သိုင်းဒဏ္ဍာရီ၏ မျိုးဆက်များ
Vol. 14 Ch. 137
ကျန်းဖိန် ဤမျှ မာကျောလိမ့်မည်ဟု ချင်းရှောင်ဘိုးဘေး ထင်မထားခဲ့သဖြင့် အံ့အားသင့်သွားသည်။ သာမန်တပည့်ဟု ထင်ရသော ဤကောင်လေးသည် ဂိုဏ်းချုပ်ကို လေးစားသောစိတ်ဖြင့် ဘိုးဘေးများကိုပင် ဂရုမစိုက်သည်မှာ အံ့သြစရာပင်။
"မင်း တော်ပါတယ်..."
ချင်းရှောင်ဘိုးဘေးက ကျန်းဖိန်ကို ကြည့်ပြီး ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ထိုစကားတစ်ခွန်းသာ ပြောနိုင်ခဲ့ပြီး လှည့်ထွက်သွားသည်။
ကျန်းဖိန်ကမူ ဂရုမစိုက်ပေ။ သူ့ရဲ့ အလုပ်တာဝန်များကို အမြန်ဆုံး ပြီးအောင်လုပ်ပြီး ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ချင်နေသည်။
ရက်အနည်းငယ် ကြာသောအခါ...
ရွှမ်းရှင်းခန်းမဆောင်၏ ရှေ့ရှိ ဝါးလမ်းမပေါ်တွင် နောက်ထပ် ကျောက်တိုင်တစ်ခု စိုက်ထူလိုက်သည်။ ထိုကျောက်တိုင်တွင် ကျောက်ကျိန်းက မဟာနေမင်းယန်စွမ်းအင်သိုင်းကို ဖန်တီးခဲ့ပြီး ဂိုဏ်းအတွက် အကျိုးပြုခဲ့သည့် မှတ်တမ်းများကို ရေးထိုးထားသည်။
ထိုသတင်း လျင်မြန်စွာ ပျံ့နှံ့သွားပြီး တပည့်အများအပြားက မဟာနေမင်းယန်စွမ်းအင်သိုင်း၏ စွမ်းအားကို စူးစမ်းချင်လာကြသည်။
ကျောက်ကျိန်းသည် အသက် ၉ နှစ်သာ ရှိသေးသော်လည်း ကျင့်ကြံခြင်းလမ်းစဉ်တွင် ကျောက်တိုင်စိုက်ထူခံရသည်အထိ စွမ်းဆောင်နိုင်ခဲ့ခြင်းမှာ ရယ်စရာကိစ္စ မဟုတ်ပေ။ ဂိုဏ်းအတွင်း၌ ကိုယ်ပိုင်သိုင်းပညာနှင့် ကျင့်စဉ်များကို ဖန်တီးခဲ့သော ပါရမီရှင်များစွာ ရှိသော်လည်း ကျောက်ကျိန်းတစ်ယောက်တည်းသာ ကျောက်တိုင် စိုက်ထူခံရခြင်း ဖြစ်သည်။
တပည့်ရင်း အချို့က သူတို့၏ လုပ်ဆောင်ချက် အမှတ်များဖြင့် ကျမ်းစာဆောင်မှ မဟာနေမင်းယန်စွမ်းအင်သိုင်းကို ငှားရမ်းပြီး လေ့လာကြည့်ကြသည်။ ကျောက်တိုင်စိုက်ထူခံရလောက်အောင် ကောင်းမွန်ခြင်း ရှိမရှိ သိချင်ကြသောကြောင့် ဖြစ်သည်။
ညနေခင်း အချိန်တွင်…
လီချင်းချိုး လင်းရှောင်ခြံဝင်းသို့ ပြန်ရောက်သောအခါ ဂျူနီယာ မောင်နှမများ စားပွဲဝိုင်းတွင် ထိုင်နေကြပြီ ဖြစ်သည်။ ယခင်ကဲ့သို့ ဟာသများ ပြောဆိုမနေကြတော့ဘဲ မိမိတို့ တာဝန်ယူထားရသော ဌာနများ၏ အခက်အခဲများကို ဆွေးနွေးပြီး အကြံဉာဏ် ဖလှယ်နေကြသည်။
ကျန်းယွီချွန်းကတော့ စိတ်ကြည်လင်နေပုံရပြီး ကိုယ်တိုင် ချက်ပြုတ်နေသည်။ လီချင်းချိုးကို မြင်သောအခါ သူက ရယ်မောပြီး …..
