အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
အခန်း ( ၈၁ ) – ရှင် ဟင်းချက်တတ်တာလား။
ရှန်းတန်သည် မေးရိုးလွဲသွားသည်အထိ ရယ်မောနေခဲ့သည်။ ဆိုရိုးစကားအတိုင်းပင် အရယ်လွန်ခြင်းက မကြာခင် ဝမ်းနည်းရတတ်၏။
ရှန်းတန် : "..."
ကံကောင်းစွာဖြင့် မိသားစုဆရာဝန်သည် အောက်ထပ်တွင် နေထိုင်သောကြောင့် ကုဟွိုင်အန်းက သူ့အား အလျင်အမြန် ခေါ်ဆောင်ခဲ့သည်။
ဤသည်မှာ ကုသရန် မခက်ခဲပေ။ ကလစ်ခနဲ အသံနှင့်အတူ သူမ၏ မေးရိုးသည် မူလနေရာသို့ ပြန်ရောက်သွားခဲ့သည်။ သို့သော် ဆရာဝန်၏ မျက်လုံးများက သူတို့နှစ်ဦးအား အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်နေခဲ့သည်။
ရှန်းတန်သည် ထိုအဓိပ္ပာယ်ကို နားလည်ချင်စိတ် လုံးဝမရှိခဲ့ပေ။ သူမ၏ ဗဟုသုတ ကြွယ်ဝမှုကိုသာ အပြစ်တင်မိသည်။
ကုဟွိုင်အန်းလည်း အနည်းငယ် မသက်မသာ ဖြစ်နေသည်၊ "ဆရာဝန် ထင်သလိုမျိုး မဟုတ်ဘူး၊ အထင်မလွဲပါနဲ့..."
ဆရာဝန်က နားလည်စွာ ခေါင်းညိတ်သည်၊ "ဟုတ်ကဲ့၊ နားလည်ပါပြီ။ စိတ်မပူပါနဲ့၊ ကျွန်တော် ဘာမှ မပြောပါဘူး။"
ရှန်းတန်နှင့် ကုဟွိုင်အန်း : "..."
ပြောရမည်ဆိုလျှင် ဤသည်မှာ အမှန်တကယ် နားလည်မှုလွဲရန် လွယ်ကူလှသည်၊ အထူးသဖြင့် ညသန်းခေါင်ယံ အချိန်ဖြစ်သောကြောင့် ပို၍ပင် ဖြစ်သည်။
ဆရာဝန်ကို လိုက်ပို့ပြီးနောက် နှစ်ဦးသား ပို၍ပင် ရှက်ရွံ့သွားခဲ့ကြသည်။
ရှန်းတန် အိပ်ရာပေါ် ပြန်လှဲချကာ အိပ်ရန် ရည်ရွယ်သည်။
အလွန် နိုးကြားနေသော်လည်း သူမ လုံးဝမပင်ပန်းခဲ့ပေ။
ကုဟွိုင်အန်းသည် အလုပ်လုပ်ရင်း ညဉ့်နက်အောင် နေလေ့ရှိသည်။ ထိုအချိန်တွင် သူ့၌ မပြီးပြတ်သေးသော အလုပ်အချို့ ရှိနေသေးသည်။
"မင်း အိပ်၊ ကိုယ် အလုပ်တွေ နည်းနည်း ဖြတ်လိုက်ဦးမယ်။"
ရှန်းတန်သည် စောင်အောက်မှ ခိုးကြည့်ကာ ကုဟွိုင်အန်းကို လျှို့ဝှက်စွာ ကြည့်နေသည်။ လူတစ်ယောက် အလုပ်ကြိုးစားနေစဉ်မှာ အချောဆုံးဖြစ်သည်ဟု မကြာခဏ ပြောဆိုလေ့ရှိကြသည်။ ဤမြင်ကွင်းသည် ကြည့်ရတာ အလွန် ပျော်စရာကောင်းလှသည်။
သူ့မှာ မျက်ကွင်းညိုတာ ဘာလို့ မရှိတာလဲ။ သူက လူမဆန်လိုက်တာ။
အား... သူ မျက်မှန် တပ်လိုက်ပြီ။ လူကြီးလူကောင်း ပုံစံ ဗီလိန်တစ်ကောင်၊ သိုးရေခြုံထားတဲ့ သားရဲတစ်ကောင်။
ကုဟွိုင်အန်း၏ လှုပ်ရှားမှုများ ရပ်တန့်သွားကာ ရှန်းတန်ဘက်သို့ လှည့်ကြည့်သည်။ "မင်း မအိပ်ချင်ရင် ကိုယ့်ကို လာကူပေးဦး။"
ရှန်းတန် စောင်ကို ခေါင်းပေါ်ဆွဲတင်သည်။ "ဘယ်သူက မအိပ်ချင်ဘူး ပြောလဲ။"
ကုဟွိုင်အန်း သက်ပြင်းချသည်။ "ဒါဆို မြန်မြန်အိပ်၊ ဟိုအတွေးဒီအတွေး မတွေးနဲ့တော့။"
သူ အလုပ်ကို အာရုံမစိုက်နိုင်တော့ပေ။
ရှန်းတန် တိုးတိုးလေး ရေရွတ်သည်။ သူမ ဘာတွေးနေလဲဆိုတာကို သူ ဘယ်လိုသိတာလဲ။
နောက်တစ်နေ့တွင် ရှန်းတန်သည် သူမ၏ တံခါးခေါက်သံကြောင့် နိုးထလာခဲ့သည်။
အိပ်ချင်မူးတူး ဖြစ်နေဆဲမှာပင် နံနက် ( ၁၀ ) နာရီကျော်နေပြီ ဖြစ်သည်ကို သူမ သတိပြုမိလိုက်သည်။
