အခန်း (၂၃၉)
Vol. 22 Ch. 239
📝အပိုင်း - ၂၃၉
ဘာသာပြန် - Na Gar🐉
"ကိုယ့်လူတို့ သူတို့ကို ပြန်တိုက်ကြမယ်"
"မြို့တံခါးကို ဖွင့်ပေးကြ"
"ငါကြားလိုက်တယ်၊ အဲဒါ အရင်က ကျန့်ခိုခရိုင်မှာ တပ်စွဲခဲ့တဲ့ ဗိုလ်ချုပ်ချန်ပဲ"
"..."
အခြေအနေကို သိလိုက်ရတာနဲ့တစ်ပြိုင်နက် မြို့တံခါးအနီးမှာရှိတဲ့ မြို့သူမြို့သားတွေဟာ တစ်ယောက်ပြီးတစ်ယောက် သူတို့ပုန်းနေတဲ့နေရာတွေကနေ ပြေးထွက်လာကြပါတယ်။
သူတို့တွေဟာ ပြန်လည်ခုခံဖို့ကို လုံးဝမကြောက်ကြတော့ပါဘူး။ ယုန်ကလေးတစ်ကောင်တောင်မှ အကျပ်အတည်းနဲ့တွေ့ရင် ပြန်ကိုက်တတ်တာပဲ၊ လူဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ပါဘူး ဓားက လည်ပင်းနား ရောက်နေတဲ့အချိန်မှာ သူတို့တွေဟာ ကိုယ့်အသက်အတွက်ကိုယ် ပြန်တိုက်ရမယ်ဆိုတာကို သေချာပေါက် သိနေကြပါတယ်။
ဒါပေမဲ့ သူတို့မှာ လက်နက်မရှိတဲ့အတွက် မျက်ခုံးနီတပ်မတော်ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ ထွက်ပြေးနေခဲ့ရတာပါ။ အခုတော့ မြို့ပြင်ကနေ တစ်စုံတစ်ယောက်က မြို့ကို စီးနင်းတိုက်ခိုက်နေပြီဆိုတော့ အခြေအနေက ပြောင်းလဲသွားပါပြီ..
သူတို့လုပ်ရမှာက မြို့တံခါးကို ဖွင့်ပေးဖို့ပဲ၊ ဒါဆိုရင် မြို့ပြင်ကလူတွေ သဘာဝအတိုင်း အထဲကို အလုံးအရင်းနဲ့ ဝင်လာနိုင်မှာပါ။ ပြီးတော့ အဲဒါက အရန်တပ်လို့လည်း ပြောနေကြတယ် မဟုတ်လားဒါဆိုရင် ဗိုလ်ချုပ်ချန်နဲ့ သူ့တပ်တွေ ပြန်ရောက်လာတာပေါ့ မြစ်ကို ဖြတ်ကူးခဲ့တဲ့ အဲဒီ ချန်ဆန်းရှီပဲပေါ့။
ပြီးတော့ လွန်ခဲ့တဲ့ လအနည်းငယ်က အရန်တပ် ကျန့်ခိုခရိုင်မှာ တပ်စွဲတုန်းက ပြည်သူတွေကို ဘာအနှောင့်အယှက်မှ မပေးခဲ့ပါဘူး။ အကယ်၍ သူတို့သာ မြို့ထဲကို ဖောက်ဝင်နိုင်ရင် လူတိုင်း သေစရာမလိုတော့ဘူးလို့ တွေးမိကြပါတယ်။
"တိုက်ကြဟေ့"
ခဏအတွင်းမှာပဲ...
ပေါက်တူးတွေ၊ ဝါးတံစဉ်တွေ၊ တံစဉ်တွေနဲ့ မီးဖိုချောင်သုံးဓားတွေကို ကိုင်ပြီး မရေမတွက်နိုင်တဲ့ မြို့သူမြို့သားတွေဟာ အော်ဟစ်ကြွေးကြော်ရင်း မြို့တံခါးဆီကို အပြေးအလွှား သွားကြပါတော့တယ်။
"မင်းတို့ ဘာလုပ်နေကြတာလဲ"
"ဆူပူသောင်းကျန်းသူတွေ"
"တောက်... မင်းတို့လိုကောင်တွေကို အင်ပါယာအရှင်သခင်တွေက ဘာလို့ အနှိမ်ခံလူတန်းစားလို့ သတ်မှတ်ထားလဲဆိုတာ မဆန်းတော့ပါဘူး"
"..."
