← Chapters

အခန်း (၃၂၁)

Vol. 33 Ch. 321

အခန်း (၃၂၁)

Vol. 33 Ch. 321

အခန်း(321)

သူ့အနေဖြင့် နှစ်စဉ်နှစ်တိုင်း အချိန်ရသရွေ့ ဇာတိမြေသို့ ပြန်သွားကာ အခြေအနေများကို သွားရောက် စစ်ဆေးတတ်ပြီး သူ တွေ့မြင်လိုသော သူများနှင့် မတော်တဆ ဆုံတွေ့နိုင်ရန် မျှော်လင့်နေခဲ့၏။

သို့သော် နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့သော်လည်း၊ စုန့်ကျစ်သယ် အငြိမ်းစား ယူခဲ့ပြီးသည့်တိုင်အောင် သူသည် ဇနီးနှင့် သားသမီးများအကြောင်းကို မည်သည့် သတင်းစကားမျှ မကြားသိခဲ့ရပါချေ။

သူတို့သည်လည်း တစ်ခါမျှ ပြန်မလာခဲ့ကြခပေ။

လူအများအပြားက ထိုသားအမိမှာ တခြားသော ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားပြီဖြစ်၍ ပြန်လာတော့မည် မဟုတ်ကြောင်း ပြောဆိုကာ သူ့ကို လက်လျှော့ရန် တိုက်တွန်းခဲ့ကြသည်။

သို့သော်လည်း သူကတော့ သူ၏ နောက်ဆုံးသော မျှော်လင့်ချက်ကို မစွန့်လွှတ်ခဲ့ပေ။

သူတို့၏ ရုပ်အလောင်းများကို မျက်မြင်မတွေ့ရသရွေ့ သူတို့က ဤကမ္ဘာလောကတွင် အသက်ရှင်လျက် ရှိနေဦးမည်ဟု သူက ခိုင်ခိုင်မာမာ ယုံကြည်ထားခဲ့လေသည်။

ဤသို့ဖြင့် နောက်ထပ် နှစ်အနည်းငယ် ကုန်လွန်သွားခဲ့ပြန်၏။

စုန့်ကျစ်သယ် အငြိမ်းစားယူပြီးနောက်တွင် သူ့အနေဖြင့် ဇာတိမြေသို့ ပြန်ရန် အချိန်ပိုမို ရရှိလာခဲ့သည်။

သူက ပိုင်ဆိုင်သမျှ အရာအားလုံးကို စွန့်လွှတ်ကာ ဤအိမ်ရာဝင်းအတွင်းမှ ထွက်ခွာပြီး ဇာတိမြေသို့ ပြန်ရန် စီစဉ်ခဲ့၏။

ထိုနေရာမှာ ဟောင်းနွမ်းနေသော အိမ်လေးမျှသာ ဖြစ်နေသော်လည်း ထိုနေရာတွင် နေထိုင်ရခြင်းကပင် သူ၏အတွက် ပျော်ရွှင်စရာ ဖြစ်ပေလိမ့်မည်။

သို့သော် အကယ်၍ သူသာ ပြန်သွားခဲ့မည်ဆိုပါက ကျန်းကျွင့်အနေဖြင့် အပြင်ဘက်တွင် တစ်ဦးတည်း ကျန်ရစ်ခဲ့ရပေလိမ့်မည် ။

ထိုအချိန်တွင် ကျန်းကျွင့်က အသက်နှစ်ဆယ်ကျော်အရွယ်သို့ ရောက်ရှိနေပြီဖြစ်၍ သူ့ကိုယ်သူ ပြုစုစောင့်ရှောက်နိုင်လောက်ပေပြီ။

သို့သော် နှစ်ပေါင်းများစွာ အတူနေထိုင်လာခဲ့သောကြောင့် စုန့်ကျစ်သယ်က ကျန်းကျွင့်၏အကြောင်းကို သေသေချာချာ သိရှိထားပေသည်။

ထိုကလေးမှာ ထူးချွန်သော အရည်အချင်းမရှိသကဲ့သို့ စာပေသင်ကြားခြင်း သို့မဟုတ် အလုပ်လုပ်ကိုင်ခြင်းတို့၌လည်း ပါရမီမပါခဲ့ချေ။

