အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
အခန်း ( ၇၃ ) – သူမသည် ထိုမျှ မြင့်မြတ်သူ မဟုတ်ပေ။
ရှန်းတန်သည် သူမ အခန်းသို့ ပြန်ရောက်လာသောအခါ သူမ၏ စိတ်ထဲတွင် ခုနက မြင်ကွင်းများသာ ပြည့်နှက်နေသည်။
အားးးး...။
သူ ခုနက သူမကို နမ်းဖို့ ကြိုးစားခဲ့တာလား။
တကယ်တော့ သူမ အခုတုန်းက မျှော်လင့်နေခဲ့မိပေမယ့် နောက်ပိုင်းမှာ ဝင်ရောက်နှောင့်ယှက်တာကို ခံခဲ့ရသည်။ သူမ နောင်တရသင့်သလား ဒါမှမဟုတ် ဘယ်လို ခံစားရမှန်းကို မသိတော့ဘူး။
ရှန်းတန်သည် သူမကိုယ်သူမ ဒီအကြောင်းတွေ မတွေးအောင် အတင်းထိန်းချုပ်လိုက်သည်။
မိဘမဲ့ဂေဟာအကြောင်း တွေးနေသင့်သည်။ ကုဟွိုင်အန်း၏ အကူအညီဖြင့် အရာရာ အဆင်ပြေသွားမှာပါ။
အုပ်ထိန်းသူအမေ ကြောက်နေမလားဟု သူမ တွေးမိသည်။
သူမ အုပ်ထိန်းသူအမေကို ဖုန်းခေါ်လိုက်ရာ ချက်ချင်း ဖုန်းကိုင်သည်။
"တန်တန်၊ ဘာဖြစ်လို့လဲ။"
"အဆင်ပြေရဲ့လား" ရှန်းတန် မေးလိုက်သည်။
"ပြေတယ်၊ ပြေတယ်။ တန်တန်၊ အဲဒီလူက နင့်ရည်းစားလား။ သူက ပစ္စည်းတွေ အများကြီး ပို့ပေးတယ်၊ ပြီးတော့ ဟောင်းနွမ်းနေတဲ့ နေရာတွေကို ပြင်ခိုင်းတယ်။ သူ့ကြောင့်ပဲ ဂေဟာဝယ်ယူမှုကိစ္စလည်း ဖြေရှင်းပြီးသွားပြီ။ သူက တကယ့်ကို လူကောင်းတစ်ယောက်ပဲ။ တန်တန်၊ နင် သူ့ကို ကောင်းကောင်း ဆက်ဆံရမယ်နော်။"
"ဟင်၊ ဖြေရှင်းပြီးပြီလား" ရှန်းတန် အံ့အားသင့်သွားသည်။ ကုဟွိုင်အန်းက ခုနကမှ…
သူ တမင် လုပ်ခဲ့တာပဲ။
အုပ်ထိန်းသူအမေ၏ အသံက ပြုံးရယ်သံများဖြင့် ပြည့်နှက်နေသည်။ "ဟုတ်တယ်၊ ဟုတ်တယ်။ တောင်းပန်သင့်တဲ့သူတွေက တောင်းပန်တယ်၊ အပြစ်ပေးခံရသင့်တဲ့သူတွေက အပြစ်ပေးခံရတယ်။ တကယ်တော့ သူတို့က ဒီနေရာကို ဖြိုဖျက်တော့မယ်ကြားလို့ အပိုင်စီးချင်တာတဲ့။ နင့်ရည်းစားက ဖြိုဖျက်မဲ့ အစီအစဉ်တွေတော့ ရှိပေမဲ့ အချိန်ကြာဦးမယ်လို့ ပြောတယ်။"
ရှန်းတန် နားလည်သွားသည်။ မိဘမဲ့ဂေဟာက တကယ်ပဲ မြေကွက်ကြီးတစ်ခုကို ပိုင်ဆိုင်ထားတာပဲ။ ပိုက်ဆံက လူတွေရဲ့ စိတ်ကို လှုပ်ရှားစေတာပဲ။
"ကလေးတွေ ဘယ်လိုနေလဲ။"
"သူတို့ အဆင်ပြေပါတယ်။ နင် နင့်ကိုယ်နင် ဂရုစိုက်နေဦး၊ ငါတို့ကို စိတ်ပူစရာ မလိုဘူး။ နောက်ကျ နင် လာလည်ရင် ပစ္စည်းတွေ သိပ်အများကြီး မယူလာနဲ့... ပိုက်ဆံတွေ အများကြီး မသုံးလာနဲ့နော်..."
နှစ်ယောက်သား ခဏတာမျှ စကားပြောပြီးနောက် ဖုန်းချလိုက်ကြသည်။
ရှန်းတန်က သူမ၏ ရင်ဘတ်ကို ဖိထားသည်။ ဘာလို့မှန်း မသိ၊ အုပ်ထိန်းသူအမေနဲ့ စကားပြောရတာ ရင်းနှီးမှု တစ်ခု ခံစားရသည်။
"ဘာတွေဖြစ်နေတာလဲ..."
