← Chapters

တစ်လောကလုံး ပြောစမှတ်တွင်ခြင်း

Vol. 14 Ch. 135

တစ်လောကလုံး ပြောစမှတ်တွင်ခြင်း

Vol. 14 Ch. 135

လက်ရှိအချိန်ထိ သူ့စိတ်ကြိုက်ဖြစ်မည့် တပည့်ကို မတွေ့ရှိသေးသော်လည်း ကံကြမ္မာ ရွေးချယ်ခွင့် တစ်ကြိမ် ရရှိလိုက်ခြင်းက လီချင်းချိုးကို အလွန် ကျေနပ်စေသည်။

သူ ဘေးဘက်သို့ လှမ်းကြည့်လိုက်ရာ ချူကျင်း၊ နန်ကုန်းအာနှင့် လင်းချွမ်တို့ ဟွမ်ယွမ်ကျမ်းစာကို လေ့ကျင့်နေကြသည်ကို တွေ့လိုက်ရသည်။ ချူကျင်းက အားကောင်းသော ပါရမီကို ထုတ်ပြလျက်ရှိပြီး ကျင့်ကြံမှု အရှိန်အဟုန်က နန်ကုန်းအာနှင့် လင်းချွမ်တို့ထက် များစွာ သာလွန်နေသဖြင့် လီချင်းချိုး သဘောကျသွားသည်။

ဤဝိညာဉ်သုံးကောင်က အနာဂတ်တွင် သူ့အတွက် အားထားရသော အင်အားစုများ ဖြစ်လာပေလိမ့်မည်။

လင်းချွမ်က သတင်းအချက်အလက် စုဆောင်းရေး၊ နန်ကုန်းအာက ပြဿနာများကို ရှင်းလင်းရေးနှင့် ချူကျင်းက တိုက်ခိုက်ရေးတာဝန်များကို ယူထားကြသည်။

လီချင်းချိုးက မလှုပ်ရှားမီ ရန်သူ၏ အင်အားကို နားလည်အောင် အရင်လုပ်လေ့ရှိသည်။ ရန်သူဘက်က အားနည်းကြောင်း သေချာပါက တွန့်ဆုတ်မနေဘဲ ချက်ချင်း လှုပ်ရှားကာ ရန်သူကို အဆိုးရွားဆုံး အကျိုးဆက်များနှင့် ရင်ဆိုင်စေလေ့ ရှိသည်။

သူ အကြည့်လွှဲလိုက်ပြီး မဟာနတ်ဆိုးသတ် ရွှေရောင်လက်ဝါး သိုင်းကွက်ကို စတင် လေ့ကျင့်လိုက်သည်။

မဟာနတ်ဆိုးသတ် ရွှေရောင်လက်ဝါးက တိုက်ခိုက်ရေး မန္တန်တစ်ခု ဖြစ်ပြီး ခန္ဓာကိုယ်အတွင်း၌ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တစ်ခုကို ဦးစွာ တည်ဆောက်ရန် လိုအပ်သည်။

တားမြစ်စည်းက အသုံးပြုသူကို ဂါထာရွတ်ခြင်း သို့မဟုတ် လက်သင်္ကေတပြခြင်းများ ပြုလုပ်ရန် မလိုအပ်ဘဲ ရန်သူကို အလစ်အငိုက် ဖမ်း၍ တိုက်ခိုက်နိုင်သည်။ ၎င်း၏ စွမ်းအားကိုမူ လက်တွေ့ တိုက်ပွဲတွင် စမ်းသပ်ကြည့်ရမည် ဖြစ်သည်။

မဟာနတ်ဆိုးသတ် ရွှေရောင်လက်ဝါးသက သူ ဖွင့်လှစ်ခဲ့သော အမွေအနှစ် ဆုလာဘ် သုံးခုအနက် တစ်ခု ဖြစ်သည်။ ကျန် အမွေအနှစ် ဆုလာဘ် နှစ်ခုမှာ "ဓာတ်ကြီးငါးပါး လျှို့ဝှက်နှလုံးသား မီးတောက်" နှင့် "ကျောက်စိမ်းသန့်စင် တားမြစ်စည်း လက်စွဲကျမ်း" တို့ ဖြစ်ကြသည်။