ထို့အပြင် သူ၏ စိတ်နေစိတ်ထားမှာလည်း သိပ်ပြီးမကောင်းပေ။

အကယ်၍ သူ့ကို ဤနေရာတွင် တစ်ဦးတည်း ထားရစ်ခဲ့မည်ဆိုပါက စုန့်ကျစ်သယ် ရှိနေစဉ်ကကဲ့သို့ သက်သောင့်သက်သာ နေထိုင်နိုင်ခြင်းမရှိမည်ကို သူ စိုးရိမ်နေခဲ့လေ၏။

ထို့ကြောင့် နောက်ဆုံးတွင် စုန့်ကျစ်သယ်က ကျန်းကျွင့်ကိုပါ သူနှင့်အတူ ခေါ်ဆောင်သွားရန်နှင့် ဇာတိမြေသို့ ရောက်သည့်အချိန်တွင် ကျန်းကျွင့်အတွက် သင့်တော်သော အလုပ်တစ်ခုခုကို လိုက်လံရှာဖွေပေးရန် ဆုံးဖြတ်လိုက်သည်။

သို့ရာတွင် သူ ထိုသို့ပြောလိုက်သည်နှင့် ကျန်းကျွင့်က ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့လေ၏။

ကျန်းကျွင့်၏စကားများကိုအတိုချုပ်ပြောရလျှင် သူ့အနေဖြင့် ဇာတိမြေသို့ ပြန်ရန် မလိုအပ်ဟူ၏။

ထိုနေရာများမှာ ကျေးလက်တောရွာများသာ ဖြစ်သောကြောင့် မည်သည့်အရာကိုမဆို လုပ်ကိုင်ရန် ခက်ခဲလိမ့်မည်။ လူတိုင်းက မြို့ပေါ်သို့ တက်လာနေကြချိန်တွင် သူတို့က ကျေးလက်သို့ သီးသန့်သွားရောက်နေထိုင်ခြင်းက အဓိပ္ပာယ်မရှိကြောင်း ပြောဆိုခဲ့လေသည်။

စုန့်ကျစ်သယ်အနေဖြင့် မိသားစုကို စောင့်မျှော်ရန်အတွက် ဇာတိသို့ ပြန်လိုသည့်ကိစ္စနှင့် ပတ်သက်လျှင် ယခင်အချိန်များကဲ့သို့ ရွာထဲမှအိမ်နီးချင်းများ၏ အကြောင်းကြားစာကိုသာ စောင့်ဆိုင်းနိုင်သည်။

သူတို့ကိုယ်တိုင် ထိုနေရာတွင် သွားရောက်စောင့်ကြပ်နေရန် မလိုအပ်ကြောင်း ပြောခဲ့လေ၏။

ကျန်းကျွင့်၏ စကားများတွင် အမျိုးမျိုးသော ငြင်းဆန်တွန့်ဆုတ်မှုများကို ကြားခဲ့ရသောကြောင့် စုန့်ကျစ်သယ်သည်လည်း သူ၏ မူလအစီအစဉ်ကို အတင်းအကျပ်မပြုလုပ်တော့ပေ။

သူက ပြန်လည်တွေးတောကာ ပြောလိုက်လေသည်။ ထိုအစီအစဉ်မှာ ကျန်းကျွင့်ကို မြို့ပေါ်တွင်သာ တစ်ဦးတည်း နေထိုင်စေရန်ဖြစ်ပြီး သူကတော့ ဇာတိသို့ ပြန်သွားလိမ့်မည်။

နောက်ပိုင်းတွင် ကျန်းကျစ်ထံ၌ အချိန်ရလာခဲ့ပါက ဇာတိသို့ လာရောက်တွေ့ဆုံနိုင်သည်။

အကယ်၍ ကျန်းကျွင့်တွင် အချိန်မရှိပါကလည်း အတင်းအကျပ် မတောင်းဆိုတော့ကြောင်း ပြောခဲ့သည်။

ကျန်းကျွင့်အနေဖြင့် စုန့်ကျစ်သယ်မှ သူ့ကို မြို့ပေါ်၌ တစ်ဦးတည်း ထားရစ်ခဲ့မည်ဟု မထင်မှတ်ထားသောကြောင့် ချက်ချင်းပင် သဘောမတူကြောင်း ပြောဆိုခဲ့ပြန်သည်။

သို့သော် ထိုအချိန်တွင် စုန့်ကျစ်သယ်မှာ စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်ပေပြီ။ သူ့အနေဖြင့် ကျန်းကျွင့်အပေါ်တွင် အစွမ်းကုန် ကောင်းမွန်ခဲ့ပြီးပြီဟု ခံစားရပြီး ကျန်းကျွင့်မှာလည်း သူကိုယ်တိုင် ရပ်တည်နိုင်စွမ်းရှိနေသောကြောင့် နေရာတိုင်းတွင် လိုက်လံဂရုစိုက်ပေးရန် မလိုအပ်တော့ဟု ယူဆခဲ့၏။

