ကံကြမ္မာသခင်နှင့် ဓားနတ်ဘုရား၏ ဉာဏ်အလင်း
Vol. 14 Ch. 140
[အမည်- ချင်းရှောင်ဘိုးဘေး ]
[ကျား/မ- ကျား]
[အသက်- ၇၂]
[သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်းချုပ်)-၉၇/၉၉ (အများဆုံး ၁၀၀)]
[ကျင့်ကြံခြင်း ပါရမီ- ကောင်း]
[နားလည်သဘောပေါက်နိုင်စွမ်း-ကောင်း]
[ကံကြမ္မာ-သက်ရှိအသူရာ၊ ကံကောင်းခြင်းသခင်]
[သက်ရှိအသူရာ- သတ်ဖြတ်လိုသောစိတ် ပေါ်လာသည်နှင့် တားဆီး၍ မရနိုင်တော့ဘဲ လူ့လောကမှ အသူရာတစ်ကောင်ကဲ့သို့ ခွန်အားကုန်ခမ်းသည်အထိ သတ်ဖြတ်ပြီးမှသာ အသိပြန်ဝင်လာတတ်သည်။]
[ကံကောင်းခြင်းသခင်- ကံကောင်းခြင်း ပါရမီရှင်များကို အမြဲတမ်း ကောင်းချီးပေးနိုင်စွမ်း ရှိပြီး သူတို့၏ ယုံကြည်မှုကို နက်ရှိုင်းစွာ ရရှိထားသည်။]
…
သူ့မှာ နာမည်အရင်း မရှိဘူးလား...
ချင်းရှောင်ဘိုးဘေး၏ အချက်အလက်များကို ဖွင့်ကြည့်လိုက်သည်နှင့် လီချင်းချိုး စိတ်ထဲတွင် မေးခွန်းတစ်ခု ပေါ်လာသည်။ သို့သော် သူ သိပ်ဂရုမစိုက်တော့ဘဲ ဆက်လက် ဖတ်ရှုလိုက်ရာ စိတ်အခြေအနေ ပိုမို ကောင်းမွန်လာသည်။
ပါရမီနှင့် နားလည်နိုင်စွမ်း ကောင်းမွန်ရုံသာမက အထူးကံကြမ္မာများပါ ပိုင်ဆိုင်ထားသဖြင့် ချင်းရှောင်ဘိုးဘေးဆိုသူက ဂိုဏ်းအတွက် အလှပြရုံ သက်သက် မဟုတ်ကြောင်း သေချာသွားသည်။
[သက်ရှိအသူရာ] ကံကြမ္မာက ချင်းရှောင်ဘိုးဘေး ထိုက်ခွန်းတောင်တန်းကို မည်သို့ လွှမ်းမိုးထားနိုင်ခဲ့သလဲ ဆိုတာကို သက်သေပြနေသော်လည်း လီချင်းချိုး အမှန်တကယ် စိတ်ဝင်စားသည်မှာ [ကံကောင်းခြင်းသခင်] ကံကြမ္မာ ဖြစ်သည်။
ဒါက ရိုးရှင်းတဲ့ ကိစ္စ မဟုတ်ဘူး…
ရှောင်ညီနောင်သုံးဖော်ကို ရှာဖွေတွေ့ရှိခြင်းက [ကံကောင်းခြင်းသခင်] ကံကြမ္မာ၏ စွမ်းအားကို မီးမောင်းထိုးပြနေသည်။
ဂိုဏ်းချုပ် ၇ ယောက် ပေါ်ထွန်းလာခြင်းကလည်း [ကံကောင်းခြင်းသခင်] ကံကြမ္မာနှင့် သက်ဆိုင်နေမလားဟုပင် တွေးတောမိလိုက်သည်။
ကျီဖှာခန်းမ၏ ဒုခန်းမသခင်အဖြစ် တရားဝင် ခန့်အပ်ခံရပြီးနောက် ချင်းရှောင်ဘိုးဘေးသည် ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ကျန်းယွီချွန်းကို လက်ဖက်ရည် ထည့်ခိုင်းလိုက်သည်။
ရှောင်ညီနောင်သုံးဖော်ကို ချင်းရှောင်ဘိုးဘေး ခေါ်ဆောင်လာခဲ့ခြင်းဖြစ်၍ သူ ဂိုဏ်းတွင် နေရာရသွားသည့်အတွက် ရှောင်ဝူချင် အလွန် ဝမ်းသာသွားသည်။
"မင်း သွားလို့ရပြီ..."
