိုလုပ် မသေဘဲ နေရတာလဲ]
လုဟွိုက်ရွှမ်းမှာလည်း ထိုမြင်ကွင်းအား အလွန်ကိုမှ မယုံကြည်နိုင်ဟန်ဖြင့် ငေးကြောင်ကြည့်နေလေသည်။
ထိုအချိန်အတွင်းမှာပင် မာချောင်ကျွင်း၏ ရွှေရောင်အလုံးလေး နှစ်လုံးသည် လူငယ်လေးဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားခဲ့ရာ လူငယ်လေးဆီသို့ ရောက်ခါနီး ဖြစ်နေခဲ့လေသည်။
ရွှေရောင်အလုံး နှစ်လုံး လူငယ်လေးအား မထိနိုင်သေးခင်မှာပင် လူငယ်လေးသည် သူ့ဆံပင်ကို သပ်လိုက်သော လက်ဖြင့် ထိုအလုံးနှစ်လုံး တည့်တည့်သို့ လွှဲယမ်းချလိုက်လေသည်။
လူငယ်လေးမှ ထိုကဲ့သို့ လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် မာချောင်ကျွင်း ရင်တဒုန်းဒုန်း ခုန်သွားခဲ့ရသည်။ အကြောင်းမှာ ရွှေရောင်အလုံး နှစ်လုံးနှင့် သူ့အကြား ဆက်သွယ်မှု ပြတ်တောက်သွားသည့်အတွက်ကြောင့်ပင်။ သေသေချာချာ ကြည့်လိုက်သည့်နောက် မာချောင်ကျွင်း တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်လာရတော့လေသည်။ အကြောင်းမှာ အစောပိုင်းက သူပစ်လွှတ်လိုက်သော ရွှေရောင်အလုံး နှစ်လုံးသည် လူငယ်လေး၏ လက်ထဲသို့ ရောက်နေသည်ကို တွေ့လိုက်ရသည့် အတွက်ကြောင့်ပင်။
[သူ ဘယ်လိုလုပ်ပြီး ငါ့ရဲ့ မှော်ရတနာကို ဒီလောက် လွယ်လွယ်ကူကူ လုယူသွားနိုင်ရတာလဲ၊ အဲဒါ ဘယ်လိုစွမ်းရည်ကြီးလဲ၊ သူကရော ဘယ်သူကြီးလဲ၊ ဘာဖြစ်လို့ ဒီလောက်တောင် အားကောင်းနေရတာလဲ]
ဟဲဝူကျွေ့ဆင့်ခေါ်ထားသော စပါးအုံးမြွေကြီးမှာလည်း လူငယ်လေးဆီသို့ ရောက်ခါနီး ဖြစ်နေခဲ့လေသည်။ သို့သော်ငြား ဟဲဝူကျွေ့မှာ သူမြင်နေရသည့် အဖြစ်အပျက်များကြောင့် အလွန်တရာကိုမှ ထိတ်လန့်တုန်လှုပ်နေလေရာ သူထုတ်သုံးခဲ့သော လျှို့ဝှက်နည်းစနစ်ကို ဆက်လက်၍ ထုတ်ဖော်ထားနိုင်ခြင်း မရှိတော့သဖြင့် စပါးအုံးမြွေကြီးမှာလည်း အလင်းစက်လေးများ အသွင်သို့ ပြောင်းလဲ ပျောက်ကွယ်သွားခဲ့ရလေသည်။
ထို့နောက်တွင် ဟဲဝူကျွေ့သည် အထိတ်ထိတ်အလန့်လန့် အမူအရာဖြင့် တံတွေး မျိုချလိုက်လေသည်။
မာချောင်ကျွင်းမှာလည်း သူတို့၏ လုပ်ရပ်အား မည်ကဲ့သို့ ရှင်းပြလျှင် ကောင်းမလဲ ဆိုသည်ကို စဉ်းစားနေသည့်အလား ခြောက်ကပ်နေသည့် နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်လေသည်။ သို့သော်ငြား လက်ရှိအချိန်တွင် သူ့စိတ်ထဲ အလွန်ကိုမှ ကြောက်ရွံ့နေခဲ့လေရာ စကားတစ်ခွန်းပင် မပြောရဲတော့ချေ။
"ငါသူ့ကို သတ်လိုက်တာ မဟုတ်ဘူး" လူငယ်လေးသည် ကန်းပင်၏ အလောင်းကို ဘေးတစ်ဖက်သို့ လွင့်ပစ်လိုက်လေသည်။
ကဲမင်မှာ ကောင်းကင်မိုးကြိုးကြောင့် သေသွားခဲ့ရခြင်း ဖြစ်လေရာ လူငယ်လေး သူ့အား အမှန်တကယ်ကို မသတ်ခဲ့ပေ။
"ဆရာ၊ ဒီဟာက နားလည်မှု လွဲသွားတယ်နဲ့ တူပါတယ်" မာချောင်ကျွင်းသည် အားတင်းပြုံးရင်းမှ ပြန်ပြောလိုက်လေသည်။ သို့သော်ငြား သူ့အပြုံးမှာ ငိုယိုနေသည့် မျက်နှာထက်ပင်လျှင် ပို၍ ရုပ်ဆိုးအကျည်းတန်နေခဲ့၏။
"နားလည်မှုလွဲတာ၊ ဘယ်လိုလွဲတာလဲ မင်းငါ့ကို ရှင်းပြပေးလို့ ရမလား" လူငယ်လေးသည် မာချောင်ကျွင်းအား ထူးမခြားနားဟန်ဖြင့် ကြည့်လိုက်သည်။
မာချောင်ကျွင်း မည်ကဲ့သို့များ ရှင်းပြနိုင်ပါမည်နည်း။ မာချောင်ကျွင်း၏ ဘဝတွင် အခြားသူများအား အနိုင်ကျင့်ခဲ့သည်သာ ရှိပေသည်။ တစ်ယောက်ယောက်အား သွားပြဿနာရှာ၍ မနိုင်လျှင်ပင် ချက်ချင်း ထွက်ပြေးလာလိုက်ရုံပင်။ တကယ်တော့ သူ့ခွန်အားသည် ဤကြယ်စီရင်စုကြီး၏ အမြင့်ဆုံးထဲ ပါနေသည် မဟုတ်ပေလော။ ထိုအကြောင်းကြောင့်ပင်လျှင် မာချောင်ကျွင်းမှာ အခြားသူများအား အကြောင်းပြချက် ပေးရလေ့ မရှိပေ။ စကားပြောကောင်းသူ တစ်ဦးလည်း မဟုတ်သည့်အတွက်ကြောင့် ယခုလက်ရှိ ကိစ္စအား မရှင်းပြနိုင် ဖြစ်နေခဲ့သလို ကြောက်ရွံ့မှုကြောင့် မာချောင်ကျွင်း၏ နဖူးထက် ချွေးများ ဝေ့သီလာရတော့ပြီး စကားတစ်ခွန်းကိုမှ အဆီအငေါ်တည့်အောင် မပြောတော့နိုင် ဖြစ်နေရသည်။ သူ့အနေဖြင့် ယခုကိစ္စကို ကောင်းကောင်း ရှင်းမပြနိုင်ပါက ပြဿနာတက်ရလိမ့်မည်မှန်း မာချောင်ကျွင်း သေချာ သိနေခဲ့သည့်တိုင် ဘာမှမပြောနိုင်ခဲ့ချေ။
နောက်ဆုံးတွင်တော့ ဘာမျှမပြောရန်သာ ဆုံးဖြတ်လိုက်ပြီး အံကို တင်းတင်းကြိတ်၍ ချက်ချင်းလှည့်ပြေးတော့လေသည်။ လက်ရှိအနေအထားအရ သူ့အတွက် ထွက်ပြေးခြင်းမှလွဲ၍ အခြားသော ရွေးချယ်စရာ မရှိတော့ပေ။
အပြစ်တင်ရမည်ဆိုလျှင် လူငယ်လေးအား တဇွတ်ထိုး တိုက်ခိုက်ခဲ့သည့် သူနှင့် ဟဲဝူကျွေ့ကိုသာ အပြစ်တင်ရပေလိမ့်မည်။ သူ့ရန်သူ မည်မျှ အားကောင်းကြောင်းကို နားမလည်နိုင်ခဲ့သည့် သူ့ကိုယ်သူလည်း မာချောင်ကျွင်း ပြန်၍ အပြစ်တင်နေမိလေသည်။
မာချောင်ကျွင်း ထွက်ပြေးသွားသည်ကို မြင်သည့်အခါ ဟဲဝူကျွေ့လည်း မည်ကဲ့သို့များ ဆက်နေနိုင်တော့မည်နည်း။ ချက်ချင်းပဲ မာချောင်ကျွင်း ထွက်ပြေးသွားသည့် အရပ်နှင့် ဆန့်ကျင်ဘက် အရပ်ဆီသို့ လှည့်ပြေးတော့လေ၏။ သူ့စိတ်ထဲတွင်တော့ သူထွက်ပြေးခွင့် ရစေရန်အတွက် ထိုလူငယ်လေး မာချောင်ကျွင်း နောက်သို့ လိုက်သွားပါစေဟုသာ ဆုတောင်းနေမိလေသည်။
လူငယ်လေးမှာမူ ထွက်ပြေးသွားသည့် လူနှစ်ယောက် အနောက်သို့ လိုက်သွားခြင်း မရှိဘဲ သူ့လက်ထဲတွင် ရှိနေသည့် ရွှေရောင်အလုံးများကိုသာ ပစ်လွှတ်လိုက်လေသည်။ ရုတ်တရက်ဆိုသလို ရွှေရောင်အလုံးတစ်လုံးသည် အလွန်တရာကိုမှ မြန်ဆန်သည့်နှုန်းဖြင့် ပြေးထွက်သွားခဲ့လေ၏။
"အား" ချောက်ချားဖွယ်ရာ အော်ဟစ်သံနှင့်အတူ လူတစ်ဦး မြေပြင်ပေါ် ပြုတ်ကျလာခဲ့သည်။
ဟဲဝူကျွေ့မှာတော့ နောက်သို့ တစ်ချက်ပင် လှည့်မကြည့်ရဲခဲ့ဘဲ ထွက်ပြေးရာတွင်သာ အပြည့်အဝ အာရုံစိုက်ထားခဲ့လေသည်။ အစောပိုင်းက အော်လိုက်သည့် လူမှာ မာချောင်ကျွင်းမှန်း သူသိနေခဲ့သည်။
ရုတ်တရက်ဆိုသလို သူ၏ကျောပြင် ထိုးအောင့်လာခဲ့ပြီး သူ့ခန္ဓာကိုယ်ဟာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရလေသည်။ အလျင်အမြန် ကုန်းရုန်းထလိုက်ပြီးသည့်နောက် ငုံ့ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် သွေးအိုင်ကြီး တစ်ခု ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ဆီမှ တစ်ခုခု ပျောက်ဆုံးသွားသလို ခံစားလိုက်ရလေသည်။
ဟဲဝူကျွေ့လည်း သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်ရာ သူ့ရင်ဘတ်နေရာတွင် အပေါက်တစ်ပေါက် ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ထိုအပေါက်မှတစ်ဆင့် လှုပ်ရှားနေသော သူ့ကိုယ်တွင်းအင်္ဂါများကိုပင်လျှင် အတိုင်းသား မြင်နေခဲ့ရလေသည်။ မကြာခင်တွင် သူ့မြင်ကွင်းတစ်ခုလုံး ဝေဝါးသွားခဲ့ပြီး သူ့ခန္ဓာကိုယ်ကြီးမှာတော့ မြေပြင်ပေါ်သို့ ဘုတ်ခနဲ လဲကျသွားခဲ့လေ၏။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ ချောက်ချားဖွယ် ကောင်းစွာ တိတ်ဆိတ်နေခဲ့လေသည်။ လုမိသားစု၏ ရာနှင့်ချီသော တပည့်များ ဖြစ်ပါစေ၊ လေပြင်းပင်လယ်ဓားပြအဖွဲ့မှ ကြယ်တာရာ ပင်လယ်ဓားပြများ ဖြစ်ပါစေ၊ ဟဲမိသားစုမှ လက်ရွေးစင် ကျင့်ကြံသူများ ဖြစ်ကြပါစေ အကုန်လုံးမှာ မလှုပ်မယှက် ရပ်နေသော လူငယ်လေးကိုသာ ကြောက်ရွံ့မှုအပြည့်ဖြင့် ကြည့်နေကြလေသည်။
