လောကီကမ္ဘာ၏ တစ်ဆူတည်းသော နတ်ဘုရား
Vol. 14 Ch. 131
သေဆုံးရသည့် ခံစားချက်က ကျောက်ကျိ ထင်မှတ်ထားသည်ထက် များစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ရုန်းကန်လှုပ်ရှားမှုများနှင့် မွန်းကြပ်မှုများက သူ့ကို အဆုံးစွန်ထိ နောင်တတရားများဖြင့် ပြည့်နှက်စေခဲ့ပြီး သူ ပြုလုပ်ခဲ့သမျှ အရာအားလုံးကို ပြန်လည် ပြင်ဆင်ချင်နေမိသည်။
ထိုသို့ ကြောက်ရွံ့ခြင်း၊ နောင်တရခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းများ ခံစားနေရစဉ် ရုတ်တရက် သူ လေထဲသို့ ပျံတက်သွားသလို ခံစားလိုက်ရပြီး စင်မြင့်ထက်တွင် လဲကျနေသော သူ့ရဲ့ ခန္ဓာကိုယ်ကို မြင်လိုက်ရသည်။
သူ ခေါင်းဖြတ်ခံလိုက်ရပြီလော…
ထိုအတွေး ဝင်ရောက်လာသည်နှင့် ကျောက်ကျိ၏ အသိစိတ်အာရုံသည်လည်း အမှောင်ထုထဲသို့ ကျဆင်းသွားတော့သည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိ... နှစ်ပေါင်းများစွာ ကြာသွားသည်လား၊ သို့တည်းမဟုတ် ခဏတာမျှသာလား မကွဲပြားတော့ပေ။
ကျောက်ကျိ ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်ရာ စင်မြင့်ထက်တွင် ရပ်နေမိကြောင်း တွေ့လိုက်ရသည်။
လီချင်းချိုးက နတ်ဆရာကျန်းနှင့် ထိပ်တိုက် တွေ့နေပြီး စင်မြင့်အောက်တွင် ကျင်းဝူအစောင့်တပ်သားများဖြင့် ပြည့်နှက်နေသည်။
သူ အလိုအလျောက် ငုံ့ကြည့်လိုက်ရာ သူ့ရဲ့ ခေါင်းပြတ်နေသော အလောင်းကို တွေ့လိုက်ရသဖြင့် လွန်စွာ ထိတ်လန့်သွားသည်။ သို့သော် သူ မလှုပ်ရှားနိုင်တော့ပေ။
"ငါ ဝိညာဉ်ဖြစ်သွားတာလား... ကျင့်စဉ်က တကယ် အလုပ်ဖြစ်တာပဲ..."
တုန်လှုပ်နေဆဲဖြစ်သော ကျောက်ကျိက လီချင်းချိုးကို ကြည့်လိုက်ပြီး သူ၏ အသံကို ကြားရရန် ကြိုးစားလိုက်သည်။ သူတို့နှင့် အလွန် နီးကပ်စွာ ရှိနေသော်လည်း သူနှင့် လီချင်းချိုးတို့မှာ ကမ္ဘာမတူတော့သကဲ့သို့ ခံစားနေရသည်။
ဤသည်မှာ ယင်နှင့် ယန် ကွဲပြားခြင်းကြောင့် ဖြစ်တန်ရာ၏။ စိတ်အာရုံကို စုစည်းပြီး လီချင်းချိုးကို စူးစိုက်ကြည့်လိုက်မှသာ အသံကို စတင် ကြားလိုက်ရသည်။
"ခင်ဗျားမှာ ဘာလှည့်ကွက်တွေ ကျန်သေးလဲ... အခု ထုတ်ပြလိုက်တော့..."
