← Chapters

အခန်း (၃၂၂)

Vol. 33 Ch. 322

အခန်း (၃၂၂)

Vol. 33 Ch. 322

အခန်း(322)

လင်းရန်အနေဖြင့် ကျန်းကျွင့် ဇာတိမြေမှ ယူဆောင်လာသည့် သတင်းအပေါ် လူတိုင်းထံမှ သံသယဝင်လာစေရန် ဦးစွာလမ်းကြောင်းပေးနေချိန်တွင်ပင် ဧည့်ခန်းနှင့်ကပ်လျက်ရှိနေသော အိပ်ခန်းတံခါးဝမှ စူးရှသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

လင်းရန်တို့ လှည့်ကြည့်လိုက်လျှင် ကျန်းကျွင့်က တံခါးဝတွင် ရပ်လျက် သူတို့ကို ဒေါသတကြီး ကြည့်နေသည်ကို တွေ့လိုက်ရ၏။

သူက စိတ်ထဲမှ ထိတ်လန့်တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုအားလုံးကို တုန်ယင်နေသော လက်သီးများထဲတွင် သိုဝှက်ဖုံးထားပြီး မည်သူမျှ မမြင်နိုင်စေရန် လက်များကို နောက်ဘက်တွင်ဝှက်ထားခဲ့လေသည်။

သူ့အနေဖြင့် လင်းရန်အပေါ် သူ၏ ငြင်းဆိုချက်နှင့် ပြစ်တင်ဝေဖန်မှုများကို ပို၍ ယုံကြည်စိတ်ချရစေရန်အတွက် လင်းရန်ကို ဒေါသတကြီး စိုက်ကြည့်ကာ ဆက်ပြောလိုက်၏။

“ရဲဘော်လင်း၊ မင်း ဘာသဘောနဲ့ ဒီလိုစကားတွေကို ပြောနေတာလဲဆိုတာ ငါမသိဘူး၊ ဦးလေးစုန့်အနေနဲ့ ဒီအမှန်တရားကို လက်ခံနိုင်ဖို့ ဘယ်လောက်တောင် အချိန်ယူခဲ့ရလဲဆိုတာ မင်းမသိဘူးမလား

အခု မင်းက ဒီလိုစကားမျိုးတွေ ထပ်ပြောနေပြီးတော့ သူ့ကို ပိုပြီး စိတ်မကောင်းဖြစ်အောင် လုပ်ချင်နေတာလား?”

ထိုသို့ပြောပြီးနောက် ကျန်းကျွင့်က လင်းရန်ကို နောက်တစ်ကြိမ် ဒေါသတကြီး စိုက်ကြည့်လိုက်ပြန်သည်။

ဤရူးနှမ်းနေသော မိန်းကလေးက အဘယ်ကြောင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက ကိစ္စရပ်များကို ရုတ်တရက် ထုတ်ဖော်ပြောဆိုနေရပါသနည်း။

သူမကဲ့သို့ စားဖိုမှူးလေးတစ်ဦး၏ အရည်အချင်းဖြင့် မည်သည့်အရာကိုမျှ စုံစမ်းနိုင်မည်မဟုတ်ကြောင်းကို သူသိသော်လည်း၊ သူမ၏ စကားကြောင့် တစ်စုံတစ်ယောက်က သတိပြုမိသွားကာ ဤကိစ္စကို သေသေချာချာ ပြန်လည်စုံစမ်းမည်ကို သူ အလွန်ကြောက်ရွံ့နေမိသည်။

အကယ်၍သာ ထိုသို့ဖြစ်လာပါက ပြဿနာအကြီးအကျယ် တက်ပေတော့မည်။

ထို့ကြောင့် မည်သို့ပင်ဖြစ်စေ ဤကိစ္စကို မည်သူကမျှ ထပ်မံ၍ မပြောဆိုနိုင်စေရန် သူ တားဆီးရပေမည်။

