← Chapters

အခန်း (၃၀၉၆-၃၁၀၀)

Vol. 134 Ch. 3096-3100

အခန်း (၃၀၉၆-၃၁၀၀)

Vol. 134 Ch. 3096-3100

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၉၆)

ဘာသာပြန်သူ_တိမ်တိုက်

အဆုံးမဲ့ကြယ်စီရင်စုကြီး၏ ထိပ်တန်းပညာရှင်များအနက် တစ်ဦးအပါအဝင် ဖြစ်သော တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့် ယန်မိသားစု၏ ဒုတိယအကြီးအကဲမှာ ကိုယ့်ကလန်သားတစ်ဦး၏ ပြန်လည်သတ်ဖြတ်ခြင်း ခံခဲ့ရလေသည်။

မည်သူမျှ ဤကဲ့သို့သော ရလဒ်မျိုးကို လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။ ရန်ကိုင်သည်သာ ယန်ချင်းအား သတ်သွားခဲ့လျှင် ပို၍ လက်ခံနိုင်ဖွယ်ရာ ရှိပေသေးသည်။ သို့သော်ငြား အစမှအဆုံးအထိ ရန်ကိုင်သည် ယန်ချင်း၏ လည်ပင်းကို ဆွဲညှစ်ထားခြင်းသာ ရှိပြီး ယန်ချင်းအား သတ်ရန် လုံးဝကြိုးစားခဲ့ခြင်း မရှိပေ။ ပထမအကြီးအကဲ ဖြစ်သော ယန်အန်းသည်သာ ယန်ချင်းအား ဓားဖြင့် နှစ်ကြိမ်ထိုး၍ သတ်ပစ်ခဲ့ခြင်း ဖြစ်လေသည်။

ပထမအကြီးအကဲသည် ရန်ကိုင်၏ ပြိုင်ဘက် မဟုတ်သည့်အတွက်ကြောင့် ရန်ကိုင်၏ အခွင့်အရေးယူခြင်း ခံလိုက်ရခြင်းပေလော။ ထိုသို့တော့ မဟုတ်ပေ။ ဤလူငယ်လေးကိုက တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူနှစ်ဦးအား အရူးလုပ်နိုင်လောက်သည့်အထိ ကြောက်မက်ဖွယ်ရာကောင်းစွာ အားကောင်းလွန်းနေခြင်းသာ ဖြစ်လေသည်။

ရန်ကိုင်သည် ကျေးဇူးရှိလျှင် ပြန်ဆပ်တတ်ပြီး ရန်ငြိုးရှိလျှင်လည်း လက်တုံ့ပြန်တတ်သူ ဖြစ်လေသည်။ သူ့အနေဖြင့် ထိုလူများအပေါ် ကရုဏာသက်မိပါသော်ငြား သူ့အား သတ်ရန် ကြိုးစားလာခဲ့သည့်အတွက်ကြောင့် ညှာတာနေ၍တော့ မဖြစ်ပေ။

ကျင့်ကြံသူတစ်ဦးမှ ဓားတစ်ချောင်းကို ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် သူကိုယ်တိုင်သည်လည်း တစ်ဖက်ရန်သူမှ ဓားဖြင့် ပြန်ထိုးလာမည့်အရေးကို ကြိုတွေးထားသင့်ပေသည်။

ရန်ကိုင်သည် ဒုတိယအကြီးအကဲ၏ အလောင်းကို ဂရုမစိုက်ဟန်ဖြင့် လွှတ်ပစ်လိုက်လေသည်။ ထို့နောက် ယန်အန်းဆီသို့ လှမ်း၍ ကြည့်လိုက်လေ၏။

လူငယ်လေးနှင့် အကြည့်ချင်း ဆုံသွားသည့် အခါမှသာလျှင် ယန်အန်း အသိပြန်ဝင်လာခဲ့ပြီး တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်သွားခဲ့သည်။ လက်ရှိအချိန်သည် ဝမ်းနည်းပူဆွေးပြီး သူ့ကိုယ်သူ အပြစ်တင်ရမည့်အချိန် မဟုတ်။ အရေးကြီးဆုံးကိစ္စမှာ သူ့အရှေ့ရှိ ပြဿနာကောင်ကြီးကို ရှင်းပစ်ရန်သာ ဖြစ်လေသည်။ သူ့ဘက်တွင် ပညာရှင်ပေါင်းများစွာ ရှိနေသည့်အတွက်ကြောင့် ရောက်ရှိလာသည့် ဧည့်သည်နှစ်ဦးကို အလွယ်တကူ ဖမ်းဆီးနိုင်လိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား လူငယ်လေး၏ နောက်ခံအား မသိရသေးခင်မှာပင် ဒုတိယအကြီးအကဲမှာ အသတ်ခံလိုက်ရလေသည်။ ယန်အန်းသည်သာ ဤနေရာတွင် ထပ်သေသွားမည် ဆိုလျှင်တော့ ယန်မိသားစု၏ စွမ်းအားမှာ အကြီးအကျယ်ကို ထိခိုက်သွားရပေလိမ့်မည်။

ထိုအတွေးနှင့် ယန်အန်းသည် အလျင်စလို နောက်သို့ ဆုတ်လိုက်လေသည်။ သို့သော်ငြား ရန်ကိုင်က သူတည့်တည့်ဆီသို့ လက်လှမ်းလာနေကြောင်းကို တွေ့လိုက်ရသည်။ လူငယ်လေး၏ လှုပ်ရှားမှုမှာ နှေးကွေးနေသယောင် ထင်ရပါသော်ငြား ယန်အန်းမှာတော့ ထိုလူငယ်လေး၏ လက်ကို မည်သို့မျှ ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိပေ။ ထိုအတွက်ကြောင့် အထိတ်ထိတ်အလန့်လန့်နှင့် ထအော်လေ၏။ "မိသားစုခေါင်းဆောင်၊ ကျုပ်ကို ကယ်ပါဦး"

ရန်ကိုင်၏လက် ယန်အန်းအား ဖမ်းမိခါနီးမှာပင် ယန်အန်းသည် ရန်ကိုင်အရှေ့မှ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင်နှင့် မီတာပေါင်းများစွာ ဝေးကွာသည့် နေရာတစ်ခု၌ ပြန်ပေါ်လာခဲ့လေသည်။ လက်ရှိအချိန်တွင်တော့ ယန်အန်းမှာ အကြောက်မပြေသေးသည့် အမူအရာဖြင့် အသက်ကို အမောတကော ရှူရှိုက်နေခဲ့လေ၏။

"အိုး" ရန်ကိုင်သည် မျက်ခုံးပင့်လျက် အခြားသောဘက်ဆီသို့ လှမ်း၍ ကြည့်လိုက်လေ၏။

ထိုအရပ်တွင် လူတစ်ဦးသည် လေထဲ၌ ဝဲ၍ ယန်ချင်း၏ အလောင်းကို မှုန်ကုပ်ကုပ် အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။

ယန်အန်း ရန်ကိုင်လက်မှ လွတ်သွားရခြင်းမှာ သူ့စွမ်းအင်ကြောင့် မဟုတ်။ ဤလူကြောင့်သာ ဖြစ်လေသည်။ အစောပိုင်းက ယန်အန်း ပျောက်ကွယ်သွားစဉ် ဟင်းလင်းပြင် စွမ်းအင်လှိုင်းတို့ ဖြာထွက်လာသည်ကို ရန်ကိုင် ခံစားမိလိုက်သည်။ ယန်အန်း သူ့အရှေ့မှ ပျောက်ကွယ်သွားပြီး အခြားတစ်နေရာတွင် ပြန်ပေါ်လာသည့် ပုံစံမှာ ရန်ကိုင်မှ တည်နေရာရွှေ့ပြောင်းသည့် ပုံစံမျိုးနှင့် ဆင်တူပေသည်။

"ခင်ဗျားက ယန်မိသားစုရဲ့ ခေါင်းဆောင်လား" ရန်ကိုင်က မေးလိုက်သည်။

ယန်လော့ကမူ ရန်ကိုင်အား တစ်ချက်ပင် မကြည့်ဘဲ ယန်ချင်း၏ အလောင်းကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။ တစ်ခဏအကြာ၌ ရေရွတ်လိုက်လေ၏။ "ငါတို့ပိုင်နက်ထဲမှာ ပြဿနာ အရှာမခံရတာ ဘယ်လောက်တောင် ကြာသွားပြီလဲ"

သူ့လေသံမှာ တည်ငြိမ်နေပါသော်ငြား ယန်လော့၏ ရင်ထဲ ဒေါသမီးတို့ မိုးထိမတတ် လောင်မြိုက်နေခဲ့လေသည်။ သူ သတိမထားမိနေချိန် အကြီးအကဲတစ်ဦးမှာ အသတ်ခံလိုက်ရသည်။ ဤသည်မှာ ယန်မိသားစုအတွက်တော့ အလွန်ကိုမှ နစ်နာစရာ ဆုံးရှုံးမှုတစ်ခုပင် ဖြစ်လေသည်။

"မင်း သေရမယ်" ယန်လော့သည် ရုတ်တရက် ရန်ကိုင်ဘက်သို့ လှည့်၍ အေးစက်စက် အမူအရာဖြင့် ပြောလိုက်သည်။

ရန်ကိုင်က ပြုံးဖြီးလျက်... "မိသားစုခေါင်းဆောင်ယန်၊ အဲဒါကတော့ ခင်ဗျား လုပ်နိုင် မလုပ်နိုင်ဆိုတဲ့ အပေါ်မှာ မူတည်မှာပေါ့"

"မင်း ခန္ဓာကိုယ် အားကောင်းနေလို့ ပြိုင်ဘက်ကင်းနေပြီလို့ ထင်နေတာလား၊ ဒီလောကကြီးထဲမှာ မင်း မခန့်မှန်းနိုင်တဲ့ အရာတွေ အများကြီးပဲ ရှိတယ်ကွ၊ မင်းက ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ ထင်နေတဲ့ ရေတွင်းအောက်က ဖားသူငယ် တစ်ကောင်သာသာပဲ၊ မင်းလို လူတစ်ယောက်က ဒီကြယ်တာရာ ကောင်းကင်ကြီး ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလဲဆိုတာကို စိတ်ကူးနိုင်မှာမို့လို့လား"

ထိုစကားကို ကြားသော် ရန်ကိုင်သည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ခေါင်းညိတ်လိုက်လေသည်။ "ခင်ဗျား မှန်တယ်"

ထို့နောက်တွင် ယန်လော့သည် ရန်ကိုင်အား လက်ညှိုးထိုး၍ ပြောလိုက်လေသည်။ "မင်းကိုယ်မင်း သတ်သေလိုက်၊ အဲဒါဆိုရင် ခံရသက်သာသွားလိမ့်မယ်၊ ငါကိုယ်တိုင် လုပ်ရမယ်ဆိုရင်တော့ ဒီလောကကြီးထဲက အဆိုးရွားဆုံး နှိပ်စက်မှုကို မင်းခံစားသွားရအောင် လုပ်ပေးမှာ"

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ "မူလကုန်းမြေဆီ ဘယ်လို သွားရမလဲဆိုတာကို မေးချင်ရုံလေးအတွက်နဲ့ ကျုပ် ဒီကို လာခဲ့တာ၊ အလကားလည်း လာမေးတာ မဟုတ်ဘူး၊ တန်ရာတန်ကြေး ပေးပြီးတော့ကို မေးတာ၊ အဲဒါကို ခင်ဗျား ဘာဖြစ်လို့ ဒီလောက်တောင် အသည်းမာချင်နေရတာလဲ၊ ခင်ဗျားတို့အားလုံး ကျုပ်ကို ဘာဖြစ်လို့ ဒီလောက်တောင် သေစေချင်နေရတာလဲ"

"ကြည့်ရတာ မင်းက အကောင်းပြောလို့ မရဘူးပဲ၊ အဲဒီလို ဆိုမှတော့ ငါကိုယ်တိုင် လှုပ်ရှားပေးရတော့တာပေါ့" ထိုသို့ ပြောပြီးသည့်နောက်တွင် ယန်လော့သည် ရန်ကိုင်တည့်တည့်ဆီသို့ သူ့လက်ညှိုးတစ်ချောင်းကို ဖိချလိုက်လေသည်။

ချက်ချင်းဆိုသလို ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး ပြိုကျပျက်စီး‌ေတာ့မည်အလား ပတ်ဝန်းကျင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါလာခဲ့ပြီး ရှင်းပြမရသည့် ဖိအားတစ်ရပ်သည် အကုန်လုံးပေါ်သို့ ကျဆင်းလာခဲ့လေသည်။ ထိုဖိအားအောက်ဝယ် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူအားလုံး ခေါင်းပင် မမော့နိုင်ကြတော့ဘဲ ချက်ချင်း ခါးကိုင်းသွားကုန်ကြလေ၏။

ဟဲယွင်ရှန်း ကိုယ်တိုင်မှာလည်း ကြောက်ရွံ့တုန်လှုပ်မှုကြောင့် သူမ၏ မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားခဲ့ရလေသည်။ တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်လာပြီးသည့်နောက်တွင် သူမအနေဖြင့် ဤကြယ်စီရင်စုကြီးထဲ ခေါင်းမော့ရင်ကော့ကာ သွားလာနိုင်သည်ဟု ထင်ခဲ့သည်။ သူမ မနိုင်သည့် လူတစ်ဦးနှင့် တွေ့မည်ဆိုလျှင်ပင် အလွယ်တကူ ထွက်ပြေးနိုင်ပေသည်။ သို့သော်ငြား ယန်လော့ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ ထင်မြင်ချက် မှားယွင်းနေကြောင်း သဘောပေါက်သွားခဲ့ရလေသည်။

ယန်လော့၏ လက်တစ်ချောင်းဆီမှ ပေးစွမ်းနေသည့် ဖိအားသည် ဤမျှ ကြောက်မက်ဖွယ် ကောင်းနေခဲ့လေရာ ယန်လော့သည်သာ သူမအား ပစ်မှတ်ထားလာမည်ဆိုပါက ဟဲယွင်ရှန်းအနေဖြင့် လုံးဝ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

[သူ ဘာဖြစ်လို့ ဒီလောက်တောင် အားကောင်းနေရတာလဲ၊ သူလည်း တန်ခိုးရှင်ဘုရင် တတိယအဆင့်၊ ငါလည်း တန်ခိုးရှင်ဘုရင် တတိယအဆင့်ပဲကို၊ သူ ဒီအဆင့်ကို ရောက်နေတာ ကြာနေပြီမို့လို့ဆိုရင်တောင် ဒီလောက်ကြီးတောင် အားကောင်းမနေသင့်ပါဘူး]

လက်ရှိအချိန်တွင် ယန်လော့မှ ပေးစွမ်းနေသည့် ဖိအားသည် ရန်ကိုင်နှင့် တွေ့စဉ်က ရန်ကိုင်မှ ပေးစွမ်းခဲ့သည့် ဖိအားထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့လေသည်။ ယန်လော့သည် မတ်တတ်သာ ရပ်နေခဲ့ပါသော်ငြား သူတစ်ကိုယ်လုံးသည် ကြီးမားလှသည့် လောကကြီးတစ်ခု အသွင်သို့ ပြောင်းလဲသွားသည့်အလား။ သူပြောလိုက်သည့် စကားလုံးတိုင်းသည် မည်သူမျှ ငြင်းဆန်နိုင်စွမ်း မရှိသော သဘာဝတရားကြီး၏ ဥပဒေသများ ဖြစ်နေသည့်အလား။

"ကြယ်အမြုတေ စွမ်းအားလား" ရန်ကိုင် အံ့အားသင့်သွားဟန်ဖြင့် မျက်ခုံးပင့်လိုက်လေသည်။

ထို့နောက် စိတ်သက်သာရာ ရသွားခဲ့လေ၏။

ယန်လော့သည် ကြယ်သခင်တစ်ဦး ဖြစ်သည်မှာ သိသာလှသည်။ အထူးသဖြင့် ဤထိုက်ရိကြယ်၏ ကြယ်သခင်ပင် ဖြစ်လေသည်။ ထိုသို့သာ မဟုတ်ပါက ဤကဲ့သို့သော စွမ်းအားကို ထုတ်သုံးနိုင်လိမ့်မည် မဟုတ်ပေ။

ထိုက်ရိကြယ်သည် ယန်မိသားစု၏ ဌာနချုပ်ဖြစ်သည့်အတွက်ကြောင့် ယန်မိသားစု၏ မိသားစုခေါင်းဆောင်မှ ထိုက်ရိကြယ်၏ ကြယ်အမြုတေအား သန့်စင်ထားသည်မှာ အဆန်းတော့ မဟုတ်ပေ။

[သူ ဒီလောက် မောက်မာနေတာ အဆန်းတော့ မဟုတ်ပါဘူးလေ၊ လက်စသတ်တော့ သူက ထိုက်ရိကြယ်ရဲ့ သခင် ဖြစ်နေတာကိုး]

ကြယ်သခင်တစ်ဦး ဖြစ်သည့်အလျောက် ယန်လော့သည် ဤထိုက်ရိကြယ်ပေါ်တွင် ပြိုင်ဘက်ကင်းပေသည်။

ရန်ကိုင် ကိုယ်တိုင်သည် အရိပ်ကြယ်၏ ကြယ်သခင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ကြယ်သခင်တစ်ပါးမှ မိမိကြယ်ပေါ်တွင် မည်ကဲ့သို့သော စွမ်းအားမျိုးကို ထုတ်သုံးနိုင်သလဲ ဆိုသည်ကို ကောင်းကောင်း သိပေသည်။

အစောပိုင်းက ယန်အန်း ရန်ကိုင်လက်မှ လွတ်မြောက်သွားနိုင်ခဲ့ရခြင်းမှာ ဟင်းလင်းပြင် ပညာရပ်တစ်ခုခုကြောင့် မဟုတ်ပေ။ ယန်လော့ ကြယ်သခင်တစ်ပါး၏ စွမ်းအားကို သုံး၍ ယန်အန်းအား နေရာပြောင်းပေးလိုက်သည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။

သူ့ကိုယ်ပေါ်သို့ ကျဆင်းလာနေသည့် ဖိအားကို ခံစားမိလိုက်သည့်တိုင် ရန်ကိုင်မှာတော့ တုတ်တုတ်မျှ မလှုပ်ခဲ့။ ထို့အစား ယန်လော့ကိုသာ လှောင်ပြောင်လိုဟန်ဖြင့် ပြန်ကြည့်နေခဲ့လေသည်။

မည်သည့် ချီစွမ်းအင်ကိုမှ အသုံးပြုထားခြင်း မရှိသည့်တိုင် ရန်ကိုင်သည် ဤကဲ့သို့သော ဖိအားမျိုးကို သူ့ခန္ဓာကိုယ် သက်သက်ဖြင့် တောင့်ခံနိုင်ပေသည်။

လက်ရှိ ရန်ကိုင်၏ ရုပ်ခွန်အားမှာ ဤနေရာရှိလူများ ခန့်မှန်းနိုင်သည့် အဆင့်ကို ကျော်လွန်နေပြီ ဖြစ်သည့်အတွက်ကြောင့် ကြယ်သခင်တစ်ပါး ဖြစ်နေရုံဖြင့် ရန်ကိုင်အား ဖိအားပေးနိုင်လိမ့်မည် မဟုတ်ပေ။

[ဘယ်လို] ယန်လော့ ထိတ်လန့်သွားခဲ့လေသည်။ သူ့ခွန်အားအကုန်အစင်ကို ထုတ်သုံးထားခြင်း မရှိပါသော်ငြား ကြယ်သခင်တစ်ပါး၏ ပိုင်နက်အတွင်း အဆင့်တူ ကျင့်ကြံသူတစ်ဦးသည် ထိုကြယ်သခင်တစ်ပါးကို မည်သည့်နည်းနှင့်မျှ ဆန့်ကျင်နိုင်ခြင်း မရှိပေ။ [သူ့ခန္ဓာကိုယ်က ဒီလောက်တောင် အားကောင်းတာလား၊ သူ အမွေအနှစ် တစ်ခုခုကိုများ ရထားတာများ ဖြစ်နေမလား]

ထိုအတွေး သူ့စိတ်ထဲ ဖြတ်ပြေးသွားသော် ယန်လော့ စိတ်လှုပ်ရှားလာခဲ့လေသည်။ ထိုသို့သာ ဆိုလျှင်တော့ သူသာ ဤလူငယ်လေးကို သတ်လိုက်နိုင်လျှင် အကျိုးကျေးဇူးများစွာ ရရှိရပေလိမ့်မည်။ ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်အခိုက် ယန်လော့မှာ ဝါးလုံးကွဲ အော်ရယ်မောတော့လေ၏။

"ခင်ဗျား ဘာတွေ ရယ်နေတာလဲ" ရန်ကိုင်က မေးလိုက်သည်။

"ငါ ရယ်သင့်တာကို ရယ်နေတာပေါ့"

ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ "အဲဒါဆို ကျုပ်လည်း ရယ်ရမှာပေါ့"

"မင်း ရယ်နိုင်ရင်ပေါ့" ထိုသို့ ပြောပြီးသည့်နောက်တွင် ယန်လော့သည် လက်တစ်ချောင်းတည်း မသုံးတော့ဘဲ လက်ငါးချောင်းစလုံးဖြင့် ရန်ကိုင်အပေါ်သို့ ဖိချလာခဲ့လေသည်။

လောကကြီးတစ်ခုလုံး တသိမ့်သိမ့် တုန်ခါလာခဲ့ပြီး ယခင်က ခါးကိုင်းနေ‌ေသာ လူများမှာ ချက်ချင်း မြေပြင်ပေါ်သို့ ဒူးထောက် ကျသွားကုန်ကြလေသည်။