နတ်ဆရာကျန်းကို လီချင်းချိုးက စိန်ခေါ်လိုက်သံကို ကြားသောအခါ ကျောက်ကျိက မထီမဲ့မြင် ပြုံးလိုက်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်လေသည်။
"မင်း တော်တော် မာန်တက်နေပါလား... နောင်တတွေနဲ့ သေပြီး ငါ့အဖော် လာလုပ်မယ့်အချိန်ကို စောင့်နေလိုက်... နတ်ဆရာက ငါ့ကို ပြန်ရှင်အောင် လုပ်ပေးနိုင်တယ်... မင်းကရော..."
လီချင်းချိုး ဤမျှ မာန်တက်လိမ့်မည်ဟု သူ ထင်မထားခဲ့သဖြင့် နတ်ဆရာကျန်းကလည်း ရယ်မောလိုက်သည်။
"ငါ့ရဲ့ မန္တန်စွမ်းရည်ကို မြင်ချင်မှတော့ သေချာ ကြည့်ထားလိုက်... ငါ့ရဲ့ ကျင့်စဉ်တွေက မင်းထက် သာလွန်မှန်း သိစေရမယ်..."
နတ်ဆရာကျန်းက အလံနက်၏ ဘေးသို့ ဆုတ်ခွာသွားပြီး ညာလက်ဖြင့် အလံတိုင်ကို ဆုပ်ကိုင်လိုက်သည်။ အောက်ခြေရှိ မီးများက ပူပြင်းစွာ တောက်လောင်နေသော်လည်း သူက လက်ကို ပြန်မရုပ်သိမ်းဘဲ ထိုအပူရှိန်ကို ဂရုမစိုက်ခဲ့ပေ။
လူတိုင်းက ဤတိုင်းပြည်ကို ဖျက်ဆီးခဲ့သော တရားခံ၊ ယုတ်မာသော ဧကရာဇ်နှင့် ပူးပေါင်းခဲ့သူကို ကြည့်ရင်း သူတို့၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
"ဂိုဏ်းချုပ်လီ... သူ့ကို မြန်မြန် သတ်လိုက်ပါ... အခွင့်အရေး မပေးပါနဲ့..."
အကျဉ်းသားတစ်ဦးက စိုးရိမ်တကြီး အော်ဟစ်လိုက်သော်လည်း
ကံဆိုးစွာဖြင့် လီချင်းချိုးက မလှုပ်မယှက် ရပ်နေဆဲပင်။
နတ်ဆရာကျန်းက လက်တစ်ဖက်ဖြင့် အလံကို ကိုင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် လက်သင်္ကေတများ လုပ်ကာ မန္တန်များကို လျင်မြန်စွာ ရွတ်ဆိုလိုက်သည့်
တစ်ခဏချင်းပင် အလံနက်ကြီး လွင့်ပျံလာပြီး ကြီးမားသော တစ္ဆေချီများ လှိမ့်ဝင်လာကာ သူ့ကိုယ်ခန္ဓာ ပတ်လည်တွင် ရစ်ပတ်သွားသည်။
ထိုတစ္ဆေချီများထဲတွင် ကျား၊ မ၊ ကြီး၊ ငယ် မရွေး များပြားလှသော သရဲတစ္ဆေများ ပေါ်လာပြီး အားလုံး၏ မျက်နှာများမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။
ကျောချမ်းဖွယ် အော်ဟစ်သံများ သဲ့သဲ့ ထွက်ပေါ်လာသည့်အခါ စင်မြင့်ပေါ်ရှိ အမတ်များ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။
ထိုအခါ ကျောက်ကျိ၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး လီချင်းချိုးကို အေးစက်စွာ ကြည့်နေမိသည်။ သေဆုံးရခြင်း၏ ကြောက်ရွံ့မှုများ လျော့ပါးသွားပြီးနောက် သူ့ရဲ့ စစ်မှန်သော စိတ်နေသဘောထား ပြန်လည် ပေါ်လာကာ မာန်တက်နေသော လီချင်းချိုးအပေါ် အထင်သေးစိတ်များ ဝင်ရောက်လာသည်။
ဒီကောင်က တကယ် တုံးတာပဲ…
လီချင်းချိုး နောင်တရပြီး ကြောက်ရွံ့သွားမည့် မျက်နှာထားကို သူ မြင်ချင်လှပြီ ဖြစ်သည်။
"ဟွန့်..."