ကျန်းကျွင့်၏ ရုတ်တရက် ထွက်ပေါ်လာခြင်းကြောင့် လူတိုင်း ထိတ်လန့်သွားကြရလေ၏။ သူက အနောက်ဘက်မှနေ၍ ရုတ်တရက် အော်ဟစ်လိုက်ခြင်းဖြစ်ပြီး သူ ထိုနေရာတွင် မည်မျှကြာအောင် ရပ်နေခဲ့သည်ကို မည်သူကမျှ မသိရှိခဲ့ကြချေ။

သို့သော် လင်းရန်အနေဖြင့် ကျန်းကျွင့်ထံမှ သတင်းအချက်အလက်များ ထပ်မံရရှိရန် မည်သို့လုပ်ရမည်ကို စိုးရိမ်နေချိန်တွင် သူကိုယ်တိုင် ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။

သူမအနေဖြင့် ကျန်းကျွင့်ထံမှ အမှားအယွင်းများ ပေါ်ထွက်လာစေရန် ကျင်းတချို့ကိုတူးပြီး ဆွဲဆောင်တော့မည့်အချိန်တွင် သူမ၏ဘေးနားတွင်ရှိနေသော အန်တီတုန်က ရုတ်တရက် မတ်တပ်ရပ်ကာ အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်လေသည်။

“ကျန်းကျွင့်! နင် ထွက်လာရဲသေးတယ်ပေါ့လေ၊ နင်က ပုန်းတဲ့နေရာမှာ အတော်လေး တော်တာပဲ၊ နင် ဘာလို့ အဲဒီအခန်းထဲမှာပဲ တစ်သက်လုံး ပုန်းမနေလိုက်တာလဲ?”

“နင်ကတော့ ကောင်းသားပဲ၊ ဘာကိုမှ ဂရုမစိုက်ဘဲ အခန်းထဲမှာ ထိုင်နေ၊ အိပ်နေရုံပဲလေ၊ နင့်ကို အငတ်ထားရင်တောင် နင်က ဗိုက်ဆာလို့ သေမှာမဟုတ်ဘူး၊ ဒါပေမဲ့ နင့်ရဲ့ဦးလေးစုန့်ကတော့ စားသောက်ဖို့ လိုသေးတယ်၊

နင်က တကယ့်ကို စိတ်ဓာတ်မကောင်းတဲ့ကောင်ပဲ၊ အခုတော့ နင့်ရဲ့ဦးလေးစုန့်အတွက် ထမင်းတောင် မချက်ပေးနိုင်တော့ဘူးလား

ဘာလဲ.. နေ့လည်တုန်းက သူ နင့်ကို စကားနည်းနည်းလောက် ပြောလိုက်ရုံနဲ့ နင်က သူ့ကို တစ်သက်လုံး ရန်ငြိုးဖွဲ့နေတော့မှာလား?

ငါ့လို အဘွားအိုကြီးတောင် တစ်သက်လုံးမှာ နင့်လို စိတ်ထားသေးသိမ်တဲ့သူမျိုးကို တစ်ခါမှ မမြင်ဖူးသေးဘူး

နင်က အသက်လေးဆယ်နား နီးနေပြီဖြစ်တာတောင် လက်တွဲဖော်မရှိဘဲဖြစ်နေတာက တကယ်ကိုဖြစ်သင့်တာပဲ”

“ငါသာ အစကတည်းကသိမယ်ဆိုရင် အစ်ကိုကြီးစုန့်ကို အစောကြီးကတည်းက နင့်ကို ခေါ်မလာဘဲ နင့်ဘာသာနင်ပဲ ရှင်သန်အောင် ထားခဲ့ဖို့ပြောမိမှာပဲ၊

နင့်ကို ခေါ်လာတော့ရော ဘာထူးလဲ? ဘာမှ အကူအညီမပေးနိုင်တဲ့အပြင် အဘိုးကြီးတစ်ယောက်ကို အဖော်မပြုဘဲ တစ်ယောက်တည်း စားသောက်နေသေးတယ်