ယန်လော့၏ ပစ်မှတ်ထားခြင်း မခံရသည့်တိုင် သူတို့ ခံစားနေရသည့် ဖိအားမှာ ဤမျှ အားကောင်းနေသည်ဆိုပါက ယန်လော့၏ ပစ်မှတ်ဖြစ်သော ရန်ကိုင်ဆိုလျှင် မည်မျှ အားကောင်းသော ဖိအားမျိုးကို ခံစားနေရမည်နည်း။ ဟဲယွင်ရှန်းမှာ စိုးရိမ်တကြီး အမူအရာဖြင့် ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ရလေသည်။

ရန်ကိုင်သည် ယန်လော့၏ ဖိအားကို အနည်းငယ်မျှပင် ခံစားရခြင်း မရှိသည့်အလား မြေပြင်ကို ခြေဆောင့်၍ ဥက္ကာခဲတစ်စင်းပမာ အပေါ်သို့ ထိုးတက်သွားခဲ့လေသည်။ ရန်ကိုင်၏ ခြေဆောင့်ရာမှ ထွက်ပေါ်လာသည့် ပြင်းအားကြောင့် ကြမ်းပြင်များ ပျက်စီးကုန်ကြရပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ပြိုကျကုန်ကာ တွင်းပေါက်ကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။

မီတာ သုံးဆယိအမြင့်သို့ တက်လာပြီးသည့်နောက် ရန်ကိုင်မှာ ယန်လော့ လက်ဝါးဆီမှ ဖြာထွက်နေသည့် ဖိအားဒဏ်ကို အနည်းငယ် ခံစားလိုက်ရလေသည်။ သို့သော်ငြား ထိုဖိအားမှာ ယာယီမျှသာ ဖြစ်ပြီးသည့်နောက် ချက်ချင်းဆိုသလို ရန်ကိုင်သည် ထိုဖိအားကို ချိုးဖျက်၍ ယန်လော့ ရှေ့တည့်တည့်တွင် ပေါ်လာပြီး လက်သီးတစ်ချက် ထိုးချလိုက်လေ၏။

ရန်ကိုင် သူ့အရှေ့တွင် ရုတ်တရက်ကြီး ပေါ်လာချိန်တွင်တော့ တည်ငြိမ်နေသည့် ယန်လော့မှာ လုံးဝကို တည်ငြိမ်မနေနိုင်တော့ဘဲ ပျာယာခတ်သွားတော့လေသည်။

[သူ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းရတာလဲ၊ ငါက ထိုက်ရိကြယ်ရဲ့ ကြယ်သခင်လေ၊ ဒီကြယ်ပေါ်မှာ သူက ငါ့စွမ်းအားကို ဘယ်လိုလုပ်ပြီး ဒီလောက်လွယ်လွယ်နဲ့ ခုခံနေနိုင်ရတာလဲ]

ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားခဲ့ပြီး ရန်ကိုင်၏ လက်သီးချက် ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော ဟင်းလင်းပြင်မှာ လုံးဝကို ပြိုကျပျက်စီးသွားခဲ့ရလေ၏။

သူ့ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံးမှာလည်း ပြိုကျလာနေသည်ကို ယန်လော့ ခံစားမိနေလေသည်။ သူ့စိတ်ထဲ ရန်ကိုင်၏ လက်သီးကို ပြန်လည်ခုခံလိုက်လျှင် ကောင်းမလား စဉ်းစားလိုက်မိပါသော်ငြား အဆုံးတွင်တော့ ရှောင်ရန်သာ ဆုံးဖြတ်လိုက်လေသည်။

သူသည်သာ ထိုလက်သီး၏ ထိမှန်ခြင်း ခံလိုက်ရမည်ဆိုပါက ကျိန်း‌သေ အသက်ပျောက်သွားရပေလိမ့်မည်။ ယန်လော့မှာ ကြယ်သခင်တစ်ဦး ဖြစ်ပါသော်ငြား ထိုလက်သီးချက်ကိုတော့ မခုခံနိုင်ပေ။

ထိုအခိုက်အတန့်မှာပင် ယန်လော့သည် အားလုံး၏ မြင်ကွင်းမှ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအတွက်ကြောင့် ရန်ကိုင်၏ လက်သီးမှာလည်း လေကိုသာ ထိမှန်သွားခဲ့ရလေသည်။

ထို့နောက်တွင် ဝုန်းခနဲ မြည်သံနှင့်အတူ နန်းတော်ကြီးတစ်ခုလုံး ပြိုကျသွားခဲ့လေ၏။ ဖုန်အလိမ်းလိမ်း တက်လာပြီး လူပေါင်းများစွာဟာလည်း အပျက်အစီးပုံကြားမှ ချောင်းတဟွတ်ဟွတ် ဆိုးရင်း ဖိုသီဖတ်သီ အမူအရာများဖြင့် ကုန်းရုန်း ထွက်လာကြသည်။

တောင်ထိပ်ပေါ်ရှိ အဖြစ်အပျက်သည် တောင်အောက်ခြေတွင် ရှိနေသည့် လူများ၏ အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။ အောက်ဘက်ရှိလူများ အပေါ်သို့ လှမ်းကြည့်လိုက်သည့်အခါ တောင်ထွတ်ပေါ်တွင် နှစ်ပေါင်းထောင်နှင့်ချီတိုင်အောင် တည်ရှိလာခဲ့သော ယန်မိသားစု၏ အဓိက ခန်းမကြီးသည် အပျက်အစီးပုံကြီးအဖြစ်သို့ ပြိုကျသွားကြောင်း တွေ့လိုက်ရလေသည်။

ထိုအချိန်သည် ညသန်းခေါင်ယံအချိန် ဖြစ်ပါသော်ငြား မြို့တစ်ခုလုံးမှာ သက်ဝင်စည်ကားနေသလို လူပေါင်းများစွာဟာလည်း လမ်းမထက် လှုပ်ရှားသွားလာနေကြလေသည်။ ယန်မိသားစု၏ အဖြစ်အပျက်သည် လမ်းမအထက်တွင် သွားလာနေကြသော လူပေါင်းများစွာ၏ အာရုံကို ဆွဲဆောင်သွားခဲ့ပြီး အကုန်လုံးမှာ တောင်ထွတ်ပေါ်ဆီသို့ မယုံသင်္ကာ အမူအရာများဖြင့် လှမ်း၍ ကြည့်လိုက်ကြသည်။ ယန်မိသားစုတွင် ဘာတွေ ဖြစ်နေ၍များ ယခုကဲ့သို့ ဖြစ်သွားရလေသနည်း။

ယန်လော့ တည့်တည့်အား လက်သီးဖြင့် ထိုးချပြီးသည့်နောက်တွင် ရန်ကိုင်သည် မြေပြင်ပေါ်သို့ ပြန်ဆင်းလာပြီး အပျက်အစီးပုံကြားမှ ထိုးထွက်နေသော ကျောက်တုံးတစ်တုံးပေါ်တွင် ကောက်ရပ်လိုက်လေသည်။ ထို့နောက် တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်၍ မေးလိုက်လေ၏။ "မိသားစုခေါင်းဆောင်ယန်၊ကျုပ် အခု ရယ်လို့ ရပြီလား"

ယခုဆိုလျှင်တော့ ယန်လော့မှာ ယခင်ကကဲ့သို့ ပြုံးဖြီးမနေနိုင်တော့ပေ။ သူ့မျက်နှာမှာ အလွန်ကိုမှ အေးစက်နေလေရာ သူ့မျက်နှာတစ်ပြင်လုံး ရေခဲတော့မည့်အလားပင် ထင်မှတ်နေရလေသည်။ ထို့အပြင် သူ့အကြည့်ထဲဝယ် မယုံကြည်နိုင်မှုတို့ကိုလည်း အထင်သား မြင်တွေ့နေရသည်။

တစ်စုံတစ်ဦးသည် ထိုက်ရိကြယ်ပေါ်တွင် သူ့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်လိမ့်မည်ဟု ယန်လော့ ထင်ထားခြင်း မရှိခဲ့ပေ။ ထိုကဲ့သို့သော အတွေးမျိုး သူ့စိတ်ထဲ တစ်ခါမျှပင် ဖြတ်ပြေးသွားခဲ့ဖူးခြင်း မရှိ။

ယန်လော့သည် ဤအဆုံးမဲ့ကြယ်စီရင်စုကြီးထဲတွင် တစ်ဦးတည်းသော ကြယ်သခင် မဟုတ်ပါသော်ငြား သခင်၏ ပိုင်နက်နယ်မြေအတွင်း ကြယ်သခင်သည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်ဖြစ်စေ တတိယအဆင့်ဖြစ်စေ ပြိုင်ဘက်ကင်းသည်မှာ အများလက်ခံထားသည့် အချက်တစ်ချက် ဖြစ်ပေသည်။

ထိုသို့ ဖြစ်ရခြင်းမှာ ကြယ်သခင်တစ်ဦးသည် ကျင့်ကြံရေးကြယ်၏ အမြုတေစွမ်းအားကို အသုံးပြုနိုင်သည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ ထိုစွမ်းအားမှာ လောကစွမ်းအား ဖြစ်လေရာ မည်သူကများ လောကတစ်ခုလုံးကို ဆန့်ကျင်နိုင်ပါမည်နည်း။

သို့သော်ငြား ယနေ့အချိန်တွင်မူ ယန်လော့ တစ်ခါမျှပင် စဉ်းစားထားခဲ့ဖူးခြင်း မရှိသည့်အရာတွင် သူ့မျက်စိရှေ့တည့်တည့်၌ ဖြစ်နေခဲ့လေသည်။

တစ်ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက် ယန်လော့က ပြောလိုက်လေ၏။ "မင်းက တကယ်ကို မယုံကြည်နိုင်စရာ ကောင်းလှတာပဲ၊ ခန္ဓာကျင့်ကြံသူ ဆိုတဲ့အတိုင်းပါပဲလား၊ ဒါပေမဲ့ အဲဒီလောက်နဲ့ ငါ့ကို အနိုင်ယူနိုင်တယ် ထင်နေရင်တော့ မင်း မှားသွားပြီ"

သူသည် ဤကြယ်ပေါ်တွင် ပြိုင်ဘက်ကင်းပေသည်။ ထိုအတွက်ကြောင့် ဤလူငယ်လေး မည်မျှပင် အားကောင်းနေစေကာမူ ကြယ်သခင်တစ်ဦးအား ဘယ်သောအခါမျှ ထိနိုင်လိမ့်မည် မဟုတ်ပေ။

"မိသားစုခေါင်းဆောင်ယန်၊ ခင်ဗျား ဆက်ပြီး ခေါင်းမာနေချင်သေးတာလား" ရန်ကိုင်က ပြန်မေးလိုက်သည်။

ယန်လော့က ပြန်ပြောလိုက်သည်။ "ငါ့မိသားစု အကြီးအကဲကို သတ်ပြီး ငါတို့မိသားစုကို လာပြဿနာပေးပြီးမှတော့ မင်း ဘယ်သူပဲ ဖြစ်ဖြစ် ငါ မင်းနဲ့ သေတဲ့အထိ တိုက်ခိုက်သွားရမှာပဲ" သူ့အနေဖြင့် ဤကဲ့သို့ အရှုပ်ထုပ် ကြီးကြီးမားမားနှင့် ကြုံရပြီးသည့်နောက် လက်လျှော့ဖို့ရာ လုံးဝ မဖြစ်နိုင်တော့ပေ။ သူ၏ ရန်သူ ပို၍ အားကောင်းလေ ယန်လော့မှာ ပို၍ ဒေါသထွက်လာရလေသာပင်။ သူသည်သာ ယန်မိသားစု၏ ဂုဏ်သတင်းကို ပြန်အဖတ်မဆယ်နိုင်ပါက ယန်မိသားစုသည် ဤအဆုံးမဲ့ကြယ်စီရင်စုကြီးထဲ အခွင့်အာဏာ လျော့နည်းသွားရပေလိမ့်မည်။

ရန်ကိုင်က သက်ပြင်းချလျက်... "မိသားစုခေါင်းဆောင်ယန်၊ခင်ဗျား ပြောသွားတာ တစ်ခု မှန်တယ်"

ယန်လော့သည် ရန်ကိုင်ကိုသာ အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်နေခဲ့လေသည်။

ရန်ကိုင်က ဆက်၍ ပြောလိုက်သည်။ "ရေတွင်းအောက်က ဖားသူငယ် တစ်ကောင်က ကြယ်တာရာ ကောင်းကင်ကြီး ဘယ်လောက် ကြီးကျယ်ခမ်းနားလဲဆိုတာကို ဘယ်တော့မှ စိတ်ကူးနိုင်မှာ မဟုတ်ဘူး၊ ကျုပ် ဒီနေ့ စိတ်ကောင်းဝင်နေတော့ ခင်ဗျားတို့လို အမှိုက်ကောင်တွေကို အမြင်ကျယ်သွားအောင် လုပ်ပေးရသေးတာပေါ့"

ထိုသို့ ပြောပြီးသည့်နောက် ရန်ကိုင်ဆီမှ အားကောင်းသည့် အရှိန်အဝါတစ်ရပ် ဖြာထွက်လာခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၉၇)

ဘာသာပြန်သူ_တိမ်တိုက်

မူလကတည်းက ရန်ကိုင်သည် ချီစွမ်းအားအား ကျင့်ကြံထားသည့် အရိပ်အယောင် လုံးဝထုတ်ပြခဲ့ခြင်း မရှိပေ။ ရန်ကိုင် ထုတ်သုံးပြသွားသည်မှာ သူ၏ရုပ်ခွန်အားသာ ဖြစ်လေသည်။ ဟဲယွင်ရှန်းကိုယ်တိုင်သည်ပင်လျှင် ရန်ကိုင်သည် ခန္ဓာကျင့်ကြံသူတစ်ဦး ဖြစ်သည်ဟု ထင်ခဲ့လေသည်။

သို့သော်ငြား လက်ရှိအချိန်တွင်တော့ ရန်ကိုင်ဆီမှ ချီစွမ်းအင်တို့ ဖြာထွက်လာခဲ့သည်။ သို့သော်ငြား ထိုချီစွမ်းအင်မှာ သူတော်စင်ချီမဟုတ်။ ရန်ကိုင်ထုတ်လွှတ်ထားသည့်ချီစွမ်းအင်သည် သူတော်စင်ချီထက် ပို၍သန့်စင်ကာ နက်နဲဆန်းကြယ်သည့် ချီစွမ်းအင်တစ်မျိုး ဖြစ်ပေသည်။

(ဒါက ဘယ်လိုစွမ်းအားကြီးလဲ…)

ရန်ကိုင်၏အရှိန်အဝါမှာ ပိုပို၍ အားကောင်းလာနေခဲ့ပြီး မကြာမီတွင် တန်ခိုးရှင်ဘုရင်ပထမအဆင့်၌ ရပ်တန့်သွားခဲ့လေသည်။

သူ့အကန့်အသတ်သို့ ရောက်သွားပြီးသည့်နောက် ရန်ကိုင် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်လေသည်။ ဤနေရာတွင် သူ့အနေဖြင့် တန်ခိုးရှင်ဘုရင်အဆင့်ထက် ကျော်လွန်သည့်စွမ်းအားကို ထုတ်သုံး၍မရပေ။ ထိုသို့သာမဟုတ်ပါက ကောင်းကင်လမ်းစဉ်၏ အာရုံကို ဆွဲဆောင်သွားနိုင်ပေသည်။

ယန်လော့၏မျက်နှာမှာလည်း လုံးဝကို တည်ကြည်လေးနက်နေခဲ့လေသည်။ ဤလူငယ်လေးသည် ခန္ဓာကျင့်ကြံသူတစ်ဦး ဖြစ်သည်ဟုသာ ထင်ခဲ့သည့်အတွက်ကြောင့် ထိုလူငယ်လေးကို ကြောက်ရွံ့ခြင်းမရှိခဲ့။ သို့သော်ငြား ထိုလူငယ်လေးသည် ဤကဲ့သို့သောစွမ်းအားမျိုးကိုပါ ဖုံးကွယ်ထားလိမ့်မည်ဟု ထင်ထားခြင်း မရှိခဲ့ပေ။ လူငယ်လေးမှာ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေသည့် ခန္ဓာကျင့်ကြံသူတစ်ဦး ဖြစ်လေရာ သူ့အား ရင်ဆိုင်ဖို့ရာ သူထင်ထားသလောက် လွယ်ကူနေတော့လိမ့်မည်မဟုတ်ပေ။

သို့သော်ငြား မကြာမီတွင် ယန်လော့၏မျက်လုံးထဲရှိ စိုးရိမ်နေသည့်အရိပ်အယောင်တို့မှာ ပျောက်ကွယ်သွားခဲ့ရသည်။ (သူက တန်ခိုးရှင်ဘုရင်ပထမအဆင့်ပဲ ရှိသေးတာ… ဒီလောက်တော့ အားကောင်းမှာမဟုတ်ဘူး… ငါက ထိုက်ရီကြယ်ရဲ့ ကြယ်သခင်ပဲဟာကို… ဘာလို့ သူ့ကို ကြောက်နေရမှာလဲ…”

“မိသားစုခေါင်းဆောင်ယန်… ခင်ဗျား အဆင်သင့်ဖြစ်ပြီလား…” ရန်ကိုင်သည် လူအိုကြီးအား လှမ်းကြည့်လိုက်လေသည်။

လူငယ်လေးနှင့် အကြည့်ချင်းဆုံသွားသည့်အခိုက် ယန်လော့ ရင်တဒိန်းဒိန်း ခုန်သွားခဲ့သည်။ သူ့စိတ်ထဲ ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် လူငယ်လေးသည် ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး သူ့ရှေ့တည့်တည့်တွင် ဗြုန်းစားကြီးပြန်ပေါ်လာကြောင်း တွေ့လိုက်ရလေသည်။

လူယ်လေး မည်ကဲ့သို့ လှုပ်ရှားသွားလို့ လှုပ်ရှားသွားမှန်းပင် မသိလိုက်ရသည့်အတွက်ကြောင့် ယန်လော့မှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး ချက်ချင်းပဲ ကြယ်အမြုတေစွမ်းအားကို ထုတ်သုံးကာ ရပ်နေရာမှာ ပျောက်ကွယ်သွားခဲ့လေသည်။

ယန်လော့ပြန်ပေါ်လာချိန် မီတသုံးရာခန့်အကွာသို့ ရောက်နေလေပြီ။ သို့သော်ငြား အသက်ကောင်းကောင်းပင် မရှူရသေးခင်မှာပင် လူငယ်လေးသည် သူ့ရှေ့တည့်တည့်၌ ပြန်ပေါ်လာခဲ့လေသည်။ လက်ရှိအချိန်တွင်တော့ လူငယ်လေးသည် ယဲ့ပြုံးပြုံးရင်းမှ ယန်လော့အား လက်တစ်မောင်းစာခန့်အကွာမှ စိုက်ကြည့်နေခဲ့လေ၏။

“ရွှစ်… ရွှစ်… ရွှစ်…”

ယန်လော့မှာ တောက်လျှောက်ကို နေရာပြောင်းနေခဲ့လေသည်။ အဆက်မပြတ် စိုးရိမ်တကြီး လှုပ်ရှားနေရသည့်အတွက်ကြောင့် သူ့တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေခဲ့ရလေ၏။

ယန်လော့မှာ ကြယ်သခင်တစ်ပါး၏ စွမ်းအားကို သုံး၍ အဆက်မပြတ် နေရာပြောင်းနေခဲ့ပါသော်ငြား လူငယ်လေးမှာမူ သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်လာနိုင်ခဲ့လေသည်။ ယန်လော့ မည်သို့ပင် ကြိုးစားနေစေကာမူ လူငယ်လေးနှင့် သူ့ကြား အကွာအဝေးမခြားနိုင်ခဲ့ပေ။ ယန်လော့မှ အခြားတစ်နေရာ၌ ပြန်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူငယ်လေးသည်လည်း ယွမ်လော့နှင့် လက်တစ်မောင်းစာခန့်အကွာတွင် ချက်ချင်း ပေါ်လာခဲ့လေသည်။

ထိုအခါမှသာလျှင် ကြယ်သခင်တစ်ဦးဖြစ်သည့်အခါ ထုတ်သုံးနိုင်သော တည်နေရာကူးပြောင်းသည့်စွမ်းရည်သည် ဤလူငယ်လေးရှေ့မှောက်တွင် လုံးဝကို အသုံးမဝင်ကြောင်း ယန်လော့ သဘောပေါက်သွားခဲ့ရသည်။

ယန်မိသားစုမှ ပညာရှင်များမှာလည်း ထိုမြင်ကွင်းကိုကြည့်ရင်း မင်သက်နေကုန်ကြလေသည်။

“လေဟာနယ်စွမ်းအား…” ယန်လော့က အလန့်တကြားဆိုလိုက်သည်။

ကြယ်သခင်တစ်ဦး ဖြစ်သည့်အလျောက် ယန်လော့သည် သူ့ကြယ်ပေါ်၌ ပြောင်းလဲသွားသည့် အဖြစ်အပျက်များကို အခြားသူများထက် ပို၍သိသာထင်ရှားစွာ အာရုံခံနိုင်ပေသည်။ ထိုလူငယ်လေး၏ခန္ဓာကိုယ်တစ်ဝိုက်တွင် လေဟာနယ်စွမ်းအားတို့ ရစ်သိုင်းနေသည်ကို ယန်လော့ သတိထားမိသွားခဲ့လေသည်။