ထိုစဉ် ကျောက်ကျိ၏ အနောက်ဘက်မှ ရယ်သံတစ်သံ ထွက်ပေါ်လာသဖြင့် သူ လန့်သွားသည်။ နောက်လှည့်ကြည့်လိုက်ရာ ဆံပင်ဖရိုဖရဲနှင့် ဝတ်ရုံဖြူဝတ် အမျိုးသမီးတစ်ဦး သူ့အနောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရပြီး
သူမက ထူးဆန်းသော အပြုံးဖြင့် သူ့ကို စိုက်ကြည့်နေသည်။
သူမ၏ အပြုံးထဲတွင် လိုချင်တပ်မက်မှုများကို ကျောက်ကျိ အာရုံခံမိလိုက်သဖြင့် ကျောချမ်းသွားသည်။
"မင်းက ဘယ်သူလဲ..."
ကျောက်ကျိက လေးနက်သော အသံဖြင့် မေးလိုက်တော့ နန်ကုန်းအာကလည်း ပြန်မေးလိုက်သည်။
"နင်က သေသွားပြီဆိုတော့ နင့်ရဲ့ တိုင်းသူပြည်သားတွေကို ပြောစရာစကား ရှိသေးလား..."
"ဘာပြောစရာ ရှိမှာလဲ... အဲဒီ အောက်တန်းစားတွေက ငါ့ဆန္ဒကြောင့် အသက်ရှင်ခွင့် ရနေကြတာ... ငါက ထာဝရအသက်ရှင်ချင်တာကို သူတို့က ကျိန်ဆဲကြတယ်... ငါ ပြန်ရှင်လာတဲ့အခါ သူတို့ နောင်တရစေရမယ်..."
ထိုစကားကို ကြားသောအခါ နန်ကုန်းအာ ခေါင်းခါလိုက်သည်။ သူမ ကျောက်ကျိကို ပြန်ကြည့်လိုက်ရာ သူမ၏ လည်ပင်း စတင် ရှည်ထွက်လာပြီး ဦးခေါင်းက လေထဲသို့ မြင့်တက်ကာ လျင်မြန်စွာ ကြီးထွားလာသည်နှင့်အမျှ သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာသည်လည်း မြွေတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ် ပြောင်းလဲသွားလေသည်။
ကျောက်ကျိ ခေါင်းမော့ကြည့်လိုက်ရာ မလှုပ်ရှားနိုင်တော့ဘဲ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်လာသည်။
"မင်း... မင်း ဘာလုပ်မလို့လဲ..."
ကျောက်ကျိက တုန်ယင်သော အသံဖြင့် မေးလိုက်တော့ နန်ကုန်းအာက သူ့ကို ငုံ့ကြည့်ပြီး …..
"သူတို့က အောက်တန်းစားတွေ မဟုတ်ဘူး... နင် နန်းမတက်ခင်က ဒီလောကက ပြည်သူတွေဟာ ငါ့ခမည်းတော် ဧကရာဇ်ရဲ့ တန်ဖိုးအထားရဆုံး အရာတွေပဲ..."
