အခန်း (၂၃၇)
Vol. 22 Ch. 237
📝အပိုင်း - ၂၃၇
ဘာသာပြန် - Na Gar🐉
တုန်အန်း ဟာတစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး မျက်စိရှေ့မှာ မှောင်အတိကျသွားကာ မြင်းပေါ်ကနေ တောင့်တောင့်ကြီး လဲကျသွားပါတော့တယ်။
"စစ်သေနာပတိချုပ်"
"စစ်သေနာပတိချုပ်... အဆင်ပြေရဲ့လား"
"..."
အချိန်ဘယ်လောက် ကုန်ဆုံးသွားမှန်း မသိရဘဲ တုန်အန်း တစ်ယောက် ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာခဲ့ပါတယ်။ ဒီအချိန်မှာ သူဟာ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်လောက် ရုတ်တရက် အိုမင်းသွားသလိုပါပဲ။ စစ်ပွဲစတုန်းက ရှိခဲ့တဲ့ တက်ကြွမှုတွေ ပျောက်ဆုံးသွားပြီး အဖိုးကြီးတစ်ယောက်နဲ့တောင် တူနေပါပြီ။
"မြန်မြန်..."
သူဟာ ဒဏ်ရာအပြင်းအထန် ရထားသလိုမျိုး အသံက တုန်ရင်အားနည်းနေတယ် "သူတို့ ဟုန်ကျဲမြစ် ကို သုံးကြိမ်မြောက် ဖြတ်ကူးသွားတာ သေချာပြီ။ မြန်မြန်... ကျားလောင်စီကို အကြောင်းကြားလိုက်။ ငါမှတ်မိသလောက်ဆိုရင် ပြီးခဲ့တဲ့တစ်ခေါက် အရှေ့ဘက်ကမ်းကို သူတို့နောက် လိုက်သွားပြီးကတည်းက သူ အဲဒီဘက်မှာပဲ ကျန်ခဲ့တယ် မဟုတ်လားချန်ဆန်းရှီကို ဘယ်လိုပဲဖြစ်ဖြစ် တားဆီးဖို့ သူ့ကို ပြောလိုက်"
"ပြီးတော့ မေရှန်းတောင်က လျန်ကျိနျန်ကိုလည်း အကြောင်းကြားလိုက်။ လော့ထျန်တောင်ကြား ရဲ့တပ်ဖြန့်ကျက်မှုကို အခြေအနေအရ ဆုံးဖြတ်ဖို့ သူ့ကို ပြောပါ။ သူတို့ကို ဒီတောနက်ကြီးထဲကနေ လုံးဝ ထွက်မပြေးပါစေနဲ့။ မဟုတ်ရင် ငါတို့ သူတို့ကို ဘယ်တော့မှ လိုက်မမီတော့ဘူး"
"ဟုတ်ကဲ့ပါ"
"ငါ့ကို ထူပေးဦး... ထူပေးကြဦး..."
အနားမှာရှိတဲ့သူတွေကတော့ နက်နဲပုံရိပ်အဆင့်ရှိတဲ့ နာမည်ကြီး စစ်သေနာပတိတစ်ယောက်ဟာ ရန်သူတွေ ထွက်ပြေးသွားရုံလေးနဲ့ ဘာလို့ ဒီလောက်အထိ စိတ်ဓာတ်တွေ ပြိုလဲသွားရတာလဲဆိုတာ နားမလည်နိုင်ကြပါဘူး။ တိုက်ပွဲမှာ ရှုံးနိမ့်သွားတာလည်း မဟုတ်ဘဲနဲ့လေ။
တုန်အန်း ကဘေးကလူတွေရဲ့ အကူအညီနဲ့ ထရပ်လိုက်ရင်း သူ့ကိုယ်သူ ရယ်မောလိုက်တယ် "သုံးကြိမ်တောင်သူ ငါ့ကို သုံးကြိမ်တောင် လှည့်စားသွားခဲ့တာအချိန်တိုင်းမှာ ငါက သူ့ထက် ခြေလှမ်းဝက်လောက်ပဲ နှေးနေခဲ့တာ။ ခြေလှမ်းဝက်လေးပဲ"
ဒါပေမဲ့ ဒီခြေလှမ်းဝက်လေးကပဲ အသက်အန္တရာယ်ဖြစ်စေလောက်အောင် ပြင်းထန်လွန်းလှပါတယ်။
အကယ်၍ တစ်စုံတစ်ယောက်က မင်ပြည်နယ်ရဲ့ မြေပြင်ကို အပေါ်ကနေ ငုံ့ကြည့်နိုင်မယ်ဆိုရင်...
