အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
အခန်း ( ၉၇ ) – ပြည်သူ့ဝန်ထမ်း
ရှန်းတန်သည် ဒါရိုက်တာက သူမကို ခေါ်တွေ့ခြင်းက ရိုက်ကူးရေးကိစ္စဟု ထင်ခဲ့သော်လည်း သူမ၏ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်နေသည့်အတွက် အံ့အားသင့်သွားသည်။
"ဒါက အရေးမကြီးဘူးလား။ ဝေ့ပေါ်က အခုဆိုရင် ဆန့်ကျင်ဘက်ဖန်တွေအတွက် ပွဲတော် ဖြစ်နေပြီ" ဟု ဒါရိုက်တာက ပြောလိုက်သည်။
ရှန်းတန်က ခဏတာ တိတ်ဆိတ်သွားပြီး "ဒါရိုက်တာ၊ အလုပ်ချိန်မှာ ဝေ့ပေါ်ကြည့်နေတုန်းပဲလား" ဟု ပြန်မေးလိုက်သည်။
ဒါရိုက်တာ : "..."
ဤပြောင်မြောက်သော စကားသည် ဒါရိုက်တာ၏ ဟန်ဆောင်မှုကို ဖော်ပြလိုက်သည်၊ အဘယ်ကြောင့်ဆိုသော် သူသည် အဖွဲ့သားများကို ဖုန်းမသုံးရန် မကြာခဏ ဆုံးမတတ်သောကြောင့်ပင်။
ခဏအကြာတွင် ရှန်းတန်က "ကျွန်မ လက်ထပ်ပြီးပါပြီ" ဟု ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။
သူမ၏ စကားကို ကြားလိုက်သောအခါ ပတ်ဝန်းကျင်မှ လူများ အသက်ရှူမှားသွားကြသည်။
"အစ်မတန်တန်၊ မင်း တကယ်ပဲ အဲ့ဒီလူနဲ့…"
ထိုသူ စကားမဆုံးခင်မှာပင် ဘေးနားက တစ်စုံတစ်ယောက်က သူ့ကို ဆွဲလိုက်သည်။
သို့သော် သူမက ချက်ချင်းပင် ရှင်းလင်းလိုက်သည်၊ "ကျွန်မ လက်ထပ်ပြီးပါပြီ၊ ဒါပေမဲ့ အဲဒီလူနဲ့ မဟုတ်ဘူး။ ရိုးရိုးသားသားပြောရရင် သူ့ကို ကျွန်မ မသိပါဘူး" ဟု ပြောလိုက်သည်။
"ဪ၊ ဒါက မဟုတ်မမှန်ဘူးဆိုတာ ကျွန်တော် သိပါတယ်..."
"ဟုတ်တယ်၊ အဲဒီလူနှစ်ယောက်က လုံးဝ လိုက်ဖက်မှု မရှိဘူး။ အစ်မရှန်းတန်က အဲဒီလောက် အတွေးတိမ်မှာ မဟုတ်ဘူး..."
လူတိုင်းက ဒီလိုပြောနေကြပေမဲ့ တကယ်ပဲ ယုံကြည်လို့ပြောတာလားဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ခဲ့ကြပါဘူး။
အချို့က သူမကို ယုံကြည်ကြသော်လည်း အချို့ကမူ ရှက်ရွံ့၍ ငြင်းဆိုခြင်း ဖြစ်သည်ဟု ထင်မြင်ကာ သံသယဝင်နေဆဲပင်။
ဒါရိုက်တာပင် သူမကို ဘေးသို့ဆွဲခေါ်ပြီး "တကယ် လက်ထပ်ပြီးပြီလား။ ဘယ်သူနဲ့လဲ" ဟု တိုးတိုးလေး မေးမြန်းခဲ့သည်။
"တကယ်ပါ၊ ဒါရိုက်တာကို လိမ်စရာမှ မရှိတာ။"
"ဘယ်သူနဲ့လဲ။"
သို့သော် ရှန်းတန်က ပါးစပ်ကို တင်းတင်းစေ့ကာ ဇစ်ပိတ်ထားသကဲ့သို့ပင် တိတ်ဆိတ်နေခဲ့သည်။
"ကောင်းပါပြီ၊ ဘယ်သူလဲဆိုတာကို မင်း မပြောချင်ဘူးဆိုရင်လည်း မပြောပါနဲ့တော့၊ ဟဲဟဲ၊ တကယ်တော့ ကျွန်တော်လည်း သိချင်တာ မဟုတ်ပါဘူး။"
ခဏအကြာတွင် သူက "ပြောပြပါဦး၊ ကျွန်တော် ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး" ဟု တောင်းဆိုပြန်သည်။
ရှန်းတန်ကမူ ဘာမှ မပြောလိုသည့် သဘောဖြင့် ခေါင်းခါပြခဲ့သည်။
ကောလာဟလများကို စိတ်ဝင်တစား သိချင်နေသော ဒါရိုက်တာ၏ စကားများသည် ယုံကြည်၍ မရနိုင်သည်မှာ သိသာလွန်းလှသည်။
တကယ်တမ်းတွင်မူ ကုလုပ်ငန်းစုအတွင်းရှိ လူတိုင်းနီးပါးသည် ရှန်းတန်နှင့် ကုဟွိုင်အန်းတို့၏ ဆက်ဆံရေးကို သိရှိကြသည်။ သို့သော် ဤကိစ္စသည် အွန်လိုင်းပေါ်တွင် လုံးဝ ပျံ့နှံ့ခြင်း မရှိသည်ကလည်း နောက်ကွယ်မှာ တစ်စုံတစ်ခု ရှိနေကြောင်း ပြသနေပါသည်။