အစ်ကိုကြီးစုန့်ရဲ့ကျေးဇူးတွေကို သိတတ်ရမဲ့အစား ဒီလောက်နှစ်တွေကြာတဲ့အထိ နင် ကိုယ်တိုင် ပိုက်ဆံဆိုလို့ တစ်ဆင့်မှတောင် မရှာနိုင်ခဲ့ဘူး

နင်က သူ့ကို ပြုစုစောင့်ရှောက်ပါမယ်လို့သာ ပြောနေတာ၊ တကယ်တမ်းကျတော့ သူ့ကိုတောင် အန္တရာယ်ဖြစ်လုနီးပါးလုပ်ခဲ့သေးတယ်!”

“အို... ဘုရားရေ၊ နင့်လို အရွယ်ရောက်နေတဲ့ ယောင်္ကျားတစ်ယောက် ဒီလိုမျိုး ရှင်သန်နေတာကို ဘယ်သူမှ ယုံမှာမဟုတ်ဘူး၊ နင့်လိုလူမျိုး ဘယ်သူမှ မရှိနိုင်တော့ဘူး”

အန်တီတုန်က မတ်တပ်ရပ်လျက် စက်သေနတ်ဖြင့် ပစ်ခတ်သည့်အလား အဆက်မပြတ် ဆဲဆိုကြိမ်းမောင်းနေပြီး အသက်ပင် ဝဝမရှူနိုင်ခဲ့ချေ။

သူမက ကျန်းကျွင့်ကို ခေါင်းပင်မဖော်နိုင်အောင် ပြောဆိုနေသောကြောင့် ကျန်းကျွင့်သည့်လည်း စကားဖြတ်ပြောရန်ပင် အခွင့်အရေးမရရှိခဲ့ပါချေ။

လင်းရန်နှင့် တခြားသူများသည်ကား အနားတွင် ရပ်နေကြရင်း အန်တီတုန်ကို အံ့ဩလေးစားသော မျက်ဝန်းများဖြင့် ကြည့်နေမိကြလေ၏။

တခြားအရာများကို ထားဦးတော့။ အန်တီတုန်၏ စကားပြောစွမ်းရည်နှင့် ပတ်သက်လျှင် အနည်းဆုံးတော့ သာမန်လူတစ်ယောက်အနေဖြင့် သူမကို ရန်စရန် မည်သို့မျှ လုပ်ရဲမည်မဟုတ်ချေ။

အဘယ်ကြောင့်နည်း။

အဘယ်ကြောင့်ဆိုသော် သူမကိုပင် ပြန်၍ မပြောနိုင်သောကြောင့်ပင် ဖြစ်ပေသည်။

အမှန်တကယ်တမ်းပင် ကျန်းကျွင့်က သာမန်လူတစ်ဦးသာ ဖြစ်သောကြောင် အန်တီတုန်၏ ဆဲဆိုကြိမ်းမောင်းမှုကို ခံရပြီးနောက် သူ၏ မျက်နှာမှာ ဝက်အသည်းရောင်ကဲ့သို့ နီမြန်းနေခဲ့ရ၏။

သူ၏ နှုတ်ခမ်းများက တုန်ယင်နေသော်လည်း မည်သို့ ပြန်လည်တုံ့ပြန်ရမည်ကို လုံးဝ မသိရှိဘဲ အန်တီတုန်ကိုသာ လက်ညှိုးထိုး၍ ထပ်ခါတလဲလဲ ပြောလာခဲ့သည်။

“ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ၊ ကျွန်တော်က အဲဒီလို မဟုတ်ပါဘူး!”

“ဒါတွေက အဓိပ္ပာယ်မရှိတာတွေပဲ၊ ခင်ဗျား ကျွန်တော့်ကို နာမည်ဖျက်နေတာ!”