ထိုသို့ ဖြစ်သည်မှာလည်း အဆန်းတော့ မဟုတ်။ တိုက်ပွဲအစမှ အဆုံးအထိ လူငယ်လေးသည် သူ့စွမ်းအင် အနည်းငယ်မျှကိုမှ ထုတ်သုံးခဲ့ခြင်း မရှိခဲ့။ ထိုအစား မာချောင်ကျွင်း၏ ရွှေရောင်အလုံး နှစ်လုံးကို ပစ်လွှတ်လိုက်ခြင်းသာ ရှိပေသည်။ တစ်နည်းဆိုရသော် လူငယ်လေးသည် သူ့ရုပ်ခန္ဓာ ခွန်အားသက်သက်ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပေသည်။ ထိုသို့ ဖြစ်သည့်တိုင် ဤကြယ်စီရင်စုကြီး၏ ထိပ်တန်းပညာရှင်များထဲ အပါအဝင် ဖြစ်ကြသည့် မာချောင်ကျွင်းနှင့် ဟဲဝူကျွေ့တို့မှာ တစ်ချက်ကလေးပင် ခုခံနိုင်ခဲ့ခြင်း မရှိဘဲ အသက်ပျောက်သွားခဲ့ရသည်။
မာချောင်ကျွင်းနှင့် ဟဲဝူကျွေ့တို့ နှစ်ဦးစလုံး သေသွားခဲ့လေပြီ။ နှစ်ဦးစလုံးသည် တန်ခိုးရှင်ဘုရင် ပထမအဆင့် ကျင့်ကြံသူများပင်ဖြစ်လင့်ကစား ဤလူငယ်လေး၏ ရှေ့မှောက်တွင်တော့ သုံးနှစ်သား ကလေးများပမာ ကူကယ်ရာမဲ့နေခဲ့ကြရသည်။ လုမိသားစုကို အလစ်ငိုက်ချောင်း တိုက်ခိုက်ရန် ကြံစည်ပြီးသည့်နောက် သူတို့အနေဖြင့် ဤကဲ့သို့သော အဆုံးသတ်မျိုးဖြင့် ကြုံတွေ့ရလိမ့်မည်ဟု နှစ်ဦးစလုံး မျှော်လင့်ထားခဲ့ကြလိမ့်မည် မဟုတ်ချေ။
အဖွဲ့သုံးဖွဲ့စလုံးမှ ကျင့်ကြံသူများသည် လူငယ်လေးအား ကြည့်ရင်း ကြောက်ရွံ့မှု၊ ထိတ်လန့်တုန်လှုပ်မှုတို့ကို ခံစားနေကြရသည်။ လူငယ်လေး၏ စွမ်းအားကို မြင်တွေ့ပြီးသည့်နောက် ထိုလူငယ်လေးသာ ဆန္ဒရှိပါက သူတို့အားလုံးကို အလွယ်တကူ သတ်ပစ်နိုင်မှန်း လူတိုင်း သိနေကြလေသည်။
ထိုလူငယ်လေးကို ကြည့်ရင်း လုဟွိုက်ရွှမ်း၏ စိတ်ထဲ ဒွိဟဖြစ်နေသလို ခံစားနေရလေသည်။ သူမစိတ်ထဲ ထိုလူငယ်လေးအား ကျေးဇူးတင်မိပါသော်ငြား တစ်ချိန်တည်းတွင်လည်း ကြောက်ရွံ့နေမိလေ၏။
လူငယ်လေးသည် သူမအသက်ကို ကယ်ခဲ့သည်မှာ မှန်ပါသော်ငြား သူမတို့နှစ်ဦးသည် ယခုမှ ပထမဦးဆုံးအကြိမ် စတင်တွေ့ဖူးခြင်း ဖြစ်သလို ထိုလူငယ်လေးသည် လူကောင်း ဟုတ်မဟုတ်ကိုလည်း သူမ မသိရသေးပေ။ သူမကိုယ်တိုင်သည် ယခင်ကကဲ့သို့ အတွေ့အကြုံ နုနယ်သေးသည့် ကလေးမလေးတစ်ဦး မဟုတ်တော့သလို ရာနှင့်ချီသော ကျင့်ကြံသူပေါင်းများစွာ၏ အသက်မှာလည်း သူမပခုံးပေါ်တွင် ရှိနေခဲ့လေသည်။ ထိုအတွက်ကြောင့် သူမအမြင် တစ်ခုတည်းဖြင့်သာ ဆုံးဖြတ်ချက်ချ၍ မရတော့ချေ။
ဤလူငယ်လေး မည်ကဲ့သို့သော လူစားမျိုး ဖြစ်သလဲဆိုသည်ကို သိချင်မိပါသော်ငြား သွားတော့ မမေးရဲခဲ့။ လုဟွိုက်ရွှမ်း တုံ့ဆိုင်းနေစဉ်မှာပင် လူငယ်လေးသည် ယဲ့ယဲ့လေး ပြုံးလျက် သူမဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။
လူငယ်လေး၏ အပြုံးကို မြင်လိုက်သည့်အခိုက် လုဟွိုက်ရွှမ်း ရင်တဒုန်းဒုန်း ခုန်သွားခဲ့ရသည်။ သူမတစ်ကိုယ်လုံးမှာလည်း ကျောက်ရုပ်ကြီးပမာ တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။ အကြောင်းမှာ လူငယ်လေး၏ အကြည့်သည် သူမ၏ အဝတ်အစားအားလုံးကို ထိုးဖောက်၍ သူမခန္ဓာကိုယ် တစ်ခုလုံးကို ထွင်းဖောက်ကြည့်သွားသည်ဟု ခံစားလိုက်ရသည့်အတွက်ကြောင့်ပင်။
"ငါသာ မင်းနေရာမှာဆိုရင် ပုန်းမနေတော့ဘဲ ကိုယ့်ဘာသာကိုယ် ထွက်လာလိုက်ပြီ" ထိုစကားကို ကြားသည့်အခါ လုဟွိုက်ရွှမ်း၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။
[သူ ဘာပြောချင်နေတာလဲ၊ ငါ သူ့ကို ရန်စမိလိုက်တယ်လို့တော့ မထင်ပါဘူး၊ သူ တိုက်ခိုက်ခံရတုန်းကတောင် ငါ သူ့ကို ဝင်ကူညီပေးခဲ့သေးတာပဲ၊ ပြီးတော့ ကောင်းကင်မိုးကြိုး ပစ်ချလာတဲ့ အချိန်တုန်းကလည်း သူ ငါ့ကို တွန်းထုတ်လိုက်သေးတယ်၊ ပုံမှန်ဆိုရင် သူက လူဆိုးတစ်ယောက်လည်း မဟုတ်ပါဘူး၊ ဘာဖြစ်လို့ သူ့ပုံစံကြီးက ရုတ်တရက်ကြီး ပြောင်းသွားရတာလဲ]
လူငယ်လေးသည် သူမထက် အများကြီး ပိုအားကောင်းသည့်အတွက်ကြောင့် လုဟွိုက်ရွှမ်းမှာ လူငယ်လေး ပြောစကားကို မနာခံဘဲ မနေရဲပေ။ သူမ၏ ကျင့်ကြံခြင်းမှာ မာချောင်ကျွင်းနှင့် ဟဲဝူကျွေ့တို့နှင့် အတူတူလောက်သာတွင် ရှိသည် မဟုတ်ပေလော။ ထိုလူငယ်လေးသည် ထိုနှစ်ဦးကိုပင် လွယ်လင့်တကူ သတ်ပစ်သွားနိုင်လေရာ သူမကိုလည်း အလွယ်တကူ သတ်ပစ်နိုင်ပေလိမ့်မည်။
ထိုအတွက်ကြောင့် လုဟွိုက်ရွှမ်းသည် သက်ပြင်းချရင်းမှ သူမ၏ ကံတရားကို လက်ခံရန် ဆုံးဖြတ်လိုက်လေသည်။ သို့သော်ငြား သူမအနေဖြင့် ရှေ့သို့ တစ်လှမ်းပင် မလှမ်းရသေးခင်မှာပင် သူမအနောက်ဘက်ဆီမှ တစ်ခုခုအား ခံစားမိလိုက်သဖြင့် ချက်ချင်းပဲ အနောက်သို့ လှည့်ကြည့်လိုက်ရာ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံခြင်း အရှိန်အဝါကို ထုတ်လွှတ်နေသော လူတစ်ဦးကို တွေ့လိုက်ရလေသည်။
ထိုလူ မည်သူမှန်း သိလိုက်ပြီးသည့်နောက် လုဟွိုက်ရွှမ်း၏ မျက်လုံးများ မှေးစင်းသွားခဲ့တော့လေသည်။ [လေပြင်းပင်လယ်ဓားပြအဖွဲ့ရဲ့ ပထမခေါင်းဆောင် ရှန်းယောင်လား]
ဤသည်မှာ လုဟွိုက်ရွှမ်းအဖို့ ရှန်းယောင်အား ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပါသော်ငြား မြင်မြင်ချင်း တန်းမှတ်မိလိုက်လေသည်။ ဤကဲ့သို့သော နေရာမျိုးတွင် ပေါ်လာနိုင်သည့် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်ကျင့်ကြံသူဆို၍ ရှန်းယောင်မှလွဲကာ အခြား မည်သူများ ရှိနိုင်ပါမည်နည်း။
ဤကြယ်စီရင်စုကြီးထဲရှိ ထိပ်တန်း အင်အားစုပေါင်းများစွာ အတူပူးပေါင်း၍ လိုက်လံရှင်းပစ်ခဲ့သည့်တိုင် အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့သော လေပြင်းပင်လယ်ဓားပြအဖွဲ့၏ ပထမခေါင်းဆောင် ရှန်းယောင်သည် လက်ရှိအချိန်တွင် အလွန်ကိုမှ နာခံတတ်သည့် အစေခံလေးတစ်ဦးပမာ ယဲ့ယဲ့လေး ပြုံးရင်း ရှိနေခဲ့လေသည်။
လုဟွိုက်ရွှမ်းကို ဖြတ်ကျော်လာပြီးသည့်နောက် ရှန်းယောင်သည် လူငယ်လေး၏ အရှေ့တွင် ရပ်လိုက်ပြီး တလေးတစားဖြင့် ဦးညွှတ်လျက် နှုတ်ဆက်လိုက်လေသည်။ "မင်္ဂလာပါ စီနီယာ၊ ဒီနိမ့်ကျတဲ့ လူကိုတော့ ရှန်းယောင်လို့ ခေါ်ပါတယ်၊ စီနီယာရဲ့ မယုံကြည်နိုင်စရာ စွမ်းအားကို မြင်ပြီးတဲ့နောက်ပိုင်း ဒီနိမ့်ကျတဲ့ လူက အလွန်ကိုမှ နှစ်ထောင်းအံ့အားသင့်မိသွားခဲ့လို့ စီနီယာနောက်ကို လိုက်ပြီး စီနီယာရဲ့ လက်အောက်ငယ်သားတစ်ဦး ဖြစ်လိုစိတ် ဖြစ်မိပါတယ်၊ ကျေးဇူးပြုပြီး ဒီနိမ့်ကျတဲ့ လူကို လက်အောက်ငယ်သားတစ်ဦးအဖြစ် လက်ခံပေးဖို့ တောင်းဆိုချင်ပါတယ် စီနီယာ”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၈၄)
ဘာသာပြန်သူ_တိမ်တိုက်
