တမိုးအောက် အနှိုင်းမဲ့၊ ကံကြမ္မာ ရွေးချယ်ခြင်း……
Vol. 14 Ch. 134
နတ်ဆရာကျန်း၏ မှတ်ဉာဏ်အရ လီချင်းချိုး တောင်ထဲသို့ ဝင်ရောက်ပြီး နာရီဝက်မကြာခင်မှာပင် ကျင့်ကြံသူ၏ လိုဏ်ဂူကို ရှာတွေ့ခဲ့သည်။ မသေမျိုး လိုဏ်ဂူသည် အလွန်အမင်း လျှို့ဝှက်ဖုံးကွယ်ထားခြင်း မရှိသော်လည်း ဤတောင်တန်းများက လူနေရပ်ကွက်များနှင့် အလွန် ဝေးကွာလှသည်။ အနီးဆုံး ရွာသည်ပင် မိုင်နှစ်ရာခန့် ဝေးကွာသဖြင့် ဤနေရာသို့ မည်သူမျှ လာရောက်လေ့ မရှိပေ။
ကွေ့ကောက်နေသော လိုဏ်ဂူလမ်းကြောင်းကို ဖြတ်သန်းပြီးနောက် ဂူအတွင်းခန်းသို့ ရောက်ရှိသွားရာ လီချင်းချိုး မျက်မှောင်ကြုတ်လိုက်မိသည်။
ဂူအတွင်းပိုင်းတခုလုံး ဟာလာဟင်းလင်း ဖြစ်နေပြီ…..
ထိုစဉ် ကောင်းကင်သက်တံဓားမှ တစ္ဆေအငွေ့အသက်များ ထွက်ပေါ်လာပြီး ချူကျင်း၏ ပုံရိပ်အဖြစ် စုစည်းသွားသည်။
"တစ်ယောက်ယောက်က ကျွန်တော်တို့ထက် ဦးသွားပြီ... ဒါလည်း ဖြစ်နိုင်ပါတယ်... နတ်ဆရာကျန်းက မြို့တော်မှာ နေတာ အနှစ် ၂၀ ကျော်ပြီ... ကျန်းယန်မြို့ကနေ တစ်ခါမှ မခွာခဲ့ဖူးသလို ဒီနေရာကိုလည်း ပြန်မလာဖြစ်ခဲ့ဘူး..."
လီချင်းချိုး ဘေးဘီဝဲယာကို ဝေ့ဝဲကြည့်လိုက်သော်လည်း မျက်နှာထားကတော့ တည်ငြိမ်နေဆဲပင်။
"ကြည့်ရတာ ဒီလောကမှာ နောက်ထပ် ကျင့်ကြံသူတစ်ယောက် ပေါ်ပေါက်လာတော့မယ် ထင်တယ်..."
သူ စိတ်ပျက်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် နတ်ဆရာကျန်းက မသေမျိုး လိုဏ်ဂူထဲရှိ ပစ္စည်းများကို အကုန်ယူဆောင်သွားပြီး ဖြစ်သောကြောင့်ပင်။ တန်ဖိုးအရှိဆုံး ရတနာမှာ ဝိညာဉ်သန့်စင်အလံတော် ဖြစ်ပြီး ကျန်ရှိနေသည်များမှာ ဆေးဖော်နည်းများ၊ ဆေးကျမ်းများ၊ အဆောင်စက္ကူများနှင့် လျှို့ဝှက်ကျမ်းစာ အစရှိသည်တို့သာ ဖြစ်သည်။
နတ်ဆရာကျန်းဆိုသူက ကောက်ကျစ်စဉ်းလဲသူ ဖြစ်သည်။ သူ ချန်ထားခဲ့သော လျှို့ဝှက်ကျမ်းစာအုပ်ထဲမှ စာမျက်နှာအချို့ကို ဆွဲဖြဲထားခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုကျမ်းစာအုပ်ကို ရရှိသွားပါက ကျောက်ကျိကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံတွေ့ရဖွယ် ရှိသည်။ ကျင့်ကြံ၍ မအောင်မြင်ခြင်းက အကောင်းဆုံး ရလဒ်ဖြစ်ပြီး အဆိုးဆုံးမှာ စိတ်နေသဘောထား ကြမ်းတမ်းလာကာ နောက်ဆုံးတွင် လမ်းမှားရောက်ပြီး သွေးလေခြောက်ခြားသွားနိုင်သည်။
"ပြန်ကြစို့... ပြန်ရမယ့်အချိန် ရောက်ပြီ..."