ဒီတစ်ကြိမ်မှာတော့ ချန်ဆန်းရှီ နဲ့ သူ့လူတွေဟာ ရန်သူ့တပ်မတော်ကြီးရဲ့ ဘေးနားကနေ ပွတ်ကာသီကာလေး ဖြတ်ကျော်သွားတာကို တွေ့ရမှာပါ။ ပုခုံးချင်းတောင် တိုက်မိတော့မလိုပါပဲမျက်နှာချင်းဆိုင် နှုတ်ဆက်ဖို့ပဲ လိုတော့တဲ့ အခြေအနေမျိုးပါ။ တစ်သက်လုံး စစ်တိုက်လာခဲ့တဲ့ တုန်အန်းတစ်ယောက် ဒီလိုမျိုး ကစားခံလိုက်ရတာကို သူ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။
ဒါဟာ ဖန်ချင်းယွမ် သင်ပေးထားတာလား။
မဟုတ်ဘူး..
ဖန်ချင်းယွမ်တောင် ဒါမျိုး မလုပ်နိုင်ဘူး။
အကယ်၍ ဖန်ချင်းယွမ်သာဆိုရင် အလွန်ဆုံး ရိက္ခာတွေကို မီးရှို့ပြီး တခြားမြို့တွေကို ဆက်တိုက်တာမျိုးပဲ လုပ်လိမ့်မယ်။
ဒါပေမဲ့ ဒီလူငယ်လေးက ဘယ်လိုလုပ်ပြီး ဒီလို ဗျူဟာတွေကို သုံးနိုင်ရတာလဲသူက တကယ်ပဲ စစ်တိုက်ဖို့ မွေးဖွားလာတာလား၊ ဒါမှမဟုတ် ဘယ်သူ့ဆီက သင်ယူခဲ့တာလဲ။
သူကစစ်သည် သောင်းနဲ့ချီကို နှာခေါင်းကနေ ကြိုးဆွဲပြီး ခေါ်သွားသလို ဖြစ်နေတာပဲ။
လူသုံးထောင်လေးနဲ့ သောင်းနဲ့ချီတဲ့သူတွေကို အရုပ်လို ကစားနေတာ။
နောက်ထပ်...
ဒါဟာ နောက်ဆုံး အခွင့်အရေးပဲ။
အကယ်၍ လော့ထျန်တောင်ကြားသာ ကျသွားရင်တော့ ကျားကို တောင်ပေါ် ပြန်လွှတ်ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။
ဟုန်ကျဲမြစ်။
ချန်ဆန်းရှီ က လူအားလုံးကို ဦးဆောင်ပြီး မြစ်ကို နောက်တစ်ကြိမ် ဖြတ်ကူးလိုက်ပါတယ်။
ရှောင်ရှင်းနဲ့ သူ့ရဲ့ လက်အောက်ငယ်သားတွေကတော့ ပုန်းစရာနေရာတစ်ခု ရှာတွေ့ထားကြပါတယ်။
နောက်ကနေ အကာအကွယ်ပေးဖို့ တာဝန်ယူခဲ့တဲ့ ပိုင်ထင်းကျီ နဲ့ ရွီဝမ်ချိုင် တို့လည်း အချိန်မီ ရောက်လာကြပါတယ်။ ဒီတစ်ခါမှာတော့ သူတို့ဘက်က အကျအဆုံးတွေ များခဲ့ပါတယ်။ လူ ၉၀၀ နဲ့ ထွက်သွားခဲ့ပေမဲ့ ပြန်လာတဲ့အခါမှာတော့ ၆၀၀ ကျော်ပဲ ကျန်ပါတော့တယ်။
"အရှင်"
ရွီဝမ်ချိုင် က အမောတကောနဲ့ ပြောလိုက်တယ် "ယန်ချွမ်းခရိုင် ကတော့ ဆက်ပြီး တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။ ကင်းထောက်တွေ သတင်းပို့တာကတော့ မနေ့ညက ရှာဝမ်လုံ တို့အဖွဲ့ ဖောက်ထွက်ဖို့ ကြိုးစားတာ မအောင်မြင်ဘဲ မြို့ထဲကို ပြန်ဆုတ်သွားရတယ်တဲ့။ အလွန်ဆုံးရှိမှ လူ သုံးလေးထောင်လောက်ပဲ ကျန်တော့တယ်။ နောက်ထပ် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရရင် မြို့ပျက်ပြီး လူတွေ သေကုန်ကြမှာပဲ၊ ဒါမှမဟုတ်ရင် မြို့ကိုစွန့်ပြီး ထွက်ပြေးရင်းနဲ့ လမ်းမှာ အသတ်ခံရမှာပဲ"
ဒါကို ကြားလိုက်ရတဲ့အခါ...