ဤဆုလာဘ်နှစ်ခုက အလွန် ကောင်းမွန်ပြီး ချင်းရှောင်ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

ဓာတ်ကြီးငါးပါး လျှို့ဝှက်နှလုံးသား မီးတောက်ကို တိုက်ပွဲတွင်သာမက လက်နက်သွန်းလုပ်ခြင်းနှင့် ဆေးဖော်စပ်ခြင်းတို့တွင်လည်း အသုံးပြုနိုင်သည်။ ကျောက်စိမ်းသန့်စင် တားမြစ်စည်း လက်စွဲကျမ်းတွင်မူ မှော်ရတနာ အမျိုးမျိုးအတွက် တားမြစ်စည်း နည်းလမ်းများ ပါဝင်သည်။ ဤလက်စွဲကျမ်းကို တတ်မြောက်ပါက တိုက်ခိုက်စွမ်းရည် တစ်စုံတစ်ရာ ရရှိစေပြီး လူပုဂ္ဂိုလ်အတွက်ရော ဂိုဏ်းအတွက်ပါ အကျိုးရှိစေမည်။

လီချင်းချိုးက မန္တန်သုံးမျိုးစလုံးကို ရေးချထားလိုက်ပြီး

ကျောက်စိမ်းသန့်စင် တားမြစ်စည်း လက်စွဲကျမ်းကို ဝိညာဉ်စုစည်းမှု အစီအရင် ဖန်တီးခဲ့သော ကျူးယန်နှင့် မင်းကွမ်းတို့ကို ပေးအပ်လိုက်သည်။ ထိုအခါ သူတို့နှစ်ဦး အလွန် ဝမ်းသာသွားကြပြီး အထူးသဖြင့် မင်းကွမ်း၏ သစ္စာရှိမှုနှုန်းမှာ ၉၆ အထိ မြင့်တက်သွားသည်။

ချူကျင်းသည်လည်း သူ ရရှိထားသော ကောင်းကင်ဖာထေးခြင်း မဟာအစီအရင်ကို ရေးချပေးခဲ့သည်။ ဤအစီအရင်က မြေအောက်ရှိ ဝိညာဉ်ချီများကို ဆွဲယူနိုင်စွမ်း ရှိသဖြင့် ရေရှည်စီမံကိန်းတစ်ခုကို အကြံရစေခဲ့သည်။ ၎င်းမှာ ထိုက်ခွန်းတောင်တန်း တစ်ခုလုံးကို ကောင်းကင်ဖာထေးခြင်း မဟာအစီအရင်ဖြင့် ဝန်းရံထားရန် ဖြစ်သည်။

အနာဂတ်တွင် ကာကွယ်ရေး ယန္တရားတစ်ခု ဖြစ်ပေါ်လာစေရန် နောက်ထပ် အစီအရင်များကို ကောင်းကင်ဖာထေးခြင်း မဟာအစီအရင်ထဲသို့ ထည့်သွင်းနိုင်သည်။

ကျောက်ကျိကို သတ်ဖြတ်ပြီးနောက် လီချင်းချိုးအတွက် လုပ်စရာများ ပိုမို များပြားလာသဖြင့် ပို၍ စိတ်တက်ကြွလာသည်။

မြေအောက် ဝိညာဉ်ရေကန်တွင် နှစ်ရက်ကြာ လေ့ကျင့်ပြီးနောက် လီချင်းချိုး ထွက်ခွာလာခဲ့သည်။

ကောင်းကင်သက်တံဓားသည် သူ့နောက်တွင် ဝဲပျံနေဆဲပင်…. သူက ဓားကို ဓားအိမ်ထဲ မထည့်ဘဲ ထားလိုက်သည်။ တပည့်များ မြင်လျှင် ပိုကောင်းမည် ဖြစ်ပြီး ချင်းရှောင်ဂိုဏ်းအပေါ် သူတို့၏ အမြင်ကို တဖြည်းဖြည်း ပြောင်းလဲစေနိုင်သည်။

လင်းချွမ်နှင့် နန်ကုန်းအာတို့လည်း အနောက်မှ လိုက်ပါလာရင်း သူတို့၏ ကျင့်ကြံမှုဆိုင်ရာ အသိအမြင်များကို ဖလှယ်နေကြသည်။

