အခန်း (၃၀၈၆-၃၀၉၀)
Vol. 134 Ch. 3086-3090
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၈၆)
ဘာသာပြန်သူ_တိမ်တိုက်
ထို့အပြင် ဤအခန်းသည် ဤကြယ်သင်္ဘောပေါ်ရှိ အကောင်းဆုံးသောအခန်းဖြစ်သည့် လုဟွိုက်ရွှမ်း၏အခန်း ဖြစ်လောက်သည်။
ပုံမှန်အားဖြင့် အမျိုးသမီးတစ်ဦးသည် သူမ၏ဧည့်သည်အား မည်မျှပင် လေးစားနေစေကာမူ သူမနေသည့်အခန်းထဲတွင် ဧည့်သည်အား ပေးနေလိမ့်မည်မဟုတ်ချေ။
သို့သော်ငြား လက်ရှိရန်ကိုင်၏ခွန်အားအရ ရန်ကိုင်သည် ဧည့်သည်တစ်ဦးထက် ပိုပေသည်။ ရန်ကိုင်အား သူမအခန်းထဲတွင် နေခိုင်းမှသာလျှင် ရန်ကိုင်အပေါ် သူမ၏လေးစားမှုကို ပြသနိုင်မည်ဟု လုဟွိုက်ရွှမ်း ထင်ပေသည်။ ယခင်က ရန်ကိုင်သည် သူမ၏ လျှို့ဝှက်နေရာကို လာရောက်ထိပါးခဲ့သည့်တိုင် ရန်ကိုင်အပေါ် သွား၍ မကျေမနပ် လုပ်မပြရဲပေ။
ရှန်းယောင်သည် ယဲ့ယဲ့လေးပြုံးရင်းမှ လုဟွိုက်ရှန်းအား အဓိပ္ပာယ်ပါပါဖြင့် ကြည့်လိုက်သည်။
ရှန်းယောင်၏အကြည့်ကိုမြင်သော် လုဟွိုက်ရှန်း ရှက်သွေးဖြာသွားခဲ့လေသည်။ ရန်ကိုင်အား သူမအခန်းထဲတွင် နေခိုင်းရခြင်းနှင့် ပတ်သက်၍ အခြား မည်သည့်ရည်ရွယ်ချက်မှမရှိပေ။ ရန်ကိုင်အား အခြားသောအခန်းများထဲတွင် နေခိုင်းလိုက်လျှင် မသင့်တော်သလို ဖြစ်သွားမည်ကို စိုးသည့်အတွက်ကြောင့်သာ ယခုကဲ့သို့ လုပ်လိုက်ရခြင်း ဖြစ်ပေသည်။ သို့သော်ငြား သူမနှင့် သက်တူရွယ်တူလူတစ်ဦးအား သူမအခန်းထဲတွင် နေခိုင်းသည့်အပေါ် လုဟွိုက်ရွှမ်းကိုယ်တိုင်မှာလည်း ရှက်မိပေသည်။ လုဟွိုက်ရွှမ်းက ပြန်၍မေးလိုက်လေ၏။ “စီနီယာ… ဒီအခန်း အဆင်ပြေရဲ့လား… မပြေဘူးဆိုရင် အခြားတစ်ခန်း ပြောင်းပေးမယ်လေ…”
“ရတယ်… အဆင်ပြေတယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ နားစရာနေရာတစ်ခုသာ ဖြစ်သည့်အတွက်ကြောင့် အမျိုးသမီးတစ်ဦး၏အခန်း ဖြစ်ဖြစ်မဖြစ်ဖြစ် ကိစ္စမရှိပေ။
“ဆရာအဆင်ပြေတယ်ဆိုရင် ပြီးတာပါပဲ…” ဘာကြောင့်မှန်းမသိ လုဟွိုက်ရွှမ်းစိတ်ထဲ စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။ ထို့နောက် အလျင်စလို ထပ်၍ ပြောလိုက်လေ၏။ “စီနီယာ… ကျေးဇူးပြုပြီး ခဏလောက် နားနေပါဦးနော်… ကျွန်မ အခြားကိစ္စလေးတွေ ရှင်းစရာရှိသေးလို့… အဲ့ကိစ္စတွေပြီးသွားတာနဲ့ ပြန်လာခဲ့ပါမယ်…”
“ရတယ် သွား…” ရန်ကိုင်က လက်ဝှေ့ယမ်းလိုက်သည်။
ထိုအခါမှသာလျှင် လုဟွိုက်ရွှမ်း လှည့်ထွက်သွားခဲ့လေ၏။ သို့သော်ငြား ထွက်မသွားခင် ရှန်းယောင်အား စူးရဲစွာ တစ်ချက် စိုက်ကြည့်လိုက်လေသည်။ ရှင်းရှင်းပြောရသော် ဤလူကို ဤကြယ်သင်္ဘောပေါ်သို့ ခေါ်မလာချင်ပေ။ သို့သော်ငြား သူ့ကိုယ်သူ ရန်ကိုင်၏ လက်အောက်ငယ်သားတစ်ဦးဟု ပြောနေသည့်အတွက်ကြောင့် ရှန်းယောင်အား မောင်းထုတ်ဖို့ရာမှာ သိပ်၍မသင့်တော်လှ။ ထို့အကြောင်းကြောင့်ပင်လျှင် ထွက်မသွားခင် ရှန်းယောင်အား သတိပေးလိုသည့်အနေဖြင့် စူးရဲစွာ တစ်ချက် စိုက်ကြည့်သွားခဲ့ခြင်း ဖြစ်လေသည်။
တံခါးပြန်ပိတ်သွားပြီးသည့်နောက် ရန်ကိုင်သည် အခန်းထဲ လျှောက်ပတ်သွား၍ ပစ္စည်းများကို လိုက်လံစစ်ဆေးကြည့်လေသည်။ ရှန်းယောင်ကမူ ရန်ကိုင်နောက်မှ ထပ်ကြပ်မကွာ လိုက်နေခဲ့လေ၏။
ရုတ်တရက်ဆိုသလို ရန်ကိုင်မှာ သူ့နောက်သို့ ကောက်လှည့်လိုက်လေရာ ရှန်းယောင်မှာ ရန်ကိုင်နှင့် သွားဝင်ဆောင့်လုမတတ် ဖြစ်သွားခဲ့လေသည်။ ရှန်းယောင်သည် ချက်ချင်း ဘေးသို့ ဖယ်ပေး၍ ရန်ကိုင်အား လှမ်းကြည့်လိုက်သည်။ ရန်ကိုင်မှ သူ့အား ပြုံးဖြီးလျက် စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေ၏။ “ခင်ဗျား ကျုပ်ရေချိုးမယ့်နေရာထိကို လိုက်နေဦးမှာလား…”
ရှန်းယောင်သည် ချက်ချင်းပဲ ခေါင်းကိုငုံ့လျက် “မဟုတ်ပါဘူး… ကျုပ် အခုပဲ ထွက်သွားလိုက်ပါမယ်… တစ်ခုခုလိုရင်ခေါ်လိုက်ပါ… ကျုပ် အခန်းအပြင်ဘက်မှာ စောင့်နေပါ့မယ်…”
ထိုသို့ပြောပြီးသည့်နောက် အခန်းထဲမှ ပြေးထွက်သွားပြီး အခန်းတံခါးကို ပိတ်ချလိုက်လေသည်။ ထို့နောက် အခန်းအပြင်ဘက်၌ တလေးတစား ရပ်စောင့်နေလေ၏။ တစ်ချိန်တည်းတွင်လည်း ကူကယ်ရာမဲ့စွာ ပြုံးနေခဲ့လေသည်။
သူ၏ ရုပ်ပြောင်းရုပ်လွှဲပညာရပ်သည် လုံးဝကို ပြီးပြည့်စုံသည်ဟု ရှန်းယောင် ထင်ခဲ့ဖူးပေသည်။ သူနှင့်အတူ နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးလာခဲ့ကြသော လေပြင်းပင်လယ်ဓါးပြအဖွဲ့အစည်းမှ သူ၏ သွေးသောက်ညီအစ်ကိုများသည်ပင်လျှင် သူ့အား ထွင်းဖောက်မြင်နိုင်ခဲ့ခြင်း မရှိပေ။ သို့သော်ငြား ရန်ကိုင်ကမူ သူ့အား တစ်ချက်တည်းဖြင့်ပင် ထွင်းဖောက်မြင်သွားနိုင်ခဲ့သည်။
ရန်ကိုင်မှာ သူမည်သူမည်ဝါဖြစ်မှန်း ကြိုသိပြီးလောက်ပေပြီ။ ထုတ်မပြောချင်သည့်အတွက်ကြောင့်သာ ငြိမ်နေခြင်း ဖြစ်လေ၏။
ထို့နောက်တွင် ရှန်းယောင်သည် အစောပိုင်းက လုဟွိုက်ရွှမ်းအပေါ် ရန်ကိုင်မှ လုပ်ခဲ့သည့်အရာကို ပြန်စဉ်းစားမိလိုက်လေသည်။ သူ့ကိုယ်ပိုင်ဆန္ဒကိုလည်း သေချာပြန်လည်သုံးသပ်ကြည့်လိုက်သော် သူဘာလိုချင်သလဲဆိုသည်ကို နားလည်သွားခဲ့ပြီး ခေါင်းညိတ်၍ လက်ကွက်တစ်ခုကို ဖော်ဆောင်လိုက်လေသည်။ ထို့နောက်တွင် ရှန်းယောင်၏ခန္ဓာကိုယ်မှာ စတင်၍ ပြောင်းလဲလာတော့လေ၏။
လက်ရှိအချိန်တွင်တော့ ရန်ကိုင်သည် အင်္ကျီများကို ချွတ်ကာ ရေချိုးကန်ထဲ ဇိမ်ပြေနပြေ ရေစိမ်နေခဲ့လေသည်။ ယခု ရန်ကိုင်မှာ အဆင့်နိမ့်ကြယ်စီရင်စုဆီသို့ ရောက်လာခဲ့လေပြီ။ သူသွားချင်သည့် ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ မရောက်နိုင်ခဲ့ပါသော်ငြား အနည်းဆုံးတော့ အဆင့်နိမ့်ကြယ်စီရင်စုဆီသို့ ပြန်လာလိုသည့် သူ့ဆန္ဒမှာ ပြည့်ဝသွားခဲ့ပြီဟု ပြော၍ရသည်။
ထက်ကောင်းကင်နန်းတော်အား တည်ထောင်ပြီးစဉ်က ရန်ကိုင်သည် အရိပ်ကြယ်ပေါ်မှ သူ့မိသားစုဝင်များနှင့် မိတ်ဆွေများကို ကြယ်တာရာအစုအဝေးသို့ ပြန်ခေါ်သွားချင်မိခဲ့သည်။ ထိုနှစ်များအတောအတွင်း သူ့ကျင့်ကြံခြင်းအား တောက်လျှောက် တိုးတက်အောင် လုပ်နေခဲ့ပါသော်ငြား သူ၏မွေးရပ်မြေကြယ်စီရင်စုကြီးဆီသို့ ပြန်သွားနိုင်မည့်အခွင့်အလမ်းကိုတော့ ရှာတွေ့နိုင်ခဲ့ခြင်း မရှိပေ။
ထိုသို့ပင်ဖြစ်လင့်ကစား ယခု သူ့တွင် အခွင့်အရေးတစ်ရပ် ရှိလာခဲ့လေပြီ။ လက်ရှိအချိန်တွင် ရန်ကိုင်မှာ အဆုံးမဲ့ကြယ်စီရင်စုကြီးထဲတွင် ရောက်ရှိနေပါသော်ငြား သူ့အနေဖြင့် ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ ပြန်မသွားနိုင်ဟု မပြောနိုင်ပေ။ ကြယ်စီရင်စုကြီးများသည် တစ်ခုနှင့်တစ်ခု သီးခြားဖြစ်တည်နေပါသော်ငြား အချို့သောကြယ်စီရင်စုများမှာ တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်သွယ်နေကြမှန်း ရန်ကိုင်သိပေသည်။ အဆုံးမဲ့ကြယ်စီရင်စုကြီးဆီမှ အခြားသောကြယ်စီရင်စုများဆီသို့ သွားနိုင်မည့် နည်းလမ်းအချို့လည်း ရှိကောင်း ရှိနေနိုင်လောက်ပေသည်။
ထို့အတွက်ကြောင့် ရန်ကိုင် ချက်ချင်းပဲ ဆုံးဖြတ်လိုက်တော့သည်။ သူ၏ ပထမဆုံးဖြတ်ချက်မှာ ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ ပြန်သွားနိုင်ရန်ဖြစ်ပြီး ဒုတိယရည်ရွယ်ချက်မှာတော့ ဝူခွမ်းအား လိုက်လံရှာဖွေရန် ဖြစ်ပေသည်။ ဝူခွမ်းသည် ဤအဆုံးမဲ့ကြယ်စီရင်စုကြီးထဲတွင် ရှိနေလိမ့်မည်ဟု သူ့စိတ်ထဲ ခံစားနေရသည်။ ထိုသို့သာဆိုလျှင်တော့ ဝူခွမ်းအား လိုက်ရှာရပေလိမ့်မည်။ ဝူခွမ်းသည် အတွေ့အကြုံကြွယ်ဝသည့် မွန်းစတားအိုကြီးတစ်ကောင် ဖြစ်သည့်အလျောက် ကြယ်စီရင်စုများအကြောင်းကို ရန်ကိုင်ထက် ပိုမိုသိကျွမ်းနားလည်ရပေလိမ့်မည်။
ရေချိုးပြီးသည့်နောက် အဝတ်များကိုပြန်ဝတ်ကာ ဆံပင်ကို ဖြီးလိမ်းလိုက်လေသည်။ ထို့နောက် လောကဓာတ်လုံးကိုထုတ်၍ ဧကရာဇ်ချီကို သတိထားကာ လှည့်ပတ်ရင်း လောကဓာတ်လုံးထဲသို့ ဝင်သွားလိုက်လေသည်။
လောကဓာတ်လုံးထဲရှိ အိမ်တစ်လုံးထဲတွင် တင်ပလင်ခွေထိုင်ကာ ကျင့်ကြံနေသော လျို့ယန်သည် ရုတ်တရက် မျက်လုံးပွင့်လာခဲ့ပြီး အိမ်ထဲမှ ထွက်သွားလေ၏။ တစ်ချိန်တည်းတွင် ကျောက်တုံးကိုယ်ပွားမှာလည်း ကိုယ်ထင်ပြလာခဲ့လေသည်။ နှစ်ဦးသား အကြည့်ချင်းဖလှယ်လိုက်ပြီးသည့်နောက်တွင် တစ်ယောက်စိတ်ထဲတစ်ယောက် ဘာတွေးနေသလဲဆိုသည်ကို သိလိုက်ကြလေ၏။
စကားဖောင်ဖွဲ့ရင်း ရယ်မောပျော်ရွှင်နေကြသော လီကျောက်၊ လျူစန်းနျန်နှင့် သူမသမီးတို့မှာ ကျောက်တုံးကိုယ်ပွားနှင့် လျို့ယန်တို့ ပေါ်လာသည်ကိုမြင်သည့်အခါ လီကျောက်က မေးလိုက်လေ၏။ “ညီမလျို့ယန်… ဘာတွေဖြစ်နေလို့လဲ…”
“သခင် လာနေတယ်…” လျို့ယန်သည် တစ်ခုသောဘက်ဆီသို့ စူးရှတောက်ပသည့် မျက်ဝန်းအစုံဖြင့် လှမ်း၍ ကြည့်နေခဲ့လေသည်။
လျို့ယန်ပြောသည်ကို ကြားသည့်အခါ လီကျောက် တစ်ခဏမျှ မင်သက်နေခဲ့ပြီး ချက်ချင်းပဲ လျို့ယန်ကြည့်နေသည့်ဘက်ဆီသို့ လှမ်း၍ ကြည့်လိုက်လေ၏။
မကြာမီ ရန်ကိုင်သည် လီကျောက်တို့ဆီသို့ ရောက်လာခဲ့ပြီး ပြုံးလျက် “ကြည့်ရတာ မင်းတို့အားလုံး လူစုံနေကြတာပါလား…”
လျို့ယန်သည် လက်နှစ်ဖက်ကို ဆန့်ကားထားရင်းမှ ထိုနေရာတွင် ရပ်နေခဲ့လေသည်။
လျို့ယန်ပုံစံကိုမြင်သော် ရန်ကိုင်က မေးလိုက်လေသည်။ “နင် ဘာလုပ်နေတာလဲ…”
“ကျွန်မကိုဖက်ပေး…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “နင် ငါ့ကို လာနောက်နေတာလား… ဒီအသက်အရွယ်ကြီးနဲ့မှမလိုက်… ကြည့်ရတာ နင့်အသက်က တဖြည်းဖြည်းနဲ့ ကြီးမလာဘဲနဲ့ ပိုပိုငယ်လာတာများလား…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လျို့ယန်ဆီသို့ လျှောက်သွားလိုက်ပြီး သူမအား ကလေးတစ်ဦးနှယ် ပွေ့ချီလိုက်လေသည်။
ထိုကဲ့သို့ အချီခံလိုက်ရသည့်အခါမှသာလျှင် လျို့ယန်မှာ ကျေနပ်သွားဟန်ဖြင့် သူမ၏ခေါင်းလေးကို ရန်ကိုင်၏ပုခုံးထက်တွင် မှီထားလိုက်လေသည်။ လျို့ယန်အနေဖြင့် စိတ်ဝိဉာဉ်သားရဲကျွန်းဆီသို့ ရောက်ပြီးသည့်အချိန်မှစ၍ ရန်ကိုင်နှင့် မတွေ့ခဲ့ရသည်မှာ အတော်လေးကိုမှ ကြာသွားခဲ့လေပြီ။ နဂါးကျွန်းသို့ ရောက်လာသည့်အခါတွင် ရန်ကိုင်နှင့် တွေ့ခဲ့ရသည့်တိုင် ရန်ကိုင်မှာ အခြားကိစ္စများနှင့် အလုပ်ရှုပ်နေသည့်အတွက်ကြောင့် ရန်ကိုင်နှင့် အချိန်ဖြုန်းခွင့်မရခဲ့။ ယခုမှသာလျှင် သူမ၏ဆန္ဒ ပြည့်ဝသွားခဲ့ခြင်း ဖြစ်လေသည်။ ရန်ကိုင်ကိုယ်ပေါ်သို့ ရောက်လာပြီးသည့်နောက်တွင် လျို့ယန်သည် အရုပ်သစ်တစ်ရုပ် ရလိုက်သည့်ပမာ ရန်ကိုင်၏နားများကို သူမလက်နှစ်ဖက်ဖြင့် ဆော့ကစားနေလေ၏။
ရန်ကိုင်မှာ ခေါင်းတခါခါလုပ်နေခဲ့ပါသော်ငြား လျို့ယန်က အလျှော့မပေးသည့်အတွက်ကြောင့် ရန်ကိုင်ကသာ ပြန်၍ အလျှော့ပေးလိုက်ရလေသည်။
“ရောင်းရင်းရန်…” လီကျောက်သည် ရန်ကိုင်အား ဦးညွှတ်လိုက်လေ၏။ “အခုလိုမျိုး ငါ့ကို ကူညီပေးခဲ့တာတွေအတွက် ငါ မင်းကျေးဇူးကို တကယ်မမေ့ပါဘူးကွာ… မင်း နောက်ပိုင်း အကူအညီလိုတယ်ဆိုရင် ပြောသာပြောလိုက်… ငါ လုံးဝမငြင်းဘူး…”
လျူစန်းနျန်သည်လည်း ရန်ကိုင်အားသို့ ကပ်လာပြီး ဦးညွှတ်၍ ပြန်ပြောလိုက်လေသည်။ “အခုလိုမျိုး ကျွန်မတို့ လက်စားပြန်ချေခွင့်ရအောင် ကူညီပေးတဲ့အတွက် မောင်လေးရန်ကို ကျေးဇူးအများကြီးတင်ပါတယ်…” ထိုသို့ပြောပြီးသည့်နောက် လျူစန်းနျန်၏မျက်လုံးများ မျက်ရည်ဝိုင်းသွားခဲ့လေသည်။
လျူယုချင်းကလည်း အလျင်စလို ရှေ့သို့တက်ကာ ပြောလိုက်လေ၏။ “ကျေးဇူးအများကြီးတင်ပါတယ် ဦးလေးရန်…”
လျူယုချင်းသည် သူမ၏နဂါးအဖေကို လုံးဝမကြိုက်ပေ။ ဤအချိန်အတောအတွင်း ယခင်က ဘာတွေဖြစ်ပျက်သွားခဲ့သလဲဆိုသည်နှင့် ပတ်သက်၍ သူမအမေဆီမှ ကြားသိခဲ့ရသည်။ လျူယုချင်းအမြင်အရ လီကျောက်သည်သာ သူမ၏အဖေဖြစ်ပြီး ဖုချီကမူ ဤလောကကြီးထဲရှိ အရက်စက်အကြမ်းကြုတ်ဆုံး လူတစ်ဦး ဖြစ်ပေသည်။
ရန်ကိုင်သည် လီကျောက်တို့အား သူ့လက်ဖြင့် ပြန်ထူမပေးလိုက်ပြီးသည့်နောက်တွင် ပြန်၍ပြောလိုက်လေ၏။ “ခင်ဗျားတို့ကိုယ်စား လက်စားပြန်ချေပေးတာ လီကျောက်ပဲ… ကျုပ်မဟုတ်ဘူး… ဒီတော့ ကျုပ်ကို လာကျေးဇူးတင်နေစရာမလိုဘူး…”
လီကျောက်က ရှက်ရှက်ဖြင့် ပြန်ပြောလိုက်သည်။ “အဲ့လောက်ကြီးလည်း မမြှောက်စမ်းပါနဲ့ ရောင်းရင်းရန်ရာ… ငါက ဖုချီကို ကိုယ်တိုင်သတ်နိုင်လောက်တဲ့အထိ အားမကောင်းပါဘူး… မင်းသာ ငါ့ကို မကူညီခဲ့ဘူးဆိုရင် ငါ သူ့ကို မသတ်နိုင်ဘဲ သူကတောင် ငါ့ကို ပြန်သတ်သွားဦးမှာ…”