သူမ နားမလည်နိုင်ပေ။
ခဏတာ နားပြီးနောက် ရှန်းတန် အလုပ်ပြန်လုပ်ဖို့ အချိန်ရောက်ပြီ။
ဖေးခယ့်စုန့် သူမကို ဖုန်းခေါ်သောအခါ ရှန်းတန်သည် သူမ ဘယ်သူလဲဆိုတာ မေ့လုနီးပါး ဖြစ်နေခဲ့သည်။
ဟုတ်ပါတယ်၊ ဒါက မဖြစ်နိုင်ဘူး။
ဒါပေမဲ့ အားလပ်ရက်တွေက တကယ် ပျော်စရာကောင်းပြီး ခွဲခွာရခက်လှသည်။
ကုမ္ပဏီသို့ ရောက်သောအခါ ဖေးခယ့်စုန့် မျက်မှောင်ကြုတ်လျက် ရှန်းတန်ကို နှစ်ကြိမ် ပတ်ကြည့်သည်။ “နင် ဝလာတာလား။"
ရှန်းတန်က အပြစ်ရှိသလို ခံစားနေရသည်၊ "မဝပါဘူး၊ ငါ ရေပိုသောက်မိလို့ နည်းနည်း ဖောင်းနေတာပါ။"
"ဟုတ်လား၊ ဒါဆို ကိုယ်အလေးချိန် တိုင်းကြည့်ရအောင်။"
ရှန်းတန်သည် သူမ ကိုယ်အလေးချိန် တိုင်းရမယ်လို့ မထင်ထားခဲ့ဘူး။ သူမ အတွင်းခံအထိ ချွတ်ပြီး ပေါင်ချိန်စက်ပေါ် တက်လိုက်သည်။
ကိန်းဂဏန်းကို တစ်ချက်ကြည့်လိုက်တာနဲ့ သူမ ဒုက္ခရောက်ပြီဆိုတာ သိလိုက်ရသည်။
သေချာပါတယ်။
ဖေးခယ့်စုန့် သူမကို သေချာကြည့်သည်။ "ကောင်းတယ်၊ နင် ကိုယ်အလေးချိန် ဆယ်ပေါင်တောင် တက်လာပြီ။ နင်က နင့်ကိုယ်နင် နာမည်ကြီး မင်းသမီးဆိုတာကိုရော မှတ်မိသေးရဲ့လား။ နင် ကိုယ်ခန္ဓာထိန်းသိမ်းမှု အခြေခံတွေကိုတောင် မေ့နေပြီပဲ။"
ရှန်းတန်က ညည်းညူလိုက်သည်၊ "ငါ ဆေးရုံကဆင်းလာတာ မကြာသေးဘူး..."
ဖေးခယ့်စုန့် သူမ၏ လက်ညှိုးကို ဘယ်ညာ ခါယမ်းပြသည်၊ "နင့်အကြောင်းပြချက်တွေက အလုပ်မဖြစ်ဘူး။ နင် ကိုယ်အလေးချိန် ချပါ။ ငါ နင့်ကို နောက်မှ ကိုယ်အလေးချိန် လျှော့ချရေး အစီအစဉ် ပို့ပေးမယ်၊ နင် အဲ့အတိုင်း တင်းတင်းကျပ်ကျပ် လိုက်နာရမယ်။"
ရှန်းတန်က စိတ်ဓာတ်ကျစွာ ခေါင်းငုံ့လိုက်သည်။ "ကောင်းပါပြီ... ဒါနဲ့၊ နင်ပြောတဲ့ အလုပ်က ဘာလဲ။"
"နာမည်ကြီး IP ထုတ်လုပ်မှုတစ်ခုမှာ တတိယအဆင့် အမျိုးသမီးဇာတ်ပို့နေရာ ရထားတယ်။ ဖန်သားပြင်ပေါ်မှာ မြင်ရတဲ့ အချိန် သိပ်မများပေမဲ့ ဇာတ်ကောင် ပုံစံက အကောင်းဆုံးပဲ။ နင် ကြည့်ကြည့်လိုက်။"
ရှန်းတန်က ဇာတ်ညွှန်းကို ဖတ်ကြည့်လိုက်သည်။ တတိယအဆင့် အမျိုးသမီးဇာတ်ပို့သည် ထင်ရှားကျော်ကြားသော စစ်ဘက်ဆိုင်ရာမိသားစုမှ ဆင်းသက်လာပြီး ကိုယ်ခံပညာတွင် ထူးချွန်သူ ဖြစ်သည်။ သူမကို သူမ၏ မိသားစုက အလွန် ချစ်ခင်မြတ်နိုးကြသည်။
သူမ၏ ဖခင်နှင့် အစ်ကိုများ တစ်နေ့တွင် တိုက်ပွဲ၌ ကျဆုံးခဲ့သည်။ သူမ၏ မိခင်သည်လည်း စိတ်ဓာတ်ကျ၍ ကွယ်လွန်သွားရာ သူမ တစ်ယောက်တည်း မိဘမဲ့ ကလေးမလေးအဖြစ် ကျန်ရစ်ခဲ့သည်။
သူမ၏ စေ့စပ်ထားသူက သူမ၏ မိန်းကလေးမဆန်သော အပြုအမူကို မနှစ်သက်သဖြင့် စေ့စပ်မှုကို ဖျက်သိမ်းကာ အခြားတစ်ယောက်နှင့် လက်ထပ်လိုက်ရာ သူမသည် မြို့တော်၏ ပြက်ရယ်ပြုစရာလူတစ်ဦး ဖြစ်ခဲ့ရသည်။
နောက်ပိုင်းတွင် ရန်သူတပ်များ ကျူးကျော်လာသောအခါ သူမတို့တိုင်းပြည်၏ စစ်သူကြီးများစွာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ကြသည်။
သူမသည် မိတ်ကပ်များ ဖျက်ကာ သံချပ်ကာ ဝတ်ဆင်ပြီး တိုက်ပွဲဝင်ရန် ဆန္ဒပြုခဲ့သည်။ မည်သူမျှ သူမကို အကောင်းမြင်ခြင်း မရှိသော်လည်း အခြား ရွေးချယ်စရာ မရှိသဖြင့် စစ်မြေပြင်သို့ သွားရောက်ခွင့်ပြုခဲ့သည်။
