← Chapters

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း ( ၇၅ ) – လူယုတ်မာ

"ဘာ၊ ရှင်က တကယ့် ဒါရိုက်တာလား။"

ထိုလူက ပြုံးပြီး "ဘာလဲ၊ ကျွန်တော်က ဒါရိုက်တာနဲ့ မတူလို့လား" ဟု မေးလိုက်သည်။

"သိပ်မတူဘူး။"

ရှန်းတန်သည် ဖေးခယ့်စုန့် သူမကို အရင်က ပြောပြခဲ့သော အတင်းအဖျင်းစကားများကို မှတ်မိနေသေးသည်။ ထိုဒါရိုက်တာသည် စိတ်ဆိုးဒေါသကြီးပြီး လူများကို အော်ငေါက်ရသည်ကို အလွန်နှစ်သက်ကာ သရုပ်ဆောင်များစွာကို ငိုကြွေးစေခဲ့သည်ဟု ဆိုသည်။

သို့သော် သူမရှေ့မှ ထိုလူကတော့ နူးညံ့သိမ်မွေ့ပြီး စိတ်သဘောထားကောင်းသူတစ်ဦးနှင့် တူနေသည်။

ဖေးခယ့်စုန့် သူမကို ကြောက်အောင် လုပ်တာပဲ ဖြစ်မည်ဟု တွေးမိကာ ရှန်းတန် စိတ်အေးသွားသည်။

ထိုလူ မျက်တောင်ခတ်လိုက်သည်၊ "ကောင်းပြီ၊ ကျွန်တော် အခု အလုပ် ပြန်လုပ်ရတော့မယ်။ မင်းတို့အားလုံး နောက်မှ ပိုပြီး ကောင်းကောင်း လုပ်နိုင်ဖို့ မမေ့နဲ့နော်၊ အားတင်းထား။"

"ကျေးဇူးပါ ဒါရိုက်တာ။"

"ဟုတ်ကဲ့၊ ဟုတ်ကဲ့။"

ဤစကားကို ကြားပြီးနောက် ဖေးခယ့်စုန့် သူမကို ကြောက်အောင် လုပ်တာပဲ ဖြစ်မည်ဟု ရှန်းတန် ပို၍ပင် ယုံကြည်သွားသည်။

ဒီလူကို ကြည့်ပါဦး၊ ဘယ်လောက်တောင် သဘောကောင်းလိုက်လဲ၊ သူတို့ကို လမ်းကြုံအားပေးသွားသေးသည်။

လူယုတ်မာကိစ္စကိုတော့ လူတွေ့စစ်ဆေးပွဲအပြီးကိုပဲ စောင့်ရတော့မည်။ လီမုန့်လုံ ဒါရိုက်တာဆီမှ အကြံဉာဏ်အချို့ ရရှိခဲ့ပြီး မင်းသမီးလေး ဇာတ်ရုပ်အတွက် ထပ်မံကြိုးစားရန် ပြင်ဆင်နေသည်။

ရှန်းတန်ကတော့ ဇာတ်ညွှန်းကို ထပ်မံဖတ်ရှုနေသည်။ မကြာမီ သူမ၏ လူတွေ့စစ်ဆေးပွဲ အလှည့် ရောက်တော့မည်။

လူတွေ့စစ်ဆေးပွဲအခန်းထဲသို့ ဝင်ရောက်ပြီးသည်နှင့် ရှန်းတန်သည် ချီယွဲ့နှင့် ချီကြွယ်တို့ကို ဘေးဘက်တွင် ထိုင်နေသည်ကို ချက်ချင်း မြင်လိုက်ရသည်။ မောင်နှမနှစ်ယောက်သည် အတော်လေး ဆင်တူနေကြသည်။

"အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မ ရှန်းတန်ပါ။ ဒီနေ့ အမျိုးသမီးစစ်သူကြီးဇာတ်ရုပ်အတွက် လူတွေ့စစ်ဆေးပွဲ ဝင်တာပါ။"

ချီယွဲ့က သူမဘက်သို့ ဆွဲဆောင်မှုရှိစွာ တစ်ချက်ကြည့်လိုက်သော်လည်း ရှန်းတန် လုံးဝ လျစ်လျူရှုထားသည်။

အလယ်တွင် ထိုင်နေသော လက်ထောက်ဒါရိုက်တာက သူ့ကုလားထိုင်တွင် မှီရင်း "တပ်ဖွဲ့တွေကို စစ်ပွဲထဲ ဦးဆောင်ဖို့ တောင်းဆိုတဲ့ မြင်ကွင်းကို စတင်သရုပ်ဆောင်ပါ" ဟု ပြောလိုက်သည်။

"ကောင်းပါပြီ။"

ရှန်းတန်က သူမ၏ မျက်လုံးများကို မှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သောအခါ သူမ၏ ပုံပန်းအသွင်အပြင် တစ်ခုလုံး ပြောင်းလဲသွားသည်။

ဇာတ်ဝင်ခန်း အသုံးအဆောင်ပစ္စည်းများ မရှိသော်လည်း သူမသည် မြင်ကွင်းထဲသို့ အပြည့်အဝ နစ်မြောနေပုံရသည်။

မြေပြင်ပေါ်တွင် ဒူးထောက်နေသော်လည်း ရှန်းတန်၏ နောက်ကျောသည် ဖြောင့်တန်းနေဆဲဖြစ်ပြီး သူမ၏ အကြည့်က အလွန်ပင် ခိုင်မာနေသည်။ "အရှင်မင်းကြီး၊ ကျွန်မ ငယ်စဉ်ကတည်းက ဓားအတတ်နှင့် လှံအတတ်တို့ကို သင်ယူခဲ့ပြီး ဆွန်ဇူးရဲ့ စစ်ပွဲအနုပညာကို လေ့လာခဲ့တယ်။ ရန်သူတွေ ကျူးကျော်လာပြီမို့ ကျွန်မကို စစ်တပ်ကို ဦးဆောင်စေပြီး စစ်တိုက်ခွင့်ပေးဖို့ တောင်းဆိုပါတယ်။”