လီချင်းချိုးက ရှောင်ဝူချင်ကို ပြောလိုက်ရာ ရှောင်ဝူချင် ချက်ချင်း ဦးညွှတ်ပြီး ထွက်ခွာသွားသည်။
ရှောင်ဝူချင် ထွက်သွားပြီးနောက် လီချင်းချိုးက ချင်းရှောင်ဘိုးဘေးကို မေးလိုက်လေသည်။
"သူတို့သုံးယောက်မှာ ထူးခြားတဲ့ နောက်ခံ ရှိနေတာလား... ဘိုးဘေး သူတို့ကို တော်တော် ဂရုစိုက်နေပုံရတယ်..."
ထိုစကားကို ကြားသောအခါ ချင်းရှောင်ဘိုးဘေး၏ ပေါ့ပါးသော အပြုံး ပျောက်ကွယ်သွားပြီး လေးနက်သော မျက်နှာထား ဖြစ်ပေါ်လာသည်။
လက်ဖက်ရည် ငှဲ့ပေးနေသော ကျန်းယွီချွန်းက စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်ပြီး အခြားသူများလည်း အာရုံစိုက်လာကြသည်။
ချင်းရှောင်ဘိုးဘေးက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး …..
"သူတို့သုံးယောက်က သိုင်းဒဏ္ဍာရီ ရှောင်ရွှမ်းရဲ့ မျိုးဆက်တွေပဲ... ရှောင်ရွှမ်းရဲ့ မြေးနဲ့ ကျုပ်က သူငယ်ချင်းတွေ... ကျောက်ကျိက ရှောင်ရွှမ်းရဲ့ အတွင်းအားအမြုတေကို ရရှိသွားတယ်ဆိုတဲ့ သတင်း ကြားလိုက်ရလို့ ရှောင်မိသားစု မျိုးဆက်တွေအတွက် စိတ်ပူပြီး အပြန်လမ်းမှာ ဖုန်းသိုက်ကို လမ်းပြခိုင်းပြီး လိုက်ရှာခဲ့တာ... ဒါပေမဲ့ ကျုပ်သူငယ်ချင်းက သေဆုံးသွားခဲ့ပြီ... မြေးသုံးယောက်ပဲ ကျန်ခဲ့တယ်..."
"သူတို့ နေထိုင်တဲ့ ရွာက ကုကျိုးစီရင်စု အစွန်အဖျားမှာ ရှိတယ်... ကျုပ်သူငယ်ချင်းက သာမန် မုဆိုးတစ်ယောက်လိုပဲ နေထိုင်ခဲ့တာ... လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျုပ် ဒဏ်ရာအပြင်းအထန် ရခဲ့တုန်းက သူ ကယ်တင်ပေးခဲ့ဖူးတယ်... ဆယ်စုနှစ်တွေ ကြာပြီးမှ ပြန်ဆုံဖို့ သွားတဲ့အခါ သူက ကျုပ်ထက် အရင် သေဆုံးသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... သူ့ကျေးဇူးကို ဆပ်တဲ့အနေနဲ့ မြေးသုံးယောက်ကို ချင်းရှောင်ဂိုဏ်း ခေါ်လာခဲ့တာပါ..."