သူမ ထိတ်လန့်တကြား ထိုင်လိုက်သည်။ အိုး၊ မဖြစ်ဘူး။ သူများအိမ်မှာ ဧည့်သည်အဖြစ်နေပြီး ဒီလောက် နောက်ကျမှ နိုးတာ၊ သူတို့ ငါ့ကို ဘယ်လိုများ ထင်ကြမလဲ။
အလျင်အမြန် ရေမိုးချိုးပြီး အောက်ထပ်သို့ ဆင်းလာသောအခါ သူမ မျှော်လင့်မထားဘဲ ဆိုဖာပေါ်တွင် မိသားစုတစ်စုလုံး ထိုင်နေသည်ကို တွေ့လိုက်ရသည်။
အဖေကု၊ အမေကု၊ ကုဟွိုင်အန်း၊ ကုချင်အန်း၊ ကုအန်းရန်၊ နှင့် ကုဝူယန် အပါအဝင် ဖြစ်သည်။
သူတို့အားလုံးသည် ကုမိသားစု၏ အဓိက အဖွဲ့ဝင်များ ဖြစ်ကြသည်။
ရှန်းတန်၏ ခြေလှမ်းများ တုံ့ဆိုင်းသွားသည်။ သူမသည် ရှက်ရွံ့သော်လည်း ယဉ်ကျေးသော အပြုံးကို ဖန်တီးလိုက်သည်၊ "ကောင်းသော မနက်ခင်းပါ။"
အဖေကုက နှာခေါင်းရှုံ့လိုက်သည်၊ "နေ့လည်စာ စားခါနီးပြီ။ ဘာ မနက်ခင်းလဲ။"
အမေကုက သူ့အား စူးစူးဝါးဝါး ကြည့်လိုက်သည်၊ "စကားကောင်း မပြောတတ်ရင် ပါးစပ်ပိတ်ထား။"
ထို့နောက် သူမက ရှန်းတန်ကို ချစ်ခင်စွာ လက်ယပ်ခေါ်လိုက်သည်၊ "မြန်မြန် ဆင်းလာ။ ဗိုက်ဆာနေလောက်ပြီ ထင်တယ်။ အရင် နည်းနည်း စားထား။ နေ့လည်စာက မကြာခင် အသင့်ဖြစ်တော့မယ်။"
"ကျေးဇူးပါ မေမေ။ ကျွန်မ သိပ်ဗိုက်မဆာပါဘူး။" ရှန်းတန်က နေရခက်စွာ ထိုင်လိုက်ပြီး ကုဟွိုင်အန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူ ဘာလို့ အလုပ်မသွားသေးတာလဲလို့ တကယ်မေးချင်မိသည်။
ကုဟွိုင်အန်းက သူမ၏ အတွေးများကို ဖတ်နိုင်သကဲ့သို့ "ကိုယ် ဒီနေ့ အလုပ်နားထားတယ်" ဟု ရှင်းပြလိုက်သည်။
ကုဟွိုင်အန်း စိတ်ထဲက တွေးသည်… ကိုယ်က သန်ကောင်မှ မဟုတ်တာ၊ မင်းအတွေးတွေကို ကြားနိုင်တယ်။
ဒီစွမ်းရည်က တကယ်ကို ထူးဆန်းတယ်။ ဘယ်လို ဖြစ်လာတာလဲ၊ ဘယ်တော့ ပျောက်သွားမလဲ မသိဘူး။
နည်းနည်းတော့ ရိုင်းပေမဲ့ ဒါက ရှန်းတန်အပေါ် သူ့ရဲ့ နားလည်မှုလွဲတာတွေကို ဖယ်ရှားပေးခဲ့တယ်။ အနည်းဆုံးတော့ သူမက အရင်ကလူ မဟုတ်တော့ဘူးဆိုတာ သူ သိခဲ့တယ်။
အတွေးတွေမရှိခဲ့ရင် သူမ ပြောင်းလဲသွားတာကို နောက်ကျပြီးမှ သိရမယ်။ ဒါပေမဲ့ အချိန်ပိုကုန်သွားနိုင်တယ်။
"အစ်မ၊ အစ်မ နောက်ကျမှ နိုးတာ" ကုအန်းရန်က သူမရဲ့ နှာခေါင်းကို တွန့်သည်။ သူမ တစ်မနက်လုံး စောင့်နေခဲ့တာ။
အမေကုနဲ့ ကုချင်အန်းတို့ရဲ့ မျက်နှာပေါ်က ထူးဆန်းတဲ့ အမူအရာတွေကို သတိပြုမိတော့ ရှန်းတန်က နေရခက်သောအပြုံးကို ပြုံးလိုက်သည်။
"တောင်းပန်ပါတယ်၊ အိပ်ပျော်သွားလို့။"
"Cute Baby Charge ကို ပါဝင်ဖို့ ဆုံးဖြတ်ပြီးပြီလား။"
"ဟင်" ရှန်းတန် ရှုပ်ထွေးသွားသည်။
ကုအန်းရန်က ကုဟွိုင်အန်းကို ဒေါသတကြီး ကြည့်သည်၊ "ဦးလေး၊ ဦးလေး လိမ်တာ။"
ကုဟွိုင်အန်း နှာခေါင်းပွတ်သည်။ မေ့သွားတယ်လို့ ပြောရမလား။
"တောင်းပန်ပါတယ်၊ ဦးလေး မေ့သွားတယ်။ အခု မင်းအန်တီ့ကို ကိုယ်တိုင်မေးလိုက်။"
ကုအန်းရန်က ရှန်းတန်ဆီ သွားပြီး အဝတ်တွေကို လှုပ်ယမ်းစပြုသည်။ "အစ်မ၊ အစ်မ၊ အစ်မ၊ အစ်မ..."
