← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း ( ၆၉ ) – မိဘမဲ့ကျောင်း ဒုက္ခရောက်ခြင်း

ကျိုးချင်လျန်သည် အလျင်စလို သိပ်မရှိဘဲ သူမကိုယ်သူမ သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးနောက် ကုကျစ်နန်အတွက် ဆရာဝန် ခေါ်ဆိုပေးသည့် ခလုတ်ကို နှိပ်ပေးလိုက်သည်။

ဆရာဝန် ရောက်လာသည်အထိ မစောင့်ဘဲ သူမ၏ ဆေးရုံခန်းသို့ ပြန်လာခဲ့သည်။

အခန်းစောင့်နေသည့် ကိုယ်ရံတော်သည် အနည်းငယ် အံ့အားသင့်သွားပြီး "ဘာဖြစ်လို့ ပြန်လာတာလဲ" ဟု မေးလိုက်သည်။

ကျိုးချင်လျန်သည် သူမကိုယ်သူမ လုံးဝ လွှတ်ချထားလိုက်ပြီး ပုံရိပ်မထိန်းဘဲ မျက်လုံးလှန်ကြည့်ကာ "အို၊ အခုတော့ စကားပြောဖို့ ဆန္ဒရှိပြီပေါ့။" ဟု ပြန်ပြောလိုက်သည်။

"ငါ ပြန်လာရုံတင်မကဘူး၊ ငါ ဘယ်တော့မှ ထွက်မသွားတော့ဘူး။ ဒီမှာပဲ နေတော့မယ်။"

"အို၊ မင်းနေလို့ရတယ်၊ ငါတော့ သွားပြီ။" သူ့တာဝန်က ပြီးစီးခဲ့ပြီ၊ သူမကို ညစာစားပွဲကို မတက်ရောက်နိုင်အောင် တားဆီးရုံသာ ဖြစ်သည်။

ကျိုးချင်လျန်သည် အနည်းငယ် ကြောင်သွားပြီး "ဘာ၊ ရှင် ဒီအတိုင်း သွားတော့မှာလား။" ဟု ပြန်မေးလိုက်သည်။

"အင်း၊ ဘိုင့်ဘိုင်။" ကိုယ်ရံတော်က ထိုသို့ ပြောပြီးနောက် လှည့်ထွက်သွားသည်။

သူက တော်တော် ယဉ်ကျေးသားပဲ။

ကျိုးချင်လျန်သည် စိတ်ဆိုးစွာဖြင့် ဗလာဖြစ်နေသော ဆေးရုံခန်းကို ကြည့်ကာ နှုတ်ခမ်းဆူလိုက်သည်။

ဆေးရုံမှာ နေရတာနဲ့ အိမ်မှာနေရတာ ဘာကွာလို့လဲ။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်တည်းပဲ ရှိနေသေးတာကို။

သူမသည် ဒီမှာနေရတာ အတော်လေး ကောင်းမွန်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ အနည်းဆုံးတော့ နောက်ပိုင်းတွင် စျေးကြီးသော ငွေတောင်းခံလွှာကို မရမချင်းပေါ့။

ကျိုးချင်လျန်သည် ဒေါသထွက်လွန်း၍ ကျိန်ဆဲချင်စိတ် ပေါက်လာသည်။ ဒါဆို ဆေးရုံက ငွေညှစ်ပြီး ပိုက်ဆံရှာနေတာပေါ့။

ဟုတ်ပါတယ်လေ၊ ဒါက နောက်မှ ပြောရမဲ့ ဇာတ်လမ်းဖြစ်တာကြောင့် အခုတော့ အဲ့တာကို မပြောကြရအောင်ပါ။

ညဉ့်နက်သန်းခေါင်ယံမှာ ရှန်းတန် အိပ်ပျော်နေတုန်း ရုတ်တရက် လန့်နိုးလာပြီး ချက်ချင်း ထထိုင်လိုက်ပုံကို ပြောကြရအောင်။

အို မဟုတ်သေးဘူး။ သူမ လော့ချန်ကို မေ့သွားခဲ့တာပဲ။

သူမ ဖုန်းကို ဖွင့်ကြည့်လိုက်သောအခါ လော့ချန်ဆီက ဝီချက်မှာ မရေမတွက်နိုင်သော မကျေမနပ် မက်ဆေ့ချ်များ ရောက်နေသည်ကို တွေ့လိုက်ရသည်။

သူက ပုံမှန်အားဖြင့် တိတ်ဆိတ်သူ ဖြစ်သည်၊ ဒီတစ်ကြိမ်တော့ သူ အတော်လေး စိတ်ဒုက္ခရောက်နေပုံရသည်။

[ယုံနိုင်မလား၊ အဲဒီ မစ္စတာကုက အသက်မပြည့်သေးတဲ့သူတဲ့။]

[ဟွန်း၊ သူက ငါ့ကို တစ်နာရီကျော်ကြာ စောင့်ခိုင်းရုံမကဘူး၊ ငါ့ကို သူက နှိမ်ချသလိုပါ ကြည့်နေသေးတာ။]

[ကုမိသားစုရဲ့ တခြားမိသားစုဝင်တွေက တကယ်ပဲ အဲ့လောက်တောင် မာနကြီးတာလား။ သရုပ်ဆောင်ပြောင်းဖို့ ငါ့ကို တိုက်ရိုက် ခြိမ်းခြောက်ဖို့ ကုမိသားစုနာမည်ကို သုံးခဲ့တာတဲ့လား။]

[ဝူးဝူးဝူး၊ ငါ တကယ် ရူးတော့မယ်... သူ ငါ့ကို မထွက်သွားခိုင်းဘူး။]

[ထားတော့၊ ငါ မထွက်သွားတော့ဘူး။]

[...]