လုရှူဟွာ၊ ရှဲ့စီရှု နဲ့ ရန်ချန်ချင်း တို့ အားလုံး ကြောက်စိတ်တွေ ဝင်လာကြပါတယ်။
တုန်အန်းကတကယ့်ကို ကောင်းကင်နဲ့မြေကြီး ပိုက်စိပ်တိုက် ဝိုင်းရံဖို့ ကြိုတင်ပြင်ဆင်ထားတာ ဖြစ်ပြီး သူတို့သာ အထဲကို တိုးဝင်သွားခဲ့ရင် အဖမ်းခံရမှာ သေချာပါတယ်။ ကံကောင်းတာက ချန်ဆန်းရှီရဲ့ စကားကို နားထောင်ပြီး ဟုန်ကျဲမြစ်ကို သုံးကြိမ်မြောက် ဖြတ်ကူးခဲ့လို့သာ အသက်ရှင်နိုင်မယ့် လမ်းစလေးကို ရခဲ့တာပါ။
ဒီအချိန်မှာတော့ ဒီလူသုံးယောက်လုံးဟာ ဘဝင်မြင့်တာမျိုး လုံးဝ မရှိတော့ပါဘူး။
ခရီးတစ်လျှောက်လုံးမှာ အစွဲအလမ်း အကြီးဆုံးသူတောင်မှ ချန်ဆန်းရှီရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ထပ်ခါတလဲလဲ လက်ခံလိုက်ရပြီးတဲ့နောက်၊ မသိမသာနဲ့ပဲ ချန်ဆန်းရှီဟာ သူတို့ရဲ့ အမြင့်ဆုံး ခေါင်းဆောင် ဖြစ်သွားပါတော့တယ်။
"ဗိုလ်ချုပ်ချန်... ငါတို့ မြစ်ကို ထပ်ဖြတ်ပြီးပြီ၊ အခု ဘာဆက်လုပ်ကြမလဲ"
"ဟုတ်တယ်၊ နောက်ကနေ တပ်မတော်ကြီးကလည်း မကြာခင် လိုက်လာတော့မှာ"
"ငါတို့အားလုံး မင်းပြောတာကို နားထောင်ပါ့မယ်၊ ဘာကန့်ကွက်မှုမှ မရှိစေရဘူးလို့ အာမခံတယ်"
"..."