အန်တီတုန်က ကျန်းကျွင့်ကို ကြည့်ကာ မျက်လုံးလှန်လိုက်လေ၏။ ထိုသည်မှာ ကျန်းကျွင့်၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ပင် ညံ့ဖျင်းလွန်းသောကြောင့် သူမအနေဖြင့် ဆက်လက်စကားပြောရန်ပင် စိတ်မပါတော့ကြောင်း ပြသလိုက်ခြင်း ဖြစ်ပေသည်။

သူတို့နှစ်ဦး၏ စကားများ ရန်ဖြစ်သံမှာ တိုးတိုးတိတ်တိတ်မဟုတ်သောကြောင့် ထမင်းစားခန်းဘက်တွင်ရှိနေသော စုန့်လူကြီးမင်းမှာလည်း အတိုင်းသား ကြားနေရလေ၏။

ကံကောင်းစွာဖြင့် ယခုအချိန်တွင် သူ၏ အစာစားချင်စိတ်မှာ အလွန် နည်းပါးနေပြီဖြစ်ကာလင်းရန်နှင့် အန်တီတုန်တို့ စကားပြောနေသည်မှာလည်း အတော်ကြာနေပြီဖြစ်သောကြောင့် သူ ထမင်းစားပြီးလုနီးပါး ပင်ဖြစ်နေပေပြီ။

ဧည့်ခန်းအတွင်းမှ ဆူညံသံနှင့် ရန်ဖြစ်သံများကို ကြားလိုက်ရလျှင် သူသည်လည်း အခြေအနေကို စစ်ဆေးရန် အလျင်အမြန် လျှောက်လာခဲ့လေ၏။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း စုန့်လူကြီးမင်း၏ ကျန်းမာရေး အခြေအနေမှာ တိုးတက်လာခဲ့ခြင်းကြောင့်လား သို့မဟုတ် ယနေ့ကဲ့သို့သော ကိစ္စမျိုး ဖြစ်လာလိမ့်မည်ဟု သူက ကြိုတင်မျှော်လင့်ထားခြင်းကြောင့်လား မသိရသော်လည်း၊ သူ၏ စိတ်အခြေအနေမှာ အလွန်ပင် တည်ငြိမ်နေခဲ့ပြီး ယခင်အကြိမ်ကကဲ့သို့ နေမကောင်းဖြစ်မည့် အရိပ်အယောင်များကိုမတွေ့ရချေ။

ထိုအခြေအနေကို မြင်လျှင် စားဖိုမှူးရှုန်းသည်လည်း သူ၏ နောက်မှနေ၍ ဧည့်ခန်းသို့ လိုက်ပါလာခဲ့လေသည်။

ကျန်းကျွင့်က ထိုနေရာ၌ အန်တီတုန်ကို အနိုင်ရရန် ကြိုးစားနေဆဲ ဖြစ်သော်လည်း ရောက်ရှိလာသော စုန့်လူကြီးမင်း၏ ကြိမ်းမောင်းမှုကို ခံလိုက်ရ၏။

“ကျန်းကျွင့်၊ ပါးစပ်ပိတ်ထားစမ်း”

ကျန်းကျွင့် ခေါင်းကိုလှည့်ကာ စုန့်လူကြီးမင်းကို တစ်ချက်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ၏ မျက်နှာအမူအရာက အလွန်ပင် မကောင်းကြောင်းကို မြင်တွေ့နိုင်သော်လည်း၊ စုန့်လူကြီးမင်းအနေဖြင့် ယခင်က သူ့အပေါ် အလွန်ကြင်နာခဲ့ပြီး စိတ်နူးညံ့ပေးလေ့ရှိသဖြင့် ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် ကျန်းကျွင့်မှာ သူ၏ ဒေါသကို မထိန်းချုပ်နိုင်သေးချေ။

သူက မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် စုန့်လူကြီးမင်းကိုပင် ပြန်လည်တိုင်တော ပြောဆိုလိုက်လေသည်။