တောင်ထိပ်သို့ ရောက်သောအခါ လီချင်းချိုး လမ်းလျှောက်ရင်း ရှုခင်းများကို ခံစားနေခဲ့သည်။

မကြာသေးမီက ချင်းရှောင်ဂိုဏ်းတွင် လမ်းဖောက်လုပ်ခြင်း လုပ်ငန်းကို ပြန်လည် စတင်ခဲ့ပြီး တောင်ပေါ်သို့ ယာဉ်များနှင့် မြင်းများ အလွယ်တကူ တက်ရောက်နိုင်ရန် လမ်းကျယ်ကြီး ဖောက်လုပ်ရန် ပြင်ဆင်နေသည်။

လီချင်းချိုးက နတ်ဆရာကျန်း၏ သိုလှောင်အိတ်ကို အသုံးပြု၍ မြို့တော်မှ ငွေကြေး အမြောက်အမြား သယ်ဆောင်လာခဲ့သဖြင့် ကျန်းယွီချွန်း အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။ လမ်းတစ်လမ်းမက ဆယ်လမ်း ဖောက်လုပ်လျှင်ပင် ပြဿနာ မရှိတော့ပေ။

လီချင်းချိုးက နန်းတော်ထဲမှ ငွေကြေးအားလုံးကို ယူမလာဘဲ အချို့ကို ချန်ထားခဲ့သည်။ နောင်တွင် မည်သူ ရရှိမည် ဆိုသည်မှာ ကံတရားအပေါ်တွင်သာ မူတည်တော့သည်။

ခဏအကြာတွင် မသေမျိုး လိုဏ်ဂူအကြောင်း စဉ်းစားမိလိုက်သည်။

ချူကျင်း၏ ကောင်းကင်ဖာထေးခြင်း မဟာအစီအရင်တွင် မသေမျိုး လိုဏ်ဂူ တည်ဆောက်နည်း ပါဝင်သည်။ သူ စမ်းသပ် တည်ဆောက်ကြည့်နိုင်မည်ဟု ခံစားမိပြီး တိုက်ဆိုင်စွာပင် ချင်းရှောင်ဂိုဏ်း၌လည်း ဝိညာဉ်စုစည်းမှု အစီအရင်ကို ဖန်တီးထားပြီး ဖြစ်သည်။

မသေမျိုး လိုဏ်ဂူ အရေအတွက် တိုးပွားလာသည်နှင့်အမျှ တပည့်များကို ချင်းရှောင်တောင်မှ ခွဲထွက်စေပြီး ထိုက်ခွန်းတောင်တန်း တစ်ခုလုံးကို ဖြန့်ကြက် နေရာယူစေကာ ချင်းရှောင်ဂိုဏ်း၏ သတင်းကွန်ရက်ကို ချဲ့ထွင်နိုင်သည်။

မသေမျိုး လိုဏ်ဂူများကို တောင်များနှင့် ရေကန်များ အနီးတွင် တည်ဆောက်ခြင်းက ကောင်းကင်မြေကြီး ဝိညာဉ်ချီများကို ဆွဲယူရန် အကောင်းဆုံး ဖြစ်သည်။

အကယ်၍ မသေမျိုး လိုဏ်ဂူ နှစ်ခု နီးကပ်လွန်းလျှင် တစ်ခုနှင့်တစ်ခု အနှောင့်အယှက် ဖြစ်စေပြီး ဝိညာဉ်ချီ စုစည်းမှု စွမ်းရည်ကို ထိခိုက်စေနိုင်သည်။

လီချင်းချိုး၏ အတွေးများ လွင့်မျောနေသော်လည်း

လမ်းတစ်လျှောက်ရှိ တပည့်များက သူ့နောက်တွင် ဝဲပျံနေသော ကောင်းကင်သက်တံဓားကို မြင်လိုက်ရသောအခါ မျက်လုံးပြူးသွားကြပြီး အချို့က မျက်စိမှားနေသလားဟု တွေးကာ မျက်လုံးများကို ပွတ်သပ်ကြည့်နေကြသည်။