"ဒီနေရာမှာ သုံးရက် နားမယ်"
ချန်ဆန်းရှီက ပြောလိုက်တယ် "သုံးရက်ကြာရင် ငါတို့ တောင်ဘက်ကို အရင်သွားမယ်။ လမ်းမှာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ကြုံရနိုင်တယ်၊ အဲဒါ ပြီးသွားမှပဲ နောက်ထပ် အစီအစဉ်တွေကို ဆက်ဆွဲကြတာပေါ့"
သူ့စိတ်ထဲမှာ အကြမ်းဖျင်း အစီအစဉ်ရှိပေမဲ့ စစ်မြေပြင်အခြေအနေက အချိန်နဲ့အမျှ ပြောင်းလဲနေတာကြောင့် ကြိုပြောနေလို့လည်း အပိုပါပဲ။
ယင်စွေ့တောင်ကနေ အခုထိဆိုရင် နောက်ထပ် ရက်ပေါင်း ၂၀ ကုန်ဆုံးသွားခဲ့ပါပြီ။
မြေပုံပေါ်မှာ မဝေးဘူးလို့ ထင်ရတဲ့ နေရာတွေက တကယ်တမ်း ဖြတ်ကျော်တဲ့အခါမှာတော့ တကယ့်ကို ရှည်လျားလွန်းလှပါတယ်။ ဒါကြောင့်လည်း လိုက်ဖမ်းတဲ့သူတွေက အမြဲတမ်း နောက်မှာ ကျန်နေခဲ့ပြီး လိုက်မမီနိုင်တာပါ။
သူတို့ ဒီမှာ သုံးရက် နားနေရတာက လူတိုင်း ပင်ပန်းနွမ်းနယ်ပြီး ပြိုလဲတော့မယ့် အခြေအနေကြောင့် တစ်ပိုင်း၊ ချန်ဆန်းရှီ ကိုယ်တိုင်လည်း ကျင့်ကြံမှုအဆင့် တက်တော့မယ့် အခြေအနေကြောင့် တစ်ပိုင်း ဖြစ်ပါတယ်။
ရှေ့ဆက်မယ့် လမ်းကြောင်းမှာ တစ်စုံတစ်ယောက်က ဦးဆောင်ဖို့ လိုပါတယ်။
ယွီဆုန် ရဲ့ ခန္ဓာကိုယ်ကတော့ အရင်က ဓားဒဏ်ရာတွေ အတော်များများ ရထားခဲ့တာပါ။ အရေးကြီးတဲ့ အင်္ဂါတွေကို မထိပေမဲ့ သူ့ရဲ့ ခွန်အားတွေ ပြန်ပြည့်ဖို့ နောက်ထပ် နှစ်လလောက် လိုပါဦးမယ်။ ဒါကြောင့် အလံကို ကိုင်ပြီး ဦးဆောင်ရမယ့်သူက ချန်ဆန်းရှီ ကိုယ်တိုင်ပဲ ဖြစ်ရပါမယ်။
"ဟူး"
ချန်ဆန်းရှီဟာ ပင်ပန်းနွမ်းနယ်မှုကို အံတုပြီး 'ဝိညာဉ်ဆန် ဆေးယိုလက်ကျန်တွေကို စားလိုက်တယ်၊ ပြီးတော့ သူ့ရဲ့ လှံသိုင်းကို စတင် လေ့ကျင့်ပါတော့တယ်။
သုံးရက် ကြာပြီးနောက်...
အရင်က ကျင့်ကြံမှု အတားအဆီးတွေကို ကျော်ဖြတ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေကြောင့် ဒီတစ်ခါမှာတော့ အလွန်ပဲ ချောမွေ့နေခဲ့ပါတယ်။
လှုပ်ရှားမှုတိုင်းကို လုပ်ဆောင်လိုက်တိုင်း သူ့ရဲ့ ပြင်ပခွန်အားတွေဟာ ပိုပြီး တစ်သားတည်း ဖြစ်လာတာကို သူ သိသိသာသာ ခံစားနေရပါတယ်။ အစပိုင်းမှာ ဒီရေတွေ တက်လိုက်ကျလိုက် ဖြစ်နေသလိုမျိုးကနေ၊ ပင်လယ်လှိုင်းလုံးကြီးတွေလို အရှိန်အဟုန်ပြင်းလာပြီး နောက်ဆုံးမှာတော့ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားမယ့် 'ဆူနာမီ' လှိုင်းလုံးကြီးတွေလို တားမရ ဆီးမရ ဖြစ်လာပါတော့တယ်။
"ဝုန်း—"