ရှန်းတန်ရဲ့ စိတ်ထဲမှာ "အစ်မ၊ အစ်မ" ဆိုတဲ့ စကားလုံးတွေပဲ ရှိနေတော့တယ်။
"အော်တာ ရပ်၊ မင်းအမေ သဘောတူမတူ မေးရမယ်..."
ရှန်းတန်က မေးခွန်းကို ကုချင်အန်းဆီသို့ ပြန်လွှဲပို့လိုက်သည်။
ဘာပဲဖြစ်ဖြစ်၊ သူမရဲ့ ကလေးပဲလေ။
သူမက ကုချင်အန်း ငြင်းလိမ့်မယ်လို့ ထင်ခဲ့သော်လည်း မျှော်လင့်မထားဘဲ သူမက ဂရုမစိုက်ဟန်ဖြင့် ခေါင်းညိတ်သည်၊ "ကောင်းပြီ၊ သွားကစား။"
ရှန်းတန် တအံ့တဩ ဖြစ်သွားသည်။
ကုချင်အန်းက ပြုံးလျက် ရှင်းပြသည်၊ "မင်း စိုးရိမ်တာတွေကို သူတို့ ပြောပြပြီးပြီ။ ငါတော့ ပြဿနာဖြစ်မယ် မထင်ဘူး။ သူတို့ ဆုံးဖြတ်ချက်ချပြီးပြီဆိုတော့ အကျိုးဆက်တွေကို ခံရမှာပဲ။ အဲဒီအဆင့် ရောက်လာရင်တောင် စမ်းသပ်မှုတစ်ခုလို့ သဘောထားပေါ့။ ဟုတ်တာပေါ့လေ၊ ကုမိသားစုက မြက်တွေ စားတာမှ မဟုတ်တာ။"
ကုချင်အန်းက တကယ်ပဲ အစွမ်းထက်တဲ့ အမျိုးသမီးတစ်ယောက်၊ စိတ်ဓာတ်လည်း အရမ်းမြင့်မားတယ်။
"မင်းတို့ ဘယ်သူမှ ကန့်ကွက်စရာ မရှိရင် ငါ သဘောတူလိုက်မယ်။"
"သဘောတူတယ်၊ သဘောတူတယ်၊ သဘောတူတယ်..." ဟု ထပ်တလဲလဲပြောကာ အသံသွင်းစက်လေး ပြန်စသည်။
ရှန်းတန်မှာ ဆူညံသံကြောင့် ခေါင်းကိုက်လာသည်။
ကုဝူယန် ဘာမှ မပြောသော်လည်း သူ့မျက်လုံးထဲက ပျော်ရွှင်မှုက ဖုံးကွယ်မရပေ။ သူလည်း သိသိသာသာ ပျော်နေတာပဲ။
ရှန်းတန် သူမ ငယ်ငယ်တုန်းက ကလေးအစီအစဉ်တွေ ကြည့်ခဲ့တာကို ပြန်သတိရမိသည်။ သူမလည်း အဲဒီကလေးတွေကို အားကျခဲ့ဖူးတာပဲ။ သူမ ချက်ချင်း နားလည်သွားသည်။
သူမ ကုဝူယန်ကို ချစ်ခင်စွာ ကြည့်လိုက်သည်။ ဒီကလေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။
"ကောင်းပြီ၊ ကောင်းပြီ၊ သွားကစား။"
ကုအန်းရန်က ဝမ်းသာအားရ ခုန်ပေါက်သည်။ "ဝူးဟူး"
သူမ ရှိုးမှာ ကောင်းကောင်း ဖျော်ဖြေမယ်၊ လူတိုင်းကို သူမ၏ အစ်မ စစ်မှန်ကြောင်း နားလည်အောင် လုပ်မယ်။
လူတိုင်း သူမကို သေချာပေါက် ကြိုက်ကြမှာပဲ။
ထို့နောက်တွင်တော့ အခြေအနေက ပြန်လည် တိတ်ဆိတ်သွားသည်။ ကလေးငယ်နှစ်ယောက်မှလွဲ၍ လူကြီးများ ဘယ်သူမှ စကားမပြောကြပေ။
ရှန်းတန်က တခြားသူတွေ ဘယ်လိုခံစားရလဲ မသိပေမဲ့ သူမကတော့ နေရခက်နေတာ သေချာတယ်။
တကယ်ကို အရမ်း အရမ်းကို မနေတတ်ဘူး။
သူမ အမေကုနှင့် ကုဟွိုင်အန်းကြားမှာ ထိုင်နေပြီး လက်သီးတွေကို ဆုပ်လိုက်၊ ဖြေလိုက် တုန်တုန်ယင်ယင် လုပ်နေလေသည်။
[ငါ သေတော့မှာပဲ၊ သေတော့မှာပဲ၊ သေတော့မှာပဲ။]
[တစ်ခုခု ပြောသင့်လား။]
[ဒါက မှူးမတ်မျိုးနွယ် မိသားစုဘဝလား။ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ နက်ရှိုင်းတဲ့ ရေထဲကလို အန္တရာယ်များပြီး မီးတောက်တွေလို ပူလောင်တယ်။]
[နေဦး၊ ကုမိသားစုက ပုံမှန်အားဖြင့် ဒီလောက် စကားနည်းကြတာလား။ ဒါက အရမ်း တိတ်ဆိတ်လွန်းတယ် မဟုတ်ဘူးလား…]
ကုဟွိုင်အန်းက သူမကို တစ်ချက် ကြည့်လိုက်သည်။ "ဗိုက်ဆာလား။"
"ဟင်။"
"ကိုယ် မင်းကို တစ်ခုခုစားဖို့ ခေါ်သွားမယ်။"
"အမ်၊ ကျွန်မ သိပ်ဗိုက်မဆာဘူး..."
