ကောင်းကင်ဖာထေးခြင်း မဟာအစီအရင်
Vol. 14 Ch. 132
ဝိညာဉ်သန့်စင်အလံတော် အတွင်း၌ ပါဝင်သော အားကောင်းလှသည့် တစ္ဆေချီစွမ်းအင်များကြောင့် လီချင်းချိုး အံ့အားသင့်နေစဉ်မှာပင် သူ့မျက်စိရှေ့၌ စာတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
[သင်သည် ကျင့်ကြံသူတစ်ဦးကို ပထမဆုံးအကြိမ် သတ်ဖြတ်နိုင်ခဲ့ပြီး ကျင့်ကြံခြင်းလမ်းစဉ်၌ ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း သက်သေပြနိုင်ခဲ့သဖြင့် အမွေအနှစ် ဆုလာဘ်ရယူခွင့် တစ်ကြိမ် ချီးမြှင့်လိုက်သည်။]
ကောင်းလိုက်တာ...
တကယ့်ကို မမျှော်လင့်ထားတဲ့ ဆုလာဘ်ပဲ…
လီချင်းချိုး စိတ်အခြေအနေ ကောင်းမွန်သွားပြီးနောက် အသိစိတ်အာရုံကို ဝိညာဉ်သန့်စင်အလံတော် အတွင်းသို့ စူးစိုက်လိုက်သည်။ ထိုသီးခြား ကမ္ဘာငယ်လေးထဲတွင် မတရားသေဆုံးခဲ့ရသော ဝိညာဉ်များသည် ကျိုင်းကောင်အုပ်သဖွယ် ပျံဝဲနေကြသည်ကို တွေ့လိုက်ရ၏။
ထိုဝိညာဉ်များ အားလုံးက ဥတစ်လုံးနှင့် တူသော ကြီးမားသည့် သွေးရောင်အလုံးကြီးတစ်ခု၏ ဘေးပတ်လည်တွင် စုဝေးနေကြပြီး ထိုအထဲတွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာဝိညာဉ်တစ်ခု ကိန်းအောင်းနေသည်။
ဝိညာဉ်သန့်စင်အလံတော်မှ ဝါးမျိုးထားသော ဝိညာဉ်များ အားလုံးသည် ထိုမိစ္ဆာဝိညာဉ်ကို စွမ်းအားများ ပေးအပ်နေကြခြင်း ဖြစ်သည်။
မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်သို့ ရောက်ရှိနေသော လီချင်းချိုးပင်လျှင် ထိုမိစ္ဆာဝိညာဉ်၏ အရှိန်အဝါကြောင့် ကြောက်ရွံ့တုန်လှုပ်သွားမိသည်။
ကံကောင်းထောက်မစွာပင် သူ စောစီးစွာ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ အကယ်၍ နောက်ကျခဲ့ပြီး နတ်ဆရာကျန်းသာ ဤမိစ္ဆာဝိညာဉ်ကို နှိုးထလိုက်ပါက အကျိုးဆက်များကို တွေးဝံ့စရာပင် မရှိပေ။
လီချင်းချိုးက အကြည့်လွှဲလိုက်ပြီး မြေပြင်ပေါ်ရှိ နတ်ဆရာကျန်း၏ အလောင်းအပေါ် ဝိညာဉ်ချုပ်ကျိန်စာကို တိုက်ရိုက် အသုံးပြုလိုက်သည်။
ဧကရာဇ်၏ နောက်သို့ လိုက်ပါသွားပြီး နတ်ဆရာကျန်းပါ လီချင်းချိုး၏ လက်ချက်ဖြင့် ခေါင်းပြတ်သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ နန်းတွင်းအစောင့်တပ်များ ဆက်လက် တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ ဖရိုဖရဲ ထွက်ပြေးကုန်ကြသည်။
သတ္တိရှိသော အကျဉ်းသား အချို့ကမူ ရင်ပြင်ထဲတွင် ဆက်လက် ကျန်ရစ်ခဲ့ပြီး လီချင်းချိုးကို လေးစားအားကျသော မျက်လုံးများဖြင့် ငေးကြည့်နေကြသည်။