[ငါ သိလိုက်ပြီ၊ သူက သူသဘောကျတဲ့ မင်းသမီးနဲ့ လဲလှယ်ချင်တာ၊ သူမကို မျက်နှာသာပေးချင်လို့ပဲ။]

[Fuck၊ သူ သဘောကျတဲ့ မင်းသမီးက မင်း ဖြစ်နေတာပဲ။]

[ဒီကောင်က ပစ္စည်းတွေ အများကြီး မှာပြီး နောက်ဆုံးမှာ ငါ့ကို ပိုက်ဆံရှင်းခိုင်းတာ၊ ငါ့ပိုက်ဆံအိတ် ချက်ချင်း ပြောင်သွားတယ်။]

[မဖြစ်နိုင်ဘူး၊ သူက တမင်တကာ အစားအသောက် အလကား စားဖို့ လာတာတော့ မဖြစ်နိုင်ဘူးမလား။]

ရှန်းတန် : "???"

မထင်မှတ်ထားဘဲ ကိစ္စတွေက ရှန်းတန်ဘက်ကိုပဲ ပြန်လှည့်လာတဲ့ အခြေအနေ ရောက်လာတာပါလား။

သူမ ဘာတွေဖြစ်နေလဲဆိုတာ တကယ် သိချင်ပေမဲ့ ယခု ည ( ၃ ) နာရီ ရှိနေပြီမို့ လော့ချန် အိပ်နေမည်မှာ သေချာသည်။

ရှန်းတန်သည် သူမ ရိုက်နေသော စာသားကို စာလုံး တစ်လုံးချင်းစီကို ဖျက်လိုက်သည်။ ထို့နောက် လော့ချန်ဆီက မက်ဆေ့ချ် ရောက်လာသည်။

[လော့ချန် : အခု ဘာလုပ်ရမလဲ။]

[မျှော်လင့်ချက် မကုန်နိုင်တဲ့ အချစ်ကြီးသော အန်တီကြီး : ရှင် မအိပ်သေးဘူးလား။]

လော့ချန်သည် သူ၏ မျက်ကွင်းညိုညစ်နေသော ပုံတစ်ပုံကို ပေးပို့လိုက်ပြီး "ကျွန်တော် မအိပ်နိုင်သေးဘူး။ အဲဒီ သခင်လေးကုက မင်းကို အစားမထိုးပေးရင် ရုပ်ရှင်ဆက်ရိုက်ခွင့် မပေးဘူးလို့ ခြိမ်းခြောက်နေတယ်။" ဟု ပြောသည်။

ရှန်းတန်က သူ့ကို တိုက်ရိုက် ဖုန်းခေါ်လိုက်သည်။

"သူ့နာမည်က ဘာလဲဆိုတာ ပြောသွားသေးလား။"

"သူ့နာမည် ကုဝူယန်လို့ ပြောသွားတယ်ခင်ဗျာ။"

ရှန်းတန် : "???"

သူမ၏ CPU သည် အပူလွန်ကဲ၍ ပျက်စီးလုနီးပါး ဖြစ်သွားသည်။

"ဒါ မဖြစ်နိုင်ဘူး။ သူက အယောင်ဆောင်ပဲ ဖြစ်ရမယ်။ သူ့ကို စိတ်မပူနဲ့။"

"မင်း သူ့ကို သိလား။"

"ဝူယန်ကို ငါ သိတယ်။ သူ ဒီလိုမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။"

လော့ချန် သက်ပြင်းချလိုက်သည်။ "သူက အတုဆိုတော့ စိတ်အေးရပြီ။"

ကုမိသားစုရဲ့ သြဇာအာဏာက တကယ်ကြီးမားတာပဲ။ သူတို့ကို စော်ကားတာ တကယ်ပဲ မိုက်မဲရာ ရောက်တယ်။

ဒါပေမဲ့ အဲဒီကောင်က တကယ် အစားအသောက် အလကား စားသောက်ဖို့ ရောက်လာတာတော့ မဟုတ်ဘူးနော်…

ဂဏန်း လေးလုံး တန်တဲ့ အစားအသောက်တွေအကြောင်း ပြန်တွေးမိတော့ လော့ချန်တစ်ယောက် နာကျင်မှုကို ခံစားရသည်။

ရှန်းတန် ဖုန်းချပြီးနောက် ပြန်စဉ်းစားကြည့်တော့ ဒီအဖြစ်အပျက်ကို ကုဟွိုင်အန်းကို ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။

ကုမိသားစုနာမည်ကို သုံးပြီး ကြွားဝါနေတဲ့ တခြားသူတွေ ရှိသေးလား ဆိုတာ ဘယ်သူသိမလဲ။

ပြီးတော့ သူက တကယ် ကုဝူယန်ရဲ့ နာမည်ကို သုံးလိုက်တာပဲ။ သူ့ကို မိုက်မဲတယ်လို့ ပြောရမလား၊ ဒါမှမဟုတ် ဉာဏ်ကောင်းတယ်လို့ ပြောရမလား။

ကုဝူယန်က မကြာခဏ ပြည်ပမှာ နေတယ်။ သူ ပြည်တွင်းကို ပြန်လာပြီးနောက် ဆက်ဆံတဲ့လူတွေက သိပ်မများဘူး၊ ဒါကြောင့် ရှာဖွေရ လွယ်ကူလိမ့်မယ်။

ရှန်းတန်က ဒီလူက သူ့သူငယ်ချင်း ဒါမှမဟုတ် အတန်းဖော် ဖြစ်နိုင်တယ်လို့ သံသယရှိတယ်။

ဘာကို ဒီလောက် မျက်နှာပြောင်တိုက်တာလဲ။

သူမ စဉ်းစားနေစဉ် ရှန်းတန် မသိစိတ်ဖြင့် အိပ်ပျော်သွားသည်။ သူမ ပြန်နိုးလာသောအခါ လန်းဆန်းတက်ကြွနေသည်ဟု ခံစားရသည်။

ကုဟွိုင်အန်းသည် အလုပ်သွားနှင့်ပြီးဖြစ်ရာ ရှန်းတန် သက်ပြင်းချလိုက်သည်။ သူမ တကယ် သူ့ကို ဘယ်လို ရင်ဆိုင်ရမှန်း မသိဘူး။