လီချင်းချိုးက လှည့်ထွက်ပြီး ဂူဝဆီသို့ လျှောက်သွားလိုက်သည်နှင့် ချူကျင်းလည်း ကောင်းကင်သက်တံဓား အတွင်းသို့ ဝင်ရောက်သွားပြီး ဓားကို လေပေါ်တွင် ပျံဝဲစေကာ ရှေ့ဆက်သွားသည်။ နန်ကုန်းအာနှင့် လင်းချွမ်တို့က စကားတစ်ခွန်းမျှ မဆိုဘဲ လီချင်းချိုး၏ ခြေလှမ်းများနောက်သို့ ချက်ချင်း လိုက်ပါသွားကြသည်။
မသေမျိုး လိုဏ်ဂူမှ ထွက်ခွာပြီးနောက် လီချင်းချိုးက ရှောင်ပါးကို လေချွန်၍ လှမ်းခေါ်လိုက်ပြီး လေထဲသို့ ခုန်တက်ကာ တောအုပ်ထဲမှ ထွက်ခွာ၍ ရှောင်ပါး၏ ကျောပေါ်သို့ ဆင်းသက်လိုက်၍ ချင်းရှောင်တောင် ရှိရာသို့ ဦးတည် ပျံသန်းသွားလေသည်။
…
လင်းရှောင်ခြံဝင်း၏ အပြင်ဘက်၊ ယခင် ဂိုဏ်းတံခါးဟောင်း၏ ရှေ့၌ ……
လီစစ်ကျင်တယောက် တောင်စွန်းတွင် ရပ်လျက် အဝေးတစ်နေရာကို မျှော်ငေးရင်း မျက်မှောင်ကြုတ်နေစဉ်
ကျန်းယွီချွန်း လင်းရှောင်ခြံဝင်းထဲမှ ထွက်လာသည်။ မူလက ကုန့်လင်ခန်းမသို့ သွားရန် ရည်ရွယ်ထားသော်လည်း သူမကို တွေ့လိုက်ရသဖြင့် အနားသို့ လျှောက်လာခဲ့သည်။
"မပူပါနဲ့... မင့်ရဲ့ ဂိုဏ်းချုပ်စီနီယာအစ်ကိုကြီး ဒီနေ့ သေချာပေါက် ပြန်ရောက်လာမှာပါ..."
ကျန်းယွီချွန်းက နှစ်သိမ့်လိုက်တော့
လီစစ်ကျင်က လှည့်ကြည့်ပြီး မေးလိုက်လေသည်။
"တကယ်လို့ ပြန်မလာရင်ရော..."
အစပိုင်းတွင် သူမ လီချင်းချိုးအပေါ် ယုံကြည်မှု အပြည့်ရှိခဲ့သော်လည်း သုံးရက်မြောက်နေ့သို့ ရောက်လာသောအခါ ပို၍ ဂနာမငြိမ် ဖြစ်လာသည်။ လီချင်းချိုး အသက်စွန့်သွားနိုင်သည်ဟူသော အတွေးက သူမကို ထိတ်လန့်စေသည်။
ဂိုဏ်းချုပ်စီနီယာအစ်ကိုကြီးသာ မရှိတော့လျှင် သူတို့ ဘာဆက်လုပ်ရမလဲ ဆိုသည်ကို တွေးပင် မတွေးရဲပေ။
"သေချာပေါက် ပြန်လာမှာပါ... တကယ်လို့ ဆိုတာ မရှိဘူး..."
ကျန်းယွီချွန်းက ပြတ်သားစွာ ပြောလိုက်တော့မှသာ လီစစ်ကျင် စိတ်အေးသွားရသည်။
"သေချာ စဉ်းစားကြည့်.. ငယ်ငယ်ကတည်းက အခုချိန်ထိ ဂိုဏ်းချုပ်စီနီယာအစ်ကိုကြီးက ငါတို့ကို ပေးဖူးတဲ့ ကတိတွေထဲက ဘယ်ကတိကိုများ မတည်ခဲ့ဖူးလို့လဲ... ပြီးတော့ သူ့သိုင်းပညာက အခုဆိုရင် ခန့်မှန်းလို့ မရနိုင်လောက်အောင် မြင့်မားနေပြီ... ဓားနတ်ဘုရားတောင် သူ့ကို မယှဉ်နိုင်ဘူး... ဧကရာဇ်နဲ့ လျှို့ဝှက်မြို့စားမင်းတို့က သေချာပေါက် သူ့ကို နိုင်မှာ မဟုတ်ဘူး... အမှန်အတိုင်း ပြောရရင် ချင်းရှောင်ဂိုဏ်းသားတွေကို ခေါ်သွားတာက သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာ စိုးလို့ပါ..."
