အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
အခန်း ( ၅၇ ) - သူ ချောတယ်လို့ မထင်ဘူးလား
ရှန်းတန်သည် ဓာတ်ပုံကို ထပ်ပို့လိုက်ပြီး ရှက်ရွံ့စွာ မေးလိုက်သည် : ဘယ်လိုလဲ။
[ရှူးဂါးဒယ်ဒီ : အရမ်းလှတယ်။]
ရိုးရှင်းသော စကားလုံး နှစ်လုံးတည်းက ရှန်းတန်၏ နှလုံးသားကို ပျော်ရွှင်စွာ ခုန်ပေါက်နေသော သမင်ငယ်လေးကဲ့သို့ ခုန်ပေါက်စေခဲ့သည်။
ချီယွဲ့က သူမ၏ ပါးကို ဆိတ်လိုက်သည် : "တော်လိုက်တာ။"
ရှန်းတန်၏ မျက်နှာငယ်လေး နီရဲသွားသည်။ သူမသည် အနည်းငယ် မရှက်ပုံရသည်။
ဒါပေမဲ့ အဲ့ဒါက ကုဟွိုင်အန်းလေ၊ မူရင်းဇာတ်လမ်းရဲ့ အမျိုးသမီးဇာတ်ဆောင်တောင် ဒီလူကို မရနိုင်ခဲ့ဘူး။
[ရှူးဂါးဒယ်ဒီ : ဒီည အစီအစဉ် ရှိလား။]
ထိုအခါမှသာ ရှန်းတန်သည် သူက ယခင်က ဒီည လုပ်စရာရှိကြောင်း ပြောပြီး သူမကို အိမ်၌ စောင့်ရန် ပြောခဲ့ကြောင်း သတိရသည်။
[အချစ်မူးနေသော မျောက်မလေး : သူငယ်ချင်းက အပြင်သွားဖို့ ခေါ်တယ်။ စောစောက စောင့်ခိုင်းတာက ကျွန်မကို လုပ်ခိုင်းစရာ ရှိလို့လား။]
[ရှူးဂါးဒယ်ဒီ : မရှိဘူး။]
ရှန်းတန်သည် ထူးဆန်းစွာဖြင့် သူ ပျော်ရွှင်ပုံ မရကြောင်း ခံစားလိုက်ရသည်။
ဒါက သူမရဲ့ ထင်ယောင်ထင်မှားမှု ဖြစ်နိုင်တယ်။ နောက်ဆုံးတော့ လူကို မမြင်ရဘဲ စကားလုံး နှစ်လုံးတည်းပဲ ပြောခဲ့တာလေ။
အဆင်သင့် ပြင်ဆင်ပြီးနောက် နှစ်ယောက်သား ကားပေါ်တက်ကာ ပွဲသို့ ဦးတည်မောင်းနှင်ကြသည်။
ရှန်းတန်သည် ပွဲသို့ ရောက်ရှိပြီးနောက် အလွန် စိတ်လှုပ်ရှားနေသည်။ ချီယွဲ့သည် သူမ၏ လက်ကို အချိန်တိုင်း ဆုပ်ကိုင်ထားပြီး အားအင် အနည်းငယ် ရရှိစေခဲ့သည်။
သူမ၏ နောက်ကျောတွင် လူများစွာ၏ အကြည့်များ ကျရောက်နေသည်ဟု ခံစားရပြီး သူမကို အလွန် အနေရခက်စေသည်။
ချီယွဲ့သည် ရှန်းတန်ကို အချိုပွဲနေရာသို့ ခေါ်ဆောင်သွားပြီး ရှင်းပြသည် "ဒီမှာ ငါ့ကို စောင့်နေ၊ ငါ လူကြီးတွေကို ငါ ရောက်ကြောင် အသိပေးသွားနှုတ်ဆက်လိုက်ဦးမယ်။"
"သွားပါ။"
အမျိုးမျိုးသော အဆင့်မြင့် အချိုပွဲများကို ကြည့်ရင်း ရှန်းတန်၏ ပါးစပ်မှ တံတွေးပင် ထွက်နေပြီ။ သူမ၌ ယခု အတွေးတစ်ခုတည်းသာ ရှိသည်… စားလိုက်တော့။
ပြောရမည်ဆိုလျှင် ဤနေရာမှ အချိုပွဲများသည် အလွန်အရသာရှိပြီး အားလုံး အပိုင်းငယ်လေးများ ဖြစ်သောကြောင့် သူမအတွက် စမ်းသပ်စားသောက်ဖို့ရန် အဆင်ပြေစေသည်။
"ရှန်းတန်၊ ဒီမှာ ဘာလုပ်နေတာလဲ။"
ရှန်းတန်သည် အနည်းငယ် အံ့အားသင့်စွာ ပြန်ကြည့်လိုက်ပြီး "ဆောရီး၊ ရှင်က..."