မြို့ရိုးပေါ်မှာရှိတဲ့ မျက်ခုံးနီတပ်သားတွေဟာ မြို့ထဲဆင်းပြီး ပြည်သူတွေကို သတ်ရမလား၊ မြို့ရိုးကိုပဲ ဆက်စောင့်ရမလားဆိုတာ ဝေခွဲမရဘဲ ဖြစ်နေကြပါတယ်။
မြို့တံခါးအနီးမှာတော့ မျက်ခုံးနီတပ်သား ဆယ်ဂဏန်းလောက်ပဲ ရှိတာပါ။ သူတို့တွေက ဘာအရည်အချင်းမှမရှိတဲ့ အခြေခံစစ်သည်တွေသာ ဖြစ်ပါတယ်။ အဆင့်မြင့်ပြီး အစွမ်းထက်တဲ့သူတွေကတော့ မြို့ထဲမှာ လုယက်သတ်ဖြတ်ဖို့ သွားနေကြပြီလေ။ မြို့တံခါးစောင့်ရသလို အောက်ခြေသိမ်း အလုပ်မျိုးကို သူတို့က ဂရုမစိုက်ကြပါဘူး။
မြို့သူမြို့သား ဒါဇင်ပေါင်းများစွာကို သတ်ပြီးတဲ့နောက်မှာတော့ အဲဒီ မျက်ခုံးနီတပ်သား ဆယ်ဂဏန်းလောက်ဟာ လူအုပ်ကြီးရဲ့ ဒဏ်ကို မခံနိုင်တော့ဘဲ ပေါက်တူးတွေ၊ တံစဉ်တွေအောက်မှာ အသားပုံတွေအဖြစ် ပြောင်းလဲသွားပါတော့တယ်။
"တော်ကြစမ်း"
"ယုတ်မာတဲ့ကောင်တွေ အကောင်စုတ်တွေ"
မြို့ထဲက မျက်ခုံးနီတပ်သားတွေဟာ မြန်မြန်တုံ့ပြန်နိုင်ရင်တောင်မှ အချိန်တော့ လိုပါတယ်။ သူတို့ ရောက်လာတဲ့အချိန်မှာတော့ အားလုံး နောက်ကျသွားပါပြီ။ မြို့တံခါးကြီး ဝုန်းခနဲ ပွင့်သွားပြီး စစ်ဝတ်စုံ အပြည့်အစုံ ဝတ်ထားတဲ့ လက်ရွေးစင် စစ်သည် ထောင်ပေါင်းများစွာဟာ စနစ်တကျနဲ့ မြို့ထဲကို အရှိန်အဟုန်နဲ့ တိုးဝင်လာတာကို သူတို့ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပါတယ်။
"သတ်—"
"ပုန်ကန်သူတွေကို ကွပ်မျက်ကြ အနောက်မြောက်ဒေသကို ငြိမ်းချမ်းအောင် လုပ်ကြ"
"သူတို့ကို စစ်ဗျူဟာ ခင်းကျင်းခွင့် မပေးနဲ့"
ချန်ဆန်းရှီ သတိထားမိလိုက်ပါတယ်။
ဒီမျက်ခုံးနီတပ်သားတွေဟာ အရင်က ဘိုင်ကောခရိုင်မှာ တွေ့ခဲ့တဲ့သူတွေထက် စိတ်ဓာတ်ပိုပြီး ပြင်းထန်ကြပါတယ်။ အကယ်၍ သူတို့ကို စစ်ဗျူဟာ ခင်းကျင်းခွင့် ပေးလိုက်ရင် မလိုအပ်တဲ့ အကျအဆုံးတွေ များလာပါလိမ့်မယ်။
"အရှင်ကျား... ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
"ဆုတ်ကြမလား"
"ဘယ်ကလာ ဆုတ်ရမှာလဲ တောက်..အချိန်ရသေးတယ် ထင်နေလားပြီးတော့ မင်းတို့က ဘာလို့ အထိတ်တလန့် ဖြစ်နေရတာလဲ"
ကျားလောင်စီ က သူ့ဓားကို ဆွဲထုတ်လိုက်ရင်း "သတင်းတွေအရဆိုရင် သူတို့မှာ မဟာသွေးကြောအဆင့် တစ်ယောက်ပဲ ရှိတာ။ ငါလည်း မဟာသွေးကြောအဆင့်ပဲ။ သူတို့ကို အကုန်သတ်ပစ်၊ ချပ်ဝတ်တန်ဆာ တစ်ခုတောင် မကျန်စေနဲ့"
...