ချင်းရှောင်ဘိုးဘေးမှာမူ နတ်ဆရာကျန်းကို လီချင်းချိုး လွယ်ကူစွာ ခေါင်းဖြတ်သတ်လိုက်သည်ကို ကြည့်ပြီး ကြောင်ငေးနေမိသည်။
နတ်ဆရာကျန်း၏ အရှိန်အဝါက သူ့ကို ကျောချမ်းစေခဲ့သည်။ သိုင်းလောကကို ဆယ်စုနှစ်များစွာ လွှမ်းမိုးခဲ့သော သူသည်ပင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ရန်သူမျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။ သို့သော် ထိုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသူသည်ပင် လီချင်းချိုး၏ ဓားတစ်ချက်ကို မခံနိုင်ခဲ့ချေ။
ဒီကောင်လေးက သိုင်းပညာကို ဘယ်လို သင်ယူခဲ့တာလဲ…
နတ်ဆရာကျန်း ပြောသလို သူက တကယ်ပဲ ကျင့်ကြံသူလား…
ချင်းရှောင်ဘိုးဘေး၏ စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်နေသော်လည်း လီချင်းချိုးကို မနှောင့်ယှက်ရဲသဖြင့် နေရာတွင်သာ ရပ်စောင့်နေလိုက်သည်။
လီချင်းချိုးက နတ်ဆရာကျန်း၏ မှတ်ဉာဏ်များကို မဖတ်ရှုခဲ့ပေ။ ဝိညာဉ်ကို ဖမ်းချုပ်ပြီး မှတ်ဉာဏ်များကို ဆွဲထုတ်ရုံသာ ပြုလုပ်လိုက်သည်။
ဝိညာဉ်ဖမ်းချုပ်ခြင်းက ယခုအခါ သူ့အတွက် အလွန် လွယ်ကူနေပြီ ဖြစ်သည်။
ထို့နောက် ဝိညာဉ်သန့်စင်အလံတော်ကို ဘေးသို့ ပို့လိုက်ပြီး ကိုယ်ပျောက်နေသော နန်ကုန်းအာကို ကိုင်ခိုင်းထားလိုက်သည်။ ယခုအချိန်တွင် နန်ကုန်းအာက သူမ၏ ဝမ်းဗိုက်ထဲ၌ မကြုံစဖူး နာကျင်မှုများကို ခံစားနေရသော ကျောက်ကျိကို အစာချေဖျက်နေဆဲ ဖြစ်သည်။
နန်ကုန်းအာက ဝိညာဉ်သန့်စင်အလံတော်ကို ကြောက်ရွံ့နေမှန်း သိသာလှပြီး လက်ကို ဆန့်တန်းကာ သူမ၏ ခန္ဓာကိုယ်နှင့် ဝေးရာသို့ ပို့ထားလေသည်။
လီချင်းချိုးက ဒူးထောက်ထိုင်ချလိုက်ပြီး နတ်ဆရာကျန်း၏ ခန္ဓာကိုယ်ကို ရှာဖွေလိုက်လေရာ
နတ်ဆရာကျန်း၏ ခါးပတ်တွင် အညိုရောင် အိတ်တစ်လုံး ချိတ်ဆွဲထားပြီး ထိုအိတ်တွင် ချိတ်ပိတ်ထားသောစည်း တစ်ခု ပါရှိနေသည်။ လီချင်းချိုးက မူလချီကို ထည့်သွင်းရန် ကြိုးစားသော်လည်း ချိတ်စည်းက တားဆီးထားသဖြင့် အိတ်ကို ချက်ချင်း ဖြုတ်ယူပြီး ခါးတွင် ချိတ်ထားလိုက်သည်။
ထိုအိတ်မှလွဲ၍ နတ်ဆရာကျန်း၏ ကိုယ်ပေါ်တွင် ငွေစက္ကူအနည်းငယ်သာ ပါရှိသည်။
လီချင်းချိုး မတ်တတ်ရပ်လိုက်ပြီး စိတ်အာရုံဖြင့် လင်းချွမ်ကို ဆင့်ခေါ်လိုက်ပြီးနောက် ချင်းရှောင်ဘိုးဘေးဘက်သို့ လှည့်ကြည့်လိုက်ကာ လက်ကိုမြှောက်၍ အပ်သုံးချောင်းကို ချင်းရှောင်ဘိုးဘေး၏ ကိုယ်ပေါ်သို့ စိုက်သွင်းလိုက်ပြီး …..