လီချင်းချိုး မျက်မှောင်ကြုတ်ကာ တွေးတောနေသည်ကို မြင်သောအခါ မည်သည့်တပည့်မျှ မနှောင့်ယှက်ရဲကြပေ။

ကျန်းယန်မြို့တော် တိုက်ပွဲက လီချင်းချိုး၏ ဂုဏ်သတင်းကို အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။ မျက်မြင်ကိုယ်တွေ့ မကြုံဖူးသူများက မေးခွန်းထုတ်ကြသော်လည်း အနည်းဆုံး ချင်းရှောင်တောင်ပေါ်တွင် မည်သူမျှ သံသယ မဝင်ရဲကြပေ။

လီချင်းချိုး လင်းရှောင်ခြံဝင်းသို့ ပြန်ရောက်သောအခါ ကောင်းကင်သက်တံဓား သူ့အလိုလို ပျံဝဲနေသည့် သတင်း ပျံ့နှံ့သွားရာ တပည့်များက ဒါဟာ သိုင်းပညာလား၊ ဒါမှမဟုတ် ဓားက အသိစိတ် ရှိနေတာလားဟု ဆွေးနွေးငြင်းခုံနေကြသည်။

ထိုသတင်းကို ကြားသောအခါ ရှန်ယွဲ့ ရောက်ရှိလာပြီး ကောင်းကင်သက်တံဓား မည်သို့ ပျံဝဲနိုင်သည်ကို သရုပ်ပြခိုင်းခဲ့သည်။

လီချင်းချိုးက စားပွဲပေါ်ရှိ ကောင်းကင်သက်တံဓားကို တစ်ချက်ကြည့်လိုက်ရာ ဓားက ချက်ချင်း ပျံတက်လာသဖြင့် ရှန်ယွဲ့ မျက်လုံးပြူးသွားသည်။ ဤအရာက လီချင်းချိုးကို ရှုံးနိမ့်ခဲ့စဉ်ကထက်ပင် သူ့ကို ပို၍ တုန်လှုပ်စေသည်။

ဓားချီ သို့မဟုတ် ဓားဆန္ဒကို သူ အာရုံမခံမိပေ။ ဓားက သူ့အလိုလို ပျံတက်သွားခြင်း ဖြစ်သည်။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…

"ကျန်းယန်တိုက်ပွဲက ဓားသိုင်းအပေါ် ကျွန်တော့်ရဲ့ နားလည်မှုကို ပိုနက်ရှိုင်းသွားစေတယ်... ရလဒ်အနေနဲ့ ကောင်းကင်သက်တံဓားနဲ့ ဖော်ပြရခက်တဲ့ ဆက်နွယ်မှုတစ်ခု ဖြစ်ပေါ်လာတယ်..."

လီချင်းချိုးက နက်နဲသယောင် ဟန်ဆောင်၍ ပြောလိုက်တော့

ရှန်ယွဲ့ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လက်မြှောက် နှုတ်ဆက်ကာ လှည့်ထွက်သွားလေတော့သည်။

နောက်ပိုင်း ကာလအတော်ကြာသည်အထိ ရှန်ယွဲ့တယောက် သစ်သားဓားတစ်ချောင်းကို ကိုင်ဆောင်လျက် အတွေးနက်နေတတ်သည်ကို ဓားဂိုဏ်းတပည့်များ သတိထားမိကြသည်။

…

တုန်းလင်းစီရင်စု၊ ကျွယ်ရှန်းဂိုဏ်း၏

အဓိက ခန်းမဆောင်အတွင်း၌ …..

အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော ယန်ဝူကျင်းတယောက် လှေကားထစ်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ အတွင်းအား ကျင့်ကြံနေသည်။ သူ့ရဲ့ အတွင်းအားများ ဆူပွက်နေသဖြင့် ပတ်ဝန်းကျင်ရှိ လေထု တုန်ခါသွားသည်ကိုပင် မြင်တွေ့နေရသည်။

ထိုစဉ် လျင်မြန်သော ခြေသံများ နီးကပ်လာပြီး ဒုဂိုဏ်းချုပ် ထန်ကျီချီ ရောက်ရှိလာသည်။ သူက လှေကားထစ်များရှေ့သို့ အမြန်လျှောက်လာပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေသည်။

"ဂိုဏ်းချုပ်... သတင်းကောင်း... မယုံနိုင်လောက်တဲ့ သတင်းကောင်းပဲ ဂိုဏ်းချုပ်ရေ..."