သူမ ညက အရက်တွေ အများကြီး သောက်ထားတာကြောင့် အခုဆို အကုန်အစာကြေနေပြီ ဖြစ်ပြီး နည်းနည်းတော့ ဗိုက်ဆာနေသည်။
ဒါပေမဲ့ နေ့လယ်စာက မီးဖိုချောင်မှာ ပြင်ဆင်နေတုန်းပဲ။ သူမ အခု စားတာက မသင့်တော်ဘူး ထင်တယ်။
"သွားကြရအောင်။"
ကုဟွိုင်အန်း ထရပ်သည်။ ရှန်းတန် မလှုပ်မယှက် ရှိနေသည်ကို မြင်သောအခါ သူမကို တိုက်ရိုက် ဆွဲခေါ်သွားဖို့ လက်ဆန့်လိုက်သည်။
ရှန်းတန်မှာ ရှက်ရွံ့နေတဲ့ အမူအရာ ရှိသော်လည်းပဲ အမေကုက ကြင်နာစွာ ပြုံးရင်း "သွားကြ။"
ကုအန်းရန်က ပြေးလာသည်၊ "ကျွန်မလည်း လိုက်ချင်တယ်။"
ကုချင်အန်းက သူ့ကို ဆွဲထားသည်၊ "မင်း မလိုက်ရဘူး။"
"ဗိုက်ဆာတယ်။"
"မင်း မဆာဘူး။"
ကုအန်းရန် ထပ်ပြောဖို့ ကြိုးစားတုန်း ကုဝူယန်က သူ့ကို ဘေးကို ဆွဲခေါ်သွားပြီး တိုးတိုးလေး တစ်ခုခု ပြောလိုက်တော့ သူ နားလည်သွားပြီး ခေါင်းညိတ်သည်။
"အစ်မ၊ အစ်မ သွား။ ကျွန်တော် မဆာတော့ဘူး။"
ရှန်းတန် : "..."
သူမအကြောင်းကို သူတို့ ဆွေးနွေးနေကြသလိုမျိုး ထူးဆန်းစွာ ခံစားရသည်။
ကုဟွိုင်အန်းက သူမကို မီးဖိုချောင်သို့ ခေါ်ဆောင်သွားသည်။ ရှန်းတန်က အိမ်တော်ဟောင်းရဲ့ မီးဖိုချောင်က တကယ်ကို ကြီးမားလှပြီး ပုံမှန်လူတစ်ယောက်ရဲ့ အိမ်တစ်အိမ်လုံးစာ နီးပါးလောက် ရှိတယ်ဆိုတာကို တွေ့လိုက်ရသည်။
အတွင်းမှာ လူအများကြီး ချက်ပြုတ်နေတာ မဟုတ်ဘဲ လူအနည်းငယ်သာ ရှိတယ်။
သူတို့ ဝင်လာတာကို လုံးဝ တုံ့ပြန်ခြင်းမရှိဘဲ ပါဝင်ပစ္စည်းတွေကို ပြင်ဆင်တာမှာ အာရုံစိုက်နေကြတယ်။
ဒီက ပါဝင်ပစ္စည်းတွေက အားလုံး အရမ်းလတ်ဆတ်ပြီး အရည်အသွေးမြင့်တယ်။ အရသာကို မထိခိုက်စေဖို့ သေသေချာချာ ကိုင်တွယ်ရမယ်။
သူမ အရင်က ချက်ပြုတ်ခဲ့တဲ့ ပေါ့ပေါ့ပါးပါး အစားအစာတွေကို တွေးလိုက်တော့ ရှန်းတန်က သူမရဲ့ ဟင်းချက်တာကို အစားအစာလို့တောင် ခေါ်လို့မရဘူးလို့ ချက်ချင်း ခံစားလိုက်ရတယ်။
"ဘာစားချင်လဲ။"
ကုဟွိုင်အန်းရဲ့ အင်္ကျီလက်ကို ပင့်တင်လိုက်တဲ့ အပြုအမူကြောင့် ရှန်းတန် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
သူမက အံ့အားသင့်စွာ မေးသည်၊ "ရှင် ဟင်းချက်တတ်တာလား။"
အခန်း ( ၈၂ ) – ရုပ်ရှင်အတူသွားကြည့်ချင်လား
ကုဟွိုင်အန်းက ခေါင်းစောင်းလိုက်ပြီး "ဘာလဲ၊ ကိုယ့်ကို အဲ့လိုလူမျိုးလို့ မထင်ဘူးလား။"