ထိုမြင်ကွင်းကို ကြည့်ရင်း လူတိုင်းမှာ မျက်လုံးအပြူးသား ဖြစ်နေခဲ့ကြသည်။ ရှန်းယောင်မှာ အညံ့ခံလိုစိတ်မရှိဘဲ ပြန်လည်တုံ့ပြန်တိုက်ခိုက်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်ငြား ပေါ်လာပြီးပြီးချင်းမှာပင် ယခုကဲ့သို့ ချက်ချင်း ဦးညွှတ်လိုက်လိမ့်မည်ဟု မထင်ထားသည့်အတွက်ကြောင့် လူတိုင်းမှာ ကြောင်အမ်းအမ်း ဖြစ်နေကြလေ၏။
[ဒါ ငါတို့သိတဲ့ လေပြင်းပင်လယ်ဓားပြအဖွဲ့ရဲ့ ပထမခေါင်းဆောင်ရော ဟုတ်ရဲ့လား] ထိုမြင်ကွင်းကို ကြည့်ရင်း လူတိုင်းမှာ အိပ်မက်မက်နေသလို ခံစားနေကြရလေသည်။ သို့သော်ငြား သေသေချာချာ စဉ်းစားကြည့်လိုက်ပြီးသည့်နောက် ရှန်းယောင်သည် အခြေအနေအရ အလိုက်သင့် လှုပ်ရှားနေခြင်းသာဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
ရှန်းယောင် ကိုယ်တိုင်သည်လည်း ဤလူငယ်လေးအား အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိချေ။ ထို့ကြောင့်ပင်လျှင် ဤမျှအောက်ကျို့နေရခြင်း ဖြစ်လေသည်။ ပညာရှင်တစ်ဦးသည် သူ့ထက် ပိုအားကောင်းသည့် ပညာရှင်တစ်ဦးနှင့် တွေ့သည့်အခါမှသာလျှင် အောက်ကျို့နိုင်ကြပေသည်။
ရှန်းယောင်ကို ကြည့်နေရင်းမှ စိတ်ဝင်စားစရာတစ်ခုကို ရှာတွေ့သွားသည့်အလား လူငယ်လေး ယဲ့ယဲ့လေး ပြုံးလိုက်သည်။ သို့သော်ငြား မကြာမီတွင် မျက်မှောင် ပြန်ကြုတ်သွားခဲ့သည်။ ဤရှန်းယောင်ဆိုသူမှာ အလွန်ကိုမှ သွေးကြောင်လိမ့်မည်ဟု သူကိုယ်တိုင်လည်း မမျှော်လင့်ထားခဲ့ပေ။ ကိုယ့်အား ပြုံးပြနေသည့် လူတစ်ဦးကို ပါးသွားရိုက်ဖို့ရာ မသင့်တော်။ ရှန်းယောင်မှာ တစ်ချိန်လုံး ပုန်းအောင်းနေခဲ့သော်ငြား သူ့အပေါ် တိုက်ခိုက်ခဲ့ခြင်းမရှိ။ ထိုအတွက်ကြောင့် သူတို့အကြား မည်သည့် ရန်ငြိုးရန်စမှ မရှိဟု ပြော၍ရသည်။
ထို့အပြင် ရှန်းယောင်သည် ပေါ်လာပြီးပြီးချင်းမှာပင် သူ့ကိုယ်သူ အောက်ကျို့၍ ဆက်ဆံခဲ့လေသည်။ ထိုအတွက်ကြောင့် လူငယ်လေးအဖို့ ရှန်းယောင်အား သတ်ဖို့ရာ မသင့်တော်။ မာချောင်ကျွင်းနှင့် ဟဲဝူကျွေ့တို့ သေသွားခဲ့ရခြင်းမှာ ထိုနှစ်ဦး၏ လုပ်ရပ်ကြောင့်သာ ဖြစ်လေသည်။ အပြစ်တင်မည်ဆိုလျှင် သူတို့ကိုယ်သူတို့သာ အပြစ်တင်ရပေလိမ့်မည်။
[ခက်တော့တာပဲကွာ] ခဏမျှ တွေဝေတုံ့ဆိုင်းနေပြီးသည့်နောက် လူငယ်လေးမှာ ဘာလုပ်လို့ လုပ်ရမှန်းမသိသည့် အတွက်ကြောင့် ရှန်းယောင်ကို မသိကျိုးကျွံသာ ပြုလိုက်ပြီး မျက်လုံးပြန်မှိတ်ထားလိုက်လေသည်။
ရှန်းယောင်မှာမူ မလှုပ်မယှက် ဦးကိုညွှတ်ထားခဲ့သည်။ ပုတီးစေ့တမျှ ကြီးမားလှသော ချွေးသီးချွေးပေါက်တို့မှာမူ သူ့မျက်နှာအထက် ဝေ့သီလာလေ၏။ မိမိ၏အသက်ကို အခြားသူတစ်ဦးမှ ထိန်းချုပ်ထားသည့် ခံစားချက်မှာ အမှန်တကယ်ကို ခံစားလို့မကောင်းပေ။ သို့ပင်ဖြစ်လင့်ကစား ဤလူငယ်လေးသည် သူ့ထက်အဆပေါင်းများစွာ ပိုမိုအားကောင်းသည့်အတွက်ကြောင့် ရှန်းယောင်မှာ လုံးဝကို အောက်ကျို့နေခဲ့ရလေသည်။
လူငယ်လေး မလှုပ်မယှက် ရပ်နေစဉ်အတောအတွင်း ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း အလားတူ တိတ်ဆိတ်နေခဲ့လေသည်။ တစ်နာရီခန့် ကြာပြီးသည့်တိုင် မလှုပ်မယှက် ရပ်နေဆဲ။
လုမိသားစုဝင်များမှာလည်း အလားတူသာ ရပ်နေကြလေသည်။ သူတို့၏ ခေါင်းဆောင် လုဟွိုက်ရွှမ်းသည်ပင်လျှင် ငြိမ်သက်နေသေးသည် မဟုတ်ပေလော။ လေပြင်းပင်လယ်ဓားပြ အဖွဲ့သားများလည်း အတူတူသာ ဖြစ်ကြပေသည်။ သို့သော်ငြား ဟဲမိသားစုမှ ကျင့်ကြံသူများမှာမူ ထွက်ပြေးရန် အခွင့်အလမ်း ရှာနေသည့်အလား အကြည့်ချင်း ဖလှယ်နေကြလေ၏။
ရုတ်တရက်ဆိုသလို လုဟွိုက်ရွှမ်းသည် ထိုသူများဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။ ဟဲမိသားစုမှ ကျင့်ကြံသူများကို သူမအနေဖြင့် အသက်ရှင်လျက် လွတ်ပေးဖို့ရာ မဖြစ်နိုင်ပေ။ လုမိသားစုနှင့် ဟဲမိသားစုတို့ ရန်သူဖြစ်လာကြသည်မှာ နှစ်ပေါင်းနည်းတော့သည် မဟုတ်။ ယခင်ကတော့ မိသားစုနှစ်ခုမှာ ခွန်အားချင်းတူခဲ့ကြလေသည်။ သို့သော်ငြား ယနေ့မှစ၍ ဟဲမိသားစုသည် ၎င်းတို့၏ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူအား ဆုံးရှုံးလိုက်ရပြီ ဖြစ်သည့်အတွက်ကြောင့် လုမိသားစု၏ပြိုင်ဘက် ဖြစ်နိုင်တော့လိမ့်မည် မဟုတ်။
ထို့အပြင် ဟဲဝူကျွေ့ သေသွားပြီးသည့် နောက်ပိုင်း ဟဲမိသားစုအား ခေါင်းဆောင်မည့်သူ ရှိတော့လိမ့်မည် မဟုတ်ချေ။ ထိုအကြောင်းကြောင့် လုမိသားစုအနေဖြင့် ဤအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ဟဲမိသားစု၏ ပိုင်နက်နယ်မြေများနှင့် စီးပွားရေးလုပ်ငန်းများကို ဝင်ရောက်စီးနင်းနိုင်ပေသည်။ လုဟွိုက်ရွှမ်းအနေဖြင့် ဤကြယ်ပေါ်သို့ ရောက်လာသော ဟဲမိသားစုဝင်များကိုပါ တစ်ခါတည်း ရှင်းပစ်လိုက်နိုင်မည်ဆိုလျှင် အကောင်းဆုံးပင် ဖြစ်လေသည်။
ထိုအချက်ကို နားလည်လိုက်သော် လုဟွိုက်ရွှမ်းသည် လူငယ်လေးဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမကိုယ်သူမ ရဲဆေးတင်၍ ဟဲမိသားစုဝင်များဘက်သို့ ဓားဖြင့်ချိန်ရွယ်ရင်းမှ အေးစက်စက်လေသံဖြင့် အမိန့်ပေးလိုက်လေ၏။"သူတို့အကုန်လုံးကို သတ်ပစ်"
လုဟွိုက်ရွှမ်းသည် ဟဲမိသားစုဝင်များ၏ ကံကြမ္မာကို တမုဟုတ်ချည်း ဆုံးဖြတ်လိုက်တော့လေသည်။ လုဟွိုက်ရွှမ်းမှာ အမျိုးသမီးတစ်ဦး ဖြစ်ပါသော်ငြား သဘောမနောကောင်းသူ တစ်ဦးတော့မဟုတ်။ စိတ်ဓာတ်ပျော့ညံ့သည့်လူသည် ထိပ်တန်းအဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင် ဘယ်သောအခါမျှ ဖြစ်မလာနိုင်ပေ။ လုမိသားစု၏ ခေါင်းဆောင်ရာထူးကို ယူပြီးသည့်အချိန်မှစ၍ လုဟွိုက်ရွှမ်းသည် သူမအတွက်သာလျှင် မဟုတ်၊ မိသားစုတစ်ခုလုံး၏ အရေးကိုပါ ထည့်စဉ်းစားရတော့သည်။
ဟဲမိသားစုမှာ တမုဟုတ်ချည်း တိုက်ပွဲအတွင်း အောက်စီးသို့ ရောက်သွားခဲ့လေသည်။ ရှင်းရှင်းပြောရသော် အစပိုင်းတွင် ဟဲမိသားစုနှင့် လုမိသားစုဝင်များမှာ လက်ရည်ညီနေသည်ဟု ပြော၍ရသည်။ သို့သော်ငြား ဟဲဝူကျွေ့ သေသွားပြီးသည့်နောက်ပိုင်း ဟဲမိသားစုဘက်တွင် လုဟွိုက်ရွှမ်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်မည့်လူ မရှိတော့ချေ။ ထိုအကြောင်းကြောင့်ပင်လျှင် ဟဲမိသားစုမှာ လုမိသားစု၏ တန်ပြန်ထိုးစစ်ကို တစ်ချက်ကလေးမျှပင် မခုခံနိုင်တော့ခြင်း ဖြစ်သည်။
တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ဤကြယ်ပေါ်သို့ ရောက်လာသည့် ဟဲမိသားစုဝင် အားလုံးနီးပါး ရှင်းပစ်ခံလိုက်ရပြီး အနည်းငယ်သည်သာ အသက်ရှင်လျက် လွတ်မြောက်သွားခဲ့ကြသည်။ သို့သော်ငြား ထိုလူများမှာ ဤကြယ်ပေါ်တွင်သာ ပိတ်မိနေတော့မည် ဖြစ်သည့်အတွက်ကြောင့် လုမိသားစုအား ပြဿနာ လာရှာနိုင်တော့မည်မဟုတ်။