သိုင်းဒဏ္ဍာရီရဲ့ မျိုးဆက်တွေလား…
ကျန်းယွီချွန်း၊ ကျန်းကျောက်ရှားနှင့် အခြားသူများ အံ့အားသင့်သွားကြသည်။
ရှောင်ညီနောင်သုံးဖော်တွင် ဤမျှ ကြီးမားသော နောက်ခံ ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။
လီချင်းချိုးက …..
"သူတို့အဖေကိုရော ဘိုးဘေး သိလား..."
"မသိဘူး... ကျုပ် ရွာကနေ ထွက်လာတုန်းက သူတို့အဖေ မမွေးသေးဘူး... ဝူတိ ပြောပြတာတော့ သူတို့ ငယ်ငယ်တုန်းက အဖေက သိုင်းလောကထဲ ထွက်သွားပြီး ပြန်မလာတော့ဘူးတဲ့... ပျောက်သွားတာ ကြာပြီတဲ့..."
ရှောင်ဝူမင်၏ [အဆိပ်နဂါး၏ ယုတ်မာသောနှလုံးသား] ကံကြမ္မာကို လီချင်းချိုး သတိရလိုက်သည်။ သူ့ဖခင် အဆိပ်နဂါး၏ မျိုချခြင်းကို ခံခဲ့ရပြီးနောက် အသက်ရှင်ကျန်ရစ်ကာ သူ့ကို မွေးဖွားခဲ့ခြင်းကြောင့် ဤကံကြမ္မာ ပါလာခြင်း ဖြစ်သည်။
ကြည့်ရတာ ရှောင်ဝူမင်ရဲ့ ဖခင်က သိုင်းဒဏ္ဍာရီရဲ့ အမွေအနှစ် အစစ်အမှန်ကို ရရှိထားပုံရတယ်... ဒါပေမဲ့ ဘာလို့ ပျောက်သွားတာလဲ ဆိုတာတော့ မသိရသေးဘူး…
"ရာစုနှစ် တစ်ခုအတွင်းမှာ သိုင်းဒဏ္ဍာရီရဲ့ အမွေအနှစ်ကြောင့် သိုင်းလောကမှာ သွေးချောင်းစီးခဲ့ရတယ်... သူတို့ ဘယ်သူလဲဆိုတာ ဘယ်သူမှ မသိစေနဲ့... ပြီးတော့ သိုင်းဒဏ္ဍာရီရဲ့ အမွေအနှစ်ကို ရှာဖို့အတွက် သူတို့ကို အသုံးမချပါနဲ့... ဘာပဲဖြစ်ဖြစ် သူတို့အဘိုးက ကျုပ်ရဲ့ မိတ်ဆွေပါ..."
ချင်းရှောင်ဘိုးဘေးက လီချင်းချိုးနှင့် အခြားသူများကို ကြည့်ပြီး လေးနက်စွာ တောင်းဆိုလိုက်တော့
ကျန်းကျောက်ရှားက နှာခေါင်းရှုံ့လိုက်ပြီး….
"ဘာ သိုင်းဒဏ္ဍာရီလဲ...ဒီလူ အခုခေတ်မှာသာ အသက်ရှင်နေရင် ဒီဘွဲ့ကို ရချင်မှ ရမှာ... သူ့အမွေအနှစ်ကို ကျွန်တော်တို့ ဂရုမစိုက်ပါဘူး..."
လီတုန်းယွဲ့နှင့် လီစစ်ကျင်တို့က ချင်းရှောင်ဘိုးဘေးကို နှစ်သိမ့်ပေးလိုက်ကြသည်။
ဝူမန်အာကမူ ထောင့်တစ်နေရာတွင် ထိုင်လျက် တိတ်ဆိတ်စွာ နားထောင်နေသည်။
ကျန်းယွီချွန်းကတော့ တွေးတောနေပုံရသည်။
ချင်းရှောင်ဘိုးဘေးက ကျန်းယွီချွန်းကို မျက်စောင်းခဲ ကြည့်လိုက်ပြီး…..
"ဒီကောင်လေးကို ငါ အစိုးရိမ်ဆုံးပဲ..."