ရှန်းတန်သည် သူမ၏ ကိုယ်ရေးကိုယ်တာ ဘဝကို လူအများက ဝေဖန်ဆွေးနွေးကြသည်ကို မလိုလားခဲ့ပါ။
ဝေ့ပေါ်သို့ ဝင်ရောက်ပြီးနောက် သူမသည် လူမည်းအတွေးနက်နေသော အီမိုဂျီပုံလေးကို တင်လိုက်သည်။
ကုမ္ပဏီတစ်ခုတည်းမှ အမျိုးသမီးအနုပညာရှင်နှင့် ပတ်သက်၍ ရှန်းတန်သည် လုံးဝ ဂရုမစိုက်ခဲ့ပါ။
[ဒါက သတင်းအတုဆိုတာ ကျွန်မ သိပြီးသား၊ လုံးဝကို အဓိပ္ပာယ်မရှိတာပဲ။]
[အစ်မတန်တန် ထွက်လာပြီ။]
[ရယ်စရာကောင်းလိုက်တာ၊ နောက်တစ်ခါကျရင် ပရိသတ်ယောင်ဆောင်ပြီး တိုက်ခိုက်တဲ့သူတွေ ပိုပြီး လက်တွေ့ကျတာလေးတွေ ထွင်ကြပါလား။]
ရှန်းတန်သည် သူမ၏ ပရိသတ်များကို ဝေ့ပေါ်ဖန်ဂရုထဲတွင် ထပ်မံ၍ စိတ်ချလက်ချဖြစ်အောင် ပြောပြခဲ့ပါသည်။
ဝီချက်ကို ဖွင့်ကြည့်သောအခါ သူမ၏ သူငယ်ချင်းများကလည်း ထိုသတင်းကို လုံးဝ မယုံကြည်ကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် လုံးဝကို ဟာသဆန်ပြီး အတုအယောင်ဖြစ်သည်ဟုသာ ထင်ကြသည်။
ပရိသတ်ယောင်ဆောင်ပြီး တိုက်ခိုက်သည်ဟု သံသယရှိရသော ပရိသတ်တစ်ဦးက သူမအား နှစ်သိမ့်ပေးသည့် မက်ဆေ့ချ်များစွာ ပို့ခဲ့သည်မှာလည်း ထူးခြားမှု တစ်ခု ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူမသည် သူမ၏ ကိုယ်ပိုင်ဝီချက်အကောင့်တွင် "မည်သူမဆို ဝင်ရောက်တိုက်ခိုက်ပါက မှတ်ချက် တစ်ခုလျှင် ၂ ယွမ် ရရှိမည်" ဟု တင်ထားခဲ့သည်။
ရှန်းတန်သည် မျက်လုံးအဝိုင်းသားဖြင့် ကြည့်မိသည်။
"ဝိုး၊ ကျွန်မလည်း ဒီပိုက်ဆံတွေ ရှာချင်လိုက်တာ။"
နှစ်ဦးသား ရုပ်ရှင်အဖွဲ့သားများရှိရာသို့ ပြန်ရောက်လာသောအခါ ပတ်ဝန်းကျင်မှ လူတိုင်းသည် သူတို့နှစ်ဦးကို စပ်စုသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။
ကောလာဟလများကို မသိလိုက်ရသည့်အတွက် ဒါရိုက်တာသည် အလွန်စိတ်ဆိုးနေပြီး မျက်နှာတည်တည်ဖြင့် "ဘာတွေ ကြည့်နေကြတာလဲ။ ဘယ်သူမှ အလုပ် မလုပ်တော့ဘူးလား" ဟု အော်ဟစ်ခဲ့သည်။
လူအုပ်စုမှာ မကျေမနပ်ဖြစ်သော်လည်း ဘာမှ ပြန်မပြောရဲကြပေ။ ပထမဆုံး အလုပ်ပျက်ကွက်မှုကို ဦးဆောင်ခဲ့သူမှာ ဒါရိုက်တာကိုယ်တိုင်ပင် ဖြစ်သည်။
"အလုပ်လုပ်၊ အလုပ်လုပ်။"
နောက်ထပ် မွန်းတည့်ချိန်အထိ အလုပ်များပြီးမှ ရိုက်ကူးရေး ပြီးဆုံးခဲ့သည်။
ရှန်းတန်သည် ခါးနာ၊ ကျောနာဖြင့် မောပန်းနွမ်းနယ်နေခဲ့သည်။ ဤဇာတ်ရုပ်သည် လက်နက်များကို ကိုင်တွယ်ရသောကြောင့် ရှန်းတန်သည် စတန့်မင်းသမီးကို မသုံးဘဲ သူမကိုယ်တိုင် ကြိုးစားရခြင်းဖြစ်သည်။ ထို့ကြောင့်လည်း နေ့တိုင်း အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခြင်း ဖြစ်သည်။
သူမ ရေချိုးပြီးသည်နှင့် ဝီချက်အကောင့်မှ နိုတီအသံမြည်လာသည်ကို ကြားသောအခါ ရှန်းတန်သည် အလိုလို ဖုန်းကိုင်လိုက်သည်။
ကုဟွိုင်အန်း၏ ခန့်ညားသော မျက်နှာကို မမြင်ရမီအထိ သူမသည် ဗီဒီယိုဖုန်းခေါ်ဆိုမှု ဖြစ်သည်ကို သတိမထားမိဘဲ အတွင်းမှ ကြိုးတစ်လုံး ညအိပ်ဝတ်ဂါဝန်တစ်ထည်ကိုသာ ဝတ်ဆင်ထားခဲ့သည်။ သူမသည် အောက်တွင် ဘာမှ မဝတ်ဆင်ထားသေးသည်ကို သတိပြုမိသွားခဲ့သည်။
ရှန်းတန်သည် ဗီဒီယိုဖုန်းခေါ်ဆိုမှုကို အလျင်အမြန် ဖြတ်တောက်လိုက်သည်။
ရှန်းတန် : "..."