လီစစ်ကျင်ကလည်း ထိုစကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... ဂိုဏ်းချုပ်စီနီယာအစ်ကိုကြီးက ဒီလောကမှာ အသန်မာဆုံးပဲ... သူ သေချာပေါက် ဘေးကင်းကင်းနဲ့ ပြန်ရောက်လာမှာ..."
ကျွီ…
ထိုစဉ် စူးရှသော အော်မြည်သံတစ်ခု တောင်တန်းများကြားတွင် ပဲ့တင်ထပ်သွားပြီး ချင်းရှောင်တောင်ပေါ်နှင့် တောင်အောက်ရှိ လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားသည်။ နေရောင်အောက်ရှိ တပည့်များနှင့် ဘုရားဖူးများ အားလုံး လှည့်ကြည့်လိုက်ကြတော့
ကြီးမားသော လင်းယုန်နက်ကြီး အတောင်ပံခတ်၍ သူတို့ဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။
လွန်ခဲ့သော နှစ်ရက်အတွင်း တောင်ပေါ်သို့ ရောက်လာသူများမှလွဲ၍ ကျန်လူအားလုံး ထိုလင်းယုန်နက်ကြီးကို မှတ်မိကြသည်။
"ဂိုဏ်းချုပ် ပြန်ရောက်ပြီ..."
သိုင်းပြိုင်ကွင်းပေါ်ရှိ ဓားဂိုဏ်းတပည့်တစ်ဦးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်တော့ သူ့ ပြိုင်ဘက်ကလည်း လှည့်ကြည့်ပြီး စိတ်လှုပ်ရှားသွားသည်။
ချင်းရှောင်ဂိုဏ်း တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသဖြင့်
လီစစ်ကျင် လှည့်ကြည့်လိုက်ရာ သူမ၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။
ထိုအခါမှသာ ကျန်းယွီချွန်းလည်း သက်ပြင်းချလိုက်မိသည်။ အမှန်တကယ်တော့ သူလည်း စိုးရိမ်နေခဲ့ပေမယ့် ထုတ်မပြရဲခဲ့ပေ။
ရှောင်ပါး ချင်းရှောင်တောင်ကို ပတ်၍ ပျံသန်းလိုက်ရာ တပည့်အများအပြား လီချင်းချိုးကို မြင်တွေ့လိုက်ကြရသဖြင့် တပည့်များက နှစ်သစ်ကူးပွဲတော် ကျင်းပသကဲ့သို့ ဝမ်းမြောက်ဝမ်းသာဖြင့် သတင်းစကားများ ဖြန့်ဝေကြတော့သည်။
အမွှေးတိုင် တစ်တိုင်စာမျှ ကြာမြင့်သော အချိန်တွင်…
ကျူးယန် လင်းရှောင်ခြံဝင်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာတော့ ခန်းမသခင်များ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် လီချင်းချိုးသည် ထိုင်ခုံတွင် ထိုင်လျက် လီစစ်ကျင်နှင့် ရယ်မော စကားပြောနေသည်ကို တွေ့လိုက်ရသဖြင့် သူမ စိတ်သက်သာရာ ရသွားသည်။
သူမ၏ လက်ကျန်ဘဝကို ချင်းရှောင်ဂိုဏ်းတွင် ပုံအောထားခဲ့ရာ လီချင်းချိုး တစ်စုံတစ်ရာ ဖြစ်သွားမည်ကို မလိုလားပေ။
စိတ်အေးသွားမှသာ
သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ကျက်သရေရှိစွာ လျှောက်လှမ်းဝင်ရောက်လာသည်။
တောင်ပေါ်ရှိ ခန်းမသခင်များ အားလုံး စုံလင်သောအခါ လီချင်းချိုးက အရေးကြီးကိစ္စများကို စတင် ပြောပြလိုက်သည်။
"ဧကရာဇ် ကျောက်ကျိ၊ မိစ္ဆာတာအိုဆရာ နတ်ဆရာကျန်း၊ လျှို့ဝှက်မြို့စားမင်း..."
လီချင်းချိုးက လူတိုင်းကို တစ်ချက်ဝေ့ကြည့်ပြီး နာမည်များကို တစ်ခုချင်းစီ ဖြည်းညှင်းစွာ ရွတ်ဆိုလိုက်ရာ အားလုံး မျက်နှာထားတင်းမာသွားကြသည်။
"ငါ သူတို့အားလုံးကို သတ်ခဲ့ပြီးပြီ... ကျင်းဝူအစောင့်တပ်နဲ့ နတ်ဆိုးစစ်သည်တွေလည်း မရှိကြတော့ဘူး..."