"ဒီအပ်သုံးချောင်းကို မဖြုတ်နဲ့ဦး... ခင်ဗျားကို ပြန်လည် ကုစားပေးလိမ့်မယ်... ကိုယ့်ဘာသာကိုယ် ပြန်တော့... ကျွန်တော့်မှာ လုပ်စရာ ရှိသေးတယ်... ချင်းရှောင်ဂိုဏ်း ရောက်မှ တွေ့ကြမယ်..."
ပြောပြီးသည်နှင့် နတ်ဆရာကျန်းထံမှ ရရှိထားသော ငွေများကို ချင်းရှောင်ဘိုးဘေးထံ ပစ်ပေးလိုက်တော့
ချင်းရှောင်ဘိုးဘေးက ငွေများကို ဖမ်းယူလိုက်သော်လည်း ပြောချင်တာ မပြောရဲ ဖြစ်နေသည်။
သို့သော်
လီချင်းချိုးဘက်က စကားဆက်မပြောချင်တော့မှန်း သိလိုက်ရသဖြင့် ဆက်မနှောင့်ယှက်တော့ဘဲ တိတ်ဆိတ်စွာ လှည့်ထွက်သွားလေတော့သည်။
အခြေအနေ မကောင်းမှန်း သိလိုက်ရသော အမတ်များက စင်မြင့်အောက်သို့ တိတ်တဆိတ် ထွက်ပြေးကြသော်လည်း ရင်ပြင်မှ မထွက်ခွာနိုင်မီမှာပင် အကျဉ်းသားများ၏ ဝိုင်းရံခြင်းကို ခံလိုက်ကြရသည်။
အော်ဟစ်သံများ လီချင်းချိုး၏ နားထဲသို့ ရောက်လာသော်လည်း တစ်ချက်သာ လှမ်းကြည့်ပြီး ဂရုမစိုက်တော့ပေ။
မကြာမီတွင် လင်းချွမ် မြေကြီးထဲမှ ထွက်ပေါ်လာတော့
လီချင်းချိုးက သူ့ကို ပခုံးပေါ်သို့ ခုန်တက်စေပြီးနောက် လေထဲသို့ ခုန်တက်လိုက်သည်။ ထို့နောက် ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး ပြီးပြည့်စုံသော အကွေးအဝိုက်တစ်ခုကို ပုံဖော်လျက် မြို့တော်၏ အခြားတစ်ဖက်သို့ ပျောက်ကွယ်သွားလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော အကျဉ်းသားများ၏ ရင်ထဲတွင် လေးစားမှုနှင့် တောင့်တမှုများ ပြည့်နှက်သွားကြသည်။
"တကယ့် နတ်ဘုရားပါလား..."
အချို့က တာအိုလမ်းစဉ်ကို စိတ်ဝင်စားသွားကြပြီး အများစုကမူ ချင်းရှောင်ဂိုဏ်းသို့ သွားရောက်ရန် စိတ်ကူးမိသွားကြသည်။
ချင်းရှောင်ဂိုဏ်းကသာ တကယ်ပဲ နတ်ဘုရားစွမ်းရည်တွေကို ပိုင်ဆိုင်ထားတယ်ဆိုရင် ဘယ်သူက သိုင်းပညာကို ဆက်ပြီး လေ့ကျင့်ချင်တော့မှာလဲ...