သူမကို ဗီဒီယိုဖုန်းခေါ်ဆိုဖို့ သူ မည်သို့လုပ်ရဲသနည်း။
ရှန်းတန်သည် သင့်တင့်လျောက်ပတ်သော အိမ်တွင်းဝတ်စုံကို ပြောင်းလဲဝတ်ဆင်ပြီးနောက် သူ့ကို ပြန်ခေါ်ခဲ့သည်။ သူမကို ခုနက မြင်လိုက်ရသည့်အတွက် သူမလည်း ပြန်မြင်ချင်သည်၊ ထိုသို့ပြုလုပ်ခြင်းကသာ တရားမျှတလိမ့်မည် မဟုတ်ပါလား။
ကုဟွိုင်အန်းသည် တစ်စက္ကန့်အတွင်း ဖုန်းကိုင်လိုက်သည်။ ရှန်းတန်သည် အစောပိုင်းက သေချာမကြည့်လိုက်ရဘဲ ယခုအခါတွင် ကုဟွိုင်အန်းသည် ဝတ်စုံနှင့် မျက်မှန်ကို ဝတ်ဆင်ထားဆဲဖြစ်သည်ကို တွေ့ရှိခဲ့သည်။ နောက်ခံကို ကြည့်ခြင်းအားဖြင့် သူသည် ကုမ္ပဏီတွင် ရှိနေဆဲ ဖြစ်သည်။
ရှန်းတန်သည် စိတ်မချမ်းသာဖြစ်မိပြီး "ဘာလို့ ရှင်က ကုမ္ပဏီမှာ ရှိနေသေးတာလဲ။"
"မပြီးသေးတဲ့ ကိစ္စတွေ ရှိလို့ ဒီည အချိန်ပိုလုပ်ရမယ်။"
"မနက်ဖြန်ကျမှ လုပ်လို့မရဘူးလား။"
"တချို့က အရေးတကြီးဖြစ်နေလို့ ဒီညပဲ ပြီးအောင်လုပ်မှရမှာ။"
ရှန်းတန်က နားလည်သည်ဟု ခေါင်းငြိမ့်ပြသည်။ ဆိုးလိုက်တာ၊ ဒီတော့ သူမသည် လတ်ဆတ်သော အသားကို မြင်တွေ့ခွင့်ရတော့မည်မဟုတ်ဟု တွေးမိသည်။
"ဒါဆို ခုနက ကျွန်မကို ဘာပြောချင်လို့လဲ" ရှန်းတန်သည် ခုနက ရှက်စရာကောင်းသော အဖြစ်အပျက်ကို မေ့ဖျောက်ရန် အစွမ်းကုန် ကြိုးစားပြီး အလေးအနက်မေးလိုက်သည်။
"သိပ်တော့ မဟုတ်ပါဘူး၊ အစကတော့ ဝေ့ပေါ်ကိစ္စနဲ့ ပတ်သက်ပြီး မင်းအကူအညီလိုမလားလို့ မေးချင်တာပါ။"
ခဏမျှ ရပ်တန့်ပြီးနောက် ကုဟွိုင်အန်းက ဆက်ပြောသည် "တောင်းပန်ပါတယ်၊ ခုနက ကိုယ် မြင်လိုက်တယ်။"
ရှန်းတန်သည် ဤကိစ္စနှင့် ပတ်သက်၍ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။ သူမသည် ခေါင်းကို ကုတ်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "ရှင် ဘယ်လို စီစဉ်ဖို့ စဉ်းစားထားလဲ။"
"ကိုယ်ကတော့ လူသိရှင်ကြား ထုတ်ပြောတာ ကောင်းမယ်လို့တော့ တွေးမိတယ်။"
ကုဟွိုင်အန်းသည် သူ့နှုတ်ခမ်းကို ဖိထားပြီး အနည်းငယ် စိုးရိမ်နေပုံရသည်။
ရှန်းတန်ကမူ သူ၏ တကယ့်ရည်ရွယ်ချက်မှာ လူသိရှင်ကြား ထုတ်ပြောလိုခြင်း သက်သက်သာ ဖြစ်သည်ဟု အနည်းငယ် သံသယရှိခဲ့သည်။
ရှန်းတန်သည် တမင်တကာ ခဏမျှ တွေဝေနေပြီးနောက် ကုဟွိုင်အန်း၏ မျှော်လင့်တောင့်တနေသော အကြည့်အောက်တွင် ဖြည်းညှင်းစွာ ငြင်းဆန်ခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း သူသည် ရလဒ်ကြောင့် စိတ်ပျက်အားငယ်နေပုံရသည်။
ကုဟွိုင်အန်းသည် သူမ၏ အဖြေကို ကြားသောအခါ အမှန်ပင် အနည်းငယ် စိတ်ပျက်အားငယ်သွားသော်လည်း သူသည် ထပ်မံ ကြိုးစားလိုသေးသည်။ "ကိုယ့်ရဲ့ အကူအညီ မလိုဘူးဆိုတာ သေချာလား။ ဒါက တစ်ခါတည်းနဲ့ အားလုံးကို ဖြေရှင်းနိုင်တယ်နော်။"
ရှန်းတန်က ခေါင်းခါပြလိုက်သည်။ "ကျေးဇူးပါပဲ၊ ဒါပေမဲ့ ကျွန်မ အခုတော့ မလိုသေးပါဘူး။"
"ကောင်းပါပြီ..."
နှစ်ဦးသား စကားအနည်းငယ် ပြောပြီးနောက် ဗီဒီယိုဖုန်းခေါ်ဆိုမှုကို ချလိုက်သည်။
နောက်ရက်အနည်းငယ်တွင် ရှန်းတန်သည် နေ့ဘက်၌ အလုပ်ကြိုးစားစွာ ရိုက်ကူးခဲ့ပြီး ညဘက်တွင် ကုဟွိုင်အန်းနှင့် ဗီဒီယိုဖုန်းခေါ်ကာ စကားပြောခဲ့သည်။ အစပိုင်းတွင် အနည်းငယ် ရှက်ကြောက်မှုများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် သူမသည် စကားပြောနေရင်း အေးအေးဆေးဆေး မိတ်ကပ်ဖျက်ခြင်းနှင့် အသားအရေ ထိန်းသိမ်းခြင်းများကို ပြုလုပ်နိုင်ခဲ့သည်။
သူမသည် တစ်ခုခုကို မေ့လျော့နေသည်ဟု အမြဲခံစားနေရသော်လည်း ခဏတာမျှ စဉ်းစား၍ မရနိုင်ခဲ့ပေ။
ကုဟွိုင်အန်းက သတိပေးလိုက်သောအခါမှသာ ရှန်းတန်သည် သူမ၏ ဝန်ခံတောင်းပန်စာ မရေးရသေးသည်ကို သတိရသွားသည်။
ရက်စွဲကို ကြည့်လိုက်သောအခါ နှစ်ရက်သာ ကျန်ရှိသေးသည်ကို တွေ့ရသည်။ အချိန်လုံလောက်သေးသည်ဟု ထင်ခဲ့သည်။
ရက်အတော်ကြာအောင် မဝင်ဖြစ်သော တာ့ပေါင်သို့ ဝင်ရောက်ပြီးနောက် ရှန်းတန်သည် သူမ ဝန်ဆောင်မှု ဝယ်ယူထားသည့် ဆိုင်ကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ဆိုင်ပိတ်ထားပြီး ငွေများကိုလည်း ပြန်အမ်းထားသည်ကို တွေ့ရှိခဲ့သည်။
ရှန်းတန် : "???"