ဝုန်း…..
လူတိုင်း၏ စိတ်ခံစားချက်များ တမဟုတ်ချင်း ပေါက်ကွဲထွက်လာပြီး အားလုံး မတ်တတ်ရပ်လိုက်ကြသဖြင့် ခြံဝင်းတစ်ခုလုံး ဆူညံသွားသည်။
"ဂိုဏ်းချုပ်... တကယ် လုပ်နိုင်ခဲ့တာပဲ... မြန်မြန်ပြောပြပါ... သူတို့ကို ဘယ်လို သတ်ခဲ့တာလဲ..."
"ကျင်းဝူအစောင့်တပ်နဲ့ နတ်ဆိုးစစ်သည်တွေကိုပါ တစ်ယောက်မကျန် ရှင်းပစ်ခဲ့တာတော့ မဟုတ်ပါဘူးနော်..."
"တာ့လီမင်းဆက်ကို လွှမ်းခြုံထားတဲ့ တိမ်မည်းကြီး လွင့်စင်သွားပြီပေါ့..."
"ဂိုဏ်းချုပ်ရဲ့ သိုင်းပညာက လောကမှာ ပြိုင်ဘက်ကင်းပါပဲ... တကယ့်ကို တမိုးအောက် အနှိုင်းမဲ့ပဲ..."
"ကောင်းတယ်... သိပ်ကောင်းတယ်... အဲဒီနတ်ဆိုးဧကရာဇ် နောက်ဆုံးတော့ သေပြီ..."
အားလုံး စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသော်လည်း ရှန်ယွဲ့ကမူ တည်ငြိမ်နေသည်။ ရှန်ယွဲ့အမြင်အရ ဤကိစ္စက အံ့သြစရာ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လီချင်းချိုး၏ စွမ်းအားကို သူ အသိဆုံး ဖြစ်သောကြောင့်ပင်။
သို့သော်လည်း လီချင်းချိုးကို ယှဉ်နိုင်မည့်သူ ဒီလောကမှာ ရှိသေးရဲ့လားဟု ရှန်ယွဲ့ တွေးတောနေမိသည်။
ယခင်က သိုင်းဒဏ္ဍာရီတောင်မှ လီချင်းချိုးလောက် ထင်ရှားကျော်ကြားခြင်း မရှိခဲ့ဟု သူ ခံစားမိသည်။
လီစစ်ကျင်က အဖြစ်အပျက်ကို ပြန်ပြောပြရန် လီချင်းချိုးကို တိုက်တွန်းလိုက်ရာ အားလုံး ချက်ချင်း ပြန်ထိုင်လိုက်ကြပြီး မျှော်လင့်တကြီး ကြည့်နေကြသည်။
လီချင်းချိုးက အရှိန်အဝါကို မဖျက်ဆီးလိုသဖြင့် အကျဉ်းချုံး၍ ပြောပြလိုက်သော်လည်း ဝိညာဉ်သန့်စင်အလံတော်နှင့် ချူကျင်းအကြောင်းကိုမူ ချန်လှပ်ထားခဲ့သည်။
လီချင်းချိုးက စစ်ကြေညာခဲ့ပြီးနောက် တောင်ဘက်တံခါးမှ အတင်းဝင်ရောက်ကာ နန်းတွင်းအစောင့်တပ်၊ ကျင်းဝူအစောင့်တပ်နှင့် နတ်စစ်သည်များ၏ ရှေ့မှောက်တွင် နတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်ခဲ့ကြောင်း ကြားသိလိုက်ရသောအခါ အားလုံး၏ သွေးများ ဆူပွက်လာပြီး စိတ်လှုပ်ရှားသွားကြသည်။
ရှန်ယွဲ့ပင်လျှင် လွန်စွာ စိတ်ထိခိုက်သွားပြီး လီချင်းချိုးအပေါ် သူ့ရဲ့ အကြည့်များ ပြောင်းလဲသွားသည်။
လီချင်းချိုး အလွန် သန်မာကြောင်း လူတိုင်း သိထားကြသည်။ သို့သော် ပုံမှန်အချိန်များတွင် လီချင်းချိုးက ဤမျှ သန်မာသော ဘက်ခြမ်းကို ထုတ်ပြလေ့ မရှိပေ။
"ကောင်းတယ်... ဝမ်းသာစရာပဲ... ဒီလို ယုတ်မာတဲ့ ဧကရာဇ်နဲ့ မိစ္ဆာတာအိုဆရာမျိုးကို ဂုဏ်သိက္ခာရှိရှိ အနိုင်ယူပြီး မျှော်လင့်ချက်မဲ့စွာ သေဆုံးစေခဲ့တာ သိပ်ကောင်းတယ်..."
