အခန်း (၂၄၂)
Vol. 22 Ch. 242
📝အပိုင်း - ၂၄၂
ဘာသာပြန် - Na Gar🐉
"ကျားလောင်စီ... ကျားလောင်စီက သူတို့ကို တားနိုင်ခဲ့ရဲ့လား"
"သတင်းပို့ပါတယ်—"
"အရှေ့ဘက်ကမ်း တိုက်ပွဲက နောက်ဆုံးရသတင်းပါ"
"အရှင်ကျားရဲ့ တပ်ဖွဲ့တွေဟာ ကျန့်ခိုခရိုင်မှာ အကုန်အစင် ချေမှုန်းခံလိုက်ရပါပြီ"
"ဘာ..သူ သေသွားပြီလားဒါ ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လျန်ကျိနျန် တစ်ယောက် အတော်လေး ထိတ်လန့်သွားပုံရပါတယ် "အရန်တပ်က တောက်လျှောက် ချီတက်လာခဲ့ရတာဆိုတော့ အရိုးထဲအထိ ပင်ပန်းနေမှာပဲ။ ဒါတောင်မှ ရွေစမ်းရေမြို့မှာ မဟာသွေးကြောအဆင့် နဲ့ ဟွာကျင်း အဆင့်ရှိတဲ့ ဗိုလ်ချုပ်တွေကို သတ်ခဲ့သေးတယ်။ အခု ကျန့်ခိုခရိုင်မှာ ကျားလောင်စီကို ထပ်သတ်လိုက်ပြန်ပြီ"
"ငါတို့အားလုံး အရင်က ယွီဆုန်ကို အထင်သေးခဲ့မိတာပဲ။ ဒီလူက တကယ့်ကို ရဲရင့်ပြီး အနိုင်မခံတဲ့သူပဲ၊ နောင်တစ်ချိန်မှာ ကြီးကျယ်တဲ့သူ ဖြစ်လာမှာ သေချာတယ်"
"စစ်သေနာပတိ"
စစ်သားက ပြောလိုက်တယ် "ကျွန်တော်တို့ နောက်ထပ် ဘာလုပ်ကြမလဲလော့ထျန်တောင်ကြားမှာ ကျွန်တော်တို့ဘက်က မဟာသွေးကြောအဆင့် တစ်ယောက်အပါအဝင် စစ်သည် နှစ်ထောင်ပဲ ရှိတာပါ။ သူတို့ရဲ့ တိုက်ရည်ခိုင်ရည်နဲ့ဆိုရင် တကယ်ပဲ ဖောက်ထွက်သွားနိုင်ပါတယ်။ မေရှန်းခရိုင် ကနေ စစ်ကူတွေ ထပ်ခေါ်ရမလား"
လျန်ကျိနျန်က ချက်ချင်း ဆုံးဖြတ်ချက်မချသေးဘဲ သဲမြေပုံကို ကြည့်ပြီး ခွဲခြမ်းစိတ်ဖြာနေပါတယ် "သူတို့ အခုရှိနေတဲ့နေရာက ကျန့်ခိုခရိုင်ရဲ့ တောင်ဘက်၊ ရှောင်လော့ခရိုင်နားကို ရောက်နေလောက်ပြီ"
"သာမန် စဉ်းစားချက်အရဆိုရင် သူတို့ကို တားဖို့အတွက် အဲဒီက စစ်တပ်တွေကို ချက်ချင်း လှုပ်ရှားခိုင်းသင့်တာပေါ့"
"ဒါပေမဲ့ မမေ့နဲ့ဦး"
"ပြီးခဲ့တဲ့တစ်ခေါက်က သူတို့တွေ လော့ထျန်တောင်ကြားကြီးဆီကို အယောင်ပြတိုက်ခိုက်ပြီးတော့မှ အနောက်ဘက်ကို ကွေ့ပြီး မြစ်ကို ဖြတ်ကူးသွားတာ။ ငါတို့ကို အူကြောင်ကြောင်ဖြစ်အောင် လုပ်သွားတာလေ။ ဒါကြောင့် ဒီတစ်ခါတော့ မလောနဲ့"
"မေရှန်းခရိုင်မှာ ငါတို့ စုစည်းနိုင်တဲ့ စစ်အင်အား ဘယ်လောက်ရှိသေးလဲ"
"စစ်သေနာပတိကို တင်ပြပါတယ်၊ နောက်ဆုံးရ စာရင်းအရဆိုရင် လူပေါင်း တစ်သောင်း၊ ငါးရာ၊ ခြောက်ဆယ့်နှစ်ယောက် ရှိပါတယ်ခင်ဗျာ"
"ကောင်းပြီ"