ထိုလူသည် မယုံနိုင်သော မျက်နှာထားကို ဖော်ပြလိုက်သည်။ "ရှန်းတန်၊ မင်း တကယ် မေ့နေတာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလား။ ငါတို့ အရင်က ချစ်ကြိုက်တုန်းက မင်း မှတ်ဉာဏ် မကောင်းဘူးလို့ မပြောခဲ့ဘူး။"
ရှန်းတန် ရုတ်တရက် သဘောပေါက်သွားသည် "အိုး၊ ဒါဆို ရှင်က ငါ့ရဲ့ ရည်းစားဟောင်းပဲ။ မင်း အခု ကြည့်ကောင်းလာတယ်၊ ငါ မမှတ်မိဘူး။ ရှင် ဒီမှာ ဘာလုပ်နေတာလဲ။"
"ငါ ဒီမှာ… မဟုတ်ဘူး၊ ခဏလေး၊ ငါ အရင် မေးတာ။ မင်း ဒီမှာ ဘာလုပ်နေတာလဲ။"
ထိုလူသည် ယခု ပုံမှန်အတိုင်း ကြည့်ကောင်းသော်လည်း သူ၏ ဥာဏ်ရည် မကောင်းပုံရပေ။
"ရပ်လိုက်။" ရှန်းတန်သည် "ရပ်" ဟူသော လက်ဟန်ကို ပြုလုပ်လိုက်သည်။
"ကျွန်မ ရှင့်ကို အရင်က မပြောခဲ့ဘူးလား။ အရည်အချင်းရှိတဲ့ ရည်းစားဟောင်းကို သေသွားသူအဖြစ် သဘောထားသင့်တယ်။ ရှင် ဘာဖြစ်လို့ ကျွန်မကို လာရှာတာလဲ။"
"ငါ မင်းနဲ့ စကားပြောချင်တယ်လို့ မင်း တကယ် ထင်နေတာလား။ အဲ့ဒါ မဟုတ်ရင်…"
"အဲ့ဒါ မဟုတ်ရင် ဘာဖြစ်လို့လဲ။"
"ငါ့မှာ မကြာသေးခင်က ရုပ်မြင်သံကြား ဇာတ်လမ်းတွဲမှာ ရင်းနှီးမြှုပ်နှံနေတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ သူက မင်းကို တတိယ အမျိုးသမီး ဇာတ်ဆောင်နဲ့ အရမ်းတူတယ်လို့ တွေးနေတာ၊ မင်း သူနဲ့ တွေ့ချင်လား။"
ရှန်းတန်က သူ့ကို တိုက်ရိုက် ငြင်းဆိုလိုက်သည် : "စိတ်မဝင်စားဘူး။"
"ကောင်းပြီလေ၊ မင်း စိတ်မဝင်စားဘူးဆိုတော့ ငါ သွားတော့မယ်။" ထိုစကားနှင့်အတူ ထိုလူသည် ရှန်းတန်၏ လက်မောင်းကို ဆွဲရန် လက်ကို ဆန့်လိုက်သည်။
ရှန်းတန် မျက်မှောင်ကြုတ်ကာ သူ့လက်ကို အားဖြင့် ရိုက်ထုတ်လိုက်သည်။ "ကျွန်မ စိတ်မဝင်စားဘူးလို့ ပြောနေတာကို ရှင် နားမလည်ဘူးလား။"
သူ့လက် နီရဲသွားတာကို မြင်တော့ ထိုလူ၏ မျက်နှာလည်း မဲ့သွားသည်။ "ရှန်းတန်၊ ကျေးဇူးကန်းမနေနဲ့။ အဲ့ဒါက တတိယ အမျိုးသမီး ဇာတ်ဆောင်နေရာပဲ။ မင်းရဲ့ ပုံမှန် အကန့်အသတ်ရှိတဲ့ အရင်းအမြစ်တွေနဲ့ ဒါကို ရနိုင်တာ မဟုတ်ဘူး။ မင်း အခွင့်အရေး ရတဲ့အခါ ဆုပ်ကိုင်သင့်တယ်။ ဒါမှမဟုတ် ပထမ အမျိုးသမီး ဇာတ်ဆောင်ကို ရဖို့ မျှော်လင့်နေတာလား။ ဟက်၊ မင်း တကယ် ရည်မှန်းချက် ကြီးပေမဲ့ အရည်အချင်းကတော့ အားနည်းတယ်။"
ဒီမှာ နောက်တစ်ခါ လာပြန်ပြီ။ သူမသည် သူ့အသိပြန်ဝင်လာပြီဟု ထင်ခဲ့သော်လည်း ရှင်းရှင်းလင်းလင်း သူ၏ ဦးနှောက်တွင် တစ်ခုခု မှားနေသေးသည်။
ထိုအချိန်၌ အရပ်ရှည်ရှည် ပုံရိပ်တစ်ခုသည် ၎င်းတို့ဘေး၌ ရုတ်တရက် ပေါ်လာသည်။ "ဒီမှာ ဘာဖြစ်နေတာလဲ။"
ရှန်းတန် မော့ကြည့်လိုက်တော့ ကုကျစ်နန် ဖြစ်နေသည်။
ဤအချိန်တွင် သူ၏ လှပပြီး ရှည်မျောသော မျက်လုံးများသည် သူမကို လှမ်းကြည့်နေရင်း ပြုံးနေပုံရသည်။ ရှန်းတန်သည် ရုတ်တရက် သူမ၏ လက်မောင်းပေါ်၌ ကြက်သီးထလာသည်ဟု ခံစားလိုက်ရသည်။
ကုဟွိုင်အန်းလောက် မချမ်းသာသော်လည်း ကုကျစ်နန်ကိုလည်း လျှော့မတွက်သင့်ပေ။ သူ့ကို မြင်သောအခါ ရည်းစားဟောင်းသည် အလွန် စိတ်လှုပ်ရှားလာသည်။
ကုကျစ်နန်သည် ပိုမို နီးကပ်စွာ လျှောက်လာပြီး သူ၏ အရပ်ရှည်ရှည်သည် ရှန်းတန်အပေါ် ဖိအားပေးနေသည်။
"မရီး၊ ဒီမှာ တစ်ယောက်တည်း ဘာလုပ်နေတာလဲ။"
"သူငယ်ချင်းနဲ့ လာတာ။ ငါ လုပ်စရာရှိလို့ နင့်ကို အနှောင့်အယှက် မပေးတော့ဘူး။"
ရှန်းတန်သည် ထွက်သွားရန် လှည့်လိုက်သော်လည်း ကုကျစ်နန်သည် သူမ၏ လက်ကောက်ဝတ်ကို ရုတ်တရက် ဆွဲလိုက်ပြီး သူ၏ လက်မသည်ပင် ညင်ညင်သာသာ ပွတ်သပ်နေသည်။
"ဘာဖြစ်လို့ မရီးက ထွက်သွားမှာလဲ။" သူသည် သူမကို ကြည့်ရင်း နက်နက်ရှိုင်းရှိုင်း မေးလိုက်ပြီး သူ၏ ဗာဒံစေ့ပုံမျက်လုံးများတွင် သူမ၏ ပုံရိပ်က ရှင်းရှင်းလင်းလင်း ထင်ဟပ်နေသည်။
ရှန်းတန် : "..."