ဖုချီအား သတ်လိုက်သည့်လူမှာ ရန်ကိုင်မဟုတ်ပါသော်ငြား ရန်ကိုင်သည် ဖုချီအား သတ်နိုင်စေရန်အတွက် ကြီးကြီးမားမား အကူအညီပေးခဲ့ပေသည်။ လီကျောက်မ ဖုချီနှင့် မတိုက်ခိုက်ခင် ဖုချီအား ဆိုးဆိုးရွားရွား ဒဏ်ရာရအောင် လုပ်ခဲ့ရုံမက လီကျောက်ကိုလည်း ဖုချီနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စေရန်အတွက် နဂါးကျောင်းတော်မှ နဂါးကောင်းချီးကို ရအောင် ယူပေးခဲ့သည်။ ထိုသို့သာမဟုတ်ပါက လီကျောက်အနေဖြင့် ဖုချီအား မည်သို့မျှ ယှဉ်ပြိုင်နိုင်လိမ့်မည်မဟုတ်။
ထို့အတွက်ကြောင့်ပင်လျှင် လီကျောက်မှာ ရန်ကိုင်အား အမှန်တကယ်ကို ကျေးဇူးတင်မိပေသည်။ နဂါးကျွန်းပေါ်တွင် သူ့ရင်ထဲ မျိုသိပ်ထားခဲ့ရသည့် ဒေါသတရားတို့ကို ဖွင့်ထုတ်ပစ်နိုင်ခဲ့လေသည်။ ယခုဆိုလျှင် လီကျောက်မှာ ပို၍ စိတ်အေးလက်သာဖြင့် နေနိုင်လေပြီ။ ယခုတစ်ကြိမ် မီးနဂါးနန်းတော်ဆီသို့ ပြန်ရောက်ပြီးသည်နှင့် လျူစန်းနျန်၊ သူ့သမီးနှင့်တကွ သူ၏ အခြားသောမိန်းမများကို ယခင်ကထက်ပို၍ ကောင်းကောင်းမွန်မွန် ဆက်ဆံရမည်ဟုလည်း သူ့စိတ်ထဲ ဆုံးဖြတ်ထားခဲ့လေသည်။
အလာပ သလာပ ပြောနေပြီးသည့်နောက်တွင် ကျောက်တုံးကိုယ်ပွားက ရုတ်တရက်မေးလိုက်လေသည်။ “မင်း ပြဿနာတစ်ခုခုနဲ့ ကြုံနေရပြန်ပြီလား…”
“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “အရင်ဆုံး ထိုင်လိုက်ဦး…”
ထို့နောက်တွင် သူ့လက်အား ဝှေ့ယမ်းလိုက်ရာ အိမ်ထဲမှ သစ်သားစားပွဲခုံများ၊ ထိုင်ခုံများ အစီအရီ ပျံထွက်လာခဲ့လေသည်။ ထိုအရာများကို ထုန်းရွှမ်လောကကြီးမှတစ်ဆင့် ရန်ကိုင်ယူလာခဲ့ခြင်းဖြစ်လေသည်။
အကုန်လုံး ထိုင်ခုံအသီးသီးယူပြီးသည့်နောက်တွင် ရန်ကိုင်သည် ထိုင်ခုံတစ်ခုံကို သူ့နားသို့ ဆွဲယူ၍ လျို့ယန်အား ထိုထိုင်ခုံပေါ်တွင် ထိုင်စေသည်။ သို့သော်ငြား လျို့ယန်ကမူ ခေါင်းမာ၍ သူ့ပေါင်ပေါ်တွင်သာ ပေကပ်နေသည့်အတွက်ကြောင့် ရန်ကိုင်လည်း မတတ်သာတော့ဘဲ လက်လျှော့လိုက်ရလေ၏။
ထို့နောက်တွင် ရန်ကိုင်သည် နဂါးကျောင်းတော်ထဲ၌ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ရှင်းပြလိုက်လေ၏။ ဝူခွမ်းသည် ဟင်းလင်းပြင်ကိုထိုးဖောက်၍ အဆင့်နိမ့်ကြယ်စီရင်စုတစ်ခုဆီသို့ ဆင်းသွားကြောင်း ကြားသိလိုက်ရပြီးသည့်နောက် လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကုန်ကြလေသည်။
သူတို့ ပို၍ထိတ်လန့်သွားရသည်မှာတော့ ရန်ကိုင်သည် ဝူခွမ်းဖန်တီးသွားသည့် ဟင်းလင်းပြင်လိုဏ်ခေါင်းမှတစ်ဆင့် သူ့နောက်သို့ ပြေးလိုက်လာပြီး နောက်ဆုံးတွင် အဆုံးမဲ့ကြယ်စီရင်စုကြီးဆီသို့ ရောက်လာသည်ဟူသော အချက်ပင်။
“ပြဿနာက ဘာလဲဆိုတော့…” ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။ “အဆင့်နိမ့်ကြယ်စီရင်စုတိုင်းမှာ ကိုယ်ပိုင်လောကနိယာမတွေ ရှိတယ်ကွာ… အဲ့လောကနိယာမတွေက တန်ခိုးရှင်ဘုရင်အဆင့်ထက် ပိုမြင့်တဲ့အဆင့်တွေကို လက်မခံဘူး… ဒီတော့ ငါတို့ထဲမှာ ယုချင်းကလွဲပြီးတော့ ဘယ်သူမှ အေးအေးဆေးဆေး အပြင်ကို လမ်းထွက်လျှောက်လို့ ရမှာမဟုတ်ဘူး… မင်းတို့သာ အပြင်ထွက်သွားမယ်ဆိုရင် ကောင်းကင်လမ်းစဉ်က အပြစ်ပေးတာကို ခံရလိမ့်မယ်…”
လျို့ယန်က မေးလိုက်လေသည်။ “သခင်ကရော…”
ရန်ကိုင်သည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်ပေသည်။ အဆင့်နိမ့်ကြယ်စီရင်စုများသည် တာအိုသခင်အဆင့်နှင့်အထက် ကျင့်ကြံသူများကို လက်မခံသည့်အတွက်ကြောင့် ရန်ကိုင်ကိုလည်း လက်ခံလိမ့်မည်မဟုတ်။
“ငါ့ကိုလည်း လက်မခံဘူး…” ရန်ကိုင်က သူ့နှာခေါင်းကိုပွတ်ရင်းမှ “အဲ့ဒါကြောင့်ပဲ ဒီကြယ်စီရင်စုဆီမလာခင် ငါ့ကျင့်ကြံခြင်းကို အတတ်နိုင်ဆုံးဖိနှိပ်ပြီးတော့ ငါ့အရှိန်အဝါကိုလည်း တတ်စွမ်းသလောက်ကို ဖုံးကွယ်ထားတယ်… အဲ့ဒါကိုတောင်မှ ဒီရောက်တာနဲ့ မိုးကြိုးတွေပစ်ချတာ ခံရသေးတယ်…”
ရန်ကိုင်ပစ်ချခံရသော ကောင်းကင်မိုးကြိုးများမှာ လောကနိယာမများမှ သူ့အား လက်မခံသည့်အတွက်ကြောင့် ပြန်လည်တွန်းထုတ်နေခြင်းသာ ဖြစ်လေသည်။ ကံကောင်းစွာဖြင့် ရန်ကိုင်မှာ ကြယ်စီရင်စုကြီးထဲသို့ မလာခင်ကတည်းက သူ့ကျင့်ကြံခြင်းတစ်ဝက်လောက်ကို ဖိနှိပ်ပစ်ထားခဲ့သည်။ ထိုသို့သာမဟုတ်ပါက မိုးကြိုးပစ်ချက်များမှာ ပိုမိုပြင်းထန်ပေလိမ့်မည်။ ဤနေရာသည် အဆင့်နိမ့်ကြယ်စီရင်စုတစ်ခုသာ ဖြစ်ပါသော်ငြား လောကနိယာမများ၏စွမ်းအားကို သွားရောက် အထင်မသေးသင့်ပေ။ သူသည် ကောင်းကင်မိုးကြိုးများဖြင့် အဆက်မပြတ် ပစ်ချခံနေရမည်ဆိုပါက အသက်အန္တရာယ်ပင် ရှိနိုင်ပေသည်။
“ငါ ခြေပါချော်သွားသေးတယ်…”
“အဟွတ်… ခစ် ခစ် ခစ်…” လျို့ယန်မှာ ရုတ်တရက်ဆိုသလို တခစ်ခစ်ဖြင့် ထရယ်တော့လေသည်။ ဟိတ်ဟန်ကြီးမားလှသည့် ဧကရာဇ်ပထမအဆင့်ပညာရှင်တစ်ဦး ခြေချော်ကျသွားသည့်မြင်ကွင်းမှာ သူမအတွက်တော့ အတော်လေးကိုမှ ရယ်ချင်ဖွယ်ကောင်းနေလေသည်။ အခြားသူများမှာလည်း ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ထရယ်မိကြကုန်လေ၏။
ရန်ကိုင်မှာ လျို့ယန်၏ခေါင်းလေးကို ရုတ်တရက် ကောက်ခေါက်လိုက်ရာ လျို့ယန်မှာ သူမခေါင်းလေးကို လက်ဖြင့်ပွတ်ရင်းမှ နှုတ်ခမ်းလေးစူလိုက်လေ၏။
“ဒီတော့ ရောင်းရင်းလီနဲ့ အစ်မစန်းနျန် မင်းတို့နှစ်ယောက်စလုံး ဒီမှာ ခဏလောက်နေနှင့်ကြဦး… အခုလောလောဆယ်တော့ ငါတို့ ကြယ်တာရာအစုအဝေးဆီ ပြန်သွားလို့မရသေးဘူး… ဒါပေမယ့် စိတ်မပူပါနဲ့… ငါ ဒီကကိစ္စတွေအကုန်လုံးကို ရှင်းပြီးသွားလို့ရှိရင် မင်းတို့ကို ကြယ်တာရာအစုအဝေးဆီ ပြန်ခေါ်သွားပေးမယ်…”
လီကျောက်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “ကိစ္စမရှိဘူး… လာတောင်လာနိုင်သေးတာပဲ… ပြန်ထွက်သွားဖို့ကလည်း နည်းလမ်းရှိမှာပေါ့… ငါတို့ကူညီပေးဖို့ လိုသေးလား… မင်းကျင့်ကြံခြင်းနဲ့ဆိုလို့ရှိရင်တော့ ဒီလိုနေရာမျိုးမှာ ဘာအန္တရာယ်နဲ့မှ ကြုံရမှာမဟုတ်ဘူး… ဒါပေမယ့် ငါတို့ဘက်မှာ လူတွေအများကြီးရှိနေတာဆိုတော့ ငါတို့ဆီက အကူအညီတစ်ခုခုလိုတာရှိရင် ပြောလေ…”
ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “ငါ့ကိုကူညီပေးချင်တယ်ဆိုရင်တော့ မင်းတို့ရဲ့ကျင့်ကြံခြင်းကို အရင်ဆုံး ဖိနှိပ်ထားလိုက်…”
“ကောင်းပြီ…” လီကျောက် ခေါင်းညိတ်လိုက်လေသည်။
“ကျွန်မလည်း ကူညီပေးမယ်…” လျို့ယန်က ပြောလိုက်သည်။
“အင်း…”
ထိုသို့ပြောပြီးသည့်နောက် လျို့ယန်သည် ရန်ကိုင်အား ချိုသာစွာ ပြုံးပြလာခဲ့လေသည်။
သူတို့နှစ်ဦး ပြန်တွေ့ပြီးသည့်အချိန်မှစ၍ လျို့ယန်မှာ အတော်လေးကိုမှ ပြောင်းလဲသွားသလို ရန်ကိုင်စိတ်ထဲ ခံစားနေခဲ့ရသည်။
“လုအန်းရော…” လုပ်စရာရှိသည့်ကိစ္စများကို လုပ်ပြီးသည့်နောက်တွင် လုဟွိုက်ရွှမ်းသည် လုပင်းကိုခေါ်၍ မေးလိုက်လေသည်။
လုဟွိုက်ရွှမ်း၏ အေးစက်စက်လေသံကို သတိထားမိလိုက်သော် လုပင်း အထိတ်ထိတ်အလန့်လန့်ဖြစ်သွားခဲ့ပြီး မယုံသင်္ကာဖြင့် ပြန်၍မေးလိုက်လေ၏။ “သူ ဘာဖြစ်လို့လဲ…”
လုဟွိုက်ရွှမ်းက ပြန်ပြောလိုက်သည်။ “ကျွန်မတို့ ကြယ်သေပေါ်ကို ရောက်နေတယ်ဆိုတဲ့အကြောင်းကို လေပြင်းပင်လယ်ဓါးပြတွေနဲ့ ဟဲမိသားစုကခွေးသူတောင်းစားတွေဆီကို သတင်းပေးလိုက်တာ သူပဲ…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၈၇)
ဘာသာပြန်သူ_တိမ်တိုက်
လုအန်းသည် လုဟွိုက်ရွှမ်းနှင့် အကြည့်ချင်းမဆုံရဲခဲ့သည့် သူမ၏ပထမဦးလေးဖြစ်ပေသည်။
လုဟွိုက်ရွှမ်းမှာ အကန်းမဟုတ်သည့်အတွက်ကြောင့် ဘာမှမေးနေစရာပင်မလိုဘဲ အကြောင်းအရင်းကို ချက်ချင်း တန်းသိခဲ့သည်။ အစောပိုင်းက လုအန်းအား အပြစ်မပေးခဲ့ရခြင်းမှာ သူမတွင် ပိုအရေးကြီးသည့် ကိစ္စများ ရှိနေသည့် အတွက်ကြောင့်ပင်။ ယခု အားယားသွားပြီဖြစ်လေရာ ထိုသစ္စာဖောက်အား လုံးဝကို အလွတ်ပေးလိမ့်မည်မဟုတ်ပေ။
လုမိသားစုအတွင်းတွင် သစ္စာဖောက်မှုအား အကြီးအကျယ် တားမြစ်ထားပေသည်။
ထိုစကားကိုကြားသော် လုပင်း ထိတ်လန့်သွားခဲ့လေ၏။ “သူလား… မဖြစ်နိုင်ဘူး…”
သူနှင့်လုအန်းမှာ ဝမ်းကွဲညီအစ်ကိုများ ဖြစ်ကြသည်။ လွန်ခဲ့သောတစ်လခန့်က သူတို့နှစ်ဦး အတူတကွ သောက်စားပျော်ပါးနေကြတုန်းသာ ရှိပေသေးသည်။ ထို့အတွက်ကြောင့် လုအန်း လုမိသားစုအား ရုတ်တရက်ကြီး သစ္စာဖောက်သွားသည့်အပေါ် လုပင်းမှာ မယုံကြည်နိုင် ဖြစ်နေလေသည်။ သို့သော်ငြား လုဟွိုက်ရွှမ်းသည် လူတစ်ဦးအား အကြောင်းအရင်းမရှိ စွပ်စွဲလိမ့်မည်မဟုတ်မှန်းလည်း သိနေခဲ့သည်။ လုအန်းသည် သစ္စာဖောက်ဖြစ်သည်ဟု လုဟွိုက်ရွှမ်းမှ ပြောလာသည့်အတွက်ကြောင့် သူမတွင် သက်သေအထောက်အထား အခိုင်အမာရှိနေသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ လုပင်းက အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “ငါ တစ်ချက်သွားကြည့်လိုက်မယ်…”
ထို့နောက် လှည့်ထွက်သွားလေ၏။ မကြာမီ လုပင်းသည် သုန်သုန်မှုန်မှုန်အမူအယာဖြင့် ပြန်ရောက်လာခဲ့လေသည်။ “လုအန်း ထွက်ပြေးသွားပြီ…”
လုပင်းသည် လုအန်းအား ကြယ်သင်္ဘောတစ်စင်းလုံးအနှံ့ လိုက်လံရှာဖွေခဲ့ပါသော်ငြား မည်သည့်နေရာတွင်မှ မတွေ့ရ။ လုမိသားစုမှအခြားသောကျင့်ကြံသူများကို မေးမြန်းကြည့်သည့်အခါတွင်လည်း လုအန်းအား မတွေ့မိသည်မှာ အတန်ကြာနေပြီဖြစ်ကြောင်း ပြောခဲ့ကြသည်။
“ထင်ထားတဲ့အတိုင်းပါပဲလား…” လုဟွိုက်ရွှမ်းမှာတော့ အနည်းငယ်မျှပင် အံ့အားသင့်နေခြင်းမရှိခဲ့။ သူမသည်သာ လုအန်းဆိုလျှင်လည်း အစောကြီးတည်းက ထွက်ပြေးသွားပြီးလေပြီ။ သစ္စာဖောက်များမှာ ရန်သူများထက်ပင် ပို၍ ရွံစရာကောင်းပေသည်။ လုအန်းသည်သာ ထွက်မပြေးသွားပါက ကျိန်းသေ ဆိုးဆိုးရွားရွား အပြစ်ပေးခံရပေလိမ့်မည်။
တစ်ချိန်တည်းတွင်လည်း သူမစိတ်ထဲ ကြိတ်၍ သက်ပြင်းချမိလိုက်လေသည်။ လုအန်းသည်သာ ထွက်မပြေးလျှင် သူမအနေဖြင့် လုအန်းအား မည်ကဲ့သို့ အပြစ်ပေးလို့ပေးရမှန်း သေချာမသိပေ။ လုအန်းအား သတ်ပစ်ရမည်လား။ သို့သော်ငြား လုအန်းသည် အကြီးအကဲဖြစ်သလို သူမ၏ဦးလေးလည်း ဖြစ်ပေသေးသည်။ သူမသည်သာ လုအန်းအား တကယ်ကြီးသတ်ပစ်လိုက်မည်ဆိုလျှင် လူအချို့မှာ သူမအား အလွန်ကိုမှ သွေးအေးလွန်းသည်ဟု ပြောလာကြပေလိမ့်မည်။
လုအန်းမှာ ထွက်ပြေးသွားပြီ ဖြစ်သည့်အတွက်ကြောင့် လုဟွိုက်ရွှမ်းလည်း အလုပ်မရှုပ်တော့ချေ။ ဟဲမိသားစုမှ အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်သွားသော ကျင့်ကြံသူများကဲ့သို့ပင် လုအန်းသည်လည်း ဤကြယ်သေပေါ်တွင် ကောင်းကောင်းမွန်မွန် နေနိုင်လိမ့်မည်မဟုတ်ချေ။ ကြယ်သေတစ်ခုလုံးမှာ မိုးမြေစွမ်းအင်များ ကိန်းအောင်းနေသည့်အတွက်ကြောင့် လုအန်းအနေဖြင့် လုမိသားစုလက်မှ လွတ်မြောက်သွားမည်ဆိုလျှင်ပင် ကြယ်သေပေါ်၌ ကြာကြာ အသက်ရှင်နိုင်လိမ့်မည်မဟုတ်ပေ။ ထိုအကြောင်းကြောင့်ပင်လျှင် လုဟွိုက်ရွှမ်းမှာ လုအန်းနောက်သို့ ဆက်မလိုက်တော့ခြင်း ဖြစ်လေသည်။ လုအန်းအား ဤနေရာတွင် နေခိုင်းခဲ့လိုက်ခြင်းသည် သူ့အတွက် အဆိုးရွားဆုံးသော ပြစ်ဒဏ်တစ်မျိုးလည်း ဖြစ်ပေသည်။
“သူ ဘာဖြစ်လို့ ငါတို့ကို သစ္စာဖောက်ရတာလဲ…” လုပင်း နားမလည်နိုင် ဖြစ်နေရသည်။
“သူ့ကို ဟိုဘက်က လာဘ်ထိုးထားတာ မဟုတ်လို့ရှိရင် အကြပ်ကိုင်ခြိမ်းခြောက်ခံနေရလို့ပဲ…” လုဟွိုက်ရွှမ်းက ပြန်ပြောလိုက်သည်။ ထို့နောက် သူမလက်ကို ဝှေ့ယမ်းလျက် “ထားလိုက်တော့… အဲ့ကိစ္စအကြောင်းကို ထပ်မပြောတော့နဲ့… အခြားသူတွေကိုလည်း လျှောက်ပြီးတော့မပြောနဲ့…”
“နားလည်ပြီ…” လုပင်းက ခေါင်းညိတ်လိုက်လေသည်။ “ဒါပေမယ့် နေမိုးသောက်ကြယ်မှာ လုအန်းရဲ့ဆွေးမျိုးတွေ ရှိသေးတယ်လေ… သူတို့တွေမေးလာရင် ဘယ်လိုပြန်ဖြေရမှာလဲ…”
“အဲ့ဒါကိုတော့ တတိယဦးလေးဘာသာ ဖြေရှင်းလိုက်ပေါ့…” လုဟွိုက်ရွှမ်းသည် လုပင်းအား ကြည့်ရင်းမှ ပြန်ပြောလိုက်လေသည်။
လုပင်းက ခေါင်းညိတ်လျက် “ကောင်းပြီလေ… အဲ့ကိစ္စကို ငါ့တာဝန်ထားလိုက်…” တစ်ချက်မျှရပ်ပြီးသည့်နောက် လုပင်းက ဆက်ပြောလိုက်သည်။ “ဒါနဲ့ ဟဲမိသားစုရဲ့ကြယ်သင်္ဘောကို ဘယ်လိုလုပ်မလဲ…”
လုဟွိုက်ရွှမ်းသည် ချက်ချင်းပဲ ခေါင်းမော့၍ ပြန်ပြောလိုက်လေသည်။ “ဟိုလူဆီကနေ ခွင့်ပြုချက်မရသေးသရွေ့ အဲ့ကြယ်သင်္ဘောကို ဘာမှသွားမလုပ်နဲ့…”
ဟဲမိသားစုဝင်များကို သတ်ပစ်ခဲ့သူများသည် လုမိသားစုဝင်များ ဖြစ်ကြသည့်အတွက်ကြောင့် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောသည် သူတို့၏အပိုင် ဖြစ်သင့်ပါသော်ငြား သူမတို့အနေဖြင့် ဟဲမိသားစုဝင်များကို သတ်ပစ်နိုင်ဖို့ရာ ရန်ကိုင်မှ ကြီးကြီးမားမား အကူအညီပေးခဲ့ပေသည်။
လုပင်းက ပြန်ပြောလိုက်လေသည်။ “ငါနားလည်ပြီ… အဲ့ဒါကြောင့်ပဲ ငါ့လူတွေကို အဲ့ကြယ်သင်္ဘောထဲ မဝင်ဖို့ ပြောထားတာ… ဒါပေမယ့် အဲ့လူက ကြယ်သင်္ဘောတစ်စင်းလောက်ကို စိတ်ဝင်စားမယ်လို့ မထင်ဘူးနော်… ဘာဖြစ်လို့ သူ့ကို တစ်ချက်လောက် သွားမမေးကြည့်တာလဲ…”