…
မှိန်ဖျော့သော မီးရောင်များ လင်းလက်နေသည့် မြေအောက်နန်းတော် အတွင်း၌ နံရံပေါ်ရှိ ဆီမီးခွက်များ တဖျပ်ဖျပ် လှုပ်ခါနေသည်။
ဧကရာဇ်နှင့် အမတ်များ အမဲလိုက်ထွက်နေပုံကို ရေးဆွဲထားသည့် ပန်းချီကားတချပ်ရှေ့တွင် လျှို့ဝှက်မြို့စားမင်း ရပ်နေသည်။
လျှို့ဝှက်မြို့စားမင်းက မျက်နှာဖုံးကို ချွတ်ထားတော့ မျက်နှာအစစ်အမှန်မှာ ချူကျင်း ဖြစ်နေသည်။
သူက ပန်းချီကားထဲမှ ဧကရာဇ်ကို လွမ်းဆွတ်သော မျက်လုံးများဖြင့် ကြည့်နေရင်း…..
"အရှင်မင်းကြီး... လောကကြီးက နောက်ထပ်တစ်ကြိမ် ကပ်ဘေးဆိုက်တော့မယ်... နှမြောစရာ ကောင်းတာက အရှင်မင်းကြီးရဲ့ မျိုးဆက်တွေက ငယ်ရွယ်လွန်းပြီး လောကကြီးကို ဦးဆောင်နိုင်စွမ်း မရှိသေးဘူး..."
သူသည် တာ့ဝေမင်းဆက်ကို ပြန်လည် တည်ထောင်ရန် ရည်ရွယ်ချက်ဖြင့် တာ့လီမင်းဆက်၏ နန်းတွင်းတွင် ကြီးမားသော အာဏာကို ရယူထားခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်များကို ပြန်ကြည့်လျှင် ကံတရားက မျက်နှာသာ မပေးသလို ခံစားရပြီး ခါးသီးမှုများသာ ပြည့်နှက်နေသည်။
လွန်ခဲ့သော နှစ် ၃၀ က တာ့ဝေမင်းဆက်၏ တော်ဝင်သွေးဆက် အစစ်အမှန်ကို ရှာတွေ့ခဲ့သော်လည်း ထိုအချိန်က တာ့လီမင်းဆက် အခြေခိုင်နေပြီ ဖြစ်သည်။
ယခုအခါ တာ့လီမင်းဆက်ကို ပြိုလဲလုနီးပါး ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သော်လည်း သူထောက်ပံ့ပေးရန် သင့်တော်သော တာ့ဝေမင်းဆက်၏ တော်ဝင်သွေးဆက် မရှိတော့ပေ။
ဤသည်မှာလည်း သူ ကျောက်ကျိကို သည်းခံနေရခြင်း အကြောင်းရင်း ဖြစ်သည်။ ကျောက်ကျိကို သေစေချင်သော်လည်း စောစီးစွာ မသေစေချင်ပေ။
လီချင်းချိုးအကြောင်း တွေးမိသောအခါ သူ့ မျက်နှာထား မည်းမှောင်သွားသည်။
အနာဂတ်တွင် တာ့ဝေမင်းဆက်ကို ပြန်လည် တည်ထောင်လိုပါက ချင်းရှောင်ဂိုဏ်းသည် ကျော်လွှားရန် ခက်ခဲသော အတားအဆီးကြီးတစ်ခု ဖြစ်လာမည်ကို သူ ဝန်ခံရပေမည်။
ချင်းရှောင်ဂိုဏ်းသို့ ရောက်ဖူးသဖြင့် လီချင်းချိုး၏ ရည်မှန်းချက်ကြီးမားမှုကို အာရုံခံမိသည်။
ချင်းရှောင်ဂိုဏ်းသည် အေးဆေးစွာ ကျင့်ကြံမည့် နေရာတစ်ခု မဟုတ်ပေ။ လီချင်းချိုးက တပည့်များကို သူ့ရဲ့ ရည်မှန်းချက် အမှန်ကို မထုတ်ပြသေးခြင်းသာ ဖြစ်သည်။
ဝုန်း…..