"ဂိုဏ်းချုပ်စီနီယာအစ်ကိုကြီး... ကောင်းကင်သက်တံဓားကို တစ်ချိန်လုံး ပျံဝဲခိုင်းမနေပါနဲ့တော့... စီနီယာရှန် ရူးလုနီးပါး ဖြစ်နေပြီ... တစ်နေ့ကုန် သစ်သားဓားကို ကိုင်ပြီး ထမင်းမေ့ ဟင်းမေ့ ဖြစ်နေတယ်..."
"ဒါဆို မင်းကရော ဘာလို့ သူလို မကြိုးစားတာလဲ..."
"ကျွန်တော့်မှာ သူ့လို နားလည်နိုင်စွမ်း မရှိသလို အဲဒါတွေကို လေ့လာဖို့ အချိန်လည်း မရှိဘူး... ဂိုဏ်းကိစ္စတွေက များလွန်းလို့ နိုင်တောင် မနိုင်တော့ဘူး..."
ပါးစပ်က ညည်းတွားနေသော်လည်း မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာနေသည်။ သူ့အတွက်မူ ယခုကဲ့သို့ အလုပ်ရှုပ်နေရခြင်းသည် သူ့တန်ဖိုးကို အကောင်းဆုံး သက်သေပြနေခြင်း ဖြစ်သည်။
လီချင်းချိုး ခေါင်းခါလိုက်ပြီး ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
သူ ထိုင်လိုက်သည်နှင့် လီစစ်ဖုန်းက အနားတိုးကပ်လာပြီး……
"ဂိုဏ်းချုပ်စီနီယာအစ်ကိုကြီး... ကျွန်တော့်တပည့် တစ်ယောက်က ခြေထောက်သိုင်းကွက်အသစ် တစ်ခု ဖန်တီးထားတယ်... မနက်ဖြန် အားရင် သွားကြည့်ပေးပါလား..."
"ခြေထောက်သိုင်းကွက်လေး တစ်ခုပဲဟာ... ဘာစိတ်ဝင်စားစရာ ရှိလို့လဲ..."
"သူက တကယ့် ပါရမီရှင်ပါ..."
"မင်း ပြောခဲ့တဲ့ ပါရမီရှင်တွေ မနည်းတော့ဘူးနော်..."
လီချင်းချိုးက ဟန်ဆောင်ပန်ဆောင် ပြန်ပြောလိုက်ပြီး
စကားပြောနေရင်း တာအိုမျိုးဆက်စနစ် မျက်နှာပြင်ကို ဖွင့်လိုက်ပြီး တပည့်သစ်များ၏ ပါရမီနှင့် ကံကြမ္မာများကို စစ်ဆေးကြည့်ရှုလိုက်သည်။
လက်ရှိတွင် နေ့စဉ် တပည့်သစ် ၁၀ ယောက်မှ ၂၀ ကြား ဝင်ရောက်နေပြီး လုပ်သားတပည့်များကို ထည့်သွင်းရေတွက်ခြင်း မရှိသေးပေ။
လုပ်သားတပည့်များက တာအိုမျိုးဆက် စနစ်နှင့် ချိတ်ဆက်ထားခြင်း မရှိသဖြင့် လီချင်းချိုး စစ်ဆေး၍ မရနိုင်ပေ။
သို့သော်လည်း အခြားနည်းလမ်း မရှိပေ။ မည်သူ့ကိုမဆို လက်ခံပြီးမှ စိတ်ဓာတ်မကောင်းပါက ဂိုဏ်းမှ ထုတ်ပယ်လိုက်ခြင်းက ကြီးမားသော ပြဿနာ ဖြစ်လာနိုင်သည်။
လီစစ်ကျင်ကလည်း တပည့်အချို့ကို ထောက်ခံပေးထားသည်။
လူဆိုသည်မှာ စိတ်ခံစားချက် ရှိကြသဖြင့် မိမိနှင့် ရင်းနှီးသူများကို ပိုမို ကောင်းမွန်သော နေရာ ရစေချင်ကြသည်ကို လီချင်းချိုး နားလည်ပေးနိုင်သည်။