ယန်ဝူကျင်း မျက်လုံးဖွင့်လိုက်ရာ သူ့ အကြည့်များတွင် ပင်ပန်းနွမ်းနယ်မှုများ ပါဝင်နေသည်။

"ဘာသတင်းကောင်းလဲ..."

သူသည် လွန်ခဲ့သော နှစ်အနည်းငယ်က သိုင်းလောကသို့ စတင် ဝင်ရောက်လာစဉ်ကကဲ့သို့ တက်ကြွသော လူငယ်တစ်ယောက် မဟုတ်တော့ပေ။

ကျွယ်ရှန်းဂိုဏ်းကို တည်ထောင်ခဲ့သော်လည်း အကြီးအကျယ် ရှုံးနိမ့်ခဲ့သည်။ လီချင်းချိုး၏ သဘောထားကြီးမှုကြောင့်သာ သူ အသက်ရှင်ခွင့် ရခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ကျွယ်ရှန်းဂိုဏ်းကို ပြန်လည် ထူထောင်ပြီး တုန်းလင်းစီရင်စုသို့ ရောက်လာခဲ့သော်လည်း နန်းတွင်းအာဏာကို မဆိုထားနှင့် တုန်းလင်းစီရင်စု သိုင်းလောကကိုပင် မစည်းရုံးနိုင်ခဲ့ပေ။

နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူ တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရသဖြင့် သူ့ဖခင်အတွက် လက်စားချေနိုင်ပါ့မလား၊ ကျောက်ကျိကို နဂါးပလ္လင်မှ ဆွဲချနိုင်ပါ့မလားဟု ကိုယ့်ကိုယ်ကိုယ် သံသယဝင်လာခဲ့သည်။

သိုင်းပညာကို သီးသန့်ကျင့်ကြံနေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တော့ လက်တွေ့ဘဝမှ ထွက်ပြေးတိမ်းရှောင်နေခြင်း ဖြစ်သည်။

ချင်းရှောင်ဂိုဏ်းချုပ် လီချင်းချိုးက ကျန်းယန်မြို့တော်ကို တစ်ယောက်တည်း ဝင်တိုက်ပြီး ဧကရာဇ်ကို ခေါင်းဖြတ်သတ်လိုက်ပြီ... အခု မဟာလီမင်းဆက် ဖရိုဖရဲ ဖြစ်နေပြီ…

ထန်ကျီချီက စိတ်လှုပ်ရှားစွာ ပြောလိုက်ရင်း လီချင်းချိုးအကြောင်း ပြောသောအခါ သူ့ စကားလုံးများတွင် လေးစားအားကျမှုများ ပြည့်နှက်နေသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က လီချင်းချိုးနှင့် တွေ့ဆုံခဲ့ပုံကို သူ ပြန်ပြောင်း သတိရလိုက်မိသည်။

ထိုအချိန်က လီချင်းချိုးသည် ခန့်မှန်းရခက်ပြီး လောကကြီးကို ဂရုစိုက်တတ်သူဟုသာ ခံစားခဲ့ရသည်။ လီချင်းချိုး ဤမျှ အံ့မခန်း လုပ်ရပ်ကို လုပ်ဆောင်နိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

စီရင်စုခုနစ်ခု စစ်တပ် ရှုံးနိမ့်ပြီး ပြည်သူများ စိုးရိမ်ပူပန်နေချိန်တွင် လီချင်းချိုးက ကျန်းယန်မြို့တော်သို့ တစ်ယောက်တည်း သွားရောက်ပြီး စစ်သည်ထောင်ချီကြားမှ ဧကရာဇ်ကို သတ်ဖြတ်ခဲ့ခြင်းသည် ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင်။

ထန်ကျီချီ ပထမဆုံးအကြိမ် သတင်းကြားရစဉ်က မယုံကြည်ခဲ့ပေ။ သို့သော် အကြိမ်ကြိမ် စုံစမ်းပြီးနောက် အတူတူပင် ဖြစ်နေသဖြင့် လွန်စွာ စိတ်လှုပ်ရှားသွားခဲ့သည်။

"မင်း သေချာလို့လား..."