သူမက ခဏရပ်လိုက်သည်။ တစ်စုံတစ်ယောက်၏ စကားကို နားထောင်နေသကဲ့သို့ပင်။

ရှန်းတန်၏ မျက်နှာအမူအရာက ချက်ချင်း အေးစက်သွားပြီး သူမ ခေါင်းကို ပြင်းထန်စွာ နောက်လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ပေါ်လာသည်။ "မိန်းမဖြစ်နေတော့ရော ဘာဖြစ်လဲ။ ကျွန်မ အဘွားက အရှင်မင်းကြီးနဲ့အတူ ဒီနိုင်ငံတော်ကို တည်ထောင်ခဲ့တာ၊ တည်ထောင်သူ သူရဲကောင်းတစ်ဦးပါ။ ကျွန်မကို သူက သင်ကြားခဲ့တာ၊ ရှင်တို့က ကျွန်မ အဘွားရဲ့ အောင်မြင်မှုတွေကို သံသယဝင်နေတာလား။ အရှင်မင်းကြီးကို မေးခွန်းထုတ်နေတာလား၊ ဒါမှမဟုတ် ကျွန်မကို မေးခွန်းထုတ်နေတာလား။"

"ဒါတင်မကသေးဘူး၊ ကျွန်မတို့ မိသားစုက မျိုးဆက်သုံးဆက်တိုင်တိုင် နယ်စပ်ကို စောင့်ရှောက်ခဲ့ပြီး စစ်မြေပြင်မှာ ကျဆုံးခဲ့ကြတယ်။ ဘာမှမလုပ်ဘဲ၊ စားပြီးအိပ်နေတဲ့ အသုံးမကျတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေက ဘာအကြောင်းပြချက်နဲ့ အသုံးမကျဘူးလို့ ပြောရဲတာလဲ။"

"အိုး...၊ ဒါဆို ရှင်ကိုယ်တိုင်ပဲ တပ်တွေကို ဦးဆောင်ကြည့်ပါလား" ရှန်းတန်က မျက်ခုံးပင့်ကာ မထီမဲ့မြင် ပြုလိုက်သည်။

သူမ ရှေ့သို့ ပြန်လှည့်လိုက်ပြီး ခေါင်းငုံ့ကာ ဦးညွှတ်လိုက်သည်။ သူမ၏ လေသံမှာ ကျောက်တုံးပမာ ခိုင်မာနေသည်။ "အရှင်မင်းကြီး၊ ကျွန်မကို စစ်တပ်ကို ဦးဆောင်ခွင့်ပေးဖို့ ထပ်မံ မေတ္တာရပ်ခံပါတယ်။"

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။"

ရှန်းတန်က ထရပ်လိုက်သည်။ အခန်းထဲတွင် တိတ်ဆိတ်သွားသည်။ ချီယွဲ့သည် လက်ခုပ်တီးသူများထဲမှ ပထမဆုံး ဖြစ်ပြီး "အရမ်းကောင်းတယ်" ဟု ကျယ်လောင်စွာ အော်လိုက်သည်။

ရှန်းတန်က သူမ၏ အမူအရာ လွန်ကဲစွာ သရုပ်ဆောင်မှုကို မြင်ပြီး ရယ်မောလုနီးပါး ဖြစ်သွားသည်။

အလယ်တွင် ထိုင်နေသော လက်ထောက်ဒါရိုက်တာ၏ မျက်တောင်ခတ်ပြီး ခေါင်းခါလိုက်သည်။ "သူက မသင့်တော်ဘူးလို့ ကျွန်တော် ထင်တယ်။"

ချီယွဲ့က ပြန်လှန်ချေပသည်၊ "ဘာက မသင့်တော်ရမှာလဲ၊ ကျွန်မကတော့ တော်တော်လေး ကောင်းတယ်လို့ ထင်တာပဲ။"

"ဒါ... သူ့ရဲ့ သရုပ်ဆောင်မှုက နည်းနည်းလေး အပေါ်ယံဆန်တယ်။ သူက သင့်တော်တယ်လို့ ကျွန်တော် မထင်ဘူး။"

"ဘယ်လိုလုပ်ပြီး အပေါ်ယံဆန်ရမှာလဲ။ ကျွန်မကတော့ အရမ်းကို ပကတိဆန်တယ်လို့ ထင်တာပဲ။ ရှင် တမင်သက်သက် အပြစ်ရှာနေတာမလား" ချီယွဲ့သည် လက်ထောက်ဒါရိုက်တာကို မျက်နှာသာ လုံးဝ မပေးခဲ့ပေ။

ရှန်းတန်သည် လက်ထောက်ဒါရိုက်တာ၏ မျက်နှာ မည်းမှောင်သွားသည်ကို သတိပြုမိသည်။

“ငါက မသင့်တော်ဘူးလို့ပြောရင် မသင့်တော်ဘူးပဲ။ မင်းက လက်ထောက်ဒါရိုက်တာလား၊ ငါက လက်ထောက်ဒါရိုက်တာလား။”

“ကျွန်မက ရင်းနှီးမြှုပ်နှံသူပဲ။”

ချီယွဲ့သည် လက်ထောက်ဒါရိုက်တာကို စာတစ်ကြောင်းတည်းဖြင့် အောင်မြင်စွာ ပိတ်ပစ်လိုက်သည်။

ရှန်းတန်သည် ဤလူတွေ့စစ်ဆေးမှုက မအောင်မြင်နိုင်ဘူးဟု ခံစားမိသည်။ သူမ ဒီဇာတ်ရုပ်ကို ကြိုက်ပေမယ့် အရမ်းကြီး လိုချင်နေတာမျိုးတော့ မဟုတ်ဘူး။