မမျှော်လင့်ဘဲ သူမသည် ရဲရင့်စွာ တိုက်ခိုက်ပြီး ရန်သူများကို လုံးဝ ချေမှုန်းနိုင်ခဲ့ရာ လူတိုင်း၏ ချီးကျူးမှုကို ရရှိခဲ့သည်။
သို့သော် သစ်ပင်မြင့်လေလေ လေတိုက်ခံရလေလေပင်။ သူမ အောင်ပွဲခံ၍ ပြန်လာစဉ် ချုံခိုတိုက်ခိုက်ခံရပြီး ချောက်ထဲသို့ ကျသွားခဲ့သည်။
ထိုဇာတ်ကောင်၏ သေခြင်း သို့မဟုတ် ရှင်ခြင်းကို မဖော်ထုတ်ထားသော အဆုံးသတ်မသေချာတဲ့ ဇာတ်သိမ်းမျိုး ဖြစ်သည်။
သူမက အမျိုးသမီးဇာတ်ဆောင် မဟုတ်သဖြင့် သူမအကြောင်း အသေးစိတ် မှတ်တမ်းများ မရှိခဲ့ပေ။
ထိုဇာတ်ညွှန်းကို ဖတ်ပြီးနောက် ရှန်းတန်သည် ထိုဇာတ်ကောင်ကို ချက်ချင်းလက်ငင်း သဘောကျမိသွားသည်။ အမျိုးသမီးများသည် အမျိုးသားကြီးစိုးသော လူ့အဖွဲ့အစည်းများတွင် အောင်မြင်မှုရရှိရန် ကြိုးစားခြင်းသည် ခက်ခဲလှသည်။
"ဒီဇာတ်ကောင်ကို ကျွန်မ ယူမယ်။"
ဖေးခယ့်စုန့်က မျက်လုံးလှန်ကြည့်သည်၊ “နင်က အဲ့ဇာတ်ရုပ်ကို လိုချင်တယ်လို့ ပြောရုံနဲ့ ရမှာ မဟုတ်ဘူး။ နင် ကိုယ်အလေးချိန်ကို မြန်မြန်လျှော့။ နောက်အပတ် သွားပြီး လူတွေ့စစ်ဆေးပွဲ ဝင်ဖြေချေ။"
ဟုတ်ပါတယ်၊ အမျိုးသမီးစစ်သူကြီးတစ်ယောက်က ကိုယ်လုံးကိုယ်ပေါက် ပြေပြစ်ရမယ်၊ သူမလို အဆီအသားတွေနဲ့ နူးညံ့နေလို့ မဖြစ်ဘူး။
"မပူပါနဲ့၊ ငါ သေချာပေါက် ကိုယ်အလေးချိန် လျှော့ချပါ့မယ်။"
ညရောက်လာသောအခါ ရှန်းတန်သည် အနည်းငယ် နောင်တရလာသည်။ ဒီဇာတ်ရုပ်ကို ရဖို့ မဖြစ်မနေ လိုအပ်တာလား။
သူမ ပင်ပန်းနွမ်းနယ်ပြီး ဗိုက်ဆာနေသည်။ ဖေးခယ့်စုန့်က ယွမ်ယွမ်ကိုပါ သူမကို စောင့်ကြည့်ခိုင်းထားသဖြင့် သူမ အနည်းငယ်မျှပင် ပျင်းရိ၍ မရနိုင်တော့ပေ။
ဝါး... ငါ ကတိပေးမိတာ အရမ်းစောသွားပြီ။
ယွမ်ယွမ် ဘေးကနေ ပျော်ရွှင်စွာ အားပေးသည်၊ "အစ်မ တန်တန်၊ ကြိုးစားထား၊ နောက်ထပ် နည်းနည်းလေးပဲ။"
ရှန်းတန် စကားပြောဖို့တောင် အားမရှိတော့။ "ဘယ်လောက်... ဘယ်လောက်ကြာဦးမလဲ... နောက်ထပ် နည်းနည်းလေးပဲလား။"
ယွမ်ယွမ်က ပြုံးလိုက်သည်။ "သိပ်မကြာတော့ပါဘူး၊ နောက်ထပ် မိနစ် ၃၀ ပဲ၊ ဖိုက်တင်း။"
ကောင်းပြီ၊ မိနစ် ၃၀ ပဲ။ သူမ ကတိပေးပြီးသားမို့လို့ တစ်ဝက်တစ်ပျက်နဲ့ ရပ်လို့ မဖြစ်ဘူး။
ဒီအပြင်၊ အားလုံးက သူမကို ကောင်းစေချင်တာပဲ။
ရှန်းတန်သည် မျက်ရည်များကို ထိန်းချုပ်ကာ လေ့ကျင့်ခန်း ဆက်လုပ်သည်။ အချိန် ဘယ်လောက်ကြာသွားမှန်း သူမ မသိလိုက်၊ ယွမ်ယွမ်က "ပြီးပြီ" ဟု ပြောသည်အထိပင်။ ရှန်းတန်သည် သေလုမြောပါးဖြစ်နေသည့်အသွင်ဖြင့် ကြမ်းပေါ် ပက်လက် ချက်ချင်းလှဲချလိုက်သည်။
"အစ်မ တန်တန်၊ အဆင်ပြေရဲ့လား" ယွမ်ယွမ်က စိုးရိမ်တကြီး မေးသည်။
"အသက်...အသက်ရှူနေတုန်းပဲ..." ရှန်းတန်က မောဟိုက်နေပြီး အသက်ကို ပြင်းစွာ ရှုရှိုက်နေရသည်။
ပိန်သွယ်မှုကိုပဲ လိုလားတယ်ဆိုရင် အစားအသောက် ထိန်းချုပ်ရုံနဲ့ ရတယ်။ ဒါပေမဲ့ ကိုယ်ခန္ဓာပုံစံ လှချင်ရင်တော့ လေ့ကျင့်ခန်းပါ လုပ်ရပေမည်။