မိသားစုနှစ်စု တိုက်ခိုက်နေစဉ်အတောအတွင်း လေပြင်းပင်လယ်ဓားပြများမှာတော့ စတင်၍ ထွက်ပြေးကုန်ကြလေသည်။ လုမိသားစုဝင်များမှာလည်း လေပြင်းပင်လယ်ဓားပြများကို သွား၍ အာရုံစိုက်မနေခဲ့။ သူတို့၏ ဦးစားပေးပစ်မှတ်မှာ ဟဲမိသားစုပင် မဟုတ်လေလော။
ထိုအကြောင်းကြောင့်ပင်လျှင် လေပြင်းပင်လယ်ဓားပြ အဖွဲ့သားများသည် ထိုနေရာမှ အလွယ်တကူ ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့ကြလေသည်။ သို့ရာတွင် သူတို့၏ခေါင်းဆောင်ဖြစ်သော ရှန်းယောင်မှာမူ သူ့လူများ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရလေ၏။
အကျိုးအမြတ်စည်းစိမ်ကို အတူတကွ မျှဝေ ခံစားနိုင်ခဲ့ကြပါသော်ငြား အန္တရာယ်အခက်အခဲများနှင့် ကြုံလာရသည့်အခါတွင် အတူတကွ ရင်ဆိုင်ဖို့သည် သာမန်လူများ အလွယ်တကူ မလုပ်နိုင်ကြသည့် အရာမျိုး ဖြစ်ပေသည်။ သူတို့၏ ပထမခေါင်းဆောင် နောက်တစ်နေ့ နေထွက်သည်ကို မြင်ရဖို့ရာပင် မသေချာတော့လေရာ ကြယ်တာရာပင်လယ်ဓားပြများမှာလည်း ဤနေရာတွင် ဆက်နေပြီး သူတို့၏ သေခြင်းရှင်ခြင်းကို အခြားလူတစ်ဦးမှ ဆုံးဖြတ်သွားမည်ကို မလိုလားတော့ပေ။
ဦးညွှတ်ထားရင်းမှ ရှန်းယောင်မှာ သူ့လူများကို ကြိတ်ကာ ကျိန်ဆဲနေခဲ့လေသည်။ သူ အားကောင်းနေခဲ့စဉ် အခါက ထိုလူများသည် သူ့နောက်သို့လိုက်၍ သူယူဆောင်လာပေးခဲ့သော အကျိုးအမြတ်အားလုံးကို ဝမ်းသာအားရဖြင့် ခံစားခဲ့ကြသည်။ ယခုသူ ဒုက္ခရောက်နေသည့် အခါတွင်တော့ အကုန်လုံးမှာ အမြီးကုပ်ကာ ထွက်ပြေးကြတော့လေသည်။ ယခုမှသာလျှင် သူ့လူများ သူ့အပေါ် မည်မျှ သစ္စာစောင့်သိကြောင်းကို ရှန်းယောင် သိသွားရတော့သည်။
တစ်နာရီခန့် ကြာပြီးသည့်နောက် လုမိသားစု အောင်ပွဲရသွားခဲ့လေသည်။ ဟဲမိသားစုဝင်များကို ရှင်းပစ်ရာတွင် လုမိသားစုဝင် အချို့သာ ဒဏ်ရာရသွားခဲ့ကြ၏။ စစ်ပွဲအတွင်း ဟဲမိသားစုမှ ရာနှင့်ချီသော ကျင့်ကြံသူများ အသတ်ခံကြရပြီး အနည်းငယ်သည်သာ အသက်ရှင်လျက် လွတ်မြောက်သွားခဲ့ကြသည်။ သူတို့၏ တန်ခိုးရှင်အဆင့် ကြယ်သင်္ဘောသည်ပင်လျှင် လုမိသားစု၏ လက်ထဲသို့ ရောက်သွားခဲ့ရသည်။
ယနေ့အဖြစ်အပျက်သည် မည်သူမျှ မမျှော်လင့်ထားသည့် ရလဒ်တစ်မျိုး ဖြစ်လေသည်။ နေမိုးသောက်ကြယ်၏ ပင်တိုင်ခေါင်းဆောင်တစ်ဦး ဖြစ်တော့မည့်အကြောင်းကို တွေးရင်း လုမိသားစုဝင်များ စိတ်လှုပ်ရှားလာကုန်ကြလေ၏။
ယခုကဲ့သို့ ဖြစ်ရခြင်းမှာလည်း ဘယ်ကမှန်းမသိ ဗြုန်းစားကြီး ပေါ်လာသော လူငယ်လေးကြောင့်သာမှန်း လူတိုင်း သိနေကြလေသည်။ ထိုလူငယ်လေးသည်သာ ဟဲဝူကျွေ့အား သတ်မပစ်ခဲ့ပါက လုမိသားစုအနေဖြင့် ဟဲမိသားစုအား ယခုကဲ့သို့ အလွယ်တကူ ရှင်းပစ်နိုင်လိမ့်မည် မဟုတ်ချေ။
တိုက်ပွဲတစ်ပွဲ တိုက်ခိုက်ခဲ့ရပါသော်ငြား လုဟွိုက်ရွှမ်း၏ အဝတ်အစားများမှာမူ သေသပ်သပ်ရပ်နေဆဲ။ သူမ၏မျက်နှာအထက်တွင်လည်း စွဲမက်ဖွယ်ရာ အပြုံးတစ်ပွင့် ရှိနေခဲ့လေသည်။ သို့သော်ငြား လူငယ်လေးရှိရာသို့ လှမ်းကြည့်လိုက်မိသည့်အခိုက် လုဟွိုက်ရွှမ်း ကြောင်သွားခဲ့လေသည်။ အကြောင်းမှာ အစောပိုင်းက လူငယ်လေး ရပ်နေခဲ့သည့်နေရာတွင် မည်သူမျှ ရှိမနေသည့်အတွက်ကြောင့်ပင်။
ရှန်းယောင်မှာမူ အစောပိုင်းကပုံစံအတိုင်း ခါးကိုကုန်းထားရင်းဖြင့် ဦးညွှတ်နေခဲ့လေသည်။
လုဟွိုက်ရွှမ်းသည် ဘေးပတ်ပတ်လည်အား မျက်မှောင်ကြုတ်ကာ လိုက်ကြည့်လေသည်။ လူငယ်လေး အမှန်တကယ် ထွက်သွားပြီမှန်း သိလိုက်ပြီးသည့်နောက် သူမစိတ်ထဲ အနည်းငယ် ဟာတာတာ ဖြစ်သွားခဲ့ရသည်။ ထို့နောက် ရှန်းယောင်ဆီသို့ သွား၍ မေးလိုက်လေ၏ "သူ ဘယ်ရောက်သွားလဲ"
ရှန်းယောင် ပြန်မဖြေခဲ့ပေ။
"သူ ထွက်သွားပြီ" လုဟွိုက်ရွှမ်းက ဆက်ပြောလိုက်သည်။
ထိုစကားကို ကြားသည့် အခါမှသာလျှင် ရှန်းယောင် ခေါင်းမော့လာခဲ့တော့လေသည်။ လူငယ်လေး မရှိတော့မှန်း သဘောပေါက်လိုက်သည့်နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်တုန်ယင်ယင် ဖြစ်သွားခဲ့လေသည်။ လူငယ်လေး မရှိတော့သည့်အပေါ် အံ့အားသင့်ရမည့်အစား ရှန်းယောင်မှာ ပို၍ ထိတ်လန့်တုန်လှုပ်သွားခဲ့ရလေသည်။ အကြောင်းမှာ လူငယ်လေး သူ့ရှေ့မှ မည်သို့ ပျောက်ကွယ်လို့ ပျောက်ကွယ်သွားမှန်းကို သူ့အနေဖြင့် လုံးဝသတိမထားမိလိုက်သည့် အတွက်ကြောင့်ပင်။
ရှန်းယောင် ရပ်နေသည်မှာ လူငယ်လေးနှင့် ခြေဆယ်လှမ်းပင် မကွာပေ။ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ဤလူငယ်လေးသည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်မည်ဆိုလျှင်ပင် သူထွက်သွားသည်ကို ရှန်းယောင် သတိထားမိသင့်ပေသည်။
သို့သော်ငြား ထိုလူငယ်လေး ပျောက်ကွယ်သွားသည်ကို မည်သူမျှ သတိမထားမိခဲ့ပေ။ ထိုအကြောင်းကြောင့်ပင်လျှင် ရှန်းယောင်မှာ အလွန်ကိုမှ ထိတ်လန့်သွားရခြင်း ဖြစ်လေသည်။ တစ်ချိန်တည်းတွင်လည်း သူဆုံးဖြတ်ချက် မှန်ကန်သွားသည့်အပေါ် ကြိတ်၍ ဝမ်းသာနေမိလေသည်။ ယခုအဖြစ်အပျက်ကြောင့် သူ့ဂုဏ်သိက္ခာကို ဆုံးရှုံးလိုက်ရပါသော်ငြား အနည်းဆုံးတော့ အသက်ရှင်နိုင်ခဲ့လေ၏။
"ကျုပ် ထလို့ရပြီလား" ရှန်းယောင်က မေးလိုက်လေသည်။
လုဟွိုက်ရွှမ်းက နှာခေါင်းရှုံ့လိုက်လေ၏။ "ရှင် ဘာလို့ ကျွန်မကို လာမေးနေတာလဲ"
လုဟွိုက်ရွှမ်းမှာ လေပြင်းပင်လယ်ဓားပြ၏ ပထမခေါင်းဆောင်ကို ကြည့်၍မရချေ။ ရှင်းရှင်းပြောရသော် ဤကြယ်စီရင်စုကြီးထဲရှိ ကျင့်ကြံသူအားလုံးလိုလို ပင်လယ်ဓားပြများကို မုန်းတီးကြခြင်း ဖြစ်လေရာ လုဟွိုက်ရွှမ်း ရှန်းယောင်အား ကြည့်မရသည်မှာလည်း အဆန်းတော့ မဟုတ်။
ရှန်းယောင်သည် ရှက်ရှက်ဖြင့် ပြုံးရင်းမှ ခါးကိုမတ်လိုက်လေ၏။ ထို့နောက် သတိထားလျက် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေး ကြည့်လိုက်လေသည်။ လူငယ်လေး ရုတ်တရက်ကြီး ပြန်ပေါ်လာမည်ကို သူ့စိတ်ထဲ အလွန်ကိုမှ ထိတ်လန့်နေမိလေ၏။
လက်ဖက်ရည်တစ်ခွက် ဆူစာခန့် ကြာပြီးသည့် နောက်မှသာလျှင် ရှန်းယောင် သက်ပြင်းအမောကြီး ချလိုက်နိုင်ပြီး သူ့နဖူးတွင်ရှိနေသော ချွေးများကို သုတ်လိုက်နိုင်လေသည်။ သူ ယခုအချိန်ထိတိုင် အသက်ရှူနေသေးသည်ကို ကြည့်ပါက လူငယ်လေးသည် သူ့အား သတ်လိုစိတ်မရှိသည့်ပုံပင်။ တစ်ချိန်တည်းတွင်လည်း တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်ပင်ဖြစ်သော သူကဲ့သို့ လူတစ်ဦးအား လူငယ်လေးမှာ အနည်းငယ်မျှပင် စိတ်မဝင်စားသည့်အပေါ် ရှန်းယောင် အနည်းငယ် စိတ်ဓာတ်ကျချင်သလို ဖြစ်သွားခဲ့လေသည်။ သူသည် ထိုလူငယ်လေး၏ အမြင်တွင် ဤမျှအားနည်းလေသလော။
"သခင်မလေးလု၊ ကျုပ် ခင်ဗျားအကြောင်းကို ကြားဖူးတာ ကြာပြီ၊ ဟားဟား" ရှန်းယောင်သည် ဖားဖားယားယား ပြုံးရင်းမှ လုဟွိုက်ရွှမ်းအား လက်သီးဆုပ်ပြလိုက်လေ၏။