လျန်ကျိနျန်က သူ့ရဲ့ မြင်းရုပ်နဲ့ ကစားရင်း မျက်လုံးကို မှေးလိုက်ပြီး ပြောတယ် "ငါ့အမိန့်ကို ပေးလိုက်ပါ စစ်သည် ရှစ်ထောင်ကို ဟုန်ကျဲမြစ်ဘေးမှာ စခန်းချခိုင်းလိုက်။ အဲဒီထဲက သုံးထောင်ကို မြစ်ဖြတ်ကူးခိုင်းပြီး လော့ထျန်တောင်ကြားကို ဝိုင်းရံဖို့ စစ်ကူလွှတ်လိုက်၊ ကျန်တဲ့သူတွေကတော့ အမိန့်ကို စောင့်နေကြ"
"အကယ်၍ သူတို့က လော့ထျန်တောင်ကြားကို တကယ် တိုက်တာဆိုရင် အင်အားအပြည့်နဲ့ ပြန်တိုက်ခိုက်ကြ"
"အကယ်၍ အယောင်ပြတိုက်ကွက်ဆိုရင်တော့ နေရာမရွေ့နဲ့၊ မြောက်
ဘက်ကနေ ကာကွယ်ဖို့ ဒါမှမဟုတ် ဝိုင်းရံဖို့ အမြဲတမ်း အသင့်ပြင်ထားကြ"
"ဒီတစ်ခါတော့ သူတို့ သေချာပေါက် သေပြီ"
"တကယ့်ကို ထက်မြက်တဲ့ အစီအစဉ်ပါပဲ စစ်သေနာပတိ"
လက်ထောက်ဗိုလ်ချုပ်တစ်ယောက်က ချီးကျူးလိုက်တယ် "ဒီလို စီစဉ်ထားလိုက်ရင် သူတို့ လော့ထျန်တောင်ကြားကနေ ထွက်မပြေးနိုင်သလို၊ ဟုန်ကျဲမြစ်ကို ထပ်ပြီး ဖြတ်ကူးဖို့ ဒါမှမဟုတ် မင်ပြည်နယ်ထဲမှာ ပတ်ပြေးနေဖို့လည်း မဖြစ်နိုင်တော့ဘူး"
"ဒီ ချန်ဆန်းရှီက လူသုံးထောင်တည်းနဲ့ ငါတို့ကို ဒီလောက်အထိ တောင့်
ခံထားနိုင်တာ တကယ့်ကို အံ့ဩစရာပဲ။သူ့ရဲ့ အရည်အချင်းက ငါ့ထက်
တောင် မနိမ့်ဘူးလို့ ပြောလို့ရတယ်"
လျန်ကျိနျန်ရဲ့ စိတ်အခြေအနေက တော်တော်လေး ပြန်ကောင်းလာပုံရပါတယ်။ မြင်းရုပ်ကို ချလိုက်ပြီး "ငါကြားတာတော့ သူအရင်က စာသင်သား တစ်ယောက်ဆိုပဲ။ စာမေးပွဲတောင် မအောင်ခဲ့ဘူးလို့ ကြားတယ်။ သူ့ကိုကြည့်ပြီး ငါ တော်တော်လေး ကိုယ်ချင်းစာမိတယ်"
"ကံမကောင်းတာက ရန်သူဟာ ရန်သူပဲ။ သူ့ကို သတ်လိုက်တာကလည်း သူ့အပေါ် ငါ့ရဲ့ လေးစားမှုကို ပြသတာပဲ"
"ဒီအတိုင်းပဲ လုပ်ကြစို့။ သူ သေသွားပြီးရင် အလောင်းကို မပျက်မစီးအောင် ထားခဲ့ဖို့ သတိပေးလိုက်ဦး။ ပြီးရင် မေရှန်းတောင်ကို သယ်လာပြီး
ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးလိုက်မယ်"
"တကယ့်ကို လူသားဆန်ပြီး တရားမျှတတဲ့ စစ်သေနာပတိပါပဲ"
"..."
...
ယန်ချွမ်းခရိုင် မြို့ပြင်၊ ပုန်ကန်သူများ၏ စစ်စခန်း
တုန်အန်းကပြန်ရောက်လာတဲ့ သတင်းတွေကို ကြည့်လိုက်ပြီးတဲ့နောက် သူ့ရဲ့ ရင်ထဲက အလေးအပင်ကြီးတစ်ခု ကျသွားသလို ခံစားလိုက်ရပါတယ်။
"ကောင်းတယ်၊ အရမ်းကောင်းတယ် လျန်ကျိနျန်... မင်းက တကယ့်ကို 'ကောင်းကင်ဘုံကျမ်း' ကို ရထားတဲ့သူနဲ့ ထိုက်တန်ပါတယ်။ လူအ မဟုတ်ဘူးပဲ။ ဒီလို အစီအစဉ်မျိုးကတော့ လုံးဝကို လုံခြုံစိတ်ချရပြီ၊ အကုန် ပြီးသွားပြီ"
"ဒီတစ်ခါတော့ တကယ်ပဲ အဆုံးသတ်သွားပြီ"
"ရှူး..."