ဟုတ်ပါတယ်၊ သူမက အရေးပေါ် လူတွေ့စစ်ဆေးရမှာဖြစ်တာကြောင့် အစားအသောက်တွေကို အတင်းအကျပ် လျှော့ချနေရတာပဲဖြစ်သည်။ သူမမှာ ကျွမ်းကျင်တဲ့ အာဟာရပညာရှင်တွေက အစားအစာနဲ့ ဖြည့်စွက်စာတွေကို စီစဉ်ပေးတာဖြစ်သည်။ ဒါကို အိမ်မှာ စမ်းသပ်ပြီး မလုပ်ကြည့်ဖို့ ပြောချင်ပါတယ်။
မျက်စိတစ်မှိတ်အတွင်း ရက်အနည်းငယ် ကုန်ဆုံးသွားသည်။ ရှန်းတန်သည် အစက ပင်ပန်းနွမ်းနယ်နေသော ခွေးသေကောင်တစ်ကောင်ကဲ့သို့ ဖြစ်ခဲ့ရာမှ နောက်ဆုံးတွင် နာကျင်မှုကို နှစ်သက်သူတစ်ဦး ဖြစ်လာသည်။ သူမ၏ ခန္ဓာကိုယ်ပုံစံသည် အရင်ကထက် အများကြီး ပိုကောင်းလာသည်။
တကယ်ပဲ၊ ကျွမ်းကျင်သူ၏ လမ်းညွှန်မှုက သိသာထင်ရှားသော ရလဒ်များကို ဆောင်ယူလာခဲ့သည်။
ဝမ်းဗိုက်ကြွက်သားမြောင်း သဲ့သဲ့လေး မြင်လာရသည်။ နောက်ရက်အနည်းငယ်လောက်ဆို abs ပေါ်ပြီ။
ထိုနေ့တွင် ရှန်းတန်သည် ယွမ်ယွမ်ကို ခေါ်၍ လူတွေ့စစ်ဆေးပွဲ သွားသည်။ သူမ ကားပေါ်မှ ဆင်းပြီးသည်နှင့် ပြင်းထန်သော အရှိန်အဝါအပြည့်ဖြင့် ချီယွဲ့ကို တွေ့လိုက်ရသည်။
ရှန်းတန် အံ့အားသင့်သွားသည်။ "နင်လည်း လူတွေ့စစ်ဆေးပွဲ လာတာလား။ နင် ဖျော်ဖြေရေးနယ်ပယ်ကနေ အနားယူပြီ မဟုတ်လား။"
ချီယွဲ့က သူမ၏ နေကာမျက်မှန်ကို ချွတ်လိုက်ပြီး ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်၊ "ဟုတ်တယ်၊ ဒါပေမဲ့ လုံးဝ မဟုတ်ဘူး။ ဒီနေ့တော့ တခြားကိစ္စကြောင့်နဲ့ လာတာ။"
"ဟင်၊ ဘာကြောင့်များပါလိမ့်။ နင်က အင်တာဗျူးလုပ်မဲ့သူလို့တော့ မပြောနဲ့နော်။"
"မှန်တယ်။"
ရှန်းတန်က နောက်ပြောင်လိုက်တာ ဖြစ်ပေမဲ့ မှန်ကန်စွာ မှန်းဆမိသွားသည်။ သူမ တုန်လှုပ်သွားသည်၊ "အိုး... ကောင်မလေး၊ နင် သူတို့ကို မနိုင်တာနဲ့ သူတို့နဲ့ ပူးပေါင်းလိုက်တယ်ပေါ့လေ။ အခုတော့ ရင်းနှီးမြှုပ်နှံသူ ဖြစ်သွားပြီပေါ့။"
ချီယွဲ့က မျက်တောင် တဖျတ်ဖျတ် ခတ်ရင်း ဆွဲဆောင်မှုရှိစွာ ပြောသည်၊ "မှန်တယ်။ နင် ငါ့ကို နောက်ကွယ်ကနေ ကူညီပေးစေချင်လား။"
ရှန်းတန် အနည်းငယ် စိတ်ဝင်စားသွားသည်။
သူမ မဖြေခင်မှာပင် ချီယွဲ့က ကိုယ့်ဘာသာ ဆက်ပြောသည်၊ "ထားလိုက်ပါတော့၊ နင် မလိုချင်ဘူးဆိုတာ ငါသိတယ်။ ဒါက နင်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို စော်ကားရာ ရောက်တယ်။"
ရှန်းတန် : "???"
"မဟုတ်သေးဘူး၊ ငါ မလိုချင်ဘူးလို့ မပြောရသေးဘူးလေ…"
"နင် ပြောစရာ မလိုဘူး၊ ငါ နားလည်တယ်။ ငါ အားလုံးကို တရားမျှတအောင် လုပ်ပေးမယ်လို့ စိတ်ချလိုက်။" ချီယွဲ့က ပြောပြီး လှပစွာ ထွက်ခွာသွားရာ ရှန်းတန်သည် ထိုနေရာ၌ပင် ကြောင်အစွာ ကျန်နေရစ်သည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ လိုချင်တယ်၊ ငါ လိုချင်တယ်လို့။"
ဘယ်သူက နောက်ကွယ်က အခွင့်အရေးတွေကို ငြင်းပယ်မှာလဲ။
ကိုယ်ရည်ကိုယ်သွေးကို စော်ကားတာတဲ့၊ ဟန်ဆောင်တာပါပဲ။ သူမသည် ထိုမျှ မြင့်မြတ်သူ မဟုတ်ပေ။
ယွမ်ယွမ်က သူမ၏ ပါးစပ်ကို ဖုံးအုပ်ကာ ဘေးကနေ တခစ်ခစ် ရယ်နေသည်။ ရှန်းတန် လှည့်ကြည့်လိုက်သောအခါ သူမ ချက်ချင်း ပါးစပ်ပိတ်သွားသည်။ "အမ်၊ အစ်မ တန်တန်၊ မပူပါနဲ့။ အစ်မ သေချာပေါက် ရွေးချယ်ခံရမှာပါ။"
ရှန်းတန် နှုတ်ခမ်းဆူလိုက်သည်၊ "နင်ပြောသလိုဖြစ်ပါစေလို့ မျှော်လင့်ပါတယ်..."