"သူ အခုဘယ်မှာလဲ" လုဟွိုက်ရွှမ်းအနေဖြင့် သူမဘဝတွင် လူတစ်ဦးအား ဤမျှ အစောတလျင် လိုက်ရှာရလိမ့်မည်ဟု တစ်ခါမျှ မျှော်လင့်ထားခဲ့ခြင်း မရှိချေ။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ အစောပိုင်းက လူငယ်လေးအကြောင်းကို ရှန်းယောင်အား လိုက်မေးနေရတော့လေ၏။
"ကျုပ်… ကျုပ်မသိဘူး" ရှန်းယောင်က အားတင်းပြုံး၍ ပြန်ပြောလိုက်သည်။
ချက်ချင်းဆိုသလို လုဟွိုက်ရွှမ်းသည် ရှန်းယောင်အား အထိတ်တလန့်ဖြင့် ကြည့်လိုက်လေသည်။ ရှန်းယောင်၏ စကားအသွားအလာမှတစ်ဆင့် အဓိပ္ပာယ်တစ်မျိုးမျိုးကို သဘောပေါက်သွားသည့်အလား။
"သူ ဒီကြယ်တွေပေါ်မှာ ရှိနေဦးမယ်နဲ့ တူတယ်" ရှန်းယောင်မှာလည်း သိပ်တော့ မသေချာချေ။ ထို့သို့ပင် ဖြစ်လင့်ကစား ထိုလူသည်သာ တကယ် ထွက်သွားမည်ဆိုလျှင် သူ့အနေဖြင့် ဤအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ထွက်ပြေးသင့်ပေသည်။ ရှန်းယောင်မှာ လုမိသားစုအား ထပ်မံ၍ ထိခိုက်အောင် မလုပ်ရဲတော့ချေ။ ယခုအဖြစ်အပျက် ပြီးသည့်နောက်တွင် သူ့အနေဖြင့် ဤပြဿနာထုပ်ကြီးဆီမှ ဝေးနိုင်သမျှ ဝေးရာတွင်သာ နေချင်မိတော့သည်။ ထိုအတွက်ကြောင့် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ "သူ့ကို အတူတူပေါင်းပြီးတော့ လိုက်ရှာကြည့်ကြမလား"
လုဟွိုက်ရွှမ်းသည် ပခုံးတွန့်ပြလိုက်ပြီးသည့်နောက် သူမ၏ ကြယ်လွန်းပျံကို ထုတ်၍ ထိုအပေါ်သို့ တက်ကာ တစ်ခုသောဘက်ဆီသို့ ထွက်သွားလေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ရှန်းယောင်၏ နှုတ်ခမ်း တွန့်ကွေးသွားခဲ့သည်။ သူ့စိတ်ထဲ ဤအခွင့်အရေးကို အသုံးချ၍ ထွက်ပြေးလျှင် ကောင်းမလား၊ ထိုထူးဆန်းသည့် လူငယ်လေးကိုပဲ လိုက်ရှာလျှင် ကောင်းမလား ဝေခွဲရခက်နေလေ၏။ နောက်ဆုံးတွင်တော့ အံကိုတင်းတင်းကြိတ်၍ ကြယ်လွန်းပျံနောက်သို့ ပြေးလိုက်သွားလေသည် "သခင်မလေးလု၊ ကျုပ်ကို စောင့်ပါဦး"
လက်ရှိအချိန်တွင် ရှန်းယောင်သည် လူငယ်လေးအပေါ် လေးလည်း လေးစားမိသလို ကြောက်လည်း ကြောက်ရွံ့နေမိလင့်ကစား ထို့ထက်ပိုသည့် အခြားသော ခံစားချက်တစ်မျိုးကိုလည်း လူငယ်လေးဆီမှ ရခဲ့လေသည်။ ထိုအရာမှာ သူ့လက်ရှိခွန်အားဖြင့် မည်သို့မှ မရောက်ရှိနိုင်သော ပိုမို တစ်ဆင့်မြင့်မားသည့် သိုင်းတာအိုသာ ဖြစ်လေသည်။
လက်ရှိအချိန်တွင် လူငယ်လေးသည် တောင်တစ်လုံးအထက် တင်ပျဉ်ခွေထိုင်နေခဲ့လေသည်။ ကြယ်သေတစ်ခုလုံးမှာ အသက်ဓာတ် ကင်းမဲ့နေသလို သစ်ပင်ပန်းမန်များလည်း ပေါက်ရောက်နေခြင်း မရှိ။ ထိုအကြောင်းကြောင့် ယခုကဲ့သို့သော လွင်တီးခေါင်ပြင် ဖြစ်နေသည့် တောင်ကတုံးများကို ဤကြယ်သေ အပေါ်၌ နေရာအနှံ့ တွေ့မြင်နိုင်ပေသည်။ ထိုလူငယ်လေး လက်ရှိထိုင်နေသော တောင်တစ်ခုလုံးကို ကျောက်တုံးများ သဲများဖြင့် ဖုံးလွှမ်းထားခဲ့သည်။ လေပြင်းတစ်ချက် တိုက်သွားတိုင်း ဖုန်အလိမ်းလိမ်း ထလာခဲ့လေရာ လူငယ်လေး၏ ပတ်လည် ဆယ်မီတာဝန်းကျင် တစ်ခုလုံး ဖုန်များဖြင့် လွှမ်းခြုံသွားခဲ့ရလေ၏။
ကျောက်တုံးတောင်လေးသည် တစ်မိုင်လောက်သာ မြင့်ပေသည်။ သို့သော်ငြား တောင်အောက်တွင် ရပ်နေသော ရှန်းယောင်နှင့် လုဟွိုက်ရွှမ်းအဖို့ တောင်ပေါ်သို့ မော့ကြည့်ရသည်မှာ တစ်မိုင်လောက်သာ မြင့်သည့် တောင်တစ်လုံးအား မော့ကြည့်နေရသလို မခံစားရဘဲ မိုင်တစ်ရာခန့် အမြင့်ရှိ တောင်တစ်လုံးအား မော့ကြည့်နေရသလို ခံစားရလေသည်။ တောင်လေးမှာ သေးပါသော်ငြား တောင်ပေါ်တွင် ရပ်နေသည့် လူမှာတော့ သူတို့ပင် မော်မကြည့်နိုင်လောက်သည့် အဆင့်မျိုး ဖြစ်ပေသည်။
လွန်ခဲ့သော လဝက်ခန့်က နှစ်ဦးအတူ ပူးပေါင်း၍ လိုက်ရှာရင်းမှ ဤလူငယ်လေးကို ဤနေရာ၌ ရှာတွေ့သွားခဲ့သည်။ သို့ရာတွင် လူငယ်လေးကို သွားရောက်၍ မနှောင့်ယှက်ရဲသည့်အတွက်ကြောင့် တောင်အောက်ခြေတွင်သာ ရပ်စောင့်နေခဲ့ရလေသည်။ ယခုဆိုလျှင် သူတို့ ရပ်စောင့်နေခဲ့သည်မှာ လဝက်ခန့် ရှိသွားခဲ့လေပြီ။ ထိုအချိန်အတောအတွင်း လူငယ်လေးမှာ လူသေတစ်ဦးပမာ မည်သည့် အရှိန်အဝါကိုမှ ထုတ်လွှတ်ခြင်းမရှိဘဲ တောင်ပေါ်တွင်သာ မလှုပ်မယှက် ထိုင်နေခဲ့လေ၏။
ထိုလူငယ်လေး ဘာလုပ်လို့ လုပ်နေမှန်းကို လုဟွိုက်ရွှမ်းနှင့် ရှန်းယောင်တို့ နှစ်ဦးစလုံး မသိကြပေ။ လူငယ်လေး၏ ပုံစံမှာ ကျင့်ကြံနေသည့်ပုံမပေါ်ဘဲ အိပ်စက်မိန်းမောနေသည့် ပုံစံမျိုးပင် ပေါက်နေသေးသည်။ လဝက်လုံးလုံး ဘာမျှမလုပ်ရဘဲ ဤအတိုင်း ရပ်စောင့်နေရသည်မှာ အလွန်ကိုမှ ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှပေသည်။ သို့သော်ငြား ကံကောင်းစွာဖြင့် နှစ်ဦးစလုံးမှာ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည့်အလျောက် ယခုကဲ့သို့ နှစ်ပေါင်းများစွာကို မလှုပ်မယှက် ထိုင်နေရသည့် အခိုက်အတန့်မျိုးဖြင့် အသားကျနေကြသူများ ဖြစ်နေကြသည်။
ရှန်းယောင်သည် ထိုလူငယ်လေးအကြောင်းကို ပိုသိချင်ခဲ့သည်။ ထိုအတွက်ကြောင့် လူငယ်လေးအကြောင်းကို လုဟွိုက်ရွှမ်းအား သွားသွား၍ မေးလေသည်။ သို့သော်ငြား လုဟွိုက်ရွှမ်း ကိုယ်တိုင်သည်လည်း လူငယ်လေးအကြောင်း ဘာဆိုဘာမျှ မသိ။ ထိုလူငယ်လေးသည် သူမ၏ ကြယ်သင်္ဘောပေါ်တွင် အဆန်းတကြယ် ပေါ်လာခဲ့သည့် အကြောင်းကိုသာ သိထားလေသည်။ ထိုစဉ်က လူငယ်လေးမှာ သေနေပြီဟုပင် သူမစိတ်ထဲ တွေးခဲ့သည်။ မည်သို့ပင် ဖြစ်နေစေကာမူ သူမ၏ တတိယဦးလေး ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း လုဟွိုက်ရွှမ်း အသိအမှတ်ပြုရပေလိမ့်မည်။
ကြယ်သင်္ဘော ပျက်စီးသွားရခြင်းမှာ ကျိန်းသေ ဤလူငယ်လေးကြောင့် ဖြစ်ပေသည်။ ဤလူငယ်လေးကဲ့သို့သော လူမျိုးသည်သာ သလင်းအမြောက် ဆယ်ခု၏ ပူးပေါင်းပစ်ခတ်အားကို ခံနိုင်ပေလိမ့်မည်။
သို့သော်ငြား လက်ရှိအချိန်တွင်တော့ လုဟွိုက်ရွှမ်းမှာ အတော်လေးကိုမှ စိတ်ပေါက်နေခဲ့ရသည်။ အကြောင်းမှာ လေပြင်းပင်လယ်ဓားပြအဖွဲ့၏ ပထမခေါင်းဆောင်မှာ သူမအား အဆက်မပြတ်ကို မေးခွန်းများ ထိုင်မေးနေသည့် အတွက်ကြောင့်ပင်။ လက်ရှိအချိန်တွင် ရှန်းယောင်ပုံစံသည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်နှင့်ပင် မတူတော့ဘဲ နားပူနားဆာ လုပ်နေသည့် အိမ်ရှင်မတစ်ဦးနှင့်ပင် တူနေတော့သည်။
သို့သော်ငြား ရှန်းယောင်မှ သူမအား ကြည့်လာသည့် အကြည့်ထဲတွင် မည်သည့် ယုတ်ညစ်သည့် အရိပ်အယောင်မျှ ရှိမနေကြောင်း လုဟွိုက်ရွှမ်း သတိထားမိသည်။ ထိုအတွက်ကြောင့် ရှန်းယောင်မှ သူမအား ထပ်တလဲလဲ ကြည့်နေစေကာမူ လုဟွိုက်ရွှမ်းမှာတော့ သိပ်၍ ဂရုမစိုက်။ သူရွံမုန်းသည်မှာ သူမအား တဏှာအကြည့်ဖြင့် ကြည့်လာသည့် လူများ၏ အကြည့်များသာ ဖြစ်လေသည်။
"သခင်မလေးလု၊ ကျုပ်တို့ အခုလို တွေ့ဆုံရတာ ရေစက်ပါလို့ပဲ၊ နောက်ပိုင်း သခင်မလေးလု အားရင် ကျုပ်ရဲ့ လေပြင်းပင်လယ်ဓားပြ ဌာနချုပ်ဆီ လာလည်လေ၊ ကျုပ်တို့မှာ…"
"အဲဒီအကြောင်းကို နောက်မှပြောကြတာပေါ့" လုဟွိုက်ရွှမ်းက ဖြတ်ပြောလိုက်လေသည်။