ထိုသို့ ပြောပြီးနောက် သူမက ချက်ချင်းပင် အောက်သို့ ထိုးဆင်းလာပြီး ကျောက်ကျိ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ ဝိညာဉ်ကို တစ်လုပ်တည်း မျိုချခံလိုက်ရလေသည်။
လီချင်းချိုးက သူတို့ကို ကျောပေးထားသော်လည်း နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်နေသည်။ သူ့ အကြည့်က နတ်ဆရာကျန်းထံမှ ခွာမသွားပေ။
နတ်ဆရာကျန်း၏ ပတ်လည်ရှိ တစ္ဆေအငွေ့အသက်များ ပိုမို အားကောင်းလာပြီး တစ္ဆေမြူခိုးများအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ မြင့်တက်လာသည်။ လူတိုင်းက သူ့ကို စိုးရိမ်တကြီး ကြည့်နေကြပြီး သူ ဘာလုပ်မည်ကို စောင့်ကြည့်နေကြ၏။
ထိုအချိန်တွင် ကျင်းဝူအစောင့်တပ်သား တစ်ဦးက ရင်ဘတ်ကို ရုတ်တရက် ဖိလိုက်ပြီး စကားမပြောနိုင်ခင်မှာပင် ဘေးနားရှိ အခြား ကျင်းဝူအစောင့်တပ်သားများနှင့် နတ်စစ်သည်များလည်း ရင်ဘတ်ကို ဖိ၍ လဲကျကုန်ကြသည်။
ဘုန်း...ဘုန်း..ဘုန်း
နောက်ထပ် ကျင်းဝူအစောင့်တပ်သား တစ်ဦး ဒူးထောက်ကျသွားပြီး ပြင်းထန်သော နာကျင်မှုကို ခံစားနေရသကဲ့သို့ တုန်ယင်နေသည်။
ဤမြင်ကွင်းများက အကျဉ်းသားများ၊ နန်းတွင်းအစောင့်တပ်များ၊ အမတ်များနှင့် အခြားသူများကို ထိတ်လန့်သွားစေသည်။ ဘာဖြစ်နေမှန်း နားမလည်ကြသဖြင့် မသိနားမလည်သော အန္တရာယ်က သူတို့ကို ပို၍ ကြောက်ရွံ့စေသည်။
အချို့အကျဉ်းသားများက ထိုအခြေနေကို အခွင့်ကောင်းယူ၍ ရှေ့မှ အစောင့်များကို တိုက်ခိုက်ကာ ထွက်ပြေးရန် ကြိုးစားကြသဖြင့် ရင်ပြင်တစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်ကုန်သည်။
နတ်ဆရာကျန်းကမူ ထိုပရမ်းပတာ အခြေအနေကို ဂရုမစိုက်ဘဲ လီချင်းချိုးကို စိုက်ကြည့်ကာ ရူးသွပ်စွာ ရယ်မောလိုက်သည်။
"လီချင်းချိုး... မင်းရဲ့ မာန်မာနအတွက် မကြာခင် ပေးဆပ်ရတော့မယ်... ငါ့ရဲ့ ဝိညာဉ်သန့်စင်အလံတော် ပြီးပြည့်စုံသွားပြီ... မျှော်လင့်ချက်မဲ့တဲ့ခံစားချက်ကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားလိုက်..."
"မင်း သေပြီးရင် မြို့ထဲက လူတွေအကုန်လုံး မင်းနောက်ကို လိုက်ရလိမ့်မယ်... ပြီးရင် လောကကြီးက မကြုံစဖူး ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်... ငါက ပြည်နယ်တစ်ဆယ့်လေးခုလုံး လှည့်လည်သွားလာပြီး လူတိုင်းကို ဝိညာဉ်သန့်စင်အလံတော်ထဲ ထည့်ပစ်မယ်... ပြီးရင် ငါက စစ်မှန်တဲ့ ကျင့်ကြံသူ ဖြစ်လာမယ်... တစ်ဦးတည်းသော မသေမျိုး ဖြစ်လာမယ်..."
"ငါက ထာဝရအသက်ကို ရယူပြီး လောကီကမ္ဘာရဲ့ တစ်ဆူတည်းသော နတ်ဘုရား ဖြစ်လာလိမ့်မယ်... ဒီနေ့ကစပြီး ဘုရင်တွေ၊ စစ်သူကြီးတွေ အကုန်လုံး ငါ့ကို လေးစားရမယ်... လောကသားအားလုံး ငါ့ကို ကိုးကွယ်ရမယ်... ငါ့ကို နာခံတဲ့သူ ကြီးပွားပြီး ဆန့်ကျင်တဲ့သူ ပျက်စီးစေရမယ်..."