ရှန်းတန် ခေါင်းခါသည်၊ "ရှင့်ကို တကယ် အဲ့လိုလို့ မထင်မိဘူး။ ရှင်က ဒီလိုကိစ္စရပ်မျိုးတွေကို ဘယ်တော့မှ လုပ်မှာ မဟုတ်တဲ့သူလို့ ထင်ခဲ့တာ။"
[ဘာပဲဖြစ်ဖြစ်၊ သူက အာဏာရှင်ဆန်တဲ့ ဥက္ကဌတစ်ဦး ဖြစ်သင့်တာလေ။ သူက အချိန်တိုင်း ကြိုးကြိုးစားစား အလုပ်လုပ်နေပြီး ဘာမှ မသိဘဲ နေလို့မရဘူး။ တစ်ခါတစ်လေ မျက်လုံးတွေ နီရဲနေတာ၊ ခါးတွေ ဆွဲညှစ်တာ၊ အော်ဟစ်တာနဲ့ တခြား အမိုက်စား ကိစ္စတွေ လုပ်ဆောင်နေသင့်တယ်။]
ကုဟွိုင်အန်း သက်ပြင်းချသည်။ ရှန်းတန်က ဒီလို ထူးဆန်းတဲ့ အတွေးတွေကို ဘယ်က ရတာလဲ တကယ် မသိဘူး။
"ကုမိသားစုရဲ့ စည်းကမ်းတွေအရ မိန်းကလေးတွေကို ဇိမ်ကျကျ မြှင့်တင်ရမယ်၊ ယောကျာ်းလေးတွေကို ဆင်းရဲဒုက္ခနဲ့ မြှင့်တင်ရမယ်။ အထက်တန်းကျောင်းကတည်းက ကိုယ်က နိုင်ငံခြားမှာ ပညာသင်ခဲ့တာ၊ ကိုယ့်မိသားစုက ပုံမှန်ကျောင်းသားတစ်ယောက်လိုပဲ ငွေပေးခဲ့တာ၊ ဒါတောင် ရပ်တည်ဖို့ မလောက်ငှဘူး။ ရိုးရိုးသားသားပြောရရင် အဲဒီတုန်းက တရုတ်စားသောက်ဆိုင်မှာ အချိန်ပိုင်းအလုပ် လုပ်ခဲ့ရတယ်၊ အဲဒီမှာပဲ ဟင်းချက်တတ်လာတာ။”
"ဟမ်" ရှန်းတန် အလွန်အံ့အားသင့်သွားသည်။ သူမက ကုဟွိုင်အန်းလို ငွေကြေးချမ်းသာတဲ့ ဒုတိယမျိုးဆက်တစ်ယောက်က ငယ်ငယ်ကတည်းက ဇိမ်ခံပြီး နေခဲ့ရမယ်လို့ ထင်ခဲ့တာ ဖြစ်သည်။
"မျှော်လင့်ချက်တွေ မထားပါနဲ့၊ ကိုယ်က ဟင်းချက်ကျွမ်းကျင်သူတော့ မဟုတ်ဘူး။"
ရှန်းတန်က ချက်ချင်း ခေါင်းခါသည်၊ "မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်မ ချက်ပြုတ်တာထက်တော့ ပိုအရသာရှိမှာ သေချာပါတယ်။"
နေ့လယ်စာက နှစ်နာရီကြာမှ ရမှာမို့ ကုဟွိုင်အန်းက ရှန်းတန်ကို ဗိုက်ပြည့်စေဖို့အတွက်ပဲ လုပ်ပေးတာပဲ ဖြစ်ပြီး တခြား ရှုပ်ထွေးတာတွေ ချက်ပြုတ်ပေးဖို့ မစဉ်းစားထားဘူး။
ကြက်စွပ်ပြုတ်ကို အခြေခံပြီး ပုစွန်နဲ့ ဟင်းသီးဟင်းရွက်ခေါက်ဆွဲတစ်ပန်းကန် ချက်ပြုတ်ပေးလိုက်သည်။ ရှန်းတန်က ပုံပန်းသဏ္ဌာန် ထိန်းသိမ်းရမှာဖြစ်လို့ ခေါက်ဆွဲနည်းနည်းပဲ ထည့်ပြီး ကျန်တာက အသီးအရွက်၊ ပုစွန်တွေနှင့် ပြည့်နေသည်။
နံနံပင်နှင့် ကြက်သွန်မြိတ်လေးတွေ အလှဆင်ပြီး ပူပူနွေးနွေး ပန်းကန်လုံး ရှေ့ကို ရောက်လာတော့ ရှန်းတန် တစ်ယောက် တံတွေးတွေ ကျလုနီးပါး ဖြစ်နေလေသည်။
"အနံ့လေးက အရမ်းမွှေးနေတာပဲ..."