ယန်ဝူကျင်းက အံ့သြတကြီး မေးလိုက်သည်။

လီချင်းချိုး သန်မာသည်ကို သူ သိသော်လည်း ဤမျှ သန်မာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

"ကျွန်တော် စာရေးပြီး မေးထားပါတယ်... မကြာခင် သတင်းရောက်လာပါလိမ့်မယ်... ဒါပေမဲ့ သေချာသလောက် ရှိနေပါပြီ... တောင်အောက်က မြို့တွေမှာ အကုန်လုံး ဒီအကြောင်း ပြောနေကြတာ... ဧကရာဇ်သာ အသက်ရှင်နေသေးရင် ဘယ်သူက ဒီလို ပြောရဲမှာလဲ..."

ထိုအခါ ယန်ဝူကျင်း၏ ရင်ထဲတွင် ကြီးမားသော ပျော်ရွှင်မှုများ ဖြစ်ပေါ်လာသဖြင့် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။ လီချင်းချိုး၏ ပုံရိပ်နှင့် အသံက သူ့စိတ်ထဲတွင် ပေါ်လာပြီး လီချင်းချိုးဆိုသူမှာ သက်ရှိထင်ရှား နတ်ဘုရားတစ်ပါးဖြစ်သည်ဟုပင် ခံစားလိုက်ရသည်။

"ငါတို့ စောစောစီးစီး ပြင်ဆင်ထားရမယ်... တကယ်လို့ ဒါက အမှန်ဆိုရင် လောကကြီးက ဖရိုဖရဲ ဖြစ်လာတော့မယ်... ဒါက ငါတို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ... ကျွယ်ရှန်းဂိုဏ်းကလည်း သိုင်းလောကထဲကနေ ထွက်ပေါ်လာသင့်ပြီ... အင်အားကြီး အဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့ လမ်းစ ပေါ်လာပြီ..."

ထန်ကျီချီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သိုင်းလောကသား ဖြစ်ရသည်ထက် ထန်ကျီချီက ဝန်ကြီးချုပ် ဖြစ်ချင်နေသူ ဖြစ်သည်။ ကျွယ်ရှန်းဂိုဏ်းက မျက်နှာဖုံး သက်သက်သာဖြစ်ပြီး သူတို့၏ အစီအစဉ် အစစ်အမှန်မှာ စစ်သားများ စုဆောင်းပြီး အာဏာသိမ်းရန် ဖြစ်သည်။

ယန်ဝူကျင်းက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး …..

"မင်း သွားပြင်ဆင်လိုက်... ပြီးတော့ ဂုဏ်ပြုလက်ဆောင် ပြင်ဆင်ပြီး ချင်းရှောင်ဂိုဏ်းကို ပို့လိုက်... ဂိုဏ်းချုပ်လီရဲ့ တရားမျှတတဲ့ လုပ်ရပ်အတွက် ကျေးဇူးတင်ကြောင်း ပြောလိုက်..."

"ကောင်းပါပြီ..."

ထန်ကျီချီ သဘောတူလိုက်ပြီး အမြန် ထွက်ခွာသွားပြီးနောက်

ယန်ဝူကျင်း ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ငေးငိုင်နေမိသည်။

သူသည် နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူများနှင့် တိုက်ခိုက်ဖူးပြီး သူတို့ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သိထားသည်။ ဧကရာဇ်က သိုင်းဒဏ္ဍာရီ၏ အတွင်းအားအမြုတေကိုပင် ရရှိထားသည်ဟု ဆိုကြသည်။

ချင်းရှောင်ဂိုဏ်းရဲ့ သိုင်းပညာက မဟာနေမင်းယန်စွမ်းအင်သိုင်း ထက်တောင် ပိုစွမ်းနေတာလားဟု သူ ရုတ်တရက် သိချင်စိတ် ဖြစ်ပေါ်လာသည်။