“ကျွန်တော်က ဘာလို့ ပါးစပ်ပိတ်ရမှာလဲ၊ သူက ကျွန်တော့်ကို အရင်စပြီး ဆဲတာလေ၊ ကျွန်တော်က လူငယ်တစ်ယောက်ဆိုပေမယ့် နားမပင်းသလို အကြောင်းအကျိုးလည်း မသိတာ မဟုတ်ဘူး၊ ဘာလို့ သူက ဒီလိုမျိုး ဆဲနေရတာလဲ”

ထို့အပြင် ဤအဘွားကြီးမှာ သူ၏ အိမ်ထဲအထိ တိုက်ရိုက်ဝင်လာပြီး ဆဲဆိုနေခြင်း ဖြစ်ပေသည်။

လူသားတစ်ဦးဖြစ်ပါက ဤကဲ့သို့သော အရှက်တရားကို မည်သူမျှ သည်းခံနိုင်မည် မဟုတ်ပါချေ။

ကျန်းကျွင့်မှာ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ်ပင် မှန်ကန်နေသည်ဟု ယူဆ၍ ပြုမူနေသည်ကို မြင်လိုက်ရပြီးနောက်စုန့်လူကြီးမင်း၏ မျက်ဝန်းများ၌ သူ့အပေါ် စိတ်ပျက်မှုများပပိုမို ထင်ဟပ်လာခဲ့လေသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် စုန့်လူကြီးမင်းက တည်ငြိမ်သော လေသံဖြင့် ကျန်းကျွင့်ကို ရုတ်တရက် မေးမြန်းလိုက်၏။

“ကောင်းပြီ၊ မင်းကိုယ်မင်း မမှားဘူးလို့ ထင်နေမှတော့ ငါ မင်းကို မေးပါရစေဦး၊ ခုနက မင်းရဲ့အန်တီတုန် ပြောသွားတဲ့အချက်တွေထဲမှာ ဘယ်အချက်က မှားနေလို့လဲ”

ထိုသို့ မေးလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းကျွင့်တစ်ယောက် အန်တီတုန် ပြောသမျှ အရာအားလုံး မှားယွင်းကြောင်း ချက်ချင်း ငြင်းဆိုချင်မိသော်လည်း၊ စုန့်လူကြီးမင်း၏ ခံစားချက်ကင်းမဲ့သော မျက်နှာအမုအရာကြောင့် သူ စကားမဆိုနိုင်ဘဲ ဖြစ်သွားရ၏။

သူသည်က အရည်အချင်းမရှိဘဲ စုန့်ကျစ်သယ်၏ ထောက်ပံ့မှုကိုသာ အမှီပြုနေရသူ ဖြစ်ကြောင်း၊ စုန့်ကျစ်သယ်က သူ၏ အသက်ကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ သူသည်က စုန့်ကျစ်သယ်ကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခြင်း မရှိသည့်အပြင် စိတ်ဆိုးသည့်အချိန်မျိုးတွင် ညစာပင် ချက်မကျွေးတော့ကြောင်း အန်တီတုန်က ပြောဆိုခဲ့သည်။

ကျန်းကျွင့်မှာ ထိုအချက်များကို ငြင်းဆိုချင်သော်လည်း၊ ထိုအကြောင်းတို့မှာ ငြင်းမရသော အချက်အလက်များ ဖြစ်နေသောကြောင့် သူ့ဘက်တွင် မည်သည့် သက်သေအထောက်အထားမျှ မရှိကြောင်း ရုတ်တရက် သိရှိသွားခဲ့ရသည်။

သို့သော် ယခင်ကလည်း သူ့အနေဖြင့် ဤကဲ့သို့ပင် ပြုမူခဲ့ခြင်း ဖြစ်ပေသည်။

မည်သူမျှ သူ့ကို တစ်စုံတစ်ရာမှ မပြောခဲ့ဖူးသကဲ့သို့ ကာယကံရှင် ဖြစ်သူ စုန့်ကျစ်သယ် ကိုယ်တိုင်ကပင် သူ့ကို ပြုပြင်ပြောင်းလဲရန် တစ်ခါမျှ မတောင်းဆိုခဲ့ဖူးပါချေ။

*

All Chapters