ဒါရိုက်တာက ရယ်မောကာဖြင့် ကြားဖြတ်ဝင်ပြောလာခဲ့သည်။ “သူ သရုပ်ဆောင်တာက ပြီးပြည့်စုံတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဇာတ်ရုပ်ရဲ့ ( ၉၀ ) ရာခိုင်နှုန်းလောက်ကိုတော့ ဖမ်းမိတယ်။ သူမအနေနဲ့ ဒီအခန်းကဏ္ဍကို ကိုင်တွယ်နိုင်လိမ့်မယ်လို့ထင်တယ်။”

ဒါရိုက်တာက ဝင်ပြောလာတော့ လက်ထောက်ဒါရိုက်တာက ပြောစရာစကားမရှိပေမယ့် သူ့မျက်နှာက အရမ်းအရုပ်ဆိုးနေခဲ့သည်။

ရှန်းတန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူမကို တမင် ပစ်မှတ်ထားနေတယ်လို့ ခံစားလိုက်ရသည်။

သူမရဲ့ သရုပ်ဆောင်စွမ်းရည်အပေါ် ယုံကြည်မှု လွန်ကဲတာ မဟုတ်ပေမယ့် လက်ထောက်ဒါရိုက်တာရဲ့ အမြင်ကတော့ အနည်းငယ် ကြောက်စရာကောင်းပါတယ်။

သူမ ဘယ်လိုတွေးတွေး ဘယ်လိုလုပ်ပြီး သူ့ကို စော်ကားမိသွားတယ်ဆိုတာကို နားမလည်နိုင်ပေ။

သူမ သေချာစဉ်းစားကြည့်ပြီးနောက် ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိသည်။ သူမက တခြားတစ်ယောက်ရဲ့ လမ်းကို ပိတ်ဆို့လိုက်မိတာ ဖြစ်နိုင်ပေလိမ့်မည်။

"ကျေးဇူးတင်ပါတယ် ဒါရိုက်တာ။"

ဒါရိုက်တာက ပြုံးပြီး မျက်တောင်ခတ်လိုက်သည်၊ "ပြန်ပြီး သေချာပြင်ဆင်ထားနော်။"

"ဟုတ်ကဲ့။"

ရှန်းတန် ထွက်သွားသည်။ ယွမ်ယွမ်က စိုးရိမ်တကြီး သူမအနားသို့ လာပြီး "အစ်မတန်တန်၊ ဘယ်လိုနေလဲဟင်" ဟု မေးသည်။

ရှန်းတန်က မျက်မှောင်ကြုတ်ကာ ခေါင်းခါလိုက်သည်။

ယွမ်ယွမ်က အလျင်အမြန် ပြောသည်၊ "ရပါတယ်၊ နောက်တစ်ခါ ထပ်ကြိုးစားလို့ ရတာပဲ။ ကျွန်မ အစ်မကို ယုံကြည်တယ်။"

ရှန်းတန် အကျယ်ကြီး ရယ်မောမိသည်။ သူမ ယွမ်ယွမ်၏ ဆံပင်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။ "အစ်မက နောက်တာပါ၊ အစ်မ ရခဲ့ပြီ။"

ပုံမှန်ဆို အကြောင်းကြားစာကို စောင့်ရမှာဖြစ်ပေမဲ့ ဒီတစ်ခါတော့ ချက်ချင်း ရွေးချယ်ခံခဲ့ရသည်။

ဒါရိုက်တာက သူမအတွက် ကြိုးကိုင်ပေးခဲ့တာလားဟု ရှန်းတန် တွေးမိသည်။

ဖေးခယ့်စုန့်က အဆိုပါ သတင်းကို ကြားသောအခါ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။

"ဒါရိုက်တာက ပရဟိတလုပ်နေတယ်လို့ နင် ထင်နေတာလား။ သူက ဒီဒရမ်မာ အောင်မြင်တာကို ဘယ်သူ့ထက်မဆို ပိုလိုချင်တယ်။"

ရှန်းတန်က အနေရခက်စွာဖြင့် ရယ်မောလိုက်သည်။

ထို့နောက် သူမက "ပြောရဦးမယ်၊ ဒါရိုက်တာက နင် ပြောသလောက် ကြောက်စရာ မကောင်းပါဘူး။" ဟု ပြောလိုက်သည်။

ရှန်းတန်က လက်ထောက်ဒါရိုက်တာ၏ မျက်နှာအမူအရာကို ပြန်အမှတ်ရမိကာ မေးလိုက်သည်၊ "နင် လူမှားပြီး ပြောလိုက်တာလား။ ဒါရိုက်တာ မဟုတ်ဘဲ လက်ထောက်ဒါရိုက်တာ မဟုတ်လား။"

ဖေးခယ့်စုန့်၏ မျက်နှာအမူအရာက ရှုပ်ထွေးနေသည်။ "ရိုက်ကူးရေး စရင်တော့ နင် အဲဒီလိုပဲ ဆက်တွေးနေဦးမလားဆိုတာ ငါ သိချင်မိတယ်။"

ရှန်းတန် စိတ်ထဲ မကောင်းတဲ့ ခံစားချက်တစ်ခု ဝင်လာသည်။

ဖေးခယ့်စုန့် သူမ၏ ပခုံးကို ပုတ်ရင်း အားပေးလိုက်သည်။ "အကောင်းဆုံးလုပ်ပါ။ အချိန်ကျရင် မငိုပါနဲ့။"

ရှန်းတန် : "..."