ဆိုင်က ပိတ်သွားတာလား။
ဒါက ဘာအဓိပ္ပာယ်လဲ။
သူမသည် ထိုပိုက်ဆံကို လိုအပ်နေတာမှ မဟုတ်တာ၊ သူမ လိုအပ်နေသည်မှာ ထို တောင်းပန်စာပင် ဖြစ်သည်။
သူတို့နှစ်ဦးသည် ဗီဒီယိုဖုန်းခေါ်ဆိုမှုဖြင့် ဆက်လက်ချိတ်ဆက်နေဆဲဖြစ်သောကြောင့် ကုဟွိုင်အန်းသည် ရှန်းတန်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်သောအခါ အလွန်စိုးရိမ်သွားသည်။ "ဘာဖြစ်တာလဲ"
ရှန်းတန်သည် ဟန်ဆောင်ပြုံးကာ "ဘာမှ မဟုတ်ပါဘူး" ဟု ပြောလိုက်သည်။
"ဒါက ဘာမှ မဖြစ်တာနဲ့ တူရဲ့လား။"
"ဘာဖြစ်လဲဆိုတာ ကိုယ့်ကို ပြောပြလို့ ရပါတယ်။"
ရှန်းတန်က သက်ပြင်းချလိုက်သည်။ ဒါကို သူမ ပြောနိုင်ပါ့မလား။
သူမ ငွေပေးပြီး ရေးခိုင်းထားသော ငှားရမ်းထားသည့် စာရေးသူ ထွက်ပြေးသွားသည်ဟု ပြောသင့်သလား။
ကုဟွိုင်အန်းသည် သူမကို သေချာပေါက် ရယ်လိမ့်မည်။
"အမ်... ကိုယ့်ဘာသာ ဝန်ခံစာ ရေးလို့ မရဘူးလား။"
ကုဟွိုင်အန်းသည် မျက်ခုံးပင့်လိုက်သည်။ "အဲ့စာရေးတာနဲ့ ပတ်သက်ပြီး တစ်ခုခု ဖြစ်တာလား။ မရေးရသေးဘူးလား။"
စကားကို ပို၍ ပြောမိပြီး သူ ခန့်မှန်းမိသွားမည်ကို စိုးရိမ်သဖြင့် ရှန်းတန်သည် အလျင်အမြန် လက်ဝှေ့ယမ်းပြလိုက်သည်။ "မဟုတ်ဘူး၊ မဟုတ်ဘူး၊ ပြီးလုနီးပါးပါပြီ၊ မနက်ဖြန် အလုပ်တွေ အများကြီးရှိလို့ ပြီးအောင် မလုပ်နိုင်မှာစိုးလို့ပါ၊ ဟားဟားဟား..."
ကုဟွိုင်အန်းက သူမကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ရှန်းတန် မသိပါ။ မည်သို့ပင်ဖြစ်စေ သူမ စကားဆက်ပြောရန် စိတ်မပါတော့ပါ။
အခြားငှားရမ်းရေးသူတစ်ဦးကို ရှာဖွေရန် ယခုအချိန်တွင် နောက်ကျနေပြီဖြစ်၍ သူမ ကိုယ်တိုင် အချိန်ပိုလုပ်၍ ရေးရတော့မည် ဖြစ်သည်။
"ဒါဆို မင်းက…"
"မရေးဘဲ နေမလား။"
"ကိုယ့်ကို နှစ်ရက် နောက်ကျပြီးမှ ပေးရင် ပေးလေ။"
ရှန်းတန် သက်ပြင်းချလိုက်သည်။ ကောင်းပါပြီ၊ အနည်းဆုံး နှစ်ရက်တော့ အချိန်ပိုရသေးသည်။
ဒါပေမဲ့ ဒီနှလုံးသားအေးစက်တဲ့ ကုဟွိုင်အန်းကို သူမ မကျေနပ်ပါ။
မကြာမီမှာပဲ သူ့ကို သူမ ထိန်းချုပ်နိုင်လိမ့်မည်ဟု တွေးမိသည်။
အခန်း ( ၉၈ ) – နောက်ဆို ဒီလောက် မိုက်ရူးရဲမဆန်ပါနဲ့တော့နော်
လူတို့၏ စွမ်းဆောင်နိုင်မှုသည် အကန့်အသတ်မရှိဟု လူအများက ပြောဆိုကြသည်မှာ အံ့ဩစရာ မဟုတ်ပေ။ တွန်းအားပေးခံရတဲ့အခါ ရှန်းတန်တောင် အရင်ကလို ရေးရတာ မပင်ပန်းတော့ဘဲ တစ်ညတည်းကို စာလုံးလေးထောင် ရေးချလိုက်နိုင်ကာ နိဂုံးချုပ်ရန်သာ ကျန်တော့သည်။
သို့သော် အားကုန်သွားသည့်အခါ လူက နည်းနည်း မူးဝေသလို ဖြစ်လာသည်။
ယွမ်ယွမ်က သူမမျက်လုံးအောက်က ကြီးမားတဲ့ မျက်ကွင်းညိုနှစ်ဖက်ကို ကြည့်ပြီး အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ "အစ်မတန်တန်၊ နေကောင်းရဲ့လား။ နည်းနည်းလောက် နားလိုက်ပါဦး။"
"ကျွန်မ နေကောင်းပါတယ်၊ ကျွန်မရဲ့ စိတ်ဝိဉာဉ်တွေ မြင့်မားသွားသလိုပဲ ခံစားရတယ်။"
ကျောင်းတက်တုန်းကတောင် ဒီလောက် မကြိုးစားခဲ့ဖူးဘူး။ ရှန်းတန်က အခုဆိုရင် ဘာမဆို အောင်မြင်နိုင်မယ်လို့ ခံစားနေရသည်။