ယန်ကျွယ်တိန်က စားပွဲကို လက်သီးဖြင့် ထုလိုက်ပြီး မျက်လုံးများ အရောင်တောက်လျက် ပြောလိုက်သည်။ သူက လီချင်းချိုးကို ကြည့်ပြီး….
"ဂိုဏ်းချုပ်... နောက်တစ်ခါ ဒီလိုကိစ္စမျိုးရှိရင် ကျွန်တော့်ကိုပါ ခေါ်သွားပါ..."
လီစစ်ဖုန်းက နှာခေါင်းရှုံ့ပြီး…
"တော်ပါ... ခင်ဗျားကို ခေါ်သွားရင် ဂိုဏ်းချုပ်စီနီယာအစ်ကိုကြီး ရန်သူတွေကို ဒီလောက် လွယ်လွယ်ကူကူ သတ်နိုင်ပါ့မလား... ခင်ဗျားကိုတောင် ပြန်ကာကွယ်ပေးနေရဦးမယ်..."
ယန်ကျွယ်တိန်က သူ့ကို မျက်စောင်းခဲ၍ ကြည့်လိုက်သော်လည်း ပြန်မငြင်းနိုင်ပေ။
ကျန်းယွီကမူ ပို၍ ဝေးဝေး တွေးနေသည်။
"ဂိုဏ်းချုပ်ပြောပုံအရဆိုရင် ဒီတစ်ခါ လူတွေ အများကြီး ကယ်တင်နိုင်ခဲ့တာပဲ... ဒီသတင်း ပြန့်သွားတာနဲ့ တစ်လောကလုံးက ချင်းရှောင်ဂိုဏ်းရဲ့ အံ့မခန်း လုပ်ရပ်တွေကို သိသွားကြလိမ့်မယ်... ချင်းရှောင်ဂိုဏ်းက တမိုးအောက် အနှိုင်းမဲ့ ဖြစ်လာတော့မယ်... ဂိုဏ်းအဆင့် တိုးတက်ဖို့က လက်တစ်ကမ်းမှာပဲ..."
ကျန်းယွီချွန်း ခေါင်းညိတ်လိုက်ပြီး သူလည်း ထိုကိစ္စကို တွေးတောနေရင်း စိတ်လှုပ်ရှားနေသည်။
လီချင်းချိုးက…..
"ဒီကိစ္စ ပြီးသွားပြီဆိုတော့ ချင်းရှောင်ဂိုဏ်းက လောလောဆယ် ပြဿနာတွေ ကြုံရမှာ မဟုတ်တော့ဘူး... ဖွံ့ဖြိုးတိုးတက်ရေးက ထိပ်တန်း ဦးစားပေးပဲ..."
အားလုံး တည်ငြိမ်သွားပြီးနောက် လီချင်းချိုးကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ သူသည် ဤမျှ ကမ္ဘာကို တုန်လှုပ်စေသော ကိစ္စကို လုပ်ဆောင်ခဲ့သော်လည်း တည်ငြိမ်နေဆဲ ဖြစ်သည်။ ဤစိတ်နေသဘောထား တစ်ခုတည်းကပင် သူတို့အတွက် အိမ်မက်သဖွယ် ဖြစ်နေသည်။
"ဧကရာဇ် သေဆုံးသွားပြီဆိုတော့ လောကကြီးက မလွဲမသွေ ဖရိုဖရဲ ဖြစ်လာလိမ့်မယ်... ဒါက ပရမ်းပတာ ဖြစ်ခြင်းဆိုပေမဲ့ အခွင့်အရေး တစ်ခုလည်း ဖြစ်တယ်... ဒီနေ့ကစပြီး တပည့်လက်ခံတဲ့ အရေအတွက်ကို ကန့်သတ်မထားတော့ဘူး... စစ်ဆေးမှု အောင်မြင်သရွေ့ ဝင်ခွင့်ပေးမယ်... များလေ ကောင်းလေပဲ... အဆင့်တိုင်းက တပည့်တွေရဲ့ စံသတ်မှတ်ချက်ကို လျှော့ချလို့ မရဘူး... အထူးသဖြင့် တပည့်ရင်းတွေ အတွက်ပေါ့... စံသတ်မှတ်ချက်ကို မြှင့်ပဲ မြှင့်ရမယ်..."