ဤလူငယ်လေးမှာ ယန်လော့ကဲ့သို့ ကြယ်သခင်တစ်ပါး၏စွမ်းအားကိုသုံး၍ တည်နေရာခုန်ကူးနေခြင်းမဟုတ်ဘဲ သူ့ကိုယ်ပိုင်လေဟာနယ်စွမ်းအားကိုသုံးကာ တည်နေရာခုန်ကူးနေခြင်း ဖြစ်လေသည်။

ထိုအချက်ကို နားလည်လိုက်သည့်နောက် ယန်လော့မှာ လုံးဝကို ပျာယာခတ်သွားရတော့လေသည်။ ထိုက်ရီကြယ်တွင်သာဆိုပါက သူ့အနေဖြင့် ပြိုင်ဘက်ကင်းသည်ဟု ထင်ခဲ့ပါသော်ငြား ဤလူငယ်လေး၏နည်းလမ်းသည် သူ၏ အားသာချက်အားလုံးကို ချေဖျက်ပြနေခဲ့လေသည်။

ရုတ်တရက် ယန်လော့၏မျက်လုံးထဲ လက်သီးတစ်လုံး ပေါ်လာခဲ့လေ၏။ ယန်လော့မှာ ထိုလက်သီးချက်ကို ရှောင်ချင်ပါသော်ငြား သူ့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်တစ်ခုလုံးမှာ ကော်ရည်ပမာ စေးကပ်နေသလို ဖြစ်နေခဲ့လေသည်။ ထိုလက်သီးချက်သည် တောင်တစ်လုံးပမာ ယန်လော့၏ မြင်ကွင်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေ၏။ ယန်လော့မှာ မည်သို့ပင် ကြိုးစားနေစေကာမူ လက်သီးချက်အား မရှောင်တိမ်းနိုင်တော့ဘဲ “ဘုန်း”ဟူသော မြည်သံနှင့်အတူ လက်သီးချက်ဖြင့် ခံလိုက်ရပြီး သွေးအပွက်ပွက်အန်ထုတ်ရင်း ဥက္ကာခဲတစ်စင်းပမာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရလေသည်။

လက်သီးချက် ထိမှန်ခြင်း ခံလိုက်ရပြီးသည့်နောက် ယန်လော့မှာ ကြယ်လများကို မြင်သွားရလေသည်။ သူ့နှာခေါင်းရိုးမှာလည်း ကျိုးသွားခဲ့လေ၏။ သူ့မျက်လုံးပြန်ဖွင့်လာချိန်တွင် လူတစ်ဦးသည် သူ့ရှေ့တည့်တည့်၌ တောင်တစ်လုံးပမာ မားမားမတ်မတ်ရပ်နေကြောင်း တွေ့လိုက်ရလေ၏။

“ချမ်းသာပေးပါနော်…” ယန်လော့က ကြောက်လန့်တကြား ထအော်လေသည်။ လက်ရှိယန်လော့မှာ ယခင်ကကဲ့သို့ တည်ငြိမ်နေနိုင်ခြင်းလည်း မရှိတော့သလို မောက်မာဝံ့ကြွားနိုင်ခြင်းလည်း မရှိတော့ချေ။ သူ့ရှေ့တွင်ရှိနေသည့်လူသည် သူ့အသက်ကို အဆုံးသတ်ပေးနိုင်သည့် ခွန်အားမျိုးကို ပိုင်ဆိုင်ထားပေသည်။ ထို့အပြင် သူနှင့်တိုက်ခိုက်ရာတွင် လူငယ်လေးသည် သူ့ခွန်အားအကုန်အစင်ကို ထုတ်သွားခဲ့ခြင်းမရှိခဲ့။ ထိုလူငယ်လေးသည်သာ သူ့စွမ်းအားအကုန်ကို ထုတ်သုံးလိုက်မည်ဆိုပါက မည်မျှပင် ကြောက်မက်ဖွယ်လိမ့်မည်နည်း။

(ဒီလူ ဘယ်ကနေရောက်လာတာလဲ… သူ ဒီလောက် အားကောင်းနေတယ်ဆိုရင်လည်း ဘာဖြစ်လို့ သူ့ခွန်အားကို အစောကြီးတည်းက ထုတ်မပြတာလဲ… အခုတော့ သူ့ကို ဆန့်ကျင်မိသွားပြီး ငါတို့မိသားစုက အကြီးအကဲတစ်ဦးလည်း အလကားသက်သက် သေသွားရပြီ… ငါတို့ယန်မိသားစု မျက်နှာပျက်ရတာပဲ အဖတ်တင်တယ်…)

ယန်လော့အပြင် ယန်မိသားစုမှ အခြားသောပညာရှင်များသည်လည်း ထိုနည်းတူ တွေးနေကြလေသည်။ တိုက်ပွဲ၏အဆုံးသတ်ကို မြင်ပြီးသည့်နောက် ယန်အန်းစိတ်ထဲ ခါးသက်သက် ခံစားနေခဲ့ရသည်။ သူသည် ယန်ချင်းအား သတ်မိခဲ့သူတစ်ဦး ဖြစ်သည့်အလျောက် မိသားစုခေါင်းဆောင်သည် ယန်ချင်းကိုယ်စား လက်စားပြန်ချေပေးနိုင်မည်ဟု မျှော်လင့်မိခဲ့ပေသည်။ သို့သော်ငြား တကယ့်တကယ်တွင်တော့ တိုက်ပွဲတစ်ချောင်းစာအတွင်းမှာပင် သူတို့၏မိသားစုခေါင်းဆောင်သည် တစ်ဖက်လူအား အသက်ချမ်းသာပေးဖို့ရာ သွားရောက်အသနားခံနေခဲ့ရသည်။

မိသားစုခေါင်းဆောင် ထိုမျှကြောက်တတ်သည်လော။ ထိုသို့မဟုတ်ပေ။ မိသားစုခေါင်းဆောင်သည် အခြေအနေကိုလိုက်၍ အလိုက်သင့်လှုပ်ရှားတတ်ခြင်းသာ ဖြစ်လေသည်။

မည်သို့ပင်ဖြစ်နေစေကာမူ ယနေ့တွင်တော့ ယန်မိသားစုမှာ လုံးဝကို မျက်နှာပျက်ခဲ့ရသည်။ ကံကောင်းစွာဖြင့် ဤနေရာတွင် မည်သည့်အပြင်လူကိုမှ ရှိမနေသည့်အတွက်ကြောင့် ဤကိစ္စနှင့် ပတ်သက်၍ သတင်းပြန့်သွားမည်ကို စိုးရိမ်စရာမလို။ ထိုသို့သာမဟုတ်ပါက ယန်မိသားစု၏ ဂုဏ်သတင်းနှင့် ဩဇာအာဏာမှာတော့ အကြီးအကျယ် ထိခိုက်သွားရပေလိမ့်မည်။

“အခု ကျုပ်တို့ စကားပြောလို့ရပြီလို့ ထင်တယ်…” ရန်ကိုင်က ယန်လော့ကို ငုံ့ကြည့်ရင်းမှ ပြောလိုက်သည်။

“စီနီယာမေးချင်တာရှိရင် မေးပါ… ကျုပ် မချွင်းမချန်ပဲ ဖြေပေးပါ့မယ်…” ယန်လော့က အားတင်းပြုံး၍ ပြန်ပြောလိုက်သည်။

တောင်အလယ်နေရာတွင်ရှိနေသော နန်းတော်တစ်လုံးထဲ၌ ဟဲယွင်ရှန်းသည် စားပွဲပေါ်တွင် ရေနွေးကြမ်းခွက်ကို ချပေးလိုက်ပြီးသည့်နောက် အစေခံမလေးတစ်ဦးပမာ ရန်ကိုင်၏နောက်တွင် ငြိမ်သက်စွာ သွားရပ်နေလေသည်။

ယန်လော့သည် သူ့ကိုယ်သူသန့်ရှင်းပြီး အဝတ်အစား အသစ်တစ်စုံကို လဲလိုက်သည်။ ခန်းမထဲမှ ထွက်လာပြီးသည့်နောက်တွင် ရန်ကိုင်အား ဦးညွှတ်လိုက်လေ၏။ “စီနီယာ…” ထို့နောက် ယန်အန်းအား မျက်စပစ်ပြလိုက်လေသည်။

ယန်အန်းလည်း ဖားဖားယားယား ပြုံးရင်းမှ ရန်ကိုင်ဆီသို့ သေတ္တာတစ်လုံးကို တလေးတစားဖြင့် ပေးလိုက်လေသည်။ “စီနီယာ… ဒီမှာ စီနီယာရဲ့ဆေးလုံးပါ…”

သေတ္တာအဖုံးကို ဖွင့်လိုက်ပြီးသည့်နောက်တွင် သေတ္တာထဲ၌ အရင်းအမြစ်ချီသိပ်သည်းခြင်းဆေးလုံးတစ်လုံး ရှိနေကြောင်းကို မြင်တွေ့နိုင်ပေသည်။ ဟဲယွင်ရှန်းသည် သေတ္တာကို လက်ခံယူလျက် လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “ဒုတိယအကြီးအကဲက ဒါကို ဖျက်ဆီးလိုက်ပြီလို့ ထင်နေတာ…”

ယန်အန်းက ကသိကအောက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “သူလိမ်နေတာ… သူ့ရဲ့တဇွတ်ထိုးလုပ်ရပ်က ယန်မိသားစုနဲ့ ဘာမှမပတ်သက်ပါဘူး… စီနီယာ ကျေးဇူးပြုပြီး ကျုပ်တို့ကို ခွင့်လွှတ်ပေးပါနော်…”

“ဒီဆေးလုံးက အတုလို့လည်း ဒုတိယအကြီးအကဲ ပြောသွားသေးတယ်…”

“အပိုတွေ… ဆေးလုံးက ဝိုင်းပြီး ကြည်လင်နေတဲ့အပြင်ကိုမှ ဆေးရနံ့ကလည်း တော်တော်လေးကိုသင်းနေတာ… ဘယ်လိုလုပ်ပြီး အတုဖြစ်ရမှာလဲ… ဒီဆေးလုံး ဘာဆေးလုံးမှန်း ကျုပ်တို့မသိပေမယ့် လုံးဝကို အဆင့်မြင့်တဲ့ ဆေးလုံးတစ်လုံးမှန်းတော့ သိတယ်… ယန်ချင်း လောဘဇောငယ်ထိပ်ရောက်ပြီးတော့ ဆေးလုံးကို တစ်ကိုယ်တည်း မောင်ပိုင်ချင်စီးလို့ အဲ့လိုမျိုး လုပ်ခဲ့တာဖြစ်လိမ့်မယ်…”

ဟဲယွင်ရှန်းက အလေးအနက်အမူအယာဖြင့် ဆက်ပြောလိုက်သည်။ “အကြီးအကဲယန်အန်း… အခုလိုမျိုး ဉာဏ်နီဉာဏ်နက်များတဲ့လူတစ်ယောက်ကို ဖော်ထုတ်ပေးတဲ့အတွက် ရှင်တို့ ကျွန်မတို့ကို ကျေးဇူးတင်သင့်တယ်… မဟုတ်သာမဟုတ်ရင်တော့ အဲ့လိုလူတစ်ယောက်ကြောင့် ရှင်တို့ယန်မိသားစုက အနာဂတ်မှာ ကျိန်းသေ ပြဿနာတက်မှာ…”

ယန်အန်းက ထပ်တလဲလဲကို ခေါင်းညိတ်လျက် “ဟုတ်ပါတယ်… စီနီယာကူညီပေးလို့ပဲ အခုလိုမျိုး လောက်ကောင်တစ်ကောင်ကို ချောချောမွေ့မွေ့နဲ့ ရှင်းပစ်နိုင်ခဲ့ရတာပါ… မိသားစုခေါင်းဆောင်နဲ့ ကျုပ်လည်း အဲ့သစ္စာဖောက်လှည့်စားတာ ခံလိုက်ရလို့ အခုလိုမျိုး နားလည်မှုလွဲတာတွေ ဖြစ်ကုန်ရတာပါ… ဒါကြောင့် စီနီယာ ကျေးဇူးပြုပြီး စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်…”

ဟဲယွင်ရှန်းက ပြုံးလျက် ပြန်ပြောလိုက်သည်။ “ဆရာကတော့ စိတ်ထဲမထားပါဘူး…”

“ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ…”

ထို့နောက်တွင် ယန်လော့က ဝင်၍ပြောလိုက်လေသည်။ “ဒီနေ့ကိစ္စတွေက ကျုပ် လူမှားပြီး ယုံလိုက်လို့ ဖြစ်လာခဲ့ရတာ… စီနီယာ ကျုပ်ကို အပြစ်ပေးချင်တယ်ဆိုရင် ကျုပ် မငြင်းပါဘူး…”

ဟဲယွင်ရှန်းသည် ရန်ကိုင်အား တစ်ချက်လှမ်းကြည့်လိုက်သည်။ ရန်ကိုင်ငြိမ်သက်နေသည်ကိုမြင်သော် ပြုံး၍ ပြန်ပြောလိုက်လေသည်။ “တရားခံကို တွေ့ပြီးသွားပြီဆိုတော့ ဒီကိစ္စက ပြီးသွားပြီလို့ ပြောလို့ရတယ်… မိသားစုခေါင်းဆောင်ယန်နဲ့ ပထမအကြီးအကဲတို့နှစ်ယောက်စလုံးကလည်း အဲ့လူလှည့်စားတာ ခံလိုက်ရတာလေ… ဒီတော့ ရှင်တို့ကို အပြစ်တင်လို့လည်း မဖြစ်ဘူး…”

ထိုစကားကိုကြားသည့်အခါမှသာလျှင် ယန်လော့နှင့် ယန်အန်းတို့နှစ်ဦးစလုံး စိတ်သက်သာရာ ရနိုင်ကြတော့သည်။ ထို့နောက်တွင် ဟဲယွင်ရှန်းက အလေးအနက်အမူအယာဖြင့် ဆက်၍ပြောလိုက်လေသည်။ “ဆရာ ဒီကို ကိစ္စတစ်ခုကြောင့် ရောက်လာခဲ့တာ…”

ယန်လော့က ချက်ချင်းပဲ ပြန်ပြောလိုက်သည်။ “စိတ်မပူပါနဲ့ စီနီယာ… ကျေးဇူးပြုပြီး ဒီကိစ္စကို ကျုပ်တို့လက်ထဲ လွှဲထားလိုက်ပါ… ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီးသွားတာနဲ့ ကျုပ်ကိုယ်တိုင် စီနီယာကို မူလကုန်းမြေဆီ ခေါ်သွားပေးပါမယ်…”

ထိုစကားကိုကြားသော် ဟဲယွင်ရှန်း အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့လေသည်။ အကြွင်းမဲ့စွမ်းအားနှင့်သာဆိုပါက ကောင်းကင်ကိုတက်သည့်ပမာ ခက်ခဲလွန်းလှသော ကိစ္စရပ်များကိုပင်လျှင် အလွယ်တကူ လုပ်နိုင်ပါလေတကားဟု သူမစိတ်ထဲ တွေးမိသွားလေသည်။ သူမမှ ဘာမှ မပြောရသေးပါသော်ငြား ယန်လော့သည် သူကိုယ်တိုင် သူတို့အား မူလကုန်းမြေဆီ ခေါ်သွားပေးမည်ဟု ပြောလာခဲ့လေသည်။

ယန်လော့သည် သူ့လက်နှစ်ဖက်ကို ပွတ်ရင်းမှ စကားကိုသတိထားလျက် ပြောလိုက်လေသည်။ “ဒါပေမယ့် စီနီယာ… ကျုပ် တောင်းဆိုချင်တာလေးတစ်ခုရှိလို့… စီနီယာ ကျေးဇူးပြုပြီး အဲ့ဒါကို ဖြည့်ဆည်းပေးဖို့ မျှော်လင့်ပါတယ်…”

ဟဲယွင်ရှန်းက ချက်ချင်းပဲ မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြန်မေးလိုက်လေသည်။ “ရှင် ကျွန်မတို့ကို လာအကြပ်ကိုင်ချင်နေတာလား…”

ယန်လော့တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့ပြီး အလျင်စလို ပြန်၍ပြောလိုက်၏။ “မဟုတ်ပါဘူး မဟုတ်ပါဘူး… ကျုပ် အကြပ်မကိုင်ရဲပါဘူး… ကျုပ်ဘက်က တောင်းဆိုချင်တာလေးပါပဲ…”

“ဆရာက ရှင်တောင်းဆိုတာကို သဘောမတူဘူးဆိုရင်ရော… ဘာလဲ… အဲ့အခါကျ မူလကုန်းမြေဆီ ဘယ်လိုသွားရမလဲဆိုတာကို ဆရာ့ကို မပြောပြတော့ဘူး…”

“စီနီယာ သဘောတူတူ မတူတူ ကျုပ်ကတိအတိုင်း ဖြည့်ဆည်းပေးမှာပါ….”

ဟဲယွင်ရှန်းသည် ရန်ကိုင်အား တစ်ချက်လှမ်းကြည့်လိုက်ပြီးသည့်နောက် ခေါင်းညိတ်၍ ပြောလိုက်လေသည်။ “ကောင်းပြီလေ… အဲ့ဒါဆိုပြော…”

ယန်လော့က ပြုံး၍ ပြန်ပြောလိုက်သည်။ “ကျုပ် အခုတောင်းဆိုမယ့်ကိစ္စက စီနီယာအတွက်တော့ ဘာမှ မပြောပလောက်ပါဘူး… ကျုပ်တောင်းဆိုချင်တာက ကျုပ်ကိုပါ မူလကုန်းမြေဆီ အတူခေါ်သွားပေးဖို့ပါ…”

“ရှင်လည်း မူလကုန်းမြေဆီ သွားချင်နေတာလား…” ဟဲယွင်ရှန်းက ပြန်မေးလိုက်လေသည်။ “အဲ့ဒါဆို သွားလေ… ဘယ်လိုသွားရမလဲဆိုတာကို ရှင်သိနေပြီးသားပဲမဟုတ်ဘူးလား…”

ယန်လော့က အလေးအနက်အမူအယာဖြင့် ပြန်ရှင်းပြလိုက်လေ၏။ “စီနီယာမသိလို့… ကျုပ်အနေနဲ့ မူလကုန်းမြေဆီ ဘယ်လိုသွားရမလဲဆိုတာကို သိထားတယ်ဆိုပေမယ့် အဲ့ကိုသွားတဲ့ ခရီးက အန္တရာယ်တွေနဲ့ ပြည့်နေတာ… တန်ခိုးရှင်ဘုရင်တတိယအဆင့်တောင် အသက်အာမခံချက်မရှိဘူး… မဟုတ်ရင် ကျုပ်ဘာကျုပ် အစောကြီးတည်းက မူလကုန်းမြေဆီ ထွက်သွားလိုက်ပြီ… အခုချိန်ထိတောင် စောင့်မနေတော့ဘူး… ဒါပေမယ့် စီနီယာက အရမ်းအားကောင်းတာဆိုတော့ စီနီယာနဲ့သာဆိုရင် အဲ့ကအန္တရာယ်တွေက ဘာမှပြောပလောက်တော့မှာမဟုတ်ဘူး… အဲ့ဒါကြောင့်ပဲ ကျုပ်လည်း စီနီယာနဲ့အတူ လိုက်ချင်ခဲ့တာ…”

“မူလကုန်းမြေဆီသွားတဲ့ခရီးက အန္တရာယ်များတာလား…” ဟဲယွင်ရှန်းက မယုံသင်္ကာ ဖြစ်နေခဲ့လေသည်။

“ကံပေါ်မူတည်တယ်…” ယန်လော့က ပြန်ပြောလိုက်သည်။

ကံသည် လက်ဆုပ်လက်ကိုင်ပြ၍ မရသည့် အရာတစ်ခု ဖြစ်ပေသည်။ တစ်စုံတစ်ဦးသည်သာ ကံကောင်းမည်ဆိုလျှင် သူတို့၏ ကျင့်ကြံခြင်းခရီးလမ်းသည် ပန်းခင်းထားသည့် လမ်းခရီးပမာ သာယာဖြောင့်ဖြူးနေပေလိမ့်မည်။ ထိုသို့သာမဟုတ်ဘဲ ကံဆိုးခဲ့မည်ဆိုလျှင်တော့ သူတို့၏ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းသည် ဆူးညွှန့်ခလုတ်များနှင့် ပြည့်နေလေတော့သည်။ တစ်ခါတစ်ရံ ကံသည် ကျင့်ကြံသူတစ်ဦး၏ ခွန်အားတစ်စိတ်တစ်ပိုင်းဟုပင် ယူဆ၍ ရပေသည်။ ကောင်းကင်လမ်းစဉ်သည် မမျှတဟု အော်ငြီးနေ၍ အပိုပေ။ အကြောင်းမှာ ဤသည်မှာ ဤလောကကြီး လည်ပတ်သည့် ပုံစံမျိုး ဖြစ်နေသည့်အတွက်ကြောင့်ပင်။

ဟဲယွင်ရှန်းမှာ ထိုကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်မချနိုင်သည့်အတွက်ကြောင့် ရန်ကိုင်ကိုသာ လှမ်းကြည့်လိုက်လေသည်။

ရန်ကိုင်ကမူ စိတ်ထဲမထားခဲ့ဘဲ ခေါင်းညိတ်ပြလိုက်လေ၏။ “ကောင်းပြီလေ…”

ရန်ကိုင်၏စကားကိုကြားသော် ယန်လော့ ဝမ်းသာသွားခဲ့ပြီး ချက်ချင်းပဲ လူငယ်လေးကို ဦးညွှတ်လိုက်လေ၏။ “ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ…”