မဟုတ်ဘူး၊ သူကသာ မျက်နှာပူရမယ့်သူပဲ။ ငါက မျက်နှာပူရမယ့်သူ မဟုတ်ဘူး။

ဒီလိုတွေးရင်း ရှန်းတန် သူမ၏ နှုတ်ခမ်းများကို ထိကြည့်လိုက်သည်။ ညက ခံစားချက်က ကျန်ရှိနေသေးသလိုပဲ။ သူမ၏ မျက်နှာ ချက်ချင်း နီရဲသွားသည်။

သူမ မျက်နှာကို ရေအေးဖြင့် သစ်ပြီးမှ အပူများ နောက်ဆုံးတွင် ကျဆင်းသွားသည်။

ရှန်းတန်ရေ၊ ရှန်းတန်ရေ၊ နင့်မှာ တကယ့်ကို သမာဓိ လုံးဝ မရှိဘူး။

ရှန်းတန် အောက်ထပ်သို့ ဆင်းလာပြီးနောက် အစ်မထောင် ချက်ချင်း ဟင်းပွဲများ ယူလာပြီး "သခင်လေးက ဒီနေ့ သခင်မလေး သူ့ကို အစားအစာ လာပို့ပေးရမယ်တဲ့" ဟု စနောက်သည်။

"ကျွန်မ မသွားဘူး။ အချိန်မရှိဘူး။"

တစ်အချက်၊ သူမ သူ့ကို ရင်မဆိုင်ချင်။ နှစ်အချက်၊ သူမမှာ တကယ်ပဲ အချိန်မရှိဘူး။

သူမ ဒီနေ့ ကလေးတွေကို သွားကြည့်ဖို့ မိဘမဲ့ဂေဟာကို သွားမလို့ပင်။

တကယ်တော့ ရှန်းတန် မိဘမဲ့ဂေဟာကို စောစောကတည်းက သွားကြည့်ချင်ခဲ့တာဖြစ်သည်။

ဒါပေမဲ့ အဲဒါက သူမ ငယ်စဉ်ကတည်းက ကြီးပြင်းလာခဲ့တဲ့ နေရာပဲ။ သူမ အယောင်ဆောင်ထားတာ ပေါ်သွားမှာကို အရမ်းကြောက်နေမိတယ်။

တစ်ဖက်ကကြည့်ရင်လည်း သူမ ရှောင်လွှဲနေလို့ မရဘူး။ လစဉ် ပိုက်ဆံ အချိန်မှန် ပို့ပေးတာကလွဲလို့ မူလပိုင်ရှင်က တစ်လ တစ်ကြိမ် ပြန်သွားလေ့ ရှိတယ်။

ရှန်းတန်သည် ပေါ့ပေါ့ပါးပါး အဝတ်အစားများ လဲဝတ်ပြီးနောက် စျေးဝယ်စင်တာသို့ သွားကာ အဝတ်အစားများ၊ သရေစာများ၊ သင်ထောက်ကူပစ္စည်းများ၊ အရုပ်များနှင့် အခြားအရာများစွာ ဝယ်ယူခဲ့သည်။

နောက်ဆုံးတော့ ပစ္စည်းတွေ အများကြီးမို့ ကုန်တင်ကားနဲ့ ပို့ဖို့ပဲ စီစဉ်နိုင်တော့တယ်။

ပစ္စည်းအပြည့်တင်ထားသော ကုန်တင်ကားကို စီစဉ်ပြီး ရှန်းတန်သည် မိဘမဲ့ဂေဟာသို့ ခံ့ညားစွာ ရောက်ရှိလာရာ တံခါးဝတွင် လူများစွာ စုဝေးနေသည်ကို တွေ့လိုက်ရသည်။

သူမ ကားပေါ်ကနေ ဆင်းပြီး လူအုပ်ထဲကို တိုးဝင်သွားသည်။ ထိုနေရာမှာ သူမ အုပ်ထိန်းသူအမေက ကလေးတစ်ယောက်ကို ပွေ့ဖက်ပြီး ကြမ်းပြင်မှာ ထိုင်ငိုနေတာကို တွေ့လိုက်ရသည်။

"မင်းတို့ အဲဒီအတွေးကို စွန့်လွှတ်လိုက်ကြပါ၊ ငါ ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး။"

"အုပ်ထိန်းသူအမေ၊ ဘာဖြစ်တာလဲ။"

ရှန်းတန်၏ အသံကို ကြားသောအခါ အုပ်ထိန်းသူအမေ မျက်ရည်များကို သုတ်လိုက်သည်။ သူမ၏ လေသံမှာ အလွန်ပင် စိတ်လှုပ်ရှားနေသည်။

"တန်တန်၊ မင်း နောက်ဆုံးတော့ ရောက်လာပြီ။ သူတို့က ငါ့ကို မိဘမဲ့ဂေဟာ ပိတ်ခိုင်းနေတာ၊ ဒီနေရာ ပိတ်သွားရင် ကလေးတွေ ဘာလုပ်ကြမလဲ။ သူတို့... သူတို့ တခြားနေရာတွေမှာဆို အနိုင်ကျင့်ခံရလိမ့်မယ်။"

ဟုတ်ပါတယ်။ မိဘမဲ့ဂေဟာမှာ ကလေး သိပ်မကျန်တော့ဘူး။

မွေးစားနိုင်တဲ့ ကလေးတွေကို အကြာကြီးကတည်းက မွေးစားသွားကြပြီဖြစ်ကာ ကျန်တဲ့ ကလေးတွေကတော့ မသန်စွမ်းသူတွေ များတယ်။ ဆယ်ကျော်သက် ကလေးတွေထဲမှာ တစ်ယောက်မှ ကိုယ်ခန္ဓာ သန်စွမ်းတဲ့သူ မရှိဘူး။

အုပ်ထိန်းသူအမေ လက်ထဲမှာ ပွေ့ထားတဲ့ ကလေးမလေးက မတော်တဆမှုကြောင့် ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရတာ ဖြစ်သည်။