ချက်ချင်းဆိုသလို ရှန်းယောင်၏ အမူအရာ ခါးသက်သက် ဖြစ်သွားခဲ့ရလေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၈၅)
ဘာသာပြန်သူ_တိမ်တိုက်
ရက်အနည်းငယ်ခန့်ကြာပြီးသည့်နောက်တွင် လုဟွိုက်ရွှမ်းနှင့် ရှန်းယောင်တို့သည် တစ်ခုခုအား အာရုံခံမိသွားခဲ့ပြီး တောင်ပေါ်သို့ လှမ်းကြည့်လိုက်လေသည်။ တောင်ပေါ်တွင် တစ်ချိန်လုံး တင်ပလင်ခွေထိုင်နေခဲ့သော လူငယ်လေးသည် လက်ရှိအချိန်တွင် မတ်တပ်ရပ်၍ အကြောအချင် ဆန့်နေခဲ့သည်။ ထို့နောက် သန်းဝေရင်းမှ အဝေးတစ်နေရာဆီသို့ လှမ်း၍ ကြည့်လိုက်လေ၏။
လုဟွိုက်ရွှမ်းနှင့် ရှန်းယောင်တို့သည် အကြည့်ချင်းဖလှယ်လိုက်ပြီးသည့်နောက် တောင်ပေါ်သို့ ပြေးတက်သွားခဲ့လေသည်။ မျက်တောင်တစ်ခတ်အတွင်း နှစ်ဦးစလုံး တောင်ပေါ်သို့ ရောက်လာကြလေ၏။
တောင်ပေါ်သို့ ရောက်လာပြီးပြီးချင်း နှစ်ဦးစလုံးမှာ ကြောင်သွားခဲ့ရသည်။ အကြောင်းမှာ လူငယ်လေးသည် သူတို့ရှေ့တွင် ရပ်နေလင့်ကစား သူတို့ရှေ့တွင်ရပ်နေသည်ဟူသော ခံစားချက်မျိုးကို ပေးမနေသည့်အတွက်ကြောင့်ပင်။ လူငယ်လေးမှာ တောင်ပေါ်တွင် ရပ်နေပါသော်ငြား လက်ဆုပ်လက်ကိုင် ပြ၍မရသည့် ဒြပ်မဲ့တစ်ခုပမာ။ သူတို့မျက်စိဖြင့်သာ လူငယ်လေးကို မြင်နေရသည့်အတွက်ကြောင့်သာ မဟုတ်ပါက သူတို့၏ကောင်းကင်စိတ်အာရုံဖြင့် ဤနေရာတစ်ခုလုံးကို လွှမ်းခြုံကြည့်မည်ဆိုလျှင်ပင် လူငယ်လေးအား လုံးဝကို ရှာတွေ့လိမ့်မည်မဟုတ်ပေ။
(ဒီလောက်ကြာအောင် အချိန်အကြာကြီး တင်ပလင်ခွေထိုင်နေတာက သူ့အရှိန်အဝါကို ဘယ်သူမှ သတိမထားမိတော့အောင် ဖုံးကွယ်ချင်လို့လား… သူဘာဖြစ်လို့ ဒီလိုတွေ လုပ်ရတာလဲ…)
လုဟွိုက်ရွှမ်းမှာ တစ်စက်ကလေးမျှပင် မလေးမစားမလုပ်ရဲခဲ့ဘဲ ဦးညွှတ်၍ ပြောလိုက်လေသည်။ “လွန်ခဲ့တဲ့ရက်တုန်းက ကူညီပေးခဲ့တဲ့အတွက် စီနီယာကို လုဟွိုက်ရွှမ်း ကျေးဇူးတင်ပါတယ်… စီနီယာ့ကျေးဇူးကြောင့်ပဲ ကျွန်မတို့လုမိသားစု အသက်ရှင်နိုင်ခဲ့တာပါ…”
လူငယ်လေးက ပြန်ပြောလိုက်သည်။ “ဘာမှကိစ္စမရှိဘူး… ကြယ်သင်္ဘောပျက်စီးတာအတွက် လျော်ကြေးပေးတာလို့ပဲ သဘောထားလိုက်”
(ဒီတော့ သူက ငါတို့ကြယ်သင်္ဘောကို ထိခိုက်အောင် လုပ်ခဲ့တာ တကယ်ကြီးပေါ့…) ယခင်တည်းက ခန့်မှန်းမိပြီးသား ဖြစ်ပါသော်ငြား လူငယ်လေးကိုယ်တိုင် ဝန်ခံလာချိန် သူမစိတ်ထဲ အံ့အားသင့်သွားရဆဲပင်။ လုဟွိုက်ရွှမ်းသည် တလေးတစားအမူအယာဖြင့် ပြန်၍ဦးညွှတ်လိုက်လေသည်။
သူမကိုယ်တိုင်သည် အားကောင်းသည့်ပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား သူမထက် အသက်အနည်းငယ်လောက်သာ ပိုကြီးမည့်ပုံပေါက်သော ဤလူငယ်လေးရှေ့တွင် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင် ဖြစ်သည်ဟူသော ယုံကြည်ချက်တို့မှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ရလေသည်။ ဤလူငယ်လေးရှေ့တွင် ရပ်နေရသည်မှာ လမ်းလျှောက်သင်နေသော မွေးကင်းစကလေးတစ်ဦးပမာ ဖြစ်နေခဲ့လေ၏။
ထိုလူငယ်လေး မည်မျှ အားကောင်းသလဲ၊ ထိုလူငယ်လေး ဘာကြောင့် သတိလစ်နေရသလဲ ဆိုသည်ကို သူမစိတ်ထဲ သွားရောက်မေးမြန်းချင်စိတ်များ ဖြစ်ပေါ်လာမိပါသော်ငြား အဆုံးတွင်တော့ ပါးစပ်ပိတ်ထားရန်သာ ဆုံးဖြတ်လိုက်လေသည်။ အခန့်မသင့်လျှင် သူမ၏လုပ်ရပ်သည် လူငယ်လေးအား ရန်စမိသွားသလို ဖြစ်လာနိုင်လေ၏။
ရှန်းယောင်သည် လုဟွိုက်ရွှမ်းထက် အတွေ့အကြုံ ပိုကြွယ်ဝသလို စကားအသွားအလာလည်း တတ်သည့်အလျောက် ဖားဖားယားယားပြုံးရင်းမှ မေးလိုက်လေသည်။ “စီနီယာကို ဘယ်လိုခေါ်ရမလဲ…”
ထိုစကားကိုကြားသော် လုဟွိုက်ရွှမ်းအကြည့် တောက်ပသွားခဲ့ပြီး လူငယ်လေးဆီသို့ လှမ်းကြည့်လိုက်လေသည်။
“ရန်ကိုင်… ကျုပ်နာမည်က ရန်ကိုင်ပဲ…” လူငယ်လေးက ပြန်ပြောလိုက်သည်။
ရှန်းယောင်၏မျက်လုံးထဲ ထိတ်လန့်သည့်အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့သည်။ သူ့ဘဝတွင် ဤနာမည်ကို တစ်ခါမှ မကြားခဲ့ဖူးပေ။ ဤကြယ်စီရင်စုကြီးထဲရှိ မည်သည့်ထိပ်သီးပညာရှင်ကမှလည်း ဤကဲ့သို့သောနာမည်မျိုးအား ပိုင်ဆိုင်ထားခြင်းမရှိမှန်း ရှန်းယောင် တပ်အပ်ပြောနိုင်ပေသည်။ ထို့အတွက်ကြောင့် သူ့စိတ်ထဲ အတွေးများသွားခဲ့ရလေ၏။
(သူအဲ့နေရာကလာတာလား… အဲ့လိုသာဆိုရင်တော့ ယုတ္တိရှိသွားပြီ… ဒါကြောင့်ပဲ သူ့ကို မိုးကြိုးတွေပစ်ချတာကိုး… ကောင်းကင်လမ်းစဉ်က သူ့ကိုမှ လက်မခံနိုင်တာ…)
ယမန်နေ့က သူလက်လျှော့လိုက်သည်မှာ အမှန်တကယ်ကို မှန်ကန်သွားသည်ဟု ရှန်းယောင်စိတ်ထဲ တွေးမိသွားခဲ့လေသည်။ သူ၏မှန်ကန်သောဆုံးဖြတ်ကြောင့်ပင် အနာဂတ်၌ ဆုလာဒ်ကြီးကြီးမားမား ရကောင်း ရလာနိုင်လေ၏။ လုဟွိုက်ရွှမ်းသည်လည်း တစ်ခုခုအား နားလည်သွားသည့်အလား သူမ၏အကြည့်မှာ ပို၍ တောက်ပလာခဲ့လေ၏။
“ဒီနေရာက ဘယ်နေရာလဲ…” ရန်ကိုင်က မေးလိုက်သည်။
“ကျုပ်တို့ ကြယ်သေတစ်လုံးပေါ်မှာ ရောက်နေတာပါ…” ရှန်းယောင်က သတိထားလျက် ပြန်ပြောလိုက်လေသည်။ အခြားလူတစ်ဦးဦးသာ သူ့အား ဤကဲ့သို့သော ယုတ္တိမရှိသည့် မေးခွန်းမျိုး လာမေးနေလျှင် ရှန်းယောင်အနေဖြင့် ထိုလူအား ပါးကောက်ရိုက်လိုက်ပေမည်။ ကြယ်စီရင်စုကြီးထဲ မရေမတွက်နိုင်သော ကြယ်သေပေါင်းများစွာ ရှိနေလေရာ မည်သူကများ ကြယ်သေများကို လိုက်လံ၍ နာမည်ပေးနေပါမည်နည်း။ ဤလူငယ်လေး၏မေးခွန်းသည် အမှန်တကယ်ကို ယုတ္တိမရှိပေ။
“ကျုပ်က ဒီနေရာကို ပြောနေတာ…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ကောင်းကင်ပေါ်သို့ လက်ညှိုးညွှန်ပြ၍ စက်ဝိုင်းပုံစံ ဆွဲပြလိုက်လေသည်။
လုဟွိုက်ရွှမ်းသည် စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားရင်းမှ ပြန်ပြောလိုက်သည်။ “ဒီနေရာက အဆုံးမဲ့ကြယ်စီရင်စုပါ…”
“အဆုံးမဲ့ကြယ်စီရင်စု…” ရန်ကိုင်မျက်လုံး အနည်းငယ် ညှိုးကျသွားခဲ့ပြီး ကြိတ်၍ သက်ပြင်းချလိုက်လေ၏။ ဟုန်းလော့ကြယ်စီရင်စုဆီသို့ ပြန်မရောက်လာနိုင်သည့်အပေါ် သူ့စိတ်ထဲ အမှန်တကယ်ကို စိတ်ပျက်မိရပေသည်။
နဂါးကျောင်းတော်ထဲရှိ ဟင်းလင်းပြင်လိုဏ်ခေါင်းသည် အဆင့်နိမ့်ကြယ်စီရင်စုတစ်ခုဆီသို့ ဦးတည်နေပါသော်ငြား ဤလောကကြီးထဲ ကြယ်စီရင်စုပေါင်းများစွာရှိမှန်း ရန်ကိုင်သိပေသည်။ သူ့အနေဖြင့် ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ ပြန်ရောက်နိုင်ချေမှာ တစ် ရာခိုင်နှုန်းပင် မရှိပေ။ သူကိုယ်တိုင်သည်လည်း ဟုန်းလော့ကြယ်စီရင်စုဆီသို့ မည်သို့မည်ပုံ သွားရမှန်းမသိ။ ဟင်းလင်းပြင်လိုဏ်ခေါင်းထဲသို့ ရောက်လာပြီးသည့်နောက် ဝူခွမ်း၏အရှိန်အဝါနောက်ကိုသာ လိုက်လာခဲ့ရလေသည်။ ကံမကောင်းစွာဖြင့် လမ်းတစ်ဝက်တွင် ဝူခွမ်းအား မျက်ခြေပြတ်သွားခဲ့လေသည်။