သူမ နားထောင်မိလေ ကြောက်လေ ဖြစ်နေတာ ဘာလို့များပါလိမ့်။

ဒါနဲ့ စကားမစပ် ပြောရဦးမယ်။ သူမက အရင်က ဒါရိုက်တာ၊ ဟဲယွမ်၊ လီမုန့်လုံတို့ကို ဝီချက်မှာ group တစ်ခု ဖွဲ့ပြီး လူယုတ်မာကိစ္စကို ဆက်လက် စုံစမ်းဖို့ ထည့်ထားခဲ့သည်။

ဟဲယွမ်သည် လူယုတ်မာနှင့် တွေ့ဆုံခဲ့သည်။ လီမုန့်လုံက ဘေးစားပွဲမှာ ထိုင်ပြီး ခိုးနားထောင်နေခဲ့သည်။

နောက်ဆုံးတော့ လူတစ်ယောက်တည်း ဖြစ်နေခဲ့သည်။

ဟဲယွမ်က သူ့ကို တမင်တကာ စူးစမ်းမေးမြန်းပြီး သူမကိုယ်တိုင် အပြစ်ကင်းစင်ကြောင်း သက်သေပြခဲ့သည်။

သူမ၏ ရည်းစားက တခြားတစ်ယောက်အပေါ် နွေးထွေးကြင်နာစွာ ပြုမူသည်ကို ကြားလိုက်ရသောအခါ လီမုန့်လုံသည် ဒေါသထွက်လွန်း၍ မခံမရပ်နိုင်အောင် ဖြစ်ခဲ့ရသည်။

အိုး... ငါ စကားပြောမှားသွားတယ်။ အဲ့တာက ရည်းစားဟောင်းပဲ။

သူနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်သောအခါ ထိုလူယုတ်မာက တကယ်ကို ငြင်းခုံဖို့ ကြိုးစားနေသေးသည်။

သို့သော် အချက်အလက်များက စကားလုံးများထက် ပို၍ ပြောပြခဲ့သည်။ သူသည် မိန်းကလေးနှစ်ဦးစလုံးကို လှည့်စားခဲ့ကြောင်း ရှင်းရှင်းလင်းလင်း ပေါ်လွင်ခဲ့သည်။

မိန်းကလေးနှစ်ဦးစလုံး တစ်ပြိုင်နက်တည်း သူ့ကို လမ်းခွဲလိုက်ကြပြီး သူ့မျက်နှာကို ကော်ဖီတစ်ခွက်စီ လောင်းချခဲ့ကြသည်။

ဒါရိုက်တာက chat မှာ လက်ခုပ်တီးပြီး "ကောင်းတယ်" ဟု ပြောခဲ့သည်။

ရှန်းတန်က ဒီကိစ္စရဲ့ နောက်ဆက်တွဲကို ကြားရသောအခါ သူမသည်လည်း အလွန်ကျေနပ်ခဲ့သည်။

ဒီကိစ္စကြောင့် မရင်းနှီးခဲ့ကြတဲ့ မိန်းကလေးနှစ်ဦးစလုံး အချင်းချင်း သိကျွမ်းခွင့် ရခဲ့သည်။

ဟုတ်ပါတယ်၊ သူတို့က လူယုတ်မာကို ဒီလောက် လွယ်လွယ်ကူကူ လွှတ်မပေးခဲ့ဘူး။ သူတို့က သူ့ကို အွန်လိုင်းမှာ တိုက်ရိုက်ဖော်ထုတ်လိုက်ကြပြီး မထင်မှတ်ဘဲ နောက်ထပ် အံ့အားသင့်စရာများ ရှိလာခဲ့သည်။

သူ့ရဲ့ လှည့်ဖြားမှုကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ နောက်ထပ် သားကောင်များစွာ ပေါ်ပေါက်လာပြီး သူတို့ရဲ့ ဇာတ်လမ်းတွေကို ပြန်ပြောပြခဲ့ကြသည်။

ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ သူက မိန်းကလေးများစွာနဲ့ တွေ့ဆုံခဲ့တယ်။ သူက အခမဲ့ ဓာတ်ပုံရိုက်ပေးမယ်ဆိုပြီး မသိနားမလည်တဲ့ မိန်းကလေးငယ်တွေကို ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေ ရိုက်ခိုင်းခဲ့တယ်။

သူက ဒီဓာတ်ပုံတွေကို သူ့လိုပဲ တခြားဓာတ်ပုံဆရာတွေနဲ့ အဖွဲ့ဖွဲ့ပြီး အရင်းအမြစ်ချင်း ဖလှယ်ခဲ့ကြတယ်။

ပိုဆိုးတာက သူက အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်အချို့ကိုလည်း လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုတွေ လုပ်ခဲ့ပြီး အငယ်ဆုံးကလေးက ၁၄ နှစ် သာ ရှိသေးသည်။

ဒီအကြောင်းကို သိရသောအခါ အင်တာနက်အသုံးပြုသူများ ဒေါသထွက်ခဲ့ကြသည်။

တချို့က လူယုတ်မာကို တိုက်ရိုက် ကိုယ်ရေးအချက်အလက် ဖော်ထုတ်လိုက်ကြသည်။ သူ အခု အိမ်ကနေတောင် မထွက်ရဲဘူးလို့ သတင်းထွက်နေပြီး သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေအကုန်လုံးကိုလည်း အဖော်ထုတ်ခံလိုက်ရသည်။

[တောက်...၊ လူယုတ်မာ။]

[ဒီလိုလူမျိုးတွေက အသိုင်းအဝိုင်းကို ပျက်စီးစေတယ်။ ကျွန်တော်လည်း ဓာတ်ပုံဆရာတစ်ယောက်ပါ၊ အခု ကျွန်တော့် သူငယ်ချင်းတွေက ကျွန်တော် ဘာမကောင်းတာတွေ လုပ်ဖူးလဲဆိုပြီး မေးနေကြပြီ။]

[သူက အသက် ( ၁၄ ) နှစ်လေးပဲ ရှိသေးတာ၊ အဲ့လူက ဘယ်လိုလုပ်ပြီး အဲဒီလို လုပ်ရက်တာလဲ။ သူ ကိုယ်တိုင်က အသက် ( ၃၀ ) ကျော်၊ ကလေးမရဲ့ အဖေအရွယ်လောက်ရှိတယ်လေ...]