လုမိသားစုသည် နေမိုးသောက်ကြယ်၏ အုပ်စိုးသူနှစ်ပါးအနက်မှ တစ်ပါးဖြစ်ပါသော်ငြား သူတို့တွင် တန်ခိုးရှင်ဘုရင်အဆင့်ကြယ်သင်္ဘော တစ်စင်းသာ ရှိပေသည်။ တန်ခိုးရှင်ဘုရင်အဆင့်ကြယ်သင်္ဘော နောက်ထပ်တစ်စင်းကိုသာ ထပ်ရလိုက်မည်ဆိုလျှင် လုမိသားစု၏ခွန်အားကို အကြီးအကျယ် တိုးတက်လာစေနိုင်ပေသည်။ တန်ခိုးရှင်ဘုရင်အဆင့်ကြယ်သင်္ဘောများသည် ဤကြယ်စီရင်စုကြီးထဲရှိ အားအကောင်းဆုံးသော လက်နက်များအနက် တစ်ခုအပါအဝင် ဖြစ်ကြသလို ထိုကြယ်သင်္ဘောများအား နေရာအမျိုးမျိုးတွင် အသုံးချနိုင်ပေသည်။ သူတို့တွင်သာ နေမိုးသောက်ကြယ်တွင်ရှိနေသော လက်ကျန်ဟဲမိသားစုဝင်များအား ရှင်းပစ်လိုပါက ဤကြယ်သင်္ဘော၏စွမ်းအားမှာ ကျိန်းသေ အသုံးဝင်လာပေလိမ့်မည်။
လုဟွိုက်ရွှမ်း သူမနားထင်ကို ပွတ်လိုက်လေသည်။ ထိုလူအကြောင်းကို စဉ်းစားမိလိုက်တိုင်း တောင်ပေါ်မှ ဆင်းလာစဉ် ထိုလူမှ သူမရင်ဘတ်နေရာအား ဆုပ်ကိုင်ခဲ့သည့်အဖြစ်ကိုသာ ပြန်စဉ်းစားမိလေသည်။ ထိုလူ၏လက် သူမ၏ရင်ဘတ်ပေါ်သို့ မည်ကဲ့သို့ရောက်နေကြောင်းကို လုဟွိုက်ရွှမ်း ကွက်ကွက်ကွင်းကွင်း မှတ်မိနေပေသေးသည်။
(သူက တမင်တကာ လုပ်တာမဟုတ်ဘူးလို့တော့ ပြောတာပဲ… ဒါပေမယ့်… ဟူး…)
“သူ ဘယ်သူလဲဆိုတာကို သိပြီလား….” လုပင်းက ပြန်မေးလိုက်သည်။
လုဟွိုက်ရွှမ်းက ခေါင်းခါလျက် “ဒီအဆုံးမဲ့ကြယ်စီရင်စုကြီးထဲက မဟုတ်ဘူးဆိုတာပဲ သိသေးတယ်…”
ထိုစကားကိုကြားသော် လုပင်း၏ခန္ဓာကိုယ် တုန်တက်သွားခဲ့လေ၏။ “အဆုံးမဲ့ကြယ်စီရင်စုကြီးထဲက မဟုတ်ဘူးလား…”
ရုတ်တရက် တစ်ခုခုအား ပြန်သတိရသွားသည့်အလား လုပင်းက ပြန်ပြောလိုက်လေသည်။ “ဒါဆို သူက…”
လုဟွိုက်ရွှမ်းက ခေါင်းတညိတ်ညိတ်လုပ်လျက် “ဟုတ်တယ်… အဲ့နေရာကလာတာ ဖြစ်လောက်တယ်…”
“ဒါကြောင့်ကိုး…” လုပင်း အတွေးနက်သွားတော့လေသည်။ “အဲ့ဒါကြောင့်ပဲ လေပြင်းပင်လယ်ဓါးပြအဖွဲ့ရဲ့ ပထမခေါင်းဆောင်တောင် သူ့လက်အောက်ငယ်သား လုပ်ချင်နေတာ… သူသာ အဲ့နေရာကဆိုရင်တော့ ရှန်းယောင် အချီကြီးပွတာပဲ… ရှန်းယောင်လည်း အဲ့တစ်ချက်ကို သေချာနားလည်ထားလောက်တယ်… ဟုတ်တယ်မလား…”
လုဟွိုက်ရွှမ်းကပြုံး၍ “ရှန်းယောင်လိုလူမျိုးက အရမ်းကို အကွက်မြင်တတ်တဲ့လူ… သူ့အတွက် အကျိုးအမြတ်သာ မရှိဘူးဆိုရင် ဘာလို့ အခြားတစ်ယောက်ကို ဒီလောက်တောင် ကျိုးနွံနေမှာလဲ…”
လုပင်းက အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ဒါဆိုရင်တော့ သူနဲ့ ရင်းနှီးအောင်လုပ်ထားဖို့ လိုလာပြီ… ရှန်းယောင်ကိုချည်းပဲ အခွင့်အရေးပေးထားလို့ မဖြစ်တော့ဘူး… သူနဲ့ရင်းနှီးအောင်လုပ်ဖို့ကတော့ အရင်ဆုံး သူဘာကြိုက်လဲ သိရမှ ဖြစ်လိမ့်မယ်… ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ယောက်ျားတွေဆိုတာက ပိုက်ဆံရယ် စွမ်းအားရယ် မိန်းမရယ်ကို ကြိုက်တဲ့လူတွေချည်းပဲ… ဒီတော့ အရင်ဆုံး မိန်းမကနေ စကြည့်ရင် ကောင်းလိမ့်မယ်… ငါတို့ကြယ်သင်္ဘောထဲမှာလဲ မိန်းမချောချောလှလှလေးတွေ နည်းနည်းပါးပါး ပါလာတယ်…”
“ကျွန်မ တစ်ချက်စဉ်းစားကြည့်လိုက်ဦးမယ်…” လုဟွိုက်ရွှမ်းက ထူးမခြားနားဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။
သူမ တစ်ဦးတည်းနေချင်သည့်အကြောင်းကို သဘောပေါက်လိုက်သော် လုပင်းက ပြန်ပြောလိုက်လေသည်။ “အဲ့ဒါဆို ငါ အရင်သွားနှင့်လိုက်တော့မယ်… တစ်ခုခုအကြောင်းထူးရင် ငါ့ကို လှမ်းပြောလိုက်နော်…”
လုဟွိုက်ရွှမ်းမှာမူ ထိုင်ခုံပေါ်တွင်ထိုင်နေရင်းမှ အတွေးနက်နေခဲ့လေသည်။ အတန်ကြာအောင် စဉ်းစားနေပြီးသည့်နောက် ဘာဆိုဘာမှ အဖြေမသိရသဖြင့် ထိုလူဆီသို့သာ ကိုယ်တိုင်ကိုယ်ကျ သွားလည်ရန် ဆုံးဖြတ်လိုက်လေသည်။
ထိုလူနှင့် ဆက်ဆံရေးကောင်းတစ်ခု ထူထောင်နိုင်မလား မထူထောင်နိုင်ဘူးလား ဆိုသည်မှာတော့ ထိုလူနှင့် အရင်ဦးစွာ ရင်းနှီးအောင် ပေါင်းသင်းကြည့်ပြီးမှသာ သိနိုင်ပေလိမ့်မည်။ ရှန်းယောင်သည် ရန်ကိုင်နောက် တောက်လျှောက်လိုက်နေသည့်အတွက်ကြောင့် သူသည်သာ ရန်ကိုင်၏ ပစားပေးမှုကို ရရှိသွားပါက လုမိသားစုအား ဖယ်ထုတ်ထားလိုက်၍ ရပေပြီ။
ဤသည်မှာ အခွင့်အလမ်းကောင်းကြီးတစ်ရပ် ဖြစ်သည့်အတွက်ကြောင့် လုဟွိုက်ရွှမ်းမှာတော့ လွယ်လွယ်နှင့် လက်မလျှော့ချင်ပေ။
မကြာမီတွင် လုဟွိုက်ရွှမ်းသည် စင်္ကြန်လမ်းမှထွက်၍ သူမအခန်းဆီသို့ ပြန်ရောက်လာခဲ့လေသည်။ သို့သော်ငြား ထိုနေရာသို့ရောက်လာသည့်အခိုက် လူတစ်ဦးအား မြင်လိုက်ပြီး ထိတ်လန့်တကြားဖြင့် ထအော်လေသည်။ “ရှင်ဘယ်သူလဲ…”
သူမ၏အခန်းရှေ့တည့်တည့်တွင် လုံးကြီးပေါက်လှခန္ဓာကိုယ်နှင့် အမျိုးသမီးတစ်ဦး ရပ်နေခဲ့လေသည်။ ထိုအမျိုးသမီး၏ရင်အစုံမှာ သူမ၏အင်္ကျီထဲမှ အချိန်မရွေး ပေါက်ထွက်လုမတတ် မို့တက်နေခဲ့လေ၏။ အမျိုးသမီးသည် ခရမ်းရောင်ကိုယ်ကြပ်ဝတ်ရုံရှည်နှင့် ခရမ်းရောင်ခါးစည်းကို ဝတ်ဆင်ထားခဲ့လေသည်။ ထိုအဝတ်အစားကြောင့် သူမ၏ အချိုးအစားကျနလှသော ခန္ဓာကိုယ်မှာ ပို၍ ထင်သာမြင်သာ ဖြစ်နေခဲ့ရလေသည်။ လက်ရှိအချိန်တွင် အမျိုးသမီးသည် သူမ မည်မျှ ကောက်ကြောင်းလှကြောင်းကို ပြသချင်နေသည့်အလား ခါးလေးကိုပင် ကော့၍ နေနေခဲ့လေ၏။
ပိုးသားပမာ ပျော့ပျောင်းလှသော ဆံရှည်များမှာမူ ကျောပြင်တစ်လျှောက် ဝဲကျနေခဲ့ပြီး အရည်ရွှမ်းလဲ့လှသည့် မျက်ဝန်းအစုံမှာ ညကောင်းကင်ယံထက် တောက်ပနေသည့် ကြယ်စင်လေးပမာ တလက်လက် တောက်ပနေလေသည်။
နှစ်ဦးစလုံးသည် အမျိုးသမီးများ ဖြစ်ကြသည့်တိုင် ထိုအမျိုးသမီးကို မြင်လိုက်သည့်အခိုက် လုဟွိုက်ရွှမ်း ရင်တဒုန်းဒုန်း ခုန်သွားရလေ၏။
(ဒီမိန်းမက တကယ့်ကို စုန်းမပဲ…)
သူမဆီမှ ဖြာထွက်နေသော တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် အရှိန်အဝါကြောင့်သာ မဟုတ်ပါက ထိုအမျိုးသမီးသည် ယခုထက်ပင် ပို၍ ဆွဲဆောင်မှုရှိပေလိမ့်ဦးမည်။
လက်ရှိအချိန်တွင်တော့ လုဟွိုက်ရွှမ်းမှာ ထိုအမျိုးသမီး၏ အလှတရားအပေါ် ချီူးကျူးမနေနိုင်ခဲ့။ မည်သူမဆို မိမိ၏ကြယ်သင်္ဘောထဲ သူစိမ်းပညာရှင်တစ်ဦး ရုတ်တရက်ကြီးပေါ်လာကြောင်းကို သိလိုက်ရချိန် ကျိန်းသေ ထိတ်လန့်သွားကြရပေလိမ့်မည်။
လုဟွိုက်ရွှမ်းသည် ချက်ချင်းပဲ ဓါးကိုထုတ်၍ အမျိုးသမီးအား ဓါးဖြင့် ချိန်ရွယ်လိုက်လေသည်။ သူမ၏ကျင့်ကြံခြင်းမှာ တစ်ဖက်လူထက် တစ်ဆင့် ပိုနိမ့်နေပါသော်ငြား ဤနေရာသည် သူမ၏ကြယ်သင်္ဘောဖြစ်သည့်အတွက်ကြောင့် တကယ်တမ်းသာ တိုက်ခိုက်ကြမည်ဆိုလျှင် သူမအနေဖြင့် တစ်ဖက်လူအား အနိုင်ယူကောင်း အနိုင်ယူနိုင်ပေသည်။
သို့သော်ငြား သူမဘက်မှ ဤကဲ့သို့ ရန်လိုခက်ထန်သည့်ပုံစံမျိုးဖြင့် တုံ့ပြန်နေသည့်တိုင် ထိုအမျိုးသမီးမှာတော့ အနည်းငယ်မျှပင်မမှု။ လက်တစ်ဖက်ထဲတွင် သေတ္တာတစ်လုံးကိုကိုင်ရင်း သေတ္တာထဲရှိမှန်ကိုကြည့်လျက် ကျန်လက်တစ်ဖက်ဖြင့် သူမကိုယ်သူမ ပါးနီခြယ်သနေခဲ့လေသည်။
ထို့နောက်တွင် ရုတ်တရက်ကောက်ရပ်လိုက်ပြီး စိတ်ကောက်နေသည့်အမူအယာဖြင့် “မလုပ်တာကြာတော့ လုပ်ရတာတောင် နည်းနည်းခက်သွားပြီ… ညီမရွှမ်း… နင် ငါ့မျက်ခမ်းကို နည်းနည်းလောက် လာဆိုးပေးလို့ရမလား…”
“ညီမရွှမ်း…” လုဟွိုက်ရွှမ်း မျက်မှောင်ကျုံ့သွားခဲ့လေသည်။ “ကျွန်မ ရှင့်ကိုသိလို့လား…”
ဤအမျိုးသမီးအား သူမ တစ်ခါမှမတွေ့ဖူးမှန်း လုဟွိုက်ရွှမ်း သေချာပေသည်။ ထို့အတွက်ကြောင့် အမျိုးသမီး၏စကားကိုကြားသော် လုဟွိုက်ရွှမ်း ကြောင်သွားရလေသည်။
အမျိုးသမီးက ပြုံးလျက် “ငါတို့တွေ့ထားတာတောင် မကြာသေးဘူးလေ… ဘာလဲ… ငါ့ကို မမှတ်မိတော့တာလား…”
“ရှင်က…” လုဟွိုက်ရွှမ်း စိတ်မရှည်ဖြစ်လာခဲ့လေသည်။ သို့သော်ငြား မကြာမီတွင် ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိသွားခဲ့ပြီး အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားတော့လေ၏။
ထိုအမျိုးသမီးက လုံးဝကိုကွဲပြားသည့်လေသံဖြင့် ပြန်ပြောလိုက်လေ၏။ “ငါ ဒီလိုမျိုးပြောမယ်ဆိုရင်ရော…”
“ရှင်က ရှန်းယောင်ပဲ…” လုဟွိုက်ရွှမ်းမှာ သူမမျက်လုံးပင်သူမ မယုံကြည်နိုင်ခဲ့။ သူမရှေ့ရှိအမျိုးသမီးကိုကြည့်ရင်း လုံးဝကို ပါးစပ်အဟောင်းသား ဖြစ်နေရလေသည်။
နာမည်ဆိုးဖြင့်ကျော်ကြားနေသော လေပြင်းပင်လယ်ဓါးပြအဖွဲ့၏ ပထမခေါင်းဆောင်မှာ စွဲမက်ဖွယ်ကောင်းသော ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသော အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့လေသည်။
“ခစ် ခစ် ခစ်…” ပထမခေါင်းဆောင်သည် ရုတ်တရက်ဆိုသလို ထရယ်တော့လေ၏။ ခန္ဓာကိုယ်လေးကို လှုပ်လီလှုပ်လဲ့ဖြင့် ရယ်မောနေလိုက်ရာ သူမ၏ရင်အစုံမှာ အင်္ကျီထဲမှ ခုန်ထွက်လုမတတ်ပင် ဖြစ်နေခဲ့လေသည်။
လုဟွိုက်ရွှမ်းမှာ လုံးဝကို မယုံကြည်နိုင် ဖြစ်နေပါသော်ငြား လက်ရှိ သူမရှေ့တွင်ရပ်နေသည့် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ ရောက်နေသော အမျိုးသမီးသည် လေပြင်းပင်လယ်ဓါးပြအဖွဲ့၏ ပထမခေါင်းဆောင်မှလွဲ၍ အခြားသူမဖြစ်နိုင်မှန်းကိုလည်း သိနေခဲ့လေသည်။
“ဘယ်လိုလုပ်ပြီး…” လုဟွိုက်ရွှမ်းမှာ လုံးဝကို နားမလည်နိုင် ဖြစ်နေလေရာ စကားကိုပင်လျှင် အဆီအငေါ်တည့်အောင် မပြောနိုင်တော့ပေ။
ပထမခေါင်းဆောင်သည် ရုတ်တရက်ဆိုသလို ဝမ်းနည်းနေသည့်အမူအယာမျိုးဖြင့် ငါတို့နှစ်ယောက်လုံးက အမျိုးသမီးတွေပဲ… ပြီးတော့ အဖွဲ့အစည်းအသီးသီးရဲ့ ခေါင်းဆောင်တွေဆိုလည်း ဟုတ်တယ်… ဒီတော့ ငါ့အခြေအနေကို နင်နားလည်မှာပေါ့…”
ထိုစကားကိုကြားကြားချင်း လုဟွိုက်ရွှမ်း ကြောင်သွားခဲ့ပါသော်ငြား ရှန်းယောင် ဘာပြောချင်သလဲဆိုသည်ကို ချက်ချင်း နားလည်သွားခဲ့လေသည်။ သူမ လုမိသားစုခေါင်းဆောင်ရာထူးကို ရယူခဲ့စဉ်က လူပေါင်းများစွာသည် သူမအား ဝေဖန်ပြစ်တင်ခဲ့ကြသည်။ သူမ၏ကျင့်ကြံခြင်းမှာ လုံလောက်အောင် အားမကောင်းခဲ့သည့်အတွက်ကြောင့် ထိုကဲ့သို့ပြစ်တင်ခံရခြင်းမဟုတ်။ အမျိုးသမီးတစ်ဦး ဖြစ်နေသည့်အတွက်ကြောင့်သာလျှင် ထိုကဲ့သို့ ပြစ်တင်ခံရခြင်း ဖြစ်လေသည်။
မရေမတွက်နိုင်သော ရန်သူပေါင်းများစွာကို နှိမ်နင်းပြီး လုမိသားစုအား အမျိုးမျိုးသောအန္တရာယ်များမှ ကယ်တင်ပြီးသည့်နောက်မှသာလျှင် သူမလူများ၏ ယုံကြည်မှုကို ရယူနိုင်ခဲ့ခြင်း ဖြစ်လေသည်။
ထိုအချက်နှင့်ပတ်သက်၍လည်း လုဟွိုက်ရွှမ်းမှာ အတော်လေးကိုမှ မကျေမနပ်ဖြစ်ခဲ့ရသည်။ ယောက်ျားများနှင့် မိန်းမများသည် ဘာကြောင့်များ တန်းတူညီမျှသော အခွင့်အရေးကို မရကြလေသနည်း။ ခေါင်းဆောင်ရာထူးသည် ဘာကြောင့်များ ယောက်ျားများအတွက် ပိုမိုသင့်တော်နေရလေသနည်း။ ဤလောကကြီးထဲရှိ ယောကျ်ားအားလုံးမှာလည်း အမျိုးသမီးများမှ မွေးဖွားလာခြင်းဖြစ်လေရာ ဘာကြောင့်များ အမျိုးသမီးများကို အထင်သေးကြလေသနည်း။ အမျိုးသားရော အမျိုးသမီးရော လူသားများသာ ဖြစ်ကြသည်။ ထိုသို့ဖြစ်လေရာ ဘာကြောင့်များ ထိုနှစ်ဦးကြား ဤကဲ့သို့သော ကွာခြားချက်မျိုး ရှိနေရလေသနည်း။
လုမိသားစုကဲ့သို့သော မိသားစုထဲတွင်ပင် အခြေအနေမှာ ထိုမျှဆိုးရွားနေခဲ့လေရာ ကြယ်စီရင်စုထဲရှိ ရက်စက်ကြမ်းကြုတ်လှသော ပင်လယ်ဓါးပြစုဝေးနေသည့် လေပြင်းပင်လယ်ဓါးပြအဖွဲ့ထဲတွင်ဆိုလျှင်တော့ မေးနေစရာပင်မလိုတော့ပေ။
ပထမခေါင်းဆောင်က ပြန်ပြောလိုက်လေသည်။ “အဲ့ကောင်တွေသာ ငါက အခုလိုမျိုး အရမ်းလှတဲ့ မိန်းမတစ်ယောက်ဆိုတာ သိသွားမယ်ဆိုရင် ငါ သူတို့ကို ကောင်းကောင်းထိန်းနိုင်ဦးမယ်လို့ ထင်လား… အခြားလူတွေမပြောနဲ့… ငါ့ရဲ့ သွေးသောက်ညီအစ်ကိုဆိုတဲ့လူတွေတောင် တဏှာစိတ်ငယ်ထိပ်ရောက်ပြီးတော့ ငါ့ကို တိုက်ခိုက်လာကြမှာ…”
သူမကိုယ်တိုင်သည်လည်း ထိုအခြေအနေကို ကြုံဖူးသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် လုဟွိုက်ရွှမ်းမှာ ရှန်းယောင်၏အခြေအနေကို နားလည်ပေသည်။ မာချောင်ကျွင်းနှင့် ကဲမင်တို့အနေဖြင့် ရှန်းယောင်ကဲ့သို့သောလူတစ်ဦးနှင့် သောက်စားပျော်ပါနိုင်ရခြင်းမှာ ရှန်းယောင်ကိုယ်တိုင်သည်လည်း သူတို့ကဲ့သို့ပင် ယောကျ်ားတစ်ဦးဖြစ်သည်ဟု ထင်ထားသည့်အတွက်ကြောင့်သာ။ ရှန်းယောင်သည်သာ ယခုကဲ့သို့သော အတော်လေးကိုမှ ချောမောလှပသည့် အမျိုးသမီးတစ်ဦးအသွင်သို့ ပြောင်းသွားမည်ဆိုပါက ထိုနှစ်ဦးမှာ သူမအပေါ် အခြားသောစိတ်များ ဖြစ်ပေါ်မလာနိုင်ပါဟု မည်သူမျှ မပြောနိုင်ပေ။