မိတ်ကပ်လိမ်းခန်းကို ရောက်မှ မိတ်ကပ်ပညာရှင်က အံ့ဩတုန်လှုပ်စွာ မေးလာလေသည်။ "တစ်ညလုံး အိပ်ရေးပျက်ခံပြီး အလုပ်လုပ်နေတာလား။"
"မပြောပါနဲ့တော့၊ မျက်ရည်တွေနဲ့ချည်းပါပဲ။"
တစ်ညလုံး အိပ်မပျော်ဘဲ ဆက်တိုက်အလုပ်လုပ်ပြီးတဲ့နောက်မှာ ရိုက်ကွင်းမှာ ပြင်းထန်တဲ့ ရိုက်ကူးမှုတွေကြောင့် ရှန်းတန်မှာ ယိုင်နဲ့နဲ့ ဖြစ်နေသည်။
ယွမ်ယွမ်က အလွန်စိတ်ပူကာ မေးလာခဲ့သည်။ "အစ်မတန်တန်၊ နားဖို့လိုသေးလား။"
"မလိုဘူး။"
ရှန်းတန်က ယွမ်ယွမ်ကို အလေးအနက်ထားပြီး ထပ်ပြောလိုက်သည်။ "သရုပ်ဆောင်ဆိုတာ ဖျားနာဖို့ အခွင့်အရေး အရှားပါးဆုံး အလုပ်ပဲ။ ဖျားနာပြီး ခွင့်ယူလိုက်ရင် ရုပ်ရှင်အဖွဲ့ရဲ့ လုပ်ငန်းကို နှောင့်နှေးစေတယ်။ လူတိုင်းက နားလည်ပေးလိမ့်မယ်၊ ဒါပေမဲ့ သူတို့ လက်ခံနိုင်မလားဆိုတာကတော့ ကိစ္စတစ်ခု ဖြစ်သွားပြီ။ ရုပ်ရှင်အဖွဲ့သားတွေအားလုံးက မင်းကို အလုပ်အကျွေးပြုနိုင်မှာ မဟုတ်ဘူး၊ လူတိုင်းရဲ့ အချိန်က တန်ဖိုးရှိတယ်။ ဒါကြောင့် တတ်နိုင်သမျှ သည်းခံကြရမယ်။ မတော်တဆ ထိခိုက်ဒဏ်ရာရတာတွေနဲ့ကတော့ မတူဘူးလေနော်။"
ယွမ်ယွမ်တစ်ယောက်တည်းသာမက တခြားသူများစွာလည်း ဒီစကားတွေကို ကြားခဲ့ရပြီး ရင်ထဲကို ထိမှန်သွားသလိုပင်။
သူတို့ထဲမှာ ဘယ်သူကများ ဖျားနာနေချိန် ဒါမှမဟုတ် ဒဏ်ရာရနေချိန်မှာ မကြိုးစားဘဲ နေခဲ့ကြဖူးလို့လဲ။
အပြင်လူတွေက သူတို့ရဲ့ တောက်ပတဲ့ဘက်ခြမ်းကိုပဲ မြင်ကြသည်၊ သူတို့ နောက်ကွယ်က ခက်ခဲကြမ်းတမ်းမှုတွေကို မမြင်ကြဘူး။
သို့သော် ရှန်းတန်ကတော့ ဒါက သရုပ်ဆောင်တစ်ယောက် လုပ်သင့်တဲ့အရာပဲလို့ ခံစားခဲ့သည်။ ဒီလောက် ခက်ခဲတာက ဘာမှမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ တစ်နေ့စာ ရတဲ့ လစာက သာမန်လူတစ်ယောက်ရဲ့ တစ်နှစ်စာ လစာ ဖြစ်နိုင်တာကိုး။
ဝင်ငွေများများ ရတာဆိုတော့ ခက်ခဲမှုတွေကိုလည်း မျှော်လင့်ထားသင့်တယ်။
ဟုတ်ပါတယ်၊ ဒီအပိုင်းကိုတော့ ရှန်းတန် အသံထွက်ပြီး မပြောခဲ့ပါဘူး။ သူမ အရိုက်ခံရမှာ စိုးလို့ပါ။
ဒီတစ်ရက်ကိုတော့ သူမ ကြိုးစားပြီး ဖြတ်သန်းခဲ့သည်။ အခန်းကို ပြန်ရောက်တော့ ရေချိုးပြီး စောစော နားလိုက်သလို ကုဟွိုင်အန်းနဲ့ ပုံမှန်လို ဗီဒီယိုဖုန်းခေါ်ပြီး စကားမပြောဖြစ်တော့ဘူး။
တစ်ဖက်မှာတော့ ကုဟွိုင်အန်းက စောင့်ပြီးရင်း စောင့်နေသော်လည်း သူမဆီမှ ဖုန်းခေါ်ဆိုမှု ရောက်မလာခဲ့ဘူး။
သူက မက်ဆေ့ချ်ပို့ပြီး မေးလိုက်ပေမဲ့ အဖြေပြန်မရခဲ့ဘူး။
ရှန်းတန်ရဲ့ အရင်က ဖြစ်ရပ်တွေကို ထောက်ရှုပြီး ကုဟွိုင်အန်းက အရမ်းစိတ်ပူနေသည်။ သူမကို တစ်ခုခု ထပ်ဖြစ်နေပြီလားလို့ မသင်္ကာဖြစ်မိပြန်သည်။
သူ အလျင်အမြန် ထပြီး အပြင်ထွက်သွားကာ လက်ထောက်ကန်းကို မှာလိုက်သည်၊ "ကျွန်တော် ခဏ အပြင်သွားလိုက်ဦးမယ်၊ ဒီကိစ္စတွေ နည်းနည်း ကြည့်ပေးထားပါ၊ တစ်ခုခုဆို ကျွန်တော့်ကို ဖုန်းဆက်လိုက်ပါ။"