[သမီးမွေးထားတဲ့ အဖေတစ်ယောက်အနေနဲ့ ဒီအကြောင်းအရာတွေကို ဖတ်တောင် မဖတ်ရဲဘူး။]

[အဲဒီ group ထဲက တခြားလူတွေရဲ့ အချက်အလက်တွေကိုရော ဖော်ထုတ်ပြလို့ ရမလား။]

[အပေါ်က ပြောတဲ့သူရေ၊ စိတ်အေးအေးထား။ အဲ့လိုလုပ်တာက တရားမဝင်ဘူး။]

အခန်း ( ၇၆ ) – အိမ်ဟောင်းမှ ဧည့်ခံပွဲ

ဒီလို အကျိုးဆက်တွေ ဖြစ်လာမယ်လို့ ရှန်းတန် မထင်ထားခဲ့ဘူး။ ဒီလို ကလေးငယ်လေးတစ်ယောက် လှည့်စားခံရပြီး တစ်သက်တာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ ရသွားနိုင်တယ်လို့ တွေးမိတော့ သူမ အရမ်းစိတ်မကောင်းဖြစ်သွားတယ်။

သူမရဲ့ ပင်မ ဝေ့ပေါ်အကောင့်ကို ဖွင့်ပြီး တိုက်ရိုက် ပြန်တင်ကာ မှတ်ချက်ပေးလိုက်သည်၊ ကိုယ်ခန္ဓာအစိတ်အပိုင်း ဖြတ်တောက်တာကို အကြံပြုတယ်။

ဖျော်ဖြေရေးလောကမှာ ဒီလို ရဲရဲဝံ့ဝံ့ လုပ်တဲ့သူ သူမက ပထမဆုံးပဲ။

အခုဆို ရှန်းတန်မှာ သစ္စာရှိ ပရိသတ်အချို့လည်း ရှိနေပြီ။ သူမရဲ့ ဝေ့ပေါ်ပို့စ်ကို မြင်တာနဲ့ ချက်ချင်း ရောက်လာကြတယ်။

အစွမ်းအထက်ဆုံးတစ်ယောက်ကတော့ "ကျွန်မက ပေါက်စီ ^_^" ဆိုတဲ့ ID နဲ့ မိန်းကလေးတစ်ယောက်ပဲ။

ဘာလို့ ရင်းနှီးနေမှန်း သူမ နောက်ဆုံးတော့ နားလည်သွားသည်။ ထိုလူသည် စကားအရာ၌ အလွန်ပင် ထက်မြက်သူတစ်ဦး ဖြစ်ကာ တစ်ဦးတည်းဖြင့်ပင် လူရာနှင့်ချီသော ဆန့်ကျင်သူများကို ရင်ဆိုင်နိုင်စွမ်းရှိခြင်းကြောင့် သူမ၏ စိတ်ထဲ၌ မမေ့နိုင်စရာ စွဲကျန်ရစ်ခဲ့ခြင်း ဖြစ်လေသည်။

သူမ ထိုမိန်းကလေးကို like ပေးလိုက်သည်။

ထိုကိစ္စမှာ ဒီအတိုင်း ခဏတာ ပြီးဆုံးသွားသော်လည်း ရှန်းတန်တစ်ယောက် အမြဲ စောင့်ကြည့်နေခဲ့သည်။

ဒီည သူမ အိမ်ဟောင်းကို သွားရမည်။ ရှန်းတန် အရင်က မဝတ်ဖူးသေးတဲ့ ဝတ်စုံတစ်ထည်ကို စမ်းဝတ်ကြည့်တော့ လုံးဝ ပွနေပြီဖြစ်ပြီး တစ်ပိုင်းလောက် ကျယ်နေတာကို တွေ့လိုက်ရသည်။

အစ်မထောင်ရဲ့ မျက်နှာမှာ စိတ်ပူပန်မှုတွေနဲ့ ပြည့်နှက်နေသည် "မဒမ်တော့ ဝိတ်ထပ်ကျသွားပြန်ပြီ..."

ရှန်းတန်တော့ ဒီအပေါ်မှာ အရမ်းပျော်နေတယ်။ သူမ အဝတ်တွေကို ချွတ်ပြီး ဘယ်ညာကြည့်ရင်း "ဟားဟားဟား၊ ငါ့ရဲ့ abs တွေ နောက်ဆုံးတော့ ပေါ်လာတော့မယ်..."

"မဒမ်က ကိုယ်လုံးကိုယ်ပေါက် အရမ်းလှတာပဲ။"

"ဟဲဟဲ..."

ရှန်းတန် ဒီည ဘာဝတ်ရမလဲလို့ မစိုးရိမ်ရသေးခင်မှာပဲ အလှပြင်အဖွဲ့ သူမအိမ်ကို ရောက်လာကြပြီး ထိပ်တန်းဒီဇိုင်နာဝတ်စုံတွေကိုလည်း ယူလာပေးကြသည်။

ရှန်းတန်က ဝတ်စုံတွေကို ငှားထားတယ်လို့ ထင်ခဲ့တာ၊ နောက်မှပဲ ကုဟွိုင်အန်းက အားလုံးကို ဝယ်ထားတာဆိုတာ သိလိုက်ရသည်။

အမြဲတမ်း ချွေတာတတ်တဲ့သူတစ်ယောက်အနေနဲ့ ဒီတစ်ခါမှပဲ လူချမ်းသာတစ်ယောက်ရဲ့ ဘဝက ဘယ်လိုလဲဆိုတာကို ပထမဆုံးအကြိမ် ခံစားမိလိုက်တာပဲ။

ဒီလိုကြည့်လိုက်တော့ သူမရဲ့ အရင်ဘဝက ကလေးကစားသလိုပဲ။

စိတ်ထဲမှာ နည်းနည်းတော့ မသက်မသာ ခံစားရပေမဲ့ အရင်ကထက် အများကြီး ပိုကောင်းလာပြီ။

ရှန်းတန်က အဝတ်အစားပြင်ဆင်ရေးအဖွဲ့က သူ့ကို အလှပြင်ပေး၊ အဝတ်အစားလဲပေးနေတာကို သစ်သားရုပ်ထုတစ်ရုပ်လို ငြိမ်ငြိမ်လေး နေနေလေသည်။

"အစ်မထောင်..."