လျှို့ဝှက်မြို့စားမင်း၏ အနောက်ဘက်မှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာရာ သူ လန့်ဖျပ်ပြီး ချက်ချင်း လှည့်ကြည့်လိုက်မိသည်။ သူ့ အကြည့်အောက်တွင် လူတစ်ယောက် အမှောင်ထုထဲမှ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာလေရာ
ထိုသူကို မြင်လိုက်ရသောအခါ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး အာမေဋိတ်သံ ပြုလိုက်မိသည်။
"မဖြစ်နိုင်ဘူး... မင်း ဒီနေရာကို ဘယ်လို ရှာတွေ့တာလဲ..."
ရောက်လာသူမှာ လီချင်းချိုး ဖြစ်ပေသည်။
"ခင်ဗျား နောက်ကို တစ်ယောက်ယောက် လိုက်နေတာ ခင်ဗျား မမြင်လိုက်လို့ပါ..."
လီချင်းချိုးက အေးစက်စွာ ပြောလိုက်တော့ ထိုစကားကို ကြားသောအခါ လျှို့ဝှက်မြို့စားမင်း ထိတ်လန့်သွားသည်။
"လီချင်းချိုး... မင်း ငါ့ကို သတ်ချင်တာလား... ငါတို့ကြားမှာ ရန်ငြိုးမှ မရှိတာ..."
"ခင်ဗျားက ဧကရာဇ်ကို လမ်းမှားရောက်အောင် ပို့ဆောင်ခဲ့ပြီး မကောင်းမှုတွေ အများကြီး ကျူးလွန်ခဲ့တယ်...ဒါကိုတောင် ရန်ငြိုးမရှိဘူးလို့ ထင်နေတုန်းလား..."
လီချင်းချိုးက သူ့ထံသို့ လျှောက်လာရင်း အေးစက်စွာ မေးလိုက်ချေပြီ။
ချူကျင်းက သူနှင့် ချင်းရှောင်ဂိုဏ်းအပေါ် သစ္စာရှိသော်လည်း ထိုသစ္စာတရားက အပြစ်များကို မဆေးကြောနိုင်ပေ။
သူ့ကို ခွင့်လွှတ်လိုက်လျှင် လီချင်းချိုး ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့နေရမည် ဖြစ်ပြီး ဆရာသခင်နှင့် ဂျူနီယာ မောင်နှမများကို မျက်နှာပြရဲတော့မည် မဟုတ်ပေ။
"နတ်ဆိုးဂိုဏ်းကို တည်ထောင်ခဲ့တာ ခင်ဗျားလား..."
လီချင်းချိုးက မေးလိုက်တော့
လျှို့ဝှက်မြို့စားမင်းက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး…..
"ဟုတ်တယ်... ငါ တည်ထောင်ခဲ့တာ... အစကတော့ ကျောက်ကျိကို နန်းတက်နိုင်အောင် ကူညီဖို့ပဲ... ဒါပေမဲ့ သူ ဧကရာဇ် ဖြစ်လာပြီးနောက် နတ်ဆိုးဂိုဏ်းက ပြောင်းလဲသွားတယ်... သူက နတ်ဆရာကျန်းရဲ့ စကားကို နားထောင်ပြီး မသေဆေးကို လိုချင်တပ်မက်ခဲ့တယ်... ကလေးတွေကို ရှာဖွေပေးဖို့ နတ်ဆိုးဂိုဏ်းကို အတင်းအကျပ် ခိုင်းစေခဲ့တယ်... ငါ သဘောမတူပေမဲ့ သူက ဧကရာဇ်လေ..."
"ခင်ဗျားရဲ့ သိုင်းပညာနဲ့ဆိုရင် နတ်ဆရာကျန်းကို သတ်ဖို့ မခက်ခဲပါဘူး... ဒါပေမဲ့ ခင်ဗျားက သူ့လုပ်ရပ်တွေကို ခွင့်ပြုပေးခဲ့တယ်... ခင်ဗျားက ကျောက်ကျိကို သံသယဝင်တယ်ဆိုပေမဲ့ တကယ်တမ်းတော့ သူ့လုပ်ရပ်တွေကို တိတ်တဆိတ် သဘောတူခဲ့တာပဲ... အများဆုံး ရှိလှ ခင်ဗျား စိတ်မကောင်း ဖြစ်ရုံလောက်ပဲ ရှိမှာ..."