သူကိုယ်တိုင်လည်း ဂျူနီယာ မောင်နှမများကို အကောင်းဆုံး စောင့်ရှောက်ပေးနေသည် မဟုတ်ပါလား။
လီချင်းချိုးက ထိုကိစ္စများကို ပေါ့ပေါ့တန်တန်သာ နားထောင်ပြီး လွယ်လွယ်ကူကူ သဘောတူလေ့ မရှိပေ။ အကယ်၍ မသမာသော နည်းလမ်းများ အသုံးပြုပါက လီချင်းချိုး စုံစမ်းစစ်ဆေးရန် ပျင်းရိသော်လည်း ကျီဖှာခန်းမက တွေ့ရှိပါက ပြင်းထန်စွာ အရေးယူမည် ဖြစ်သည်။
ရုတ်တရက်…
လီချင်းချိုး၏ အကြည့်က တပည့်သစ် တစ်ယောက်၏ အချက်အလက်များအပေါ်တွင် ရပ်တန့်သွားသည်။
[အမည်-ရှောင်ဝူတိ]
[ကျား/မ -ကျား]
[အသက်- ၁၇]
[သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်းချုပ်)-၉၁/၁၂ (အများဆုံး ၁၀၀)]
[ကျင့်ကြံခြင်း ပါရမီ- ထူးချွန်]
[နားလည်သဘောပေါက်နိုင်စွမ်း- သာမန်]
[ကံကြမ္မာ-မွေးရာပါ ခန္ဓာကိုယ်ကျင့်ကြံသူ၊ အသက်ဘေးမှ လွတ်မြောက်သူ]
[မွေးရာပါ ခန္ဓာကိုယ်ကျင့်ကြံသူ- ခန္ဓာကိုယ်ဖွဲ့စည်းပုံ ထူးခြားပြီး ခန္ဓာကိုယ်ကျင့်ကြံခြင်း လမ်းစဉ်နှင့် သင့်လျော်သည်။ ခန္ဓာကိုယ် သန့်စင်ခြင်း မန္တန်များတွင် ထူးကဲသော နားလည်သဘောပေါက်နိုင်စွမ်း ရှိသည်။]
[အသက်ဘေးမှ လွတ်မြောက်သူ: သေဘေးမှ သီသီလေး လွတ်မြောက်လာတိုင်း ခန္ဓာကိုယ်ကျင့်ကြံခြင်းဆိုင်ရာ နားလည်သဘောပေါက်နိုင်စွမ်း တိုးတက်လာမည်။]
...
ကောင်းလိုက်တာ... အထူးကံကြမ္မာ နှစ်ခု ပါတာပဲ... ကျင့်ကြံခြင်း ပါရမီကလည်း ထူးချွန်တယ်... တကယ့် ပါရမီရှင် စစ်စစ်ပဲ... ကျောက်ကျိန်းလောက် မကောင်းရင်တောင် ရွှယ်ကျင်းလို အဓိက တပည့်တစ်ယောက် ဖြစ်လာနိုင်တယ်။
[အသက်ဘေးမှ လွတ်မြောက်သူ] ဆိုသော ကံကြမ္မာက လီချင်းချိုးကို စိတ်လှုပ်ရှားစေသည်။
သို့သော် သူ မသေချာသော အရာများကို မလုပ်ချင်သဖြင့် ဤကံကြမ္မာကို ကူးယူရန် အစီအစဉ် မရှိပေ။
နောက်ပိုင်းကျရင် မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမျိုး ဖန်တီးပေးပြီး သူ့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်း တိုးတက်လာမလား စမ်းသပ်ကြည့်ရမယ်…
အဲဒါသာ အလုပ်ဖြစ်ရင် ရှောင်ဝူတိရဲ့ တန်ဖိုးက အများကြီး တက်သွားမှာ…
လီချင်းချိုးက ရှောင်ဝူတိ၏ နာမည်ကို မှတ်သားထားလိုက်ပြီး ဆက်လက် ကြည့်ရှုလိုက်သည်။ နောက်ထပ် တပည့်သစ် တစ်ယောက်က သူ့ကို မျက်ခုံးပင့်သွားစေသည်။
[အမည်-ရှောင်ဝူချင် ]
[ကျား/မ-ကျား]
[အသက်- ၁၆]
[သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်းချုပ်)-၇၅/၆၅ (အများဆုံး ၁၀၀)]
[ကျင့်ကြံခြင်း ပါရမီ- ထူးချွန်]
[နားလည်သဘောပေါက်နိုင်စွမ်း- ထူးချွန်]
[ကံကြမ္မာ-ဉာဏ်ပညာမျက်လုံး၊ လက်ရုံးရည်]
[ဉာဏ်ပညာမျက်လုံး:)- လူတစ်ယောက်၏ စိတ်နေသဘောထားကို ခွဲခြားသိမြင်နိုင်သော ထူးခြားသည့် စွမ်းရည် ရှိသည်။]
[လက်ရုံးရည်- တစ်စုံတစ်ယောက်၏ အစေခံအဖြစ် အလုပ်လုပ်ပါက သခင် သေဆုံးသည်အထိ သစ္စာရှိရှိ အလုပ်အကျွေး ပြုမည်။]
…
ပါရမီရော နားလည်နိုင်စွမ်းပါ ထူးချွန်တာပဲ... မယုံနိုင်စရာပဲ... သူ့ရဲ့ ပါရမီက လီရန်နဲ့ ကျိယာတို့နဲ့ ယှဉ်လို့ရတယ်... နှမြောစရာ ကောင်းတာက တိုက်ခိုက်ရေး ဒါမှမဟုတ် ကျင့်ကြံခြင်းနဲ့ သက်ဆိုင်တဲ့ အထူးကံကြမ္မာ မပါလို့ လီရန်နဲ့ ကျိယာလောက်တော့ အောင်မြင်မှာ မဟုတ်ဘူး…
ဒါပေမဲ့ သူ့ရဲ့ ကံကြမ္မာက လီချင်းချိုးအတွက် အလွန် ဆွဲဆောင်မှု ရှိတယ်။
အထောက်အကူပြု ပါရမီရှင် တစ်ယောက်ပဲ…
ရှောင်ဝူတိနဲ့ ရှောင်ဝူချင်က ညီအစ်ကိုတွေများလား…
သေချာ ကြည့်လိုက်သောအခါ သူတို့နှစ်ယောက် ရုပ်ချင်းဆင်တူကြောင်း တွေ့လိုက်ရသည်။
ခဏနေပါဦး... နောက်ထပ် တပည့်တစ်ယောက်ရဲ့ ပုံကလည်း ရှောင်ဝူတိနဲ့ ဆင်နေသလိုပဲ... ဒါက...
လီချင်းချိုးက နောက်ထပ် တပည့်တစ်ယောက်၏ ပုံကို ချက်ချင်း နှိပ်ကြည့်လိုက်သည်။
[အမည်- ရှောင်ဝူမင်]
[ကျား/မ- ကျား]
[အသက်-၁၆]
[သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်းချုပ်)-၈၁/၇၂ (အများဆုံး ၁၀၀)]
[ကျင့်ကြံခြင်း ပါရမီ-ထူးချွန်]
[နားလည်သဘောပေါက်နိုင်စွမ်း- ကောင်း]
[ကံကြမ္မာ- အဆိပ်နဂါး၏ ယုတ်မာသောနှလုံးသား၊ ကတိတည်သူ]
[အဆိပ်နဂါး၏ ယုတ်မာသောနှလုံးသား-ဖခင်ဖြစ်သူ အဆိပ်နဂါး၏ မျိုချခြင်းကို ခံခဲ့ရသဖြင့် အဆိပ်သင့်မှုက မျိုးရိုးလိုက်လာသည်။ သူ၏ သွေးသည် အလွန် အဆိပ်ပြင်းပြီး ကုသ၍ မရနိုင်ဘဲ နှလုံးသွေးဖြင့်သာ ဖြေဖျောက်နိုင်သည်။ သူသည် စိတ်ခံစားမှု ကင်းမဲ့ပြီး ထူးဆန်းသော အငွေ့အသက်များ ထုတ်လွှတ်လေ့ ရှိသဖြင့် လူများကို အလိုအလျောက် ဝေးကွာသွားစေသည်။]
[ကတိတည်သူ- တစ်စုံတစ်ယောက်ကို ကတိပေးပြီးပါက အသက်ပေး၍ ကတိတည်အောင် ဆောင်ရွက်မည်။]
…
ဝိုး... ပါရမီထူးချွန်တဲ့ ညီအစ်ကို သုံးယောက် ဆက်တိုက်ပါလား...