ကယ်ကြပါဦး၊ သူက ရုပ်ချောတယ်လို့ မထင်ဘူးလား။
သူမ၏ အခြားလက်ဖြင့် ခန္ဓာကိုယ်ပေါ်တွင် လှုပ်ရှားနေသော သူ့၏ လက်ချောင်းများကို တစ်ချောင်းချင်းစီ အားကုန်သုံး၍ ခွာထုတ်လိုက်သည်။
"နင့်လက်ကို မလိုချင်တော့ရင် အဲ့ဒါနဲ့ ပတ်သက်ပြီး ငါ ကူညီပေးနိုင်တယ်။"
ကုကျစ်နန်သည် ရုတ်တရက် အသံကျယ်လောင်စွာ ရယ်မောလိုက်သည်။ "မရီး၊ မင်း တကယ် ရယ်စရာကောင်းတာပဲ။"
"နင်က 'အမျိုးသမီးခင်ဗျာ၊ ခင်ဗျား ကျွန်တော့်ရဲ့ အာရုံကို အောင်မြင်စွာ ဖမ်းစားနိုင်ခဲ့ပြီ' လို့ ပြောချင်နေတာလား။ ကျွတ်စ်ကျွတ်စ်၊ ဘယ်လောက်တောင် ပရောပရီနိုင်လိုက်လဲ။ ငါ အကြံပေးမယ်၊ သွားပြီး နင့်ကိုယ်နင် အဲ့လို မရိုးသားတဲ့စကားတွေကို မပြောဖို့ ပြန်ထိန်းလိုက်ပါဦး။"
ကုကျစ်နန်၏ အပြုံးသည် ကျန်ရှိနေသေးသော်လည်း အတုအယောင် ဖြစ်သွားသည်။
ရှန်းတန်သည် သူ့ကို ပြန်မဖြေချင်တော့ဘဲ ထွက်သွားလိုက်သည်။
ကုကျစ်နန်သည် သူမ၏ နောက်ကျောကို အချိန်အတော်ကြာ ကြည့်နေခဲ့ကြောင်း သူမ လုံးဝ မသိခဲ့ပေ။ ကုကျစ်နန်သည် တစ်ယောက်ယောက်က သူ့ကို လာနှုတ်ဆက်ပြီးနောက်တော့ သူသည် ယခင် အမူအကျင့်သို့ ပြန်ရောက်သွားသည်။
ရှန်းတန်သည် ချီယွဲ့ထံ မက်ဆေ့ချ် ပို့ပြီး အနားယူရန် ထောင့်ရှိ အနားယူရန် နေရာသို့ သွားခဲ့သည်။
သူမသည် ခဏလောက် အနားယူနိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ပို၍ အရှက်မရှိသော လူများ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ရှန်းတန်သည် ချီယွဲ့ ယခင်က ပြောခဲ့သော စကားကို ရုတ်တရက် နားလည်သွားသည်။ ဤနေရာမှ လူအများစုသည် လူဆိုးများ ဖြစ်ကြသည်။ ပုံမှန်လူများက အလွန်နည်းပါးသည်။
ထိုအချိန်တွင် ဗိုက်ပူပြီး ထိပ်ပြောင်နေသော လူတစ်ဦးသည် ဝတ်စုံကို ဝတ်ဆင်ကာ ဝိုင်ခွက် နှစ်ခွက်ကို ကိုင်ရင်း အလွန်ရင်းနှီးနေသည့်ပုံနှင့် ရှန်းတန်ဘေး၌ ပေါ့ပေါ့ပါးပါး ဝင်ထိုင်လိုက်သည်။
"ဒီမှာ မင်း တစ်ယောက်တည်းလား။"
ရှန်းတန် ပြန်ဖြေရန် မစောင့်ဘဲ သူ ဆက်ပြောသည် "ငါလည်း တစ်ယောက်တည်းပဲ။ ငါတို့ မမျှော်လင့်ဘဲ တွေ့ဆုံခဲ့တာဆိုတော့ အတူတူ သောက်ရအောင်လား။"
ရှန်းတန်က မျက်မှောင်ကြုတ်လိုက်သည်။ သူ ဘာကို ဆိုလိုတာလဲ မမျှော်လင့်ဘဲ တွေ့ဆုံခဲ့တာတဲ့လား။ သူ တမင်တကာ ရောက်လာခဲ့တာ မဟုတ်ဘူးလား။
"ဆောရီး၊ ကျွန်မ အရက်နဲ့ ဓာတ်မတည့်ဘူး။"
ထိပ်ပြောင်နေသော လူက ခဏတာမျှ အံ့အားသင့်သွားသည်။ "ဒါက ပြဿနာမရှိဘူး၊ ဒီအချိုရည်ထဲမှာ အရက်ပါဝင်မှုက အရမ်းနည်းပါတယ်၊ အများစုက ဖျော်ရည်ပါ။"
ရှန်းတန်က ပြုံးလိုက်သည်။ "ဆောရီး၊ ငါ သစ်သီးဖျော်ရည်တွေနဲ့လည်း မတည့်ဘူး။"
ထိုလူသည် ရှန်းတန်က သူ့ကို တမင် ရှောင်ဖယ်နေကြောင်း သဘောပေါက်သွားပြီး သူ့မျက်နှာက မပျော်မရွှင် ဖြစ်သွားသည်။