"ဟုတ်တယ်... ငါ့အမြင်မှာတော့ တာ့ဝေမင်းဆက်အတွက် လူတချို့ကို စတေးလိုက်တာ တန်ပါတယ်... တာ့ဝေမင်းဆက်ကို ထူထောင်နိုင်ရင် လောကသားတွေ ငြိမ်းချမ်းစွာ နေရမှာ သေချာတယ်... လီချင်းချိုး... မင့်ကိုယ်မင်း ပြန်မေးကြည့်ပါဉီး... တာ့လီမင်းဆက်က မင်း ကာကွယ်ပေးဖို့ တန်လို့လား... ငါ မရှိရင်ရော ဒီလောကမှာ မတရားမှုတွေလျော့ နည်းသွားမှာလား... ကျောက်မျိုးရိုးတွေ အပါအဝင် မဟာဘိုးဘေးဧကရာဇ်ကအစ အကုန်လုံးက သူတို့ ရည်မှန်းချက် အောင်မြင်ဖို့ ဘာမဆို လုပ်ရဲတဲ့ လူယုတ်မာတွေချည်းပဲ... ဒီကမ္ဘာကြီးက အစကတည်းက နန်ကုန်းမိသားစု ပိုင်တာ..."
လျှို့ဝှက်မြို့စားမင်း ပြောနေရင်း စိတ်လှုပ်ရှားလာကာ ဒေါသနှင့် အမုန်းတရားများ မျက်နှာပေါ်တွင် ပေါ်လာသည်။
လီချင်းချိုးက သူ့ရှေ့ ဆယ်လှမ်းခန့်အကွာတွင် ရပ်တန့်လိုက်ပြီး ……
"မှာစရာ ရှိရင် တစ်ခါတည်း မှာခဲ့တော့... ဘာပဲဖြစ်ဖြစ် ခင်ဗျားက ချင်းရှောင်ဂိုဏ်းသား တစ်ယောက် ဖြစ်နေတာကိုး..."
ထိုစကားကို ကြားသောအခါ လျှို့ဝှက်မြို့စားမင်း တုန်လှုပ်သွားသည်။ လီချင်းချိုး သူ့အကြောင်းကို စောစီးစွာ သိရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သေချာ ပြန်စဉ်းစားကြည့်လျှင် သူ အမှားလုပ်ခဲ့မိခြင်း မရှိသလို လီချင်းချိုးနှင့်လည်း ထိတွေ့ဆက်ဆံမှု နည်းပါးခဲ့သည်။
သို့သော် လီချင်းချိုး၏ မယုံနိုင်စရာ စွမ်းရည်များကို တွေးမိပြီးနောက် သူ စိတ်သက်သာရာ ရသွားသည်။
လျှို့ဝှက်မြို့စားမင်းက ခါးသီးစွာ ရယ်မောလိုက်ပြီး…
"ငါ တကယ် ရှုံးသွားပြီပဲ... မသေခင် သိချင်တာလေး တစ်ခုလောက် မေးပါရစေ... မင်းရဲ့ သိုင်းပညာက ကျင့်ကြံခြင်းနည်းလမ်းလား..."
"ဟုတ်တယ်... ချင်းရှောင်ဂိုဏ်းရဲ့ ကျင့်စဉ်တွေ အားလုံး အပါအဝင်ပဲ... ငါတို့ ချင်းရှောင်ဂိုဏ်းက သိုင်းပညာ လေ့ကျင့်နေတာ မဟုတ်ဘူး... မသေမျိုးလမ်းစဉ်ကို ကျင့်ကြံနေကြတာ..."