ကျန်းယွီချွန်းက ….
"ဘိုးဘေးက အဲဒီလို ပြောမှတော့ ကျွန်တော် သွားမရှာတော့ပါဘူး... ရှောင်ညီနောင်သုံးဖော်ရဲ့ အဖေ ဘာလို့ ထွက်သွားတာလဲ ဆိုတာပဲ သိချင်နေမိတာ... တခြား အငြိုးအတေးတွေ ရှိနေမလားလို့ပါ..."
ချင်းရှောင်ဘိုးဘေး လက်ကာပြလိုက်ပြီး….
"ဘယ်သူ ဂရုစိုက်လို့လဲ... ကိုယ့်သားသမီးကိုတောင် ပစ်ထားခဲ့တဲ့လူ... သေချင်သေ ရှင်ချင်ရှင်ပေါ့... အရေးမကြီးဘူး..."
လီချင်းချိုးက မတ်တတ်ရပ်လိုက်ပြီး ….
"ကဲ... ရှောင်ညီနောင်သုံးဖော်ရဲ့ နောက်ခံကို အားလုံး သိသွားကြပြီဆိုတော့ ဘယ်သူ့ကိုမှ ပြန်မပြောကြနဲ့... မင်းတို့ရဲ့ ချစ်လှစွာသော တပည့်ကိုတောင် မပြောပြနဲ့နော် ယွီချွန်း... မင်းက ဘိုးဘေးကို ခေါ်သွားပြီး စာရင်းသွင်းပေးလိုက်... ပြီးရင် ကျီဖှာခန်းမကို ပို့ပေးလိုက်ပါ..."
ပြောပြီးသည်နှင့် သူက လှည့်ထွက်သွားပြီး တောင်နောက်ကျောဘက်သို့ လျှောက်သွားလိုက်သည်။
ကျန်းကျောက်ရှားလည်း မတ်တတ်ရပ်လိုက်ပြီး လေထဲသို့ ခုန်တက်ကာ ခါးမှ ဓားကို ဆွဲထုတ်၍ ဓားပျံစီး၍ ကောင်းကင်ယံသို့ ပျံသန်းသွားလေသည်။
ထိုအခါ ချင်းရှောင်ဘိုးဘေး မျက်လုံးပြူးသွားသည်။ ကျန်းကျောက်ရှား ဤမျှ စွမ်းအားကြီးလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ကောလာဟလတွေက အမှန်ပဲ... ချင်းရှောင်ဂိုဏ်းက ကျန်းကျောက်ရှားနဲ့ ရွှီနင်းတို့က ဒုတိယနေရာကို ယှဉ်ပြိုင်နိုင်စွမ်း ရှိကြတာပဲ…
လီချင်းချိုးက သူ့ကိုယ်တိုင်၊ သူ့ဂျူနီယာညီလေးနဲ့ သူ့တပည့်တွေကို ဒီလောက် စွမ်းအားကြီးအောင် ဘယ်လို လုပ်ပေးလိုက်တာလဲ ဆိုတာ သူ ပိုပြီး နားမလည်နိုင် ဖြစ်လာသည်။
သူ ဝန်ခံရမည့် အချက်တစ်ချက် ရှိသည်။ ကျန်းကျောက်ရှား ပြောတာ မှန်ပေသည်။
လက်ရှိ ချင်းရှောင်ဂိုဏ်းက သိုင်းဒဏ္ဍာရီရဲ့ အမွေအနှစ်ကို တကယ်ပဲ ဂရုစိုက်စရာ မလိုတော့ဘူး…
ကျန်းယွီချွန်း၏ တိုက်တွန်းမှုကြောင့် ချင်းရှောင်ဘိုးဘေး အသိပြန်ဝင်လာပြီး အမြန် မတ်တတ်ရပ်လိုက်သည်။
ချင်းရှောင်ဂိုဏ်းသို့ တရားဝင် ဝင်ရောက်ပြီးနောက် ချင်းရှောင်ဘိုးဘေးသည် လက်ရှိ ချင်းရှောင်ဂိုဏ်း၏ အင်အား မည်မျှ ကြီးမားသည်ကို သိချင်စိတ် ပြင်းပြလာသည်။
…
ဆောင်းနှင်းများ သည်းထန်စွာ ကျဆင်းနေချေပြီ…..