ဘေးဘက်တွင်ရှိနေသာ ယန်အန်းသည် လက်သီးဆုပ်၍ ဦးညွှတ်လိုက်လေသည်။ “ဂုဏ်ယူပါတယ် မိသားစုခေါင်းဆောင်… မိသားစုခေါင်းဆောင်ရဲ့ဆန္ဒ နောက်ဆုံးတော့ ပြည့်လာခဲ့ရပြီ…”

ယန်လော့က ပြုံး၍ ပြန်ပြောလိုက်လေသည်။ “ငါသွားတာနဲ့ မိသားစုခေါင်းဆောင်ရာထူးကို မင်းယူထားလိုက်… မိသားစုကို သေသေချာချာ ကိုင်တွယ်နော်…”

ယန်အန်းက ဦးညွှတ်လိုက်သည်။ “ကျုပ် မိသားစုခေါင်းဆောင်ကို စိတ်မပျက်စေရပါဘူး…”

ထို့နောက်တွင် ယန်လော့သည် ရန်ကိုင်ဘက်သို့လှည့်၍ ပြောလိုက်လေသည်။ “စီနီယာ… ဆယ်ရက်ကြာရင် သွားကြမယ်… စီနီယာအလျင်လိုနေရင်တော့ သုံးရက်ကြာရင်တော့ သွားလို့ရပါတယ်… အခုလောလောဆယ် မိသားစုခေါင်းဆောင်ရာထူးကို ပထမအကြီးအကဲယန်အန်းဆီ အပ်ပြီးတော့ နည်းနည်းပါးပါး ညွှန်ကြားစရာတွေရှိသေးတော့ စီနီယာ ကျုပ်တို့ကို အချိန်နည်းနည်းပေးဖို့ မျှော်လင့်ပါတယ်…”

“ဒါဆိုရင် ဆယ်ရက်ကြာမှ သွားကြတာပေါ့…” ရန်ကိုင်သည် ထိုင်ရာမှ ထလိုက်လေသည်။

ရန်ကိုင်အား ကျေးဇူးတင်စကား ပြောပြီးသည့်နောက် ယန်လော့သည် ရန်ကိုင်နားနေရမည့်နေရာဆီသို့ ခေါ်သွားပေးလေ၏။

အခန်း၏ အတွင်းပိုင်းအပြင်အဆင်မှာ အလွန်ကိုမှ သားနားလှကာ နံရံများတွင်လည်း ညလင်းကျောက်များဖြင့် တန်ဆာဆင်ပေးထားလေသည်။

အခန်းထဲတွင် သူတို့နှစ်ဦးတည်းရှိသည့်အခါ ဟဲယွင်ရှန်းက မေးလိုက်လေသည်။ “ဆရာ… သူတို့ ကျွန်မတို့ကို တစ်ခုခုကြံနေတယ်လို့ ထင်လား…”

ယန်လော့၏ အလွန်ကိုမှ နာခံတတ်သည့်ပုံစံသည် ဟဲယွင်ရှန်းအား သင်္ကာမကင်း ဖြစ်စေခဲ့လေသည်။ ယန်လော့သည် ကြယ်စီရင်စု၏ ထိပ်တန်းပညာရှင်တစ်ဦးအဖြစ် နှစ်ပေါင်းများစွာကြာအောင် ရပ်တည်လာခဲ့သူတစ်ဦး ဖြစ်သည့်အလျောက် ဤမျှ ကျိုးနွံ့နေစရာမလိုအပ်ပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၉၈)

ဘာသာပြန်သူ_တိမ်တိုက်

ယန်လော့သည် သူတို့နှင့်အတူ မူလကုန်းမြေဆီသို့ ဘာကြောင့် လိုက်ချင်ရသလဲဆိုသည်ကို ဟဲယွင်ရှန်း နားမလည်နိုင်ချေ။ ယန်လော့သည်သာ သူတို့အား အကွက်ချကြံစည်လိုပါက ဘာကြောင့်များ သူတို့နှင့်အတူ လိုက်ပါလိုရလေသနည်း။

“တစ်ချက် စောင့်ကြည့်ကြတာပေါ့…” ယန်မိသားစု သူ့အား အကွက်ချကြံစည်မည်ဆိုလျှင်ပင် ရန်ကိုင် ကြောက်နေလိမ့်မည်မဟုတ်ပေ။

သို့သော်ငြား ယနေ့တွင် သူ့ကျင့်ကြံခြင်းအနည်းငယ်ကို ထုတ်သုံးခဲ့သည့်အတွက်ကြောင့် ထိုစွမ်းအားကို အလျင်အမြန် ပြန်လည်ချိတ်ပိတ်လိုခဲ့လေသည်။ အကြောင်းမှာ ဤလောကကြီးသည် သူ့အပေါ် စတင်၍ ဖိနှိပ်လာနေသည်ကို ခံစားမိသည့်အတွက်ကြောင့်ပင်။

ဆယ်ရက်တာဟူသော အချိန်ကာလသည် တစ်ခဏလေးအတွင်းမှာပင် ကုန်ဆုံးသွားခဲ့ရလေသည်။

မနက်ပိုင်းတွင် လူပေါင်းများစွာသည် တောင်ခြေအောက်တွင် ရပ်နေကြလေသည်။ ယန်မိသားစု၏ အရေးကြီးသောလူအားလုံး ဤနေရာ၌ စုဝေးနေကြခြင်း ဖြစ်လေ၏။ အကုန်လုံးမှာ လက်ရှိအချိန်တွင် မြေကွက်လပ်ပေါ်ရှိ အနက်ရောင်ကြယ်သင်္ဘောတစ်စင်းအား မျက်နှာမူကာ ရပ်နေကြလေသည်။

လွန်ခဲ့သည့်ဆယ်ရက်အတွင်း မိသားစုခေါင်းဆောင်သည် မူလကုန်းမြေဆီသို့ သွားတော့မည်ဆိုသည့်အကြောင်းကို ယန်မိသားစုဝင်အားလုံး သိလိုက်ကြရသည်။ ဤသည်မှာ ယန်မိသားစုအတွက် အရေးကြီးသောကိစ္စတစ်ရပ် ဖြစ်လေ၏။ လွန်ခဲ့သောနှစ်ငါးရာခန့်က ယန်မိသားစု၏ဘိုးဘေးသည် မူလကုန်းမြေဆီသို့ ထွက်သွားခဲ့ပါသော်ငြား ထိုဘိုးဘေး မူလကုန်းမြေဆီသို့ တကယ်ရောက်သွားမသွားကိုတော့ မည်သူမျှ မသိကြချေ‌။ ယခုတစ်ကြိမ်တွင်တော့ မိသားစုခေါင်းဆောင်သည် ရာထူးမှဆင်း၍ ဘိုးဘေး၏ခြေလှမ်းအတိုင်း ပိုမိုမြင့်မားသော သိုင်းတာအိုဆီသို့ တက်လှမ်းနိုင်ရန်အတွက် မူလကမ္ဘာကြီးဆီသို့ သွားတော့မည် ဆိုသည့်အကြောင်းကို ကြေညာလာခဲ့သည်။ ထိုအကြောင်းကို ကြားလိုက်ရစဉ်က ယန်မိသားစုဝင်အားလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရသည်။

ယနေ့တွင်တော့ ထောင်နှင့်ချီသောလူများသည် မိသားစုခေါင်းဆောင်အား လိုက်လံပို့ဆောင်ရန်အတွက် ဤနေရာ၌ စုဝေးနေကြလေသည်။

လွန်ခဲ့သောဆယ်ရက်ခန့်လောက်က ဘာတွေဖြစ်သွားသလဲဆိုသည်ကိုတော့ ယန်မိသားစုအနည်းငယ်လောက်သာ သိထားကြပေသည်။ ထိုနေ့တွင် မိသားစုခေါင်းဆောင်နှင့် ပထမအကြီးအကဲ အရှက်ကွဲခဲ့ရပြီး ဒုတိယအကြီးအကဲ အသတ်ခံခဲ့ရကြောင်းကို ထိုလူများ သိထားကြသည်။ ထိုလူများသည် ယန်မိသားစု၏ခေါင်းဆောင်များ ဖြစ်ကြသည့်အလျောက် ထိုနေ့တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို လျှောက်ပြောနေလိမ့်မည်မဟုတ်ပေ။ ထိုအကြောင်းကြောင့်ပင်လျှင် အခြားသောယန်မိသားစုဝင်များမှာ ဘာတွေဖြစ်လို့ ဖြစ်နေမှန်းမသိဘဲ သူတို့၏မိသားစုခေါင်းဆောင် မူလကုန်းမြေဆီသို့ သွားတော့မည့်အကြောင်းကိုသာ ကြားသိထားရပြီး ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်လေသည်။ ယန်လော့ပေါ်လာသည့်အခါ အကုန်လုံးသည် သူ့အား လေးစားတကြီးဖြင့် ကြည့်လိုက်ကြလေသည်။

လွန်ခဲ့သောဆယ်ရက်ခန့်ကသာ သူတို့၏မိသားစုခေါင်းဆောင်သည် ဤလူငယ်လေးအား အသက်ချမ်းသာပေးရန် တောင်းဆိုနေသည်ကို တွေ့သွားခဲ့မည်ဆိုလျှင်တော့ ဤလူများ သူတို့၏မိသားစုခေါင်းဆောင်အပေါ် ဤမျှလေးစားနေနိုင်တော့လိမ့်မည် မဟုတ်ချေ။

လက်ရှိအချိန်တွင် ရန်ကိုင်နှင့် ဟဲယွင်ရှန်းသည် ရှေ့မှ ဦးဆောင်လျှောက်နေခဲ့သည်။ သူတို့နှစ်ဦးကိုကြည့်ရင်း ယန်မိသားစုဝင်များမှာတော့ မယုံသင်္ကာ ဖြစ်နေကြလေသည်။ ထိုလူနှစ်ဦးအပေါ် မိသားစုခေါင်းဆောင်နှင့် အကြီးအကဲများ၏ဆက်ဆံပုံသည် အနည်းငယ်ထူးဆန်းနေသည်ဟု သူတို့စိတ်ထဲ ခံစားနေခဲ့ရလေသည်။

တစ်ခဏအကြာ၌ ရန်ကိုင်တို့အားလုံး ကြယ်သင်္ဘောပေါ်သို့ တက်လိုက်ကြသည်။ ထို့နောက်တွင် ကြယ်သင်္ဘောသည် တဝီဝီမြည်သံပြုလျက် ကောင်းကင်ပေါ်သို့ ပျံတက်ကာ ကြယ်တာရာကောင်းကင်ကြီးထဲသို့ ပျံထွက်သွားလေ၏။

ကြယ်သင်္ဘော အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်အခါမှသာလျှင် လူတိုင်း ထိုနေရာမှ ပြန်လည်ထွက်ခွာလာခဲ့ကြသည်။

မူလက ပထမအကြီးအကဲဖြစ်ခဲ့ပြီး လက်ရှိအချိန်တွင် ယန်မိသားစု၏ မိသားစုခေါင်းဆောင်ဖြစ်နေသည့် ယန်အန်းသည် အခြားသူများအား ညွှန်ကြားစရာရှိသည်များကို ညွှန်ကြားပြီးသည့်နောက် ပြန်လာခဲ့လေသည်။

တစ်ခုသောနန်းတော်ထဲသို့ရောက်သော် ယန်အန်းသည် မီးအိမ်တစ်လုံးရှိနေသည့် လျှို့ဝှက်ခန်းတစ်ခန်းထဲသို့ ဝင်လာခဲ့လေသည်။ ထိုမီးအိမ်မှာ အိုဟောင်းနေခဲ့ပြီး ဤအခန်းထဲ နှစ်မည်မျှကြာအောင် ရှိနေခဲ့သလဲဆိုသည်ကို မည်သူမျှ မသိကြပါသော်ငြား မီးအိမ်ပေါ်တွင် ဖုန်တစ်စက်မှပင် ရှိမနေခဲ့ပေ။

ဤလျှို့ဝှက်ခန်းထဲ မီးအိမ်၊ စားပွဲခုံနှင့် အမွှေးတိုင်အိုးမှလွဲ၍ အခြား ဘာဆိုဘာမှ ရှိမနေခဲ့။

ယန်အန်းသည် ရိုကျိုးသည့်အမူအယာဖြင့် သူ၏သိုလှောင်လက်စွပ်ထဲမှ အမွှေးတိုင်တစ်ချောင်းကို ထုတ်လိုက်လေသည်။ ထိုအမွှေးတိုင်မှာ ယန်မိသားစုမှ အထူးတလည် ပြုလုပ်ထားသည့် အမွှေးတိုင်တစ်ချောင်း ဖြစ်သည့်အလား။ ၎င်း၏အရွယ်အစားမှာ လက်မတစ်ချောင်းစာခန့် လုံးပတ်ရှိပြီး တစ်တောင်ခန့် အရှည်ရှိပေသည်။

အမွှေးတိုင်ကို လက်ထဲကိုင်ထားရင်း ယန်အန်းသည် ယန်လော့ထွက်မသွားခင် သူ့အား ပြောခဲ့သည့်စကားကို ပြန်စဉ်းစားနေပြီးသည့်နောက် သံဓိဌာန်ချလိုက်သည့်အမူအယာဖြင့် သူ့လက်ကောက်ဝတ်ကို လက်ညှိုးဖြင့် ဖြတ်လှီးချလိုက်သည်။ ထို့နောက်တွင် အမွှေးတိုင်ကို သွေးများစီးကျနေသော သူ့လက်ကောက်ဝတ်အောက်တည့်တည့်တွင် ထားလိုက်လေ၏။

တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် အမွှေးတိုင်၏အရောင်မှာ သွေးများကြောင့် လုံးဝကို နီရဲတက်နေခဲ့လေသည်။

သွေးအလွန်အကျွံဆုံးရှုံးထားရသည့်အတွက်ကြောင့် မျက်နှာတစ်ပြင်လုံး ဖြူဖတ်ဖြူလျော် ဖြစ်နေလင့်ကစား ယန်အန်းမှာတော့ အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့လေသည်။ ထို့နောက်တွင် လက်ကွက်တစ်ခုကိုဖော်ဆောင်၍ သူတော်စင်ချီကိုလှည့်ပတ်ကာ အမွှေးတိုင်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း ရေရွတ်လိုက်လေ၏။ “လောင်ကျွမ်းလိုက်စမ်း…”

ချက်ချင်းဆိုသလို အမွှေးတိုင်မှာ စတင်၍ မီးကျွမ်းလာတော့လေသည်။ အမွှေးတိုင်ကို ထွန်းညှိပြီးသွားသည့်နောက်တွင် အမွှေးတိုင်မှ အငွေ့များ ထွက်လာခဲ့လေသည်။ သို့သော်ငြား ထိုအငွေ့များမှာ အခြားအရောင်မဟုတ်ဘဲ အနီရောင်ဖြစ်နေခဲ့လေသည်။

အမွှေးတိုင်ကို မီးထွန်းညှိပြီးသည့်နောက်တွင် ယန်အန်းမှာ ဆက်၍ နှောင့်နှေးမနေရဲတော့ဘဲ အမွှေးတိုင်ကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်၍ မီးအိမ်အား တရိုတသေ ဦးညွှတ်လိုက်ပြီးသည့်နောက် အမွှေးတိုင်ကို အမွှေးတိုင်အိုးထဲတွင် စိုက်လိုက်လေသည်။

လက်ရှိအချိန်တွင် အခန်းတစ်ခုလုံးမှာ တိတ်ဆိတ်နေခဲ့ပြီး ယန်အန်း၏ အသက်ရှူသံကိုသာ ကြားနေရသည်။ အမွှေးတိုင်မှာ ဆက်လက်လောင်ကျွမ်းနေခဲ့ပြီး အငွေ့များမှာ တလူလူ ထွက်နေခဲ့သည်။ သို့ရာတွင် ထွက်ပေါ်လာသည့်အငွေ့များမှာ တစ်စုံတစ်ခု၏ ဆင့်ခေါ်ခြင်း ခံလိုက်ရသည့်အလား မီးအိမ်ဆီသို့ တည့်တည့်မတ်မတ် ပျံသန်းသွားလေ၏။ ခဏအကြာတွင် အိုဟောင်းနေသည့် မီးအိမ်ကြီးမှာ စတင်၍ ပြောင်းလဲလာတော့လေသည်။

အမွှေးတိုင်တစ်ဝက်ခန့် မီးလောင်ကျွမ်းပြီးသွားသည့်နောက်တွင် ကြောက်မက်ဖွယ်ဖိအားတစ်ရပ် ကောင်းကင်ထက်မှ ရုတ်တရက်ဆိုသလို သက်ဆင်းလာခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း မီးအိမ်ထဲတွင် မျက်လုံးတစ်လုံးနှင့်ဆင်တူသည့် အလင်းစက်နှစ်စက် ရုတ်တရက် တောက်ပလာခဲ့လေသည်။

ယန်အန်း အလွန်ကိုမှ ထိတ်လန့်သွားခဲ့ပြီး ချက်ချင်း ဒူးထောက်၍ တလေးတစားဖြင့် ပြောလိုက်လေသည်။ “ဘိုးဘေးကို နှုတ်ဆက်ပါတယ်…”

မီးအိမ်ထဲရှိ အလင်းစက်နှစ်စက်မှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီးသည့်နောက် အတန်ကြာသွားသည့်အခါမှသာ တည်ငြိမ်သွားခဲ့လေသည်။ ထိုသို့ဖြစ်ပြီးသည့်နောက် မီးအိမ်တွင်းဆီမှ အိုမင်းသည့်အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ “ယန်အန်းလား… ငါတို့ မတွေ့ရတာ နှစ် ရာနဲ့တောင်ချီသွားပြီပဲ… မင်း အခု ယန်မိသားစုရဲ့ခေါင်းဆောင် ဖြစ်နေပြီလား…”

“ဟုတ်… ဖြစ်နေပါပြီ ဘိုးဘေး…”

“ဒါဆိုရင် ယန်လော့ရော… ငါထွက်လာတုန်းက ယန်လော့ မိသားစုကို ဦးဆောင်နေတာမဟုတ်ဘူးလား… အခု နှစ် ရာဂဏန်းပဲရှိသေးတယ်… သူသေသွားပြီလို့တော့ ငါ့ကို လာမပြောနဲ့နော်…”

ယန်အန်းက အလျင်စလို ပြန်ပြောလိုက်လေသည်။ “သူမသေပါဘူး… သူအခု မိသားစုခေါင်းဆောင်ရာထူးကနေ ဆင်းပြီးတော့ မူလကုန်းမြေဆီ သွားနေလို့ပါ…”

“သူ မူလကုန်းမြေဆီ လာနေပြီလား… သူ့ဘာသာသူ လာမယ်လို့ ငါ တကယ်ကို မထင်ထားခဲ့ဘူး… ဒါဆိုရင်တော့ သူ့ကို ဂုဏ်ပြုပေးရတော့မှာပေါ့…” ထိုအသံမှာ ဝမ်းသာအားရ ဖြစ်နေသည့်ပုံပင်။ သို့သော်ငြား ချက်ချင်းဆိုသလို အသံသည် ဒေါသထွက်သွားသည့်လေသံမျိုးဖြင့် “နေပါဦး… မင်း ငါ့ကို ဒီအကြောင်းလေး ပြောဖို့အတွက်နဲ့ ခေါ်လိုက်တာလား…”

ထိုသို့သာဆိုလျှင်တော့ ယန်အန်းသည် ဘာမဟုတ်သည့်ကိစ္စလေးကို ရေးကြီးခွင်ကျယ်လုပ်နေသည်ဟု ပြော၍ရပေသည်။ ဘိုးဘေး ဤအဆုံးမဲ့ကြယ်စီရင်စုကြီးထဲမှ ထွက်မသွားစဉ်က အလွန်ကိုမှ အရေးကြီးသည့်ကိစ္စ ဖြစ်မလာခဲ့လျှင် သူ့အား လာမနှောင့်ယှက်ရန် ယန်လော့တို့အား ပြောသွားခဲ့လေသည်။

ယန်အန်းက ဦးညွှတ်၍ ဝမ်းနည်းတကြီးအမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ဘိုးဘေး… ကျုပ်တို့မိသားစု အရှက်ခွဲခံလိုက်ရလို့ပါ… ဒါကြောင့် ဘိုးဘေးကို လာပြီး အကူအညီတောင်းတာပါ…”

မီးအိမ်ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် ရုတ်တရက်ဆိုသလို ခက်ထန်ကြမ်းကြုတ်လာခဲ့ပြီး အသံပိုင်ရှင်မှာလည်း ဒေါသထွက်သွားသည့်လေသံမျိုးဖြင့် ပြောလိုက်လေသည်။ “ငါ့ကို သေချာရှင်းပြစမ်း…”

ရန်ကိုင်တို့ ထွက်လာခဲ့သည်မှာ တစ်လခန့် ရှိသွားခဲ့လေပြီ။

ယန်မိသားစု၏ကြယ်သင်္ဘောနှင့် ကြယ်တာရာကောင်းကင်ထဲ သွားလာရသည်မှာ အလွန်ကိုမှ အဆင်ပြေချောမွေ့လှပေသည်။ သင်္ဘောပေါ်တွင် ရှိနေသော ယန်ဟူသည့် စကားလုံးကို မြင်ပြီးသည့်နောက် မည်သူမျှ ဤကြယ်သင်္ဘောကို မတိုက်ခိုက်ရဲကြတော့ပေ။ ကြယ်တာရာပင်လယ်ဓါးပြများသည်လည်း ဤကြယ်သင်္ဘောကိုမြင်သည်နှင့် ခပ်ဝေးဝေးသို့ ရှောင်ဖယ်သွားကြလေသည်။