ရှန်းတန်ကို မြင်သောအခါ ကလေးမလေး၏ မျက်လုံးများ တောက်ပလာသည်။ "အစ်မတန်တန်၊ သမီး အစ်မကို အရမ်း လွမ်းတယ်။"

ရှန်းတန် သူမ၏ ခေါင်းကို ပွတ်သပ်ပေးသည်။ "အစ်မလည်း မင်းကို လွမ်းတယ်။"

သူမ တာဝန်ခံအား လှမ်းကြည့်လိုက်သည်။ "ခွင့်ပြုပါဦး၊ ဒီနေရာကို ဘာလို့ ပိတ်ရမှာလဲ။ ဘယ်သူက အမိန့်ပေးတာလဲ။"

တာဝန်ခံသည် သပ်ရပ်သော ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်ပင် ရာထူးကြီးသည့် လူတစ်ဦးနှင့် တူလှသည်။

သူက စိတ်ရှည်စွာ ရှင်းပြသည်၊ "ကျွန်တော်တို့ အထက်က ညွှန်ကြားထားတဲ့အတိုင်း လုပ်ရတာပါ။ ကျွန်တော်တို့က ခင်ဗျားတို့ကို တမင်တကာ ဆန့်ကျင်နေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ မိဘမဲ့ဂေဟာက အရမ်းသေးလွန်းတယ်။ ဘေးက ပိုကြီးတဲ့ မိဘမဲ့ဂေဟာနဲ့ ပေါင်းလိုက်ရင် ကလေးတွေလည်း ပိုကောင်းတဲ့ စောင့်ရှောက်မှုတွေ ရရှိနိုင်ပါတယ်။ ခင်ဗျား သူတို့ကို စားဝတ်နေရေး အလုံအလောက်မရှိဘဲ ဒီမှာ ဆက်နေစေချင်လို့လား။"

ပတ်ဝန်းကျင်မှ ကြည့်ရှုသူများ တိုးတိုးတိတ်တိတ် စကားပြောဆိုကြသည်။ အချို့က သူပြောတာ မှန်သည်ဟု ခံစားရသည်။

"ဟုတ်တယ်၊ ဒီနေရာက တော်တော် ဆိုးတယ်..."

"ဒီမိဘမဲ့ဂေဟာမှာ အကူအညီပေးမဲ့သူတောင် မရှိဘူး။ ဂေဟာချင်း ပေါင်းလိုက်တာက အကောင်းဆုံးပဲလို့ ကျွန်တော် ပြောချင်တယ်။"

"မှန်တယ်..."

တကယ်တော့ လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာက ဒီမိဘမဲ့ဂေဟာဟာ အနီးနားတစ်ဝိုက်က တစ်ခုတည်းသော ပုဂ္ဂလိက မိဘမဲ့ဂေဟာဖြစ်ပြီး အလှူငွေ အများအပြား ရရှိခဲ့သည်။

အဲဒီတုန်းက ရှန်းတန် စရောက်လာခဲ့တာဖြစ်သည်။

လွန်ခဲ့သည့် ဆယ်နှစ်မတိုင်မီအထိ၊ ဒီဂေဟာ၏ ဘေးနားတွင် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်နှင့် အဆောက်အဦးတွေက အများကြီး ပိုကောင်းတယ်။ ကလေးတွေလည်း ပိုပြီး နာခံပြီး ချစ်စရာကောင်းတယ်။ ထိုအချိန်မှစပြီး ဤနေရာဟာ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။

ရိုးရိုးသားသားပြောရရင် အဆောက်အဦးတွေက တခြား မိဘမဲ့ဂေဟာတွေနဲ့ လုံးဝ မနှိုင်းယှဉ်နိုင်ဘူး။ ဒါပေမဲ့ ရှန်းတန်က အုပ်ထိန်းသူအမေက သူတို့အားလုံး ပေါင်းထားတာထက် ပိုပြီး စိတ်နှစ်ထားတယ်ဆိုတာ အာမခံနိုင်ပေသည်။

မသန်စွမ်းကလေးတွေကို များသောအားဖြင့် စွန့်ပစ်လေ့ ရှိတာကြောင့် စိတ်ပိုင်းဆိုင်ရာအရ သူတို့မှာ ပြဿနာအချို့ ရှိနေတာ မလွဲမသွေပါပဲ။ တချို့က စိတ်ဆိုးလွယ်ပြီး တခြားသူတွေကိုတောင် ရိုက်နှက်တတ်သည်။

ဒါပေမဲ့ အုပ်ထိန်းသူအမေက ဘယ်ကလေးကိုမှ ခွဲခြားဆက်ဆံတာ မရှိဘူး။ သူမ စိတ်ရှည်စွာ နှစ်သိမ့်ပေးပြီး ကလေးတွေ ဖြည်းဖြည်းချင်း ပုံမှန်ပြန်ဖြစ်လာစေခဲ့သည်။

ရှန်းတန်က မေးလိုက်သည်။ "ဘယ်အာဏာပိုင်တွေကလဲ။ စာထုတ်ထားတဲ့ အကြောင်းကြားစာ ရှိလား။ ကလေးတွေ ပိုကောင်းတဲ့ စောင့်ရှောက်မှု ရရှိမယ်ဆိုတာကို ဘယ်လို အာမခံပေးမလဲ၊ ပြီးတော့ ကလေးတွေ အနိုင်ကျင့်ခံရမှာ မဟုတ်ဘူးဆိုတာရော အာမခံပေးလား။"

လူအများ ထင်ထားတာနဲ့ ဆန့်ကျင်ဘက် မိဘမဲ့ဂေဟာတွေထဲက ဆက်ဆံရေးတွေက တကယ်တမ်း သိပ်ပြီး ညီညွတ်မှု မရှိပါဘူး။ လူရှိရင် ပဋိပက္ခတွေ ရှိမှာပဲ။ အရင်းအမြစ် ခွဲဝေမှု ဘက်လိုက်တာတွေက ရှောင်လွှဲလို့ မရတဲ့ ပြဿနာတွေပါပဲ။