"ဟင်။"

"အိမ်ဟောင်းကို သွားတာကို ဘာလို့ ဒီလောက် အလှပြင်ရတာလဲ။" အရင်တစ်ခါ ပွဲတက်တုန်းကလိုပဲ တရားဝင်ဝတ်စုံတွေ ဝတ်ရတာက စိတ်ဖိစီးမှု မနည်းဘူးလို့ သူမ ခံစားရသည်။

"သခင်လေး ပြောမထားဘူးလား။"

"ဘာကိုလဲ။"

အစ်မထောင်၏ မျက်နှာအမူအရာက နည်းနည်း ရှုပ်ထွေးနေသည် "ဒီတစ်ခါ အိမ်ဟောင်းကို သွားတာက သာမန်မိသားစု ညစာစားပွဲ မဟုတ်ဘူး။ ကုမိသားစု တစ်ခုလုံး၊ ဘေးဘက်က ကုမိသားစုဝင်တွေပါ အပါအဝင် အကုန်လာကြလိမ့်မယ်။"

ရှန်းတန် ဒီအကြောင်းကို လုံးဝ မသိခဲ့ဘူး။ "ဒါဆို လူတွေ အများကြီး ရှိမှာပေါ့။"

"ဟုတ်ပါတယ်၊ ဒါပေမဲ့ မဒမ် စိတ်ပူစရာ မလိုပါဘူး။ သခင်လေးက အခု ကုမိသားစုရဲ့ ခေါင်းဆောင်ပဲ။ သူများကသာ မဒမ်ကို အလိုလိုက်ရမှာ။ စကားမပြောချင်ရင်လည်း လျစ်လျူရှုထားလိုက်ပါ။"

ရှန်းတန် အနည်းငယ် တွန့်ဆိုင်းသွားသည် "အဲဒါ... ကျွန်မယောက်ျားအတွက် မလိုလားအပ်တဲ့ သက်ရောက်မှုတွေ ဖြစ်စေလောက်လား။"

"စိတ်ချပါ၊ အမြင့်ဆုံးအာဏာရှိတဲ့သူရှေ့မှာ ဒါတွေက ပြဿနာ မဟုတ်ဘူး။ ဒီအရာတွေကို မဒမ် စဉ်းစားစရာ မလိုဘူး၊ ကြိုက်တာလုပ်ပါ။"

ရှန်းတန် သက်ပြင်းချလိုက်သည်။ သူမက ဒီလို မြင်ကွင်းမျိုးတွေကို အကြောက်ဆုံးပဲ။

အရင်တစ်ခါ ပွဲတက်တုန်းက မြင်ကွင်းက သူမစိတ်ထဲမှာ အခုထိ စွဲနေတုန်းပဲ။ အဲဒီ အမျိုးသမီးတွေနဲ့ ဘာစကားပြောရမှန်းကို သူမ မသိခဲ့ဘူး။

သူတို့က ဆိုမာလီမြောင်းနဲ့ ပိုင်းခြားထားသကဲ့သို့ပင်။ သူမ ယခင်က တွေ့ဆုံခဲ့ရသော လူ့အသိုင်းအဝိုင်းမှ အမျိုးသမီးများနှင့် စိတ်နေသဘောထား၊ ဘဝနေထိုင်မှု ပုံစံချင်း လုံးဝ ကွဲပြားခြားနားပြီး သူတို့သည် ဇိမ်ခံပစ္စည်းများကိုသာ စိတ်ဝင်စားကြချိန်တွင် သူမကမူ ရိုးရှင်းသော ဘဝနေထိုင်မှုကိုသာ နှစ်သက်သည်။

လူက အဝတ်အစားပေါ်မူတည်ပြီး မြင်းက ကုန်းနှီးပေါ် မူတည်တယ်လို့ ပြောကြတယ်။ ရှန်းတန်ကတော့ ဒီနေ့ ကျောက်စိမ်းရောင် ချောင်ဆမ်ဝတ်စုံကို ဝတ်ဆင်ထားတယ်။ နူးညံ့ပြီး ဆွဲဆောင်မှုလည်း ရှိတယ်၊ ဉာဏ်ပညာရှိတဲ့ ခံစားချက်ကို ပေးစွမ်းတယ်။

သူမ နားကပ်ထားတဲ့ ပုလဲနားကပ်တွေက သူမရဲ့ ဖြူစွတ်တဲ့ အသားအရေနဲ့ ပိုပြီး လိုက်ဖက်နေတယ်။

အစ်မထောင်က ရှန်းတန်ကို နှစ်ပတ်လောက် ပတ်ကြည့်ပြီး အရမ်းစိတ်လှုပ်ရှားသွားကာ ဖုန်းထုတ်ပြီး ဓာတ်ပုံတွေ စရိုက်ပါတော့တယ်။

"ဒီဝတ်စုံက အရမ်းလှတယ်၊ ကျွန်မ ရိုက်ပြီး ဝေ့ပေါ်မှာ တင်ရမယ်။"

"အား" ရှန်းတန် ခဏတာ ကြောင်သွားသည်၊ "ဝေ့ပေါ်မှာ ဘာလို့ တင်ရမှာလဲ။"

အစ်မထောင် ခေါင်းတောင် မဖော်ဘဲ ပြောသည်၊ "ဟုတ်တာပေါ့၊ မဒမ်ရဲ့ ပရိသတ်တွေ မြင်ရအောင်ပေါ့။ မဒမ်က ဝေ့ပေါ်မှာ မကြာခဏ မတင်တော့ သူတို့ ဂရုထဲမှာ နေ့တိုင်း တောင်းဆိုနေကြတာကို မဒမ် မသိဘူးမလား။"

"မဟုတ်ဘူး၊ သူတို့က ဘယ်လိုလူတွေလဲဆိုတာ ဘယ်လိုသိတာလဲ။"