သူ မတ်တပ်ရပ်ဖို့ ကြိုးစားပေမဲ့ ခေါင်းမူးသွားပြီး မြေကြီးပေါ်ကို လဲကျလုနီးပါး ဖြစ်သွားပါတယ်။
"စစ်သေနာပတိချုပ်"
သစ္စာရှိတဲ့ အစေခံက အမြန်လာတွဲပေးတယ်"လွန်ခဲ့တဲ့ ခုနစ်ရက်၊ ရှစ်ရက်လုံးလုံး ခင်ဗျား ဆန်ပြုတ် တစ်ပန်းကန်ပဲ စားရသေးတာ။ သံမဏိလူသားတောင် ဒီလောက်ဆိုရင် မခံနိုင်ဘူး သိုင်းပညာ လေ့ကျင့်ထားတဲ့သူတွေအနေနဲ့ ခွန်အား ပြန်ပြည့်ဖို့ အသားတွေ အများကြီး စားဖို့ လိုတယ်"
"ဟုတ်လားငါ အဲဒီလောက်တောင် အကြာကြီး မစားဘဲ နေခဲ့မိတာလား"
တုန်အန်းက ရယ်လိုက်တယ် "ငါတောင် သတိမထားမိလိုက်ဘူး။ သွားတော့... စစ်သေနာပတိအတွက် အသားကင်တွေ သွားယူခဲ့။ သိုးတစ်ကောင်လုံး ကင်ခဲ့လိုက်၊ ဟင်းချိုလည်း ယူခဲ့ဦး။ အရက်တော့ ထားလိုက်တော့၊ ဟင်းချိုပဲ သောက်မယ်"
"နားလည်ပါပြီခင်ဗျာ"
အစေခံက ဝမ်းသာအားရနဲ့ အမိန့်ကို သွားဆောင်ရွက်ပါတော့တယ်။
စစ်သေနာပတိချုပ်ရဲ့ ပျော်ရွှင်နေတဲ့ မျက်နှာကိုကြည့်ပြီး လာမယ့်တိုက်ပွဲက သူတို့ဘက်ကို လုံးဝ အသာစီးရတော့မယ်ဆိုတာ သူ သိလိုက်ပါတယ်။
...
ရှောင်လော့ခရိုင်။
"ငါတို့ ပြန်ရောက်လာပြန်ပြီ"
ချန်ဆန်းရှီက ပျက်စီးနေတဲ့ မြို့တံခါးကို ကြည့်လိုက်ပြီး ယွီဆုန်နဲ့အတူ သူ့ညီအစ်ကိုတွေကို ဦးဆောင်ပြီး မြို့ထဲကို ဝင်လာပါတယ်။
ရှောင်လော့ခရိုင်မှာ အခု စစ်တပ်မရှိတော့ပါဘူး။ ရုံးတော်က ရဲမက် တွေပဲ ရှိတာပါ။ သူတို့တွေကလည်း အရင်က ဒါရှန်အင်ပါယာရဲ့ လူတွေပဲ ဖြစ်ပြီး မျက်ခုံးနီတပ်ရဲ့ ဖိအားကြောင့်သာ အညံ့ခံခဲ့ရတာပါ။ အခု ချန်ဆန်းရှီတို့ကို တွေ့တဲ့အခါ ကြိုဆိုပွဲကြီးလို ဖြစ်နေပါတော့တယ်။ သူတို့က ရိက္ခာတွေကိုတောင် ကြိုတင် ပြင်ဆင်ထားကြပါတယ်။
နွေးထွေးတဲ့ ထမင်းတစ်နပ်ကို စားပြီး နာရီအနည်းငယ်လောက် အနားယူပြီးတဲ့နောက် သူတို့ တောင်ဘက်ကို ဆက်သွားကြပါတယ်။ လော့ထျန်တောင်ကြား ဆီကို တည့်တည့် ဦးတည်သွားတာပါ။ မိုင် ၁၀၀အကွာ တောရိုင်းဒေသနားမှာ ရပ်နားပြီး ကင်းထောက်တွေဆီက သတင်းကို စောင့်နေကြပါတယ်။
"သတင်းပို့ပါတယ်"
ကျောက်ကန်ကသူ့ဖိနပ်တွေ ပျက်စီးသွားတဲ့အထိ အပြေးအလွှား လာပြီး သတင်းပို့တယ် "လော့ထျန်တောင်ကြားမှာ တကယ်ပဲ စစ်အင်အား နည်းနေပါတယ်။ ကျွန်တော်တို့ စမ်းသပ်ကြည့်ရသလောက်တော့ လူနှစ်ထောင်ထက် မပိုပါဘူး"