တာဝန်ခံက ပခုံးတွန့်လိုက်သည်၊ "ကျွန်တော့်ကို မေးလို့ ဘာအကျိုးရှိမှာလဲ။ ကျွန်တော့်ပြောတဲ့ အာမခံချက်ကို ခင်ဗျား ယုံကြည်နိုင်မလား။ ကျွန်တော် ပြောနိုင်တာကတော့ အဲဒီနေရာမှာ ပတ်ဝန်းကျင်၊ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်တွေနဲ့ အဆောက်အဦးတွေက ဒီထက် အများကြီး ပိုကောင်းပါတယ်။ ဒီကလေးတွေက များသောအားဖြင့် မသန်စွမ်းသူတွေပါ။ သူတို့ ပိုကောင်းတဲ့ ကုသမှု ရရှိဖို့ မလိုချင်ဘူးလား။"

"မသန်စွမ်း" ဆိုတဲ့ စကားလုံးကို ကြားလိုက်တော့ အုပ်ထိန်းသူအမေရဲ့ ရင်ခွင်ထဲက ကလေးမလေးက သူမရဲ့ ခြေထောက်တွေကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။

သူမကို နှစ်သိမ့်သလိုမျိုး ရှန်းတန်သည် ကလေးမလေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

ထိုလူ၏ စကားများသည် လူအများစု၏ အနူးညံ့ဆုံးနေရာများကို ထိမှန်သွားခဲ့သည်။ အုပ်ထိန်းသူအမေပင် အနည်းငယ် တုန်လှုပ်သွားသည်။

ကလေးတွေမှာ အမျိုးမျိုးသော ရောဂါများ ရှိနေသည်မှာ မှန်ပါသည်။ သင့်တော်သော ကုသမှု ရရှိနိုင်ပါက တန်ဖိုးရှိပေလိမ့်မည်။

"သူတို့ ပိုကောင်းတဲ့ ကုသမှု ရရှိမယ်လို့ အာမခံနိုင်မယ်ဆိုရင် ကျွန်မ ဒီနေရာကို ပိတ်ဖို့ ဆန္ဒရှိပါတယ်။"

တာဝန်ခံက အရောင်းအဝယ်စာချုပ်ကို ထုတ်လိုက်သည်။ "စိတ်ချပါ။ ဒီမှာ လက်မှတ်ထိုးလိုက်ရုံနဲ့ ဒီကလေးတွေကို သင့်တော်တဲ့ ဂရုစိုက်စောင့်ရှောက်မှုတွေ ရရှိစေမယ်လို့ ကျွန်တော် အာမခံပါတယ်။"

အုပ်ထိန်းသူအမေသည် စာချုပ်ကို လက်ခံရယူပြီး အမြန်ဖတ်ကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများ ပြင်းထန်စွာ ကျဉ်းမြောင်းသွားသည်။ "မင်း ဒီနေရာကို ဝယ်ယူချင်တာလား။"

ပိတ်ပစ်တာနဲ့ ဝယ်ယူတာက လုံးဝ ကွဲပြားတဲ့ ကိစ္စတွေပဲ။

တစ်ခုက ကိုယ့်ပိုင်ဆိုင်မှုအဖြစ် ဆက်ရှိနေသေးတယ်။ နောက်တစ်ခုက သူတစ်ပါးရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားလိမ့်မယ်။

မိဘမဲ့ဂေဟာသည် အုပ်ထိန်းသူအမေ ငယ်စဉ်ကတည်းက ကြီးပြင်းလာခဲ့သော နေရာ ဖြစ်သည်။ သူမ၏ ခင်ပွန်း ကွယ်လွန်ပြီးနောက် သူမမှာ သားသမီး မရှိသောကြောင့် ဤနေရာကို မိဘမဲ့ဂေဟာအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

ဒီနေရာက သူမရဲ့ အမှတ်ရစရာ အကောင်းဆုံး အမှတ်တရတွေ အားလုံးကို ထည့်သွင်းထားတယ်လို့တောင် ပြောလို့ရတယ်။

အခုတော့ သူတို့က ဒီနေရာကို ဝယ်ချင်နေတာလား။

"ကျွန်မ သဘောမတူဘူး" ဟု အုပ်ထိန်းသူအမေက ပြောလိုက်သည်။

ရှန်းတန်သည် စာချုပ်ကို ယူပြီး ဖတ်ကြည့်သော်လည်း သူမသည် ပရော်ဖက်ရှင်နယ် မဟုတ်သောကြောင့် မည်သည့် ပြဿနာမှ မတွေ့ရှိရပေ။

သူမ ဖုန်းကို ထုတ်ယူပြီး ဓာတ်ပုံရိုက်ကာ ပရော်ဖက်ရှင်နယ်များကို ပြသရန် ရည်ရွယ်ခဲ့သော်လည်း တာဝန်ခံက သူမကို တားဆီးရန် လက်ဆန့်ထုတ်လိုက်သည်၊ "တောင်းပန်ပါတယ်၊ စာချုပ်က ပေါက်ကြားလို့ မရဘူး။"

ရှန်းတန်သည် မျက်ခုံးပင့်လိုက်သည်၊ "ဒါကို ကျွန်မ မပေါက်ကြားစေရပါဘူး၊ ကျွန်မ သူငယ်ချင်းကိုပဲ ကြည့်ခိုင်းချင်တာပါ။"

တာဝန်ခံက ပြုံးလိုက်သည်၊ "ဒါကိုလည်း ခွင့်မပြုပါဘူး။"

နှစ်ဦးသား စာချုပ်၏ ဆန့်ကျင်ဘက်ထောင့်များကို ကိုင်ထားကြရင်း ပိတ်မိနေပြီး အခြေအနေက တင်းမာလာသည်။