ဓားဂိုဏ်းဝင်း အတွင်း၌ ရှန်ယွဲ့တယောက် ခေါင်မိုးပေါ်တွင် ထိုင်လျက် သစ်သားဓားတစ်ချောင်းကို ကိုင်ကာ နှင်းများ ကျဆင်းနေသည်ကို ဂရုမစိုက်ဘဲ ငေးငိုင်နေသည်။
"ဒီလို ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ..."
ချင်းရှောင်ဘိုးဘေးက မျက်မှောင်ကြုတ်၍ ဟန်လန်ကို မေးလိုက်သည်။
ဓားနတ်ဘုရား ချင်းရှောင်ဂိုဏ်းထဲတွင် ရှိနေကြောင်း ကြားသိရသောအခါ ချင်းရှောင်ဘိုးဘေး အလွန် ဝမ်းသာသွားသည်။ သူ ငယ်ရွယ်စဉ်က ရှန်ယွဲ့သည် တမိုးအောက် အနှိုင်းမဲ့ ဖြစ်နေပြီ ဖြစ်ရာ သူ့အတွက် ရှန်ယွဲ့ဆိုသူက စစ်မှန်သော သိုင်းဒဏ္ဍာရီ ဖြစ်သည်။
သူ အားကျရသော ပုဂ္ဂိုလ်တဉီး ဂိုဏ်းထဲတွင် ရှိနေသဖြင့် လာရောက် တွေ့ဆုံခြင်း ဖြစ်သည်။ သို့သော် ရှန်ယွဲ့ ခေါင်မိုးပေါ်တွင် ထိုင်လျက် စိတ်နဲ့ကိုယ် မကပ် ဖြစ်နေသည်ကိုသာ တွေ့လိုက်ရသည်။
ဟန်လန်က ချင်းရှောင်ဘိုးဘေးက ဆရာဖြစ်သူ ကျန်းကျောက်ရှား၏ ဆရာ့ဆရာ ဖြစ်ကြောင်း သိထားသဖြင့် လေးစားစွာ ဖြေကြားလိုက်သည်။
"ဂိုဏ်းချုပ်ဦးလေးရဲ့ ကောင်းကင်သက်တံဓားက အသိစိတ် ဝင်လာတယ် မဟုတ်လား... အဲဒီသတင်း ကြားပြီးကတည်းက အကြီးအကဲရှန်က သစ်သားဓားကို ကိုင်ပြီး ဘယ်သူ့ကိုမှ စကားမပြောတော့ဘူး... လနဲ့ချီ ကြာနေပြီ... ကျွန်တော်တို့လည်း စိတ်ပူနေတာ... ဘိုးဘေး... ဂိုဏ်းချုပ်ဦးလေးကို ပြောပြီး အကြီးအကဲရှန်ကို လာဖြောင်းဖျခိုင်းပါလား... ဒီအတိုင်း ဆက်သွားရင် ရူးသွားမှာ စိုးလို့ပါ..."
ရှန်ယွဲ့က ဓားဂိုဏ်းတပည့်များကို ဓားသိုင်းပညာ သင်ကြားရာတွင် အလွန် ဂရုစိုက်သဖြင့် တပည့်များက သူ့ကို လေးစားချစ်ခင်ကြပြီး တစ်စုံတစ်ရာ ဖြစ်သွားမည်ကို မလိုလားကြပေ။
"ဟိုကောင်လေးက လုပ်လိုက်ပြန်ပြီလား..."