ထိုအကြောင်းကြောင့်ပင်လျှင် လုဟွိုက်ရွှမ်းမှာ ရှန်းယောင်အား သနားမိသွားခဲ့လေသည်။ တစ်နည်းဆိုရသော် သူတို့နှစ်ဦးစလုံးမှာ အခြေအနေတစ်မျိုးတည်းနှင့် ကြုံနေရခြင်းဖြစ်လေသည်။ နှစ်ဦးစလုံးမှာ ချောမောလှပသည့် အမျိုးသမီးများ ဖြစ်ကြသလို အဖွဲ့အစည်းအသီးသီး၏ ခေါင်းဆောင်များလည်း ဖြစ်ကြသည်။
“ရှန်းယောင်က ရှင့်နာမည်မဟုတ်ဘူးမလား…” လုဟွိုက်ရှန်းက ပြောလိုက်သည်။ မည်သည့်အမျိုးသမီးကမှ ထိုကဲ့သို့သော ယောကျ်ားဆန်သည့်နာမည်မျိုးကို ပိုင်ဆိုင်ထားလိမ့်မည်မဟုတ်ချေ။
ပထမခေါင်းဆောင်က ပါးစပ်လေးကို လက်ဖြင့်အုပ်ရင်း ရယ်သွမ်းသွေးလျက် “အဲ့ဒါက ငါဒီတိုင်းပဲ ငါ့ကိုယ်ငါပေးထားတဲ့ နာမည်တစ်ခုပဲ…”
“အဲ့ဒါဆို ရှင့်ကို ဘယ်လိုခေါ်ရမလဲ…”
“ဟဲယွင်ရှန်း…” အမျိုးသမီးက ပြုံး၍ ပြန်ပြောလိုက်သည်။
လုဟွိုက်ရွှမ်းမှာ ခေါင်းတညိတ်ညိတ်လုပ်လိုက်လေသည်။ ထို့နောက် မျက်မှောင်ကျုံ့လျက် ကသိကအောက်အမူအယာဖြင့် ပြန်မေးလိုက်သည်။ “ဒါပေမယ့် ကျွန်မကြားတာတော့ ရှင်နေ့တိုင်း အမျိုးသမီးအယောက်တစ်ရာနဲ့ အိပ်လေ့ရှိတယ်ဆို…”
(သူက မိန်းမတစ်ယောက်ဆိုရင် ဘယ်လိုလုပ်ပြီး အဲ့လိုအိပ်တာလဲ… ပြီးတော့ ကောလဟာလတွေကလည်း အခြေအမြစ်မရှိတာမဟုတ်ဘူး…)
ဟဲယွင်ရှန်းသည် သူမ၏ပါးစပ်ကို လက်ကလေးဖြင့်အုပ်ရင်းမှ ရယ်သွမ်းသွေးလျက် “ညီမရွှမ်းက အတင်းအဖျင်းတွေကို တော်တော်လေးစိတ်ဝင်စားတာပဲနော်…” ထို့နောက် သူမ၏မျက်လုံးထဲ အရိပ်တစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး ပြန်၍ပြောလိုက်လေ၏။ “ညီမရွှမ်း သိချင်တယ်ဆိုလို့ရှိရင် ငါနဲ့လာစမ်းကြည့်လေ…”
လုဟွိုက်ရွှမ်း၏အမူအယာ ချက်ချင်း မှုန်ကုပ်သွားခဲ့ပြီး ကသိကအောက်လေသံဖြင့် ပြန်၍ပြောလိုက်လေ၏။ “မလိုပါဘူး…”
ထိုမေးခွန်းအား မေးခဲ့မိလိုက်သည့်အပေါ် လုဟွိုက်ရွှမ်းမှာ နောင်တရချင်သလိုပင် ဖြစ်သွားခဲ့လေသည်။ (ငါ တကယ်စိတ်လွတ်နေတာပဲ ဖြစ်ရလိမ့်မယ်…)
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၈၈)
ဘာသာပြန်သူ_တိမ်တိုက်
"နင်ဘာလို့ အဲဒီမှာ ရပ်နေတာလဲ" အမျိုးသမီးသည် လေပြင်းပင်လယ်ဓားပြအဖွဲ့၏ ပထမခေါင်းဆောင်မှန်း သိသွားသော် လုဟွိုက်ရွှမ်းသည် သူမ၏ ဓားကို ပြန်ရုတ်သိမ်းလိုက်လေသည်။
"ဆရာက အခု ရေချိုးနေတယ်လေ၊ ငါက မိန်းမတစ်ယောက်ဆိုတော့ အထဲမှာနေလို့ အဆင်မပြေလို့ အပြင်မှာ လာရပ်စောင့်နေတာ"
"အိုး" လုဟွိုက်ရွှမ်းသည် ခေါင်းတညိတ်ညိတ်လုပ်ရင်း ဘေးတစ်ဖက်တွင် သွားရပ်နေလိုက်လေ၏။ သူမသည်လည်း အခန်းတံခါးကို သွားမခေါက်ခဲ့ပေ။
လုဟွိုက်ရွှမ်း ငြိမ်သက်စွာ ရပ်စောင့်နေစဉ် ဟဲယွင်ရှန်းမှာတော့ မိတ်ကပ်ပြင်ရင်း အလုပ်ရှုပ်နေခဲ့သည်။ ရုတ်တရက်ဆိုသလို ဟဲယွင်ရှန်းသည် ပါးနီသေတ္တာကို ပြန်သိမ်းလိုက်ပြီး ရေဘောလုံးလေးတစ်လုံးကို သူမလက်ထဲ ဖန်တီးလိုက်သည်။
ထိုရေဘောလုံးဖြင့် မျက်နှာပေါ်ရှိ မိတ်ကပ်များကို ဖျက်ပစ်လိုက်ပြီးသည့်နောက်တွင် သက်ပြင်းတစ်ချက် ချလျက် ပြောလိုက်လေ၏။ "ထားလိုက်တော့" ဟဲယွင်ရှန်းကို ကြည့်ရသည်မှာ သူမ၏ ကံတရားကို လက်ခံလိုက်သည့်ပုံပင်။
လုဟွိုက်ရွှမ်းက ပြောလိုက်သည်။ "နင်က မပြင်လည်း လှနေတာပဲကို"
"နင်လည်း အဲလိုထင်တာလား" လုမိသားစုမှ သခင်မလေးဆိုသူမှာ ယခင်ကထက်ပို၍ ကြည့်ရရှုရ အဆင်ပြေလာသည်ဟု ဟဲယွင်ရှန်း စိတ်ထဲ ရုတ်တရက် ခံစားလိုက်ရလေသည်။ ထို့နောက် လုဟွိုက်ရွှမ်းကို ကြည့်၍ သူမနှင့် ယှဉ်ကြည့်လိုက်လေ၏။ [ငါတို့ နှစ်ယောက်စလုံးကတော့ ကိုယ့်နည်းကိုယ်ဟန်နဲ့ လှကြတဲ့သူတွေချည်းပဲ၊ ဘယ်သူကမှ ဘယ်သူထက် လျော့နေတာ မရှိဘူး၊ဒါပေမဲ့ ငါတို့ပုံစံက နည်းနည်းတော့ ကွဲတယ်၊ ဆရာက ဘယ်သူ့ကို ပိုကြိုက်မလဲ မသိဘူး၊ ငါ့လိုမျိုး စွဲမက်စရာကောင်းတဲ့ မိန်းမကိုပဲ ကြိုက်မလား၊ သူ့လိုပဲ ကျော့ရှင်းပြီးတော့ အိန္ဒြေကြီးတဲ့ အမျိုးသမီးကို ကြိုက်မလား၊ ဒါပေမဲ့ ကိုယ်လုံးကိုယ်ပေါက်ကတော့...]
ထိုသို့ တွေးနေရင်းမှ ဟဲယွင်ရှန်းသည် လုဟွိုက်ရွှမ်း၏ ရင်ဘတ်နေရာဆီသို့ လှမ်းကြည့်လိုက်လေသည်။ လုဟွိုက်ရွှမ်း၏ ရင်မို့မို့အစုံကို မြင်ပြီးသည့်နောက် သူမကိုယ်သူမ ဂုဏ်ယူချင်သလို ပြန်ဖြစ်သွားခဲ့လေသည်။
"နင်ဘာတွေ လာကြည့်နေတာလဲ" ဟဲယွင်ရှန်း၏ အကြည့်ကို သတိထားမိလိုက်သော် လုဟွိုက်ရွှမ်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့လေသည်။ ထို့နောက် သူမစိတ်ထဲ ကြိတ်၍ တွေးလိုက်လေ၏။ [သူ ဘာတွေစားထားလို့ ဒီလောက်တောင် ကြီးနေရတာလဲ]
ရုတ်တရက် အခန်းတံခါး ပွင့်သွားခဲ့လေ၏။ အမျိုးသမီးနှစ်ဦး အကြည့်ချင်း ဖလှယ်ပြီးသည့်နောက် အခန်းထဲသို့ ဝင်ရန် ပြင်လိုက်ကြသည်။ မဝင်ခင် ဟဲယွင်ရှန်းသည် လက်ကိုပိုက်လျက် သူမ၏ ရင်အစုံကို အပေါ်သို့ ပင့်တင်လိုက်လေသည်။ ထိုသို့ဖြင့် သူမ၏ ရင်မို့မို့အစုံမှာ ပိုကြီးသယောင် ထင်သွားရကာ ပို၍လည်း သိသာထင်ရှားလာလေ၏။ ထို့နောက် ခါးလေးကို လှုပ်ယမ်းလျက် အခန်းထဲသို့ ဝင်သွားလေသည်။
ဟဲယွင်ရှန်း လုပ်ပုံကို ကြည့်ရင်း လုဟွိုက်ရွှမ်းမှာတော့ ဆွံ့အနေလေ၏။ သို့တိုင် သူမခန္ဓာကိုယ်ကိုသူမ သေချာ သပ်ရပ်အောင် လုပ်ပြီးနောက် အခန်းထဲသို့ လိုက်ဝင်သွားခဲ့လေသည်။
"ဆရာ" အခန်းထဲသို့ ရောက်လာပြီးသည့်နောက်တွင် ဟဲယွင်ရှန်းသည် သူမ၏ ရင်အစုံကို ရန်ကိုင်မှ မြင်နိုင်စေရန်အတွက် ခါးကို သေချာလေး ကိုင်းပြလိုက်သည်။
ရန်ကိုင်ကမူ မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ခေါင်းညိတ်ပြလိုက်လေ၏။ ဟဲယွင်ရှန်း သူမ၏ မူလပုံစံသို့ ပြန်ပြောင်းထားကြောင်း ရန်ကိုင်လည်း သိပေသည်။ ထို့ကြောင့် အနည်းငယ်မျှပင် အံ့အားသင့်နေခြင်း မရှိ။
"စီနီယာ" လုဟွိုက်ရွှမ်းသည်လည်း ရန်ကိုင်အား ဦးညွှတ်လိုက်လေ၏။
"အရင်ထိုင်လိုက်ဦး၊ ကျုပ် ခင်ဗျားတို့နှစ်ယောက်ကို မေးစရာရှိတယ်" ရန်ကိုင်က ပြောလိုက်သည်။
ဟဲယွင်ရှန်းသည် သူမ၏ ပါးစပ်ကလေးကို လက်ဖြင့်အုပ်ရင်း တခစ်ခစ် ရယ်မောရင်းမှ... "အခုလိုမျိုးတွေ လုပ်နေစရာ မလိုပါဘူး ဆရာရယ်၊ ဆရာ မေးချင်တာရှိရင် ဒီအတိုင်းပဲ မေးလိုက်ပါ၊ ကျွန်မ သိထားသမျှ အကုန်ပြောပြပေးပါမယ်"
လုဟွိုက်ရွှမ်းသည် ဟဲယွင်ရှန်းအား ထူးထူးဆန်းဆန်း အမူအရာဖြင့် လှမ်း၍ ကြည့်လိုက်လေသည်။
"ဆရာ့ဆံပင်ကို ကျွန်မထုံးပေးရမလား" ဟဲယွင်ရှန်းသည် ရန်ကိုင်၏ ပခုံးအထက် လျှောကျနေသော ဆံပင်များကို ကြည့်ရင်းမှ လှမ်း၍ ပြောလိုက်လေသည်။
"အဆင်ပြေရင် လာလုပ်လိုက်လေ" ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် ပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့" ဟဲယွင်ရှန်းသည် ရန်ကိုင်၏ အနောက်သို့ ချက်ချင်း လျှောက်သွားလိုက်ပြီး ဘီးတစ်ချောင်းကို ထုတ်ကာ ရန်ကိုင်၏ ဆံပင်ကို သေသေချာချာ ဖြီးပေးတော့လေ၏။
ထိုအချင်းအရာကို မြင်သော် လုဟွိုက်ရွှမ်းသည်လည်း ရေနွေးကြမ်း ဖော်စပ်မည့် ပစ္စည်းအစုံအလင်ကို စားပွဲပေါ် ထုတ်ယူလိုက်လေသည်။ ထို့နောက် အသင့်ဆောင်လာသော ရေအချို့ကို ထုတ်ကာ ရေနွေးကြမ်းကို စကျိုတော့လေ၏။ လုဟွိုက်ရွှမ်းမှာ ဟဲယွင်ရှန်းကဲ့သို့ ကလူတူတူ ညူတူတူ ပုံစံမျိုး မလုပ်တတ်သည့်အတွက်ကြောင့် ရေနွေးကြမ်း ဖျော်ရန်သာ ဆုံးဖြတ်လိုက်လေသည်။ ကံကောင်းစွာဖြင့် ငယ်စဉ်ကတည်းက ရေနွေးကြမ်းအား မည်ကဲ့သို့ ဖော်စပ်ရမလဲဆိုသည်ကို သေချာ သင်ကြားထားသည့်အလျောက် ဤနယ်ပယ်တွင် အတော်လေးကိုမှ ကျွမ်းကျင်လှပေသည်။
မကြာမီ အခန်းထဲ ရေနွေးကြမ်း သင်းရနံ့တို့ ထွက်ပေါ်လာခဲ့လေသည်။
ဟဲယွင်ရှန်းသည် ရန်ကိုင်၏ ဆံပင်ကို ဖြီးပေးနေရင်းမှ လှမ်းမေးလိုက်လေ၏။ "ဒါ တိမ်တိုက်တောင်က စိတ်ဝိညာဉ်မြူခိုး ရေနွေးကြမ်းလား"
လုဟွိုက်ရွှမ်းက ပြန်၍ပြောလိုက်သည်။ "ပထမခေါင်းဆောင်က တကယ်ကို အမြင်စူးရှတာပဲ"
ဟဲယွင်ရှန်းက ပြုံး၍ ပြန်ပြောလိုက်လေသည်။ "ကျွန်မ အမြင်စူးရှတာ မဟုတ်ဘူး၊ ဒီရေနွေးကြမ်းကကို အရမ်းနာမည်ကျော်နေတာ၊ နောက်ဆုံးတော့ ဆရာ့ကျေးဇူးကြောင့် ကြယ်စီရင်စုကြီးထဲက ထိပ်တန်းရေနွေးကြမ်း သုံးခုထဲက တစ်ခုကို မြည်းစမ်းခွင့် ရတော့မယ်"
ရန်ကိုင်ကမူ စကားတစ်ခွန်းမျှ မပြောဘဲ ပြုံးသာပြုံးနေသည့်အတွက်ကြောင့် လုဟွိုက်ရွှမ်း အနည်းငယ် စိတ်ဓာတ်ကျသလို ဖြစ်သွားခဲ့ရလေသည်။ လုမိသားစုအနေဖြင့် ဤရေနွေးကြမ်းကို ရဖို့ရာ အတော်လေး ငွေသုံးခဲ့ရပေသည်။ သို့တိုင် အနည်းငယ်သာ ရခဲ့လေ၏။ ပုံမှန်အားဖြင့် လုမိသားစုဝင်များသည်ပင်လျှင် ဤရေနွေးကြမ်းကို မသောက်ကြချေ။ သို့သော်ငြား ဤရေနွေးကြမ်းသည်ပင်လျှင် သူမျှော်လင့်ထားသည့် အရာမျိုးကို ဖြစ်လာအောင် မလုပ်ပေးနိုင်ခဲ့။
သို့သော် သေသေချာချာ စဉ်းစားကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်သည်သာ ထိုနေရာမှ တကယ်ကြီး လာခဲ့မည်ဆိုလျှင် ဤအဆုံးမဲ့ကြယ်စီရင်စုကြီးထဲရှိ ထိပ်တန်း ရေနွေးကြမ်းသည်ပင်လျှင် သူ့လည်ချောင်း ရှင်းသွားအောင် လုပ်ပေးဖို့ရာ မထိုက်တန်ကြောင်း သဘောပေါက်သွားခဲ့သည်။ ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်အခိုက် သူမစိတ်သူမ ပြန်ထိန်းလိုက်ပြီး ရေနွေးကြမ်း ဖော်စပ်ရာတွင်သာ ဆက်၍ အာရုံစိုက်ထားလိုက်တော့လေ၏။
ရေနွေးကြမ်း အဆင်သင့် ဖြစ်လာသည့်အခါ လုဟွိုက်ရွှမ်းသည် ခွက်ထဲသို့ လောင်းထည့်ပေးလိုက်ပြီး ရန်ကိုင် အရှေ့တည့်တည့်သို့ တွန်းပို့ပေးလိုက်လေသည်။ "စီနီယာ သောက်ကြည့်ပါဦး"
ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး ရေနွေးကြမ်းခွက်ကို လှမ်းယူလိုက်လေသည်။ ရေနွေးကြမ်း၏ အရသာကို လျှာဖြင့်တို့ကာ စမ်းကြည့်ပြီးသည့်နောက် ခွက်တစ်ခွက်လုံးကို တစ်ကျိုက်တည်း မော့သောက်၍ ပြန်ပြောလိုက်လေ၏။ "အင်း၊ တကယ်ကို ကောင်းတယ်"
ဤရေနွေးကြမ်း၏ အရသာမှာ အမှန်တကယ်ကို မဆိုးလှပေ။
ထိုအခါမှသာလျှင် လုဟွိုက်ရွှမ်း ပြုံးနိုင်တော့လေ၏။
"ခင်ဗျားလည်း ထိုင်တော့လေ" ရန်ကိုင်သည် ဟဲယွင်ရှန်းဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ သူ့ဆံပင်ကို ထုံးတောင်ပြီးသွားပြီ ဖြစ်ပါသော်ငြား ဟဲယွင်ရှန်း ချက်ချင်း မထိုင်သေးဘဲ သူ့ဘေးနားတွင် ရပ်နေလေ၏။
"ဟုတ်ကဲ့" ထိုအခါမှသာ ဟဲယွင်ရှန်းသည် ပြုံး၍ သွားထိုင်လေသည်။
ရေနွေးကြမ်း သုံးခွက် သောက်ပြီးသည့်နောက် ရန်ကိုင် ရုတ်တရက် ကောက်ပြောလိုက်သည်။ "ကျုပ် ခင်ဗျားတို့နှစ်ယောက်ကို မေးစရာတစ်ခု ရှိတယ်"
အမျိုးသမီးနှစ်ဦးစလုံး ရေနွေးကြမ်းခွက်များကို အသီးသီး ချလိုက်ပြီးသည့်နောက် ရန်ကိုင် ပြောလာမည်ကို စောင့်နေလိုက်လေသည်။
"ဒီ အဆုံးမဲ့ကြယ်စီရင်စုက အခြားစီရင်စုတွေနဲ့ ဆက်နေလား"
ထိုစကားကို ကြားသော် နှစ်ဦးစလုံး ခေါင်းခါပြလိုက်ကြသည်။
ထိုနှစ်ဦး၏ တုံ့ပြန်ပုံကို မြင်သော် ရန်ကိုင် စိတ်ပျက်သွားခဲ့ရသည်။ သို့တိုင် ထပ်၍ မေးလိုက်ပေသေးသည်။ "မဆက်နေတာ သေချာလား"
ထိုအမျိုးသမီးနှစ်ဦး သူ့အား လိမ်လိမ့်မည်ဟု ရန်ကိုင် မထင်။ သို့သော်ငြား သူတို့နှစ်ဦး ဖြေလာသည့် အဖြေသည် ရန်ကိုင် လိုချင်နေသည့် အဖြေမဟုတ်။
လုဟွိုက်ရွှမ်းက ပြန်၍ပြောလိုက်လေသည်။ "ကျွန်မ သိသလောက်ဆိုရင်တော့ ကျွန်မတို့ ကြယ်စီရင်စုကြီးက အခြားစီရင်စုတွေနဲ့ တိုက်ရိုက်ကြီး ဆက်မနေဘူး စီနီယာ"
ရန်ကိုင် စကားအသွားအလာမှတစ်ဆင့် တစ်ခုခုအား သဘောပေါက်သွားသည့်အလား ဟဲယွင်ရှန်းက ပြန်မေးလိုက်လေသည်။ "ဆရာက အခြားကြယ်စီရင်စု တစ်ခုဆီ သွားချင်နေတာလား"
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်"
ဟဲယွင်ရှန်းက ထပ်မေးလိုက်သည်။ "ဒါဆိုရင် ဆရာ မူလကုန်းမြေဆီ မသွားဘဲနဲ့ ဘာဖြစ်လို့ ဒီကိုလာတာလဲ"
ရန်ကိုင်သည် ဟဲယွင်ရှန်းအား ငေးကြောင်ကြောင် အမူအရာဖြင့် ကြည့်လျက် ပြန်မေးလိုက်သည်။ "မူလကုန်းမြေက ဘယ်နားမှာလဲ"
ဟဲယွင်ရှန်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လျက်..."ဆရာက မူလကုန်းမြေက လာတာ မဟုတ်ဘူးလား"
"ကျုပ် အဲဒီနေရာအကြောင်း တစ်ခါမှ မကြားဖူးဘူး"
လုဟွိုက်ရွှမ်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပြီး ဟဲယွင်ရှန်းဆီသို့ ကြည့်လိုက်လေသည်။ နှစ်ဦးစလုံး အမှန်တကယ်ကို ထိတ်လန့်နေမိကြလေပြီ။
[သူ မူလကုန်းမြေက လာတာ မဟုတ်ရင် သူ့ကျင့်ကြံခြင်းက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မြင့်နေရတာလဲ]
ရန်ကိုင်သည် မူလကုန်းမြေမှ လာခြင်းဖြစ်သည်ဟု နှစ်ဦးစလုံး ထင်နေကြခြင်း ဖြစ်လေသည်။ သို့သော်ငြား တကယ့်တကယ်တွင်တော့ သူတို့ အထင်မှားနေသည့်ပုံပင်။