သူ၏ ဂရုစိုက်မှုနှင့် အာရုံစိုက်မှုများကို အမှန်တကယ် လိုအပ်နေသူများမှာ သူ၏ ဇနီးနှင့် သားသမီးတို့သာ ဖြစ်ပေသည်။

စုန့်ကျစ်သယ်၏ ပြတ်သားသည့်အမူအရာကို မြင်လိုက်ရပြီးနောက် နောက်ဆုံးတွင် ကျန်းကျွင့်က သူနှင့် ခွဲမနေချင်ဟူသည့် အကြောင်းပြချက်ဖြင့် ဇာတိသို့ အတူလိုက်ရန် သဘောတူခဲ့လေ၏။

သို့ဖြစ်၍ နောက်ဆုံးတွင် သူတို့နှစ်ဦးလုံးက ဤနေရာကို အပြီးတိုင် နှုတ်ဆက်ကာ နှစ်ရက်အတွင်း ဇာတိရွာသို့ ပြန်ရန် ပစ္စည်းများကို ဖြည်းဖြည်းချင်း သိမ်းဆည်းခဲ့ကသည်။

သို့သော် မည်သူက ထင်မှတ်ထားပါမည်နည်း။ ထိုကိစ္စကို သဘောတူပြီး နှစ်ရက်အကြာမှာပင် ဇာတိမြေမှ သတင်းတစ်ခုက ရုတ်တရက် ရောက်ရှိလာခဲ့၏။

ထိုသတင်းမှာ စုန့်ကျစ်သယ်၏ ဇနီးသည်ကား သူမ၏ကလေးနှင့်အတူ ထွက်ပြေးတိမ်းရှောင်ခဲ့ချိန်တွင် ချောက်ထဲသို့ ပြုတ်ကျကာ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း တစ်စုံတစ်ယောက်က စုံစမ်းသိရှိသွားခဲ့သည် ဟူသော သတင်းပင် ဖြစ်ပေ၏။

စုန့်ကျစ်သယ်တစ်ယောက် ထိုသတင်းကို ကြားလိုက်ရချိန်တွင် သတိလစ်မေ့မျောသွားခဲ့လေ၏။

ကံကောင်းစွာဖြင့် ထိုအချိန်တွင် စုန်ကျစ်သယ် ဇာတိသို့ ပြန်တော့မည်ကို သိရှိထားကြသောကြောင့် သူတို့ ပစ္စည်းများ သိမ်းဆည်းနေချိန်အတွင်း မိတ်ဆွေဟောင်းများက နေ့တိုင်း လာရောက် နှုတ်ဆက်နေခဲ့ကြသည်။

ထိုနေ့တွင် အိမ်ရာဝင်းထဲရှိ ဆရာဝန်သည်လည်း ထိုနေရာ၌ပင် ရှိနေခဲ့သောကြောင့် စုန့်ကျစ်သယ်ကို အချိန်မီ ကယ်တင်နိုင်ခဲ့လေ၏။

သို့မဟုတ်ပါက တစ်ဖက်လူမှာ ထိုအချိန်ကတည်းက အမှန်တကယ် သေဆုံးသွားနိုင်ပေသည်။

သို့သော်လည်း ဆရာဝန်မှ အချိန်မီ ကယ်တင်နိုင်ခဲ့လျှင်ပင် ထိုဖြစ်ရပ်ပြီးနောက်တွင် စုန့်ကျစ်သယ်၏ ခန္ဓာကိုယ်မှာ လုံးဝပင် မသန်မစွမ်း ဖြစ်သွားခဲ့တော့သည်။

ဆရာဝန်၏ ပြောစကားများအရ စုန့်ကျစ်သယ်၏ ရောဂါမှာ ခန္ဓာကိုယ်ကြောင့်မဟုတ်ဘဲ စိတ်ကြောင့်ဖြစ်သည့် ရောဂါပင်ဖြစ်ပေ၏။

အကယ်၍ စိတ်ကြောင့်ဖြစ်ရသည့်ရောဂါက ကြာရှည်နေပါက ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်စေနိုင်ကြောင်းနှင့်၊ သူ၏ နှလုံးသားထဲမှ အထုံးအဖွဲ့ကို လုံးဝ ဖြေရှင်းနိုင်မှသာ သက်သာမည်ဖြစ်ကြောင်း သိခဲ့ရလေ၏။