"ကောင်းတယ်၊ ကောင်းတယ်၊ အရမ်းကောင်းတယ်"
ယန်ချန်ချင်း က ဝမ်းသာလွန်းလို့အော်ဟစ်လိုက်တယ်"ငါတို့ အသက်ရှင်ပြီ၊
ငါတို့အားလုံး အသက်ရှင်ပြီ"
"ဟုတ်တယ်"
ရှဲ့စီရှု ကလည်း သူ့ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို မေ့ပစ်လိုက်ပြီး "အင်ပါယာစစ်တပ်ကြီးက လွန်ခဲ့တဲ့ သုံးရက်ကပဲ တောရိုင်းဒေသထဲကို ဝင်သွားပြီ။ ငါတို့သာ ဖောက်ထွက်နိုင်ရင် တစ်လအတွင်းမှာ စစ်တပ်ကြီးနဲ့ ပေါင်းနိုင်မယ်။ အဲဒီကျမှ အင်အားအပြည့်နဲ့ ပြန်လာပြီး ကလဲ့စားချေကြတာပေါ့"
"ငါတို့ကတော့..."
လုရှူဟွာ ကတော့ ချက်ချင်းကြီး ဝမ်းမသာသေးပါဘူး "အရင်ဆုံး ဗိုလ်ချုပ်ချန် ဘာပြောမလဲဆိုတာ ကြည့်ရအောင် မဟုတ်လား"
"မင်းတို့ကတော့ အမြဲတမ်း အကောင်းမြင်တတ်တာပဲ"
ယွီဆုန်က တစ်ချက်ကြည့်လိုက်ပြီး "ဗိုလ်ချုပ်ချန်... လူတိုင်းက ခင်ဗျားရဲ့ 'အမိန့်' ကို စောင့်နေကြတာ။ ပြောလိုက်ပါဦး"
အကြိမ်ကြိမ် အခါခါ ဒီလိုပဲ လုပ်ခဲ့ကြတာပါ။
သူတို့တွေဟာ ချန်ဆန်းရှီကို လုံးဝ အကြွင်းမဲ့ ယုံကြည်နေကြပါပြီ။ ဘယ်သူကများ ကိုယ့်ဘာသာ စီစဉ်ရဲ၊ စကားလျှောက်ပြောရဲမှာလဲပြီးခဲ့တဲ့ အကြိမ်တိုင်းက သက်သေပြခဲ့ပြီးသားလေ၊ လူသုံးထောင်ကျော်လေးနဲ့ သေဘေးဆိုတာ လက်တစ်ကမ်းတင် ရှိခဲ့တာ။
"လော့ထျန်တောင်ကြား.. အဲဒီကနေ ငါတို့ ထွက်သွားလို့ရမယ် မထင်ဘူး..."
ချန်ဆန်းရှီက သူတို့ရဲ့ မျှော်လင့်ချက်တွေကို ရေအေးနဲ့ အရင်ပက်လိုက်ပြီးမှ စိတ်ရှည်လက်ရှည် ရှင်းပြပါတယ် "ငါတို့ မြစ်ကို ဖြတ်ကူးပြီးတိုင်း စစ်မြင်းတွေ အလုံအလောက် မရှိခဲ့ဘူး။ အဲဒါကြောင့် ချီတက်တဲ့ အရှိန်က တော်တော်လေး နှေးသွားတယ်။ ငါလည်း စမ်းကြည့်ချင်လို့ စမ်းခဲ့တာပဲ၊ ဒါပေမဲ့ အခုတော့ တကယ်ကို နောက်ကျသွားပြီလို့ ထင်ရတယ်။
"ငါတို့ ရှောင်လော့ခရိုင်ကို ရောက်လာတာကို ယန်ချွမ်းက တုန်အန်းရော၊ မေရှန်းတောင်က လျန်ကျိနျန်ရော သေချာပေါက် သိပြီးသား ဖြစ်မှာပဲ။ သူတို့တွေဟာ စစ်ကူတွေကို ကြိုတင်ပြီး လွှတ်ထားမှာ သေချာတယ်။
"ဒီလို အခြေအနေမျိုးမှာ လော့ထျန်တောင်ကြားကို ဖောက်ထွက်ဖို့ဆိုရင် ငါတို့က မြန်မြန်ဆန်ဆန်နဲ့ ပြတ်ပြတ်သားသား လုပ်ဖို့ လိုတယ်"