သူ ပြောလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်ပြီး ရူးသွပ်စွာ အော်ဟစ် ရယ်မောနေလေသည်။
သူ့ ရည်မှန်းချက်များကို အကုန် ထုတ်ဖော်ပြောလိုက်ရာ အမတ်များနှင့် အကျဉ်းသားများက ဒေါသတကြီး ကျိန်ဆဲကြလေသည်။
ထိုစကားများကို ကြားသော်လည်း လီချင်းချိုး မအံ့သြဘဲ ဝင်ရောက် တိုက်ခိုက်ခြင်း မပြုဘဲ ရပ်ကြည့်နေလိုက်သည်။
ကျင်းဝူအစောင့်တပ်သားများနှင့် နတ်စစ်သည်များ တစ်ယောက်ပြီး တစ်ယောက် မြေကြီးပေါ်သို့ လဲကျကုန်ပြီး သူတို့၏ ရုပ်ခန္ဓာထဲမှ ဝိညာဉ်များ ထွက်ခွာသွားကာ ဝိညာဉ်သန့်စင်အလံတော်ဆီသို့ ပျံသန်းသွားကြသည်ကိုမြင်နေရသည်။
တကယ်ပါလား…
လီချင်းချိုး ဒီနေရာသို့ ရောက်လာစဉ်ကတည်းက ကျင်းဝူအစောင့်တပ်သားများနှင့် နတ်စစ်သည်များ၏ ကိုယ်ပေါ်ရှိ ထူးခြားသော ဝိညာဉ်အမှတ်အသားများကို သတိထားမိခဲ့သည်။ ထိုအရာက သိုင်းနတ်ဘုရားဆေးလုံး၊ ယင်းဝိညာဉ်ဆေးလုံးနှင့် အခြား လျှို့ဝှက်ဆန်းကြယ်သော ဆေးလုံးများနှင့် ဆက်စပ်နေမည်ဟု သူ ခန့်မှန်းခဲ့သည်။
သိုင်းပညာရှင်များ၏ စွမ်းအားကို တိုးမြှင့်ပေးသည်ဟု ဆိုသော ထိုဆေးလုံးများက အမှန်တကယ်တော့ သူတို့၏ ဝိညာဉ်များကို စုပ်ယူရန် ပြုလုပ်ထားခြင်း ဖြစ်သည်။
လီချင်းချိုးက နတ်ဆရာကျန်း၏ လုပ်ရပ်ကို တမင်တကာ ခွင့်ပြုပေးခဲ့ပြီး ဤကျင်းဝူအစောင့်တပ်သားများနှင့် နတ်စစ်သည်များကို အပြစ်ပေးရန် အခွင့်ကောင်း ယူလိုက်ခြင်း ဖြစ်သည်။
ဆန္ဒပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ... သူတို့က ကျောက်ကျိအတွက် လူအများအပြားကို သတ်ဖြတ်ခဲ့သဖြင့် ဝဋ်လည်သင့်ပေသည်။
ဝိညာဉ်သန့်စင်အလံတော် ပတ်လည်ရှိ တစ္ဆေမြူခိုးများထဲသို့ ဝိညာဉ်များ ပိုမို ဝင်ရောက်လာသည်နှင့်အမျှ ကြောက်မက်ဖွယ် ဖိအားတစ်ခု ထွက်ပေါ်လာသည်။
ရင်ပြင်ထဲရှိ ကျင်းဝူအစောင့်တပ်သားများနှင့် နတ်စစ်သည်များ သာမက မြို့တော် အရပ်မျက်နှာအနှံ့မှ ဝိညာဉ်များသည်လည်း လူသားတို့ မြင်နိုင်သော ပုံစံဖြင့် ပျံသန်းဝင်ရောက်လာကြသည်။
မရေမတွက်နိုင်သော ဝိညာဉ်များ နန်းတော်အထက်တွင် ပျံဝဲနေသည်ကို မြင်လိုက်ရသောအခါ မြို့သူမြို့သားများနှင့် အရာရှိများမှာ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
ပြင်းထန်သော လေမုန်တိုင်း တစ်ခု စင်မြင့်ပေါ်တွင် တိုက်ခတ်လာရာ အကျဉ်းသားများမှာ အောက်သို့ ဆင်းပြေးရန် ကြိုးစားနေကြသည်။
ချင်းရှောင်ဘိုးဘေးက မြေပြင်ပေါ်တွင် ဒူးထောက်လျက် လီချင်းချိုး၏ ကျောပြင်ကို ကြည့်ကာ ….