[ကုဟွိုင်အန်း ဒီလောက် ဟင်းချက်ကောင်းမယ်လို့ မထင်ထားဘူး။ သူ မလုပ်နိုင်တာ ဘာများရှိသေးလဲ။ သာမန်လူတွေ ဘယ်လိုနေထိုင်ကြရမှာလဲ။]
[ဪ ဟုတ်သားပဲ၊ နိုင်ငံခြားမှာ အမျိုးသားတွေ ကလေးမွေးနိုင်တဲ့ နည်းပညာတွေ အပြည့်အဝ သုတေသနပြုပြီးပြီလို့ ကြားတယ်နော်။]
ကုဟွိုင်အန်း ဆက်နားထောင်လို့ မရတော့ဘဲ ပန်းကန်လုံးနဲ့ တူကို သူမဆီ တွန်းပေးလိုက်သည်၊ "စားတော့။"
ခေါက်ဆွဲတစ်လုပ် စားလိုက်တော့ ရှန်းတန် ချက်ချင်း အံ့သြသွားသည်။
"အရမ်းကောင်းတာပဲ။"
ရိုးရိုးသားသား ပြောရရင် သူ့ဘာသာ ချက်တာထက် ပိုအရသာရှိတယ်။
မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ထူးခြားတဲ့သူတစ်ယောက်က ဘက်ပေါင်းစုံမှာ ထူးချွန်တယ်။
အစားအစာနဲ့ စွပ်ပြုတ်အားလုံး ကုန်သွားတော့ မနက်က ဗိုက်ဆာနေတာတွေ နောက်ဆုံးတော့ ပြည့်သွားသည်။ ရှန်းတန် သက်သောင့်သက်သာ သက်ပြင်းချလိုက်သည်။
"စားသောက်လို့ ဗိုက်ဝသွားပြီ။"
"နောက်ဘာလုပ်ဖို့ စီစဉ်ထားလဲ။"
ရှန်းတန်က မျက်တောင်ခတ်သည်၊ "နေ့လယ်စာ စောင့်တာလား။"
ကုဟွိုင်အန်း ခပ်တိုးတိုးရယ်သည်။ "စားတာကလွဲရင်ပေါ့။"
ရှန်းတန် ခဏစဉ်းစားသည်။ "ဘာမှ သိပ်မရှိပါဘူး။ နောက်နှစ်ရက်နေရင် ရုပ်ရှင် စရိုက်ရတော့မယ်၊ ဒါကြောင့် သရုပ်ဆောင်တာကို အာရုံစိုက်ဖို့ စီစဉ်ထားတယ်။ ဪ ဟုတ်သားပဲ၊ အဲဒီ မိဘနဲ့ ကလေး ရသစုံရှိုးအတွက်လည်း စာချုပ်ကိစ္စ ဆွေးနွေးရဦးမယ်။"
ကုဟွိုင်အန်း ခေါင်းညိတ်သည်။ "ဒီနေ့ နေ့လယ်ပိုင်းရော ဘာစီစဉ်ထားလဲ။"
"နေ့လယ်ပိုင်းမှာ ဘာမှ မရှိဘူး။"
"ဒါဆို ရုပ်ရှင်သွားကြည့်ရအောင်လား" ကုဟွိုင်အန်း ခပ်ဖွဖွ ချောင်းဆိုးလိုက်သည်၊ "သူငယ်ချင်းက လက်မှတ်တွေ ပေးထားတာ။ မသုံးရင် အလကားဖြစ်သွားမှာစိုးတယ်။"
"ဘယ်ကားလဲ" ရှန်းတန်က သိပ်ပြီး နက်နက်နဲနဲ မစဉ်းစားခဲ့ပေ။
ရှန်းတန်သည် ကုဟွိုင်အန်းက ရုပ်ရှင်လက်မှတ်များ အလဟဿဖြစ်မည်ကို နှမြော၍သာ ဖိတ်ခေါ်သည်ဟု ပိုမိုယုံကြည်ခဲ့သည်။ ၎င်းသည် သူမကို တမင်တကာ ရုပ်ရှင်ကြည့်ရန် ချိန်းဆိုခြင်း မဟုတ်ဘဲ ရုပ်ရှင်၏ နောက်ဆုံးရလဒ်ကို စစ်ဆေးလိုခြင်းကဲ့သို့သော ပိုမိုနက်ရှိုင်းသည့် ရည်ရွယ်ချက်များ ရှိနိုင်သည်ဟုလည်း သူမ တွေးခဲ့သည်။
သူမရဲ့ အတွင်းစိတ်အတွေးများကို ကြားနိုင်တဲ့ ကုဟွိုင်အန်း : "..."
သူမနဲ့ ရုပ်ရှင်ကြည့်ချင်ရုံသက်သက် ဘာလို့ မဖြစ်နိုင်ရမှာလဲ။
"ဒီနေ့ နေ့လယ်ရောက်မှ သိရလိမ့်မယ်။ ဪ ဟုတ်သားပဲ၊ မင်းက ဘယ်လိုရုပ်ရှင်မျိုးတွေ ကြည့်လေ့ ရှိလဲ။"
"ကျွန်မက သိပ်ရွေးတတ်တာ မဟုတ်ပါဘူး။ အနုပညာရုပ်ရှင်တွေကလွဲရင် ကျန်တဲ့ အမျိုးအစားအားလုံးကို ကြည့်ရတာ ကြိုက်တယ်။"
အနုပညာရုပ်ရှင်တွေကို မကြိုက်တာ မဟုတ်ပါဘူး။ သူမ နားမလည်တာပဲ ရှိတယ်။ ဒါရိုက်တာတွေ ဘာပြောချင်လဲဆိုတာကို နားလည်နိုင်တဲ့ ထိုးထွင်းဉာဏ် ဒါမှမဟုတ် နက်နဲတဲ့ အတွေးအခေါ်တွေ သူမမှာ မရှိဘူး။ သူမက အန်ဒရီနလင်ထွက်အောင် လှုံ့ဆောင်ပေးနိုင်တဲ့ စိတ်လှုပ်ရှားကောင်းတဲ့ ကားကြီးတွေကို ပိုကြိုက်တယ်။
ကုဟွိုင်အန်း သူမရဲ့ အတွင်းစိတ်အတွေးတွေကို ကြားပြီးနောက် သူ့လက်ဖဝါးတွေကို နည်းနည်းတင်းလိုက်သည်။
"အဟမ်း။ ကိုယ် ခဏလောက် အိမ်သာသွားလိုက်ဦးမယ်။"
အိမ်သာထဲ ရောက်တာနဲ့ ကုဟွိုင်အန်းက လက်ထောက်ချန်ကို ရုပ်ရှင်လက်မှတ်နှစ်စောင် ပြန်ဘွတ်ကင်လုပ်ဖို့ ချက်ချင်း စာပို့လိုက်သည်။
ကံကောင်းစွာနဲ့ သူ မေးခဲ့မိတယ်။ သူမကို မှားတဲ့ကား ပြလိုက်ရင် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ဖြစ်သွားလိမ့်မည်။
ခဏအကြာတွင် ကုဟွိုင်အန်းသည် နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်လျက် ထွက်လာသည်။
ရှန်းတန် အံ့အားသင့်သည်၊ "အိမ်သာသုံးတာနဲ့တင် ဒီလောက် ပျော်ရသလား။"
"ဟုတ်တယ်။"
ရှန်းတန် : "ဟင်..."