ချင်းရှောင်ဘိုးဘေးက အသံကျယ်ကျယ်ဖြင့် ပြောလိုက်တော့
ထိုစကားကို ကြားသောအခါ ဟန်လန်က မျှော်လင့်ချက် ရှိသည်ဟု ထင်မှတ်ပြီး ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"ဟုတ်ပါတယ်... အကြီးအကဲရှန်က ဂိုဏ်းချုပ်ဦးလေးကို နှစ်ခါ ရှုံးဖူးတယ်... တစ်ဂိုဏ်းလုံးမှာ ဂိုဏ်းချုပ်ဦးလေး တစ်ယောက်တည်းပဲ သူ့ကို နားချလို့ ရမှာ..."
"ဟေ…”
ချင်းရှောင်ဘိုးဘေးက ပြန်ထူးရုံသာ ထူးပြီး ဘာမှ ဆက်မပြောသဖြင့် ဟန်လန် နားမလည် ဖြစ်သွားသည်။
လမ်းတစ်လျှောက်လုံး အကြီးအကဲရှန် အကြောင်းကို လေးစားအားကျစွာ ပြောလာခဲ့ပြီး အခုကျမှ ဘာလို့ ရုတ်တရက် တိတ်ဆိတ်သွားတာလဲ…
ချင်းရှောင်ဘိုးဘေးက ဟန်လန်၏ အကြည့်ကို မသိချင်ယောင်ဆောင်ပြီး ချောင်းဟန့်ကာ …..
"ဒီနေ့ အချိန်အခါ မကောင်းဘူး ထင်တယ်... နောက်မှ ပြန်လာခဲ့မယ်..."
ပြောပြီးသည်နှင့် ချက်ချင်း လှည့်ထွက်သွားရာ ဟန်လန် တားချိန်ပင် မရလိုက်ပေ။
ဟန်လန် ကြောင်အသွားသည်။ ချင်းရှောင်ဘိုးဘေး၏ သဘောထား ဘာကြောင့် ရုတ်တရက် ပြောင်းလဲသွားသလဲ ဆိုတာကို သူ နားမလည်နိုင်ပေ။
တစ်ချိန်တည်းမှာပင်…
ခေါင်မိုးပေါ်တွင် ထိုင်နေသော ရှန်ယွဲ့က ထူထဲသော မြူခိုးများကို မော့ကြည့်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"နည်းနည်းလေးပဲ လိုတော့တာ... တကယ်တော့ ဘာများလဲ..."
ဝေဝါးနေသော အသိစိတ်ထဲတွင် တစ်စုံတစ်ရာကို ဆုပ်ကိုင်မိသလို ရှိသော်လည်း ရှင်းရှင်းလင်းလင်း မမှတ်မိနိုင် ဖြစ်နေသည်။
သူ့စိတ်အာရုံက ပြောပြနေသည်မှာ သူသာ ထိုအရာကို သဘောပေါက်သွားပါက သူ့ရဲ့ ဓားသိုင်းပညာ ပြောင်းလဲသွားမည် ဖြစ်ပြီး လီချင်းချိုးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာမည် ဟူ၍ ဖြစ်သည်။
တတိယအကြိမ် တွေ့ဆုံမှုတွင် လီချင်းချိုး၏ တစ်ကွက်တည်းဖြင့် အနိုင်ယူခြင်းကို လုံးဝ မခံနိုင်တော့ပေ။
…
ဆောင်းရာသီ လျင်မြန်စွာ ကုန်ဆုံးသွားပြန်သည်။
လီချင်းချိုးက အချိန်အများစုကို ကျင့်ကြံခြင်း၌သာ ကုန်ဆုံးစေခဲ့ပြီး မူလအားဖြည့်နယ်ပယ် နဝမအဆင့်နှင့် ပိုမို နီးကပ်လာပြီ ဖြစ်သည်။
နှစ်ကုန်ခါနီးတွင် ချင်းရှောင်ဂိုဏ်းတွင် နွေဦးပွဲတော်အတွက် ပြင်ဆင်မှုများ စတင် ပြုလုပ်နေကြသည်။
ညနေစောင်း အချိန်တွင် လီချင်းချိုးတယောက် ဝိညာဉ်တစ်ထောင် ကောင်းချီးမြေမှ ပြန်ရောက်လာပြီး လင်းရှောင်ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် ကျူးယန်က ဆီးကြိုလိုက်သည်။
"ဂိုဏ်းချုပ်... ကျွန်မ သတင်းတစ်ခု ရထားတယ်... ဂိုဏ်းချုပ်ကို ပြောပြဖို့ လိုမယ် ထင်လို့ပါ..."