"မင်းနဲ့... လင်းရွှန်းဖုန်းက ဘယ်လို ပတ်သက်လဲ..."ဟု မေးလိုက်သည်။
လီချင်းချိုးက ခေါင်းလှည့်ပြီး မျက်လုံးထောင့်မှနေ၍ ပိန်လှီနေသော အဘိုးအိုကို တစ်ချက်ကြည့်လိုက်သည်။
ချင်းရှောင်ဘိုးဘေး ပါးစပ်ဟလိုက်သော်လည်း မေးချင်သော စကားလုံးများ လည်ချောင်းဝတွင် တစ်ဆို့နေပြီး အပြစ်ရှိစိတ်များသာ ရင်ထဲတွင် ပြည့်နှက်နေသည်။
လီချင်းချိုးက နတ်ဆရာကျန်းဘက်သို့ ပြန်လှည့်လိုက်သည်။
လီချင်းချိုး လှုပ်ရှားခြင်း မရှိသေးသည်ကို မြင်သောအခါ နတ်ဆရာကျန်း စိုးရိမ်လာသော်လည်း ကျမ်းစာထဲတွင် ရေးသားထားသော ဝိညာဉ်သန့်စင်အလံတော်၏ စွမ်းအားကို တွေးမိပြီး ယုံကြည်မှု ပြန်ရလာသည်။ထိုအခါ မာန်တက်သော အပြုံး ပြန်ပေါ်လာပြီး တစ္ဆေချီများ လွှမ်းခြုံထားသဖြင့် သူ့ရဲ့ မျက်လုံးအိမ်များမှာ အနီရောင် ပြောင်းသွားကာ မိစ္ဆာတာအိုဆရာနှင့် ပိုတူလာသည်။
ထိုအချိန်တွင်...
ပုံရိပ်တစ်ခု လီချင်းချိုးကို ကျော်ဖြတ်ပြီး နတ်ဆရာကျန်းထံသို့ ပြေးဝင်သွားလေသည်။
ထိုသူမှာ ချင်းရှောင်ဘိုးဘေး ဖြစ်ပေသည်။
ဖတ်…
ချင်းရှောင်ဘိုးဘေး၏ ပခုံးကို လက်တစ်ဖက်က ဖိထားလိုက်သဖြင့် သူ ရှေ့ဆက်မတိုးနိုင်တော့ပေ။ သူ အလိုအလျောက် နောက်လှည့်ကြည့်လိုက်ရာ လီချင်းချိုး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ငါ့မှာ အချိန် သိပ်မကျန်တော့ဘူး... နောက်ဆုံးအကြိမ် ကူညီပါရစေ..."
ချင်းရှောင်ဘိုးဘေးက အံကြိတ်၍ ပြောလိုက်သော်လည်း လီချင်းချိုးက တည်ငြိမ်စွာဖြင့်….
"အချိန်မရှိတော့ဘူးဆိုတာ ဘာစကားလဲ... ခင်ဗျားကို ချင်းရှောင်တောင် ပြန်ခေါ်သွားပြီး ကုပေးလိုက်ရင် အားလုံး အဆင်ပြေသွားမှာပါ..."