အမျိုးသမီးနှစ်ဦးစလုံးမှာ လုံးဝကို မှင်တက်နေကုန်ကြလေသည်။ ရန်ကိုင်သည်သာ မူလကုန်းမြေမှ မလာခဲ့လျှင် ကောင်းကင်လမ်းစဉ်သည် ဘာကြောင့်များ သူ့အား လက်မခံလေရသနည်း။ ထို့အပြင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦးအား မည်သို့များ အလွယ်တကူ သတ်ပစ်နိုင်ခဲ့ရလေသနည်း။
"ဆရာ ဘယ်နေရာက လာလဲဆိုတာကို ကျွန်မတစ်ချက်လောက် သိလို့ရမလား" ဟဲယွင်ရှန်းသည် ရန်ကိုင်ကို ကြည့်ရင်းမှ မေးလိုက်သည်။
တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ "ကြယ်တာရာအစုအဝေး"
"ကြယ်တာရာအစုအဝေး" အမျိုးသမီးနှစ်ဦးစလုံး ဇဝေဇဝါ ဖြစ်သွားကြရလေသည်။
ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင် ကြောင်သွားရသည့် အလှည့်ပင်။ "ခင်ဗျားတို့ အဲဒီနေရာအကြောင်းကို တစ်ခါမှ မကြားဖူးဘူးလား"
ဟဲယွင်ရှန်းနှင့် လုဟွိုက်ရွှမ်းတို့ နှစ်ဦးစလုံး တစ်ပြိုင်တည်း ခေါင်းခါပြလိုက်ကြသည်။ လက်ရှိအချိန်တွင် သူတို့အဖြစ်မှာ အတော်လေးကိုမှ ရယ်ချင်စရာ ကောင်းနေပေသည်။ ရန်ကိုင် ပြောသည်ကို အမျိုးသမီးနှစ်ဦးမှာ နားမလည်ကြသလို အမျိုးသမီးနှစ်ဦး ပြောသည်ကိုလည်း ရန်ကိုင် နားမလည်ပေ။
"ကြည့်ရတာ ဒီကနေ ကြယ်တာရာအစုအဝေးဆီ သွားလို့မရဘူးနဲ့ တူတယ်၊ ဒီလိုဖြစ်တာ ဆန်းတော့လည်း မဆန်းပါဘူးလေ" အချို့ကြယ်စီရင်စု ပေါင်းများစွာသည် တသီးတခြား ဖြစ်နေလေ့ ရှိကြပေသည်။ ထိုအတွက်ကြောင့် ထိုတသီးတခြား ဖြစ်နေသော ကြယ်စီရင်စုများမှ ကျင့်ကြံသူများမှာ ကြယ်တာရာအစုအဝေးသို့ မသွားနိုင်ကြပေ။ အဆုံးမဲ့ကြယ်စီရင်စုကြီးသည် ထိုကဲ့သို့သော ကြယ်စီရင်စုမျိုး ဖြစ်ပေသည်။
"ကြယ်တာရာအစုအဝေးအကြောင်းကိုတော့ ကျွန်မတို့ တစ်ခါမှ မကြားဖူးဘူး၊ ဒါပေမဲ့ မူလကုန်းမြေကိုတော့ အဆုံးမဲ့ကြယ်စီရင်စုဆီကနေ သွားလို့ရတယ်" လုဟွိုက်ရွှမ်းက ရှင်းပြလိုက်သည်။
"မူလကုန်းမြေက ဘာကြီးလဲ" ရန်ကိုင် ရုတ်တရက် စိတ်ဝင်စားသွားလေသည်။
"မူလကုန်းမြေ ဆိုတာက ဒီကြယ်စီရင်စုတွေ အကုန်လုံးရဲ့ ပင်မကုန်းမြေကြီးပဲ" ဟဲယွင်ရှန်းသည် လုဟွိုက်ရွှမ်း ရှင်းမပြနိုင်သေးခင်မှာပင် အရင်ဦးအောင် ရှင်းပြလိုက်လေသည်။ "ဒီလောကကြီးထဲမှာ ကြယ်စီရင်စုတွေ မရေမတွက်နိုင်အောင် ရှိတယ်၊ ဒါပေမဲ့ အဲဒီကြယ်စီရင်စုတွေ ဘယ်ကနေ ဖြစ်ပေါ်လာလဲ ဆိုတာကို စီနီယာ တွေးခဲ့ဖူးလား"
"ဟင့်အင်း"
ဟဲယွင်ရှန်းက ပြုံးလျက် သူမလက်ကို ဝှေ့ယမ်းချလိုက်လေသည်။ ချက်ချင်းဆိုသလို မိုးမြေစွမ်းအင်တို့ စုဝေးလာခဲ့ပြီး လက်ဆေးဇလုံ အရွယ်အစားခန့်ရှိသည့် အလုံးလေးတစ်လုံး အသွင်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့နောက်တွင် ဟဲယွင်ရှန်းသည် ထိုအလုံးလေးကို ညွှန်ပြလျက် ပြောလိုက်လေ၏။ "ဒါက မူလကုန်းမြေပဲ၊ ကောင်းကင်နဲ့ မြေပြင်က ဒီကနေ ဖြစ်ပေါ်လာခဲ့တာ"
ရန်ကိုင် ခေါင်းညိတ်ပြလိုက်ပြီး ဆက်ပြောရန် အချက်ပြလိုက်လေသည်။
ဟဲယွင်ရှန်းသည် သူမလက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းချလိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ အစောပိုင်းက သူမဖန်တီးထားသော အလုံးလေးဆီမှ မိုးမြေစွမ်းအင် စီးကြောင်းများ ဖြာထွက်လာခဲ့လေသည်။ ထို့နောက် ဟဲယွင်ရှန်းက ဆက်၍ ရှင်းပြလိုက်လေ၏။ "စကြဝဠာကြီး စတင်ဖြစ်ပေါ်လာတုန်းက ဘာတွေဖြစ်သွားလဲ ဆိုတာကို ဘယ်သူမှ မသိကြဘူး၊ ဒါပေမဲ့ ကောင်းကင်နဲ့ မြေပြင် စတင်ဖြစ်ပေါ်လာပြီး အစောပိုင်းအချိန်မှာတော့ ကြယ်စီရင်စုတစ်ခု စပြီး ဖြစ်ပေါ်လာတယ်" ထိုသို့ ပြောပြီးသည့်နောက် သူမလက်ကို ဝှေ့ယမ်းချလိုက်ရာ လက်ဆေးဇလုံ အရွယ်အစားခန့်ရှိသည့် မိုးမြေစွမ်းအင် အလုံးလေးဆီမှ ဖြာထွက်လာသော စွမ်းအင်စီးကြောင်းများသည် လက်သီးဆုပ် အရွယ်အစားခန့်ရှိသော စွမ်းအင်အလုံးလေးများ အသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။
ထို့နောက် ဟဲယွင်ရှန်းမှာ သူမ၏လက်အား ထပ်မံ ဝှေ့ယမ်းချလိုက်ရာ ပိုပို၍ များပြားလာသော မိုးမြေစွမ်းအင် အလုံးလေးများ ဖြစ်ပေါ်လာခဲ့လေသည်။ တစ်ခဏလေး အတွင်းမှာပင် မြောက်မြားလှစွာသော မိုးမြေစွမ်းအင်အလုံးများ လေထဲ ဝဲလာခဲ့လေ၏။ မိုးမြေစွမ်းအင်အလုံးများမှာ အရွယ်အစား တူညီခြင်း မရှိကြသလို အရောင်အဝါမှာလည်း တူညီခြင်း မရှိကြချေ။ ထိုနည်းတူစွာပင် ၎င်းတို့နှင့် ပထမဦးဆုံး ဖြစ်ပေါ်လာသော လက်ဆေးဇလုံခန့် အရွယ်အစားရှိသည့် စွမ်းအင်အလုံးကြားရှိ အကွာအဝေးမှာလည်း တူညီခြင်း မရှိကြပေ။
အချို့သော စွမ်းအင်လုံးများ ပေါက်ကွဲထွက်သွားချိန် စွမ်းအင်လုံး အသစ်အသစ်များမှာ ထပ်မံ၍ ဖြစ်ပေါ်လာခဲ့လေသည်။ သို့သော်ငြား မည်သည့် ဖြစ်ပေါ်လာခဲ့သည့် စွမ်းအင်လုံးမှ ပထမဦးဆုံး ဖြစ်ပေါ်လာခဲ့သည့် စွမ်းအင်လုံးအား ယှဉ်နိုင်ခြင်း မရှိချေ။
ဟဲယွင်ရှန်း ဘာကို ပြောချင်နေသလဲဆိုသည်ကို သဘောပေါက်သွားသည့်အလား ရန်ကိုင်က ပြောလိုက်လေ၏။ "အဲဒီလိုကိုး"
ထိုသို့ဆိုလျှင် ကြယ်တာရာအစုအဝေးကော မည်သို့များ ဖြစ်ပေါ်လာလေသနည်း။
ဟဲယွင်ရှန်းက ဆက်၍ ရှင်းပြလိုက်သည်။ "ကြယ်စီရင်စုတွေ အများကြီးက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာမျိုး မရှိတတ်ပေမဲ့ ဘယ်ကြယ်စီရင်စုမဆို မူလကုန်းမြေနဲ့ ပတ်သက်နေတတ်တယ်၊ အချို့ကြယ်စီရင်စုတွေက မူလကုန်းမြေနဲ့ ပိုနီးတယ်တဲ့၊ အဲဒီကြယ်စီရင်စုက ကျင့်ကြံသူတွေ အဆင့်တစ်ခုကို ရောက်သွားတဲ့ အချိန်ကျရင် ပိုမိုမြင့်မားတဲ့ သိုင်းတာအိုကို လျှောက်လှမ်းနိုင်ဖို့ မူလကုန်းမြေဆီ သွားနိုင်ကြတယ်လို့ ကျွန်မကြားဖူးတယ်"
လုဟွိုက်ရွှမ်းက ထပ်၍ပြောလိုက်လေသည်။ "အဲဒါကြောင့်ပဲ စီနီယာက မူလကုန်းမြေကနေ လာတာလို့ ကျွန်မတို့ ထင်နေကြတာ"
ရန်ကိုင် ခေါင်းခါလိုက်သည်။ "ကျုပ် အဲဒီနေရာဆီ တစ်ခါမှ မရောက်ဖူးဘူး၊ အဲဒီနေရာအကြောင်းလည်း တစ်ခါမှ မကြားဖူးဘူး" တစ်ချက်မျှ ရပ်ပြီးသည့်နောက် ရန်ကိုင်က ထပ်ပြောလိုက်လေသည်။ "ဒါဆို ဒီ အဆုံးမဲ့ကြယ်စီရင်စုကြီးကနေ မူလကုန်းမြေဆီ သွားလို့ရတယ်ပေါ့"
ထိုသို့သာဆိုလျှင်တော့ ရန်ကိုင်အနေဖြင့် ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ ပြန်သွားနိုင်လောက်ပေသေးသည်။ ကြယ်စီရင်စု အားလုံးသည် မူလကုန်းမြေနှင့် ဆက်သွယ်နေသည်ဟု ဟဲယွင်ရှန်းမှ ပြောသွားသည့်အတွက်ကြောင့် ဟုန်းလော့ ကြယ်စီရင်စုကြီးသည်လည်း မူလကုန်းမြေနှင့် ဆက်သွယ်နေရပေလိမ့်မည်။
"ဟုတ်တယ် သွားလို့ရတယ်" ဟဲယွင်ရှန်းက အားတင်းပြုံးလျက်... "ဒါပေမဲ့ ဝင်ပေါက်က ဘယ်မှာမှန်း ကျွန်မတို့ မသိဘူး"
"ဒီ အဆုံးမဲ့ကြယ်စီရင်စုကြီးထဲက ဘယ်သူမှ မူလကုန်းမြေဆီ မသွားဖူးကြဘူးလား"
"သွားဖူးတဲ့ လူတွေတော့ ရှိတယ်"
ဤကြယ်စီရင်စုကြီး၏ ထိပ်တန်းပညာရှင်များသည်သာ မူလကုန်းမြေဆီသို့ သွားနိုင်ကြပေသည်။ ထိုလူများသည်သာ မူလကုန်းမြေကဲ့သို့သော ပညာရှင်ပေါင်းများစွာနှင့် ပြည့်နေသည့် နေရာမျိုးတွင် အသက်ရှင်နိုင်ကြပေလိမ့်မည်။ အမျိုးသမီးနှစ်ဦးစလုံးမှာ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပါသော်ငြား ဤကြယ်စီရင်စုကြီး၏ ထိပ်တန်းပညာရှင်များ မဟုတ်ကြသေးသည့်အလျောက် ထိုနေရာဆီသို့ မည်သို့ သွားရမလဲ မသိကြသေးပေ။
"သွားဖူးတဲ့ လူတွေ အကုန်လုံးကတော့ ဘယ်သူမှ ပြန်လာလေ့ မရှိကြဘူး၊ ဒီတော့ ကျွန်မတို့ ထင်တာက မူလကုန်းမြေဆီ သွားပြီးသွားရင် ကျွန်မတို့ ကြယ်စီရင်စုဆီ ပြန်လာလို့ မရတော့ဘူးဆိုပြီးတော့ပေါ့"
သူမ ထိုကဲ့သို့ တွေးသည်မှာလည်း အဆန်းတော့ မဟုတ်ပေ။ သို့သော်ငြား ထိုသို့ ပြန်မလာနိုင်ရသည့် အဓိက အကြောင်းအရင်းမှာ ကောင်းကင်လမ်းစဉ်၏ ငြင်းဆန်မှုကြောင့် ဖြစ်လိမ့်မည်ဟု ရန်ကိုင် ထင်ပေသည်။ ထို့အပြင် ထိုလူများသည် ပိုမိုအားကောင်းလာပြီးသည့် နောက်တွင် အဆင့်နိမ့် ကြယ်စီရင်စုတစ်ခုဆီသို့ ပြန်လာချင်ကြတော့လိမ့်မည် မဟုတ်ချေ။
ရန်ကိုင် ကိုယ်တိုင်အတွက်လည်း အတူတူသာ ဖြစ်ပေသည်။ ဖြစ်သာဖြစ်နိုင်လျှင် ရန်ကိုင်အနေဖြင့် မည်သည့် ကြယ်စီရင်စုဆီသို့မှ မသွားချင်ပေ။ သူဘာသာသူ ကြယ်တာရာအစုအဝေးတွင် နေ၍သာ သူ့ကျင့်ကြံခြင်းကို ပိုမိုတိုးတက်အောင် လုပ်လိုပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၈၉)
ဘာသာပြန်သူ_တိမ်တိုက်
"ဆရာက မူလကုန်းမြေဆီ သွားချင်လို့လား" ဟဲယွင်ရှန်းက မေးလိုက်သည်။
"ဟုတ်တယ် သွားချင်လို့၊ ခင်ဗျားတို့ အဲဒီနေရာဆီ ဘယ်လိုသွားရမလဲ သိလား" ရန်ကိုင်က ပြန်မေးလိုက်သည်။
လုဟွိုက်ရွှမ်းက ကူကယ်ရာမဲ့စွာ ပြုံးလျက်... "ကျွန်မတို့ လုမိသားစုက နေမိုးသောက်ကြယ်မှာ ထိပ်တန်းအင်အားစု တစ်ခုဆိုပေမဲ့ ကြယ်စီရင်စုကြီးထဲက အခြားထိပ်တန်း အင်အားစုတွေနဲ့ ယှဉ်လိုက်ရင် တော်တော်လေးကို သေးနေသေးတယ်၊ ဒီတော့ မူလကုန်းမြေအကြောင်းကို နည်းနည်းပါးပါးလောက်ပဲ သိတယ်"
လုဟွိုက်ရွှမ်း ကိုယ်တိုင်သည်လည်း စိတ်ပျက်နေမိလေသည်။ သူမသည်သာ ရန်ကိုင်အား ဤကိစ္စနှင့် ပတ်သက်၍ ကူညီပေးနိုင်မည်ဆိုပါက လုမိသားစုသည် ကျိန်းသေ ကြီးကြီးမားမား ဆုချခံရပေလိမ့်မည်။ သို့သော်ငြား ဤအခွင့်အရေးကို သူမဘက်မှ ဖမ်းဆုပ်နိုင်ခဲ့ခြင်း မရှိချေ။
ဟဲယွင်ရှန်းကမူ တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်၍ပြောလိုက်လေသည်။ "အဲဒီနေရာဆီ ဘယ်လိုသွားရမလဲ ကျွန်မ မသိပေမဲ့ သိတဲ့လူ တစ်ယောက်လောက်ကိုတော့ သိတယ်"
"ဘယ်သူလဲ" ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။
ဟဲယွင်ရှန်း ဘာကိုပြောချင်နေသလဲ ဆိုသည်အား သဘောပေါက်သွားသည့်အလား လုဟွိုက်ရွှမ်းသည် ဟဲယွင်ရှန်းဘက်သို့ လှည့်၍... "ပထမခေါင်းဆောင်က ယန်မိသားစုကို ပြောချင်နေတာလား"
ဟဲယွင်ရှန်းက ပြုံးလျက်... "လွန်ခဲ့တဲ့ နှစ်ငါးရာ လောက်တုန်းက ယန်မိသားစုရဲ့ ဘိုးဘေး ထိုက်ရိကြယ်ကနေ ထွက်ပြီး မူလကုန်းမြေဆီ ထွက်သွားလို့ ကြယ်စီရင်စုကြီး တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားသေးတယ်လေ၊ ယန်မိသားစုရဲ့ ဘိုးဘေး မူလကုန်းမြေထဲ အောင်အောင်မြင်မြင် ရောက်သွားလား ဆိုတာကိုတော့ ဘယ်သူမှ မသိကြပေမဲ့ ဒီအဆုံးမဲ့ကြယ်စီရင်စုကြီးထဲမှာ မူလကုန်းမြေနဲ့ ပတ်သက်လာပြီဆိုရင်တော့ ယန်မိသားစုက ဗဟုသုတ အကြွယ်ဝဆုံးလို့ပဲ ပြောရလိမ့်မယ်၊ ဒီတော့ ဆရာ မူလကုန်းမြေဆီ သွားချင်တယ်ဆိုရင် ယန်မိသားစုဆီ သွားသင့်တယ်"
"ယန်မိသားစု" လုဟွိုက်ရွှမ်း၏ အကြည့်ထဲ သတိထားနေသည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားလေသည်။ "သူတို့တွေက ရင်ဆိုင်ဖို့ မလွယ်ဘူး"
"သူတို့ ခွန်အားအခြေအနေက ဘယ်လိုလဲ" ရန်ကိုင်က ပြန်မေးလိုက်သည်။
ရန်ကိုင်သည် အဆုံးမဲ့ကြယ်စီရင်စုကြီးမှ မဟုတ်မှန်း အမျိုးသမီးနှစ်ဦးစလုံး သိထားကြသည်။ ထိုအတွက်ကြောင့် ရန်ကိုင်မှာ ဒေသခံအင်အားစု အကြောင်းကို မသိလေရာ အမျိုးသမီးနှစ်ဦးမှာ ရန်ကိုင်အား စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြပေးလေ၏။
အဆုံးမဲ့ကြယ်စီရင်စုကြီးထဲဝယ် ယန်မိသားစုသည် မြောက်မြားလှစွာသော ပညာရှင်များကို ပိုင်ဆိုင်ထားသည့် မိသားစုတစ်ခု ဖြစ်သည်။ ယန်မိသားစုသည် ထိုက်ရိကြယ်ကို အုပ်စိုးထားရုံသာလျှင် မဟုတ်။ နေမိုးသောက်ကြယ်နှင့် အဆင့်တူ ကျင့်ကြံရေးကြယ် ငါးလုံးကိုလည်း ထိန်းချုပ်ထားပေသေးသည်။ ထိုက်ရိကြယ်မှာတော့ ထိုကြယ်ငါးလုံးထက် ပိုမိုအဆင့်မြင့်သည့် ကြယ်တစ်လုံး ဖြစ်ပေသည်။
ကျင့်ကြံရေးကြယ်များကို အဆင့်ခွဲခြားလိုက်မည်ဆိုပါက နေမိုးသောက်ကြယ်သည် အလယ်အလတ်အဆင့် ဖြစ်မည်ဆိုလျှင် ထိုက်ရိကြယ်သည် ထိပ်တန်းအဆင့် ဖြစ်သည်ဟု ပြော၍ရသည်။ မိုးမြေစွမ်းအင် သိပ်သည်းမှုအရဖြစ်စေ အရင်းအမြစ် ပေါကြွယ်ဝမှုအရဖြစ်စေ ထိုက်ရိကြယ်သည် နေမိုးသောက်ကြယ်ထက် အဆပေါင်းများစွာ ပိုသာပေသည်။
ထိုအကြောင်းကြောင့် ယန်မိသားစု၏ အခြေခံအုတ်မြစ်မှာ အတော်လေးကိုမှ တောင့်တင်းလှသလို သူတို့ ပိုင်ဆိုင်ထားသည့် အရင်းအမြစ်များမှာလည်း များပြားလှပေသည်။
အဆုံးမဲ့ကြယ်စီရင်စုကြီးထဲဝယ် ယန်မိသားစုသည် ထိပ်တန်းတွင် ရပ်တည်နေသည့် မိသားစုတစ်ခု ဖြစ်ပေသည်။ ယန်မိသားစုထဲ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ သုံးဦးမှ ငါးဦးအထိ ရှိကြပြီး ယန်မိသားစု၏ လက်ရှိ မိသားစုခေါင်းဆောင် ယန်လော့မှာတော့ ဤကြယ်စီရင်စုကြီး၏ အားအကောင်းဆုံး ပညာရှင်ဖြစ်သည်ဟု သမုတ်ခံထားရသည့် လူတစ်ဦး ဖြစ်ပေသည်။