အစ်မထောင်က နက်နက်နဲနဲ ပြုံးလိုက်သည်၊ "ကျွန်မ ရိုးရိုးသားသား ပြောရရင် ကျွန်မက မဒမ်ရဲ့ အမာခံပရိသတ်ပါ။"

ရှန်းတန် ကြောင်တောင်တောင် ဖြစ်နေတဲ့ ပုံစံဖြင့် ရှိနေချိန် အစ်မထောင်က ဆက်ပြောသည်၊ "တကယ်တော့ ဦးလေးဟယ့်လည်း အတူတူပဲ။ သူက မဒမ်ရဲ့ super topic မှာ နေ့တိုင်း ဝင်စစ်ပေးနေတုန်းပဲ။"

ရှန်းတန် တကယ်ကို ထိတ်လန့်သွားတယ်။ သူမမှာ ဒီလောက်တောင် အားပေးမှု ရထိုက်တဲ့ စွမ်းရည်တွေမှ မရှိဘဲနဲ့လေ…

သူမ အရမ်းစိတ်လှုပ်ရှားသွားလို့ နှာခေါင်းတောင် ရှူံ့လာပြီး အစ်မထောင်ကို ဖက်ဖို့ လက်လှမ်းလိုက်ပေမဲ့ တွန်းဖယ်ခံလိုက်ရသည်၊ "မလုပ်နဲ့၊ ဒီအလှပြင်ထားတဲ့ပုံစံကို မဖျက်ဆီးနဲ့။"

ရှန်းတန် : "......"

အရှိန်အဝါ ပြည့်ဝနေတဲ့ စိတ်ခံစားမှုတွေ ချက်ချင်း ပျောက်ကွယ်သွားတယ်။

"အစ်မတို့ ဘယ်တုန်းက စခဲ့တာလဲ၊ ဘာလို့ ကျွန်မကို မပြောတာလဲ။"

အစ်မထောင်နဲ့ ဦးလေးဟယ့်တို့က မငယ်ကြတော့ဘူး။ သူတို့ ဒီအရာတွေကို ဘယ်က သင်ယူခဲ့မှန်း သူမ မသိဘူး။

ပြီးတော့ သူမရဲ့ မှတ်ချက်အပိုင်းမှာ မကောင်းတဲ့ မှတ်ချက်တွေ ရှိတယ်။ သူတို့ မြင်ခဲ့လား မမြင်ခဲ့လား သူမ မသိဘူး။

သူမတို့ ဆန့်ကျင်ဘက်ဖန် တွေရဲ့ ဆဲဆိုခြင်း ခံရမှာကို ရှန်းတန် နည်းနည်း စိတ်ပူနေခဲ့တယ်။

သူမ စိုးရိမ်တကြီးနဲ့ မေးလိုက်သည်၊ "အစ်မတို့ ဘာဆိုးတာမှ မကြုံခဲ့ရပါဘူးနော်၊ ဟုတ်တယ်မလား။"

အစ်မထောင်က သူမ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြီး ရှုတ်ချလိုက်သည်၊ "အားလုံးက သေးသေးမွှားမွှား ကိစ္စတွေပါ။ မပူပါနဲ့၊ ကျွန်မရဲ့ တိုက်ခိုက်နိုင်စွမ်းက ပြင်းထန်တယ်။ အဲဒီလူတွေ ကျွန်မကို ငြင်းခုံလို့ မနိုင်ပါဘူး။"

သူမ ပြောရင်းနဲ့ ဝေ့ပေါ်ကို ဖွင့်လိုက်သည်၊ "ဦးလေးဟယ့်ရဲ့ သားက ကုမ္ပဏီတစ်ခုမှာ ပရိုဂရမ်မာ တစ်ယောက်လေ။ သူက ကျွန်မတို့အတွက် အလိုအလျောက် ပြန်ဆဲပေးတဲ့ ပရိုဂရမ် အသေးလေးတစ်ခုကို အထူးတလည် ရေးပေးထားတယ်။

ရှန်းတန် မျက်လုံးများ ဖြည်းညင်းစွာ ပြူးကျယ်သွားသည်၊ "ဒီလိုမျိုး လုပ်ဆောင်မှုတောင် ရှိသေးလား..."

သူမ ထိတ်လန့်တုန်လှုပ်သွားသည်။ ဒါမှ ငါ့သူငယ်ချင်းကောင်းကွ။

"ဒီပစ္စည်းက အဲဒီလောက် အသုံးဝင်ရင် အစ်မထောင်ဆီက ဝယ်လို့ ရမလား။"

"ဘာကို ဝယ်ရမှာလဲ၊ ယူပြီး တိုက်ရိုက် သုံးလိုက်ပေါ့။ ကျွန်မ သူ့ကို ဂရုထဲ ထည့်ပေးမယ်၊ သူ မင်းကို ပေးလိမ့်မယ်။"

ဦးလေးဟယ့်မှာ သားတစ်ယောက် ရှိသည်ကို ရှန်းတန် ပထမဆုံးအကြိမ် သိခဲ့ရသည်။

ဒါပေမဲ့ ဒါကလည်း ပုံမှန်ပါပဲ၊ ဦးလေးဟယ့်ရဲ့ သားက ဘယ်လိုပုံလဲ၊ ဦးလေးဟယ့်လိုပဲ ယဉ်ကျေးသိမ်မွေ့သူလားဆိုတာ သူမ မသိခဲ့ဘူး။

သူ့အလုပ်က ပရိုဂရမ်မာဆိုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်ပြောင်နေတာတော့ မဖြစ်နိုင်ဘူးမလား…

ရှန်းတန်ကို လူလေးယောက် ဂရုထဲ ထည့်လိုက်သည်။ သူမကလွဲလို့ ကျန်သုံးယောက်ကတော့ အစ်မထောင်၊ ဦးလေးဟယ့်နဲ့ ဦးလေးဟယ့်ရဲ့ သားလေး ရှောင်ဟယ့် ဖြစ်သည်။

ရှန်းတန်သည် စပ်စပ်စုစုဖြင့် ကြည့်လိုက်ရာ ရှောင်ဟယ့်ရဲ့ ဝီချက်ပရိုဖိုင်ပုံက သူ့ရဲ့ အလုပ်ပုံပဲ ဖြစ်နေသည်။ သူ့မှာ ဆံပင်တွေ ထူးထူးခြားခြား ထူထဲနေတာကို မြင်ရပြီး လူတွေကို မနာလိုစိတ်နဲ့ မုန်းတီးစေသည်။

ရှန်းတန်က ဂရုထဲမှာ မေးလိုက်မိသည် : ဆံပင်ထူဖို့ နည်းလမ်းတွေ ရှိသေးလား။

[ရှောင်ဟယ် : ???]