လီချင်းချိုးက ပြန်ဖြေလိုက်တော့
ထိုစကားကို ကြားသောအခါ လျှို့ဝှက်မြို့စားမင်း သဘောပေါက်သွားပြီး သူ့ မျက်လုံးများထဲတွင် နောင်တ အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ထိုခဏ၌ အတွေးတစ်ခု သူ့ခေါင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
အကယ်၍ သူသာ ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် အာဏာကို စွန့်လွှတ်ကာ ဂိုဏ်းအတွက် အလုပ်အကျွေးပြုရင်း ကျင့်ကြံခြင်းနည်းလမ်းများကို လေ့လာခဲ့မည်ဆိုလျှင် သူ့ဘဝတခုလုံး ပြောင်းလဲသွားလေမလား…
"မင်း ဒီနေရာကို ရောက်လာနိုင်တာ မဆန်းတော့ပါဘူး... နတ်ဆရာကျန်း သေသွားပြီလား..."
လျှို့ဝှက်မြို့စားမင်းက လီချင်းချိုးကို ကြည့်ပြီး ရှုပ်ထွေးသော လေသံဖြင့် မေးလိုက်သည်။
"သူရော ကျောက်ကျိရော ငါ့ဓားချက်အောက်မှာ သေသွားကြပြီ..."
"ဝိညာဉ်တွေကို ထိန်းချုပ်နိုင်တဲ့ နတ်ဆရာကျန်းကို မင်း မကြောက်ဘူးလား..."
မနေ့ညက နတ်ဆရာကျန်း ဝိညာဉ်များကို ဆင့်ခေါ်ခဲ့စဉ်က သူကိုယ်တိုင်ပင် ကြောက်လန့်ခဲ့ရကြောင်း၊ လောကကြီးအပေါ် သူ့ရဲ့ အမြင်များ ပြောင်းလဲသွားစေခဲ့ကြောင်း လျှို့ဝှက်မြို့စားမင်းက အံ့သြစွာ မေးလိုက်သည်။
တကယ်လို့ သရဲတစ္ဆေတွေ ရှိနေရင် သူကျူးလွန်ခဲ့တဲ့ မကောင်းမှုတွေအတွက် လက်စားချေမယ့် ဝိညာဉ်တွေ အများကြီး ရောက်လာတော့မှာ မဟုတ်ဘူးလား…
"ငါ သရဲတစ္ဆေတွေကို မကြောက်ပါဘူး... ခင်ဗျားလည်း ကြောက်စရာ မလိုဘူး... ဒါပေမဲ့ ခင်ဗျားက အဲဒါကို မသိလို့ပါ..."
လျှို့ဝှက်မြို့စားမင်း နားမလည်သော်လည်း အရေးမကြီးတော့ပေ။ သူက ခါးသီးစွာ ပြုံးလိုက်ပြီး ……
"ဒီလောကမှာ မသေမျိုး ကျင့်စဉ်တွေ တကယ် ရှိနေတာပဲ... ငါ သောက်ခဲ့တဲ့ ဆေးလုံးက တကယ်ပဲ မသေဆေး ဖြစ်နေတာပဲ... ကောင်းကင်ဖာထေးခြင်း မဟာအစီအရင် ဆိုတာလည်း တကယ် ရှိပုံရတယ်..."
"ဘာ ကောင်းကင်ဖာထေးခြင်း မဟာအစီအရင်လဲ..."
"အဲဒါက လွန်ခဲ့တဲ့ နှစ်တစ်ရာက ရရှိခဲ့တဲ့ လျှို့ဝှက်ကျမ်းစာအုပ် တစ်အုပ်ပါ... မြေကမ္ဘာကို ပုံစံကားချပ်အဖြစ် အသုံးပြုပြီး မြေအောက်နက်ရှိုင်းတဲ့ နေရာက ဝိညာဉ်ချီတွေကို ဆွဲတင်ပြီး ဒီမြေပေါ်က သိုင်းပညာကို ပိုပြီး ထွန်းကားလာအောင် လုပ်တဲ့ အစီအရင်တစ်ခု အကြောင်းပါ... အစကတော့ မြို့တော်ကို အသုံးပြုပြီး ဝိညာဉ်ချီတွေ ဖြည့်တင်းပြီး သိုင်းပညာကို မြှင့်တင်ဖို့ ရည်ရွယ်ခဲ့တာ... ဒါပေမဲ့ နတ်ဆရာကျန်းက ဒါကို အထင်သေးပြီး အမြဲတမ်း နှောင့်ယှက်ခဲ့တယ်... ကျောက်ကျိကလည်း ငါ့ကို ဟန်ပြလောက်ပဲ ဆက်ဆံပြီး မသေဆေးကိုပဲ လိုချင်ခဲ့တာ..."