သူမက ကုဟွိုင်အန်းက အိမ်သာသုံးတာနဲ့တင် ဒီလောက်ပျော်နေလိမ့်မယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ ကိုယ့်အကြိုက်နဲ့ကိုယ်ပဲလေ၊ သူ့ရဲ့ နှစ်သက်မှုတွေကို လေးစားနားလည်ပေးသင့်တယ်။
ကုဟွိုင်အန်း : "..."
သူ မဟုတ်ဘူး၊ သူ့မှာ ထူးဆန်းတဲ့ အကြိုက်တွေ မရှိဘူး။
ဒါပေမဲ့ ဒီအခြေအနေမှာတော့ သူက ကိုယ့်ဘာသာကိုယ် ရှင်းပြလို့ မရသေးဘူး ထင်တယ်။
သူက လိမ်ပြီး "ကိုယ် ခုနကပဲ သတင်းကောင်းတစ်ခု ကြားလိုက်လို့ ပျော်သွားတာ။"
ရှန်းတန်က သူမ အထင်လွဲခဲ့တာကို သတိရသွားသည်။ ကံကောင်းစွာနဲ့ သူမ ထင်တာတွေကို အသံထွက် မပြောမိလို့။
"ဪ... ကျွန်မကို ရှင်းပြစရာ မလိုပါဘူး..."
ကုဟွိုင်အန်း ဘာမှ ထပ်မပြောတော့ပေ။
အိမ်တော်ဟောင်းတွင် နေ့လယ်စာ စားပြီးနောက် ကုချင်အန်းက ရှန်းတန်ကို ခေါ်လိုက်သည်။
ရှန်းတန် စိတ်လှုပ်ရှားသွားသည်။
သူမသည် အန်းရန်နှင့် ဆက်ဆံရသည်မှာ အကျွမ်းတဝင်ရှိသော်လည်း ထိုအစ်မကြီးနှင့် စကားပြောရသည်မှာ ရှားပါးလှသည်။
နောက်ဆုံးတစ်ခါ ခဏတာ တွေ့ဆုံခဲ့စဉ်က သူမသည် လူကောင်းတစ်ယောက်လို ထင်ရသည်။
ဒါပေမဲ့ ရှန်းတန်က သူမ ဘာကြောင့် ရှန်းတန်ကို ရှာနေလဲဆိုတာကို ခုထိ နားမလည်နိုင်သေး။ ဘာပဲဖြစ်ဖြစ် သူမ ကူညီနိုင်တဲ့ အင်အား သိပ်မရှိဘူး ထင်ရသည်။
အဲဒီအနည်းငယ်သော ခြေလှမ်းတွေကို လှမ်းနေရင်းမှာပဲ သူမရဲ့ စိတ်ထဲမှာ အတွေးပေါင်းများစွာ လျှပ်တစ်ပြက် ပြေးလွှားသွားခဲ့သည်။
မည်သူမျှ မကြားနိုင်သည်ကို သေချာမှသာ ကုချင်အန်းက စကားစသည်၊ "တောင်းပန်ပါတယ်၊ မင်းကို လန့်သွားစေမိလား။"
"အား မဟုတ်ပါဘူး၊ လုံးဝ မဟုတ်ပါဘူး" ရှန်းတန် အလွန်စိတ်လှုပ်ရှားနေသော်လည်း လန့်မသွားခဲ့ပေ။
"မင်းကို ဒီကို ခေါ်တာက မင်းရဲ့ အကူအညီတောင်းစရာ ကိစ္စလေးတစ်ခု ရှိလို့ပါ။"
"ဘာကိုလဲ အစ်မ" ရှန်းတန် သူမ ကူညီနိုင်တဲ့ ဘာမှ မရှိဘူးလို့ ထင်တာ။ ဘာပဲဖြစ်ဖြစ် သူမမှာ ကူညီနိုင်တဲ့ စွမ်းရည် သိပ်မရှိဘူး ထင်ရလို့။
"ဒီလိုပါ၊ ဟွိုင်အန်း ဘယ်လောက် အလုပ်ကြိုးစားလဲ မင်း သိတာပဲ။ ဒီလို ဆက်သွားရင် သူ့ခန္ဓာကိုယ်က ခံနိုင်မှာ မဟုတ်ဘူး။ ငါ မင်းကို သူ့ကို အလုပ် အရမ်းမကြိုးစားဖို့ အကြံပေးစေချင်တယ်။"
"ကျွန်မ အဲ့ဒါတော့ လုပ်နိုင်မှာ မဟုတ်လောက်ဘူး..."