"ငါက ချင်းရှောင်ဂိုဏ်းကို မင်းဆက်အပေါ် လွှမ်းမိုးစေချင်တယ်... တကယ်လို့ ဘယ်ဧကရာဇ်မဆို တာဝန်မကျေရင် ချင်းရှောင်ဂိုဏ်းရဲ့ ဓားက နောက်တစ်ကြိမ် ကျဆင်းလာလိမ့်မယ်... ဒီနေ့ကစပြီး ငါတို့က ဒီမြေရဲ့ အုပ်စိုးသူတွေ ဖြစ်လာလိမ့်မယ်... နားလည်လား..."
လီချင်းချိုး ပြောနေစဉ် သူ့ လေသံက အာဏာစက် ပြင်းထန်လာသည်။
ဤသည်မှာ သူ့ရဲ့တင်းမာသော သဘောထားကို ပထမဆုံးအကြိမ် ထုတ်ပြခြင်း ဖြစ်သည်။ မည်သူမျှ ပြန်မငြင်းရဲကြသလို ငြင်းလည်း ငြင်းကြမည် မဟုတ်ပေ။ အချို့က မျှော်လင့်ချက်များပင် ထားရှိလာကြသည်။
လီချင်းချိုးက တကယ်ပင် ရည်မှန်းချက်ကြီးကြောင်း၊ သို့သော် တစ်စုံတစ်ခုကို သတိထားနေပုံရကြောင်း ကျူးယန် တိတ်တဆိတ် တွေးတောလိုက်မိသည်။
ဧကရာဇ်ကိုတောင် သူက လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်ခဲ့တော့ ချင်းရှောင်ဂိုဏ်း၏ တက်လမ်းကို ဤလောကတွင် မည်သူ တားဆီးနိုင်ဦးမည်နည်း။
လီချင်းချိုးက အာဏာရှင်ဆန်သော အုပ်စိုးသူ တစ်ယောက် မဖြစ်လာဘဲ တရားမျှတမှုကို အမြဲ တန်ဖိုးထားသူ ဖြစ်ပါစေဟုသာ သူမ ဆုတောင်းလိုက်မိသည်။
လီချင်းချိုးက အခြားကိစ္စအချို့ကို ပြောပြပြီးနောက် လူစုခွဲခိုင်းလိုက်သည်။
ပြီးနောက် အနားမယူဘဲ ကောင်းကင်သက်တံဓားကို ယူ၍ တောင်နောက်ကျောရှိ သစ်တောထဲသို့ ထွက်ခွာသွားခဲ့သည်။
အမွေအနှစ် ဆုလာဘ် သုံးခုကို ဖွင့်ကြည့်ရန် သူ မစောင့်နိုင်တော့ပေ။
မန္တန်များအပြင် ချင်းရှောင်ဂိုဏ်း၏ တာအိုလမ်းခွဲများကို ချဲ့ထွင်ရန်အတွက် မြေကမ္ဘာအဆောင် ရတနာကျမ်းနှင့် အစီအရင်အခြေခံမှတ်တမ်းများ ကဲ့သို့သော အမွေအနှစ်များကို သူ ရရှိလိုသည်။
လီချင်းချိုး ပြန်ရောက်ပြီးနောက် ချင်းရှောင်ဂိုဏ်းသားများ အားလုံး တောင်ပေါ်သို့ ပြေးတက်လာကြပြီး ဂိုဏ်းချုပ်၏ ကျန်းယန်မြို့တော် ခရီးစဉ် အောင်မြင်မအောင်မြင် သိချင်နေကြသည်။
ကုန့်လင်ခန်းမသို့ ပြန်ရောက်ပြီးနောက် ကျန်းယွီချွန်းက ကြေညာချက် ရေးသားရန် ချက်ချင်း အမိန့်ပေးလိုက်ပြီး ချင်းရှောင်ဂိုဏ်း၏ ရုံးခန်းများ အားလုံးတွင် ကပ်ထားလိုက်သည်။
ဧကရာဇ်နှင့် မိစ္ဆာတာအိုဆရာ နှစ်ယောက်စလုံး ဂိုဏ်းချုပ်၏ လက်ချက်ဖြင့် သေဆုံးသွားပြီ…
ထိုသတင်းက ချင်းရှောင်ဂိုဏ်း တစ်ခွင်လုံးသို့ မီးလောင်ရာ လေပင့်သကဲ့သို့ တမဟုတ်ချင်း ပျံ့နှံ့သွားသဖြင့် မျိုးကြီးဆွေကြီး မိသားစုဝင်များနှင့် ဘုရားဖူးများလည်း အံ့အားသင့်သွားကြသည်။
သုံးရက်အတွင်း သူ ဘယ်လို လုပ်ဆောင်နိုင်ခဲ့တာလဲ...