လွန်ခဲ့သည့်လအတွင်း ကြယ်သင်္ဘောပေါ်ရှိ ရန်ကိုင်၏ဘဝကြီးမှာ အလွန်ကိုမှ အဆင်ပြေနေခဲ့လေသည်။ ရန်ကိုင်သည် နေ့စဉ်နှင့်အမျှကို စာအုပ်များကိုဖတ်ရှုရင်းဖြင့်သာ အချိန်ကုန်နေခဲ့လေသည်။

ယန်လော့သည် စားသောက်ဖွယ်ရာများကို ရန်ကိုင်ဆီသို့ နေ့စဉ် ယူလာပေးလေသည်။ ရန်ကိုင်သည် ထိုအရာများကို မငြင်းခဲ့ပါသော်ငြား ယန်လော့မှခေါ်လာပေးသည့် အမျိုးသမီးများကိုတော့ ငြင်းခဲ့လေသည်။

ယနေ့တွင် ဟဲယွင်ရှန်းသည် ရန်ကိုင်၏အခန်းတံခါးကို လာခေါက်ပြီး အခန်းထဲသို့ ဝင်လာခဲ့သည်။

သူမ၏ တည်ငြိမ်သည့်အရှိန်အဝါကို ခံစားမိလိုက်သော် ဟဲယွင်ရှန်းမှာ သူမ၏ကျင့်ကြံခြင်းကို တည်ငြိမ်သွားအောင် လုပ်လိုက်နိုင်ပြီမှန်း ရန်ကိုင်သိလိုက်လေသည်။

“ရောက်တော့မှာလား…”

ဟဲယွင်ရှန်းက ပြန်ပြောလိုက်သည်။ “ရောက်တော့မယ်လို့ ယန်လော့က ပြောပါတယ်ဆရာ…”

“ကောင်းပြီလေ… အဲ့ဒါဆို တစ်ချက် သွားကြည့်ကြတာပေါ့…” ရန်ကိုင်သည်လည်း မူလကုန်းမြေဆီသို့ သွားသည့် နည်းလမ်းနှင့် လမ်းကြောင်းကို သိလိုပေသည်။ အလားတူနည်းလမ်းကို ဟုန်းလော့ကြယ်စီရင်စုကြီးတွင် သွားသုံး၍ မရပါသော်ငြား အနည်းဆုံးတော့ အတွေ့အကြုံတော့ ရနိုင်ပေသည်။

မကြာမီတွင် ရန်ကိုင်တို့နှစ်ဦးသည် ကြယ်သင်္ဘော၏ ထိန်းချုပ်ခန်းဆီသို့ ရောက်လာကြလေသည်။ ထိုနေရာတွင် ယန်မိသားစု၏ တပည့်ပေါင်းများစွာ ရှိနေကြပြီး အကုန်လုံးမှာ အစီအရင်များကို စောင့်ကြပ်နေကြလေသည်။ လက်ရှိအချိန်တွင် ထိုယန်မိသားစုဝင်တပည့်များမှာ အတော်လေးကိုမှ စိတ်လှုပ်ရှားနေကြလေသည်။

သူတို့ မည်သည့်နေရာသို့ သွားနေသလဲဆိုသည်ကို လူတိုင်း သိထားကြသည်။ ထို့အတွက်ကြောင့် သူတို့အား အထူးတလည် ရွေးချယ်ခဲ့သည့် ယန်လော့အပေါ်ပင် ကျေးဇူးတင်နေမိလေသည်။

ရန်ကိုင်ရောက်လာသည်ကိုမြင်သော် အကုန်လုံး ရန်ကိုင်အား ဦးညွှတ်လိုက်ကြလေ၏။

ယန်လော့သည် ရန်ကိုင်နားသို့ ကပ်လာပြီး နှုတ်ဆက်လိုက်လေသည်။ “စီနီယာ… ကျုပ်တို့ရှေ့က ကြယ်ပေါ်မှာ မူလကုန်းမြေဆီသွားတဲ့ဝင်ပေါက် ရှိနေတာပါ…”

ရန်ကိုင်သည် ယန်လော့ပြောနေသည့်ဘက်ဆီသို့ လှမ်းကြည့်ပြီးသည့်နောက် ပြန်မေးလိုက်လေ၏။ “ကြယ်သေတစ်လုံးလား…”

ထိုကြယ်၏အရောင်မှာ မှုန်ထိုင်းထိုင်း ဖြစ်နေခဲ့လေသည်။ အနည်းငယ်မျှပင် ရွှန်းစိုနေခဲ့ခြင်းမရှိ။ ကြယ်စီရင်စုကြီးထဲ ဤကဲ့သို့သော ကြယ်သေပေါင်း မရေမတွက်နိုင်အောင် ရှိပေသည်။ ထိုကဲ့သို့သော ကြယ်သေများအနက်မှ ဤကြယ်သေသည် မူလကုန်းမြေဆီသို့ ဦးတည်နေသည့်ဝင်ပေါက် ရှိနေသော ကြယ်သေတစ်လုံးဖြစ်လိမ့်မည်ဟု မည်သူမျှ ထင်ထားလိမ့်မည်မဟုတ်ပေ။

ယန်လော့က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “အဲ့ဒါကြောင့်ပဲ မူလကုန်းမြေဆီ ဘယ်လိုသွားရမလဲဆိုတာကို လူတော်တော်များများ မသိကြတာ…”

ကြယ်သေပေါ်တွင် မိုးမြေစွမ်းအင် လုံးဝမရှိပေ။ ထိုအကြောင်းကြောင့် မည်သူမျှ ဤကြယ်သေအား အထူးတလည် လာရောက်စူးစမ်းနေလိမ့်မည်မဟုတ်။ ဤကြယ်သေနားမှ ဖြတ်သွားမည်ဆိုလျှင် ကြယ်သေပေါ်သို့ ဆင်းလာကြလိမ့်မည်မဟုတ်ဘဲ ဒီအတိုင်း ထွက်သွားကြမည်သာ။ ထိုအကြောင်းကြောင့်ပင်လျှင် မူလကုန်းမြေဆီသို့ ဦးတည်နေသည့် ဝင်ပေါက်သည် ဤကြယ်သေပေါ်တွင် ရှိနေကြောင်းကို မည်သူမျှ မသိကြခြင်းပင်။

“အဲ့ဝင်ပေါက်ကို ရှာတွေ့ခဲ့တယ်ဆိုတော့ ခင်ဗျားတို့မိသားစုက တော်တော်ကံကောင်းတာပဲ…”

“ဟုတ်ပါတယ်… ကျုပ်တို့မိသားစု တကယ်ကို ကံကောင်းတာပါ…” ယန်လော့သည် ဘာမျှ သေသေချာချာ ရေရေရာရာ ရှင်းပြမနေဘဲ အဓိပ္ပာယ်ပါပါသာ ပြုံးလိုက်လေသည်။ သူတို့အနေဖြင့် မူလကုန်းမြေဆီသို့ ဦးတည်နေသော ဝင်ပေါက်ကို ဤနေရာတွင် လာရှာတွေ့ခဲ့သည်မှာ တကယ်ကို ကံကောင်းခဲ့သည်ဟု ပြော၍ရသည်။ သူတို့၏ဘိုးဘေးများ ထိုဝင်ပေါက်ကို မည်ကဲ့သို့များ ရှာတွေ့သွားသလဲ၊ ထိုဝင်ပေါက်သည် မူလကုန်းမြေဆီသို့ ဦးတည်နေသည့်ဝင်ပေါက် ဖြစ်သည်ကို မည်ကဲ့သို့ အတည်ပြုခဲ့သလဲဆိုသည်နှင့် ပတ်သက်သည့် အကြောင်းအရာများမှာတော့ ပျောက်ဆုံးသွားကုန်ကြလေပြီ။

“စီနီယာ… ကျေးဇူးပြုပြီး ထိုင်ပါဦး… အကုန်လုံး အဆင်ပြေပြေနဲ့ ပြီးသွားမယ်ဆိုရင်တော့ ကျုပ်တို့ မကြာခင် မူလကုန်းမြေဆီ ရောက်ပါလိမ့်မယ်…” ယန်လော့က ပြောလိုက်သည်။

ရန်ကိုင်လည်း ခေါင်းညိတ်၍ ဘေးတစ်နေရာတွင် သွားထိုင်နေလိုက်သည်။

ကြယ်သင်္ဘောသည် ကြယ်သေပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းလာပြီးသည့်နောက် တစ်ခုသောဘက်ဆီသို့ ဆက်လက်ဦးတည်သွားလေ၏။ မကြာမီတွင် လျှိုမြောင်ကြီးတစ်ခုထဲသို့ ဝင်လာခဲ့လေသည်။ လျှိုမြောင်ကြီးမှာ အလွန်ကိုမှ နက်စောက်လွန်းလှလေရာ အောက်ခြေကိုပင်လျှင် လှမ်း၍မမြင်နိုင်ပေ။ ကြယ်သင်္ဘောပေါ်ရှိလူများမှာ ကောင်းကင်စိတ်အာရုံကိုသုံး၍ လျှိုမြောင်ကို စစ်ဆေးကြည့်လိုက်ပါသော်ငြား လျှိုမြောင်၏အောက်ခြေကို မမြင်နိုင်ကြောင်း တွေ့လိုက်ရသည်။

လျှိုမြောင်ထဲသို့ ဆင်းနေရသည်မှာ မသိလျှင် မရဏဂိတ်တံခါးကို လိုက်လံရှာဖွေရသည့် ပုံစံနှင့်ပင် တူနေပေသေးသည်။ အောက်ခြေသို့ တဖြည်းဖြည်း ဆင်းသက်လာပြီးသည့်နောက်တွင် ဘေးပတ်ဝန်းကျင်တစ်ဝိုက်၌ ရစ်သိုင်းနေသော အအေးဓာတ်တို့မှာ ကြယ်သင်္ဘောအတွင်းထဲထိတိုင် စိမ့်ဝင်လာသည့်အလား သင်္ဘောပေါ်တွင်ရှိနေသည့်လူများ တုန်တုန်ရီရီ ဖြစ်ကုန်ကြလေသည်။

ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးသည်ပင်လျှင် အချိန်အကြာကြီး အသက်ရှင်နိုင်လိမ့်မည်မဟုတ်။ ကြယ်သင်္ဘော၏အကူအညီဖြင့်သာလျှင် ဤကဲ့သို့သော နေရာမျိုးတွင် နေနိုင်ပေလိမ့်မည်။

အချိန်အတော်ကြာသွားပြီးသည့်နောက် ရန်ကိုင်၏အမူအယာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ဘေးပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေသည်။ လျှိုမြောင်၏ အနက်ရှိုင်းဆုံးနေရာဆီမှ အားကောင်းလှသည့် လေဟာနယ်စွမ်းအင်လှိုင်းတို့ ဖြာထွက်လာနေကြောင်းကို ခံစားမိလိုက်သည်။

သေသေချာချာ စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် သူ့ခန့်မှန်းချက်မှာ မှန်ကန်နေကြောင်း တွေ့လိုက်ရလေသည်။ လျှိုမြောင်၏အောက်ခြေတွင် ဧရာမဟင်းလင်းပြင်အက်ကြောင်းကြီးတစ်ခု ရှိနေခဲ့သည်။

ယန်လော့၏အမူအယာမှာလည်း လေးနက်သွားခဲ့ပြီး သူကိုယ်တိုင် ထိုကြယ်သင်္ဘောပေါ်ရှိ အစီအရင်ပေါင်းများစွာကို ထိန်းချုပ်ကာ ကြယ်သင်္ဘော၏အကာအကွယ်ကို အသက်သွင်းလိုက်လေသည်။

ထို့နောက်တွင် ကြယ်သင်္ဘောသည် ဟင်းလင်းပြင်အက်ကြောင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။

“ခရက်…”

ထိုအခိုက်အတန့်မှာပင် လူတိုင်းအား ထိတ်လန့်တုန်လှုပ်သွားစေနိုင်သည့်အသံများ ဘက်ပေါင်းစုံဆီမှ ထွက်ပေါ်လာခဲ့ကြလေသည်။ ထိုအသံများကို ကြားလိုက်ရပြီးသည့်နောက် ကြယ်သင်္ဘောပေါ်တွင် ရှိနေသည့် လူများ၏ အမူအယာများ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။

ဟဲယွင်ရှန်းမှာ ယန်လော့အား ထိတ်လန့်တကြားဖြင့် လှမ်း၍ ကြည့်လိုက်လေသည်။ သို့သော်ငြား ယန်လော့သည် မျက်နှာသေအမူအယာဖြင့်သာ ရှိနေသည်ကိုမြင်သော် သူမ အလွန်ကိုမှ ထိတ်လန့်သွားရတော့လေသည်။

ကြီးကြီးမားမား အောင်မြင်လိုသည့်လူတစ်ဦးသည် ကိစ္စငယ်လေးများကို ဂရုစိုက်မနေသင့်ဟု ပြောကြပေသည်။

ယန်မိသားစုမှ အခြားသောလူများ မည်ကဲ့သို့ တွေးနေကြမလဲ ဆိုသည်ကို သူမ မသိပါသော်ငြား သူမ၏တန်ခိုးရှင်ဘုရင် တတိယအဆင့်ကျင့်ကြံခြင်းအရ ဤကြယ်သင်္ဘော ကြာကြာခံတော့လိမ့်မည်မဟုတ်မှန်းတော့ သိနေခဲ့လေသည်။ လက်ရှိအချိန်တွင် ကြယ်သင်္ဘောတစ်စင်းလုံးကို ခြောက်ခြားဖွယ်ရာကောင်းသည့် စွမ်းအားတစ်ရပ်မှ ဖိချေနေခဲ့သည်။ ထိုအကြောင်းကြောင့် တစ်နာရီအတွင်းမှာပင် ကြယ်သင်္ဘောတစ်စင်းလုံးမှာ တစ်စစီ ပျက်စီးသွားရပေလိမ့်မည်။

ကြယ်သင်္ဘော ထိုသို့ဖြစ်သွားမည်ဆိုလျှင်တော့ ကြယ်သင်္ဘောအတွင်း၌ ပါလာသည့်လူအားလုံး တန်ခိုးရှင်ဘုရင်တတိယအဆင့်သို့ ရောက်နေသည့်လူများမှလွဲ၍ ကံဆိုးမိုးမှောင်ကြပေလိမ့်မည်။ ဟဲယွင်ရှန်းသည်ပင်လျှင် အန္တရာယ်ကင်းကင်းနှင့် လွတ်မြောက်နိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။ ထို့အတွက်ကြောင့် သူမ၏မျှော်လင့်ချက်အားလုံးကို ရန်ကိုင်ပေါ်သို့သာ ပုံအပ်ထားရတော့လေသည်။

ယန်လော့သည်လည်း သူခေါ်လာသည့် ယန်မိသားစုဝင်များအားလုံး သေရလိမ့်မည်မှန်း ကြိုသိထားလောက်ပေသည်။ သို့တိုင် ကြယ်သင်္ဘောကို မောင်းနှင်ရန်အတွက် လူသုံးရာကို သူနှင့်အတူ ခေါ်လာခဲ့ပေသေးသည်။ ထိုသို့လုပ်ရခြင်းမှာ ဤဟင်းလင်းပြင်အက်ကြောင်းထဲ တစ်နာရီခန့်ကြာအောင် လုံလုံခြုံခြုံသွားနိုင်ရေးအတွက် ကြယ်သင်္ဘောတစ်စင်းလုံးကို စတေးပစ်ရန် ဆုံးဖြတ်ထားသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

လွန်ခဲ့သောတစ်လခန့်က ကြယ်သင်္ဘောပေါ်၌ အတူပါလာကြသည့် ယန်မိသားစုဝင်များမှာ မူလကုန်းမြေကြီး မည်ကဲ့သို့ ဖြစ်မလဲဆိုသည်ကို စိတ်ကူးခဲ့ကြဖူးသည်။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ သူတို့၏အတွေးများမှာ အမှန်တကယ်ကို ရယ်ချင်စဖွယ် ကောင်းနေလေသည်။ ယန်လော့မှ သူတို့အား ခေါ်လာရခြင်းမှာ မူလကုန်းမြေဆီသို့ ခေါ်သွားလိုသည့် အတွက်ကြောင့်မဟုတ်ဘဲ ဟင်းလင်းပြင်အက်ကြောင်းထဲ သွားလာရာတွင် တစ်နာရီခန့် အချိန်ပိုရစေရေးအတွက် သူတို့ကို စတေးပစ်ရန်အလို့ငှာ ခေါ်လာခြင်းဖြစ်ကြောင်းကိုတော့ ထိုလူများ မသိခဲ့ကြပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၉၉)

ဘာသာပြန်သူ_တိမ်တိုက်

ထိန်းချုပ်ခန်းထဲတွင် ရှိနေသော အစီအရင်များအားလုံး မှိတ်တုတ်မှိတ်တုတ် ဖြစ်လာခဲ့သည်။ ဤသည်မှာ အစီအရင်များ၏ အကန့်အသတ်သို့ ရောက်နေပြီဟူသော လက္ခဏာများသာ ဖြစ်လေသည်။ တစ်ချိန်တည်းတွင်လည်း အက်ကွဲသံများမှာ ဘက်ပေါင်းစုံဆီမှ ထွက်ပေါ်လာနေခဲ့လေ၏။

"မိသားစုခေါင်းဆောင်၊ ကျုပ်တို့ ဆက်သွားလို့ မရတော့ဘူး၊ မဟုတ်ရင်…" ထိုစဉ် လူအုပ်ကြီးထဲမှ လူထွားကြီးတစ်ဦးသည် စိုးရိမ်တကြီး အမူအရာဖြင့် ပြောလိုက်လေသည်။ ထိုအခါမှသာလျှင် မိသားစုခေါင်းဆောင်နှင့် အတူလိုက်ခွင့်ရခြင်းမှာ ကံကောင်းခြင်းသာ မဟုတ်ဘဲ ကံဆိုးခြင်းသာ ဖြစ်ကြောင်း ဤလူထွားကြီး နားလည်သွားရတော့သည်။

ယန်လော့က မျက်နှာသေဖြင့် ပြန်ပြောလိုက်သည်။ "အရှိန်တင်"

လူထွားကြီး၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။

ယန်လော့သည် သူ၏လက်ကို မြှောက်၍ လူထွားကြီး၏ နဖူးတည့်တည့်သို့ ရိုက်ချလိုက်သည်။ လူထွားကြီး၏ နဖူး ချိုင့်ဝင်သွားခဲ့ပြီး သူတစ်ကိုယ်လုံးမှာ မြေပြင်ပေါ်သို့ မလှုပ်မယှက် လဲကျသွားခဲ့လေသည်။ ထို့နောက်တွင် သွေးများ လူထွားကြီး၏ ဒွါရခုနစ်ပေါက်မှ စီးကျလာလေတော့၏။ ထိုအချင်းအရာကို မြင်လိုက်သော် အခြားသော ယန်မိသားစုဝင်များအားလုံး ထိတ်လန့်ကြောက်ရွံ့သွားကုန်ကြလေသည်။

"အရှိန်တင်" ယန်လော့က နောက်တစ်ကြိမ် ထပ်မံအမိန့်ပေးလိုက်သည်။

ယခုတစ်ကြိမ်တွင်တော့ သူ့အမိန့်အား မည်သူမျှ လွန်ဆန်ရဲခြင်း မရှိတော့ဘဲ အကုန်လုံးမှာ ပြောသည့်အတိုင်း ချက်ချင်း အရှိန်တင်ကြတော့လေသည်။ ကြယ်သင်္ဘောသည် တစ်ခဏမျှ ‌နှေးကွေးနေပြီးသည့်နောက် ရုတ်တရက် အရှိန်တင်တော့လေသည်။

လက်ရှိအချိန်တွင် ကြယ်သင်္ဘောတစ်စင်းလုံးကို ရောင်စုံအလင်းရောင်များမှ လွှမ်းခြုံထားခဲ့လေသည်။ ဟင်းလင်းပြင်မှ ထွက်ပေါ်လာနေသည့် ဖိအားမှာလည်း ကြယ်သင်္ဘော၏ တည်ဆောက်ပုံကို အဆက်မပြတ် ဖျက်ဆီးပစ်နေခဲ့သည်။ ဤကြယ်သင်္ဘောသည် တန်ခိုးရှင်ဘုရင် အလယ်အလတ်အဆင့် ကြယ်သင်္ဘော ဖြစ်ပါသော်ငြား ထိုဖိအားဒဏ်ကို ခံနိုင်ခြင်း မရှိခဲ့ပေ။

တစ်ခဏကြာပြီးသည့်နောက် ထိန်းချုပ်ခန်းထဲရှိ အစီအရင်တစ်ခု ရုတ်တရက် မှိန်ကျသွားခဲ့လေသည်။ တစ်ချိန်တည်းတွင် ကြယ်သင်္ဘော၏ အစိတ်အပိုင်းတစ်ခုမှာ စတင်၍ ပျက်စီးတော့လေ၏။ ထိုတစ်ခု ပျက်စီးသွားပြီးသည့်နောက် အခြားသော အစိတ်အပိုင်းများမှာ လိုက်လံ ပျက်စီးသွားခဲ့လေရာ မကြာမီတွင် အစီအရင်အားလုံး ရပ်တန့်သွားကုန်ကြတော့လေသည်။