"သူက မဟာသွေးကြောအဆင့်ပဲ"
မျက်ခုံးနီတပ်သား တစ်ယောက်ကို ပိုင်းသတ်ပြီးနောက် ယွီဆုန် က စိုးရိမ်တကြီး ပြောလိုက်တယ် "ဒီလူ့ရဲ့ ပုံတူကို ငါ မြင်ဖူးတယ်။ မင်ပြည်နယ်ကို မလာခင်က မျက်ခုံးနီတပ်ရဲ့ အဆင့်မြင့်အရာရှိတွေရဲ့ ပုံတူတွေကို ငါတို့ ရခဲ့တယ်လေ။ သူက မေရှန်းတောင်ရဲ့ ခေါင်းဆောင်ဟောင်းပဲ၊ နာမည်ရင်းက ကျားယုံထျန်းတဲ့၊ ဖြစ်နိုင်တာကတော့ မဟာသွေးကြောအဆင့်ဦးပိုင်းလောက် ရှိမယ်။ ငါ့ရဲ့ အဆင့်က သူ့ထက် မြင့်ပေမဲ့ ဒဏ်ရာတွေ ပြင်းထန်နေလို့ တစ်ယောက်တည်းဆိုရင် သူ့ကို မနိုင်ဘူး။ ဗိုလ်ချုပ်ချန်... ငါတို့ နှစ်ယောက် ပူးပေါင်းကြမလားငါက အရှေ့ကနေ တိုက်မယ်၊ မင်းက နောက်ကနေ တိုက်ဖို့ နည်းလမ်းရှာ"
"ဒုဗိုလ်ချုပ်ကြီးယွီ... ခင်ဗျားက ဟွာကျင်းအဆင့်တွေကိုပဲ ကိုင်တွယ်လိုက်ပါ၊မဟာသွေးကြောအဆင့်ကိုတော့... ကျွန်တော် သွားလိုက်မယ်"
"ဒုန်း—"
ပြိုင်ဘက်က မတုံ့ပြန်နိုင်ခင်မှာပဲ ချန်ဆန်းရှီဟာ ရုတ်တရက် အရှိန်နဲ့ ပြေးထွက်သွားပါတယ်။ သူ့ခြေလှမ်းတွေကြောင့် ကျောက်ခင်းလမ်းပေါ်မှာ ကျင်းကြီးတစ်ခု ဖြစ်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပဲ ကိုက်ပေါင်းများစွာ အကွာကို ရောက်သွားပါတယ်။
"မင်း..."
ယွီဆုန်ဟာ အံ့သြလွန်းလို့ အသက်ရှူ နှစ်ချက်စာလောက် မှင်တက်သွားပါတယ်။
'သူက မဟာသွေးကြောအဆင့်ကိုတောင် သတ်နိုင်နေပြီလား'
သူ အံ့သြနေဖို့ အချိန်မရှိတာကြောင့် ဒဏ်ရာရထားတဲ့ ခန္ဓာကိုယ်ကို ဆွဲပြီး တိုက်ပွဲထဲ ဝင်လိုက်ပါတော့တယ်။
"ဇိ—"
ကျားလောင်စီ ဟာ သူ့ရှေ့က ဒါရှန်စစ်သည်တစ်ယောက်ကို ပိုင်းသတ်
လိုက်ပြီးတဲ့နောက်၊ လှံရှည်တစ်လက် ကိုင်ထားတဲ့ လူငယ်ဗိုလ်ချုပ်တစ်
ယောက်ဟာ မျိုးဗီဇပြောင်း အရိပ်ခိုကျားသစ် တစ်ကောင်လို အရှိန်အဟုန်နဲ့ သူ့ဆီကို ပြေးလာတာ တွေ့လိုက်ရပါတယ်။ မြန်လွန်းလို့ သူ့မျက်စိထဲမှာ ပုံရိပ်ယောင်တွေတောင် ကျန်ခဲ့ပါတယ်။
ငယ်ရွယ်တယ်၊ လှံရှည်ကိုင်ထားတယ်၊ ရဲရင့်တယ်...
ချန်ဆန်းရှီပဲ..
"ဟက်... သေချင်နေတာပဲ"
ကျားလောင်စီ ရဲ့ မျက်နှာက မည်းမှောင်သွားပါတယ်။
ယန်ချွမ်းခရိုင်က လာတဲ့ သတင်းတွေမှာ ချန်ဆန်းရှီနဲ့တွေ့ရင် သေချာပေါက် သတ်ပစ်ဖို့ အထူးမှာထားတာပါ။ အခုတော့ သူက ထောင်ချောက်ထဲကို ကိုယ်တိုင် ဝင်လာတာပဲ၊ ကောင်းကင်က ကျလာတဲ့ မုန့်လိုပါပဲ
ဒီကောင်က လျန်ကျိုးကနေ ထွက်လာတုန်းက အတွင်းအားသန့်စင်ခြင်းအဆင့်ပဲ ရှိသေးတာ။ ဒီကလေးက တကယ့်ကို သတ္တိခဲပဲယွီဆုန် မပါဘဲနဲ့ သူက ငါ့ကို ဘယ်လိုများ ရင်ဆိုင်နိုင်မယ်လို့ ထင်နေတာလဲ။
သူ ဟွာကျင်းအဆင့်ကို ရောက်နေရင်တောင်မှ...