ယခုဆိုလျှင် ဝူခွမ်း ဤကြယ်စီရင်စုကြီးထဲတွင် ရှိမှ ရှိနေပါ့မလားဆိုသည်ကိုပင် ရန်ကိုင် မသေချာတော့ပေ။ ဝူခွမ်းသည် အခြားတစ်နေရာတွင် ပုန်းအောင်းနေပြီး သူ ပြန်အားကောင်းလာမည့်အချိန်ကို စောင့်ဆိုင်းကောင်း စောင့်ဆိုင်းနေလောက်ပေပြီ။
“စီနီယာက ဒီကြယ်စီရင်စုက မဟုတ်ဘူးလား…” ရှန်းယောင်သည် အတတ်နိုင်ဆုံး စိတ်ကို တည်တည်ငြိမ်ငြိမ်ထားရင်းမှ စကားအသွားအလာကို သတိထား၍ မေးလိုက်လေသည်။ လုဟွိုက်ရွှမ်းသည်လည်း လူငယ်လေးအား မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေ၏။
“မဟုတ်ဘူး…” ရန်ကိုင်အနေဖြင့် ထိုအချက်ကို ဖုံးကွယ်နေစရာမလို။ ထိုလူများသည်လည်း ထိုအချက်ကို သိထားပြီးလောက်ပေပြီ။ ယခု ဤကဲ့သို့ မေးနေရခြင်းမှာ သူတို့အထင် မှန်မမှန်ကို အတည်ပြုလိုသည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။
ရန်ကိုင်၏စကားကိုကြားသော် ရှန်းယောင်နှင့် လုဟွိုက်ရွှမ်းတို့၏အမူအယာ လေးနက်တည်ကြည်သွားကုန်ကြလေသည်။ ရှန်းယောင်မှာ အလွန်ကိုမှ စိတ်လှုပ်ရှားလွန်းနေသည့်အတွက်ကြောင့်လားမသိ သူ့နှုတ်ခမ်းများပင် တဆတ်ဆတ် တုန်ရီနေခဲ့လေ၏။ ထို့နောက် ကတုန်ကယင် လေသံဖြင့် မေးလိုက်လေ၏။ “ဒါဆို စီနီယာ ဘယ်ကလာတာလဲ သိလို့ရမလား…”
ရန်ကိုင်သည် စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ ရှန်းယောင်လည်း ချက်ချင်း သူ့ပါးစပ်ကို ပိတ်လိုက်မိလေ၏။ အလွန်ကိုမှ စိတ်လှုပ်ရှားလွန်းသည့်အတွက်ကြောင့် ဤလူငယ်လေး မည်မျှအားကောင်းသလဲဆိုသည်ကိုပင် မေ့လျော့သွားခဲ့ရသည်။ ယခုဆိုလျှင် ရှန်းယောင်မှာ ဤကဲ့သို့သောမေးခွန်းမျိုးကို ဘာကြောင့်များ သွားမေးမိလိုက်လေသလဲဟု နောင်တရနေခဲ့ရလေပြီ။
လုဟွိုက်ရွှမ်းက ပြန်ပြောလိုက်သည်။ “ဒီကြယ်ပေါ်မှာတော့ ဘာမှမရှိဘူး စီနီယာ… စီနီယာ စကားပြောလို့ရအောင် ကျွန်မတို့အိမ်ဆီ လိုက်ခဲ့ပါလား…”
ရန်ကိုင်သည် အဆုံးမဲ့ကြယ်စီရင်စုကြီးမှ မဟုတ်သည့်အတွက်ကြောင့် သူ့တွင် မေးစရာမေးခွန်းပေါင်းများစွာ ရှိနေရပေလိမ့်မည်။ ထိုသို့သာဆိုလျှင်တော့ ဤသည်မှာ လုဟွိုက်ရွှမ်းအဖို့ ဤစီနီယာရန်ဆိုသည့်လူနှင့် ဆက်ဆံရေးကောင်းတစ်ခု ထူထောင်နိုင်မည့် အခွင့်အရေး ဖြစ်ပေသည်။ သူမသည်သာ စီနီယာရန်၏ တောင်းဆိုချက်များကို ကျေနပ်အောင် ဖြည့်ဆည်းပေးနိုင်သရွေ့ လုမိသားစုသည် အကျိုးအမြတ်ပေါင်းများစွာကို ရရှိနိုင်ပေလိမ့်မည်။
ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ “ကောင်းပြီလေ…”
လုဟွိုက်ရွှမ်းသည် ယဲ့ယဲ့လေးပြုံးရင်း စီနီယာ အရင်သွားပါဟူသော ပုံစံမျိုး လုပ်ပြလိုက်လေသည်။
လုဟွိုက်ရွှမ်းနား ရောက်လာစဉ် ရန်ကိုင်၏ဘယ်ခြေထောက်သည် ညာခြေထောက်နှင့် သွားချိတ်မိပြီး ဒယီးဒယိုင်ဖြစ်ကာ ရှေ့သို့ ထိုးကျသွားခဲ့လေသည်။ ရန်ကိုင်လည်း အမှုမဲ့အမှတ်မဲ့ဖြင့် ဆွဲမိဆွဲရာ လှမ်းဆွဲလိုက်ရာ ပျော့အိအိ အသားစိုင်တစ်ခုကို သွားကိုင်မိလေသည်။ ထို့နောက် သူ့လက်အား အနည်းငယ်ဆုပ်ကြည့်လိုက်ရာ သူ့လက်ထဲရှိအရာမှာ ပျော့အိအိဖြစ်နေကြောင်း တွေ့လိုက်ရလေ၏။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ နှင်းမုန်တိုင်းထဲသို့ ရောက်သွားသည့်နှယ် အေးခဲသွားကုန်လေသည်။ အချိန်သည်လည်း ဆက်၍ မစီးဆင်းတော့သည့်အလား အကုန်လုံးမှာ မလှုပ်မယှက် ရပ်နေကုန်ကြလေ၏။ လုဟွိုက်ရွှမ်း၏မျက်နှာမှာမူ မီးမြှိုက်ခံထားရသည့်အလား နီရဲတက်နေခဲ့လေသည်။ သူမ၏ရင်ဘတ်နေရာဆီမှ ဖျစ်ထားခံရသည့် ခံစားချက်မှာ အလွန်ကိုမှ မသက်မသာ ဖြစ်လွန်းလှသည်။ သူမစိတ်ထဲ ဓါးကိုထုတ်၍ ချက်ချင်း ခုတ်ပစ်လိုက်ချင်စိတ်များပင် ဖြစ်ပေါ်လာရသည်။
ရှင်းရှင်းပြောရသော် သူမ၏ ခွန်အားနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုအရ ရန်ကိုင် သူမအပေါ် လဲကျလာသည်ကို အလိုက်သင့်လေး ရှောင်ပေး၍ရပေသည်။ သို့သော်ငြား ဤလူငယ်လေးနှင့် ဆက်ဆံရာတွင် ဆက်ဆံရာတွင် လုဟွိုက်ရွှမ်းမှာ သေသေချာချာကို သတိထားနေခဲ့ရလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်အား ဒေါသထွက်သွားစေမည့် လုပ်ရပ်မျိုး မလုပ်ရဲခဲ့။ ထို့အတွက်ကြောင့် ရန်ကိုင် သူမဘက်သို့ လဲကျလာသည်ကို တွေ့သည့်တိုင် ဤအတိုင်းလေးသာ ရပ်နေလိုက်ခြင်း ဖြစ်ပေသည်။
ဤသည်မှာလည်း လုဟွိုက်ရွှမ်းအဖို့ သူမ၏ အထိမခံနိုင်သည့် နေရာတစ်ခုကို ယောကျာ်းတစ်ဦးမှ လာကိုင်သည်ကို ပထမဦးဆုံးအကြိမ် ခံစားဖူးခြင်း ဖြစ်လေသည်။ ထို့အပြင် ထိုယောက်ျားမှာ သူမနှင့် တစ်ကြိမ်တစ်ခါမှ တွေ့ဖူးခြင်းမရှိသလို သူမတို့နှစ်ဦးမှာလည်း လုံးဝကို ရင်းနှီးကျွမ်းဝင်ခြင်း မရှိသည့်လူများ ဖြစ်ကြပေသည်။ သူမ၏အဖိုးတန်နေရာကို သူစိမ်းတစ်ဦးမှ လာကိုင်ထားသည်ကို ကြည့်ရင်း လုဟွိုက်ရွှမ်း၏မျက်လုံးများ ရဲတက်လာခဲ့လေသည်။
ရှန်းယောင်သည်လည်း မျက်လုံးအပြူးသားဖြင့် ရန်ကိုင်အား ငေးကြည့်နေခဲ့လေသည်။ (မစောင့်နိုင်ဘူးဆိုရင်တောင် ဒီမှာတော့ မလုပ်သင့်ဘူးလေ… ဘယ်လိုလုပ်ပြီး သူ့လိုလူတစ်ယောက်က ခြေချော်ရတာလဲ… သူ ဘာဖြစ်နေတာလဲ… ဒီလူက တန်ခိုးရှင်ဘုရင်အဆင့်နှစ်ယောက်ကို အလွယ်လေးသတ်သွားတဲ့ ပညာရှင်ရော ဟုတ်ရောဟုတ်ရဲ့လား…)
ရန်ကိုင်ကိုယ်တိုင်သည်လည်း အနည်းငယ်ထိတ်လန့်နေသည့်အမူအယာဖြင့် သူ့လက်ကိုပြန်ရုတ်၍ ခါးကိုဆန့်လိုက်လေသည်။ ထို့နောက်တွင် မျက်မှောင်ကျုံ့၍ သူ့လက်ဝါးကို ဖြန့်လိုက်ဆုပ်လိုက် လုပ်လိုက်လေသည်။
ရန်ကိုင်၏လုပ်ရပ်ကို ရှန်းယောင်နှင့် လုဟွိုက်ရွှမ်းတို့မြင်သော် ရန်ကိုင်မှာ အစောပိုင်းက အထိအတွေ့ကို ပြန်လည်တမ်းတနေခြင်းသာ ဖြစ်သည်ဟု အထင်လွဲသွားကြလေသည်။
“အဲ့ဒါ တမင်တကာလုပ်တာမဟုတ်ဘူးနော်…” ရန်ကိုင်သည် လုဟွိုက်ရွှမ်းကိုကြည့်ရင်းမှ ပြန်ပြောလိုက်သည်။ သို့သော်ငြား သူပြောသည်မှာ လုံးဝကို ယုံချင်စရာမကောင်းပေ။
လုဟွိုက်ရွှမ်းသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်းမှ ခေါင်းကိုငုံံ့လျက် ပြန်ပြောလိုက်သည်။ “ကိစ္စမရှိပါဘူးစီနီယာ…”
လုဟွိုက်ရွှမ်းအတွက်တော့ လုံးဝ ကိစ္စမရှိစရာအကြောင်း မရှိပေ။ ယခုကိစ္စသည် သူမ၏ဂုဏ်သတင်းနှင့်လည်း ပတ်သက်နေပေသည်။ သို့သော်ငြား သူမကိုယ်တိုင်သည် ထိုလူငယ်လေးထက် အဆပေါင်းများစွာ အားနည်းနေလေရာ သူမလုပ်နိုင်သည့်အရာဆို၍ ဘာမှမရှိ။ ထိုလူငယ်လေးအား တာဝန်ယူပါဟု သွားပြော၍လည်းမရပေ။ ထိုလူငယ်လေးမှ တာဝန်ယူမည်ဆိုလျှင်ပင် လုဟွိုက်ရွှမ်းကတော့ လက်ခံလိမ့်မည်မဟုတ်။
သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးသည့်နောက် ရန်ကိုင်က ပြောလိုက်လေသည်။ “သွားကြရအောင်…”
ယခုကဲ့သို့ဖြစ်ပြီးမှဖြင့် သွားရှင်းပြနေ၍လည်း ဘာမှအသုံးဝင်လိမ့်မည်မဟုတ်။ ဘာဖြစ်သွားသလဲဆိုသည်ကို သူကိုယ်တိုင်သည်သာ သိပေသည်။ ထို့အတွက်ကြောင့် ဘာမှရှင်းပြမနေတော့ဘဲ သူ့ဘာသာသူ တစ်ဦးတည်း တောင်အောက်သို့ ဆင်းသွားလေ၏။