သူမ ထိုသို့ ပြောသော်လည်း ချီယွဲ့သည် အင်တာဗျူးလုပ်မည့်သူများထဲမှ တစ်ဦးဖြစ်သည်ကို သိလိုက်ရသောအခါ သူမ၏ ယုံကြည်မှု အတော်လေး တိုးတက်လာသည်။
အထူးအခွင့်အရေး မပေးရင်တောင် သူမအပေါ် မတရားမှု ဖြစ်လာမှာ မဟုတ်ဘူး။
ချီယွဲ့က အင်တာဗျူးလုပ်မည့်သူ ဖြစ်လာလိမ့်မည်ဟု သူမ တကယ် မမျှော်လင့်ထားခဲ့ပေ။ ချီမိသားစုက ဒီထုတ်လုပ်ရေးတွင် အလွန်အမင်း ရင်းနှီးမြှုပ်နှံထား၍ ဒီလောက် သြဇာလွှမ်းမိုးမှုရှိပုံရသည်။
ဒါဆို သူမ အမျိုးသမီးဇာတ်ဆောင်နဲ့ တွေ့နိုင်မလား…
တစ်ခါတစ်ရံ တစ်စုံတစ်ရာကို အလွန်အကျွံ တွေးမိသောအခါ ထိုအရာမှာ ဖြစ်လာတတ်သည်။ သူမ အထဲသို့ ဝင်ပြီး မကြာခင် ရှန်းတန်သည် ရင်းနှီးသော မျက်နှာတစ်ခု ပြုံးလျက် လျှောက်လာသည်ကို တွေ့လိုက်ရသည်။
"အစ်မ တန်တန်၊ တိုက်ဆိုင်လိုက်တာနော်~"
"မြန်မြန်၊ နင်လည်း လူတွေ့စစ်ဆေးပွဲ လာတာလား။"
အမျိုးသမီးဇာတ်ဆောင် လင်းမြန်မြန်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။ ဘယ်သူမှ ဂရုမစိုက်သည်ကို မြင်သောအခါ သူမ တိုးတိုးလေး ပြောလိုက်သည်၊ "မဟုတ်ဘူး၊ ကျွန်မကို အတွင်းလူက အတည်ပြုပြီးသား။ ဒါက ကုမ္ပဏီက ကျွန်မအတွက် ရင်းနှီးမြှုပ်နှံထားတဲ့ ပြပွဲတစ်ခုလေ။"
ရှန်းတန်က သိပ်အံ့ဩမနေပါဘူး။
သို့သော် ချီကြွယ်က အလွန်လျင်မြန်သည်။ သူက ကုမ္ပဏီကို စတင်တည်ထောင်ပြီးတာနဲ့ သူ့ရည်းစားအတွက် အရင်းအမြစ်တွေ ရှာဖွေပေးပြီးနေပြီ။
ရှန်းတန်သည် မျက်လုံးထောင့်များမှ မနာလိုမှု မျက်ရည်များ ကျလုနီးပါး ဖြစ်သွားသည်။
ဘယ်လိုတောင် တရားမမျှတလိုက်တဲ့ ကောင်းကင်ဘုံလဲ။
သူမ ဒီကို ကူးပြောင်းလာမှတော့ ဘာဖြစ်လို့ အမျိုးသမီးဇာတ်ဆောင်ရဲ့ ကိုယ်ထဲကို မရောက်ရတာလဲ။
အခန်း ( ၇၄ ) – ဖရဲသီးစားရခြင်း
"ဒါနဲ့ အစ်မတန်တန်၊ ကျွန်မတို့ ကုမ္ပဏီကို လာချင်လား။ ညီမ မှတ်မိတာ အစ်မရဲ့ အရင်ကုမ္ပဏီက တော်တော်လေး..."
သူမ၏ အရင်အေးဂျင့် အစ်ကိုဝမ်နဲ့ ပတ်သက်တဲ့ ကိစ္စက လုပ်ငန်းခွင်အတွင်းရော အပြင်မှာပါ ဂယက်ရိုက်ခဲ့ပါတယ်။ လင်းမြန်မြန်လည်း ဒီအကြောင်းကို သဘာဝအတိုင်း ကြားသိခဲ့ပါတယ်။
အမျိုးသမီးဇာတ်ဆောင်ကမ်းလှမ်းတဲ့ အခွင့်အရေးကို ရှန်းတန် တော်တော်လေး ယူချင်ပေမဲ့ အမျိုးသမီးဇာတ်ဆောင်နဲ့ အရမ်း နီးကပ်စွာ ပတ်သက်တာကလည်း ကောင်းတဲ့ ကိစ္စ မဟုတ်ပြန်ဘူး။
ရှန်းတန်က နာကျင်စွာ ငြင်းပယ်လိုက်သည်၊ "ထားလိုက်ပါတော့၊ အစ်မ အခု အဆင်ပြေပါတယ်။ အစ်မရဲ့ အေးဂျင့်အသစ်က အစ်မအပေါ် အရမ်းကောင်းတယ်။ ဒီတစ်ခါ လူတွေ့စစ်ဆေးပွဲ လာနိုင်တာလည်း သူ့ကြောင့်ပါ။"
လင်းမြန်မြန်၏ မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းနေသည်။
"ဒါဆိုလည်း ကောင်းပါပြီ... နောင်မှာ စိတ်ပြောင်းသွားရင် ညီမကို ဘယ်အချိန်မဆို ဆက်သွယ်လို့ ရတယ်။"
"ဟုတ်ကဲ့။"
လင်းမြန်မြန် ထွက်သွားပြီးနောက် ရှန်းတန်သည် နားရန် ထောင့်တစ်နေရာကို ရှာပြီး သူမ၏ စိတ်ခံစားချက်များကို ရှင်းလင်းလိုက်သည်၊ နောက်ပိုင်း လူတွေ့စစ်ဆေးပွဲ ဝင်ရမည့် အချိန်တွင် မထိခိုက်စေရန် ဖြစ်သည်။