အခန်း ( ၇၀ ) – သွားပြီ၊ ဒါက သေချာပေါက် သွားပြီပဲ။

လက်ထောက်ကန်းမှာ အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။ ကုဟွိုင်အန်း ယနေ့ အသိစိတ်လွတ်နေသည်မှာ အကြိမ်ကြိမ်ပင် ရှိနေပြီ။

"မစ္စတာကု။"

ကုဟွိုင်အန်း လက်တွေ့ဘဝဆီ ပြန်ရောက်လာပြီး အသာအယာ ချောင်းဆိုးလိုက်သည်။ "ခုနက ဘာပြောနေတာလဲ။"

"ဒီ ပရောဂျက် အဆိုပြုလွှာအပေါ် ဘယ်လိုထင်လဲ။"

ကုဟွိုင်အန်း အဆိုပြုလွှာကို တစ်ချက်ကြည့်လိုက်သော်လည်း မကြာမီ ပြန်လည် အတွေးလွန်နေပြန်သည်။ သူ တွေးနေမိသည်မှာ ရှန်းတန်၏ နှုတ်ခမ်းများ၊ ဂျယ်လီလို နူးညံ့ချိုမြိန်မှုများသာ ဖြစ်သည်။

ကုဟွိုင်အန်းသည် ရုတ်တရက် ရေငတ်လာသလို ခံစားရသဖြင့် သူ၏ နှုတ်ခမ်းများကို အသာအယာ လျှာဖြင့် သပ်လိုက်သည်။

"မစ္စတာကုရေ" လက်ထောက်ကန်းက သတိပေးလိုက်သည်။

ကုဟွိုင်အန်း အလျင်အမြန် လက်မှတ်ရေးထိုးလိုက်ရာ "ဂျယ်လီ" ဟူသော စကားလုံးကို ရေးသားမိသွားသည်။

ကုဟွိုင်အန်း : "..."

"ဒီစာရွက်စာတမ်းကို ပြန်လုပ်ပေးပါ။"

လက်ထောက်ကန်းသည် ခဏတာ စဉ်းစားပြီးနောက် စိုးရိမ်တကြီး မေးလိုက်သည်၊ "မစ္စတာကု နေမကောင်းဘူးလား။"

သူက ဘယ်လိုလုပ်ပြီး ဒီလို အဆင့်နိမ့်တဲ့ အမှားမျိုးကို လုပ်မိရတာလဲ။

ကုဟွိုင်အန်းက အတော်လေး ရှက်ရွံ့နေသည်။ "ကောင်းပါတယ်။ ဒါနဲ့ မင်းတို့ရဲ့ မဒမ် ပြီးကြရင် အစားအစာ လာပို့လိမ့်မယ်။ သူမကို ကြိုဆိုဖို့ သတိရဦးနော်။"

လက်ထောက်ကန်း၏ မျက်လုံးများသည် နားလည်မှုဖြင့် တောက်ပသွားသည်။

သူက စိတ်ရှုပ်ထွေးနေဟန်ပေါ်သည်။ မစ္စတာကုအား သူတို့က စာချုပ်ချုပ်ဆိုထားတဲ့ အိမ်ထောင်ရေး ဖြစ်တယ်ဆိုတာကို မေ့သွားတာလားဟု သတိပေးချင်နေမိသည်။

ဤအခြေအနေသည် ကောင်းမွန်သည်ဟု မထင်ပါ။

"မနေ့ညက ညစာစားပွဲက စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေကိုလည်း စစ်ကြည့်လိုက်ဦး။"

သာမန်အရက်က ဘာလို့ ဒီလောက် ပြင်းထန်တဲ့ အာနိသင် ရှိနေလဲဆိုတာ သူ သိချင်တယ်။

ကုဟွိုင်အန်းသည် သူ၏ လက်ရှိ စိတ်အခြေအနေကိုလည်း နားမလည်နိုင် ဖြစ်နေခဲ့သည်။ သူ ဘာဖြစ်နေမှန်းကို နားမလည်သော်လည်း မည်သည့် မနှစ်သက်သော ခံစားချက်မျှ မရှိခြင်းကသာ ခြွင်းချက်တစ်ခုအဖြစ် တည်ရှိနေသည်။

ပြီးတော့ သူ သူမကို သူ့ဇနီးလို့ ခေါ်ခဲ့သလိုပဲ…

ဤသို့တွေးရင်း ကုဟွိုင်အန်း၏ နားရွက်ဖျားများ နီရဲလာသည်။

လက်ထောက်ကန်း ရှိနေသေးသည်ကို မြင်သောအခါ သူ၏ မျက်နှာအမူအရာကို ချက်ချင်း ပြင်လိုက်သည်။ "ဘာလို့ မင်း ဒီမှာ ရှိနေသေးတာလဲ။"

"အခုပဲ ထွက်သွားပါတော့မယ်။"

လက်ထောက်ကန်း ထွက်သွားပြီးနောက် ကုဟွိုင်အန်း၏ ခုနတုန်းက အမူအရာကို တွေးရင်း ဝမ်းနည်းစွာ ခေါင်းခါလိုက်သည်။

ဟုတ်တယ်၊ သူ လုံးဝ ပြီးသွားပြီ။

ကုဟွိုင်အန်းလိုလူတောင် အချစ်နွံထဲမှာ ကျရှုံးသွားနိုင်တယ်ဆိုတာကို သိလိုက်ရတော့ လက်ထောက်ကန်းဟာ ပြဇာတ်ကောင်းကို စောင့်မျှော်နေသကဲ့သို့ ပြုံးလိုက်မိသည်။

မစ္စတာကု၊ ခင်ဗျားတောင် ဒီလို နေ့မျိုး ကြုံရတာပဲ။

သူတို့ရဲ့ ဆက်ဆံရေး ကောင်းမွန်ပေမဲ့ လက်ထောက်ကန်းက သူ့ကို ဒီလို အခက်အခဲနဲ့ ကြုံတွေ့ရတာကို မြင်တွေ့ဖို့ မျှော်လင့်နေသည်။ သူ မစောင့်နိုင်တော့ပေ။