လက်ထောက်ကန်းက ဒီအချိန်မှာ ဘာလို့ အပြင်ထွက်ရတာလဲဆိုတာ နားမလည်ပေမဲ့ သူက အမြဲတမ်း နာခံတတ်သူဖြစ်ပြီး ဥက္ကဋ္ဌကုရဲ့ ကိစ္စအားလုံးကို စနစ်တကျ ကိုင်တွယ်ပေးခဲ့တယ်။ ဒါက သူ့အလုပ်ပဲလေ။
"ကောင်းပါပြီ၊ ကားကို ဂရုစိုက်မောင်းပါ။"
ကားမောင်းသူက အလုပ်ဆင်းသွားပြီဖြစ်လို့ ကုဟွိုင်အန်းကိုယ်တိုင် မောင်းလာခဲ့သည်။ နှစ်နာရီကြာအောင် မောင်းပြီးတော့ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ရှိရာကို ရောက်လာခဲ့သည်။
ထိုအချိန် ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ရှိ မီးရောင်တွေက ထိန်ထိန်လင်းနေပြီး ညဘက် ရိုက်ကူးရေး လုပ်နေသည်မှာ သိသာသည်။
ကုဟွိုင်အန်းက လိုက်မေးပြီး ရှန်းတန် ကောင်းကောင်းမွန်မွန် ရှိကြောင်း၊ ဟိုတယ်မှာ ပြန်နားနေကြောင်း သိလိုက်ရမှ သက်ပြင်းချလိုက်သည်။
ဟိုတယ်ရောက်တော့ ရှန်းတန်ရဲ့ အခန်းကို ရှာတွေ့ပေမဲ့ ကုဟွိုင်အန်းက တံခါးမခေါက်ဘဲ တွေဝေနေမိသည်။
အချိန်ကို ကြည့်လိုက်တော့ နောက်ကျနေပြီ၊ ရှန်းတန် အိပ်ပျော်သွားလို့ သူ့မက်ဆေ့ချ်ကို ပြန်မဖြေတာ ဖြစ်နိုင်တယ်။ သူ အလကား အပိုတွေ လုပ်နေမိတာပဲ။
ကုဟွိုင်အန်း ထွက်သွားတော့မလို့ရှိတုန်း တံခါးက အတွင်းကနေ ရုတ်တရက် ပွင့်လာသည်။
ယွမ်ယွမ်က ကုဟွိုင်အန်းကို မြင်တော့ အံ့ဩသွားသည်၊ "ဥက္ကဋ္ဌကုလား။"
သူတို့နှစ်ဦးသည် အရင်တစ်ခေါက်က ဆေးရုံတွင် တွေ့ဆုံဖူးပါသည်။ ထိုစဉ်က ယွမ်ယွမ်သည် အစ်မတန်တန်၏ ကံကောင်းခြင်းကို အံ့ဩခဲ့ရသည်၊ ဤသို့ အေးစက်တည်ကြည်ပြီး ချဉ်းကပ်ရခက်သောသူကို ဆွတ်ခူးနိုင်ခဲ့သည့် အတွက် ဖြစ်သည်။
"အစ်မတန်တန်ကို လာရှာတာလား။ ဝင်လာပါ" ဟု ပြောရင်း သူမသည် တံခါးကို ပိုကျယ်အောင် ဖွင့်ပြီး ဘယ်ညာကြည့်ကာ ဘယ်သူမှ ဂရုမစိုက်နေသည်ကို မြင်သောအခါမှ စိတ်အေးသက်သာ ဖြစ်သွားသည်။
ညဘက်ကြီး လူကြီးယောက်ျားတစ်ယောက်ကို အခန်းထဲ ပေးဝင်တာ ဘယ်လောက် အန္တရာယ်များလဲဆိုတာ ယွမ်ယွမ် လုံးဝ သတိမထားမိခဲ့ပါဘူး။
ဟုတ်ပါတယ်၊ ကုဟွိုင်အန်းကတော့ အဲ့ဒီလို လူစားမျိုး မဟုတ်ပါဘူး။
"ကျွန်တော် အခုပဲ ပြန်တော့မလို့" ဆိုတဲ့ ကုဟွိုင်အန်းရဲ့ နှုတ်ဖျားက စကားလုံးတွေက အခန်းထဲဝင်လိုက်တဲ့အခါ မြိုချပစ်လိုက်ရသည်။
ဒီအခန်းက တိုက်ခန်းသေးသေးလေးပဲ၊ အိပ်ခန်း နှစ်ခန်းနဲ့ ဧည့်ခန်း တစ်ခု ပါပြီး ယွမ်ယွမ်နဲ့ ရှန်းတန်က တစ်ခန်းစီ ယူထားကြသည်။
ကုဟွိုင်အန်းက ခဏထိုင်ပြီး ပြန်ဖို့ ရည်ရွယ်ခဲ့သော်လည်း ဘာကြောင့်မှန်းမသိ၊ ဆိုဖာပေါ်မှာ သိပ်မကြာခင် အိပ်ပျော်သွားသည်။
ဒါကို မြင်တော့ ယွမ်ယွမ်က ရှန်းတန်ရဲ့ အခန်းကို အပြေးအလွှား သွားပြီး နှိုးလိုက်သည်။ သူမ ဒီအခြေအနေကို မကိုင်တွယ်နိုင်ဘူးလေ။
ဒါက အစ်မတန်တန်ရဲ့ လူပဲ၊ သူမ ကိုယ်တိုင်ပဲ ဂရုစိုက်ရမှာလေ။
ရှန်းတန်က လှပတဲ့ အိပ်မက်တွေ မက်နေတုန်း ရုတ်တရက် တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။ "မြေ... မြေငလျင်လား။"
သူမ မရေမရာ မျက်လုံးဖွင့်ကြည့်လိုက်တော့ ယွမ်ယွမ်က သူမကို နှိုးနေတာကို တွေ့လိုက်ရသည်။
ရှန်းတန် : "..."