သို့သော် ထိုရေါဂါကို မည်သို့ ဖြေရှင်းနိုင်ပါမည်နည်း။

သေဆုံးသွားသူများကို ပြန်လည် အသက်သွင်း၍ မရနိုင်ပါချေ။

လူတိုင်းက မည်မျှပင် နှစ်သိမ့်ဖျောင်းဖျနေသည်ဖြစ်စေ အကျိုးသက်ရောက်မှုက အလွန်ပင် နည်းပါးပေမည်။

ဇနီးနှင့် ကလေးသေဆုံးသွားပြီဟူသော သတင်းက စုန့်ကျစ်သယ်အတွက် ကြီးမားလွန်းသည့် ထိုးနှက်ချက် ဖြစ်ခဲ့ရ၏။

နောက်ပိုင်းတွင် ထိုအကြောင်းကြောင့်ပင် သူ၏ ကျန်းမာရေးမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမို ဆိုးရွားလာခဲ့ရလေသည်။

ထို့နောက်တွင် သူ မျှော်လင့်နေသည့်လူများကလည်း ဇာတိမြေတွင် မရှိတော့သည့်အတွက် သူနှင့် ကျန်းကျွင့်တို့လည်း ဤနေရာမှ ထွက်ခွာမသွားတော့ဘဲ ဤအိမ်ရာဝင်းထဲ၌သာ ဆက်လက် နေထိုင်ခဲ့ကြတော့သည်။

…

အန်တီတုန် ပြောပြလာသည့်စကားများကို ကြားပြီးနောက် လင်းရန်၏ မျက်ခုံးများမှာလည်း တွန့်ချိုးသွားရ၏။

သူမအနေဖြင့် ထူးဆန်းသည်ဟု တွေးမိခဲ့သည်မှာ မမှားပေ။

စုန့်လူကြီးမင်းနှင့် အန်တီတုန်တို့မှာ သက်တူရွယ်တူခန့်သာ ဖြစ်သင့်သော်လည်း စုန့်လူကြီးမင်းက အန်တီတုန်တို့ထက် အနည်းဆုံးအသက် (၁၀) နှစ်ခန့် ပို၍ အိုမင်းနေသကဲ့သို့ မြင်နေရခြင်းမှာ ကျန်းမာရေးနှင့် ခန္ဓာကိုယ်အခြေအနေတို့ကြောင့် ဖြစ်နိုင်သည်။

လူသားတို့၏ စိတ်ခံစားချက်နှင့် စိတ်အခြေအနေတို့မှာ လူတစ်ဦး၏ ကဏ္ဍပေါင်းစုံအပေါ် များစွာ သက်ရောက်မှုရှိပေသည်။

သို့သော် လင်းရန်အနေဖြင့် စုန့်လူကြီးမင်း၏ ဇနီးနှင့် ကလေး သေဆုံးမှုနှင့် ပတ်သက်၍ တချို့သော သံသယများ ရှိနေမိ၏။

အထူးသဖြင့် ယခုအချိန်တွင် စုန့်လူကြီးမင်းနှင့် စုန့်ကျယ်တို့၏ တော်စပ်မှုကို သူမ သံသယရှိနေဆဲ ဖြစ်သည့်အတွက် ကိစ္စရပ်များမှာ ဤမျှအထိ ရိုးရှင်းနေမည်ဟု သူမ မယုံကြည်နိုင်ချေ။

“အန်တီတုန်၊ ဒီကိစ္စကို တစ်ယောက်ယောက်က ကိုယ်တိုင် မြင်ခဲ့တာလား၊ ဒါမှမဟုတ် တခြားသူတွေဆီက ကြားခဲ့တာလား၊ အဲဒီလူက မှားမြင်ခဲ့တာမျိုးဆိုရင်ရော?”