"အဲဒီ လျှို့ဝှက်ကျမ်းစာ ခင်ဗျားဆီမှာရှိလား..."
လျှို့ဝှက်မြို့စားမင်းက အိတ်ကပ်ထဲမှ စာအုပ်ကို ချက်ချင်း ထုတ်ယူပြီး လီချင်းချိုးထံ ပစ်ပေးလိုက်ပြီး… .
"မနေ့ညက မကောင်းတဲ့ နိမိတ်ကို ခံစားမိလို့ ယူလာခဲ့တာ... မင်းက ကျင့်ကြံသူဆိုတော့ ဒါကို သေချာပေါက် နားလည်မှာပါ... မသေခင် တောင်းဆိုစရာ တစ်ခု ရှိတယ်..."
လျှို့ဝှက်မြို့စားမင်း ဤမျှ သဘောထားကြီးလိမ့်မည်ဟု လီချင်းချိုး ထင်မထားခဲ့သော်လည်း ကောင်းကင်ဖာထေးခြင်း မဟာအစီအရင်အတွက် သူ့တောင်းဆိုမှုကို လိုက်လျောရန် ဆုံးဖြတ်လိုက်သည်။
"ပြောပါ..."
"တာ့ဝေမင်းဆက်ရဲ့ တစ်ဦးတည်းသော တော်ဝင်သွေးဆက်က မင်းရဲ့ ချင်းရှောင်တောင်ကို ရောက်နေပြီ... သူ့ကို ကောင်းကောင်း စောင့်ရှောက်ပေးပါ... ကျောက်မိသားစုက နန်ကုန်းမျိုးဆက်တွေကို တိတ်တဆိတ် လိုက်လံသတ်ဖြတ်နေခဲ့တာ... အဲဒီတုန်းက ကျောက်ယန်က ငါ ပျိုးထောင်ထားတဲ့ နန်ကုန်းမျိုးဆက် တစ်ယောက်ကို သတ်ခဲ့တယ်... ဒါကြောင့် ငါ သူ့ကို ပြန်တိုက်ခိုက်ခဲ့တာ... ဒီကလေးက ငယ်သေးတယ်... အမှားအမှန်ကို နားမလည်သေးဘူး... လောကီရေးရာတွေကို ပိုလို့တောင် နားမလည်သေးဘူး..."
လျှို့ဝှက်မြို့စားမင်းက လီချင်းချိုးကို လေးနက်စွာ စိုက်ကြည့်ပြီး အသနားခံသော မျက်လုံးများဖြင့် ပြောဆိုနေခြင်းဖြစ်သည်။
"သူက ချင်းရှောင်ဂိုဏ်းသား ဖြစ်နေမှတော့ ငါ ကာကွယ်ပေးမှာပါ... ဒါပေမဲ့ အနာဂတ်မှာ သူ ဘာလုပ်မလဲ ဆိုတာကတော့ သူ့ရဲ့ စိတ်နေသဘောထား ကောင်းမွန်ခြင်း၊ ယုတ်မာခြင်း အပေါ်မှာပဲ မူတည်တယ်..."
လျှို့ဝှက်မြို့စားမင်း ပြုံးလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်နှင့်
ဓားအလင်းတန်း တစ်ချက် လက်သွားပြီးနောက်
လီချင်းချိုးက လျှို့ဝှက်မြို့စားမင်း၏ ခေါင်းကို ဖြတ်လိုက်ရာ နံရံပေါ်တွင် သွေးများ စွန်းထင်းသွားသည်။
လျှို့ဝှက်မြို့စားမင်း၏ ခေါင်းပြတ်က ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွားသော်လည်း မျက်နှာပေါ်တွင် အပြုံးတစ်ခု ကျန်ရစ်နေဆဲပင်။