"မနက်ရောက်ပြီလား။"
"မရောက်သေးပါဘူး။ အစ်မတန်တန်၊ ဥက္ကဋ္ဌကု ရောက်နေပါတယ်။"
"ဥက္ကဋ္ဌကုလား၊ ဘယ်ဥက္ကဋ္ဌကုလဲ။"
"အစ်မရဲ့ လူပါ" ယွမ်ယွမ်က စနောက်ကျီစယ်တဲ့ မျက်နှာနဲ့ ပြောလိုက်သည်။
ရှန်းတန်က ရုတ်တရက် လန်းဆန်းသွားသည်၊ သူမရဲ့ ပထမဆုံး တုံ့ပြန်မှုက ဒီလူ အပြစ်ဒဏ် ဆွေးနွေးဖို့ လာတာ မဟုတ်ဖို့ မျှော်လင့်တာပဲ၊ သူတို့က နှစ်ရက် ရွှေ့ဆိုင်းဖို့ သဘောတူထားတာကိုး။
ပြီးမှ သူမ မှားယွင်းစွာ တွေးနေမိမှန်း သတိရသွားသည်၊ သူက အဲ့ဒီလိုလူမျိုး မဟုတ်ဘူးပဲ။
"သူ ဘာလို့ လာတယ်လို့ ပြောသွားသေးလဲ။"
ယွမ်ယွမ်က ခေါင်းခါပြပြီး "သူ ဝင်လာပြီးတော့ ကျွန်မလည်း ကိုယ့်အခန်းကိုယ် ပြန်ဝင်သွားတာ။ အခုမှ ရေချိုးခန်းသွားဖို့ ထွက်လာတော့ သူ အိပ်ပျော်နေတာကို တွေ့လိုက်ရတယ်။"
ရှန်းတန်က သူ့ခေါင်းကို ရိုက်လိုက်သည်။ "ဘာလို့ သူ့ကို ဝင်ခွင့်ပြုတာလဲ။"
ရှန်းတန်က အဝတ်အစားဝတ်ပြီး ထလိုက်သည်၊ ဧည့်ခန်းကို သွားကြည့်တော့ ကုဟွိုင်အန်း ကောင်းကောင်းမွန်မွန် အိပ်ပျော်နေတာကို တွေ့လိုက်ရသည်။
ပြောရမည်ဆိုလျှင် သူ့ရဲ့ အိပ်နေတဲ့ ပုံစံတောင် အလွန်ချောမောနေခဲ့သည်။
မျက်တောင်ရှည်တွေက သူ့မျက်ခွံတွေကို ဖုံးအုပ်ထားပြီး ပန်ကာပုံသဏ္ဍာန် အရိပ်တွေကို အောက်ဘက်မှာ ကျရောက်စေသည်၊ အောက်ကို ထပ်ဆင်းသွားတော့ ဖြောင့်စင်းတဲ့ နှာတံ၊ တင်းတင်းစေ့ထားသည့် ပါးလွှာသော နှုတ်ခမ်းများ ရှိသည်။
သူ့ထံတွင် သွားကြိတ်ခြင်း ဒါမှမဟုတ် ဟောက်ခြင်း မကောင်းတဲ့ အကျင့်တွေ ဘာမှ မရှိဘူး၊ သူ အိပ်ပျော်နေချိန်မှာ အလွန်တိတ်ဆိတ်နေခဲ့သည်။
ရှန်းတန်က သူ့ကို နှိုးဖို့ စိတ်မရှိတော့ဘူး။
ဒီအချိန်မှာပဲ ဖုန်းမြည်လာပြီး ကုဟွိုင်အန်း ရုတ်တရက် နိုးသွားသည်။
"တန်တန်၊ ကိုယ် မင်းကို အနှောင့်အယှက်ပေးမိသွားလား။"
"မဟုတ်ပါဘူး၊ ရှင့် ဖုန်းမြည်တာပါ။"
ကုဟွိုင်အန်း ဖုန်းဖြေပြီးတဲ့အခါ သူ့ရဲ့ မျက်နှာအမူအရာက ပိုပြီး ဆိုးရွားလာသည်။ "ကောင်းပါပြီ၊ ငါ အခုပဲ ပြန်လာခဲ့မယ်။"
"တန်တန်၊ ကိုယ်..."
"ရှင် မြန်မြန် သွားသင့်တယ်၊ အလုပ်က အရေးကြီးတယ်။"
ကုဟွိုင်အန်းမှာ အရေးတကြီး ကိစ္စများ ရှိနေသည်မှာ အမှန်ပင်။ သူ မျက်ခုံးနှစ်ဖက်ကြားကို ညှစ်လိုက်သည်။ "ကောင်းပါပြီ၊ ဒါဆို ကိုယ် အရင်သွားလိုက်တော့မယ်နော်။"
သူ မထွက်ခွာခင်အထိ ရှန်းတန်က သူ ဘာကြောင့် လာခဲ့တယ်ဆိုတာ မသိခဲ့ပေ။ သူမ ဝီချက်မက်ဆေ့ချ်တွေကို မြင်လိုက်ရမှသာ သိလိုက်ရသည်။
[ကုဟွိုင်အန်း : ဘာလို့ ဖုန်းမဖြေတာလဲ၊ နားနေပြီလား။]
[ကုဟွိုင်အန်း : ကိုယ် မင်းအတွက် အရမ်းစိတ်ပူနေတယ်။]
[ကုဟွိုင်အန်း : တန်တန်......]