ရှန်းတန်နှင့် ထိုလူ နှစ်ဦးစလုံးသည် မိဘမဲ့ဂေဟာ ဝင်ပေါက် အပြင်ဘက်တွင် ရပ်တန့်နေဆဲဖြစ်ပြီး သိလိုစိတ်ရှိသော ကြည့်ရှုသူများ စိတ်ဝင်စားမှု လျော့ပါးသွားကာ ဖြည်းဖြည်းချင်း လူစုကွဲသွားကြပြီး နှစ်ဖက်အဖွဲ့ဝင်များသာ ကျန်ရှိတော့သည်။

တာဝန်ခံသည်လည်း စိတ်မရှည်တော့ပေ။ "အစ်မလေး၊ ကျွန်တော်တို့ ဒီလောက်ကြာကြာ ရပ်နေတာ လုံလောက်ပြီလို့ ထင်ပါတယ်။ ကျွန်တော် ခင်ဗျားတို့ကို လိမ်ညာမှာ မဟုတ်ဘူး၊ ဒီစာရွက်စာတမ်းကို လက်မှတ်ထိုးလိုက်ရုံနဲ့ ကိစ္စတွေက ပြေလည်သွားမှာပါ။ ဘယ်လိုလဲ။"

ရှန်းတန်သည် လက်နှစ်ဖက်ကို ခါးထောက်ရင်း ရပ်နေသည်။ "ကျွန်မလည်း ရှင်တို့ကို အကြံပြုစရာတစ်ခု ရှိတယ်။ ရှင်တို့ရဲ့ စာချုပ်နဲ့ လူတွေကို ယူပြီး ဒီနေရာကနေ မြန်မြန် ထွက်သွားပါ။ ဒါဆို ကျွန်မလည်း ဒီကိစ္စ ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ပေးလိုက်ပါ့မယ်။"

ထိုသူက နှာခေါင်းရှုံ့လိုက်သည်၊ "ကျွန်တော်တို့ ထွက်သွားရင် ခင်ဗျားတို့ကို ဒီအတိုင်း လွှတ်ထားမယ်လို့ ထင်သလား။"

"ဘာကို ဆိုလိုတာလဲ။"

"ထားလိုက်ပါတော့။ ငါ အချိုရည် လောင်းပေးပေမဲ့ မင်းက မသောက်ဘူး၊ အခုတော့ ဒဏ်ကြေးအနေနဲ့ ခင်ဗျားတို့ သောက်ရမယ်။ နောက်မှ နောင်တမရနဲ့နော်။"

အုပ်ထိန်းသူအမေသည် ကလေးကို တင်းတင်းပွေ့ဖက်ထားရင်း စိတ်ထဲမှာ အလွန် စိုးရိမ်ပူပန်နေသည်။

"တန်တန်၊ ငါတို့ ဒီတိုင်း..."

"အုပ်ထိန်းသူအမေ" ရှန်းတန်က တင်းမာစွာ ပြောလိုက်သည်။ "ကျွန်မ အုပ်ထိန်းသူအမေကို ဘာမှ မဖြစ်စေရဘူး။"

အုပ်ထိန်းသူအမေ၏ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း နောက်ဆုံးတွင် သူမ ဘာမှ မပြောတော့ပေ။

သူမ ပြောချင်သည်မှာ ရှန်းတန်က သူမကြောင့် ဒီလူတွေ ဒုက္ခပေးတာကို မခံသင့်ဘူး။ သူတို့က တစ်ချက်ကြည့်လိုက်တာနဲ့ လူကောင်းတွေ မဟုတ်မှန်း သိသာထင်ရှားသည်။

တကယ်လို့ အဆင်မပြေရင် သူမ စာချုပ်မှာ လက်မှတ်ထိုးနိုင်ပါတယ်။ အိမ်တွေက အသက်မဲ့တဲ့ အရာဝတ္ထုတွေပဲ၊ အသက်ရှိတဲ့ လူတွေနဲ့ မနှိုင်းယှဉ်နိုင်ဘူး။

ရှန်းတန် သူမ၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ "အမေ၊ ကျွန်မကို ယုံပါ။"

"ကောင်းပါပြီ။"

အုပ်ထိန်းသူအမေသည် တာဝန်ခံအား လှမ်းကြည့်ပြီး အသက်ပြင်းပြင်း ရှူကာ "ဒီစာချုပ်မှာ ကျွန်မ လက်မှတ်မထိုးနိုင်ဘူး" ဟု ပြောလိုက်သည်။

"ကောင်းပြီ၊ ခင်ဗျား ဆန္ဒအတိုင်းပဲ။"

အဖွဲ့သည် လှည့်ထွက်သွားသော်လည်း ရှန်းတန်နှင့် အုပ်ထိန်းသူအမေ၏ နှလုံးသားများမှာ မတည်မငြိမ်ဘဲ ရင်တုန်နေဆဲ ဖြစ်သည်။

"တန်တန်၊ ငါတို့ အခု ဘယ်လိုလုပ်ကြမလဲ။"

"အမေ၊ ဒီမှာ ခဏစောင့်ဦး။ ကျွန်မ တစ်ယောက်ယောက်ကို အရင်ဖုန်းဆက်လိုက်ဦးမယ်။ ဪ... ဟုတ်တယ်၊ ကလေးတွေကို ဒီပစ္စည်းတွေ အရင် ဝေပေးလိုက်ပါဦး။"

"ကောင်းပြီ။"

အုပ်ထိန်းသူအမေ ကားတံခါးဖွင့်လိုက်သောအခါ ရှန်းတန်သည် တကယ်ပင် ပစ္စည်းများစွာ ယူလာသည်ကို သတိပြုမိလိုက်သည်။