အန်တီတုန် ကြောင်အမ်းသွားခဲ့ရ၏။ လင်းရန်က ဤကိစ္စနှင့် ပတ်သက်၍ ဆက်လက် မေးမြန်းနေလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။

“ငါလည်း အဲဒီကိစ္စကို ထပ်ပြီး မမေးဖြစ်တော့ဘူး၊ ဒါပေမဲ့ ငါမှတ်မိသလောက်တော့ အစ်ကိုကြီးစုန့်က အဲဒီလူကို ကိုယ်တိုင်သွားမေးဖို့ ကျန်းကျွင့်ကို ဇာတိဆီကို လွှတ်လိုက်တယ် ထင်တာပဲ

အဲဒီလူကတော့ သူ့ဦးလေးက ကိုယ်တိုင် မြင်ခဲ့တာလို့ ပြောတယ်၊ ဒါပေမဲ့ သူ့ဦးလေးက အရင်က မှတ်ဉာဏ် သိပ်မကောင်းဘူးတဲ့. သူ မသေခင်မှာမှ ဒါကို ရုတ်တရက် သတိရလာတာလို့ ပြောခဲ့တာ”

လင်းရန် အခြေအနေကို အကျဉ်းချုပ်ကြည့်လိုက်သည်။

“ဒါဆို စုန့်လူကြီးမင်းရဲ့ ဇနီးနဲ့ ကလေး မတော်တဆဖြစ်တာကို အဲဒီဦးလေးတစ်ယောက်ပဲ မြင်ခဲ့တာ၊ ဒါပေမဲ့ အခု သူက မရှိတော့ဘူးပေါ့၊ အဲလိုမျိုးလား”

“ဟုတ်တယ်၊ အဲဒီလိုပဲလေ”

လူတစ်ဦးအနေဖြင့် သေခါနီးအချိန်တွင် သူကိုယ်တိုင်နှင့်မသက်ဆိုင်သည့် အကြောင်းအရာများကို ရုတ်တရက် သတိရလာတတ်သည်ဟူသောအချက်ကို လင်းရန် ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်၏။

အထူးသဖြင့် ထိုအချိန်က ကျန်းကျွင့်တစ်ဦးတည်းသာ ဖြစ်ရပ်မှန်ကို အတည်ပြုရန် ဇာတိမြေသို့ ပြန်သွားခဲ့ခြင်းဖြစ်သောကြောင့် အရာအားလုံးမှာ သူပြောသည့်စကားအတိုင်းသာ ဖြစ်နေပေသည်။

လင်းရန်သည် စိတ်ထဲမှ နှာခေါင်းတစ်ချက် ရှုံ့လိုက်မိ၏။ ဤကိစ္စတွင် မသင်္ကာဖွယ်ရာ တစ်စုံတစ်ရာမရှိဟုဆိုလျှင် သူမက ပထမဆုံး မယုံကြည်သူဖြစ်ပေလိမ့်မည်။

သို့သော်လည်း သက်သေအထောက်အထား မရှိသောကြောင့် အရာအားလုံးက သံသယဝင်သည့်အဆင့်တွင်သာ ရှိနေပေဦးမည်။

“အဲဒီလိုကိုး”

လင်းရန်က ဝမ်းနည်းသည့် အမူအရာဖြင့် ဟန်ဆောင်သက်ပြင်းချလိုက်ပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည့်အလား ပြောလိုက်ပြန်သည်။

“ဒါပေမဲ့ အန်တီတုန်၊ ကျွန်မ အရင်က ကြားဖူးတဲ့ ဇာတ်လမ်းတစ်ခုရှိတယ်၊ ချောက်ထဲကို ပြုတ်ကျတဲ့သူတိုင်း သေချင်မှ သေတာလေ၊ တကယ်လို့ ချောက်အောက်မှာ ပင်လယ်ပဲဖြစ်ဖြစ်၊ မြစ်ဖြစ်ဖြစ် ရှိနေရင် ပြုတ်ကျတဲ့သူက အသက်ရှင်နိုင်ခြေ ရှိသေးတယ်တဲ့”

“စုန့်လူကြီးမင်းရဲ့ မိသားစုဝင်တွေ ပြုတ်ကျခဲ့တဲ့ ချောက်က ဘယ်လိုမျိုးလဲဆိုတာတော့ ကျွန်မ မသိဘူးပး၊ ဒါပေမဲ့ တကယ်လို့ သူတို့ ပြုတ်ကျတဲ့နေရာမှာ ရေတွေသာရှိနေခဲ့မယ်ဆိုရင် ဖြစ်နိုင်တာ..”

“ရေရှိနေတယ် ဟုတ်လား! မင်းက ဘာမှမသိဘဲ အဓိပ္ပါယ်မရှိ လျှောက်ပြောနေတာပဲ၊ သူတို့ပြုတ်ကျတဲ့နေရာက ကျောက်ဆောင်တွေချည်းပဲ၊ ပြုတ်ကျတဲ့သူတွေက ခေါင်းကွဲပြီး သေသွားကြတာ!”

*

All Chapters