သူသည် အတင်းအကျပ် ပြုံးလိုက်သည်။ "ရိုးရိုးသားသား ပြောရရင် ငါ လက်ရှိ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲမှာ ရင်းနှီးမြှုပ်နှံနေတယ်။ မင်းက တတိယ အမျိုးသမီး ဇာတ်ဆောင်နဲ့ အရမ်းတူတယ်လို့ ထင်တယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ငါတို့ ဆွေးနွေးကြည့်ချင်လား။"
"ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်မ အခုလောလောဆယ် ဘယ်ဇာတ်ရုပ်ကိုမှ ယူဖို့ စီစဉ်ထားဘူး။"
ထိုလူ၏ မျက်နှာပေါ်မှ အပြုံးသည် လုံးဝ ပျောက်ကွယ်သွားသည်။
"ရှန်းတန်၊ မင်း ဘယ်သူ့ကို လှည့်စားနေတယ်လို့ ထင်နေတာလဲ။ မင်းရဲ့ အခြေအနေ မပြောပလောက်တာကို ငါ မသိဘူးလို့ ထင်နေတာလား၊ ငါ မင်းကို အခွင့်အရေး ပေးနေတာ။"
"အိုး၊ ဒါဆို ရှင် ကျွန်မကို သိတာပဲ။ အဲ့ဒါဆို ကျွန်မ မိတ်ဆက်စရာ မလိုတော့ဘူးပေါ့။ ရှင့်မှာ ဒီလောက် ကောင်းတဲ့ အခွင့်အရေး ရှိနေရင် ရှင်ကိုယ်တိုင်အတွက်ပဲ ထိန်းသိမ်းထားလိုက်ပါ။ ဒါက ကျွန်မနဲ့ မထိုက်တန်ပါဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး ရှင်ကြိုက်သလို လုပ်လိုက်ပါ။”
ဤတစ်ကြိမ်တွင် ရှန်းတန် ထွက်မသွားတော့ပေ။ သူမမှာ မလိုလားအပ်သော လူများ သို့မဟုတ် ပြဿနာများကို ဆွဲဆောင်နိုင်သည့် ထူးခြားသော စွမ်းအင်ရှိနေတာကို သဘောပေါက်သွားပြီး ဘယ်သွားသွား ပြဿနာများ ကြုံတွေ့ရနိုင်သည့်အတွက် ထိုနေရာမှာတင် သက်တောင့်သက်သာဖြင့် အေးအေးဆေးဆေး နေလိုက်ခြင်းက ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။
နောက်တစ်ခု သူမ တခြားသူတွေအတွက် ဘာဖြစ်လို့ အနစ်နာခံပေးရမှာလဲ။
ထိပ်ပြောင်လူသည် ဒေါသထွက်နေသော်လည်း ပတ်ဝန်းကျင်၌ လူများစွာ ရှိသောကြောင့် ဘာမှ မလုပ်နိုင်ပေ။
သူသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည် "မင်း ငါ့ကို တောင်းပန်ရမဲ့ အချိန် ရောက်လာလိမ့်မယ်။"
ရှန်းတန်သည် သူမ၏ နားကို ကုတ်လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် "အဲ့ဒါကို စောင့်ကြည့်နေမယ်။"
လုပ်ငန်းမှ အနားယူရန် အဆင်သင့်ရှိသူအနေဖြင့် သူမ ဘာကိုမှ မကြောက်ပါ။ သူ ကြိုက်သလို နည်းလမ်း သုံးနိုင်တယ်။
ခဏကြာ စောင့်ဆိုင်းပြီးနောက် ချီယွဲ့သည် နောက်ဆုံးတွင် အနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ် ဝတ်ဆင်ထားသော ယောက်ျားတစ်ဦးနှင့်အတူ ပြန်ရောက်လာသည်။
ရှန်းတန် ထရပ်လိုက်သည်။
"ရှန်းတန်၊ ဒါက ငါ့အစ်ကို ချီကြွယ်။ အစ်ကို၊ ဒါက ရှန်းတန်။"
"မင်္ဂလာပါ။"
နှစ်ဦးသား လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
ချီကြွယ်သည် ၎င်းတို့အား နှုတ်ဆက်ကာ ထွက်သွားသည်။ ထိုအခါမှသာ ချီယွဲ့သည် ရှန်းတန်အား တိုးတိုးလေး ရှင်းပြသည် "ငါ့အစ်ကိုက မကြာသေးခင်က ဖျော်ဖြေရေးလောကထဲ ဝင်ဖို့ ပြင်ဆင်နေတယ်။ မင်း ငါ့အစ်ကိုရဲ့ ကုမ္ပဏီထဲ ဝင်ချင်လား။"
"ဟင်။"