ထိုအချင်းအရာကို မြင်လိုက်သော် ယန်မိသားစုဝင် အားလုံး၏ မျက်နှာ ဖြူလျော့သွားခဲ့ကြပြီး ယန်လော့ဆီသို့ လှမ်း၍ ကြည့်လိုက်ကြသည်။ ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည့်တိုင် ယန်လော့မှာ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေသည်ကို မြင်သော် အကုန်လုံး မျှော်လင့်ချက် အလင်းရောင်ကို တစ်ဖန် ပြန်လည် မြင်တွေ့လိုက်ကြလေ၏။

[မိသားစုခေါင်းဆောင် ငါတို့ကို ကျိန်းသေ ကယ်ပေးမှာ၊ ငါတို့က မိသားစုခေါင်းဆောင်နဲ့အတူ မူလကုန်းမြေဆီ သွားဖို့ အရွေးခံထားရတဲ့ လူတွေ၊ မိသားစုခေါင်းဆောင် ငါတို့ကို ဒီအတိုင်း သေခွင့်ပေးမှာ မဟုတ်ဘူး]

တစ်နာရီခန့် ကြာပြီးသည့်နောက် သူတို့၏ မျှော်လင့်ချက် ပျက်စီးသွားခဲ့ရလေသည်။ ဘုန်းဟူသော မြည်သံနှင့်အတူ ကြယ်သင်္ဘောတစ်စင်းလုံး ပေါက်ကွဲထွက်သွားခဲ့သည်။

ကြယ်သင်္ဘော၏ အကာအကွယ် မရှိတော့သည့်နောက် ဘက်ပေါင်းစုံဆီမှ ဖိချလာနေသည့် ဖိအားများအောက်ဝယ် တန်ခိုးရှင်ဘုရင်အဆင့်သို့ မရောက်သေးသည့် ယန်မိသားစုဝင်များမှာ မည်သည့်နည်းနှင့်မျှ အသက်ရှင်နိုင်ခဲ့ခြင်း မရှိပေ။ တဒုန်းဒုန်းတဒိုင်းဒိုင်း ပေါက်ကွဲသံများနှင့်အတူ ယန်မိသားစုဝင်များမှာ ရေပူပေါင်းများနှယ် တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲထွက်ကုန်ကြလေသည်။

"မိသားစုခေါင်းဆောင် ကျုပ်တို့ကို ကယ်ပါဦး"

အကုန်လုံးမှာ ကြောက်လန့်တကြား အော်ဟစ် အကူအညီတောင်းခဲ့ပါသော်ငြား ယန်လော့ကမူ ထိုလူများကို လျစ်လျူရှုထားခဲ့သည်။ ကြယ်သင်္ဘော ပေါက်ကွဲထွက်သွားပြီးသည့်နောက်တွင် ယန်လော့၏ ကိုယ်ထက် အနက်ရောင် ချပ်ကာတစ်ခု ပေါ်လာခဲ့လေ၏။ ထိုချပ်ကာသည် ယန်လော့အား ခေါင်းအစ ခြေအဆုံး လွှမ်းခြုံထားခဲ့လေရာ ယန်လော့မှာ ရန်သူ၏ နယ်မြေထဲသို့ ချီတက်တော့မည့် စစ်ဗိုလ်ချုပ်ကြီးတစ်ဦးနှင့်ပင် တူနေပေသေးသည်။

တစ်ချိန်တည်းတွင်လည်း ဟဲယွင်ရှန်းသည် သူမ၏ ဖဲကြိုး မှော်ရတနာကို ထုတ်သုံးလိုက်လေသည်။

ဤမှော်ရတနာကို စရသည့်အချိန်မှစ၍ ဟဲယွင်ရှန်းမှာ ဖဲကြိုးကို တတ်စွမ်းသမျှ သန့်စင်နေခဲ့ခြင်း ဖြစ်လေသည်။ သူမအနေဖြင့် ဤ တာအိုသခင် အဆင့်နိမ့် မှော်ရတနာကို လွယ်လင့်တကူ အသုံးမပြုနိုင်သေးပါသော်ငြား အတိုင်းအတာတစ်ခုအထိတော့ အသုံးပြုနိုင်ပေသည်။ ဤဖဲကြိုးသည် လက်နက်တစ်ခုအဖြစ် အသုံးပြု၍ ရရုံမက အကာအကွယ် မှော်ရတနာတစ်ခုအဖြစ်လည်း အသုံးပြု၍ ရပေသေးသည်။

ဖဲကြိုးသည် အရွယ်အစား ကြီးမားလာခဲ့ပြီး သူမတစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့လေသည်။ ဖဲကြိုးဖြင့် ရစ်ပတ်ထားခဲ့သော ဟဲယွင်ရှန်းမှာ ရောင်စုံအဝတ်အစား တစ်ခုကို ဝတ်ဆင်ထားသလားဟုပင် ထင်နေရလေသည်။ ဖဲကြိုး၏ အကာအကွယ် ရရှိလိုက်သည့်နောက်တွင် သူမ ခံစားနေရသည့် ဖိအားမှာ လျော့ကျသွားကြောင်း ဟဲယွင်ရှန်း ခံစားနေရသည်။ ထို့နောက်တွင် ရန်ကိုင်အနားသို့ ပြေးကပ်သွားလေ၏။

ယန်လော့သည်လည်း ရန်ကိုင်အနားသို့ ပြေးကပ်လာခဲ့လေသည်။ ဟဲယွင်ရှန်း ကိုယ်ပေါ်ရှိ ဖဲကြိုးကို မြင်လိုက်သည့်အခိုက် ယန်လော့၏ မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။

နှစ်ပေါင်းများစွာ အသက်ရှင်လာသည့် မြေခွေးအိုကြီးတစ်ဦးပမာ ယန်လော့မှာ အတော်လေးကိုမှ အမြင်စူးရှလှပေသည်။ ထိုအတွက်ကြောင့် ဟဲယွင်ရှန်း ဝတ်ဆင်ထားသော ဖဲကြိုးသည် သာမန် မှော်ရတနာတစ်ခု မဟုတ်မှန်း သိနေခဲ့သည်။ သူ မြင်ခဲ့ဖူးသော မှော်ရတနာအားလုံးမှာ ထိုဖဲကြိုးနှင့် ယှဉ်လိုက်သော် အတော်လေးကိုမှ အဆင့်နိမ့်ကျပေသည်။ သူ့စိတ်ထဲ ထိုဖဲကြိုးအပေါ် လိုချင်စိတ် ဖြစ်မိပါသော်ငြား လိုချင်နေသည့်အကြောင်း မျက်နှာထက် ထုတ်မပြရဲခဲ့ပေ။

[အခုတော့ သိမ်းထားဦးပေါ့ကွာ]

တစ်ခဏအကြာတွင် ကြောက်လန့်တကြား အော်ဟစ် အကူအညီတောင်းသံများ နိမ့်ကျသွားခဲ့လေသည်။ ကြယ်သင်္ဘော ပျက်စီးသွားသည်မှာ မကြာသေးပါသော်ငြား ရန်ကိုင်တို့နှင့်အတူ ပါလာသည့် ယန်မိသားစု၏ ရာနှင့်ချီသော ကျင့်ကြံသူများမှာတော့ သေသွားကုန်ကြလေပြီ။ သို့သော်ငြား ယန်လော့မှာမူ သူ့မိသားစုဝင်များ သေသွားသည်ကို မြင်နေရသည့်တိုင် မျက်တောင်တစ်ချက်ပင် မခတ်ခဲ့။

ထိုအချင်းအရာကို မြင်ပြီးသည့်နောက် ဤယန်လော့ဆိုသည့်လူမှာ အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်လှပါလေလားဟု ဟဲယွင်ရှန်း တွေးမိလိုက်လေသည်။ သူမကိုယ်တိုင်သည် လူပေါင်းများစွာကို သတ်ပစ်ခဲ့ဖူးပါသော်ငြား သူမ သတ်ပစ်ခဲ့သည့် လူများမှာ သူစိမ်းများသာ ဖြစ်ကြပြီး ကိုယ့်မိသားစုဝင်များ မဟုတ်ကြ။

အဆုံးမဲ့ ဟင်းလင်းပြင်ကြီးထဲဝယ် သူတို့အနေဖြင့် မည်သည့်နေရာသို့ သွားရမလဲဆိုသည်ကို ကိုးကားနိုင်သည့် မည်သည့်အမှတ်အသားမျှ ရှိမနေခဲ့။ သူတို့ မြင်ကွင်းထဲ ရောင်စုံအလင်းများသာ ပြည့်နေခဲ့လေသည်။ ယန်လော့နှင့် ဟဲယွင်ရှန်းတို့အဖို့ ဤကဲ့သို့သော အခြေအနေမျိုးကို ပထမဦးဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်ကြလေသည်။

ရန်ကိုင်သည် ရှေ့မှ ဦးဆောင်သွားနေခဲ့လေသည်။ သူ့ခန္ဓာကိုယ်မှ မည်သည့်အရှိန်အဝါမျှ ဖြာထွက်နေခြင်း မရှိသည့်တိုင် ကြောက်မက်ဖွယ်ရာ ဖိအားသည် သူ့အား မျက်တောင်တစ်ချက်ပင် မခတ်စေခဲ့။

ပတ်ဝန်းကျင်တစ်ခုလုံးမှာတော့ ကိုယ့်နှလုံးခုန်သံပင် ပြန်ကြားရလောက်သည့်အထိ တိတ်ဆိတ်နေခဲ့လေသည်။

ရန်ကိုင်အနောက် လိုက်ရင်းမှ တစ်ခုခု ထူးဆန်းနေသည်ဟု ယန်လော့ စိတ်ထဲ ခံစားနေခဲ့ရ၏။ အကြောင်းမှာ သင်္ဘော ပျက်စီးသွားပြီးသည့်နောက် သူတို့ဘာသာသူတို့ ဆက်လက်သွားရာတွင် မည်သည့်အန္တရာယ်နှင့်မျှ ကြုံတွေ့ခဲ့ရခြင်း မရှိသည့်အတွက်ကြောင့်ပင်။

လွန်ခဲ့သော နှစ်ငါးရာခန့်က ယန်မိသားစု၏ ဘိုးဘေး မူလကုန်းမြေဆီသို့ သွားခဲ့လေသည်။ ယန်မိသားစု၏ ဘိုးဘေး အောင်မြင်သွားလေသလား ဆိုသည်ကို အပြင်လူများ မသိကြပါသော်ငြား ယန်လော့ကမူ သူ့ဘိုးဘေး မူလကုန်းမြေဆီသို့ ရောက်သွားပြီဖြစ်ကြောင်း သိခဲ့သည်။ အကြောင်းမှာ ယန်မိသားစု ဘိုးဘေး ထွက်သွားပြီး သုံးလကြာသည့်အခါတွင် ယန်လော့သည် ဘိုးဘေးမှ ချန်ထားရစ်ခဲ့သော လျှို့ဝှက်ပညာရပ်တစ်ခုကို သုံး၍ ဘိုးဘေးအား ဆက်သွယ်ခဲ့သည့်အတွက်ကြောင့်ပင်။ ထိုစဉ်က ဘိုးဘေးသည် မူလကုန်းမြေဆီသို့ သွားရာတွင် သူ ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာများကို ယန်လော့အား ပြောပြခဲ့လေသည်။

ဘိုးဘေး ပြောပုံအရ ဤရောင်စုံ ဟင်းလင်းပြင်ကြီးသည် အလွန်တရာကိုမှ အန္တရာယ်များလှပေသည်။ သူတို့သာ သတိမထားလျှင် တစ်ချက်တည်းနှင့် အသက်ပျောက်သွားရနိုင်၏။ ကမ္ဘာကြီးမှာ လှသာလှပါသော်ငြား အန္တရာယ်ပေါင်းစုံနှင့် ပြည့်နှက်နေသည့် ကမ္ဘာကြီးတစ်ခု ဖြစ်ပေသည်။

ယန်လော့ ကိုယ်တိုင်သည်လည်း ဘိုးဘေး ပြောသွားသည့် စကားများကြောင့် ဤအထဲသို့ ဝင်လာပြီးသည့်နောက် ကြုံရမည့် အန္တရာယ်များကို ရင်ဆိုင်ရန် အသင့်ပြင်ထားခဲ့သည်။ သို့သော်ငြား ဤအထဲသို့ ဝင်လာပြီးသည့် အချိန်မှစ၍ ခရီးတစ်လျှောက်လုံးမှာ လုံးဝကို အဆင်ပြေချောမွေ့လှသည်။ မသိလျှင် ပန်းခြံထဲ လမ်းလျှောက်ထွက်နေရသလိုပင်။

ဘိုးဘေး သူ့ကို လိမ်ဖို့ရာတော့ မဖြစ်နိုင်ပေ။ ထိုအတွက်ကြောင့် သူတို့၏ ယခုကဲ့သို့ ချောမွေ့နေရခြင်းမှာ သူတို့ အလွန် ကံကောင်းနေသည့်အတွက်ကြောင့် ဖြစ်လျှင်ဖြစ် မဖြစ်လျှင် အရှေ့မှ ဦးဆောင်သွားနေသော လူငယ်လေးသည် သူတို့အား အန္တရာယ်များကို ရှောင်ရှားသွားနိုင်အောင် ကူညီပေးနေသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

ပထမတစ်ခု ဖြစ်ပါစေဟု ယန်လော့ စိတ်ထဲ ကြိတ်၍ ဆုတောင်းနေမိသည်။ အကြောင်းမှာ ဒုတိယတစ်ခုသာ ဖြစ်မည်ဆိုလျှင် ဤလူငယ်လေးမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ရာ ကောင်းသွားပြီ ဖြစ်သည့်အတွက်ကြောင့်ပင်။ သူ စီစဉ်ထားခဲ့သော အကြံအစည်ပင်လျှင် မှန်ကန်သည့် ဆုံးဖြတ်ချက်တစ်ခု ဟုတ်လောက်တော့မည် မဟုတ်ပေ။

ဤရောင်စုံဟင်းလင်းပြင် ကမ္ဘာကြီးထဲ လျှောက်သွားနေခဲ့လေရာ သူ့အနေဖြင့် အချိန်မည်မျှ ကြာသွားခဲ့မှန်း မသိ။ သို့သော်ငြား ယန်လော့ကိုယ်ပေါ်ရှိ ချပ်ကာမှာတော့ အတော်လေးကိုမှ အရောင်မှိန်နေခဲ့လေပြီ။ ထိုသို့ပင်ဖြစ်လင့်ကစား ယန်လော့သည် ယခုကဲ့သို့ ဖြစ်မည်ကို ကြိုတင်မျှော်မှန်းထားသည့်အလား သူ၏ ချပ်ကာ အရောင်မှိန်သွားသည်နှင့် တစ်ပြိုင်နက် ချပ်ကာအသစ်တစ်ခုကို ချက်ချင်း လဲဝတ်လိုက်လေသည်။

ဟဲယွင်ရှန်းမှာတော့ သူမ၏ ဖဲကြိုးကို အသက်သွင်းထားနိုင်ရန်အတွက် သူတော်စင်ချီများစွာ အသုံးပြုနေခဲ့ရလေသည်။ တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်သည်မှာ မကြာသေးသည့်အတွက်ကြောင့် တာအိုသခင်အဆင့် မှော်ရတနာတစ်ခုကို အသုံးပြုဖို့ရာ သူမအတွက် အတော်လေးကိုမှ ခက်ခဲနေရလေ၏။ ထိုအတွက်ကြောင့် ဤကဲ့သို့သော မှော်ရတနာမျိုးကို ကြာကြာ မထိန်းနိုင်သည်မှာ အဆန်းတော့ မဟုတ်ချေ။

နောက်ဆုံးတွင် ဟဲယွင်ရှန်းမှာ မတတ်သာတော့ဘဲ နှမြောတသ ဖြစ်နေသည့် အမူအရာဖြင့် သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်သောက်လိုက်လေ၏။ ထိုဆေးလုံးကို သောက်ပြီးသည့်နောက် ဟဲယွင်ရှန်း၏ ခန္ဓာကိုယ် မသိမသာလေး တုန်တက်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် နွေးထွေးသည့် စွမ်းအင်စီးကြောင်းတစ်ခုသည် သူမ၏ ဝမ်းဗိုက်မှနေ၍ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့လာခဲ့လေသည်။ ချက်ချင်းဆိုသလို ကုန်ခါနီး ဖြစ်နေသော သူတော်စင်ချီများမှာလည်း လျင်မြန်စွာ ပြန်ပြည့်လာခဲ့လေသည်။ သို့သော်ငြား ဆေးအာနိသင်မှာ အလွန်ကိုမှ ပြင်းလွန်းလှသည့်အတွက်ကြောင့် သူမအနေဖြင့် ဆေးအာနိသင် အလုံးစုံကို အပြည့်အဝ သန့်စင်နိုင်ခဲ့ခြင်း မရှိပေ။

[ဆရာ ငါ့ကို ပေးတဲ့ဟာတွေ အကုန်လုံးက အရမ်းအဖိုးတန်တာပဲ]

အဆုံးမဲ့ ကြယ်စီရင်စုကြီးတွင် သူမ ယခု သောက်လိုက်သော ဆေးလုံးနှင့် ယှဉ်နိုင်သည့် ဆေးလုံးမျိုး မရှိပေ။ သူမ ယခု သောက်လိုက်သည့် ဆေးလုံး၏ နာမည်ကိုလည်း ဟဲယွင်ရှန်း မသိ။ သူမ သိသည်မှာတော့ ထိုဆေးလုံးသည် ကုန်ဆုံးသွားသော သူမ၏ စွမ်းအင်များကို ပြန်ဖြည့်ပေးနိုင်သည် ဟူသော အချက်သာ။ ရန်ကိုင်သည် အရင်းအမြစ်ချီ သိပ်သည်းခြင်း ဆေးလုံးများနှင့်အတူ ထိုဆေးလုံးများကိုပါ သူမဆီသို့ ပေးခဲ့ခြင်း ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ ဟဲယွင်ရှန်းနှင့် ယန်လော့တို့မှာ ဤရောင်စုံ ဟင်းလင်းပြင်ကြီးအပေါ် ငြီးငွေ့လာကြလေသည်။ သုံးယောက်စလုံးသည် သဲကန္တာရထဲသို့ ရောက်နေသော ဦးတည်ရာ လမ်းကြောင်း ပျောက်နေသည့် ခရီးသွားများပမာ ဦးတည်ချက် ရေရေရာရာ မရှိဘဲ သွားနေကြသည်။ ယန်လော့၏ အမူအရာမှာ မျှော်လင့်တကြီး ဖြစ်နေခဲ့ရာမှ တဖြည်းဖြည်းနှင့် စိတ်ဓာတ်ကျလာခဲ့ရသည်။ ဟဲယွင်ရှန်းမှာလည်း အဆက်မပြတ်ကို စိုးရိမ်ပူပန်နေခဲ့လေသည်။ ရန်ကိုင်တစ်ဦးတည်းသည်သာ မျက်နှာသေ အမူအရာဖြင့် ရှိနေခြင်း ဖြစ်လေ၏။

ရုတ်တရက် ရန်ကိုင်သည် မျက်မှောင်ကြုတ်၍ ဟဲယွင်ရှန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ငါတို့ မကြာခင် ရောက်တော့မယ်"

ထိုစကားကို ကြားကြားချင်း ဟဲယွင်ရှန်း ကြောင်သွားခဲ့ပါသော်ငြား ချက်ချင်းပဲ ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။

ယန်လော့သည်လည်း အလျင်စလို ခေါင်းမော့ကြည့်လိုက်ရာ မတူကွဲပြားသည့် မြင်ကွင်းတစ်ရပ်ကို လှမ်း၍ မြင်လိုက်ရသည်။ ထိုအရာကို မြင်လိုက်သည့်အခိုက် ယန်လော့မှာ အလွန်ကိုမှ ဝမ်းသာသွားတော့လေသည်။ အကြောင်းမှာ သူ့တွင် မည်သည့် ချပ်ကာမှော်ရတနာမှ မရှိတော့သည့်အတွက်ကြောင့်ပင်။ လက်ရှိ သူ ဝတ်ထားသည့် ချပ်ကာမှာ နောက်ဆုံးချပ်ကာ ဖြစ်ပေသည်။ ဤချပ်ကာ ကုန်သွားသည်နှင့် သူ့တွင် အခြားဝတ်စရာ ရှိတော့လိမ့်မည် မဟုတ်ဘဲ မူလကုန်းမြေကြီးဆီသို့ ခန္ဓာကိုယ်သက်သက်ဖြင့် ဆက်သွားရပေတော့မည်။

ကံကောင်းစွာဖြင့် သူ သွားလိုသည့်နေရာမှာ လက်တစ်ကမ်းသာ ဝေးကွာတော့သည့်အတွက်ကြောင့် နောက်ထပ် ချပ်ကာ မရှိတော့မည်ကို ယန်လော့အနေဖြင့် စိတ်ပူနေစရာ မလိုတော့ပေ။

ရန်ကိုင်မှ ထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် သုံးဦးစလုံး အရှိန်တင်ကြတော့လေသည်။ တစ်ရက်ကြာပြီးသည့်နောက်တွင် ငါးရောင်ခြယ် ဝဲကတော့ကြီးတစ်ခု ရန်ကိုင်တို့၏ မြင်ကွင်း၌ ထွက်ပေါ်လာခဲ့လေသည်။ ဝဲကတော့ကြီးမှာ ထူးထူးခြားခြားကို တည်ငြိမ်လွန်းနေခဲ့လေသည်။ ဝဲကတော့အရှေ့တွင် ရပ်နေသည့် ရန်ကိုင်တို့ သုံးဦးသားမှာ ဖုန်မှုန့်ပမာ အလွန်ကိုမှ သေးနုပ်ကြ၏။