တခြားသူတွေ အနှောင့်အယှက်ပေးမှာကို ကြောက်ရွံ့သဖြင့် သူမ မျက်နှာကို မဂ္ဂဇင်းဖြင့် အထူးတလည် အုပ်ထားလိုက်သည်။
ဒီလိုနေရာမျိုးတွေမှာ မတော်တဆမှုတွေ ပိုများတာကြောင့် ထင်ပါရဲ့၊ မကြာခင်မှာပဲ ရှန်းတန်နဲ့ မနီးမဝေးကနေ ဆူညံသံတွေ ထွက်ပေါ်လာသည်။
"ဟေး...၊ ဒါက ဘယ်သူလဲ။ လူတွေ့စစ်ဆေးပွဲကို ဘယ်လိုလာတာလဲ၊ ဒါမှမဟုတ်... တစ်ယောက်ယောက်ရဲ့ အိပ်ယာပေါ် တက်ပြီး ရောက်လာတာလား" အမျိုးသမီးတစ်ဦးရဲ့ လှောင်ပြောင်သံ ထွက်ပေါ်လာသည်။
"နင် ဘာပြောလိုက်တာလဲ။"
"ဟမ့်၊ နင် တစ်ယောက်ယောက်ရဲ့ အိပ်ယာပေါ် တက်တက် မတက်တက်၊ နင့်စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိနေတာပဲ၊ ဒါတောင် တခြားသူတွေ ပြောတာကို ကြောက်နေသေးလား။"
“ကျွန်မက ဘယ်သူနဲ့ အိပ်နေလို့လဲ။ ကျွန်မက ချိန်းတွေ့နေတာ။ နင် ဘာဖြစ်လို့ စကားကို ဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်း ပြောရတာလဲ။”
“ချိန်းတွေ့တာလား။ နင် တခြားသူရဲ့ ရည်စားနဲ့ တွဲနေတာလား။ အိုး... နင်က တကယ့်ကို ဇီဇာမကြောင်ဘူးပဲ။”
"တခြားသူရဲ့ ရည်းစားလား။"
"နင် မသိခဲ့ဘူးလို့ ပြောမလို့တော့ မဟုတ်နိုင်ဘူးနော်။"
"ကျွန်မ... ကျွန်မ တကယ် မသိခဲ့ဘူး။ သူက သူ့ရည်းစားဟောင်း ဆုံးသွားပြီ၊ အခုထိ တစ်ကိုယ်တည်းပဲလို့ ပြောခဲ့တာ..."
ထိုမိန်းကလေး ခဏတာ တိတ်ဆိတ်သွားပြီး အံကြိတ်ကာ ပြောလိုက်သည်။- "ငါ အသက်ရှင်လျက်နဲ့ ကောင်းကောင်းမွန်မွန် ရှိနေသေးတယ်၊ ငါ့ကို သေပြီလို့ ကျိန်ဆဲမနေနဲ့။ ပြီးတော့ အသက် ၃၀ ကျော် တစ်ကိုယ်တည်း ယောက်ျားတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ယုံကြည်နိုင်ရတာလဲ။"
"ကျွန်မ..." တခြားမိန်းကလေးက တုံ့ဆိုင်းစွာ ပြောလိုက်ရာ ဘယ်လိုရှင်းပြရမှန်း မသိတော့ဟန်ရသည်။
ရှန်းတန်က ဒီလို အတင်းအဖျင်းတွေကို အတင်းအကျပ် နားထောင်ရတာကိုပဲ အရမ်း ရှက်ရွံ့နေပြီ။ ပိုပြီး ရှက်စရာကောင်းတာက ဒီနှစ်ယောက်က မထွက်သွားကြသေးဘူး၊ ပြီးတော့ သူမ အိမ်သာ နည်းနည်း တက်ချင်နေပြီ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမက အပြင်လူဖြစ်တာကြောင့် ဘယ်သူ မှန်လဲ၊ ဘယ်သူ မှားလဲ ဆိုတာ မသိဘူး၊ ထိုမိန်းကလေးက အပြစ်ကင်းလား၊ မကင်းလားဆိုတာလည်း မသိဘူး၊ ဒါပေမဲ့ အဲဒီယောက်ျားကတော့ သေချာပေါက် လူယုတ်မာတစ်ယောက် ဖြစ်ရမယ်။
နှစ်ယောက်သား အဲဒီမှာ ဆက်ပြီး ရင်ဆိုင်နေကြတာကို မြင်တော့ ရှန်းတန်က မထိန်းထားနိုင်တော့ဘူး။
သူမ မျက်နှာပေါ်မှ မဂ္ဂဇင်းကို ဖယ်လိုက်ပြီး စကားပင် မပြောရသေးခင်မှာပဲ ဘေးနားကနေ အမျိုးသားတစ်ဦးရဲ့ အသံ ထွက်ပေါ်လာသည်၊ "ဒါဆို ဘာတွေ ဖြစ်ခဲ့တာလဲ။"
သုံးယောက်စလုံး တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြရာ ဝဝဖိုင့်ဖိုင့် အမျိုးသားက ရိုးသားစွာ ပြုံးလိုက်သည်၊ "တောင်းပန်ပါတယ်၊ ခုနက ကျွန်တော် ဒီမှာ အိပ်နေတာ၊ မတော်တဆ ခင်ဗျားတို့ စကားပြောတာ ကြားလိုက်မိလို့ပါ။"
ရှန်းတန်က လက်မြှောက်ကာ အားလျော့စွာ ပြောလိုက်သည်၊ "ကျွန်မရောပဲ..."