ရှန်းတန် အနည်းငယ် စိတ်ရှုပ်သွားသည်။ "ဒါဆို နင် အရင်က ဖျော်ဖြေရေးလောကထဲမှာ ရှိနေတုန်းကတော့ ဘာလို့ မဝင်ခဲ့တာလဲ။"
ချီယွဲ့ မျက်လုံးကို လှန်လိုက်သည်။ "သူက မကြာသေးခင်က သူကြိုက်တဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူမ ဖျော်ဖြေရေးလောကမှာ ရုန်းကန်ရတာ တော်တော်လေး ခက်ခဲတယ်လို့ ခံစားရလို့ သူက သူမကို ကာကွယ်ပေးချင်လို့လေ။"
"ဟူး...၊ ငါက တကယ် မွေးစားထားခံရတဲ့ ညီမပဲဖြစ်မယ်။"
ထိုအခါမှသာ ရှန်းတန် နောက်ကျမှ တုံ့ပြန်လိုက်သည်။ "နင့်အစ်ကိုနာမည် ဘယ်လိုခေါ်တယ်လို့ ပြောလိုက်တာ။"
"ချီကြွယ်လေ။ ဘာဖြစ်လို့လဲ။"
ရှန်းတန် အာခေါင်ခြောက်သွားသည်။ ဒါက မူရင်းစာအုပ်ထဲက အမျိုးသမီးဇာတ်ဆောင်ကို တမ်းတတဲ့ အမျိုးသားဇာတ်ဆောင်တွေထဲက တစ်ယောက် မဟုတ်ဘူးလား။
သူ တည်ထောင်ခဲ့သော ဖျော်ဖြေရေးကုမ္ပဏီက အမျိုးသမီးဇာတ်ဆောင်ကို တစ်ဦးတည်း မြှင့်တင်ရေးကို အဓိကထားသည်။ ၎င်း၏ အမည်အပြည့်အစုံမှာ "အမျိုးသမီးဇာတ်ဆောင်ကို ကာကွယ်ခြင်း" ဖြစ်သည်။ သူသည် အမျိုးသမီးဇာတ်ဆောင်အတွက် အရင်းအမြစ်များစွာ ရရှိခဲ့သည်။
အမျိုးသမီးဇာတ်ဆောင်သည် သမိုင်းတွင် အသက်အငယ်ဆုံး အကောင်းဆုံး မင်းသမီးသရုပ်ဆောင် ဖြစ်လာခဲ့သည်။
"တန်တန်၊ စဉ်းစားကြည့်ပါဦး။"
ရှန်းတန်သည် စိတ်မပါ့တပါ့ ခေါင်းညိတ်လိုက်သည်။
သူမသည် ဤအရာကို ဂရုတစိုက် ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
အခန်း ( ၅၈ ) – သူက အရမ်းကောင်းတယ်
ရှန်းတန်သည် ချီယွဲ့၏ အကြံပြုချက်ကို ချက်ချင်း သဘောမတူခဲ့ပေ။
ရိုးရိုးသားသားဆိုရလျှင် မူရင်းစာအုပ်၏ အမျိုးသမီးဇာတ်ဆောင်သည် အလွန်ကြင်နာသော်လည်း သူမနှင့် ပတ်သက်ဆက်နွယ်လိုစိတ် မရှိသေးပေ။
တစ်နေ့တွင် ဇာတ်လမ်း၏ ကံကြမ္မာကို ဖန်တီးသော နတ်ဘုရား နိုးထလာပါက အခြေအနေများ ဆိုးရွားလာလိမ့်မည်။
သို့သော် ချီကြွယ်၏ ကုမ္ပဏီသည် ၎င်း၏ အနုပညာရှင်များကို အလွန်ကောင်းမွန်စွာ ဆက်ဆံကြောင်း ပြောရမည်ဖြစ်သည်။ သူမသည် ဖျော်ဖြေရေးလောကတွင် ဆက်လက်လုပ်ကိုင်လိုပါက ဤသည်မှာ သွားရန် အလွန်ကောင်းသော နေရာတစ်ခု ဖြစ်လိမ့်မည်။
ချီယွဲ့သည် ဂရုမစိုက်ပေ။ နောက်ပိုင်းတွင် သူသည် ရှန်းတန်ကို လူအများအပြားနှင့် တွေ့ဆုံရန် ခေါ်ဆောင်သွားပြီး အားလုံးသည် ဖျော်ဖြေရေးလောကတွင် နာမည်ကြီးသူများဖြစ်ကာ အရေးအကြီးဆုံးမှာ ၎င်းတို့၌ စရိုက်ကောင်းများ ရှိကြသည်။
ည ( ၁၀ ) နာရီကျော်မှ နှစ်ယောက်သား နောက်ဆုံး ထွက်ခွာခဲ့ကြသည်။
ကားထဲ၌ နှစ်ယောက်စလုံး ဒေါက်မြင့်ဖိနပ်များကို ချွတ်ကာ နောက်ခုံ၌ မယဉ်ကျေးစွာ လှဲနေကြသည်။
"ဒီအလုပ်က တကယ်ပဲ လူတွေအတွက် မဟုတ်ဘူး။" ရှန်းတန်သည် သူမ၏ ပါးပြင်ကို ပွတ်သပ်လိုက်သည်။ သူမ၏ မျက်နှာသည် ပြုံးရယ်နေရ၍ တောင့်တင်းလုနီးပါးဖြစ်နေပြီး အရက်လည်း အတော်သောက်ထားသည်။
သူမသည် သူမ၏ မျက်ခုံးများကို ပွတ်သပ်လိုက်သည်။ အရက်သည် အားပျော့သော်လည်း သူမ၏ ဦးခေါင်းသို့ အနည်းငယ် ရောက်သွားပြီး သူမကို မူးဝေစေသည်။