မက်ဆေ့ချ် သုံးခု၏ ကြားထဲမှာ ကြာမြင့်သော အချိန် အပိုင်းအခြားများ ရှိနေသဖြင့် ရှန်းတန် ရုတ်တရက် တွေးလိုက်မိသည်၊ သူ သူမအတွက် စိတ်ပူလို့ ရောက်လာခဲ့တာ ဖြစ်နိုင်သည်။
သူမရဲ့ ရင်ထဲတွင် ရုတ်တရက် အနည်းငယ် ချဉ်ခါးသလို ခံစားရသည်။ ထိုအချိန်တွင် သူမ၏ စိတ်ထဲမှာ အတွေးတစ်ခုတည်းသာ ရှိသည်၊ သူမ အဖြေကို သိချင်သည်…
ကုဟွိုင်အန်း ထွက်သွားပြီး နှစ်မိနစ်မပြည့်ခင်မှာ ရှန်းတန် အလျင်အမြန် အောက်ထပ်ကို ပြေးဆင်းလာခဲ့သော်လည်း အောက်တွင် ကုဟွိုင်အန်း ဆေးလိပ်သောက်နေတာကို တွေ့လိုက်ရသည်။
"ဘာလို့ ဆင်းလာတာလဲ" သူက ဆေးလိပ်ကို အလျင်အမြန် ငြှိမ်းလိုက်သည်။
နောက်ပိုင်း ကားမောင်းတဲ့အခါ လန်းဆန်းတက်ကြွစေဖို့အတွက် သူ ဆေးလိပ်သောက်နေတာ ဖြစ်ပါသည်။ သူကိုယ်တိုင်အတွက်ရော၊ တခြားသူတွေရဲ့ ဘေးကင်းရေးအတွက်ပါ သူက တာဝန်ယူရမှာ ဖြစ်ပြီး ပင်ပန်းနွမ်းနယ်နေချိန် ကားမောင်းတာကို ရှောင်ရှားရမည် ဖြစ်သောကြောင့်ပင်။
ရှန်းတန်က သူမရဲ့ အဝတ်တွေကို ပိုပြီး တင်းတင်းပတ်လိုက်သည်၊ ဆောင်းဦးညတွေက ယခုထိ အေးနေဆဲပင်။
"ရှင်... ဘာလို့ ရောက်လာခဲ့တာလဲ။"
ကုဟွိုင်အန်း စကားမပြောပေ။
ရှန်းတန်က အသက်ပြင်းပြင်းရှူပြီး မေးလိုက်သည်၊ "ရှင် ကျွန်မကို စိတ်ပူလို့ လာခဲ့တာလား။"
"ဟုတ်တယ်။"
ကုဟွိုင်အန်းက တစ်ခုခု ထပ်ပြောချင်သေးသော်လည်း ရှန်းတန်က ရုတ်တရက် ပြေးလာပြီး သူ့ကို ဖက်လိုက်သည်။ သူကတော့ အမြောက်ဆံ ထိမှန်သလို ခံစားရပြီး နည်းနည်း အသက်ရှူကျပ်သွားသည်။
ဒါပေမဲ့ ဒါက အဓိက ကျတာမှ မဟုတ်ဘဲ၊ အဓိက အချက်က တန်တန်က သူ့ကို လိုလိုလားလားနဲ့ ကိုယ်တိုင် ဖက်လိုက်တာပဲ။
ကုဟွိုင်အန်းမှာ သူ့နှုတ်ခမ်းထောင့်တွေ ကော့တက်သွားတာကို မထိန်းချုပ်နိုင်တော့သလို အတွင်းစိတ်ထဲတွင်လည်း အလွန်ပျော်ရွှင်နေသည်။
"ကုဟွိုင်အန်း။"
"အွန်း၊ ကိုယ် ရှိတယ်။"
"နောက်ဆို ဒီလောက် မိုက်ရူးရဲမဆန်ပါနဲ့တော့နော်။"
"မိုက်ရူးရဲမဆန်ပါဘူး။"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ရှင် မိုက်ရူးရဲမဆန်ဘူး။ ညသန်းခေါင်ကြီး ဒီလောက် ခရီးဝေးကို လာပြီးတော့ တစ်ခုပဲပြောပြီး ပြန်သွားတာလေ" ရှန်းတန်က ပြောရင်း ရယ်မောလိုက်သည်။
သူမ ဖက်ထားတာကို လွှတ်လိုက်ပြီး "ရှင့်မှာ လုပ်စရာတွေ ကျန်သေးတယ် မဟုတ်လား။ မြန်မြန်သွားတော့။"
ကုဟွိုင်အန်းတစ်ယောက် ထွက်သွားဖို့ မဝံ့မရဲ ဖြစ်နေပြီး သူ့ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြောလိုက်သည်။ "ကိုယ် မသွားတော့ဘူးဆိုရင်ရော ဘယ်လိုလဲ။"
ရှန်းတန်က သူ့ကို တွန်းလိုက်သည်၊ "ဘာတွေ အိပ်မက်မက်နေတာလဲ၊ ဒီမှာ ရှင့်အတွက် နေစရာ နေရာ မရှိဘူး။"
"ကိုယ် ကြမ်းပြင်ပေါ် အိပ်လို့ ရပါတယ်။"
ရှန်းတန်က သေချာ ကြည့်လိုက်တော့ ကုဟွိုင်အန်း တကယ်ပင် လေးနက်နေတာကို သဘောပေါက်လိုက်သည်။
သူမက သူ မကြာသေးမီက ဘာတွေ အလုပ်များနေလဲဆိုတာ မသိသော်လည်း အတော်လေး အရေးကြီးတာတော့ သိသည်။
"မဖြစ်ဘူး၊ ရှင် ပြန်သင့်တယ်။" ရှန်းတန်က နည်းနည်း တွေဝေသွားပြီးမှ ပြောသည်။ "ကျွန်မရဲ့ ရိုက်ကူးရေးက မကြာခင် ပြီးတော့မယ်၊ အဲ့ကျမှ ကျွန်မ ရှင့်ကို လာရှာမယ်။"
ကုဟွိုင်အန်းက ရှန်းတန်ကို သူ့ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
"ကိုယ် ယုံပါတယ်၊ မင်း သေချာပေါက် လာရမယ်။"
"အွန်း၊ ကျွန်မကို စောင့်နေနော်။"