…

ချင်းရှောင်ဂိုဏ်းချုပ် လီချင်းချိုး ဧကရာဇ်ကို လုပ်ကြံသတ်ဖြတ်လိုက်သည့် သတင်း ဆက်လက် ပျံ့နှံ့နေဆဲပင်။ အချို့က အံ့သြကြပြီး အချို့က သံသယ ဝင်ကြသော်လည်း လီချင်းချိုး၏ အမည်နာမကတော့ နေရာအနှံ့သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ပြည်နယ်အသီးသီးမှ အဆင့်မြင့် အရာရှိကြီးများမှစ၍ သာမန်ပြည်သူများအထိ လူတိုင်း ဒီအကြောင်းကို ပြောဆိုနေကြချေပြီ။

တောင်ပေါ်ရှိ ဧည့်ဂေဟာ အပြင်ဘက် စားပွဲဝိုင်းတွင် ဖုန်းသိုက်နှင့် မာယုတို့ လက်ဖက်ရည်သောက်ရင်း သိုင်းလောကသားများ လီချင်းချိုးအကြောင်း ဆွေးနွေးနေကြသည်ကို နားထောင်နေကြသည်။

သိုင်းလောကသားများက ဤကိစ္စကို သံသယ မဝင်ကြဘဲ လီချင်းချိုးကို နတ်ဘုရားသဖွယ် ကိုးကွယ်နေကြသည်။

ဖုန်းသိုက်က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး သက်ပြင်းချလိုက်ကာ…

"ငါတို့သာ စောစော မထွက်လာခဲ့ရင် နတ်ဆိုးဧကရာဇ် ခေါင်းပြတ်သွားတာကို မြင်တွေ့ရမှာ..."

ထိုအခါ မာယုက မျက်မှောင်ကြုတ်ပြီး…..

"သခင်ကြီး... ဂိုဏ်းချုပ်လီက တကယ်ပဲ အဲဒီလောက် စွမ်းတာလား..."

မြို့တော်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ဖူးသူ ဖြစ်၍ ကျန်းယန်မြို့တော်အတွင်းရှိ နန်းတွင်းအာဏာ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သူ ကောင်းစွာ သိသည်။

တစ်ယောက်တည်းနှင့် ကျန်းယန်မြို့တော်ကို ဖောက်ဝင်ပြီး ဧကရာဇ်ကိုပါ သတ်ဖြတ်နိုင်သည် ဆိုခြင်းမှာ ယုံနိုင်စရာ မရှိလောက်အောင်ပင်။

သမိုင်းတစ်လျှောက် ဤကဲ့သို့ အဖြစ်အပျက်မျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။

ယခင်က သိုင်းဒဏ္ဍာရီတောင်မှ ဤကဲ့သို့ မစွမ်းဆောင်နိုင်ခဲ့ပေ။

ဖုန်းသိုက်က ရယ်မောလိုက်ပြီး ….

"ငါလည်း မယုံနိုင်စရာလို့ ထင်တယ်... ဒါပေမဲ့ လူတိုင်းက ဒီအကြောင်း ပြောနေကြတာလေ... တစ်ယောက်ယောက်က ဂိုဏ်းချုပ်လီအတွက် တမင်တကာ ကောလာဟလ လွှင့်နေတာတော့ မဖြစ်နိုင်ဘူးမလား..."

သူလည်း ချင်းရှောင်တောင်သို့ သွားရောက်ပြီး လီချင်းချိုးကို တွေ့ဆုံရန် မစောင့်နိုင်တော့ပေ။သူ့ထံတွင် လီချင်းချိုးကို မေးချင်သော မေးခွန်းများစွာ ရှိနေသည်။

မာယုကတော့ နှုတ်ဆိတ်နေပေသည်။ သူ ချင်းရှောင်ဂိုဏ်းသို့ ရောက်ဖူးပြီး ပြန်စဉ်းစားကြည့်လိုက်သောအခါ ချင်းရှောင်ဂိုဏ်းက တကယ်ပင် ထူးခြားဆန်းကြယ်ကြောင်း သတိပြုမိလိုက်သည်။ သူ ရောက်သွားတိုင်း ကြီးမားသော အပြောင်းအလဲများကို တွေ့မြင်ရပြီး တပည့်အရေအတွက် တိုးပွားလာခြင်းက သူ့ကို အံ့သြစေခဲ့သည်။

ဂိုဏ်းတစ်ခု လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်းက ဂိုဏ်းချုပ်၏ ဦးဆောင်မှုနှင့် ကင်းကွာ၍ မရနိုင်ပေ။

"သခင်ကြီး... အနာဂတ်အတွက် ဘာအစီအစဉ် ရှိလဲ..."