သူ့ရဲ့ အကြားအာရုံ ကောင်းမွန်လွန်းသဖြင့် စောစောက အကျဉ်းသားများ တီးတိုးပြောနေသည်ကို ကြားခဲ့ရပြီး ချင်းရှောင်ဘိုးဘေး၏ အခြေနေကို သိရှိခဲ့ပြီး ဖြစ်သည်။
လီချင်းချိုးအနေနှင့် ဤဂိုဏ်းဘိုးဘေးအပေါ် သံယောဇဉ် သိပ်မရှိသော်လည်း လစ်လျူရှုထားရလောက်အောင်တော့ မရက်စက်ပေ။
သူက ချင်းရှောင်ဘိုးဘေးကို သူ့အနောက်သို့ ဆွဲပို့လိုက်တော့ ချင်းရှောင်ဘိုးဘေးက ကြောင်ငေးကြည့်နေပြီး မေးလိုက်လေသည်။
"မင်း ဘာကို စောင့်နေတာလဲ..."
လီချင်းချိုးက နတ်ဆရာကျန်းကိုသာ စိုက်ကြည့်ပြီး…..
"ဒီအလံက မဆိုးဘူးပဲ... သဘောကျတယ်..."
ထိုစကားကြောင့်
ချင်းရှောင်ဘိုးဘေး မျက်လုံးပြူးသွားပြီး ခေါင်းထဲတွင် မူးဝေသွားသည်။
လီချင်းချိုးအပေါ် သူ့ရဲ့ အကဲခတ်မှုများ မှားယွင်းနေကြောင်း ရုတ်တရက် သဘောပေါက်လိုက်မိသည်။
ထိုစကားကို ကြားသောအခါ နတ်ဆရာကျန်း၏ အကြည့်များ အေးစက်သွားသည်။ လီချင်းချိုး ဤမျှ လောဘကြီးလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
"ငါ့ရဲ့ ဝိညာဉ်သန့်စင်အလံတော်ကို မျက်စိကျနေတယ်ပေါ့... ဒါဆိုရင် တစ္ဆေလမ်းစဉ်ရဲ့ စွမ်းအားကို မြည်းစမ်းကြည့်လိုက်..."
နတ်ဆရာကျန်းက ဟိန်းဟောက်လိုက်ပြီး အလံကို လီချင်းချိုးထံ ဝှေ့ယမ်းလိုက်သည့် တစ်ခဏချင်းပင် တစ္ဆေချီလှိုင်းလုံးကြီးများ လီချင်းချိုးနှင့် သူ့အဖော်ထံသို့ တိုးဝင်လာပြီး ထိုအထဲမှ သရဲတစ္ဆေများ ထွက်ပေါ်လာကာ အစွယ်များကို ထုတ်ဖော်၍ ကုတ်ခြစ်ရန် ပြင်လိုက်ကြသည်မှာ ငရဲပြည်မှ မကောင်းဆိုးဝါးများ ထွက်ပေါ်လာသလိုပင်။
ထိုမြင်ကွင်းကြောင့်
ချင်းရှောင်ဘိုးဘေးလည်း ကြောက်လန့်တကြား မျက်လုံးပြူးနေမိသည်။
လီချင်းချိုးက နောက်မဆုတ်သည့်အပြင် ရှေ့သို့ တိုးဝင်လိုက်ပြီး ဓားကို ဆွဲထုတ်ကာ နတ်ဆရာကျန်းရှိရာသို့ လျှောက်သွားလိုက်လေရာ
မရေမတွက်နိုင်သော မိစ္ဆာဝိညာဉ်များသည် လီချင်းချိုးနှင့် ထိတွေ့သည်နှင့် ချက်ချင်း ပျောက်ကွယ်သွားကြသည်။ သူသည် ဓားဖြင့် ခွဲလိုက်သကဲ့သို့ တစ္ဆေမြူခိုးများကို ခန္ဓာကိုယ်ဖြင့် တွန်းဖယ်ကာ လျှောက်လှမ်းနေသဖြင့်
နတ်ဆရာကျန်း မျက်လုံးပြူးသွားပြီး မြင်နေရသည်ကို မယုံကြည်နိုင်အောင် ဖြစ်သွားလေသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
နတ်ဆရာကျန်းက တုန်ယင်သော အသံဖြင့် အော်ဟစ်လိုက်ပြီး အလံကို ကမန်းကတန်း ထပ်မံ ဝှေ့ယမ်းလိုက်ရာ တစ္ဆေချီလှိုင်းများ လီချင်းချိုးထံသို့ ထပ်မံ တိုးဝင်သွားသော်လည်း ဆက်တိုက် ပျက်ပြယ်သွားကြပြန်သည်။
"မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး..."