[ဦးလေးဟယ့် : မဒမ်က နောက်နေတာပဲ။ ကျွန်တော်တို့က သဘာဝအတိုင်းပါ။]

ရှန်းတန် ပိုပြီး မနာလိုဖြစ်သွားခဲ့သည်။ သူမရဲ့ ဆံပင်က ပိုနူးညံ့တော့ ဆံပင်နည်းသလို ထိုးဖောက်မြင်နေရသည်။ ဆန့်ကျင်ဘက်ဖန် တွေ အများကြီးက သူမရဲ့ ဆံပင်ကို တိုက်ခိုက်ကြသည်။

အစ်မထောင်က နှစ်သိမ့်သည်၊ "မဒမ် စိတ်မဆိုးပါနဲ့။ မဒမ်ရဲ့ ဆံပင်ပမာဏက လုံလောက်ပြီးသားပါ။ ရိုးရိုးသားသား ပြောရရင် ဦးလေးဟယ့်ရဲ့ ခေါင်းပေါ်က ဆံပင်က ဆံပင်တုပါ။"

ရှန်းတန် ချက်ချင်း မျက်လုံးပြူးသွားသည် "ဆံပင်တုလား။"

"ဟုတ်ပါတယ်၊ သူ့ဆံပင်က ထူပေမဲ့ သိုးမွေးလို ကောက်နေတာလေ။ သူ့စိတ်နေစိတ်ထားနဲ့ မလိုက်ဖက်ဘူးလို့ သူ ခံစားရတော့ ခေါင်းကို ပြောင်အောင် ရိတ်ပြီး ဆံပင်တု ဝတ်ထားတာ။"

ရှန်းတန် စိတ်ထဲမှာ မြင်ယောင်ကြည့်လိုက်သည်၊ ကောက်ကောက်ကွေးကွေး ဆံပင်နဲ့ ဦးလေးဟယ့်က တကယ်တော့ ပိုချစ်စရာကောင်းပေသည်။

တံခါးခေါက်သံ ကြားလိုက်ရပြီး ဦးလေးဟယ့် ဝင်လာသည်၊ "မဒမ်၊ သခင်လေးက အောက်ထပ်မှာ မဒမ်ကို စောင့်နေပါတယ်။"

ရှန်းတန်ရဲ့ အကြည့်က မထိန်းနိုင်ဘဲ ဦးလေးဟယ့်ရဲ့ ခေါင်းဆီကို ရောက်သွားသည်။ ဆံပင်အရည်အသွေးက တော်တော်လေး အစစ်နဲ့ တူသား။ အစ်မထောင်သာ မပြောရင် သူမ အတုဆိုတာ သတိထားမိမှာ မဟုတ်ဘူး။

ဦးလေးဟယ့် ခေါင်းပေါ်မှာ မရှင်းပြနိုင်တဲ့ အအေးဓာတ်တစ်ခု ခံစားလိုက်ရသည်၊ "အာ… မဒမ်ရေ။"

ရှန်းတန် သတိပြန်ဝင်လာသည်၊ "အိုးအိုး၊ အခုပဲ ဆင်းသွားတော့မယ်။"

သူမရဲ့ ပုလဲလက်ကိုင်အိတ်ကို ယူပြီး ရှန်းတန် အောက်ထပ်ကို ဆင်းသွားတော့သည်။

အောက်ထပ်တွင် ကုဟွိုင်အန်းက ဆိုဖာပေါ် ခြေချိတ်ထိုင်နေသည်။

ခြေသံကြားလိုက်တော့ သူ ခေါင်းကို နည်းနည်းမော့လိုက်သည်။ ချောင်ဆမ်ဝတ်စုံနှင့် ရှန်းတန်ကို မြင်လိုက်ရတော့ သူ့မျက်လုံးတွေထဲမှာ အံ့အားသင့်မှု အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားသည်။

သူ မတ်တပ်ထရပ်ပြီး လှေကားဆီ လျှောက်လာကာ ရှန်းတန် ဆင်းလာတာကို ကူညီဖို့ လက်ဆန့်ပေးသည်။

"ဒီဝတ်စုံက မင်းနဲ့ အရမ်းလိုက်ဖက်တယ်။"

ရှန်းတန်က ပြုံးလိုက်သည်၊ "ကျေးဇူးတင်ပါတယ်၊ ရှင်လည်း အတူတူပဲ။"

သူမ စကားပြောပြီးမှ ကုဟွိုင်အန်းက ဒီနေ့လည်း ဝတ်စုံနဲ့ပဲဆိုတာ သတိထားမိလိုက်သည်။

ကုဟွိုင်အန်းက ဝတ်စုံမျိုးစုံ ဒါဇင်နဲ့ချီ ဝယ်ပြီး အလှည့်ကျ ဝတ်နေတာလားလို့ သူမ သံသယဝင်လာမိသည်။

ကုဟွိုင်အန်း၏ မျက်နှာအမူအရာ တင်းမာသွားသည်။ သူက နေ့တိုင်း မတူညီတဲ့ အဝတ်အစားတွေ ဝတ်တာကို…

ရာသီဥတုက အေးလာပြီ၊ အဝတ်အသစ်တွေ ဝယ်ရမယ်...

All Chapters