ကျူးယန်က လေးနက်စွာ ပြောလိုက်တော့
လီချင်းချိုး ခေါင်းညိတ်လိုက်ပြီး ကျူးယန်ကို အိမ်ထဲသို့ ခေါ်သွားကာ ဆွေးနွေးလိုက်သည်။
"ပြောပါ..."
လီချင်းချိုး ထိုင်လိုက်ပြီး လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။
ယွမ်ချီက မိုးရွာရွာ နေပူပူ သူ့အခန်းထဲတွင် ရေနွေးအမြဲ အဆင်သင့် ဖြစ်အောင် ပြင်ဆင်ထားလေ့ ရှိသည်။
ကျူးယန်က ထိုင်လိုက်ပြီး …..
"ကျွန်မတို့ ကျူးမိသားစုဆီက သတင်းရတာက မြောက်ဘက် ချန်ကျိုးပြည်နယ်မှာ လင်းထျန်းဂိုဏ်း ဆိုတဲ့ ဂိုဏ်းတစ်ခု ပေါ်လာတယ်တဲ့... သူတို့ရဲ့ ဂိုဏ်းချုပ်က ပြိုင်ဘက်ကင်း သိုင်းပညာရှင် တစ်ယောက် ဖြစ်ပြီး သူ့လက်အောက်မှာ အစောင့်အရှောက် ၅ ယောက် ရှိတယ်... အဲဒီ ၅ ယောက်ရဲ့ သိုင်းပညာကလည်း ခန့်မှန်းလို့ မရနိုင်လောက်အောင် မြင့်မားတယ်တဲ့... သူတို့က သိုင်းဒဏ္ဍာရီရဲ့ အမွေအနှစ် အစစ်အမှန်ကို ရရှိထားတယ်လို့ ကြေညာထားပြီး တပည့်တွေကို အကြီးအကျယ် စုဆောင်းနေတယ်... တောင်ဘက်ကိုလည်း နယ်မြေချဲ့ထွင်လာပြီး သိုင်းလောက အဖွဲ့အစည်း တော်တော်များများကို သိမ်းသွင်းထားပြီးပြီတဲ့..."
"သိုင်းဒဏ္ဍာရီရဲ့ အမွေအနှစ် အစစ်အမှန် ဟုတ်လား... သူတို့ ဂိုဏ်းချုပ် နာမည်က ဘယ်သူလဲ..."
"ကျီဝူယဲ့ပါ... ကျီ မျိုးရိုးက ရှေးဟောင်း မျိုးရိုးတစ်ခု ဖြစ်ပြီး အခုခေတ်မှာ ရှားပါးသွားပါပြီ... အရင်တုန်းကတော့ တာ့ယန်မင်းဆက်ရဲ့ တော်ဝင်မျိုးရိုးပါ... တာ့ဝေမင်းဆက်က တာ့ယန်မင်းဆက်ကို ဖြုတ်ချလိုက်ပြီးတဲ့နောက် ကျီ မျိုးရိုးတွေ ပျောက်ကွယ်သွားခဲ့တာပါ..."
"လင်းထျန်းဂိုဏ်းရဲ့ အစောင့်အရှောက် ၅ ယောက်ထဲမှာ ရှောင်မျိုးရိုး ပါလား..."