သူက ကျန်းယန်မြို့တော်ကို တကယ်ပဲ ပျံသွားတာလား…
မျိုးကြီးဆွေကြီး မိသားစုဝင်များ အားလုံး အခြေအနေကို စုံစမ်းရန် တောင်အောက်သို့ ဆင်းလာကြသဖြင့်
မကြုံစဖူး မုန်တိုင်းကြီးတစ်ခု စတင် ဖြစ်ပေါ်နေပြီး စီရင်စုကိုးခု ကမ္ဘာကြီးကို လွှမ်းခြုံသွားတော့မည် ဖြစ်ရာ လီချင်းချိုးနှင့် ချင်းရှောင်ဂိုဏ်းသည် ကမ္ဘာကျော်ကြားလာရန် ကံပါလာပြီ ဖြစ်သည်။
…
ကုကျိုးစီရင်စု၊ ချင်အိမ်တော်…..
ချင်ကျွယ်တယောက် ဧည့်ခန်းမဆောင်တွင် ထိုင်၍ လက်ဖက်ရည်သောက်နေရင်း မျက်မှောင်ကြုတ်နေသည်။ စီရင်စုခုနစ်ခု မဟာမိတ်တပ်ပေါင်းစု အကြီးအကျယ် ရှုံးနိမ့်သွားကတည်းက သူ ဂနာမငြိမ် ဖြစ်နေခဲ့သည်။
ချင်မိသားစုက ကုကျိုးစီရင်စုသို့ ပြောင်းရွှေ့လာပြီး အာဏာကို သိမ်းပိုက်ကာ နန်းတွင်းကို ဆန့်ကျင်ခဲ့သဖြင့် အကယ်၍ နန်းတွင်းကသာ စစ်တပ်စေလွှတ်ပြီး ကုကျိုးစီရင်စုကို တိုက်ခိုက်ပါက ချင်မိသားစု ပျက်စီးသွားပေလိမ့်မည်။
ထို့ကြောင့် အဆိုးရွားဆုံး အခြေအနေကို ထည့်သွင်းစဉ်းစားထားရမည်။
ရုတ်တရက်…
ခရမ်းရောင် ဝတ်စုံနှင့် လူတစ်ယောက် ဧည့်ခန်းမဆောင်ထဲသို့ ပြေးဝင်လာရာ ထိုသူရဲ့ အလျင်လိုနေသော ပုံစံကြောင့် ချင်ကျွယ် မျက်မှောင်ကြုတ်လိုက်မိသည်။
"သခင်ကြီး... ဧကရာဇ် သေသွားပြီ..."
ခရမ်းရောင်ဝတ်ထားသူက ချင်ကျွယ်အနားသို့ ကပ်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ သူ တစ်ကိုယ်လုံး တုန်ယင်နေပြီး စိတ်ခံစားချက်ကို မထိန်းချုပ်နိုင် ဖြစ်နေသည်။
ချင်ကျွယ် ကြောင်အသွားပြီး အလိုအလျောက် ပြန်မေးလိုက်သည်က….
"ဘာ... ပြန်ပြောစမ်း..."
"ဧကရာဇ် သေသွားပြီ... ဧကရာဇ်တင် မဟုတ်ဘူး... ကျင်းဝူအစောင့်တပ်နဲ့ နတ်စစ်သည်တွေပါ အကုန် ရှင်းလင်းခံလိုက်ရပြီ... ကျန်းယန်မြို့တော်က နဂါးအစောင့်တပ်လည်း ခေါင်းဆောင်မရှိတော့ဘဲ ဖရိုဖရဲ ဖြစ်နေပြီ... တာ့လီမင်းဆက်က အခု ခေါင်းဆောင်မဲ့ ဖြစ်နေပါပြီ... နန်းတွင်းက အမတ်တွေလည်း ထွက်ပြေးကုန်ကြပြီး ဘယ်သူမှ မြို့တော်မှာ အာဏာမယူရဲကြဘူးတဲ့..."
ခရမ်းရောင်ဝတ်ထားသူက လျင်မြန်စွာ ပြောလိုက်ရာ မျက်နှာတစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသည်။
ချင်ကျွယ် ဝမ်းသာအားရ ဖြစ်သွားသဖြင့် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး ထပ်မေးလိုက်သည်။
"ဘယ်အဖွဲ့အစည်းက လုပ်လိုက်တာလဲ..."