နောက်ဆုံးမှာတော့ ချန်ဆန်းရှီရဲ့ ဝိညာဉ်ဖျက်လှံဆီကနေ တုန်ခါသံတွေ စဉ်ဆက်မပြတ် ထွက်ပေါ်လာပါတယ်။ ဒါဟာ စွမ်းအားတွေဟာ သံမဏိလှံတံအတွင်းမှာ လှည့်ပတ်ပြီး ပိုမိုပြင်းထန်တဲ့ ခွန်အားတွေကို ထုတ်လွှတ်
နိုင်ပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ(အသေးစားအောင်မြင်မှု့)]
[တိုးတက်မှု့ - ၀/၂၀၀၀]
[စွမ်းဆောင်ရည် - စွမ်းအားကို လက်နက်အတွင်း သိုလှောင်နိုင်ခြင်း၊ကျင်လီ လက်နက်ကိုင်စွဲခြင်း]
[ကျင်လီ လက်နက်ကိုင်စွဲခြင်း - အလွန်အမင်း အစွမ်းထက်ပြီး ပြင်းထန်သော ခွန်အားနှင့် အလေးချိန်ကို ထုတ်လွှတ်နိုင်သည်]
အရင်က သိုလှောင်ရုံ သက်သက်နဲ့ မတူတော့ဘဲ၊ အခုဆိုရင် ချန်ဆန်းရှီဟာ လက်နက်ကို ကိုင်ထားရုံနဲ့ သူ့ခန္ဓာကိုယ်ထဲမှာ စွမ်းအားတွေကို စုစည်းနိုင်ပြီး အကြိမ်တိုင်းမှာ ပိုမိုအားကောင်းတဲ့ ခွန်အားကို ထုတ်လွှတ်နိုင်ပါပြီ။
ဒါဟာ လခြမ်းကွဲဓားသိုင်း နဲ့ ဆင်တူပါတယ်။ သူ့ရဲ့ စွမ်းအားတွေ မကုန်မချင်း ခွန်အားက တိုးပြီးရင်း တိုးနေမှာပါ။ ဟုတ်ပါတယ်... ဒါကလည်း အကန့်အသတ်တော့ ရှိတာပေါ့၊ အနန္တတော့ တိုးလို့မရပါဘူး။
ခဏတာ စမ်းသပ်ကြည့်ပြီးနောက်မှာတော့ ချန်ဆန်းရှီဟာ သေချာသွားပါပြီ။ အကယ်၍ သူသာ ရွှီခိုင်လို လူမျိုးနဲ့ နောက်တစ်ခေါက် ထပ်တိုးရင် နောက်ပြန်လှံလို ဗျူဟာမျိုးတောင် သုံးစရာမလိုဘဲ ငါးကွက်အတွင်းမှာ အလွယ်တကူ အနိုင်ယူနိုင်မှာပါ။
မဟာသွေးကြောအဆင့်နဲ့ ပတ်သက်ရင်တော့...
အရင်က သူ တကယ့်မဟာသွေးကြောအဆင့်နဲ့ အစစ်အမှန် တိုက်ပွဲ မဖြစ်ဖူးသေးပါဘူး။ အရင်က နှစ်ခါလုံးက ပြိုင်ဘက်ကို အငိုက်ဖမ်း ချေမှုန်းခဲ့တာပါ။ ဒါကြောင့် မဟာသွေးကြောအဆင့်ရဲ့ အကန့်အသတ်ကို သူ သေချာ မသိသေးပါဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ သူဟာ ပြန်မတိုက်နိုင်လောက်အောင်တော့ အားမနည်းတော့ပါဘူး။
ဒါဆိုရင် လုံလောက်ပါပြီ။
နက်နဲပုံရိပ်အဆင့်ဆိုတာက လက်ချိုးရေလို့ ရတဲ့အနည်းစုပဲ ရှိတာပါ။ မင်
ပြည်နယ်ရဲ့ စစ်နတ်ဘုရားဆိုလို့ အနောက်ချီနိုင်ငံက ကျုံးဝူရှင်း ပဲ ရှိတာလေ။
ဒီလိုလူမျိုးတွေကတော့ သူလက်လှမ်းမမီနိုင်သေးပါဘူး။
ဒါပေမဲ့ မဟာသွေးကြောအဆင့်ကိုသာ သူ ယှဉ်နိုင်မယ်ဆိုရင်တော့ ဘယ်လိုအခြေအနေမျိုးမှာမဆို သူဟာ အရင်ကထက် အများကြီး ပိုပြီး တည်ငြိမ်လာပါလိမ့်မယ်။
"သွားကြစို့"
"တောင်ဘက်ကို ဦးတည်မယ်"
အပြည့်အစုံ ပြင်ဆင်ထားတဲ့ စစ်သည် သုံးထောင်ဟာ နောက်တစ်ကြိမ် ခရီးစတင်လိုက်ပါတယ်။