မိန်းကလေးနှစ်ယောက် အနည်းငယ် မပျော်မရွှင် ဖြစ်သွားကြသော်လည်း တခြားသူများက တမင်လုပ်တာ မဟုတ်သောကြောင့် ဘာမှ ပြောစရာ မရှိတော့ပေ။
"ရပါတယ်။"
အငယ်အနှောင်းဟု သံသယရှိခံရသူ မိန်းကလေးက မျက်နှာနီရဲစွာ ရှင်းပြသည်၊ “ကျွန်မကို အထင်မလွဲပါနဲ့၊ ကျွန်မ တကယ်ပဲ တခြားတစ်ယောက်ရဲ့ ဆက်ဆံရေးကို ဖျက်ဆီးတဲ့သူတစ်ယောက် မဟုတ်ပါဘူး..."
ရှန်းတန်ကတော့ ဒီကိစ္စတွေအားလုံးကို တကယ် မစိုးရိမ်ပါ။ သူတို့က သူစိမ်းတွေပဲလေ၊ သူမက တခြားလူတွေရဲ့ ချစ်ရေးချစ်ရာတွေကို စိတ်မဝင်စားဘူး။
သို့သော် ထိုအမျိုးသားက သူ့မေးစေ့ကို ပွတ်သပ်ရင်း "မင်း ပြောတဲ့အတိုင်းဆို ဒီလူက လူယုတ်မာပဲ၊ ဒီလိုမျိုး တစ်ကိုယ်ရေသမားလို ပုံစံ လုပ်ပြီး လူဘယ်နှယောက်ကိုများ လှည့်စားထားလဲ မသိဘူး။" ဟု ပြောလာသည်။
ပြောရရင် အဲဒါကလည်း ဖြစ်နိုင်ခြေရှိတယ်။
"အဲဒီလူ ဘယ်သူလဲ။ ကျွန်တော်တောင် သိနိုင်လိုက်တယ်။" ထိုအမျိုးသားက ပြောလိုက်သည်။
မိန်းကလေးနှစ်ယောက် အချင်းချင်း ကြည့်လိုက်ကြပြီး ဘယ်သူမှ ပြောချင်ပုံမရပေ။
လေထုက အတော်လေး အဆင်မပြေသလို ဖြစ်လာသည်ကို မြင်သောအခါ ထိုအမျိုးသားက ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းလိုက်သည်၊ "အင်း၊ ကျွန်တော်က မင်းတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကို စုံစမ်းချင်တာ မဟုတ်ပါဘူး၊ သူက ဒီနယ်ပယ်ထဲကလူဆိုရင်တော့ ကျွန်တော် မှတ်မိနိုင်တာမို့လို့ပါ။"
မိန်းကလေးနှစ်ယောက် ခဏတာ တွန့်ဆိုင်းပြီးမှ နောက်ဆုံးတော့ ပြောလိုက်ကြသည်။
"ချန်မင်ယွီ။"
"ချန်ကျွင်းကျဲ့။"
ရှန်းတန် : "???"
"လူနှစ်ယောက်လား။"
အရင် စပြီး ရန်စခဲ့သော မိန်းကလေးလည်း အနည်းငယ် ထိတ်လန့်နေသည်၊ သူ လူမှားပြီး ပြဿနာရှာခဲ့တာဆိုရင်…
"အဲဒါ မဟုတ်နိုင်ဘူး။ ငါ သူ့ဖုန်းထဲမှာ နင့်ပုံကို အရင်က မြင်ဖူးတယ်၊ သေချာပေါက် မှန်ရမယ်..."
နောက်ဆုံးအပိုင်းကို အသံတိုးတိုးဖြင့် ပြောလိုက်ရာ တခြားသူကို စည်းရုံးချင်သလို၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် စည်းရုံးချင်သလိုပင်။
တခြားမိန်းကလေးက ခိုင်မာစွာ ပြောသည်၊ "သူ့နာမည် ချန်ကျွင်းကျဲ့ဆိုတာ သေချာပါတယ်။ ကျွန်မ သူ့မှတ်ပုံတင်ကို အရင်က မြင်ဖူးတယ်။"
"အို၊ ဒီနာမည်နှစ်ခုကို အရင်က မကြားဖူးဘူး။ သူက ဘာလုပ်လဲ" ထိုအမျိုးသားက ခေါင်းကုတ်လိုက်သည်။
"ဓာတ်ပုံဆရာ။"
"ဓာတ်ပုံဆရာ။"
သူတို့ရဲ့ အလုပ်အကိုင်တွေ တူညီနေတာကြောင့် အားလုံးဖြစ်နိုင်ခြေကတော့ လူတစ်ယောက်တည်းပဲ ဖြစ်လိမ့်မည်။
ရှန်းတန်က အကြံပြုသည်၊ "ဘာလို့ သူ့ကို အပြင်ခေါ်ပြီး မတွေ့ကြည့်တာလဲ။ ဘယ်လိုပဲကြည့်ကြည့် ဒီကိစ္စမှာ သူ ပါဝင်ပတ်သက်မှု ရှိနေလောက်တယ်။"
တခြားမိန်းကလေးက တကယ်ပဲ လှည့်စားခံရတာဆိုရင် တကယ်ကို ဆိုးဝါးမှာပဲ။
မိန်းကလေးနှစ်ဦးစလုံး ဒီနည်းလမ်းကို သဘောတူကြသည်။ ဘာပဲဖြစ်ဖြစ် တခြား ကောင်းမွန်တဲ့ ဖြေရှင်းနည်း မရှိဘူး။
ဒီလိုလူမျိုးတွေဆိုရင် အိပ်ယာပေါ်မှာ လက်ပူးလက်ကြပ် မိရင်တောင် ဝန်ခံမှာ မဟုတ်ဘူး။