"အဖွဲ့အစည်း မဟုတ်ဘူး... လူတစ်ယောက်တည်းပါ... ချင်းရှောင်ဂိုဏ်းချုပ် လီချင်းချိုးက ကျန်းယန်မြို့တော်ကို တစ်ယောက်တည်း ဝင်တိုက်ပြီး ဧကရာဇ်ကို ခေါင်းဖြတ်သတ်လိုက်တာ... မိစ္ဆာတာအိုဆရာကိုလည်း သတ်ခဲ့သလို ကျင်းဝူအစောင့်တပ်နဲ့ နတ်စစ်သည်တွေကိုပါ သတ်ဖြတ်ခဲ့တယ်တဲ့... သူက ဒီခေတ်ရဲ့ ဓားသိုင်းပညာရှင်စစ်စစ်ပဲ... တကယ့် တမိုးအောက် အနှိုင်းမဲ့ပဲ... လူတစ်ယောက်တည်းနဲ့ ဒီလောက် စွမ်းအားကြီးတာ မယုံနိုင်စရာပဲ..."
ခရမ်းရောင်ဝတ်ထားသူ၏ အသံမှာ တုန်ယင်နေပြီး လေးစားအားကျမှုများ ပြည့်နှက်နေသည်။
ထိုစကားကို ကြားသောအခါ ချင်ကျွယ် လုံးဝ ကြောင်အသွားသည်။
လူတစ်ယောက်တည်းက လုပ်ခဲ့တာလား…
လီချင်းချိုး တကယ်ပဲ အဲဒီလောက် စွမ်းတာလား…
လက်ရှိတွင် ကုကျိုးစီရင်စုသာမက တစ်နိုင်ငံလုံးရှိ စီရင်စုများ အားလုံးသို့ ထိုသတင်း ရောက်ရှိနေပြီ ဖြစ်သည်။
လီချင်းချိုး၏ အမည်နာမသည်လည်း ကမ္ဘာအနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။
ကမ္ဘာလောကကြီးတခုလုံး အံ့သြမှင်သက်နေသော်လည်း လီချင်းချိုးကမူ အနေအထိုင် မပြောင်းလဲပေ။ ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် ယခင် လူနေမှုပုံစံအတိုင်း ဆက်လက် နေထိုင်ပြီး ကျင့်ကြံခြင်း၌သာ အချိန်ကုန်ဆုံးနေသည်။
ပြန်ရောက်ပြီး နှစ်ပတ်ခန့်အကြာ၊ နေ့လယ်ခင်း တစ်ခုတွင်…
မြေအောက် ဝိညာဉ်ရေကန်၌ ကျင့်ကြံနေသော လီချင်းချိုး၏ မျက်စိရှေ့တွင် စာတန်းတစ်ခု ပေါ်လာခဲ့သည်။
[သင်သည် တမိုးအောက် အနှိုင်းမဲ့ ဟူသော ဂုဏ်ပုဒ်ကို ပထမဆုံးအကြိမ် ရရှိခဲ့ပြီး ကမ္ဘာကျော်လာကာ ချင်းရှောင်ဂိုဏ်း၏ တိုးတက်မှုကို များစွာ အထောက်အကူ ပြုခဲ့သဖြင့် ကံကြမ္မာ ရွေးချယ်ခွင့် တစ်ကြိမ် ချီးမြှင့်လိုက်သည်။]
နောက်ဆုံးတော့ ရောက်လာပြီပဲ...
ဤစစ်ဆင်ရေးမှ ရရှိမည့် ဂုဏ်သတင်းက တာအိုမျိုးဆက် ဆုလာဘ်ကို ပေးစွမ်းလိမ့်မည်ဟု လီချင်းချိုး ကြိုတင် မျှော်လင့်ထားခဲ့ပြီး သူ အမျှော်လင့်ဆုံး အရာမှာ ကံကြမ္မာ ရွေးချယ်ခွင့် ဖြစ်သည်။
မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့် ကျင့်ကြံသူတိုင်း လီချင်းချိုးလောက် မသန်မာကြပေ။ သူ့ရဲ့ စွမ်းအားများက သူပိုင်ဆိုင်ထားသော ကံကြမ္မာများမှ ရရှိခြင်း ဖြစ်သည်။
အနာဂတ်တွင် ချင်းရှောင်ဂိုဏ်း၌ အသန်မာဆုံး နေရာကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန်အတွက် ပိုမို များပြားပြီး ပိုမို အားကောင်းသော ကံကြမ္မာများကို ရယူလိုသည်။
|