"မင်း လုပ်နိုင်တယ်၊ ဟွိုင်အန်းက မင်းစကားကို နားထောင်လိမ့်မယ်။"
ရှန်းတန်တစ်ယောက် ကုချင်အန်း ဘာလို့ ဒီလောက် သေချာနေလဲဆိုတာ နားမလည်။ သူမ ခေါင်းကုတ်သည်။ "ဒါဆို ကျွန်မ အစွမ်းကုန် ကြိုးစားကြည့်ပါ့မယ်။"
"ဪ ဟုတ်သားပဲ၊ ဒါ မင်းအတွက်ပါ။"
ကုချင်အန်း သူမကို ပေးလိုက်သည်မှာ လေလံပွဲရုံတစ်ခု၏ ဖိတ်စာကတ် ဖြစ်သည်။
၎င်းတွင် QR code တစ်ခု ရိုက်နှိပ်ထားပြီး စကင်န်ဖတ်လိုက်သောအခါ လေလံတင်မည့် ပစ္စည်းများကို ပြသသည်။
ရှန်းတန်က အံ့အားသင့်စွာ မေးသည်၊ "ဒါ ဘာလို့ ကျွန်မကို ပေးတာလဲ။"
သူမမှာ ပိုက်ဆံ မရှိဘူး။ သူမရဲ့ စုဆောင်းငွေတွေက အငြိမ်းစားယူဖို့အတွက်ပဲ၊ အဲဒါတွေကို သုံးလို့ မရဘူး။
ဒါ့အပြင် သူမမှာ ရှိတဲ့ နည်းနည်းပါးပါး စုဆောင်းငွေလေးနဲ့ဆိုရင် အဲဒီက ပစ္စည်းတွေကို ဝယ်နိုင်မှာ မဟုတ်ဘူး၊ စျေးအသက်သာဆုံး ပစ္စည်းတွေတောင် ကိန်းဂဏန်း ခုနစ်လုံး ရှိနေတာ ဖြစ်၏။
"မင်း သွားကြည့်လိုက်ရုံပဲလို့ ငါ ထင်တယ်။ ဒီဖိတ်စာက သူငယ်ချင်းတစ်ယောက်ကိုပါ ခေါ်သွားလို့ရတယ်။ မင်းနဲ့အတူ ပျော်စရာ သွားလုပ်ဖို့ တစ်ယောက်ယောက်ကို ဖိတ်လို့ရတယ်။"
"ကျေးဇူးပါ အစ်မ။" သူမရဲ့ စေတနာ မေတ္တာကနေ လာတာမို့ သွားကြည့်တာ အပြစ်မရှိဘူး။
ရှန်းတန်က သူမက ယဉ်ကျေးမှု မရှိလွန်းဘူးလို့ ခံစားရတယ်။ အမြင်ကျယ်စေဖို့ သွားကြည့်တာ ကောင်းမယ်။ ဘယ်သူ့ကို ဖိတ်ခေါ်သွားရမလဲတော့ မသေချာဘူး။
နေဦး။ စဉ်းစားကြည့်တော့ သူမရဲ့ သူငယ်ချင်းကောင်းတွေ အကုန်လုံးက ချမ်းသာတဲ့ မိသားစုတွေကနေ လာကြတာပဲ…။
ရှန်းတန် မျက်နှာပျက်သွားသည်။ လူတိုင်းထဲမှာ သူမ တစ်ယောက်တည်းသာ ဆင်းရဲသူဖြစ်နေတာကို သတိရမိသွားတယ်။
ရှန်းတန်ရဲ့ ပြောင်းလဲနေတဲ့ မျက်နှာအမူအရာကို မြင်တော့ ကုချင်အန်းက သူမကို အရမ်း ရယ်စရာကောင်းတယ်လို့ မြင်သည်။ လူငယ်တွေက အရမ်း နိုးကြားတက်ကြွကြတာပဲ။
မထိန်းနိုင်ဘဲ သူမ ရှန်းတန်ရဲ့ ပါးကို ဖျစ်ညှစ်လိုက်သည်။ "ကောင်းပြီ၊ ဟွိုင်အန်းကို မင်းလက်ထဲ အပ်လိုက်ပြီ။ ငါ တခြား လုပ်စရာတွေ ရှိသေးတယ်။"
ငါ ဒီလောက် ကြိုးစားပြီး လုပ်ပေးထားတာ မင်းတို့ ငါ့ကို စိတ်ပျက်အောင် မလုပ်ကြပါနဲ့။
ရှန်းတန် နီမြန်းနေတဲ့ ပါးပြင်တွေနဲ့ ခေါင်းညိတ်သည်။ "ဟုတ်ကဲ့၊ အစ်မ ဂရုစိုက်သွားဦးနော်~"
သူငယ်ချင်းတွေနဲ့ အတူရှိနေတဲ့အခါ သူမက သူများပါးကို ဖျစ်ညှစ်သူပဲ ဖြစ်လေ့ရှိတယ်။ ကိုယ့်ပါးကိုယ် အဖျစ်ခံရတာ တစ်ခါတစ်လေ တကယ်ကို ကောင်းသားပဲ။