အငယ်အနှောင်းဟု သံသယရှိခံရသူ မိန်းကလေးက မေးသည်၊ "နင်... နင်က ရှန်းတန်မလား။"
ရှန်းတန်က ခေါင်းညိတ်သည်၊ "ရှင် ကျွန်မကို သိလို့လား။"
"မင်္ဂလာပါ၊ ကျွန်မ ဟဲယွမ်ပါ။ အရင်က အစ်မက ကျွန်မအစ်မကို ကယ်တင်ခဲ့ဖူးတယ်... အခု သူက အစ်မရဲ့ အမာခံ ပရိသတ်ပဲ၊ ကျွန်မတို့ မိသားစု chat group မှာဆို သူက အစ်မကို နေ့တိုင်း မဲပေးဖို့ အမြဲပြောနေတာလေ။"
ဟဲယွမ်က အသေးစိတ် မရှင်းပြသော်လည်း ရှန်းတန် ဘာဖြစ်ခဲ့လဲဆိုတာ မှန်းဆမိသည်။ အရင်တစ်ခေါက်က ဖြစ်ခဲ့တဲ့ ကိစ္စ ဖြစ်နိုင်တယ်။
သူမ သူတို့ ပရိသတ်ဖြစ်လာတာကို နောက်ပြောင်ပြီး ပြောခဲ့ပေမဲ့ တစ်ယောက်ယောက်က ဒီလောက် အလေးအနက်ထားမယ်လို့ မမျှော်လင့်ခဲ့ဘူး။
ရှန်းတန် အနည်းငယ် စိတ်လှုပ်ရှားသွားသည်၊ "ကျွန်မကို သဘောကျပေးတဲ့အတွက် ရှင့်အစ်မကို ကျေးဇူးတင်တယ်လို့ ပြောပေးပါ။ ဒါနဲ့ ရှင့်အစ်မရဲ့ ဝေ့ပေါ်အကောင့်နာမည်က ဘာလဲ။"
ဟဲယွမ်က ပါးစပ်ကို ဖွင့်လိုက် ပိတ်လိုက် လုပ်ပြီးမှ နောက်ဆုံးတော့ တိုးတိုးလေး ထုတ်ပြောသည်၊ "ငါက ပေါက်စီလေး ^_^"
“ဖွီး..." တခြားမိန်းကလေးက ချက်ချင်း ရယ်မောလိုက်သည်၊ "နင့်အစ်မရဲ့ ဝေ့ပေါ်အကောင့်နာမည်က တကယ် စိတ်ဝင်စားစရာပဲ။ ဒါနဲ့ ကျွန်မက လီမုန့်လုံပါ။"
အတားအဆီးများ ကျိုးပဲ့သွားသောအခါ နှစ်ယောက်သား အချင်းချင်း ရန်စပြောဆိုခြင်း မရှိတော့ပေ။ ဘယ်အရာက အမှန်လဲ၊ အမှားလဲ ဆိုတာ မကြာမီ ပေါ်ပေါက်လာမှာပင်။
ရှန်းတန်က ဒီဝေ့ပေါ်အကောင့်နာမည်က အရမ်းရင်းနှီးနေတယ်လို့ ခံစားရပေမဲ့ ခဏတာမျှ မှတ်မိခြင်း မရှိတော့ပေ။
"နင်လည်း လူတွေ့စစ်ဆေးပွဲ လာတာလား။"
ဟဲယွမ်က ခေါင်းညိတ်သည်၊ "ကျွန်မက အမျိုးသမီးဇာတ်ဆောင်ရဲ့ အိမ်ဖော်အတွက် လူတွေ့စစ်ဆေးပွဲ လာတာပါ။"
လီမုန့်လုံ သူမ၏ ဆံပင်ကို ပွတ်သပ်ရင်း စကားဆိုလိုက်သည်။ "တိုက်ဆိုင်လိုက်တာ။ ကျွန်မလည်း ဒီဇာတ်ရုပ်အတွက် လူတွေ့စစ်ဆေးပွဲ ဝင်တာပဲ။ ကျွန်မတို့ ထပ်ပြိုင်ရဦးမှာပဲ။"
ရှန်းတန်နှင့် ထိုအမျိုးသား အနည်းငယ် စိတ်လှုပ်ရှားနေကြပြီး မိန်းကလေးနှစ်ယောက်ကြား ထပ်ပြီး ပဋိပက္ခ ဖြစ်လာမှာကို ကြောက်ရွံ့နေကြသည်။
ထိုအမျိုးသားက အလျင်အမြန် ပြောလိုက်သည်၊ "ခင်ဗျားက ခေါင်းမာတဲ့ မင်းသမီးလေး ဇာတ်ရုပ်နဲ့ ပိုလိုက်ဖက်တယ်လို့ ကျွန်တော် ထင်တယ်။"
လီမုန့်လုံက ရယ်မောချလုနီးပါး ဖြစ်သွားသည်၊ "ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် အတိုင်းအတာ ရှိလဲဆိုတာ ရှင်းရှင်းလင်းလင်း သိပါတယ်။ အဲဒါက အနည်းဆုံး ပဥ္စမအဆင့် အမျိုးသမီးဇာတ်ဆောင် မဟုတ်လား။ ကျွန်မ အဲဒီဇာတ်ရုပ်ကို မရနိုင်ပါဘူး။"
ထိုအမျိုးသား ရင်ဘတ်ကို ပုတ်ပြီး ပြောလိုက်သည်၊ "ကျွန်တော် ပြောတာ အတည်ပဲ။"
"ရှင်က..."
ထိုအမျိုးသား ရိုးသားစွာ ပြုံးလိုက်သည်၊ "ကျွန်တော်က ဒါရိုက်တာပါ။"
အမျိုးသမီး သုံးဦး : "..."
ဒါက တကယ့်ကို ရှက်စရာကောင်းတယ်၊ ရှက်ရွံ့မှုတံခါးချပ်ကို ဖွင့်လှစ်ဖို့ သော့ပေးလိုက်မိသလိုပဲ။ အရမ်းရှက်ဖို့ကောင်းတယ်။
အရမ်း ရယ်ချင်စရာကောင်းတာက၊ သူတို့ တစ်ယောက်မှ ဒါရိုက်တာကို မမှတ်မိကြဘူး။