လေပြင်းပင်လယ်ဓားပြများကဲ့သို့သော ကြယ်တာရာ ပင်လယ်ဓားပြများသည် အခြားသော အဖွဲ့အစည်းများအား လိုက်လံ ဓားပြတိုက်ကာ ပစ္စည်းများကို လုယူလေ့ ရှိကြပါသော်ငြား ယန်မိသားစု၏ ကြယ်သင်္ဘောတစ်စီးကို တွေ့မည်ဆိုလျှင်တော့ သွားဓားပြမတိုက်ရဲဘဲ ခပ်ဝေးဝေးမှသာ ရှောင်ဖယ်သွားကြပေလိမ့်မည်။
အမျိုးသမီးနှစ်ဦး ရှင်းပြသည်ကို ကြားပြီးသည့်နောက် ရန်ကိုင်သည် ယန်မိသားစုအကြောင်းကို အကြမ်းဖျင်း နားလည်သွားတော့လေသည်။ သူတို့ ရှင်းပြသွားသည့်ပုံအရ ဆိုလျှင်တော့ ရန်ကိုင်အနေဖြင့် မူလကုန်းမြေဆီသို့ သွားနိုင်ဖို့ရာ ယန်မိသားစုဆီသို့ အရင်သွားရပေလိမ့်မည်။
ယန်မိသားစု၏ ခွန်အားအကြောင်းကို သိသွားပြီးသည့်တိုင် ရန်ကိုင်မှာ တည်တည်ငြိမ်ငြိမ်သာ ရှိနေသေးကြောင်းကို တွေ့လိုက်ရသော် အမျိုးသမီးနှစ်ဦးစလုံးမှာ ရန်ကိုင်အပေါ် ပို၍ ယုံကြည်စိတ် ဖြစ်လာမိရတော့လေ၏။
အထူးသဖြင့် ဟဲယွင်ရှန်းမှာ အတော်လေးကိုမှ ဝမ်းသာအားရ ဖြစ်နေခဲ့ပြီး ရန်ကိုင်ကဲ့သို့သော အားကောင်းသည့် လူတစ်ဦး၏ ခြေထောက်ကို ဖက်တွယ်ဖို့ရာ သူမ၏ ဂုဏ်သိက္ခာကို စတေးရမည်ဆိုလျှင်ပင် တန်သည်ဟု ခံစားနေရလေသည်။ သူမသည်သာ ရန်ကိုင်အနောက်သို့ လိုက်၍ မူလကုန်းမြေဆီသို့ သွားနိုင်မည်ဆိုပါက ရန်ကိုင်၏ အစေခံ ဖြစ်လာသည်မှာ ဘာမျှ ပြောပလောက်တော့ပေ။
ဟဲယွင်ရှန်းသည် သူမ၏ ပါးစပ်ကလေးကို လက်ဖြင့်အုပ်ရင်းမှ ရယ်သွမ်းသွေးလျက်... "စီနီယာ အဲဒီကို သွားချင်နေတယ်ဆိုရင်တော့ ကွက်တိဖြစ်သွားတာပေါ့၊ အခု ညီမလေးရွှမ်းကလည်း ထိုက်ရိကြယ်ကို သွားဖို့ လုပ်နေတာ"
ရန်ကိုင်က ပြန်မေးလိုက်လေသည်။ "ခင်ဗျား အဲဒီကို သွားဖို့ လုပ်နေတာလား"
လုဟွိုက်ရွှမ်းက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ "ကျွန်မတို့ ထိုက်ရိကြယ်ဆီ ကုန်ပစ္စည်းဖလှယ်ဖို့ သွားနေတာ၊ စီနီယာ စိတ်ထဲမထားဘူးဆိုရင် ကျွန်မတို့နဲ့အတူ တစ်ခါတည်း လိုက်ခဲ့လေ" နေမိုးသောက်ကြယ်နှင့် ထိုက်ရိကြယ်မှာ အလွန်ကိုမှ ဝေးကွာပေသည်။ ထိုအတွက်ကြောင့် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောကို အသုံးပြုနေသည့်တိုင် ထိုက်ရိကြယ်ဆီသို့ ရောက်ရန် သုံးလခန့် အချိန်ယူရပေသေးသည်။ ထို့အပြင် ကြယ်နှစ်လုံးဆီမှ ထွက်ရှိသည့် ဒေသထွက်ပစ္စည်းများမှာ တူညီခြင်း မရှိကြချေ။ ထိုအကြောင်းကြောင့်ပင်လျှင် သုံးနှစ်ခြားတစ်ခါ ငါးနှစ်ခြားတစ်ခါ လုမိသားစုသည် ဒေသထွက်ကုန်ပစ္စည်းများကို သယ်ဆောင်၍ အခြားသော ကြယ်များဆီသို့ ကုန်ပစ္စည်းဖလှယ်ရန် ခရီးထွက်လေ့ ရှိကြပေသည်။ ယခုတစ်ကြိမ် သူတို့ ဦးတည်ထားသည့် ကြယ်မှာတော့ ထိုက်ရိကြယ်သာ ဖြစ်လေသည်။
"ကောင်းပြီလေ" ရန်ကိုင်လည်း ငြင်းမနေခဲ့ပေ။ ရန်ကိုင်ကိုယ်တိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား အဆင့်နိမ့်ကြယ်စီရင်စုဆီသို့ ရောက်လာပြီးသည့်နောက် သူ့အတွက် လုပ်ရကိုင်ရ ခက်ခဲသွားခဲ့သည်။ အထူးသဖြင့် သူ၏ ခွန်အားနှင့် အရှိန်အဝါကို တတ်စွမ်းသမျှ ဖိနှိပ်နေရသည့် အချိန်မျိုးတွင်ပင်။ ရန်ကိုင်သည်သာ သူ၏ တကယ့်ခွန်အားကို ထုတ်သုံးလိုက်မည်ဆိုပါက ကောင်းကင်လမ်းစဉ်၏ ငြင်းဆန်ခြင်း ခံရပေလိမ့်မည်။
သူတို့ ဦးတည်ရာမှာ အတူတူသာ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ အလကား လိုက်စီးဖို့ရာ ဝန်လေးနေလိမ့်မည် မဟုတ်ချေ။ နောက် ဘာဆက်လုပ်ရမလဲဆိုသည်ကို ဆုံးဖြတ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် အဆုံးမဲ့ကြယ်စီရင်စုနှင့် ပတ်သက်သော အခြားသော အကြောင်းအရာများကို ထပ်မံ မေးမြန်းခဲ့လေသည်။ အမျိုးသမီးနှစ်ဦးသည်လည်း စိတ်ရှည်လက်ရှည်ဖြင့် ရန်ကိုင် မေးမြန်းသမျှ အကြောင်းအရာ အားလုံးကို သေသေချာချာ ရှင်းပြပေးခဲ့သည်။ ဟဲယွင်ရှန်းဆိုလျှင် ရှင်းပြနေရင်းနှင့်မှ ရန်ကိုင်၏ လက်အောက်ငယ်သား ဖြစ်လိုသည့် သူမ၏ ဆန္ဒကိုပါ ထုတ်ဖော်သွားခဲ့လေသည်။
လေးနာရီခန့် ကြာပြီးသည့်နောက် ရန်ကိုင်သည် သူပင်ပန်းလာပြီဖြစ်ကြောင်း ပြောလိုက်သည်။ လုဟွိုက်ရွှမ်းသည်လည်း အလိုက်တသိပင် ထိုင်ရာမှထ၍ နှုတ်ဆက်စကား ဆိုလိုက်လေသည်။ သို့သော်ငြား ထွက်မသွားခင် ဟဲမိသားစု၏ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောအား မည်ကဲ့သို့ လုပ်မလဲဟု မေးခဲ့လေ၏။
ရန်ကိုင်က လက်ဝှေ့ယမ်း၍ ပြန်ပြောလိုက်သည်။ "ခင်ဗျားပဲ ယူထားလိုက်"
တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောလောက်ကိုတော့ ရန်ကိုင် ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။
ရန်ကိုင်သည် အမှန်တကယ်ကို ရက်ရောလွန်းပါလေတကားဟု တွေးရင်း ဟဲယွင်ရှန်း မျက်ခုံးပင့်သွားခဲ့သည်။ ဤမျှ အဖိုးတန်လှသော တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောကိုပင်လျှင် မျက်တောင်တစ်ချက် မခတ်ဘဲ ပေးပစ်ခဲ့လေသည်။ သို့သော်ငြား သေသေချာချာ တွေးကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်၏ အဆင့်အတန်းနှင့် ခွန်အားအရ အဖိုးတန်ရတနာများအပေါ် သူ၏ မြင်ပုံနှင့် သူမတို့၏ မြင်ပုံမှာ ကွဲပြားလိမ့်မည်မှန်း သဘောပေါက်သွားခဲ့သည်။ သူမတို့အမြင်တွင် အဖိုးတန်နေသည့် ရတနာများသည် ရန်ကိုင်အမြင်တွင်တော့ အမှိုက်တစ်စလောက်သာ ရှိပေလိမ့်မည်။
လုဟွိုက်ရွှမ်းသည် ရန်ကိုင်အား ထပ်တလဲလဲ ကျေးဇူးတင်စကား ဆိုရင်းမှ ကြယ်သင်္ဘောနှင့် တန်ရာတန်ကြေး တူညီသည့် သလင်းကျောက်များကို ပြန်လည်ပေးချင်ပါသည်ဟု ပြောခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်မှ ငြင်းဆန်နေသည့်အတွက်ကြောင့် လုဟွိုက်ရွှမ်းလည်း ဘာမျှ ပြောမနေတော့ဘဲ အခန်းထဲမှသာ ပြန်ထွက်လာခဲ့လိုက်သည်။
ရန်ကိုင် ရက်ရောလွန်းနေခြင်း မဟုတ်။ အဆင့်နိမ့် ကြယ်စီရင်စုမှ သလင်းကျောက်များမှာ သူ့အတွက် အမှန်တကယ်ကို အသုံးမဝင်သည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ သူ့ဘက်မှသာ အဆင့်မြင့် အရင်းအမြစ်ကျောက်တုံး တစ်တုံးလောက်ကို ထုတ်ပေးလိုက်မည် ဆိုလျှင်တော့ ဤကြယ်စီရင်စုကြီး တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားရနိုင်ပေသည်။
လုဟွိုက်ရွှမ်း ထွက်မသွားခင် အရှက်မရှိ မျက်နှာပြောင်တိုက်ကာ အခန်းထဲတွင် ကျန်နေရစ်ခဲ့သော ဟဲယွင်ရှန်းအား အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်သွားခဲ့လေသည်။
အခန်းတံခါး ပိတ်သွားပြီးသည့်နောက် အခန်းထဲ၌ ရန်ကိုင်နှင့် ဟဲယွင်ရှန်းတို့သာ ကျန်ရစ်တော့လေသည်။
"ဆရာ အခြား လိုအပ်တာတွေ ရှိသေးလား၊ ရှိရင်ပြောလေ၊ ကျွန်မ ကူညီပေးမယ်" အခန်းမှာ မပူပါသော်ငြား ဟဲယွင်ရှန်း၏ မျက်နှာမှာတော့ နီမြန်းနေခဲ့လေသည်။ သူမ၏ မျက်လုံးလေးများမှာလည်း အရည်ရွှန်းလဲ့နေခဲ့ပြီး နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားခဲ့လေရာ သူမအား မြင်လိုက်သည့် မည်သည့်ယောက်ျားသားမဆို ချက်ချင်း ရမ္မက်သွေးကြွသွားရနိုင်ပေသည်။ သူမ၏ စကားအသွားအလာမှတစ်ဆင့် ဟဲယွင်ရှန်း ဘာလုပ်ချင်နေသလဲ ဆိုသည်ကို ခန့်မှန်းဖို့ရာ မခက်ခဲလှပေ။
ရန်ကိုင်ကဲ့သို့သော လူငယ်လေးတစ်ဦးနှင့် ကြုံလာရသော် ဟဲယွင်ရှန်းမှာ သူမ၏ အလှတရားကို သုံး၍ ရန်ကိုင်အား ဖြားယောင်းသွေးဆောင်ရန်သာ ကြိုးစားတော့လေသည်။ ကံကောင်းစွာဖြင့် သူမ၏ ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်မှာလည်း မြင်သူတိုင်း လည်ပြန်ငေးရလောက်အောင် လှပလှပေသည်။
ရန်ကိုင်ကိုယ်တိုင်သည် ငယ်ငယ်ရွယ်ရွယ် တက်တက်ကြွကြွ လူငယ်လေးတစ်ဦး ဖြစ်သည့်အတွက်ကြောင့် မိန်းမချောလေးတစ်ဦးမှ သူ့အား လာရောက်သွေးဆောင်ရန် ကြိုးစားနေသည့်အခါ အမှန်တကယ်ကို စိတ်ကြွမိပေသည်။ သို့သော်ငြား ရန်ကိုင် ကျင့်ကြံလာသည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့လေပြီ။ အထူးသဖြင့် မြင့်မားလှသည့် ကျင့်ကြံခြင်းအဆင့်သို့ ရောက်ပြီးသည့်နောက် သူ့ကိုယ်သူ ပိုမိုထိန်းချုပ်လာနိုင်ခဲ့သည်။ ထို့အပြင် သူ၏ ကျင့်ကြံခြင်း ခရီးလမ်းတစ်လျှောက်၌ အလွန်တရာကိုမှ ချောမောလှပလှသော မိန်းမလှလေးပေါင်း များစွာနှင့် ကြုံခဲ့ရသည့်အလျောက် ဟဲယွင်ရှန်း၏ အလှထဲ အလွယ်တကူတော့ မျောပါသွားလိမ့်မည် မဟုတ်ပေ။
ရန်ကိုင်သည် ဟဲယွင်ရှန်းကို စိုက်ကြည့်နေရင်းမှ အဓိပ္ပာယ်ပါပါ ပြုံးလျက် မေးလိုက်လေ၏။ "တန်ရော တန်ရဲ့လား"
"ဆရာ ဘာပြောချင်တာလဲ"
"ခင်ဗျား အပျိုရည် မပျက်သေးဘူးမလား"
ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဟဲယွင်ရှန်း၏ မျက်နှာ ပန်းရောင်သမ်းနေရာမှ နီတက်သွားခဲ့လေသည်။ အစောပိုင်းက ရှက်ချင်ယောင်ဆောင်နေခဲ့ပါသော်ငြား ယခုအချိန်တွင်တော့ အမှန်တကယ်ကို ရှက်နေခဲ့ခြင်း ဖြစ်သည်။ ရှက်ရှက်ဖြင့် ဟဲယွင်ရှန်းမှာ ခေါင်းကိုငုံ့လျက် နှုတ်ခမ်းကို တင်းတင်းလေး ကိုက်လိုက်လေ၏။ တစ်ခဏအကြာ၌ ခေါင်းကို ပြန်မော့၍ ပြောလိုက်လေသည်။ "ဆရာသာ ကျွန်မကို ပို့ပြီး မြင့်မားတဲ့ သိုင်းတာအိုဆီ ခေါ်ဆောင်သွားပေးနိုင်မယ်ဆိုရင် တန်တယ်"
ရန်ကိုင်က ခေါင်းခါလျက်... "ကျုပ် အဲဒီလို အလဲအလှယ်မျိုးတွေ မလုပ်ဘူး"
သူမ ဘာလိုချင်နေသလဲဆိုသည်ကို တစ်ဖက်လူမှ သိသွားပြီဖြစ်သည့်အတွက်ကြောင့် ဟဲယွင်ရှန်းလည်း ဟန်ဆောင်မနေတော့ဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလိုက်လေသည်။ "အားကိုးရတဲ့ ယောက်ျားတစ်ယောက်ကို ရှာဖို့ဆိုတာ အမျိုးသမီးတစ်ဦးရဲ့ အကြီးဆုံးသော ဆန္ဒပဲ၊ ဒီ အဆုံးမဲ့ကြယ်စီရင်စုကြီးထဲမှာ ကျွန်မ စိတ်ဝင်စားတဲ့ ယောက်ျားဆိုတာ မွေးမလာသေးဘူး" သူမ၏ အရည်ရွှန်းလဲ့နေသည့် မျက်လုံးထဲဝယ် လက်ရှိ သူမအရှေ့တွင် ရှိနေသော လူငယ်လေး၏ ပုံရိပ်သည်သာ ရောင်ပြန်ဟပ်နေခဲ့လေသည်။ ဟဲယွင်ရှန်းသည် ရန်ကိုင်အား စိတ်ဝင်စားခြင်း သက်သက်သာ မဟုတ်။ ရန်ကိုင်၏ စွမ်းအားကြောင့်လည်း အမှန်တကယ်ကို သူ့အပေါ် နစ်မြောသွားခဲ့ရခြင်းပင်။
ဤသည်မှာ မြင်မြင်ချင်းအချစ်ဟု ပြော၍မရပေ။ တကယ်ဆိုလျှင် ဟဲယွင်ရှန်းမှာ ရန်ကိုင်အား လုံးဝမချစ်။ သို့သော်ငြား သူမအနေဖြင့် တစ်သက်လုံး မှီခိုသွား၍ ရနိုင်မည့် ယောက်ျားတစ်ဦးကို ရှာလိုလျှင် လက်ရှိ သူမအရှေ့တွင် ရှိနေသည့် ယောက်ျားမှာ သံသယရှိစရာ မလိုအောင်ကို အကောင်းဆုံးသော ရွေးချယ်မှုတစ်ခု ဖြစ်ကြောင်း ဟဲယွင်ရှန်း သိနေခဲ့သည်။
အခွင့်အရေးသည် သူမအရှေ့တည့်တည့်တွင် ရောက်ရှိနေပြီ ဖြစ်လေရာ သူမသည်သာ ထိုအခွင့်အရေးကို ဖမ်းဆုပ်မထားခဲ့ပါက သူမလက်ထဲမှ လွတ်ထွက်သွားနိုင်ပေသည်။ ထိုအခါမှသာလျှင် အသက်ကြီးပြီး အတိတ်အား ပြန်ပြောင်းဆွေးကာ နောင်တရနေမည့်အချိန် ရှိလိမ့်မည် မဟုတ်။ နောင်တမရခင် အခွင့်အရေး ရတုန်းရခိုက် ထိုအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ရပေလိမ့်မည်။
"ကျုပ် ခင်ဗျားကို ပိုမြင့်မားတဲ့ သိုင်းတာအိုဆီ ခေါ်ပေးနိုင်မယ်လို့ ခင်ဗျား ဘယ်လောက်တောင် သေချာနေတာလဲ"
ဟဲယွင်ရှန်းသည် ဆံပင်ကို နားသယ်နောက်သို့ သပ်တင်လိုက်ပြီးသည့်နောက် ပြုံး၍ ပြန်ပြောလိုက်လေသည်။ "ဆရာ ဘယ်လောက် အားကောင်းလဲ မသိပေမဲ့ ကျွန်မရဲ့ မသိစိတ်ကို လုံးဝယုံတယ်"
"ခင်ဗျားက တော်တော်လေး ယုံကြည်ချက် ရှိနေတာပဲ၊ ကျုပ် အခု ယန်မိသားစုဆီ သွားတော့မှာနော်၊ အဲဒါ ဘာကိုဆိုလိုလဲ ဆိုတာကို ခင်ဗျားသိလား"
"သိပါတယ်" ယန်မိသားစုအကြောင်း ရန်ကိုင် ဘာကြောင့် ရုတ်တရက်ကြီး ပြောလာသလဲ ဆိုသည်ကိုတော့ ဟဲယွင်ရှန်း အမှန်တကယ် နားမလည်ခဲ့ပေ။
"ကျုပ် မူလကုန်းမြေဆီ ဘယ်လိုသွားရမလဲဆိုတာကို သူတို့ကို သွားမေးမှာ၊ သူတို့ ဘယ်လို ပြန်တုံ့ပြန်မယ်လို့ ခင်ဗျားထင်လဲ"
ထိုစကားကို ကြားပြီးသည့်နောက် ဟဲယွင်ရှန်း ကြောင်သွားခဲ့လေသည်။ သူမအနေဖြင့် ထိုအချက်ကို တစ်ခါမျှ မစဉ်းစားခဲ့ဖူးပေ။ ယခု ရန်ကိုင် ထပ်ပြောလာသည့်အခါမှ သေချာ စဉ်းစားကြည့်လိုက်ရာ သူမ ယခင်က မစဉ်းစားမိခဲ့သော အကြောင်းအရာများကို စဉ်းစားမိသွားခဲ့ရလေသည်။
မူလကုန်းမြေကြီးဆီသို့ သွားသည့် နည်းလမ်းမှာ ထိပ်တန်းလျှို့ဝှက်ချက်တစ်ခု ဖြစ်ပေသည်။ အဆုံးမဲ့ကြယ်စီရင်စုကြီးထဲရှိ ခေတ်အဆက်ဆက်မှ ထိပ်တန်းပညာရှင်များသည် မူလကုန်းမြေကြီးထဲသို့ အောင်မြင်စွာ ဝင်ရောက်သွားနိုင်သည် ဟူသော ကောလာဟလများ ရှိကြပါသော်ငြား မူလကုန်းမြေကြီးဆီသို့ မည်ကဲ့သို့ သွားရမလဲ မူလကုန်းမြေကြီးဆီသို့ ဦးတည်နေသော ဝင်ပေါက် မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်ကိုတော့ သာမန်လူများ မသိကြပေ။ ထိုလျှို့ဝှက်ချက်ကို အားအကောင်းဆုံးသော အင်အားစုများကသာ သိထားကြပေသည်။