သူတို့အဖေက ပြိုင်ဘက်ကင်း သိုင်းသမား တစ်ယောက်များလား... ဒါကြောင့် သူတို့အားလုံး ပါရမီ ကောင်းနေကြတာလား…
အဆိပ်နဂါး၏ ယုတ်မာသောနှလုံးသား အကြောင်း ဖတ်ပြီးသောအခါ ရှောင်ဝူမင်၏ ဖခင်ဆိုသူက အလွန် ကြမ်းလိမ့်မည်ဟု လီချင်းချိုး ခံစားမိလိုက်သည်။ အဆိပ်နဂါး ဆိုတာ သာမန် သတ္တဝါ မဟုတ်ဘူး... အဲဒီလို သတ္တဝါကြီးရဲ့ မျိုချတာ ခံရပြီး ဘယ်လိုလုပ် အသက်ရှင်နိုင်ခဲ့တာလဲ…
သူ ဆက်လက် ကြည့်ရှုလိုက်သော်လည်း ရှောင်မျိုးရိုးနှင့် စတုတ္ထမြောက် ပါရမီရှင်ကို မတွေ့ရတော့ပေ။
ရှောင်ဝူချင်၏ "လက်ရုံးရည်" နှင့် ရှောင်ဝူမင်၏ "ကတိတည်သူ" ကံကြမ္မာများက လီချင်းချိုး အထူး အာရုံစိုက် မွေးမြူသင့်သော အရာများ ဖြစ်သည်။
လီချင်းချိုး စိတ်အခြေအနေ ကောင်းမွန်နေသဖြင့် နောက်ပိုင်း တပည့်များတွင် ပါရမီရှင် မပါတော့သည့်တိုင် စိတ်မပျက်ပေ။
"ကဲ... မငြင်းကြနဲ့တော့... တကယ် ပါရမီရှင် ဆိုရင် နောက်ဆုံးကျ ထွန်းပေါက်လာမှာပဲ... ငါ ပါရမီရှင်တွေကို ရှာပြီး မင်းတို့ကို ပြမယ်... ပါရမီရှင် အစစ်အမှန် ဆိုတာ ဘယ်လိုလဲ ဆိုတာ..."
လီချင်းချိုးက စားပွဲကို လက်သီးဖြင့် ထုလိုက်ပြီး ပြောလိုက်တော့ လီစစ်ဖုန်းနှင့် လီစစ်ကျင်တို့ အံ့သြမသွားဘဲ မျက်လုံးများ အရောင်တောက်လာကြသည်။
"ဂိုဏ်းချုပ်စီနီယာအစ်ကိုကြီး... ပါရမီရှင် အစစ်ကို တွေ့ရင် ကျွန်တော့်ကို တစ်ယောက်လောက် ပေးပါလား... ကျွန်တော် မျှော်လင့်ချက် သိပ်မကြီးပါဘူး... ရွှယ်ကျင်းလောက် ဆိုရင်ပဲ ရပါပြီ..."
လီစစ်ဖုန်းက လက်ကို ပွတ်သပ်ရင်း ရယ်မောကာ ပြောလိုက်တော့
လီချင်းချိုးက သူ့ခေါင်းကို ရိုက်လိုက်ပြီး ထွက်သွားခိုင်းလိုက်သည်။
လီစစ်ကျင်က လီချင်းချိုး၏ လက်မောင်းကို ဖက်၍ ချွဲနွဲ့ကာ သူမအတွက် ပါရမီရှင် တစ်ယောက် ရှာပေးရန် တောင်းဆိုပြန်သည်။
လီချင်းချိုးက ပြုံးပြီး ခေါင်းညိတ်လိုက်ကာ….
"ကောင်းပြီလေ... မင်းက ငါ့ရဲ့ ဂျူနီယာညီမလေးပဲဟာ... ဘယ်လို လုပ်ရမလဲ..."
ထိုအခါ လီစစ်ဖုန်း မျက်လုံးပြူးသွားပြီး မူးမေ့လဲလုနီးပါး ဖြစ်သွားသည်။
"ဂိုဏ်းချုပ်စီနီယာအစ်ကိုကြီးက အကောင်းဆုံးပဲ..."
လီစစ်ကျင် ဝမ်းသာအားရ ဖြစ်သွားပြီး လီချင်းချိုး၏ လက်မောင်းကို လှုပ်ခါလိုက်သည်။
ကျန်းယွီချွန်းက ဟင်းပွဲများ ယူလာပြီး ပြုံးကာ မေးလိုက်လေသည်။
"ဘာတွေ ပျော်နေကြတာလဲ..."
"ဂိုဏ်းချုပ်စီနီယာအစ်ကိုကြီးက ကျွန်မအတွက် ပါရမီရှင် တစ်ယောက် ရှာပေးမယ်လို့ ကတိပေးတယ်..."
လီစစ်ကျင်က ဂုဏ်ယူစွာ ပြောလိုက်တော့
ထိုစကားကို ကြားသောအခါ ကျန်းယွီချွန်းက ချောင်းဟန့်လိုက်ပြီး…..