နတ်ဆရာကျန်းက အလံကို ပိုမို မြန်ဆန်စွာ ဝှေ့ယမ်းလိုက်သော်လည်း သူ့ရဲ့ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်လာပြီး နဖူးပေါ်တွင် ချွေးစေးများ စီးကျလာသည်။
လီချင်းချိုး တစ်လှမ်းချင်းစီ တိုးကပ်လာလေ သူ ကြောက်ရွံ့တုန်လှုပ်လာလေပင်။ သူက ဝိညာဉ်သန့်စင်အလံတော်ကို ရှေ့တွင် ကာထားပြီး လီချင်းချိုးကို တားဆီးရန် ကြိုးစားလိုက်၏။
"သိုင်းကျင့်တုန်းက ခန္ဓာကိုယ်ထဲက ချီစွမ်းအင်ကို မထိန်းချုပ်နိုင်သလို ခံစားရဖူးလား... မန္တန်ကျင့်တော့ရော အဓိကအချက် ပျောက်နေသလို ခံစားရလား..."
လီချင်းချိုး ရပ်တန့်လိုက်ပြီး သူ့ကို စိုက်ကြည့်ကာ အေးစက်စွာ မေးလိုက်တော့
နတ်ဆရာကျန်း၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး အံကြိတ်လျက်နှင့်…..
"မင်း ဘယ်လိုသိတာလဲ..."ဟု ပြန်မေးလိုက်သည်။
ထိုအခါ လီချင်းချိုးက နှာခေါင်းရှုံ့လိုက်ပြီး …..
"ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ ပါရမီနဲ့ ဉာဏ်ရည်က ညံ့လွန်းလို့လေ... လူတွေ အများကြီးကို သတ်ပြီးတာတောင် မူလအားဖြည့်နယ်ပယ် တတိယအဆင့်ပဲ ရှိသေးတယ်... ဒါပေမဲ့ ဆေးဖော်တဲ့ နေရာမှာတော့ ပါရမီ ပါပါရဲ့..."
ငါ့ရဲ့ ပါရမီနဲ့ ဉာဏ်ရည်က ညံ့တယ် ဟုတ်လား…
နတ်ဆရာကျန်းခင်မျာ အကြီးအကျယ် စော်ကားခံလိုက်ရသဖြင့် ဒေါသထွက်သွားပြီး အလံကို မြှောက်၍ လီချင်းချိုးကို ရိုက်ချလိုက်လေသည်။
ရွှတ်…..
ထိုစဉ် ဓားအလင်းတန်း တစ်ချက် လက်သွားပြီးနောက် နတ်ဆရာကျန်း၏ ခေါင်းပြတ် လေထဲသို့ လွင့်တက်သွားသော်လည်း မျက်နှာပေါ်တွင် ဒေါသနှင့် ရက်စက်ကြမ်းကြုတ်သော အမူအရာများ ကျန်ရစ်နေဆဲပင်။
လီချင်းချိုးက ဘယ်လက်ဖြင့် ဝိညာဉ်သန့်စင်အလံတော်ကို သဘာဝကျကျ လှမ်းယူလိုက်တော့ အလံတော် အတွင်းရှိ အားကောင်းသော တစ္ဆေချီများကို အာရုံခံမိလိုက်သဖြင့် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားလေသည်။