ချီယွဲ့ သက်ပြင်းချလိုက်သည်။ "ငါ ငယ်ငယ်ကတည်းက ဒီလို ပွဲတွေ အများကြီး တက်ခဲ့ရတယ်၊ မသွားချင်ရင်တောင် ငြင်းလို့ မရဘူး။"
သူမ ငယ်ငယ်က ပိုဆိုးသေးသည်။ လူကြီးများသည် တစ်ယောက်ကိုတစ်ယောက် ယှဉ်ပြိုင်ကြပြီး သူမသည် ငယ်စဉ်ကတည်းက အတန်းမျိုးစုံ တက်ရကာ ထူးချွန်ရသည်။
တစ်ခါတစ်ရံ မိသားစုလုပ်ငန်းအတွက် သူမ မကြိုက်သောသူများနှင့်ပင် ချိုချိုသာသာ စကားပြောရသည်။
ချမ်းသာသောသူများလည်း မလွယ်ကူပေ။ သူတို့ ခံစားသင့်သည်ကို ခံစားကြပြီး ခံနိုင်ရည်ရှိသင့်သည်ကို ခံနိုင်ရည်ရှိကြရသည်။
သူမ၏ အနာဂတ် အိမ်ထောင်ရေးပင် ညှိနှိုင်းရေး ကိရိယာတစ်ခု ဖြစ်လာလိမ့်မည်။
ချီယွဲ့သည် ထိုစကားများကို အသံထွက်၍ မပြောခဲ့ပေ။
ခဏအိပ်ပြီးနောက် ရှန်းတန်သည် သူမ မသိလိုက်ဘဲ အိပ်ပျော်သွားသည်။
သူမ နိုးလာသောအခါ လန့်နိုးသွားသည်။
ရှန်းတန်သည် သူမ၏ အိမ်၌ သူမ၏ အိပ်ရာပေါ်တွင် လှဲနေကြောင်း၊ သူမ၏ အဝတ်အစားများကို ညဝတ်အင်္ကျီသို့ ပြောင်းထားကြောင်း သဘောပေါက်သွားသည်။ သူမ၏ မိတ်ကပ်လည်း ဖျက်ထားပုံရပြီး သူမ၏ မျက်နှာ သန့်ရှင်းနေသည်။
သူမ ဘယ်လိုလုပ်ပြီး အိမ်ပြန်ရောက်တာလဲ။
ရှန်းတန်သည် အတင်းအကြပ် ပြန်လည်သတိရရန် ကြိုးစားသော်လည်း ဘာမှ မမှတ်မိတော့ပေ။
သူမ၏ လည်ချောင်း ခြောက်ကပ်နေသည်။ ရှန်းတန် ထရပ်လိုက်သောအခါ အိပ်ရာဘေး၌ ရေနွေးအိုး တစ်လုံး တင်ထားသည်ကို သတိပြုမိသည်။ အတွင်း၌ ရေသည် နွေးနေသေးသည်။
ဪ…… အစ်မထောင်က အရမ်းတွေးပေးတတ်တာပဲ။
ရှန်းတန်သည် အလွန် လှုပ်ရှားသွားသည်။ သူမ ယခု နိုးနေသော်လည်း ပြန်အိပ်မပျော်နိုင်သေးပေ။ အချိန်ကို ကြည့်လိုက်သောအခါ နံနက် ( ၃ ) နာရီကျော်နေပြီဖြစ်ပြီး မိုးမလင်းမီ အစောကြီးပင်။
ဘာလုပ်ရမှန်း မသိသောကြောင့် သူမသည် သူမ၏ ဂိမ်းကို ဖွင့်လိုက်သည်။ "တီမီ" အသံမြည်လာသည်နှင့် သူမ၏ တံခါးကို ခေါက်သံ ကြားလိုက်ရသည်။
ရှန်းတန်သည် အလိုအလျောက် သူမ၏ ဖုန်းကို ပိတ်ကာ ခေါင်းအုံးအောက်၌ ဝှက်ထားလိုက်သည်။
သို့သော် သူမသည် ယခု သက်သာလာပြီဖြစ်ပြီး လျှို့ဝှက်စွာ လှည့်ပတ်ရန် မလိုအပ်တော့ကြောင်း မကြာမီ သဘောပေါက်သွားသည်။ ထို့ကြောင့် သူမသည် သူမ၏ ဖုန်းကို ပြန်ထုတ်လိုက်သည်။
"ဘယ်သူလဲ။"
"ကိုယ်ပါ။"
ကုဟွိုင်အန်းလား။
ရှန်းတန်သည် အလျင်အမြန် ပြေးသွားကာ တံခါးဖွင့်လိုက်သည်။ "ဘာဖြစ်လို့ မအိပ်သေးတာလဲ။"
ကုဟွိုင်အန်းသည် မျက်လုံးကို အောက်သို့ လျှော့ချလိုက်ပြီး ရှန်းတန်၏ ခြေဗလာကို သတိပြုမိသွားသည်။ သူ၏ မျက်ခုံးများ ရှုံ့မဲ့သွားသည်။ "ဘာလို့ ဖိနပ် မဝတ်ထားတာလဲ။"
ရှန်းတန်သည် သူမ၏ ဝိုင်းစက်သော ခြေချောင်းများကို လှုပ်ခါလိုက်သည်။ "အေးလည်း မအေးဘူးလေ၊ တံခါးဖွင့်ဖို့ အလျင်စလို ဖြစ်နေတာ။"