မာယုက စကားလမ်းကြောင်း လွှဲပြီး မေးလိုက်တော့ ဖုန်းသိုက်က အဝေးသို့ မျှော်ကြည့်ပြီး…..

"ဧကရာဇ် တကယ် သေသွားပြီဆိုရင် ပရမ်းပတာ ခေတ်ကြီး ရောက်လာတော့မယ်... စစ်ဘုရင်တွေ အများကြီး ပေါ်လာလိမ့်မယ်... ငါ ချင်းရှောင်ဂိုဏ်းကို ခဏလောက် သွားနေပြီး လောကအခြေအနေကို စောင့်ကြည့်သင့်တယ်... ဖြစ်နိုင်ရင် ပညာရှိတဲ့ မင်းတစ်ပါးကို ရွေးချယ်ပြီး လောကကြီးကို အမြန်ဆုံး ငြိမ်းချမ်းအောင် ကြိုးစားချင်တယ်..."

ထိုစကားကြောင့် မာယု ပြုံးလိုက်မိသည်။ ဖုန်းသိုက် တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားမည်ကို သူ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

သူသည် ဖုန်းသိုက်အပေါ် သစ္စာရှိသော်လည်း ဖုန်းသိုက် အာဏာနှင့် စည်းစိမ် ရရှိပါက သူလည်း အကျိုးခံစားရမည် ဖြစ်သဖြင့် မျှော်လင့်နေမိသည်။

"ခင်ဗျားတို့လည်း ချင်းရှောင်တောင်ကို သွားကြမလို့လား..."

ထိုစဉ် မီးခိုးရောင် ဝတ်ရုံဝတ် အဘိုးအိုတစ်ဦး လမ်းလျှောက်လာပြီး ဖုန်းသိုက်၏ ညာဘက်တွင် ဝင်ထိုင်ကာ မေးလိုက်တော့ မာယုက မျက်မှောင်ကြုတ်လိုက်ပြီး စားပွဲပေါ်ရှိ ဓားကို ဆုပ်ကိုင်ကာ ပြန်မေးလိုက်သည်။

"ခင်ဗျားက ဘယ်သူလဲ... ဘာလိုချင်လို့လဲ..."

"ကြောက်စရာ မလိုပါဘူး... ကျုပ်လည်း ချင်းရှောင်ဂိုဏ်းသားပါ...ချင်းရှောင်ဂိုဏ်းကို ပြန်ချင်လို့ မင်းတို့နဲ့ လိုက်ခဲ့လို့ ရမလား..."

"ခင်ဗျား လမ်းမသိလို့လား..."

"ကျုပ် တကယ် လမ်းမသိလို့ပါ..."

"ဟားဟား... ခင်ဗျား နောက်နေတာလား..."

"အမှန်အတိုင်း ပြောရရင် ကျုပ်က ချင်းရှောင်ဘိုးဘေးပါ... မဟာဘိုးဘေးဧကရာဇ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး နှစ်ပေါင်း ၃၀ ကြာ ထောင်ကျနေခဲ့တာ... ကျုပ်တပည့်က ဧကရာဇ်ကို သတ်ပြီးနောက် လုပ်စရာတွေ ရှိသေးလို့ ကျုပ်ကို တစ်ယောက်တည်း ပြန်လွှတ်လိုက်တာ... ဒါပေမဲ့ ကျုပ်က လမ်းကို ဘယ်လိုလုပ် မှတ်မိတော့မှာလဲ..."

"ဂိုဏ်းချုပ်လီက ခင်ဗျားရဲ့ မြေးတပည့်လား..."

မာယု လန့်သွားပြီး ဖုန်းသိုက်လည်း အံ့အားသင့်သွားချေတော့သည်။

All Chapters