သူမ အလွန်အကျွံ သုံးဖြုန်းနေတာပဲ။

အုပ်ထိန်းသူအမေသည် ရှန်းတန်ကို နောင်တွင် ဒီလို ဆက်မလုပ်သင့်ကြောင်း ပြောမလို့ပင် ရှိသေး၊ သူမ လှည့်ကြည့်လိုက်သောအခါ သူမ၏ မွေးစားသမီး ဖုန်းပြောနေသည်ကို တွေ့လိုက်ရရာ ရုတ်တရက် ထူးဆန်းသော စိတ်ခံစားမှုတစ်ခု ခံစားလိုက်ရသည်။

ဒီမိန်းကလေးကို သူမ မွေးမြူခဲ့သူ ဖြစ်သော်လည်း သူမသည် ရုတ်တရက် ရှန်းတန်သည် သူစိမ်းတစ်ယောက်လိုပဲဟု ထူးဆန်းစွာ ခံစားလိုက်ရသည်။

ထို့နောက် သူမ ကိုယ့်ကိုယ်ကိုယ် သရော်ပြုံး ပြုံးလိုက်သည်၊ သူမ တကယ်ပင် ပင်ပန်းလွန်း၍ ရူးမိုက်နေပြီဖြစ်မည်။

အုပ်ထိန်းသူအမေ ကလေးများကို အပြင်ခေါ်ထုတ်၍ လက်ဆောင်များ စီတန်းယူရန် အတွင်းသို့ ဝင်သွားသည်။

မိဘမဲ့ဂေဟာမှ ကလေးများအတွက် ဤသည်မှာ သူတို့ အမျှော်လင့်ဆုံး အချိန်ပင် ဖြစ်သည်။

ရှန်းတန် ဖုန်းချပြီး လှည့်ကြည့်လိုက်သောအခါ ကိုယ်လက်မသန်စွမ်းသော ကလေးများစွာ ပျော်ရွှင်စွာ လက်ဆောင်များကို ပွေ့ဖက်ထားကာ ကျယ်ပြန့်စွာ ပြုံးရယ်နေကြသည်ကို တွေ့လိုက်ရသည်။

သူမတွင် အတွေးတစ်ခုသာ ရှိသည်… မည်သို့ပင်ဖြစ်စေ ဤအပြုံးများကို ကာကွယ်ရန်။

ရှန်းတန် ပြန်လျှောက်လာသောအခါ ကလေးများက သူမကို ဝမ်းသာအားရ ဝိုင်းရံလာကြသည်။

"အစ်မ တန်တန်။"

"အစ်မ တန်တန်ရေ။"

သူမ၏ နားထဲတွင် ကြည်လင်ပြတ်သားသော အသံများက သာယာနာပျော်ဖွယ်ကောင်းပေသည်။

ရှန်းတန်သည် သူမ၏ ယခင်ဘဝကလည်း မိဘမဲ့ဂေဟာမှ ကလေးတစ်ဦး ဖြစ်ခဲ့သည်။ အခု ဒီကိုပြန်ရောက်လာတော့ အိမ်ပြန်ရောက်သလို ခံစားရသည်။

"မင်းတို့ ကလေးတွေ မကြာသေးခင်က အုပ်ထိန်းသူအမေကို နာခံပြီး စကားနားထောင်ကြရဲ့လား။"

"ဟုတ်ကဲ့။"

"ကျွန်တော်တို့ အရမ်း နာခံပါတယ်။"

ရှန်းတန် သူတို့နှင့် ဆော့ကစားရင်း အချိန်ကုန်သွားသည်ကို တဖြည်းဖြည်း မေ့သွားသည်။

သူမ ဒီည အိမ်ပြန်ဖို့ စီစဉ်ထားခြင်း မရှိပေ။ ထိုလူများ နောက်ပိုင်းတွင် ဒုက္ခလာရှာမည်ကို သူမ စိုးရိမ်သည်။

ညနေစောင်းသို့ ချဉ်းကပ်လာသောအခါ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်စု မိဘမဲ့ဂေဟာတံခါးဝတွင် ပေါ်လာသည်။

အုပ်ထိန်းသူအမေ အကြီးအကျယ် တုန်လှုပ်သွားသည်။ ဘာလို့ သူတို့ ဒီလောက် မြန်မြန် ပြန်လာရတာလဲ။

ရှန်းတန်လည်း အံ့အားသင့်သွားသည်။ "ဘာလို့ လူတွေ ဒီလောက် များနေရတာလဲ။"

ရှောင်ယွီ ခေါင်းစောင်းလိုက်သည်၊ "လူများများ ပိုခေါ်လာခဲ့ဖို့ ကျွန်မကို မပြောခဲ့ဘူးလား။"

ရှန်းတန်က 'ပို' ဆိုတာ လူဆယ်ယောက်လောက်လို့ ထင်ခဲ့တာ။ သူမက ဒါဇင်ပေါင်း များစွာသော ကြံ့ခိုင်ပြီး မျက်နှာအမူအရာကင်းမဲ့သော အမျိုးသားများ ဖြစ်လိမ့်မည်ကို မမျှော်လင့်ထားခဲ့ပေ။

သူတို့ ရပ်နေရုံနဲ့တင် အရှိန်အဝါ တစ်မျိုး ပေးနေသည်။

"ဒီည ရှင်တို့တွေ လာရောက်ကူညီပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။"

"ကိစ္စမရှိပါဘူး။"

ည မှောင်လာသည်နှင့်အမျှ ကလေးများသည် စိတ်ကျေနပ်စွာ ဆော့ကစားပြီးနောက် နောက်ဆုံးတွင် ပင်ပန်းနွမ်းနယ်ကာ အိပ်ပျော်သွားကြသည်။

ရှန်းတန်တို့အဖွဲ့သည် အောက်ထပ်ခန်းမတွင် မီးမဖွင့်ဘဲ တိတ်ဆိတ်စွာ ထိုင်လျက် တစ်စုံတစ်ရာကို တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။

သန်းခေါင်ယံတွင် အပြင်မှ သဲ့သဲ့လေး လှုပ်ရှားသံများ ကြားလိုက်ရသည်။

သူတို့ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်… လာပြီ။

All Chapters