"စီနီယာအစ်ကို... ကျွန်တော်လည်း လိုချင်တယ်..."
လီချင်းချိုးက သူ့ကို လုံးဝ လစ်လျူရှုထားသဖြင့် ကျန်းယွီချွန်း ရှက်သွားသည်။
ထိုအခြေအနေကို မြင်သောအခါ လီစစ်ဖုန်းက တခစ်ခစ် ရယ်မောပြီး ကုန့်လင်ခန်းမက အလုပ်များလွန်းလို့ ပါရမီရှင် ရောက်သွားရင်တောင် အလကား ဖြစ်သွားမှာပဲ ဟု ကျန်းယွီချွန်းကို စနောက်လိုက်သဖြင့်
ကျန်းယွီချွန်း ဘာပြန်ပြောရမှန်း မသိတော့ပေ။
ညစာစားပွဲက ပုံမှန်အတိုင်းပင် လီစစ်ဖုန်းနှင့် လီစစ်ကျင် ရှိနေသရွေ့ စည်ကားသိုက်မြိုက်နေသည်။
နောက်တနေ့ နေထွက်လာသောအခါ...
နောက်တစ်နေ့ နံနက်တွင် လီချင်းချိုးက ပုံမှန်မဟုတ်ဘဲ ကျင့်ကြံခြင်း မပြုလုပ်တော့ဘဲ တောင်အောက်သို့ ဆင်းကာ ခန်းမများနှင့် ခြံဝင်းများသို့ လှည့်လည်သွားလာနေသည်။
ချူကျင်းလည်း သူ့အနောက်မှ လိုက်ပါလာပြီး ….
"သခင်... ကျင့်ကြံတာ နားပြီး ဂိုဏ်းကို လှည့်လည်စစ်ဆေးတာ တွေ့ရခဲတယ်နော်..."
သရဲတစ္ဆေများ၏ အသံကို ကျင့်ကြံသူများမှလွဲ၍ သာမန်လူများ မကြားနိုင်ပေ။
"ငါက ဂိုဏ်းချုပ်ပဲလေ... ဂိုဏ်းရဲ့ အခြေအနေကို စစ်ဆေးရမှာပေါ့... တကယ်လို့ တပည့်တစ်ယောက်ယောက်က မတရားမှုနဲ့ ကြုံနေရပြီး ငါ့ကို ရှာမတွေ့ရင် ဘယ်လောက် စိတ်ပျက်အားငယ်သွားမလဲ..."
လီချင်းချိုးက တိုးညှင်းစွာ ပြန်ဖြေလိုက်၏။ သူကသာ စကားလုံးများကို ပေါ့ပါးသော်လည်း ချူကျင်း၏ စိတ်ဝိညာဉ်ကို လှုပ်ခါသွားစေသည်။
တပည့်တွေ သူ့ကို ရှာမတွေ့မှာ စိုးရိမ်နေတာလား…
သူ လီချင်းချိုးကို ကောင်းကောင်း နားမလည်သေးကြောင်း ချူကျင်း သဘောပေါက်လိုက်မိသည်။
တစ်နေ့လုံး လီချင်းချိုး လျှောက်သွားနေသည်ကို သူ စောင့်ကြည့်နေခဲ့သည်။ ထူးထူးခြားခြား ဘာမှ မလုပ်သလို ထူးထူးခြားခြား ဘယ်သူနဲ့မှလည်း မတွေ့ပေ။
လီချင်းချိုးကမူ အပျော်သဘော လျှောက်ကြည့်နေခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာပင် မည်သည့်တပည့်မျှ သူ့ထံသို့ မတရားမှု တိုင်ကြားရန် ရောက်မလာခဲ့ပေ။
ဆိုလိုသည်မှာ ချင်းရှောင်ဂိုဏ်းတွင် မတရားမှု မရှိသေး (သို့မဟုတ်) အလွန်အမင်း ဆိုးရွားခြင်း မရှိသေးဟု ယူဆနိုင်သည်။
နောက်ထပ် နှစ်ရက် ကုန်ဆုံးသွားပြန်ပြီး
နေ့လယ်ခင်းတွင် လီချင်းချိုးက ရှောင်ဝူတိနှင့် အခြားနှစ်ယောက်ကို ဆင့်ခေါ်ရန် ယွမ်ချီကို စေခိုင်းလိုက်သည်။