ထိုအရာသည် ထိပ်တန်းလျှို့ဝှက်ချက်တစ်ခု ဖြစ်သည့်အတွက်ကြောင့် အခြားသူများအား အလွယ်တကူ ထုတ်ပြောလိမ့်မည် မဟုတ်။ ယခုတစ်ကြိမ် ရန်ကိုင်၏ ခရီးလမ်းမှာ ချောမွေ့နေလိမ့်မည် မဟုတ်ဘဲ ဆူးငြောင့်ခလုတ်များဖြင့် ပြည့်နေပေလိမ့်မည်။
ထိုက်ရိကြယ်သည် ယန်မိသားစု၏ ဌာနချုပ် ဖြစ်သလို မိသားစု၏ ထိပ်တန်းပညာရှင်များ စုဝေးနေသည့် နေရာတစ်ခုလည်း ဖြစ်ပေသည်။ တစ်စုံတစ်ဦးသည်သာ ထိုက်ရိကြယ်၌ ယန်မိသားစုနှင့် သွားပြဿနာဖြစ်မည်ဆိုလျှင် ဒုက္ခလှလှနှင့် တွေ့သွားရနိုင်ပေသည်။
သူမအရှေ့တွင် ရှိနေသည့် လူငယ်လေးမှာ အလွန်တရာကိုမှ အားကောင်းလှသည့်အတွက်ကြောင့် ယန်မိသားစုနှင့် ပြဿနာတက်၍ မနိုင်လျှင်ပင် အသက်ရှင်လျက် ထွက်ပြေးနိုင်သေးသည်။ သို့သော်ငြား သူမကိုယ်တိုင်မှာမူ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်လေရာ ဤလူငယ်လေးနှင့် လိုက်သွား၍ ယန်မိသားစုနှင့်သာ ပြဿနာတက်မည် ဆိုလျှင် ထွက်ပြေးဖို့ရာ အခွင့်အရေး ရလိမ့်မည် မဟုတ်ချေ။
ယခု သေချာ စဉ်းစားကြည့်လိုက်ပြီးသည့်နောက် ထိုအချက်များကို ဟဲယွင်ရှန်း နားလည်လာခဲ့ရလေသည်။ ထိုအတွက်ကြောင့် သူမ၏ ခိုင်မာပြတ်သားသည့် မျက်နှာအထက် တုံ့ဆိုင်းသည့် အရိပ်အယောင်တို့ စတင်၍ အစားထိုး ဝင်ရောက်လာခဲ့လေ၏။ မူလကမူ ရန်ကိုင် လက်အောက်သို့ ခိုဝင်လိုက်မည် ဆိုပါက အကျိုးအမြတ် ကြီးကြီးမားမား ရလိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား ယခုမှသာလျှင် သူမ အလွန်ကိုမှ တုံးအနေကြောင်း သဘောပေါက်သွားခဲ့ရသည်။
"ခင်ဗျား သွားလို့ရပြီ" ရန်ကိုင်က လက်ဝှေ့ယမ်းလိုက်လေ၏။
ဟဲယွင်ရှန်းမှာတော့ မလုပ်မယှက်သာ ထိုင်နေလေသည်။ တစ်ခဏမျှကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက်တွင် ရုတ်တရက် အံကိုတင်းတင်းကြိတ်ကာ ဦးကိုညွှတ်၍ ပြောလိုက်လေ၏။ "ဆရာ ကျေးဇူးပြုပြီး ဆရာ့နောက်ကို လိုက်ခွင့်ပေးပါ၊ ကျွန်မ ဆရာ့အတွက် ဘာမဆို လုပ်ပေးပါမယ်"
ရန်ကိုင် ကြောင်သွားခဲ့လေသည်။ "ခင်ဗျား နားလည်ပြီလို့ ကျုပ်ထင်နေတာ" အစောပိုင်းက ဟဲယွင်ရှန်း တုံ့ဆိုင်းသွားသည်မှာ အမှန်တကယ် ဖြစ်ပေသည်။ ထိုသို့ ဖြစ်လေရာ မျက်တောင်တစ်ခတ်အတွင်း ဟဲယွင်ရှန်းမှာ ဘာကြောင့်များ စိတ်ပြောင်းသွားရလေသနည်း။ မိန်းမများအားလုံး ဤမျှ စိတ်အပြောင်းအလဲ လွယ်သလားဟုပင် ရန်ကိုင် တွေးမိသွားခဲ့လေသည်။
ဟဲယွင်ရှန်းသည် ခေါင်းကို ညွှတ်ထားရင်းမှ ပြန်၍ပြောလိုက်လေသည်။ "ကျွန်မတို့ရဲ့ ဘဝတွေမှာ တစ်သက်မှာတစ်ခါပဲ ကြုံရနိုင်တဲ့ အခွင့်အရေးမျိုးနဲ့ ကြုံရနိုင်တယ်၊ အဲဒီလို အခွင့်အရေးမျိုးနဲ့ ကြုံလာရပြီဆိုရင် တကယ် အမိအရ ဖမ်းဆုပ်နိုင်မှပဲ အခွင့်အရေးတစ်ခု ဖြစ်တယ်လို့ ပြောလို့ရတာ"
"အဲဒါက အခွင့်အရေး မဟုတ်ဘဲနဲ့ အဆိပ်သုတ်ထားတဲ့ ဓားမြှောင်တစ်ချောင်းလည်း ဖြစ်နေနိုင်တာပဲ"
"ဆရာလည်း ဆရာ့ဘဝမှာ အလောင်းအစားတွေ အများကြီး လုပ်ခဲ့ဖူးမှာပေါ့၊ ဒါကြောင့် ဒီတစ်ကြိမ် ကျွန်မကို အလောင်းအစား လုပ်ခွင့်ပေးပါနော် ဆရာ"
"ခင်ဗျား နောင်တရသွားနိုင်တယ်နော်"
"လူတိုင်းက ကိုယ့်လမ်းကို ရွေးကြရတာပဲ၊ အခုလိုမျိုး ဆုံးဖြတ်ပြီးမှတော့ ကျွန်မ နောင်တရမှာ မဟုတ်ပါဘူး"
ရန်ကိုင်သည် ဟဲယွင်ရှန်းကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။
ဟဲယွင်ရှန်း ပြောသွားသကဲ့သို့ပင် ကျင့်ကြံသူများသည် အခွင့်အလမ်းများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ အလောင်းအစား လုပ်ကြရပေသည်။ အလောင်းအစား နိုင်သွားသည့် လူများမှာတော့ အလွန်မြင့်မားသည့် အဆင့်တစ်ခုဆီသို့ ရောက်သွားကြပြီး အလောင်းအစား ရှုံးသွားသည့် လူများမှာမူ ဤလောကကြီးထဲမှ ပျောက်ကွယ်သွားကြရနိုင်ပေသည်။
ဟဲယွင်ရှန်း ကိုယ်တိုင်သည်ပင်လျှင် အလောင်းအစားများကို လုပ်ခဲ့ပြီး ထိုအလောင်းအစားများကို နိုင်ခဲ့သည့်အတွက်ကြောင့်သာလျှင် ယနေ့သူမ ဖြစ်လာနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ အလောင်းအစား မလုပ်ရဲပါက ကျင့်ကြံဖို့ရာ မသင့်တော်ပေ။ သူမသည် အမျိုးသမီး ဖြစ်ပါသော်ငြား သူမဘဝတစ်လျှောက်လုံး နီးပါးကို လူဆိုးလူရမ်းကားများနှင့်သာ အတူတကွ ကုန်ဆုံးခဲ့ရခြင်း ဖြစ်ပေသည်။ ထိုအတွက်ကြောင့် ဟဲယွင်ရှန်းသည် အခြားသော မိန်းမသားများကဲ့သို့ ပျော့ညံ့နေလိမ့်မည် မဟုတ်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၉၀)
ဘာသာပြန်သူ_တိမ်တိုက်
"ဆရာ ကျွန်မရဲ့ သစ္စာစောင့်သိမှုကို သံသယရှိတယ်ဆိုရင် ကျွန်မရဲ့ ဝိညာဉ်အမှတ်အသားကို ပေးပါ့မယ်၊ အခုကနေစပြီးတော့ ကျွန်မ ဆရာရဲ့ အစေခံ လုပ်ပေးပါ့မယ်၊ ဆရာ တစ်ခုခု တောင်းဆိုလာရင်လည်း ဘာမှ အထွန့်မတက်ပါဘူး"
ရန်ကိုင်မှာ ရယ်ချင်ပက်ကျိ ဖြစ်သွားခဲ့လေသည်။ ဟဲယွင်ရှန်းအား လှောင်ရယ်နေခြင်းတော့ မဟုတ်။ ထိုအစား သူမ၏ သတ္တိနှင့် ရဲတင်းမှုအပေါ် လေးစားနေခြင်းသာ ဖြစ်လေသည်။ လေပြင်းပင်လယ်ဓားပြအဖွဲ့၏ ပထမခေါင်းဆောင်တစ်ဦး ဖြစ်သည့်အလျောက် ဟဲယွင်ရှန်းသည် တကယ်ကို လုပ်နိုင်စွမ်း ရှိပေသည်။ သူမသည်သာ မစဉ်းစား မဆင်ခြင်တတ်သည့် ဦးနှောက်မရှိသည့် လူတစ်ဦး ဖြစ်မည်ဆိုလျှင် အစောကြီးကတည်းက အသက်ပျောက်သွားသည်မှာ ကြာလှပေပြီ။
ဟဲယွင်ရှန်းကိုယ်တိုင်က ရူးမိုက်သည့်လူတစ်ဦး မဟုတ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် နောက်ပိုင်းတွင် သူမအား အသုံးချနိုင်ပေသည်။ ရန်ကိုင်သည် အဆုံးမဲ့ကြယ်စီရင်စုကြီးအကြောင်း ဘာမျှ မသိသေးပေ။ ဒေသခံတစ်ဦးသည်သာ သူ့အား လမ်းပြပေးမည်ဆိုပါက ရန်ကိုင်အဖို့ အတော်လေးကိုမှ အလုပ်ရှုပ် သက်သာသွားပေလိမ့်မည်။ ထို့အပြင် ရန်ကိုင်သည် အလွန်ကိုမှ အားကောင်းသည့် ကျင့်ကြံသူတစ်ဦး ဖြစ်ပါသော်ငြား ဤအဆင့်နိမ့် ကြယ်စီရင်စုဆီသို့ ဆင်းလာပြီးသည့်နောက်တွင် သူ့ခွန်အားကို လက်လွတ်စပယ် မသုံးရဲတော့ချေ။ ထိုသို့သာ မဟုတ်ပါက ကောင်းကင်လမ်းစဉ်၏ ဆန့်ကျင်ခြင်း ခံရပေလိမ့်မည်။ ထိုသို့ဖြစ်လေရာ သူ့တွင် လက်တိုလက်တောင်း ခိုင်းနိုင်မည့် လူတစ်ဦး ရှိနေလျှင် အကောင်းဆုံးပင်။
ထို့အပြင် လက်အောက်ငယ်သားမှာ အတော်လေးကိုမှ ကြည့်ရအဆင်ပြေလှပေသည်။ အနည်းဆုံးတော့ အားကောင်းမောင်းသန် လူထွားကြီးတစ်ဦးကို လက်အောက်ငယ်သားအဖြစ် ရထားသည်နှင့်စာလျှင် ပိုအဆင်ပြေပေသည်။
ရန်ကိုင်၏ ရယ်မောသံကို ကြားလိုက်သော် ဟဲယွင်ရှန်းသည် ရန်ကိုင်အား မျှော်လင့်တကြီး အမူအရာဖြင့် မော့ကြည့်လာခဲ့လေသည်။
"ခင်ဗျား ကျုပ်ရဲ့ အစေခံဖြစ်စရာ မလိုဘူး၊ ခင်ဗျားရဲ့ ဝိညာဉ်အမှတ်အသားကိုလည်း ကျုပ်မလိုဘူး"
"ဆရာ" ဟဲယွင်ရှန်း ပျာယာခတ်သွားခဲ့လေသည်။ သူမဘက်က ဤမျှ နှိမ့်ချပေးနေသည့်တိုင် ရန်ကိုင်သည် အနည်းငယ်မျှပင် တုတ်တုတ်မျှမလှုပ်ဘဲ နေလိမ့်မည်ဟု ဟဲယွင်ရှန်း မျှော်လင့်ထားခြင်း မရှိခဲ့ပေ။ ရန်ကိုင်မှ သူမအား စိတ်လိုလက်ရ လက်ခံလာစေရန်အတွက် သူမ၏ အဝတ်အစားများကို ချွတ်၍ ရန်ကိုင်အား ကုတင်ထက်ဝယ် ပြုစုပေးရမည်လား။ သူမစိတ်ထဲ ထိုအတိုင်းအတာအထိသွားရန် ပြင်ဆင်ပေးထားပြီး ဖြစ်ပါသော်ငြား ထိုကဲ့သို့ လုပ်ရန်အတွက် ဝန်မလေးနေသည်တော့ မဟုတ်ချေ။
"ခင်ဗျား ကျုပ်နောက်လိုက်ချင်ရင် ထိုက်တန်ကြောင်း သက်သေပြရလိမ့်မယ်၊ ဒါပေမဲ့ ခင်ဗျားရဲ့ ကျင့်ကြံခြင်းက ကျုပ်ကို ကူညီပေးဖို့အတွက် အရမ်းအားနည်းလွန်း နေသေးတယ်"
ဟဲယွင်ရှန်းသည် တစ်ခဏမျှ ကြောင်အမ်းအမ်း ဖြစ်နေပြီးသည့်နောက် ချက်ချင်းပဲ ဝမ်းသာအားရ အမူအရာဖြင့်... "ဆရာ ပြောချင်တာက"
[သူ သဘောတူလိုက်တာလား၊ ဟုတ်တယ်၊ သူ့လေသံက လုံးဝကို သဘောတူလိုက်တဲ့ လေသံပဲ] သူမဘဝတွင် ဤမျှ တစ်ခါမှ စိုးရိမ်ခဲ့ရဖူးခြင်း မရှိချေ။
"ဒီတော့ ခင်ဗျားရဲ့ ခွန်အားကို အရင်ဆုံး တိုးတက်အောင် လုပ်ထား"
ဟဲယွင်ရှန်းက ပြန်ပြောလိုက်လေသည်။ "ဟုတ်ကဲ့၊ ကျွန်မ အခုကနေစပြီးတော့ ကြိုးကြိုးစားစား ကျင့်ကြံပါ့မယ်၊ ဆရာ့ကို လုံးဝ စိတ်မပျက်စေရပါဘူး"
ထိုသို့သာ ပြောလိုက်လင့်ကစား သူမ၏ ကျင့်ကြံခြင်းမှာ နောက်တစ်ဆင့်သို့ တက်ဖို့ရာအတွက် အလွန်ကိုမှ ခက်ခဲလွန်းလှသည့် အဆင့်သို့ ရောက်နေခဲ့လေသည်။ ဟဲယွင်ရှန်း တန်ခိုးရှင်ဘုရင်အဆင့်တွင် တစ်နေခဲ့သည်မှာ နှစ်ပေါင်း ရာနှင့်ချီ နေခဲ့လေပြီ။ သူမသည်သာ နောက်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည်ဆိုပါက ထိုအခွင့်အရေးကို အစောကြီးကတည်းက အမိအရ ဖမ်းဆုပ်ပြီးသွားခဲ့လေပြီ။ နောက်တစ်ဆင့်သို့ တက်ဖို့ရာမှာ တင်ပျဉ်ခွေ ကျင့်ကြံနေရုံဖြင့် ရနိုင်သည့် အရာမျိုးမဟုတ်။ သို့သော်ငြား ရန်ကိုင်မှ သူမ၏ ကျင့်ကြံခြင်းသည် အလွန်ကိုမှ အားနည်းနေသေးသည်ဟု ပြောလာသည့်အတွက်ကြောင့် ဟဲယွင်ရှန်းအနေဖြင့် အားတက်သရော ကျင့်ကြံပါမည်ဟု ပြန်ပြောရပေလိမ့်မည်။ ထိုသို့ ကျင့်ကြံရင်းမှ အဆင့် တက်နိုင် မတက်နိုင် ဆိုသည်မှာတော့ အရေးမပါတော့ပေ။ သူမဘက်မှာ တတ်စွမ်းသလောက် လုပ်ပေးရန်သာ လိုအပ်လေသည်။
"ခင်ဗျား ပါးစပ်ကို ဟလိုက်" ရန်ကိုင်က ရုတ်တရက် အမိန့်ပေးလိုက်သည်။
ဟဲယွင်ရှန်း ကြောင်သွားခဲ့ပါသော်ငြား ချက်ချင်းပဲ ရန်ကိုင်ပြောသည့်အတိုင်း သူမပါးစပ်ကို ဟပေးလိုက်လေသည်။ ဘာတွေဖြစ်လို့ ဖြစ်နေမှန်း နားမလည်နိုင်သေးခင်မှာပင် သူမပါးစပ်ထဲသို့ တစ်ခုခု ဝင်လာသည်ကို ခံစားလိုက်ရသည်။ ထိုအရာ၏ အရသာကို သေချာမခံစားရသေးခင်မှာပင် ထိုအရာသည် သူမလည်ချောင်းတစ်လျှောက် လျှောဆင်းသွားခဲ့လေ၏။
ထို့နောက်တွင် သူမဝမ်းဗိုက်တစ်ခုလုံး ကျစ်ကျစ်တောက် ပူလောင်လာသဖြင့် ဟဲယွင်ရှန်း၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားရတော့လေသည်။
[ဘာဆေးလုံးကြီးလဲ၊ ဘယ်လိုဆေးလုံးမလို့ ဆေးအာနိသင်က ဒီလောက်တောင် ပြင်းရတာလဲ]
ရန်ကိုင် သူမအား အလွန်ကိုမှ အဆင့်မြင့်လှသည့် ဆေးလုံးတစ်လုံး တိုက်လိုက်ပြီမှန်း ဟဲယွင်ရှန်း သိလိုက်လေသည်။ ထိုအတွက်ကြောင့် ထိတ်လန့်တုန်လှုပ် နေလင့်ကစား ချက်ချင်း တင်ပျဉ်ခွေထိုင်ကာ မျက်လုံးပိတ်၍ သူမ၏ ကျင့်စဉ်ကို စတင်လှည့်ပတ်လိုက်လေ၏။
ရန်ကိုင်ကမူ ဟဲယွင်ရှန်းကို ဂရုစိုက်မနေတော့ဘဲ သူဘာသာသူ အေးအေးဆေးဆေး ရေနွေးကြမ်းသာ ထိုင်သောက်နေလေ၏။
တစ်ခဏအကြာတွင် အခန်းထဲ လေပြင်းများ တစ်ဝုန်းဝုန်း တိုက်ခတ်လာလေတော့သည်။
ထိန်းမရ သိမ်းမရအောင်ဖြစ်နေသည့် ချီစွမ်းအင်များကြောင့် အခန်းတစ်ခုလုံးမှာလည်း ရှုပ်ပွကုန်ရလေ၏။ မသိလျှင် ဤအခန်းထဲ ပညာရှင်နှစ်ဦး သူသေကိုယ်သေ တိုက်ခိုက်သွားကြသည့်အလား။ ရန်ကိုင်ကမူ သူ့မျက်နှာသို့ လာရောက်ရိုက်ခတ်နေသော ချီစွမ်းအင်လှိုင်းများကို အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ သူဘာသာသူသာ အေးအေးဆေးဆေး ထိုင်နေခဲ့လေသည်။
လက်ရှိအချိန်တွင်တော့ ဟဲယွင်ရှန်း၏ မျက်နှာတစ်ခုလုံးမှာ လုံးဝကို နီရဲတက်နေခဲ့ပြီး မကြာမကြာလည်း အော်၍ ညည်းနေခဲ့လေသည်။ တစ်ချိန်တည်းတွင် သူမတစ်ကိုယ်လုံးမှာ ချွေးများဖြင့် စိုရွှဲနေသည့်အတွက်ကြောင့် အဝတ်အစားများမှာ အသားများနှင့် ကပ်နေလေရာ သူမ၏ စွဲမက်ဖွယ်ရာ ကိုယ်လုံးကိုယ်ပေါက်ကို အထင်းသား ပေါ်လွင်နေစေခဲ့လေသည်။
ဟဲယွင်ရှန်းမှာ ထိုကဲ့သို့သော အခက်အခဲမျိုးနှင့် ရင်ဆိုင်နေရလင့်ကစား သူမ၏ ကျင့်ကြံခြင်းမှာလည်း လျင်မြန်စွာ တိုးတက်နေခဲ့လေ၏။ မကြာမီတွင် သူမ၏ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံခြင်းမှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့လေသည်။
ထို့နောက်တွင် နှစ်ပေါင်းများစွာကြာအောင် ပိတ်ဆို့နေခဲ့သော ဟဲယွင်ရှန်း၏ ကျင့်ကြံခြင်းသည် အဆင့်သစ်တစ်ခုသို့ ရုတ်ခြည်း ထိုးတက်သွားတော့လေသည်။ တစ်ချိန်တည်းတွင် မမြင်နိုင်သည့် အရှိန်အဝါတစ်ရပ်မှာ အခန်းတစ်ခုလုံးအနှံ့ ရိုက်ခတ်လာခဲ့လေရာ အခန်းတစ်ခုလုံးမှာ ပို၍ပင် ရှုပ်ပွသွားရကုန်တော့လေသည်။
ကံကောင်းစွာဖြင့် ဤအခန်းမှာ လုဟွိုက်ရွှမ်း၏ အခန်းဖြစ်နေသည့်အတွက်ကြောင့် အားကောင်းလှသော အစီအရင်ပေါင်းများစွာဖြင့် ကာရံထားခြင်း ခံရလေရာ အခန်းထဲရှိ စွမ်းအင်လှိုင်းများမှာ အပြင်ဘက်သို့ ပြန့်ထွက်လာခဲ့ခြင်း မရှိပေ။ ထိုသို့သာ မဟုတ်ပါက လုမိသားစုဝင်များအား အထိတ်တလန့် ဖြစ်သွားစေနိုင်ပေသည်။