ရှန်းတန်သည် ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ "ဘာလို့ မအိပ်သေးတာလဲ။"
"မင်း အရက်မူးနေလားဆိုတာ လာကြည့်တာ။"
ရှန်းတန်သည် သူမ၏ ခေါင်းကို ကုတ်လိုက်သည်။ "ကျွန်မ မူးနေတာလား။ ဪ ဟုတ်ပြီ၊ ကျွန်မ ဘယ်လို အိမ်ပြန်ရောက်တာလဲ။"
ကုဟွိုင်အန်းသည် ခဏတာ တိတ်ဆိတ်သွားသည်။ "မင်း ကိုယ့်ကို လာခေါ်ဖို့ ဖုန်းဆက်ခဲ့တယ်။"
ရှန်းတန် လန့်သွားသည်။ သူမသည် အဲ့ဒါကို လုံးဝ မမှတ်မိတော့ပေ။
သူမ၏ ဖုန်းကို စစ်ဆေးကြည့်သောအခါ သူမသည် ဖုန်းခေါ်ဆိုရုံသာမက အဓိပ္ပာယ်မရှိသော စကားအချို့ကိုလည်း ပြောခဲ့ကြောင်း သဘောပေါက်သွားသည်။
[အချစ်ရူး မျောက် : နွေဦးရာသီမှာ အိပ်ပျော်ပြီး အရုဏ်တက်ချိန်ကို ဘယ်တော့မှ မသိဘူး။ ဒါပေမယ့် ချစ်ရသူကိုတော့ သိတယ်။]
[အချစ်ရူး မျောက် : အင်္ဂလိပ်လို နံရံ၊ မျက်လုံးနဲ့ ဒူးကို ဘယ်လိုပြောလဲ သိလား။ အဲ့ဒါက ဝေါ၊ အိုင်း၊ နီ။ ရှင့်ကို ချစ်တယ်။]
[အချစ်ရူး မျောက် : ကျွန်မ အသားညှပ်ပေါင်မုန့်ကို သွားဝယ်တော့ ဆိုင်ရှင်ကို ငရုတ်သီး ပိုထည့်ခိုင်းလိုက်တယ်။ အသားညှပ်ပေါင်မုန့်ကို တစ်ကိုက်ပဲ ကိုက်လိုက်ရသေးတယ်၊ ရွှံ့နွံတွေနဲ့ ပေကျံနေတဲ့ မြေကြီးပေါ် ပြုတ်ကျသွားတယ်။ ကျွန်မ ငိုခဲ့တယ်။ ဒါကိုပဲ "ရွှံ့လိုမျိုး ဆန်းကြယ်ရုပ်ရှင်တွေ" လို့ ခေါ်တာပဲ ထင်တယ်။]
[အချစ်ရူး မျောက် : ချစ်သူရေ၊ ကျွန်မ ရေနည်းနည်းသောက်လိုက်တယ်။ ကျွန်မ ဘယ်လိုရေမျိုးကို သောက်ခဲ့မိတာလဲ၊ ရှင် မရှိရင် ကျွန်မ အိပ်မပျော်ဘူး။]
ရှန်းတန် : "..."
ဤချိုမြိန်သော စကားလုံးများကို ကြည့်ရင်း သူမသည် ရှက်ရွံ့သွားပြီး သူမ၏ ခြေချောင်းများပင် ကုတ်သွားခဲ့သည်။
"ဒါဆို... ကျွန်မ ဘာမှ မယဉ်ကျေးတဲ့ အရာ မလုပ်ခဲ့ဘူးပေါ့..."
သူမသည် ယခု သူမကိုယ်တိုင်ကို အနည်းငယ် သံသယဝင်နေသည်။
ကုဟွိုင်အန်းသည် သူမကို လှမ်းကြည့်လိုက်သည်။ "သိပ်တော့ မဟုတ်ဘူး။ မင်းက ကိုယ့်ကို ဖက်ပြီး မလွှတ်ပေးဘူး၊ ကိုယ့်ရဲ့ ဗိုက်သားတွေကို ထိတွေ့ချင်နေတဲ့ပုံပဲ။"
ရှန်းတန်၏ မျက်လုံးများ တုန်ယင်သွားသည် : "!!!"
အိုး ဘုရားရေ…
ဒါဟာ လုံးဝ ဆိုးရွားတဲ့ အခြေအနေပဲ။
ဒါပေမဲ့ နောက်ဆုံးတော့ သူမ ထိတွေ့နိုင်ခဲ့လား… အကယ်၍ ထိတွေ့နိုင်ခဲ့ပြီး အခု မမှတ်မိတော့ရင် အဲ့ဒါက ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပဲ မဟုတ်လား။
သူမ၏ အတွင်းစိတ်အသံကို ကြားသောအခါ ကုဟွိုင်အန်းသည် ကူကယ်ရာမဲ့စွာ နှုတ်ခမ်းကို ကွေးလိုက်သည်။
ရှန်းတန်၏ မျက်နှာသည် ဖြူဖျော့ဖျော့နှင့် နီရဲရဲကြား ပြောင်းလဲနေသည်ကို မြင်သောအခါ ကုဟွိုင်အန်းသည် တိုးတိုးလေး ရယ်မောလိုက်သည်။ "နောက်တာပါ။"
ရှန်းတန် သက်ပြင်းချလိုက်သည်။ "ကျွန်မ အဲ့လိုလူမျိုး မဟုတ်ဘူးဆိုတာ ကျွန်မ သိတယ်။"
"မင်းက ကိုယ့်ကို ဖက်ပြီး ကိုယ့်အတွက် မျောက်ကလေးတွေ မွေးပေးချင်တယ်လို့ ပြောခဲ့တာ၊ အဲ့ဒါပဲ။"
ရှန်းတန် : "......"