နာရီဝက် ကြာသောအခါ ယွမ်ချီက ရှောင်ဝူတိနှင့် အခြားနှစ်ယောက်ကို ခြံဝင်းထဲသို့ ခေါ်ဆောင်လာသည်။ ယခုအချိန်တွင် ချင်းရှောင်တောင်ပေါ်၌ မရင်းနှီးသော ပြင်ပတပည့် သုံးယောက်ကို အမြန် ရှာတွေ့ရန်မှာ လွယ်ကူသော ကိစ္စမဟုတ်သဖြင့် လီချင်းချိုး ကျေနပ်သွားသည်။
ရှောင်ဝူတိ၊ ရှောင်ဝူချင်နှင့် ရှောင်ဝူမင်တို့ လီချင်းချိုးအနားသို့ ရောက်လာကြတော့ သုံးယောက်စလုံး စိတ်လှုပ်ရှားနေသလို စိုးရိမ်တကြီးလည်း ဖြစ်နေကြသည်။
ဂိုဏ်းသို့ ရောက်သည်မှာ သုံးရက်သာ ရှိသေးသော်လည်း လီချင်းချိုး၏ အောင်မြင်မှုများကို ကြားသိခဲ့ရပြီး ဖြစ်သည်။ ဤ တမိုးအောက် အနှိုင်းမဲ့ ပုဂ္ဂိုလ်ကို လေးစားအားကျနေကြသည်။ လီချင်းချိုးက သူတို့ကို စတင် ဆင့်ခေါ်လိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့ဖူးပေ။
"ဂါရဝပြုပါတယ် ဂိုဏ်းချုပ်..."
ရှောင်ဝူတိက ဦးစွာ ပြောလိုက်ပြီး ညီနှစ်ယောက်ကို ဦးညွှတ်ရန် အချက်ပြလိုက်တော့မှသာ
ရှောင်ဝူချင်နှင့် ရှောင်ဝူမင်တို့ အသိပြန်ဝင်လာပြီး အမြန် ဦးညွှတ် ဂါရဝပြုလိုက်ကြသည်။
ယွမ်ချီက သူတို့သုံးယောက်ကို စူးစမ်းလိုစိတ်ဖြင့်
ကြည့်လိုက်သည်။ ဂိုဏ်းချုပ်၏ ဆင့်ခေါ်ခြင်းကို ခံရမှတော့ သူတို့၏ ပါရမီက သေချာပေါက် ထူးခြားနေရမည်။
ချူကျင်းကလည်း လီချင်းချိုး၏ အနောက်တွင် ပျံဝဲနေပြီး ရှောင်ဝူတိနှင့် အခြားသူများကို ထူးဆန်းသော အမူအရာဖြင့် ကြည့်နေမိသည်။
"ဒီသုံးယောက်ကို ဘာလို့ ရင်းနှီးနေသလို ခံစားရတာလဲ..."ဟု ချူကျင်း တွေးတောနေမိသည်။
"တမြန်နေ့ ညနေက မင်းတို့ကို ငါ တွေ့လိုက်တယ်... ငါ့ကို မှတ်မိလား..."
ထိုအခါ ရှောင်ဝူတိ အံ့သြဝမ်းသာ ဖြစ်သွားသည်။
"ဂိုဏ်းချုပ်... အဝေးကနေ တစ်ချက်ကြည့်လိုက်ရုံနဲ့ ကျွန်တော်တို့ကို မှတ်မိတယ်လား..."
လီချင်းချိုးက စားပွဲရှည်တွင် ထိုင်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ချကာ ပြုံး၍ ပြောလိုက်သည်က….
"ငါက ပထမဆုံး မြင်မြင်ချင်း ခံစားချက်ကို ယုံကြည်တယ်... မင်းတို့သုံးယောက်ကို သဘောကျတယ်... ငါတို့ ရေစက်ပါပုံရတယ်... တပည့်အရင်းအဖြစ် ချက်ချင်း လက်မခံနိုင်သေးပေမဲ့ ငါ့အတွက် အလုပ်လုပ်ပေးမယ်ဆိုရင် ကျင့်စဉ်တွေ သင်ပေးချင်တယ်... ဘယ်လိုလဲ..."