မဟာသွေးကြောအဆင့်ရှိတဲ့သူကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။
ကောင်းသားပဲ..
သူ့ကို သတ်ပြီးရင် ပိုကြီးတဲ့ မြို့တစ်မြို့ကို သတ်ဖြတ်ရှင်းလင်းခွင့်နဲ့ လဲလှယ်ရမယ် ဒီနားက ခရိုင်တွေက တော်တော် ဆင်းရဲတာ၊ ခရိုင်မြို့တော်က ချမ်းသာတဲ့ အိမ်တွေမှာတော့ နုနယ်တဲ့ ဇနီးမယားလေးတွေ ရှိမှာ သေချာတယ်။
"ဝှစ် ဝှစ် ဝှစ်—"
ပြိုင်ဘက်က ပြေးလာနေရင်းနဲ့ပဲ မြှားတွေဟာ တစ်စင်းပြီးတစ်စင်း ပျံထွက်လာပါတယ်။ ဘယ်အချိန်မှာ မြှားကို ဆွဲလိုက်မှန်းတောင် သူ မသိလိုက်ပါဘူး။
"ပေါင် ၁၀၀၀၀အားရှိတဲ့ လေးလား"
ကျားလောင်စီ က လှောင်ပြုံးပြုံးပြီး မြှားတွေကို အလွယ်တကူ ပုတ်ထုတ်
လိုက်တယ် "မဆိုးပါဘူး၊ ဒါပေမဲ့ ဒီလို အပေါစားပစ္စည်းက ဟွာကျင်းအထက်က သိုင်းပညာရှင်တစ်ယောက်ကို ဘာမှ မလုပ်နိုင်ဘူး"
ခြေလှမ်း ဆယ်ဂဏန်းလောက်ပဲ လိုတော့တဲ့အချိန်မှာ...
ချန်ဆန်းရှီရဲ့ လက်တွေဟာ သူ့ရဲ့ လှံရှည်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပါတယ်။ သွေးပေါက်ကွဲမှု့၊သိုလှောင်မှု့၊ နဂါးဆင်သွေး၊ နဂါးကိုးပါးအသက်သွေးကြော စတဲ့ မြှင့်တင်မှုတွေအားလုံးဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို တစ်ပြိုင်နက်တည်း အားဖြည့်ပေးလိုက်ပြီး၊ ပင်လယ်ထဲကနေ ထွက်ပေါ်လာတဲ့ နဂါးတစ်ကောင်လို လေထုကို ဖြတ်သန်းကာ ဝိညာဉ်ဖျက်လှံ နဲ့အတူ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတွေကို ထုတ်လွှတ်လိုက်ပါတော့တယ်။
ဓားပြဘဝကနေ မဟာသွေးကြောအဆင့်အထိ တက်လာတဲ့ ကျားလောင်စီ ဟာလည်း လူအ မဟုတ်ပါဘူး။ သူက သူ့ရဲ့ ယန်လင်ဓားကို ကိုင်ပြီး "နေမင်းကို မြင်ဖို့ တိမ်တိုက်တွေကို ထိုးဖောက်ခြင်း" ဆိုတဲ့ တိုက်ကွက်နဲ့ ရဲရဲဝံ့ဝံ့ ပြန်တိုက်လိုက်ပါတယ်။
စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့သွားပြီး သံချင်းရိုက်သံကြီး ဟိန်းထွက်သွားပါတယ်။
အဲဒီနောက်မှာတော့ နှစ်ဖက်စလုံးဟာ ခြေလှမ်း ဆယ်ဂဏန်းလောက် နောက်ကို ဆုတ်သွားကြပါတယ်။
ဘယ်သူမှ အသာမရခဲ့ပါဘူး..
"ဒါ ဘယ်လိုဖြစ်တာလဲ"
ကျားလောင်စီ မယုံနိုင်အောင် ဖြစ်သွားပါတယ်။
ပြိုင်ဘက်က တကယ်ပဲ ဟွာကျင်းအဆင့်ဆိုတာ သူ ခံစားမိပါတယ်။ ဒါပေမဲ့ သူ့ဆီက ထွက်လာတဲ့ ပေါက်ကွဲအားက မဟာသွေးကြောအဆင့်ရှိတဲ့ သူ့ရဲ့ ခွန်အားထက် လုံးဝ မနိမ့်ကျနေပါဘူး။
"ဝုန်း—"
ကျားလောင်စီ ဘာဖြစ်လို့လဲဆိုတာ စဉ်းစားလို့ မပြီးသေးခင်မှာပဲ လှံရှည်ကြီးက နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ ရောက်လာပြန်ပါပြီ။ သူကတော့ ဓားနဲ့ပဲ ပြန်ကာလိုက်ရပါတယ်။