ယန်လော့မှာတော့ ထိုဝဲကတော့ကြီးကို ကြည့်ရင်း သူ့နှုတ်ခမ်းများမှာ တဆတ်ဆတ်ကို တုန်ယင်လာခဲ့လေသည်။

ဟဲယွင်ရှန်း၏ အကြည့်မှာလည်း တလက်လက် တောက်ပနေခဲ့သည်။ လွန်ခဲ့သော သုံးလခန့်က သူမအနေဖြင့် ယနေ့ကဲ့သို့သော အဖြစ်မျိုးနှင့် ကြုံရလိမ့်မည်ဟု လုံးဝ မျှော်လင့်ထားခဲ့ခြင်း မရှိပေ။ ယခုဆိုလျှင် မူလကုန်းမြေသည် သူမနှင့် လက်တစ်ကမ်းသာ ကွာတော့ပေသည်။ ဤနေရာသည် မရေမတွက်နိုင်သော လူပေါင်းများစွာ လာချင်နေသည့် နေရာတစ်ခုဖြစ်ပြီး သူမအနေဖြင့် ထိုနေရာဆီသို့ မကြာခင်တွင် ရောက်နိုင်တော့မည်။

နှစ်ဦးစလုံး ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်ရာ ရန်ကိုင်မှာ ငြိမ်သက်စွာ ရပ်နေရင်းမှ မျက်လုံးပိတ်ထားသည်ကို တွေ့လိုက်ရသည့်အတွက်ကြောင့် နှစ်ဦးစလုံး အံ့အားသင့်သွားခဲ့ကြလေသည်။ သို့ရာတွင် မည်သူမျှ ရန်ကိုင်အား သွားမနှောင့်ယှက်ရဲကြပေ။

တစ်ခဏကြာပြီးသည့်နောက်တွင် ရန်ကိုင် မျက်လုံး ပြန်ပွင့်လာခဲ့ပြီး ပြောလိုက်လေ၏။ "သွားကြရအောင်"

ထို့နောက်တွင် ရန်ကိုင်သည် ငါးရောင်ခြယ် ဝဲကတော့ကြီးထဲသို့ ဝင်သွားလိုက်လေသည်။

ယန်လော့နှင့် ဟဲယွင်ရှန်းတို့မှာလည်း မည်သည့်စကားမျှ ပြောမနေခဲ့ဘဲ ရန်ကိုင်အနောက်မှ ထပ်ကြပ်မကွာ လိုက်သွားကြလေသည်။

ချက်ချင်းဆိုသလို သူတို့၏ ခေါင်းများ မူးဝေလာကြသလို ရင်များမှာလည်း လှုပ်ခုန်လာခဲ့ကြရလေသည်။ တစ်ချိန်တည်းတွင်လည်း ဆူညံယောက်ယက်ခတ်နေသည့် အသံများကို ကြားလိုက်ကြရသည်။ ထိုအသံများကို သေချာနားထောင်ကြည့်ရန် ကြိုးစားလိုက်ပါသော်ငြား ထိုအသံများမှာ ဝိုးတိုးဝါးတား ဖြစ်နေသည့်အတွက်ကြောင့် ဘာတွေ ပြောနေသလဲဆိုသည်ကို သေချာမသိခဲ့ရပေ။

ရန်ကိုင်တစ်ဦးသည်သာ ဆွံ့အနေသည့် အမူအရာဖြင့် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေခဲ့လေသည်။

မူလကုန်းမြေဆီသို့ မလာစဉ်က မူလကုန်းမြေ မည်သို့မည်ပုံ ရှိမလဲဆိုသည်ကို ကြိုတင်ခန့်မှန်းကြည့်ခဲ့ဖူးသည်။ သို့သော်ငြား ဤနေရာသို့ ရောက်ပြီးသည့်အခါမှသာလျှင် သူ ထင်ထားသည်နှင့် အတော်လေးကိုမှ ကွဲပြားနေကြောင်း တွေ့ရှိသွားခဲ့ရသည်။

"ဟေ့ လူသစ်တွေ ရောက်လာတယ်ကွ"

"ဝိုး သုံးယောက်တောင်ဟ၊ သူတို့ ဘယ်ကြယ်စီရင်စုက လာတာလဲ မသိဘူး"

"သုံးယောက်ထဲက တစ်ယောက်က ငါတို့ ကောင်းကင်နန်းတော်ဆီ လာရလိမ့်မယ်"

"မျိုးရိုးနာမည် လျူ၊ မင်းကိုယ်မင်း ဘာထင်နေတာလဲ၊ သုံးယောက်ထဲက တစ်ယောက်က မင်းတို့ဆီ လာရမယ်လို့ ပြောရအောင် ငါ သဘောတူလားလို့ မင်း မေးပြီးသွားပြီလား"

"မင်း သဘောမတူတော့ရော ဘာဖြစ်လဲ၊ ဘာလဲ၊ မင်းက ငါနဲ့ တိုက်ခိုက်ချင်နေတာလား"

"လာလေ၊ ငါ မင်းကို ကြောက်မယ်များ မှတ်နေတာလား"

"မင်းတို့တွေ ဘာပြောပြော တစ်ယောက်ကတော့ ငါတို့ ကြယ်တာရာတောင်ဆီ လာရမှာပဲ"

"နောက်ဆုံးတစ်ယောက်ကတော့ ငါတို့ တော်ဝင်တောင် အပိုင်ပဲဟေ့"

"မင်းတို့အားလုံး နောက်နေကြတာလား"

"နောက်နေတာ မဟုတ်ဘူး တကယ်ပြောတာကွ"

"မင်းကြီးတော်ကို တကယ်ပြော"

"ဟျောင့်၊ မင်း ငါ့ကို လာဆဲနေတာလား"

ရန်ကိုင်တို့အဖွဲ့ ရောက်လာပြီးသည့်နောက် အခြေအနေတစ်ခုလုံးမှာ ထိန်းမရအောင် ဖြစ်သွားခဲ့လေရာ ရန်ကိုင်မှာတော့ ထိုမြင်ကွင်းကို ကြည့်ရင်း မှင်တက်နေခဲ့လေသည်။

"မင်းတို့အားလုံး တိတ်တိတ်နေကြစမ်း၊ လူသစ်တွေရှေ့မှာ အခုလိုမျိုး ပြဿနာတွေ ဖြစ်နေတာ မင်းတို့ကိုယ်မင်းတို့ မရှက်ကြဘူးလား၊ မင်းတို့ လုပ်နေတဲ့ပုံစံက လူသစ်တွေ ငါတို့ကို အထင်သေးအောင် လုပ်နေသလိုပဲ၊ ဒီနေရာက စည်းမျဉ်းစည်းကမ်းတွေကိုရော မင်းတို့ မသိကြတော့တာလား၊ လူသစ်တွေ ပေါ်လာရင် သူတို့ ဘယ်နေရာက လာလဲဆိုတာကို ငါတို့ အရင်ဆုံး မေးရမယ်လို့ သဘောတူထားတယ်လေ" မျက်နှာ ဝါကျင့်ကျင့်နှင့် လူအိုကြီးက ရုတ်တရက် ကောက်ပြောလိုက်လေသည်။ ဤလူအိုကြီးသည် ဤလူအုပ်ကြီးထဲ အတော်လေးကိုမှ အာဏာရှိသည့်ပုံပင်။ သူ့ပုံစံမှာ သေးသွယ်သွယ် ဖြစ်ပါသော်ငြား မျက်လုံးများမှာတော့ အားသစ် အင်သစ်တို့ဖြင့် ပြည့်နေခဲ့လေသည်။ သူ လက်ထဲတွင်လည်း အငွေ့တလူလူ ထိုးထွက်နေသည့် ဆေးတံတစ်ချောင်း ရှိနေလေ၏။ လူအိုကြီးမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးတစ်ခုလုံး တိတ်ကျသွားခဲ့ပြီး ရန်ကိုင်တို့အဖွဲ့အပေါ် စိုက်ကြည့်လာခဲ့ကြလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၀၀)

ဘာသာပြန်သူ_တိမ်တိုက်

သေချာကြည့်ကြည့်လိုက်သော် ရှေ့ဆုံးမှ လူငယ်လေးမှာ သူတို့အား ပြောင်တီးပြောင်တောင် အမူအရာဖြင့် ကြည့်နေကြောင်း တွေ့လိုက်ရလေ၏။ ထိုအချင်းအရာကို မြင်လိုက်သော် အကုန်လုံး ပင့်သက်ရှိုက်သွားကုန်ကြလေသည်။ [ဘယ်လိုလုပ်ပြီး အဲဒီလို ဖြစ်ရတာလဲ]

သူတို့ကိုယ်တိုင်သည်လည်း ကြယ်စီရင်စုထဲရှိ ဟင်းလင်းပြင်လိုဏ်ခေါင်းမှတစ်ဆင့် မူလကုန်းမြေဆီသို့ လာခဲ့ကြခြင်း ဖြစ်လေသည်။ ထိုသို့ လာရသည့် ခရီးမှာ အလွန်ကိုမှ ရှည်လျားလွန်းလှသည့်အတွက်ကြောင့် ထိုကဲ့သို့သော ခရီးမျိုး သွားပြီးသည့်နောက်တွင် ဘေးထွက်ဆိုးကျိုး အချို့ကို ခံစားရလေသည်။ အသိသာဆုံးသော အချက်မှာတော့ ခေါင်းမူးဝေခြင်းနှင့် ဝိဥာဉ် မသက်မသာ ဖြစ်လာခြင်းပင်။

ထိုကဲ့သို့သော ဘေးထွက်ဆိုးကျိုးမျိုးအား မည်မျှကြာကြာ ခံစားရမလဲ ဆိုသည်မှာတော့ ကာယကံရှင်၏ ကျင့်ကြံမှုပေါ်တွင်သာ မူတည်နေပေသည်။ သူတို့သည်သာ အားကောင်းမည်ဆိုပါက တစ်ခဏအတွင်း ပြန်လည် သက်သာလာနိုင်ပါသော်ငြား အားနည်းနေမည်ဆိုလျှင်တော့ ပြန်လည်သက်သာရန်အတွက် အတော်လေး အချိန်ယူရပေလိမ့်မည်။

သို့ပင်ဖြစ်လင့်ကစား လူငယ်လေး၏ ပုံစံကို ကြည့်ရသလောက် သူ့အနေဖြင့် မည်သည့် ဘေးထွက်ဆိုးကျိုးကိုမျှ မခံစားရသည့် ပုံပင်။

[ဘာတွေ ဖြစ်နေတာလဲ] အကုန်လုံးမှာ မှင်တက်နေကုန်ကြလေသည်။

လူငယ်လေးအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် အကုန်လုံး၏ အမူအရာမှာ ပို၍ ထူးဆန်းသွားခဲ့ရလေသည်။ အကြောင်းမှာ လူငယ်လေးဆီမှ မည်သည့် စွမ်းအင်အရှိန်အဝါကိုမျှ အာရုံမခံမိသည့်အတွက်ကြောင့်ပင်။ လူငယ်လေးသည်သာ ကျင့်ကြံသူတစ်ဦး ဖြစ်မည်ဆိုပါက သူ့ဆီမှ စွမ်းအင်အရှိန်အဝါ မဖြာထွက်ဘဲ နေစရာ အကြောင်းမရှိပေ။ ထိုအတွက်ကြောင့် ဖြစ်နိုင်ခြေ နှစ်ခုရှိလေသည်။ တစ်ခုမှာ လူငယ်လေး၏ ကျင့်ကြံခြင်းသည် သူတို့ပင်လျှင် အာရုံမခံနိုင်လောက်အောင် အလွန်တရာကိုမှ မြင့်မားနေလွန်းခြင်း ဖြစ်လျှင်ဖြစ် မဖြစ်လျှင် လူငယ်လေးသည် မှော်ရတနာတစ်ခုခုကို သုံး၍ သူ၏ ကျင့်ကြံခြင်းအား ဖုံးကွယ်ထားခြင်းကြောင့်သာ ဖြစ်ရပေလိမ့်မည်။

သို့သော်ငြား ကြယ်စီရင်စုတစ်ခုဆီမှ လာသည့် ကျင့်ကြံသူတစ်ဦးသည် အားကောင်းလှသော မှော်ရတနာတစ်ခုကို ပိုင်ဆိုင်ထားဖို့ရာမှာ မဖြစ်နိုင်ပေ။ လူငယ်လေး၏ ခွန်အား သူတို့ထက် အဆပေါင်းများစွာ ပိုမို မြင့်မားသည်မှာတော့ ပို၍ပင် မဖြစ်နိုင်ပေသေးသည်။

[ဒီကောင်က တကယ်ကို ထူးဆန်းလှပါလား]

မကြာမီ ဟဲယွင်ရှန်းနှင့် ယန်လော့တို့ ပြန်လည်သက်သာလာကုန်ကြလေသည်။ ဘေးပတ်ဝန်းကျင်ကို သေချာမြင်လိုက်ရသည့်နောက် ဟဲယွင်ရှန်း၏ မျက်နှာ ဖြူလျော့သွားခဲ့ပြီး သူမ၏ သူတော်စင်ချီကို အလောတကြီး လှည့်ပတ်၍ သတိချပ်လိုက်လေသည်။

မူလကုန်းမြေဆီသို့ ရောက်ရောက်ချင်း ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံရလိမ့်မည်ဟု ဟဲယွင်ရှန်း လုံးဝ ထင်ထားခြင်း မရှိခဲ့ပေ။ ထို့အပြင် သူမတို့အား ဝိုင်းအုံကြည့်နေကြသည့် လူများ၏ ကျင့်ကြံခြင်းမှာ တန်ခိုးရှင်ဘုရင် အထက် အဆင့်များ ဖြစ်ကြသည်။ အချို့ဆိုလျှင် သူမကိုပင်လျှင် ကြောက်ရွံ့စေနိုင်သည့် အရှိန်အဝါမျိုးကိုပင် ထုတ်လွှတ်နေကြလေ၏။

[အဲဒီလူတွေ အကုန်လုံးက ဆရာပြောတဲ့ တာအိုသခင်အဆင့် ကျင့်ကြံသူတွေလား၊ ငါတို့ မူလကုန်းမြေဆီ ရောက်လာတာလား၊ ရောက်မလာသေးရင် ဘာဖြစ်လို့ တာအိုသခင်အဆင့်ကို ရောက်နေတဲ့ ပညာရှင်တွေ အများကြီး ဒီမှာ ရှိနေရတာလဲ၊ ပြီးတော့ သူတို့ကရော ဘာလို့ ငါတို့လမ်းကို လာပိတ်ထားရတာလဲ၊ ငါတို့ဆီက ပစ္စည်းတွေကို လုချင်လို့များလား၊ အဲဒီလိုလည်း ဖြစ်တော့ မဖြစ်နိုင်လောက်ပါဘူး၊ ငါတို့မှာ ပါလာတဲ့ ပစ္စည်းတွေက သူတို့အတွက် အဖိုးတန်ချင်မှ တန်မှာကို၊ ပြီးတော့ ငါတို့က သူတို့နဲ့ အဆင့်လည်း တူတာမဟုတ်ဘူး၊ ကိုယ့်ထက် အားနည်းတဲ့ လူတစ်ယောက်ဆီကနေ ပစ္စည်းတွေ လိုက်လုနေလို့ ဘာအကျိုးရှိမှာမလို့လဲ၊ ငါတို့ပစ္စည်းတွေက သူတို့အတွက် အသုံးဝင်ချင်မှ ဝင်မှာ]

ဟဲယွင်ရှန်း နိုးနိုးကြားကြား ဖြစ်နေစဉ် ယန်လော့မှာ တစ်ခုသောဘက်ဆီသို့ ထွက်သွားလေ၏။

ထိုအချင်းအရာကို မြင်သော် ဟဲယွင်ရှန်း ကြောင်သွားခဲ့လေသည်။ ရန်ကိုင်ကမူ ယန်လော့အား မျက်လုံးမှေးစင်းကာ စိုက်ကြည့်နေလေ၏။

ယန်လော့ သွားနေသည့်ဘက်တွင် လူသုံးဦး ရှိနေခဲ့လေသည်။ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးပင်။ ထိုလူသုံးဦးမှာ တောင်ကုန်းလေးတစ်ခု အနားတွင် ရပ်နေကြခြင်း ဖြစ်လေသည်။ ရှေ့ဆုံးတွင် ရှိနေသည့် လူငယ်လေးသည် ရုပ်ရည်ချောမောလှ သွက်လက်ပြီး အနှောင်အဖွဲ့ကင်းသည့် ပုံစံမျိုး ပေါက်လေ၏။ သူ၏ ဘေးနားတွင် ရှိနေသည့် အမျိုးသမီးမှာမူ အသက် နှစ်ဆယ်လောက် ရှိမည်ထင်ရကာ ကျော့ရှင်းစွာ ပြုံးနေခဲ့လေသည်။ နောက်ဆုံး တစ်ယောက်မှာတော့ မီးခိုးရောင်ဆံပင်နှင့် လူအိုကြီးတစ်ဦး ဖြစ်လေ၏။

ယန်လော့သည် ထိုတောင်ကုန်းဆီသို့ အမြန်လျှောက်သွားလိုက်ပြီး ချက်ချင်း ဒူးတစ်ဖက်ထောက်၍ ကတုန်ကယင် လေသံဖြင့် ပြောလိုက်လေသည်။ "မင်္ဂလာပါ ဘိုးဘေး"

ထိုစကားကို ကြားသော် ဟဲယွင်ရှန်း၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး လူအိုကြီးအား ငေးကြောင်ကြောင်ဖြင့် လှမ်းကြည့်လိုက်သည်။ ယခု ထိုလူအိုကြီး မည်သူမှန်း သူမ နားလည်သွားခဲ့လေပြီ။

လွန်ခဲ့သော နှစ်ငါးရာခန့်က ယန်မိသားစု၏ ဘိုးဘေးသည် မူလကုန်းမြေကြီးဆီသို့ လာခဲ့လေသည်။ ယန်မိသားစု၏ ဘိုးဘေး မူလကုန်းမြေဆီသို့ အမှန်တကယ် ရောက်နိုင် မရောက်နိုင်ခဲ့သည်ကို မည်သူမျှ မသိကြ။ ယခု ယန်လော့မှ ထိုလူအိုကြီးအား ခေါ်ဝေါ်နေသည့် ပုံစံကို ကြားပြီးသည့်နောက် ထိုလူအိုကြီး မည်သူမှန်း ဟဲယွင်ရှန်း ချက်ချင်း သိသွားတော့လေသည်။

ထိုလူအိုကြီးသည် လွန်ခဲ့သော နှစ်ငါးရာခန့်က အဆုံးမဲ့ကြယ်စီရင်စုကြီးထဲမှနေ၍ မူလကုန်းမြေဆီသို့ ထွက်လာခဲ့သော ယန်မိသားစု၏ ဘိုးဘေး ယန်ရန်ဟောင်သာ ဖြစ်ရပေလိမ့်မည်။

လက်ရှိအချိန်တွင် ဟဲယွင်ရှန်းမှာ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရလေသည်။ ယန်ရန်ဟောင်သည် လွန်ခဲ့သော နှစ်ငါးရာခန့်က အဆုံးမဲ့ကြယ်စီရင်စုကြီး၏ အားအကောင်းဆုံး ပညာရှင်တစ်ဦး ဖြစ်ခဲ့သည်။ ထိုစဉ်က သူ့ကျင့်ကြံခြင်းမှာ တန်ခိုးရှင်ဘုရင် တတိယအဆင့်၏ အထွတ်အထိပ်ပင် ဖြစ်ပေသည်။ လွန်ခဲ့သည့် နှစ်ငါးကာလုံးလုံး မူလကုန်းမြေထဲတွင် တောက်လျှောက် ကျင့်ကြံခဲ့လျှင် ယန်ရန်ဟောင်၏ ကျင့်ကြံခြင်းမှာ တန်ခိုးရှင်ဘုရင်အထက်အဆင့်ဖြစ်သော တာအိုသခင်အဆင့်သို့ ကျိန်းသေ ရောက်ရှိနေရပေလိမ့်မည်။

[ဒါ ထောင်ချောက်ပဲ၊ ယန်လော့ ရန်ကိုင်ကို မူလကုန်းမြေဆီ ကိုယ်တိုင် ခေါ်လာပေးမယ်လို့ ပြောခဲ့တာ အဆန်းမဟုတ်တော့ပါဘူးလေ၊ ယန်မိသားစုရဲ့ ဘိုးဘေး သူ့ကို ဒီမှာ စောင့်နေမယ်မှန်း ကြိုသိထားတာကိုး]

ယန်မိသားစုဝင်များ ယန်ရန်ဟောင်အား မည်ကဲ့သို့ ဆက်သွယ်နိုင်ခဲ့သလဲ ဆိုသည်ကို ဟဲယွင်ရှန်း မသိပေ။ သို့သော်ငြား ဤလူအိုကြီးအနေဖြင့် ဤနေရာ၌ အကြောင်းအရင်းမရှိ ပေါ်လာစရာ အကြောင်းမရှိ။ ဖြစ်နိုင်သည်မှာတော့ သူတို့ ထိုက်ရိကြယ်မှ ထွက်လာပြီးသည့်နောက် ယန်မိသားစုမှ တစ်ယောက်ယောက်သည် သူတို့၏ ဘိုးဘေးအား လှမ်းအကြောင်းကြားခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။

ထိုအကြောင်းကြားစာကို ရရှိပြီးသည့်နောက်တွင် ယန်လော့ကို လာခေါ်ရန်အတွက် ယန်ရန်ဟောင်သည် ဤနေရာတွင် လာစောင့်နေခြင်း ဖြစ်ရပေလိမ့်မည်။