ဒီနှစ်ခုကြား အများကြီး ကွာခြားမှု ရှိလေမလား။
ပြောရရင် သူမဟာ အတိတ်က တစ်ယောက်ယောက်ကြောင့် ဘယ်တော့မှ မမူးရဲခဲ့ဘူး။ သူမ မူးနေတဲ့အခါ ဘယ်လိုပြုမူလဲဆိုတာ တကယ် မသိဘူး။
သူမသည် ထိုမျှ လွတ်လပ်စွာ ပြုမူခဲ့သည်ကို သိလိုက်ရသည်။ ကုဟွိုင်အန်းသည် သူမအပေါ် အတော်လေး ဆိုးရွားသော အထင် ရှိရမည်။
သူသည် ယခု သူမကို စျေးပေါသော အမျိုးသမီးတစ်ဦးအဖြစ် မြင်သွားလောက်ပြီမလား။
မြတ်စွာဘုရားရှေ့ ကျိန်ဆိုပါတယ်၊ သူမ ဒီအသက်အရွယ်အထိ ယောက်ျားတစ်ဦးတစ်ယောက်ကိုမျှပင် မနမ်းဖူးသေးပါ။
ဤသို့ တွေးတောရင်း ရှန်းတန်သည် မရည်ရွယ်ဘဲ ကုဟွိုင်အန်း၏ နှုတ်ခမ်းကို လှမ်းကြည့်လိုက်သည်။
သူ့နှုတ်ခမ်းက အရမ်း ဆွဲဆောင်မှုရှိတယ်၊ ပန်းရောင်လေး သန်းနေတယ်၊ နှုတ်ခမ်းနီ ဆိုးထားသလိုပဲ။ သူ့နှုတ်ခမ်းက ပါးတယ်။ အဲ့လို နှုတ်ခမ်းမျိုး ရှိတဲ့သူတွေက အပြောင်းအလဲမြန်တတ်တယ်လို့ ဆိုကြတယ်။ ဒါက အမှန်ပဲလားလို့ သူမ တွေးနေမိတယ်။
ကုဟွိုင်အန်းသည် သူမ၏ အကြည့်ကို အနေရခက်စွာ ခံစားရင်း နှုတ်ခမ်းရှေ့ လက်သီးကပ်ပြီး ညင်ညင်သာသာ ချောင်းဟန့်လိုက်သည်။ "မင်း အိပ်မပျော်နိုင်ဘူးဆိုတော့ ဒီ အမူးပြေဟင်းရည်ကို သောက်လိုက်။"
ထိုအခါမှသာ ရှန်းတန်သည် ကုဟွိုင်အန်းက ဟင်းရည်ပန်းကန်တစ်လုံး ကိုင်ထားသည်ကို သတိပြုမိသွားသည်။
အားးးး သူမရဲ့ မျက်လုံးတွေ ခုနတုန်းက ကန်းနေခဲ့တာလား။
"ကျေးဇူးအများကြီးတင်ပါတယ်။ ဒီလောက် နောက်ကျနေတာတောင် ရှင် ကျွန်မဆီ လာပို့ပေးသေးတယ်။ အစ်မထောင်က မအိပ်သေးဘူးလား။"
အစ်မထောင်က အရမ်းကောင်းတာပဲ။ သူမကို အဝတ်အစားလဲပေး၊ မိတ်ကပ်ဖျက်ပေး၊ ရေပြင်ဆင်ပေး၊ အမူးပြေဟင်းရည်တောင် ချက်ပေးသေးတယ်။ သူက အရမ်း စိတ်ရှည်တာပဲ။
"အစ်မထောင်က အစကတည်းက အိပ်ပျော်နေပြီ"
"ဟင်၊ ဒါဆို ရှင်... ဒါကို ချက်ခဲ့တာလား။"
ကုဟွိုင်အန်းသည် ညင်ညင်သာသာ ခေါင်းညိတ်လိုက်သည်။ "ဟင်းရည်သောက်ပြီး အိပ်တော့။ ကိုယ်လည်း အိပ်တော့မယ်။"
ရှန်းတန်သည် သူ့ကို တံခါးဝအထိ ငေးကြည့်နေသည်။ ဟင်းရည်သောက်ပြီးသည်အထိ အမူးပြေဟင်းရည်ကို ကုဟွိုင်အန်းကိုယ်တိုင် ချက်ခဲ့သည်ဟူသော အချက်ကို သူမ တုံ့ပြန်နိုင်ခြင်း မရှိသေးပေ။ သူလည်း အရမ်းကောင်းတာပဲ။
ရှန်းတန်၏ နှလုံးသားသည် ထိန်းမနိုင်သိမ်းမရ ခုန်လာသည်။
သူ့ကို မချစ်မိဖို့ အလွန်ခက်ခဲလှသည်။ သူမသည် အတူတူ အချိန်ပိုကြာကြာနေပြီးနောက် သူ့ကို စွန့်ခွာရန် ဆန္ဒမရှိတော့မည်ကို အလွန်ကြောက်ရွံ့နေသည်။ စာအုပ်ထဲတွင် ဖြစ်ခဲ့သောအတိုင်းပင်။
ရှန်းတန်သည် ဤအတွေးကို ဖယ်ရှားရန် အလျင်အမြန် ခေါင်းခါလိုက်သည်။
ဘယ်နည်းနဲ့မှ မဖြစ်ဘူး။ သူမက စာအုပ်ထဲက ရှန်းတန် မဟုတ်ဘူး။ သူမမှာ ကိုယ်ကျင့်တရား ရှိသည်။ သူမသည် မူးယစ်ဆေးဝါးခတ်ခြင်းကဲ့သို့သော မကောင်းသော အရာများကို လုံးဝ မလုပ်ပေ။
သူမ အိပ်ပျော်လုနီးပါး ဖြစ်မှသာ ကုဟွိုင်အန်းက သူမကို အစက ပြောပြချင်သော အရာကို မေးရန် မေ့သွားကြောင်း ရှန်းတန် သတိရသွားသည်။