ဌာနများကို ခန်းမကြီး ၇ ခု ခွဲခြားထားသော်လည်း လီချင်းချိုးအတွက် ဆက်သွယ်ဆောင်ရွက်ရန်နှင့် ကိစ္စရပ်များကို ပြီးမြောက်စေရန် ကိုယ်ပိုင် အဖွဲ့တစ်ခု တည်ထောင်လိုသည်။
ရှောင်ဝူတိတို့ ညီအစ်ကို သုံးယောက်က အတော်ဆုံးပဲ…
ထိုစကားကို ကြားသောအခါ ရှောင်ဝူတိနှင့် ညီနှစ်ယောက် စိတ်လှုပ်ရှားစွာ သဘောတူလိုက်ကြသည်။ ရှောင်ဝူတိ၏ ဦးဆောင်မှုဖြင့် ညီအစ်ကို သုံးယောက်စလုံး ဒူးထောက်လိုက်ကြပြီး လီချင်းချိုးကို အရိုအသေပေးလိုက်ကြသည်။
"နေဦး..."
ထိုအချိန်တွင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီး ချင်းရှောင်ဘိုးဘေး ခြံဝင်းထဲသို့ ပြေးဝင်လာသည်။ သူက ရှောင်ဝူတိ၏ ဘေးသို့ ရောက်လာပြီး လီချင်းချိုးကို စိုးရိမ်တကြီး ကြည့်ကာ ……
"သူတို့ ဘာအမှား လုပ်မိလို့လဲ..."
ရှောင်ဝူတိနှင့် အပေါင်းအပါများ ဂိုဏ်းချုပ်၏ ဆင့်ခေါ်ခြင်း ခံရသည်ကို ကြားသိရသဖြင့် သူ လိုက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် တံခါးဝသို့ ရောက်သည်နှင့် ရှောင်ဝူတိတို့ ဒူးထောက်နေသည်ကို မြင်လိုက်ရသဖြင့် လန့်သွားပြီး အမြန် ဝင်ရောက် တားဆီးလိုက်ခြင်း ဖြစ်သည်။
"သူတို့ ဘာအမှားမှ မလုပ်ပါဘူး... ကျွန်တော် သူတို့ကို လမ်းညွှန်ပေးမလို့ပါ..."
ထိုစကားကို ကြားသောအခါ ချင်းရှောင်ဘိုးဘေး စိတ်သက်သာရာ ရသွားသည်။ သို့သော် လီချင်းချိုး ဘာကြောင့် ဤညီအစ်ကို သုံးယောက်ကို တန်ဖိုးထားရသလဲ ဆိုသည်ကို သူ နားမလည်နိုင် ဖြစ်နေသည်။
"သူတို့က ဟိုလူရဲ့ မျိုးဆက်တွေလား..."
ချူကျင်း ရုတ်တရက် အာမေဋိတ် ပြုလိုက်ရာ သူ့အသံတွင် ထိတ်လန့်မှုများ ပါဝင်နေသည်။
ထို့ကြောင့် လီချင်းချိုးကလည်း စိတ်ထဲကနေ မေးလိုက်လေသည်။
"ဘယ်သူ့ မျိုးဆက်လဲ..."
ထိုအခါ ချူကျင်း၏ မျက်နှာထား ရှုပ်ထွေးသွားပြီး တိုးညှင်းစွာ ပြန်ဖြေလိုက်သည်။
"သိုင်းဒဏ္ဍာရီ... ရှောင်ရွှမ်း..."
သိုင်းဒဏ္ဍာရီ ဟုတ်လား...
လီချင်းချိုး အံ့အားသင့်သွားပြီးနောက် ညီအစ်ကို သုံးယောက် ဘာကြောင့် ပါရမီ ကောင်းလွန်းနေရသလဲ ဆိုသည်ကို ရုတ်တရက် သဘောပေါက်သွားသည်။
သူတို့မှာ အလွန် အားကောင်းတဲ့ နောက်ခံ ရှိနေတာကိုး…
"ဘာလို့... ဘာလို့ သူတို့ကို ဒီလောက် တန်ဖိုးထားတာလဲ..."
ချင်းရှောင်ဘိုးဘေးက သဘာဝမကျသော မျက်နှာထားဖြင့် မေးလိုက်တော့ လီချင်းချိုးက ရယ်မောလိုက်ပြီး……
"သူတို့နဲ့ ရေစက်ပါလို့ လမ်းညွှန်ပေးချင်တာ ဘာမှားနေလို့လဲ ..."
ရှောင်ဝူတိက……
"အဘိုးလင်း... ဂိုဏ်းချုပ်က ကျွန်တော်တို့ကို တကယ် အပြစ်မတင်ပါဘူး... အခုပဲ အဲဒီအတိုင်း ပြောလိုက်တာပါ..."
ထိုစကားကို ရှောင်ဝူချင်နှင့် ရှောင်ဝူမင်တို့လည်း ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။