[ငါတို့တော့ သွားပြီနဲ့ တူတယ်၊ ဆရာ့ရဲ့ ကျင့်ကြံခြင်းက အားကောင်းတယ်ဆိုပေမဲ့ ယန်ရန်ဟောင်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား၊ ပြီးတော့ ယန်ရန်ဟောင်မှာ အကူနှစ်ယောက် ပါသေးတယ်၊ အဲဒီအမျိုးသမီးက တန်ခိုးရှင်ဘုရင် တတိယအဆင့်ပဲ ဆိုပေမဲ့ အဲဒီလူငယ်လေးက ယန်ရန်ဟောင်ထက်တောင် ပိုပြီး အားကောင်းနေသလိုပဲ၊ ဆရာ သူတို့ကို နိုင်ပါ့မလား]

တစ်ခဏလေးအတွင်းမှာပင် ဟဲယွင်ရှန်း၏ ခေါင်းထဲ အတွေးပေါင်းများစွာ ဖြတ်ပြေးသွားခဲ့လေသည်။ ထို့နောက် မှုန်ကုပ်ကုပ် အမူအရာဖြင့် ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်ရာ ရန်ကိုင်မှာမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေသေးသဖြင့် ဟဲယွင်ရှန်း ကြောင်သွားခဲ့ရလေ၏။

"ကောင်းတယ်" ယန်ရန်ဟောင်သည် ရှေ့သို့တက်၍ ယန်လော့အား ထူမပေးလိုက်လေသည်။ ယန်လော့ကို စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ယန်လော့၏ ပုခုံးကို ပုတ်၍ ချီးကျူးလိုက်လေ၏။ "တကယ်ကောင်းတယ်"

ယန်မိသားစုမှ မျိုးဆက်တစ်ဦး ဤနေရာသို့ ရောက်လာသည့်အပေါ် သူ အမှန်တကယ်ကို ဝမ်းသာမိပေသည်။ သူရောက်လာပြီးသည့် နောက်ပိုင်း မည်သည့် ယန်မိသားစုဝင်မျှ မူလကုန်းမြေဆီသို့ ရောက်မလာနိုင်ကြတော့ချေ။ လွန်ခဲ့သည့် နှစ်များအတွင်း သူ့ခွန်အားမှာ တရိပ်ရိပ်နှင့် တိုးလာခဲ့ပါသော်ငြား ယန်ရန်ဟောင်၏ ဘဝမှာ အဆုံးမဲ့ကြယ်စီရင်စုကြီးတွင်ကကဲ့သို့ လွတ်လပ်ခြင်း မရှိတော့ပေ။ ထိုအတွက်ကြောင့် ယန်လော့ ရောက်လာသည့်အပေါ် အလွန်ကိုမှ ဝမ်းသာနေခြင်း ဖြစ်လေသည်။ သူတို့နှစ်ဦးသည်သာ အတူပူးပေါင်းမည်ဆိုပါက ယန်မိသားစု၏ မျိုးဆက်ကို မူလကုန်းမြေထဲ တည်တံ့အောင် လုပ်နိုင်ပေလိမ့်မည်။

"ဘိုးဘေး အဆင်ပြေနေမှန်း သိလိုက်ရလို့ တကယ်ကို ဝမ်းသာမိပါတယ်" ယန်လော့က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေ၏။ "ဘိုးဘေးရဲ့ ကျင့်ကြံခြင်းက"

ယန်ရန်ဟောင်သည် ရယ်သွမ်းသွေး၍ လက်ဝှေ့ယမ်းပြလိုက်လေသည်။ "အဲဒီအကြောင်းကိုတော့ နောက်မှ ပြောကြတာပေါ့၊ လာခဲ့၊ ငါ အခု မင်းကို ပညာရှင်တစ်ဦးနဲ့ မိတ်ဆက်ပေးမယ်" ထိုသို့ ပြောပြီးသည့်နောက် ယန်လော့၏ ပုခုံးပေါ် လက်တင်၍ ယန်လော့အား လူငယ်လေးဆီသို့ ခေါ်သွားပေးလိုက်လေသည်။ လူငယ်လေးအရှေ့သို့ ရောက်သော် မိတ်ဆက်ပေးလိုက်သည်။ "ဒါက ပင်လယ်ပြာနန်းတော်က ငါ့ရဲ့ စီနီယာအစ်ကို တွမ့်မူချီပဲ၊ သူ့ကို စီနီယာဦးလေး တွမ့်မူလို့သာ ခေါ်"

"ပင်လယ်ပြာနန်းတော်" ထိုစကားကို ကြားသည့်အခါ ယန်လော့၏ မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့လေသည်။

သူ့အနေဖြင့် မူလကုန်းမြေတွင် ရှိနေသော ဘိုးဘေးနှင့် ဆက်သွယ်နိုင်ခဲ့ပါသော်ငြား အချိန်အကြာကြီး ဆက်သွယ်၍ မရခဲ့ပေ။ တကယ်ဆိုလျှင် လွန်ခဲ့သည့် နှစ်ငါးရာ အတောအတွင်း ဘိုးဘေးနှင့် တစ်ကြိမ်သာ ဆက်သွယ်နိုင်ခဲ့လေသည်။ ထိုအတွက်ကြောင့် လွန်ခဲ့သည့် နှစ်ငါးရာအတွင်း ယန်ရန်ဟောင် မူလကုန်းမြေကြီးထဲ ဘာတွေလုပ်နေသလဲ ဆိုသည်ကို သူတို့ မသိခဲ့ရပေ။

ယခု ယန်ရန်ဟောင်၏ မိတ်ဆက်စကားကို ကြားပြီးသည့်နောက် ယန်ရန်ဟောင် မူလကုန်းမြေဆီသို့ ရောက်လာပြီးသည့်နောက် ပင်လယ်ပြာနန်းတော်ဟု ခေါ်သည့် အင်အားစုတစ်ခုထဲသို့ ဝင်ခဲ့ခြင်း ဖြစ်မည်မှန်း ယန်လော့ ချက်ချင်း နားလည်သွားခဲ့လေသည်။ ထို့အပြင် သူ့ဘိုးဘေး၏ ပုံစံကို ကြည့်ရသလောက် ဤတွမ့်မူချီဟု ခေါ်သည့် လူအား အတော်လေးကိုမှ လေးစားသည့် ပုံပင်။

ယန်လော့မှာ အတော်လေးကိုမှ အသက်ကြီးပေသည်။ ရှင်းရှင်းပြောရသော် တွမ့်မူချီထက် ပို၍ အသက်ကြီးပေသည်။ သို့သော်ငြား ကျင့်ကြံသူတစ်ဦး၏ အဆင့်အတန်းကို ခွန်အား အရသာ ခွဲခြားထားပေသည်။ ယန်လော့၏ ကျင့်ကြံခြင်းမှာ ဤလူငယ်လေးထက် ပို၍ နိမ့်ကျသည့်အတွက်ကြောင့် သူ့အနေဖြင့် ကိုယ့်ကိုယ်ကို နှိမ့်ချရုံသာ တတ်နိုင်ပေသေးသည်။

ယန်လော့သည် ချက်ချင်းပဲ တလေးတစားဖြင့် ဦးညွှတ်လိုက်လေ၏။ "ယန်မိသားစုရဲ့ ဂျူနီယာ ယန်လော့၊ စီနီယာဦးလေး တွမ့်မူကို နှုတ်ဆက်ပါတယ်"

တွမ့်မူချီက ပြုံး၍ ခေါင်းညိတ်ကာ ပြောလိုက်လေ၏။ "ဂျူနီယာတူလေး၊ မင်းအခုလိုမျိုးတွေ လုပ်နေစရာ မလိုဘူး၊ အခုကနေစပြီး ငါတို့က တစ်မိသားစုတည်း ဖြစ်တော့မှာကို"

ယန်ရန်ဟောင်က ဝင်ပြောလိုက်လေသည်။ "မင်းရဲ့ စီနီယာဦးလေး တွမ့်မူက ပင်လယ်ပြာနန်းတော်ရဲ့ ထိပ်တန်းကျင့်ကြံသူ ဆယ်ဦးထဲက တစ်ဦးပဲ၊ သူ့ကျေးဇူးကြောင့်ပဲ ငါ ပင်လယ်ပြာနန်းတော်ထဲ ဝင်ခွင့်ရခဲ့တာ၊ နောက်ပိုင်းကျရင် မင်းရဲ့ စီနီယာဦးလေးဆီကနေ သေသေချာချာ သင်ယူ"

"ဟုတ်ကဲ့" ယန်လော့က ပြန်ပြောလိုက်လေသည်။

"ဒါကတော့ မင်းရဲ့ စီနီယာဒေါ်လေး ချန်ချွေ့လင်ပဲ" ယန်ရန်ဟောင်သည် အမျိုးသမီးကို ညွှန်းပြ၍ ပြောလိုက်လေသည်။

အမျိုးသမီးသည် တန်ခိုးရှင်ဘုရင် တတိယအဆင့်သာ ရှိသေးသည့်အတွက်ကြောင့် တကယ်တမ်းသာ ယန်လော့နှင့် တိုက်ခိုက်ကြမည်ဆိုလျှင် မည်သူနိုင်မလဲဆိုသည်ကို ပြောရခက်လှသည်။ ထိုအတွက်ကြောင့် သူ့အနေဖြင့် ဘာကြောင့်များ ဤအမျိုးသမီးအား စီနီယာဟု ခေါ်ရလေမည်နည်း။ သူကိုယ်တိုင်သည် အဆုံးမဲ့ကြယ်စီရင်စုကြီးအား အုပ်စိုးခဲ့သည့် ပညာရှင်တစ်ဦး ဖြစ်ကာ လူတိုင်း၏ အထက်တွင်သာ အမြဲတမ်းနေခဲ့သူချည်း ဖြစ်ပေသည်။ သူ့အနေဖြင့် အဆင့်တူ ကျင့်ကြံသူတစ်ဦးအပေါ်သို့ ဤမျှ အောက်ကျို့ခဲ့ဖူးခြင်း မရှိချေ။ သို့ပင်ဖြစ်လင့်ကစား အမျိုးသမီးသည် တွမ့်မူချီနှင့် ရင်းနှီးကြောင်း တွေ့လိုက်ရသော် ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသလဲဆိုသည်ကို ချက်ချင်း နားလည်သွားခဲ့ပြီး ဦးညွှတ်၍ ပြောလိုက်လေ၏။ "စီနီယာဒေါ်လေးချန်ကို နှုတ်ဆက်ပါတယ်"

ချန်ချွေ့လင်က ပြုံး၍ ပြန်ပြောလိုက်သည်။ "တူလေးယန်၊ အခုလိုမျိုးတွေ လုပ်နေစရာ မလိုဘူး၊ နင်က စီနီယာအစ်ကိုယန်ရဲ့ ဂျူနီယာပဲဟာကို၊ ပင်လယ်ပြာနန်းတော်ထဲ ဝင်ပြီးတဲ့နောက်ပိုင်းကျရင် ငါနင့်ကို ကောင်းကောင်း ဂရုစိုက်ပေးမယ်၊ အခုတော့ နင့်အတွက် ဘာမှ ပြင်ဆင်လာခဲ့ရတာ မရှိလို့ ဒီဆေးပုလင်းလေးပဲ ယူထားလိုက်ဦး၊ ဒါက နင့်ရဲ့ ကျင့်ကြံခြင်းအတွက် အကျိန်းသေ အသုံးဝင်လိမ့်မယ်"

"ဟမ်" ယန်လော့မှာ ထိုဆေးပုလင်းကို လှမ်းယူလိုက်ချင်ပါသော်ငြား ယခုမှသာလျှင် သူမနှင့် ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည့်အလျောက် ထိုဆေးပုလင်းကို ယူဖို့ရာ တုံ့ဆိုင်းနေမိလေသည်။ ထိုအတွက်ကြောင့် သူ့ဘိုးဘေးဘက်ဆီသို့ လှမ်းကြည့်လိုက်လေ၏။

ယန်ရန်ဟောင်က ပြန်ပြောလိုက်သည်။ "မင်းရဲ့ စီနီယာဒေါ်လေးက ဆေးပညာရှင်တစ်ဦးပဲ၊ ဒီဆေးလုံးတွေကို သူကိုယ်တိုင် ဖော်စပ်ထားတာ၊ သူက မင်းကို ပေးနေတယ်ဆိုမှတော့ ယူလိုက်"

"ကျေးဇူးအများကြီးတင်ပါတယ် စီနီယာဒေါ်လေးချန်" ယန်လော့သည် အမျိုးသမီးအား အလျင်စလို ကျေးဇူးတင်လိုက်ပြီးသည့်နောက် ဆေးပုလင်းကို စိတ်လှုပ်ရှားစွာဖြင့် လက်ခံယူလိုက်လေသည်။ မူလကုန်းမြေဆီသို့ လာခဲ့သည်မှာ တကယ်မှန်သည်ဟု သူ့စိတ်ထဲ တွေးနေမိလေ၏။ ရောက်ရောက်ချင်းမှာပင် အဖိုးတန်ဆေးပုလင်းတစ်ပုလင်းကို ရလိုက်လေသည်။ ဤဆေးပုလင်းထဲရှိ ဆေးလုံးများ၏ အဆင့်ကို သူ မသိပါသော်ငြား ဆေးလုံးများသည် မူလကုန်းမြေထဲတွင် ဖော်စပ်ထားသည့် ဆေးလုံးများ ဖြစ်သည့်အတွက်ကြောင့် လက်ရှိ သူ့အတွက်တော့ အလွန်ကိုမှ အဖိုးတန်သည့် ရတနာများ ကျိန်းသေ ဖြစ်ရပေလိမ့်မည်။

ထိုလူများ ပြောနေသည်ကို နားထောင်ပြီးသည့်နောက် အနီးနားတွင် ရှိနေသည့် ကျင့်ကြံသူများ အားလုံး ယန်လော့နှင့် ပင်လယ်ပြာနန်းတော်မှ လူများအကြားမှ ဆက်ဆံရေးကို သဘောပေါက်သွားခဲ့ကြလေသည်။ တစ်ချိန်တည်းတွင်လည်း ပင်လယ်ပြာနန်းတော်၏ လူများကို သွားလု၍ မရမှန်း သိလိုက်သော် အကုန်လုံး ကြိတ်ကာ သက်ပြင်းချလိုက်လေသည်။

[သူ့ဘိုးဘေးက ပင်လယ်ပြာနန်းတော်ကဆိုတော့ သူလည်း ပင်လယ်ပြာနန်းတော်ကိုပဲ ဝင်မှာ၊ အခြားဂိုဏ်း တစ်ဂိုဏ်းထဲ ဝင်မှာမဟုတ်ဘူး၊ ယန်လော့ဆိုတဲ့ လူနဲ့အတူ ပါလာတဲ့လူကတော့… ကြည့်ရတာ သူတို့က ကြယ်စီရင်စုကြီး တစ်ခုတည်းကနေ အတူတူ လာခဲ့ကြတဲ့ပုံပဲ]

ယန်လော့နှင့် ပင်လယ်ပြာနန်းတော်အကြားမှ ဆက်ဆံရေးကို သိပြီးသွားသော် ဤနေရာတွင် ရှိနေကြသည့် လူများသည် ယန်လော့အား စိတ်မဝင်စားကြတော့ပေ။

စကားနည်းနည်းပါးပါး ပြောပြီးသွားသော ယန်ရန်ဟောင်သည် ယန်လော့နှင့် အကြည့်ချင်းဖလှယ်လျက် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ဆက်သွယ်လိုက်လေသည်။

ထို့နောက်တွင် ယန်ရန်ဟောင်သည် ယန်ကိုင်နှင့် ဟဲယွင်ရှန်းတို့အား ပြုံးကာကြည့်၍ ပြောလိုက်လေ၏။ "မင်းတို့နှစ်ယောက်စလုံးက ယန်လော့နဲ့ အတူလာကြတာဆိုတော့ ဘာဖြစ်လို့ ငါတို့ဂိုဏ်းထဲ တစ်ခါတည်း အတူမဝင်လိုက်တာလဲ"

ဤနေရာတွင် လူပေါင်းများစွာ ရှိနေကြသည်။ သူ့အနေဖြင့် ရန်ကိုင်အား ရှင်းပစ်ရန် ဆုံးဖြတ်ထားပါသော်ငြား ဤကဲ့သို့သော လူမြင်ကွင်းတွင်တော့ လှုပ်ရှားလိမ့်မည် မဟုတ်။ ထိုသို့သာ မဟုတ်ပါက အခြားသော အင်အားစုများမှာ သူတို့အား အပြစ်ရှာကာ ဝေဖန်အပြစ်တင်လာနိုင်ပေသည်။ သို့သော်ငြား သူတို့သည်သာ ဤနေရာမှ ထွက်သွားပြီး ပင်လယ်ပြာနန်းတော်ဆီသို့ ပြန်ရောက်သွားမည် ဆိုလျှင် ရန်ကိုင်အား သူတို့ စိတ်ကြိုက် လုပ်နိုင်လေပြီ။

[မင်းက ငါ့မိသားစုရဲ့ အကြီးအကဲကို သတ်ပြီး ငါ့မိသားစုရဲ့ အုတ်မြစ်ကို ထိခိုက်သွားအောင် လုပ်ရဲတယ်ဆိုမှတော့ မင်းနဲ့ ငါတွေ့ပြီပေါ့ကွာ၊ ခွန်အားလေး နည်းနည်း အားကောင်းရုံနဲ့ မင်း လုပ်ချင်တိုင်း လုပ်လို့ရပြီလို့ ထင်နေတာလား၊ မင်းဆိုတဲ့ကောင်က ရေတွင်းအောက်ခြေက ဖားသူငယ်သာသာပဲ ဆိုတာကို ငါ မင်း သိသွားအောင် ပြပေးမယ်]

ယန်လော့က ပြုံး၍ ဝင်ပြောလိုက်လေသည်။ "ရောင်းရင်းရန်၊ သွားကြမယ်လေ၊ ရောင်းရင်းရန် ကျေးဇူးကြောင့်ပဲ ငါ ဒီမူလကုန်းမြေကြီးဆီ လာနိုင်ခဲ့တာဆိုတော့ ငါ မင်းကို ကျေးဇူးပြန်ဆပ်ချင်လို့"

လက်ရှိ ယန်လော့သည် ယခင်ကကဲ့သို့ အောက်ကျို့နေခြင်း မရှိတော့သလို သတိထားနေခြင်းလည်း မရှိတော့ချေ။ ဘိုးဘေးသည် သူ့ဘေးတွင် ရှိနေသလို သူကိုယ်တိုင်သည်လည်း တွမ့်မူချီ၏ ထောက်ခံမှုကို ရရှိထားလေရာ ဘာကြောင့်များ ရန်ကိုင်အား ကြောက်နေရပါဦးမည်နည်း။ ရန်ကိုင် မည်မျှပင် အားကောင်းနေစေကာမူ သူ့ဘိုးဘေးနှင့် တွမ့်မူချီထက် ပို၍ အားကောင်းနိုင်မည်လား။

[ယန်မိသားစုထဲမှာတုန်းကတော့ ငါ မင်းနှိမ်တာကို ခံခဲ့ရတယ်၊ အခုတော့ အခြေအနေက ပြောင်းသွားပြီ၊ မင်းဆေး မင်းကို ပြန်ကျွေးရသေးတာပေါ့ကွာ]

ဟဲယွင်ရှန်းကမူ မှုန်ကုပ်ကုပ် အမူအရာဖြင့် ယန်လော့အား လှမ်းကြည့်လိုက်လေသည်။

ယန်မိသားစုတွင် ဖြစ်ခဲ့သည့် ကိစ္စများမှာ ရန်ကိုင် ထင်ထားသည့်အတိုင်း ဖြစ်ခဲ့ခြင်း ဖြစ်ပါသော်ငြား အပြစ်တင်ရမည်ဆိုလျှင် ယန်မိသားစုကိုသာ အပြစ်တင်ရပေလိမ့်မည်။ ယန်မိသားစုသည်သာ ရန်ကိုင်၏ ကမ်းလှမ်းချက်ကို သဘောတူခဲ့မည်ဆိုလျှင် ရန်ကိုင် သူတို့အား ထိုကဲ့သို့ ဆိုးဆိုးရွားရွား ဆက်ဆံခဲ့လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ယန်မိသားစုသည် မောက်မာဝံ့ကြွားခဲ့ရုံမက သူတို့ကိုပင်လျှင် သတ်ပစ်ရန် ကြိုးစားလာခဲ့လေရာ ထိုကဲ့သို့သော အဖြစ်မျိုးနှင့် ကြုံခဲ့ရသည်မှာ လုံးဝကို သနားနေစရာ မလိုပေ။

ထို့အပြင် ရန်ကိုင်သည် ယန်မိသားစုတစ်ခုလုံးကို ဖျက်ဆီးနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားခဲ့သည့်တိုင် ထိုသို့ မလုပ်ခဲ့ချေ။ ကံမကောင်းစွာဖြင့် ယခုဆိုလျှင် ရန်ကိုင်မှာ ယန်မိသားစု၏ ထောင်ချောက်ထဲသို့ ကျသွားခဲ့ရသည်။ ယန်လော့မှာ သူ့အား ကျောထောက်နောက်ခံ ရလိုက်ပြီ ဖြစ်သည့်အတွက်ကြောင့် ယခင်ကကဲ့သို့ ပြန်လည် မောက်မာလာတော့လေသည်။ ထိုအတွက်ကြောင့် ဟဲယွင်ရှန်းမှာ ယန်လော့အား ယခင်ကထက်ပင် ပို၍ ရွံရှာစက်ဆုပ်သွားတော့လေ၏။

All Chapters