"ပါတယ်... အစောင့်အရှောက် တစ်ယောက် နာမည်က ရှောင်ဝူဟွေ့တဲ့... သူက သိုင်းဒဏ္ဍာရီရဲ့ နာမည်ကြီး သိုင်းကွက်ဖြစ်တဲ့ မဟာဆန်းကြယ် ဝိညာဉ်လက်ဝါးသိုင်းကို တတ်မြောက်ထားတယ်လို့ ဆိုကြတယ်... တချို့က သူက သိုင်းဒဏ္ဍာရီရဲ့ မျိုးဆက်လို့တောင် ပြောကြတယ်... ဘာလို့လဲဆိုတော့ သိုင်းဒဏ္ဍာရီကလည်း ရှောင်မျိုးရိုး ဖြစ်နေလို့ပါ..."
ကျူးယန်က လေးနက်စွာ ပြောလိုက်ပြီး ရုတ်တရက် လီချင်းချိုး ဘေးနားရှိ ရှောင်ညီနောင်သုံးဖော်ကို သတိရသွားသည်။
လီချင်းချိုးက ရှောင်မျိုးရိုး ပါမပါ မေးမြန်းခြင်းသည် ရှောင်ညီနောင်သုံးဖော်နှင့် ပတ်သက်ဆက်နွှယ်မှု ရှိနေမလားဟု တွေးမိသောကြောင့် ဖြစ်သည်။
ရှောင်ညီနောင်သုံးဖော်က သိုင်းဒဏ္ဍာရီရဲ့ မျိုးဆက်တွေများ ဖြစ်နေမလား…
ကျူးယန် မအံ့သြမိပေ။ ဓားနတ်ဘုရားနှင့် အိမ်ရှေ့စံ၏ သားတော်ပင် ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်လာခဲ့ကြရာ သိုင်းဒဏ္ဍာရီ၏ မျိုးဆက်များ ရောက်လာခြင်းသည် အဆန်းမဟုတ်တော့ပေ။
ထို့အပြင် ကျူးယန်၏ စိတ်ထဲတွင် လီချင်းချိုးကငါ သိုင်းဒဏ္ဍာရီ အသစ် ဖြစ်နေပြီ ဖြစ်သည်။
"ရှောင်ဝူဟွေ့..."
"ကြည့်ရတာ လင်းထျန်းဂိုဏ်းက သိုင်းဒဏ္ဍာရီရဲ့ အမွေအနှစ်ကို တကယ် ရရှိထားပုံရတယ်... ဘာလို့လဲဆိုတော့ ရှောင်ညီနောင်သုံးဖော်ရဲ့ အဖေ နာမည်က ရှောင်ဝူဟွေ့ ဖြစ်နေလို့ပဲ..."
"လင်းထျန်းဂိုဏ်း ဘာတွေ ကြံစည်နေလဲ ဆိုတာ စုံစမ်းခိုင်းလိုက်ရမလား..."
"စုံစမ်းခိုင်းလိုက်... ဒါပေမဲ့ လျှို့ဝှက်စုံစမ်းခိုင်း..."
"ကောင်းပါပြီ... ကျွန်မ ထင်တာတော့ လင်းထျန်းဂိုဏ်းက ကျွန်မတို့ကို တော်တော် သတိထားနေပုံရတယ်... မဟုတ်ရင် သူတို့တွေ ချန်ကျိုးပြည်နယ်ကနေ စတင်မှာ မဟုတ်ဘူး..."
လက်ရှိတွင် ချင်းရှောင်ဂိုဏ်းကသာ တာ့လီမင်းဆက်၏ နံပါတ်တစ် ဂိုဏ်းကြီး ဖြစ်နေပြီ ဖြစ်သည်။
လူအများအပြား အသိအမှတ် မပြုကြသေးသော်လည်း လက်ရှိအချိန်တွင် မည်သူမျှ ချင်းရှောင်ဂိုဏ်းကို ပေါ်တင် ရန်စရဲခြင်း မရှိကြပေ။