ဤလူငယ်လေး၏စရိုက်မှာ အတော်လေးကိုမှ ထူးဆန်းသည်ဟု သူ့စိတ်ထဲ ခံစားနေရလေသည်။ ဤလူငယ်လေး၏ခွန်အားအရ သူ့အနေဖြင့် တောင်ပေါ်မှ ပျံသန်းဆင်းသွား၍ရပေသည်။ ဘာကြောင့်များ လမ်းလျှောက်ကာ ဆင်းနေရလေသနည်း။ သို့ရာတွင် လူငယ်လေးစိတ်ထဲ ဘာတွေ တွေးလို့တွေးနေမှန်း မသိသည့်အတွက်ကြောင့် ရှန်းယောင်မှာလည်း လူငယ်လေးသွားသည့်အတိုင်း လိုက်သွားရုံသာ တတ်နိုင်ခဲ့လေသည်။
လုဟွိုက်ရွှမ်းမှာမူ တောင်ပေါ်တွင် အတန်ကြာအောင် ရပ်နေပြီးသည့်နောက် သူမစိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထား၍ အံကိုတင်းတင်းကြိတ်ကာ ရန်ကိုင်တို့နောက်သို့ လိုက်သွားလေ၏။
“ပထမခေါင်းဆောင်… ခင်ဗျား ကျုပ်နောက် ဆက်လိုက်နေစရာမလိုဘူးနော်… ခင်ဗျား လာတဲ့နေရာဆီ ပြန်သွားရင် သွားလို့ရပြီ…” ရန်ကိုင်က နောက်သို့ပင်လှည့်မကြည့်ဘဲ ရုတ်တရက် ကောက်ပြောလိုက်လေသည်။
လဝက်ကျော် ကြာသွားပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ ရှန်းယောင်အား သတ်လိုစိတ် မရှိတော့ပေ။ ထို့အပြင် မူလကတည်းကလည်း ရှန်းယောင်အား သတ်လိုစိတ်မရှိ။ သူ့ကဲ့သို့သောလူတစ်ဦးသည် သူ့အား လာရန်စထားခြင်းမရှိသည့် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်ကျင့်ကြံသူတစ်ဦးကို ဘာကြောင့်များ အကြောင်းအရင်းမရှိ သတ်ပစ်ရမည်နည်း။
လေပြင်းပင်လယ်ဓါးပြများသည် မကောင်းသည့်အလုပ်မှန်သမျှကို ကျူးလွန်နေသည့်လူများ ဖြစ်နေစေကာမူ ထိုလူများသည် အဆုံးမဲ့ကြယ်စီရင်စုကြီး၏ ဒေသခံများ ဖြစ်သည့်အလျောက် ရန်ကိုင်သည် ထိုလူများနှင့် ဘာမှမသက်ဆိုင်ပေ။
ရန်ကိုင်၏စကားကိုကြားသော် ရှန်းယောင်၏မျက်နှာ ရုတ်တရက် ရဲတက်သွားခဲ့လေသည်။ “စီနီယာ… ကျုပ်က ကိုယ့်စကားကိုယ်တည်တဲ့ ယောက်ျားတစ်ယောက်ပါ… စီနီယာရဲ့လက်အောက်ငယ်သားလုပ်မယ်လို့ ဆုံးဖြတ်ထားပြီးမှတော့ ဘာလို့ ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းရမှာလဲ…”
ရန်ကိုင်သည် ရုတ်တရက် ရပ်လိုက်ပြီး ရှန်းယောင်ဘက်သို့လှည့်၍ ယဲ့ယဲ့လေးပြုံးရင်းမှ မေးလိုက်လေသည်။ “ယောက်ျား… ဟုတ်လား…”
ရှန်းယောင်မျက်နှာ ရှုံ့မဲ့သွားခဲ့လေသည်။ သူ့အနေဖြင့် ရန်ကိုင်စကားကို မည်သို့ပြန်ပြောလို့ပြောရမှန်းမသိ။
“ခင်ဗျားဘာသာခင်ဗျား အဆင်ပြေသလိုသာ လုပ်ပေတော့…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ရှန်းယောင်အား ဂရုစိုက်မနေတော့ဘဲ အောက်သို့ ဆင်းသွားလေသည်။ ရှန်းယောင်သည်လည်း ရန်ကိုင်နောက်မှ အလျင်စလို လိုက်သွားလေ၏။
လုဟွိုက်ရွှမ်းမှာမူ ရှန်းယောင်လုပ်နေသည့်ပုံစံကိုကြည့်ရင်း အတော်လေးကိုမှ အထင်အမြင်သေးနေမိလေသည်။ (သူ့ကို ဒီလိုမျိုးအရှက်ခွဲထားတဲ့လူတစ်ယောက်နောက်ကို ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် လိုက်ချင်နေရတာလဲ…) တစ်ချိန်တည်းတွင်လည်း ရှန်းယောင်၏ မျက်နှာပြောင်နိုင်မှုအပေါ် အံ့အားသင့်နေခဲ့ရလေသည်။ သူမသည်သာ ရှန်းယောင်နေရာတွင်ဆိုလျှင်တော့ ယခုကဲ့သို့ လုပ်နိုင်တော့လိမ့်မည်မဟုတ်ချေ။
နှစ်နှာရီအတွင်းမှာပင် ရန်ကိုင်တို့သည် ကြယ်သင်္ဘောများရှိရာဆီသို့ ပြန်ရောက်လာခဲ့လေသည်။
ကြယ်သင်္ဘောနှစ်စင်းအား သဲသောင်ပြင်ပေါ်တွင် ဆင်းသက်ထားခဲ့လေသည်။ လုပင်းသည် ကြယ်သင်္ဘောအပြင်ဘက်တွင် ရပ်နေရင်းမှ လုဟွိုက်ရွှမ်းပြန်လာသည်ကိုမြင်သည့်အခါ အလျင်စလို ပြေးလာခဲ့လေ၏။ အမြင်စူးရှသူတစ်ဦးပီပီ ရှန်းယောင်နှင့် လုဟွိုက်ရွှမ်းတို့ လူငယ်လေးနောက်မှ လိုက်လာသည်ကိုမြင်ပြီးသည့်နောက် ဘာတွေဖြစ်နေသလဲဆိုသည်ကို ချက်ချင်းသဘောပေါက်သွားခဲ့ပြီး ဦးညွှတ်၍ နှုတ်ဆက်လိုက်လေသည်။ “မင်္ဂလာပါ စီနီယာ… ကျုပ်နာမည်က လုပင်းပါ…”
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီးသည့်နောက် လုပင်းအား ဖြတ်ကျော်သွားခဲ့ပြီး ကြယ်သင်္ဘောပေါ်သို့ တက်လိုက်လေသည်။ လုဟွိုက်ရွှမ်းသည်လည်း လုပင်းနားမှ ဖြတ်သွားရင်းမှ ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လုပင်းအား ပြောလိုက်လေသည်။ “ဒီကိစ္စအကြောင်း နောက်မှပြောကြမယ်…”
ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်နှင့်အတူ ကြယ်သင်္ဘောထဲသို့ လိုက်ဝင်သွားခဲ့သည်။ သူမသည် လုမိသားစု၏ခေါင်းဆောင်ဖြစ်သည့်အလျောက် အခြားကိစ္စများကို စိတ်မပူဘဲ ရန်ကိုင်အတွက် အရင်ဦးစွာ ပြင်ဆင်ပေးရပေလိမ့်မည်။
ရှန်းယောင်သည်လည်း သင်္ဘောပေါ်သို့ တက်ချင်ခဲ့သည်။ သို့သော်ငြား လုပင်းနှင့် အခြားသူများသည် သူ့အား ရန်လိုသည့်အကြည့်ဖြင့် စိုက်ကြည့်ရင်း တားထားကြလေသည်။
ရှန်းယောင်က အော်ပြောလိုက်သည်။ “ငါက စီနီယာကို လိုက်ပို့ပေးရတဲ့လူပဲ… ငါ စီနီယာနောက်က လိုက်သွားမှဖြစ်မယ်… ဘေးဖယ်နေ…”
ထိုသို့ပြောပြီးသည့်နောက် သူ၏ သူတော်စင်ချီကိုလှည့်ပတ်၍ လူအုပ်ကြီးအား တွန်းဖယ်လိုက်လေသည်။ လူအုပ်ကြီးမှာတော့ ရှန်းယောင်ပြောသွားသည့်စကားကြောင့် ထိတ်လန့်နေကုန်ကြလေ၏။ (လေပြင်းပင်လယ်ဓါးပြအဖွဲ့ရဲ့ ပထမခေါင်းဆောင်က အခြားတစ်ယောက်ကို လိုက်လံစောင့်ရှောက်ပေးနေရတဲ့လူ… ဘာတွေများဖြစ်နေတာလဲ…)
ကြယ်သင်္ဘော၏အတွင်းပိုင်းမှာ အတော်လေးကိုမှ ကျယ်ဝန်းလှပေသည်။ စင်္ကြန်လမ်းများကို ဖြတ်ကျော်လာပြီးသည့်နောက်တွင် ရန်ကိုင်နှင့် လုဟွိုက်ရွှမ်းတို့မှာ တစ်ခုသောအခန်းဆီသို့ ရောက်လာခဲ့လေ၏။ ထိုအခန်းရှေ့သို့ရောက်သော် လုဟွိုက်ရွှမ်းသည် အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး အချက်ပြလိုက်လေသည်။ “ဒီမှာပါ စီနီယာ…”
အခန်းထဲသို့ ဝင်လာပြီးသည့်နောက် သင်းကြိုင်သည့် မွှေးရနံ့တစ်ခုကို ရန်ကိုင်ရလိုက်သည်။ ထိုအနံ့မှာ ရေမွှေးနံ့မဟုတ်။ ထို့အစား မိန်းကလေးတစ်ယောက်၏ ကိုယ်သင်းရနံ့သာဖြစ်လေသည်။
အခန်းအတွင်းပိုင်းကို သားနားစွာ တန်ဆာဆင်ထားခဲ့ပြီး လက်သီးဆုပ်အရွယ်ရှိသော ညလင်းပုလဲများကို နံရံများပေါ်တွင် သေချာတပ်ဆင်ထားခဲ့လေသည်။ ညလင်းပုလဲများမှ အလင်းရောင်ကြောင့် အခန်းမှ မှောင်မိုက်နေခြင်း မရှိတော့ချေ။ ကြမ်းပြင်ထက်တွင်တော့ အနီရောင်ကော်ဇောကို ခင်းထားခဲ့ပြီး ကုတင်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ပန်းရောင်လိုက်ကာတို့ကို ချိတ်ဆွဲထားခဲ့လေသည်။
ညာဘက်တွင်တော့ ပန်းပွင့်ချပ်များ ဖြူးထားသော ရေချိုးကန်ကြီးတစ်ကန် ရှိနေခဲ့သည်။ ဘေးတစ်ဖက်တွင်မူ မှန်တင်စားပွဲတစ်လုံး ရှိနေခဲ့လေသည်။ ထိုမှန်တင်စားပွဲပေါ်တွင် မည်သည့်အလှပြင်ပစ္စည်းမှ ရှိမနေပါသော်ငြား ထိုမှန်တင်စားပွဲ ရှိနေရသည့်အကြောင်းအရင်းမှာတော့ သိသာလှသည်။ ဤကဲ့သို့သော အဆင်တန်ဆာများကို မြင်ပြီးသည့်နောက်တွင် ဤအခန်းသည် အမျိုးသမီးတစ်ဦး၏အခန်း ဖြစ်ရမည်မှန်း ရန်ကိုင် ခန့်မှန်းမိသွားခဲ့လေသည်။