ထို့နောက်တွင် ဟဲယွင်ရှန်းဆီမှ အော်ညည်းသံကြီး ထွက်ပေါ်လာခဲ့ပြီး သူမ၏ မျက်နှာတစ်ပြင်လုံးမှာလည်း ပါးနီများဖြင့် အပြည့်အဝ ဆိုးခြယ်ထားခြင်း ခံလိုက်ရသည့်အလား လုံးဝကို နီရဲတက်လာခဲ့လေသည်။ သူမတစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားခဲ့ပြီး အကြောဆွဲသည့်ပမာ ခြေလက်များ ဆန့်ငင်ဆန့်ငင် ဖြစ်လာခဲ့သည်။ နောက်ဆုံးတွင် ဟဲယွင်ရှန်း၏ မျက်လုံးများ ဖြည်းဖြည်းချင်း ပြန်ပွင့်လာခဲ့လေသည်။ သို့သော်ငြား သူမ၏အကြည့်မှာ ယခုလေးတင် သေခြင်းရှင်ခြင်း တိုက်ပွဲကို တိုက်ခိုက်ရပြီးသည့်နောက် အသက်ရှူခွင့် ရလိုက်သည့်ပမာ အနည်းငယ် ဝိုးတဝါး ဖြစ်ချင်နေခဲ့လေသည်။
သူမ၏ ခန္ဓာကိုယ်ကြီးသည် အတန်ကြာသည့်အထိ တောင့်တောင့်ကြီး ဖြစ်နေပြီးသည့်နောက် ရုတ်တရက်ဆိုသလို ဟဲယွင်ရှန်းမှာ အမောတကော အသက်ရှူတော့လေသည်။ အသက်ရှူနေရင်းမှ သူမ၏ မို့မောက်မောက် ရင်အစုံမှာလည်း နိမ့်ချည် မြင့်ချည် ဖြစ်လာခဲ့လေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင်မှာ ကသိကအောက် ဖြစ်နေခဲ့ရလေသည်။ ဟဲယွင်ရှန်းမှာ အဆင့်သစ် တက်သွားသည် ဖြစ်ပါသော်ငြား သူမ လုပ်နေသည့်ပုံစံမှာ မသိလျှင် ကာမပြုကျင့်ခံနေရသည့် ပုံစံနှင့်ပင် တူနေပေသေးသည်။ ထိုအတွက်ကြောင့် ရန်ကိုင်မှာ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့။
ချွေးသံတရွှဲရွှဲနှင့် ဟဲယွင်ရှန်းသည် နောက်ဆုံးမှသာလျှင် သူမကိုယ်သူမ တည်ငြိမ်သွားအောင် လုပ်နိုင်တော့လေသည်။ အကြောင်းအရင်းတစ်ခုကြောင့် သူမရင်ထဲ ထမ်းပိုးထားရသည့် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုမှာ လျော့သွားခဲ့ရသည့်အလား သူမကိုယ်သူမ ယခင်ကထက် ပိုပြီးပေါ့ပါးနေသလို ခံစားနေရလေသည်။ သူမ၏ စိတ်အာရုံခံစားနိုင်စွမ်းမှာလည်း ယခင်ကထက် ပို၍ စူးရှလာသလို ခံစားလိုက်ရသည်။
[ဒီတော့ ဒါက တန်ခိုးရှင်ဘုရင် တတိယအဆင့်ပေါ့၊ ငါ တန်ခိုးရှင်ဘုရင် တတိယအဆင့်ကို ဒီလိုပဲ တက်သွားတာလား]
ဟဲယွင်ရှန်းမှာ သူမကိုယ်သူမ အိပ်မက်မက်နေသလိုပင် ခံစားနေခဲ့ရသည်။ ထို့နောက် လူငယ်လေးဆီသို့ လှမ်းကြည့်လိုက်ရာ လူငယ်လေး၏ အဓိပ္ပါယ်ပါပါ အပြုံးကို မြင်ပြီးသည့်နောက် သူမ ကြုံခဲ့ရသည့် အရာများမှာ အမှန်တကယ် အစစ်အမှန်မှန်း သဘောပေါက်သွားရလေ၏။ လက်ရှိ သူမသည် ကြယ်စီရင်စုကြီး၏ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်သော တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး အမှန်တကယ် ဖြစ်နေခဲ့လေသည်။ သူမအား နှစ်ပေါင်းများစွာကြာအောင် အဆင့်မတက်နိုင်အောင် တားဆီးထားခဲ့သည့် အဆင့်တစ်ဆို့ အတားအဆီးမှာလည်း သူမပင် မသိလိုက်ဘဲ ရုတ်ခြည်း ပျောက်ကွယ်သွားခဲ့ရသည်။
[အဲဒီဆေးလုံးက ဘာဆေးလုံးလဲ၊ ဘာဖြစ်လို့ ဒီလောက်တောင် အားကောင်းနေရတာလဲ]
ထို့နောက်တွင် ဟဲယွင်ရှန်းသည် ရန်ကိုင်အား လေးစားအားကျနေသည့် အကြည့်ဖြင့် ကျေးဇူးတင်တကြီး ကြည့်လာခဲ့လေသည်။ ရန်ကိုင်အနောက်သို့ လိုက်ရန် ဆုံးဖြတ်ခဲ့သည့်အတွက်ကြောင့် နောက်ပိုင်း အန္တရာယ်တစ်ခုခုနှင့် ကြုံရလျှင်ကြုံရ မကြုံရလျှင် အသတ်ခံရမည့်အရေးနှင့် ရင်ဆိုင်ရမည် ဆိုလျှင်ပင် သူမ ယခု ရရှိလိုက်သည့် စွမ်းအားသည် သူမ၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း သက်သေပြနေခဲ့လေသည်။
သူမသည်သာ ရန်ကိုင်အနောက်သို့ မလိုက်ခဲ့ဘဲ ထွက်သွားခဲ့မည်ဆိုပါက ယခုကဲ့သို့သော အခွင့်အရေးမျိုးနှင့် ကြုံခဲ့ရလိမ့်မည် မဟုတ်ပေ။ သူမဘာသာ သူမ ကျင့်ကြံမည်ဆိုလျှင်ပင် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ဤတစ်သက် ရောက်နိုင်လိမ့်မည် မဟုတ်။
သူမအရှေ့တွင် ရှိနေသော လူငယ်လေးသည် ဆေးလုံးလေးတစ်လုံးတည်းဖြင့် သူမအား တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာအောင် လုပ်ပေးနိုင်ခဲ့လေရာ သူ့အနောက်သို့သာ ဆက်လိုက်နေမည်ဆိုပါက ပိုမိုမြင့်မားသည့် သိုင်းတာအိုအဆင့်သို့ မတက်လှမ်းနိုင်စရာ အကြောင်းမရှိပေ။
ကျော့ရှင်းစွာ ထရပ်လျက် ရန်ကိုင်အား ကျေးဇူးတင်စကား ဆိုတော့မည်အပြု ညှီစို့စို့အနံ့ တစ်နံ့ကို ရလိုက်လေသည်။ ထို့နောက်တွင် သူမကိုယ်သူမ မျက်မှောင်ကြုတ်လျက် စစ်ဆေးကြည့်လိုက်ရာ ဟဲယွင်ရှန်း ချက်ချင်း ရှက်သွေးဖြာသွားခဲ့ရလေသည်။ အကြောင်းအရင်းတစ်ခုကြောင့် လက်ရှိအချိန်တွင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရွှံ့နှင့်တူသော အမဲရောင် အညစ်အကြေးများမှ လွှမ်းခြုံထားခဲ့လေသည်။ မသိလျှင် လက်ရှိ ဟဲယွင်ရှန်းသည် နွံ့အိုင်တစ်ခုထဲမှ ကုန်းတက်လာသည့် လူတစ်ဦးပမာ။
မကြာမီတွင် ဘာတွေဖြစ်နေသလဲဆိုသည်ကို သဘောပေါက်လိုက်သွားသည့်နောက် ဟဲယွင်ရှန်း ထိတ်လန့်သွားခဲ့ရလေသည်။ ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို သူမဘဝတွင် တစ်ကြိမ်မက ကြုံခဲ့ဖူးပေသည်။ ဤသည်မှာ အားနည်းသည့် ကျင့်ကြံသူများ ပထမဦးဆုံးအကြိမ် စတင်ကျင့်ကြံစဉ် ကြုံရသည့် အဖြစ်အပျက်တစ်မျိုးပင် ဖြစ်လေသည်။
သူမ၏ ရိုးတွင်းခြင်ဆီနှင့် သွေးကြောများ ယခင်ကထက် ပိုမိုသန့်ရှင်းသွားကာ သူမကိုယ်တိုင်သည် အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသလို ဖြစ်လာခဲ့ခြင်းသာ ဖြစ်လေသည်။ သူမကိုယ်ပေါ်တွင် ရှိနေသည့် အညစ်အကြေးများသည် ယခင်က သူမ၏ကိုယ်ထဲတွင် ကိန်းအောင်းနေခဲ့သော အညစ်အကြေးများသာ ဖြစ်လေသည်။
သူမ၏ ကျင့်ကြံခြင်းမှာ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်မှ တတိယအဆင့်သို့ မှော်ဆန်ဆန် ရောက်သွားခဲ့ရုံမက သူမ၏ ခန္ဓာကိုယ်သည်ပါ ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံရလိမ့်မည်ဟု မျှော်လင့်ထားခြင်း မရှိခဲ့ပေ။ ဟဲယွင်ရှန်းမှာ အဆင့်တက်သွားစဉ်ကထက်ပင် ပို၍ စိတ်လှုပ်ရှားနေခဲ့လေသည်။ အဆင့်ချိုးဖျက် ဝင်ရောက်ခြင်းသည် နောက်တစ်ဆင့်သို့ တက်သွားရုံသာ ရှိပေသေးသည်။ တစ်နည်းဆိုရသော် သူမ၏ခွန်အား အဆင့်သစ်တစ်ခုသို့ တက်လှမ်းသွားခြင်း ဖြစ်ပေသည်။ သူမ၏ ရိုးတွင်းခြင်ဆီများနှင့် သွေးကြောများသာ ယခုကဲ့သို့ သန့်ရှင်းသွားခဲ့မည် ဆိုပါက သူမ၏ ကျင့်ကြံခြင်း အရည်အချင်းမှာ ပိုမိုတိုးတက်လာခဲ့လေရာ ပိုမိုမြင့်မားသော အဆင့်များသို့ တက်လှမ်းရာတွင် ယခင်ကထက် ပို၍ လွယ်ကူလာရပေလိမ့်မည်။
ယခုမှသာလျှင် ရန်ကိုင်မှ သူမအား တိုက်လိုက်သည့် ဆေးလုံး၏ အာနိသင်ကို အထင်သေးမိသွားမှန်း ဟဲယွင်ရှန်း သဘောပေါက်သွားခဲ့ရလေသည်။ လက်ရှိ ဟဲယွင်ရှန်းသည် အရေခွံဟောင်းကို ချွတ်၍ အသစ်တစ်ဖန် မွေးဖွားလာသည့် လူတစ်ဦးပမာ ဖြစ်နေခဲ့လေသည်။
"ဆရာ မသင့်တော်သလို ဖြစ်သွားခဲ့ရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါနော်" ထိုသို့ ပြောပြီးသည့်နောက်တွင် ဟဲယွင်ရှန်းသည် ချက်ချင်းပဲ ရေချိုးကန်ထဲသို့ ခုန်ဝင်သွားခဲ့လေသည်။ ရေထဲသို့ ရောက်နေစဉ် အတောအတွင်း သူမကိုယ်ပေါ်ရှိ အဝတ်အစားအားလုံး ကျွတ်ကျသွားခဲ့ပြီး ဟဲယွင်ရှန်းမှာ မိမွေးဖမွေးအတိုင်း ရေကန်ထဲသို့ ခုန်ဆင်းသွားခဲ့လေသည်။ သို့ရာတွင် ရေပွက်သံတို့ ထွက်လာခဲ့ခြင်း မရှိသလို ရေများလည်း ရန်ကိုင်အား လာစင်ခဲ့ခြင်း မရှိချေ။
ရေထဲတွင် အတန်ကြာအောင် စိမ်နေပြီးသည့်နောက် သူမကိုယ်ပေါ်ရှိ အညစ်အကြေးအားလုံး ကင်းစင်သွားခဲ့လေ၏။ လက်ရှိအချိန်တွင် ဟဲယွင်ရှန်း၏ အသားအရေမှာ နှင်းဖြူရောင်ပမာ ဖြူဖွေးချောမွတ်နေခဲ့လေသည်။
ထို့နောက်တွင် ဟဲယွင်ရှန်းသည် သူမမျက်နှာပေါ်၌ ကပ်ငြိနေသော ရေစက်များကို လက်ဖြင့်သုတ်၍ ရေချိုးကန်စောင်းပေါ်တွင် လက်ထောက်ကာ မေးပေါ်လက်တင်၍ ရန်ကိုင်အား မမှိတ်မသုန် စိုက်ကြည့်နေလိုက်လေသည်။ ဟဲယွင်ရှန်းမှာ ဘာကိုမျှ ဖုံးကွယ်ထားရန် မကြိုးစားခဲ့။ သူမစိတ်ထဲ အနည်းငယ် ရှက်ရွံ့မိနေခဲ့ပါသော်ငြား လုံးဝကို အဆင်ပြေနေသည့် ပုံစံမျိုး လုပ်ပြထားခဲ့လေသည်။ ရန်ကိုင်၏ လက်အောက်တွင် ခစားရန် ဆုံးဖြတ်ထားပြီးမှဖြင့် သူမသည် အနှေးနှင့်အမြန်ဆိုသလို ရန်ကိုင်၏ မိန်းမ ဖြစ်လာရမည်ဟု မျှော်လင့်ထားပြီးသားပင်။ ထိုအတွက်ကြောင့် သူမ၏ မိမွေးဖမွေး ခန္ဓာကိုယ်အား ရန်ကိုင်ကို မြင်စေလိုက်၍ ဘာမျှမဖြစ်ပေ။
ထို့အပြင် ယခုကိစ္စပြီးသည့်နောက် သူမအနေဖြင့် ရန်ကိုင်၏ မိန်းမ ပို၍မြန်မြန် ဖြစ်ချင်လာမိပေသည်။ သူမသည်သာ ရန်ကိုင်၏ အမျိုးသမီး ဖြစ်သွားခဲ့မည်ဆိုလျှင် ရန်ကိုင်သည် သူမအပေါ် ပို၍ ကောင်းကောင်းမွန်မွန် ဆက်ဆံလာပေလိမ့်မည်။ ဟဲယွင်ရှန်းမှာ ရန်ကိုင်ဆီမှ တစ်ခုခုကို လိုချင်နေပါသော်ငြား ရန်ကိုင်အပေါ် မကောင်းသည့် ရည်ရွယ်ချက် မရှိသလို ထိခိုက်စေလိုသည့် ရည်ရွယ်ချက်လည်း မရှိပေ။
ရန်ကိုင်သည်လည်း အကြည့်လွှဲဖယ်ခဲ့ခြင်း မရှိဘဲ ဟဲယွင်ရှန်းကိုသာ ပြန်၍ စိုက်ကြည့်နေလေသည်။ အမျိုးသမီးတစ်ဦးမှ သူမခန္ဓာကိုယ်အား သူ့အား လာပြနေလေရာ ရန်ကိုင်ကလည်း ဘာကြောင့်များ ငြင်းပါဦးမည်နည်း။ ထို့ကြောင့် ရေချိုးကန် ဘေးနားတွင် သွားထိုင်၍ မေးလိုက်လေသည်။ "ခင်ဗျား အခု ဘယ်လိုကျင့်စဉ်မျိုးကို ကျင့်ကြံနေတာလဲ"
ထိုစကားကို ကြားသော် ဟဲယွင်ရှန်းမှာ တစ်ခုခုအား သဘောပေါက်သွားခဲ့ပြီး ချက်ချင်း စိတ်လှုပ်ရှားလာခဲ့လေသည်။ ထို့နောက်တွင် သူမ၏ ကျင့်စဉ်အား သေသေချာချာ အသေးစိတ် ရှင်းပြလိုက်လေသည်။
သူမ၏ ကျင့်စဉ်သည် ဤအဆုံးမဲ့ကြယ်စီရင်စုကြီးထဲရှိ အကောင်းဆုံးသော ကျင့်စဉ်များအနက် တစ်ခုဖြစ်လေရာ အခြားသော သူများသည် သူမ၏ ကျင့်စဉ်အား တပ်မက်ကြလိမ့်မည် ဖြစ်ကြပါသော်ငြား သူမအရှေ့ရှိ လူကမူ ထိုကျင့်စဉ်အား စိတ်ဝင်စားလိမ့်မည် မဟုတ်မှန်း ဟဲယွင်ရှန်း သိနေခဲ့သည်။
ဟဲယွင်ရှန်း ပြောပြသည်ကို နားထောင်ရင်းမှ ရန်ကိုင်သည် တစ်ခါတစ်ခါ မေးခွန်းများ ကောက်မေးတတ်လေသည်။ ထို့နောက်တွင် ဟဲယွင်ရှန်း၏ မှော်ရတနာကိုပါ ထုတ်ပြရန် ပြောလိုက်သည်။ သေချာ စစ်ဆေးကြည့်ပြီးသည့်နောက် ဘာဆက်လုပ်ရမလဲဆိုသည်ကို ရန်ကိုင် အကြမ်းဖျင်း နားလည်သွားခဲ့လေသည်။
တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ဟဲယွင်ရှန်းသည် အဝတ်အစား အပြည့်အစုံ ဝတ်လျက် ရန်ကိုင်အရှေ့တွင် ရပ်နေခဲ့လေသည်။ ရိုးတွင်းခြင်ဆီနှင့် သွေးကြောများကို သန့်စင်ပြီးသည့်နောက်တွင် ဟဲယွင်ရှန်းမှာ ယခင်ကထက်ပင် ပို၍ စွဲမက်ဖွယ် ကောင်းသလို ထင်လာရခဲ့လေသည်။ ယနေ့တွင် ဝမ်းသာစရာ အဖြစ်အပျက်များနှင့် ကြုံနေခဲ့ရပါသော်ငြား ဟဲယွင်ရှန်း စိတ်ထဲတွင်မူ အနည်းငယ် စိတ်ပျက်နေခဲ့ရလေသည်။ အကြောင်းမှာ သူမဘက်မှ မည်သို့ပင် ဆွဲဆောင်နေခဲ့စေကာမူ ဤလူငယ်လေးအား လှုပ်ရှားလာအောင် မလုပ်နိုင်ခဲ့သည့် အတွက်ကြောင့်ပင်။
"ပိုပြီး အဆင့်မြင့်တဲ့ သိုင်းတာအိုဆီ တက်လှမ်းချင်တဲ့ ဘယ်ကျင့်ကြံသူမဆို ရန်သူတွေနဲ့ကတော့ ကြုံကြရမှာပဲ၊ အဲဒီလို ကြုံလာရပြီဆိုရင် ဘယ်သူက ကျင့်ကြံခြင်း ပိုမြင့်လဲ ဆိုတာက အရေးကြီးသွားပြီ၊ ဒါပေမဲ့ မှော်ရတနာတွေနဲ့ ကျင့်ကြံထားတဲ့ ကျင့်စဉ်တွေကလည်း အရေးပါသေးတယ်၊ ခင်ဗျားရဲ့ ကျင့်စဉ်က မဆိုးပေမဲ့ အတော်လေး ညံ့တဲ့အထဲ ပါတယ်၊ ကျုပ်မှာ ခင်ဗျားနဲ့ သင့်တော်လောက်မယ့် ကျင့်စဉ်တစ်ခု ရှိတယ်၊ အဲဒါကို သေသေချာချာ လေ့လာကြည့်လိုက်" ထိုသို့ ပြောပြီးသည့်နောက် ရန်ကိုင်သည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူ၍ ဟဲယွင်ရှန်းဆီသို့ ပေးလိုက်လေသည်။
ဟဲယွင်ရှန်းသည် စိတ်လှုပ်ရှားနေသည့် သူမ၏ စိတ်အစုံကို အတတ်နိုင်ဆုံး ထိန်းချုပ်ရင်းမှ ဦးညွှတ်လိုက်လေ၏။ "ကျေးဇူးအများကြီး တင်ပါတယ် ဆရာ"
"ရော့၊ ဒီမှော်ရတနာကိုလည်း ယူထားလိုက်၊ အဲဒါကို မြန်မြန် သန့်စင်ထားလိုက်နော်၊ ထိုက်ရိကြယ်ကို ရောက်ရင် ခင်ဗျား အဲဒါရဲ့ အကူအညီကို လိုရင်လိုမှာ"
ထိုသို့ ပြောပြီးသည့်နောက် ရန်ကိုင်သည် ဖဲကြိုးနှင့် ဆင်တူသည့် မှော်ရတနာတစ်ခုကို ဟဲယွင်ရှန်းလက်ထဲသို့ ထည့်ပေးလိုက်လေသည်။
ထိုဖဲကြိုးမှာ ခုနှစ်ရောင်စဉ် ဖဲကြိုးတစ်ခုဖြစ်ကာ အတော်လေးကိုမှ လှပလှပေသည်။ ဖဲကြိုးကို မြင်မြင်ချင်းမှာပင် ဟဲယွင်ရှန်းမှာ ဖဲကြိုးအပေါ် အတော်လေးကိုမှ နှစ်ခြိုက်သွားခဲ့လေ၏။ သူမဘဝတွင် အချိန်တိုင်းလိုလို ယောက်ျားယောင်ဆောင်ထားရသည့်အတွက်ကြောင့် သူမ အသုံးပြုသည့် မှော်ရတနာမှာလည်း ယောက်ျားများ အသုံးပြုလေ့ရှိကြသည့် မှော်ရတနာမျိုးသာ ဖြစ်လေသည်။ ဤကဲ့သို့သော မိန်းမဆန်ဆန် မှော်ရတနာမျိုးကို တစ်ခါမျှ အသုံးပြုခဲ့ဖူးခြင်း မရှိ။ ထိုအတွက်ကြောင့် ဤဖဲကြိုးသည် သူမ၏ မျှော်လင့်တောင်းတနေသော ဆန္ဒများကို ပြည့်မြောက်သွားအောင် လုပ်ပေးလိုက်သည်ဟု ပြော၍ရပေသည်။