အခန်း (၃၂၃)
Vol. 33 Ch. 323
အခန်း(323)
ယခုအချိန်တွင်ကျမှ စုန့်ကျစ်သယ်က အဘယ်ကြောင့် ရုတ်တရက် ဤသို့ပြောလာရသည်လဲ။
အကယ်၍ သူ့၏ မနှစ်မြို့ခြင်းနှင့် စိတ်ပျက်ခြင်းတို့က မကောင်းသော အရာများဖြစ်ပါက ဤလူများအနေဖြင့် အဘယ်ကြောင့် စောစီးစွာ မပြောခဲ့ကြသနည်း။
ဆိုရလျှင် သူတို့သည်က ထိုအကြောင်းများကို ဟိုးယခင်ကတည်းက ပြောနိုင်ခဲ့ပါလျက်နှင့် ယခင်က မည်သည့်အရာကိုမျှ ထုတ်မပြောခဲ့ကြဘဲ ယခုမှသာ ပြဿနာအားလုံးကို တစုတစည်းတည်း ပုံချကာ သူ့အား ပြန်လည်ချေပရန် တောင်းဆိုနေကြခြင်း ဖြစ်ပေသည်။
ကျန်းကျွင့်၏ မျက်ဝန်းများထဲ၌ “မတရားစွာ စွပ်စွဲခံရသူ” ကဲ့သို့သော အမူအရာများ ရှိနေဆဲဖြစ်ကြောင်းကို မြင်လျှင် ဘေးနားရှိ အန်တီတုန်တစ်ယောာ အလွန်ပင် ရွံရှာသွားခဲ့ရသည်။
ကျန်းကျွင့် မည်သည့်အရာများကို တွေးတောနေသည်ကို သူမ သေသေချာချာ မသိနိုင်သော်လည်း ထိုသူသည်က ဤမျှအထိ အရှက်မရှိဘဲ သူတို့ကိုပင် ပြန်လည်အပြစ်တင်ဝံ့လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။
“ဟင်း.. အရင်တုန်းက နင့်အကြောင်းကို ငါမပြောခဲ့တာက အစ်ကိုကြီးစုန့်ရဲ့ မျက်နှာကို ထောက်ထားလို့ပဲ၊ ငါတို့က သူ့ကို အကျပ်ရိုက်အောင် မလုပ်ချင်ခဲ့ကြဘူး
ဒါပေမဲ့ အခုတော့ နင်က တစ်နေ့ထက်တစ်နေ့ ပိုပြီး ရိုင်းစိုင်းလာပြီ၊ နင့်ကိုသာ မပြောရရင် ငါ့ရဲ့ စိတ်က မနေနိုင်လောက်တော့ဘူး!”
အကယ်၍ ကျန်းကျွင့်သာ ဤကဲ့သို့သော လုပ်ရပ်မျိုးကို မပြုလုပ်ခဲ့ပါက သူမအနေဖြင့်လည်း စုန့်အိမ်တော်၌ သူ့အား ခေါင်းပင်မဖော်နိုင်လောက်အောင် ဆဲဆိုနေမည် မဟုတ်ချေ။
ကျန်းကျွင့်တစ်ယောက် ထိုစကားကို ကြားလိုက်ရလျှင် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်မုသည်။
ထို့နောက် ရောက်ရှိနေသူ အားလုံးက သူ့ကို စိတ်ပျက်ရွံရှာသော မျက်ဝန်းများဖြင့်သာ ကြည့်နေကြသည်ကို တွေ့ရှိလိုက်ရလေ၏။ သူသည်က တစ်ကမ္ဘာလုံး၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး လူတိုင်းမှာလည်း သူနှင့် ရန်သူဖြစ်နေကြသည့်အလား တွေးမိလာရတော့သည်။
အထူးသဖြင့် သူ့အပေါ် အမြဲတစေ သည်းခံခွင့်လွှတ်ပေးခဲ့သော စုန့်ကျစ်သယ်ကိုယ်တိုင်ကပင် ထိုကဲ့သို့သော မျက်ဝန်းမျိုးဖြင့် ကြည့်နေခဲ့သည်။
ထိုအချက်ကို သတိပြုမိလိုက်သည့်အခိုက်တွင် ကျန်းကျွင့်၏ စိတ်ထဲ၌ အကြောင်းပြချက်မရှိဘဲ ပြင်းထန်သော ကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
မဟုတ်သေးဘူး။ဘယ်လိုဖြစ်လို့ ဒီလိုအခြေအနေမျိုး ဖြစ်သွားရတာလဲ။ စုန့်ကျစ်သယ်က သူ့ကို တကယ်ပဲ စွန့်လွှတ်တော့မှာလား။
မဖြစ်နိုင်တာ။ သူက နှစ်ပေါင်းများစွာ သည်းခံလာခဲ့တာပဲလေ။ အခု သူ့မှာ မိသားစုဝင်ဆိုလို့ ငါတစ်ယောက်ပဲ ရှိတော့တာ။ တကယ်လို့ သူ့ကို စွန့်လွှတ်လိုက်မယ်ဆိုရင် သူသေသွားတဲ့အချိန်မှာ ဘယ်သူက သူ့အတွက် နာရေးကိစ္စတွေကို လုပ်ပေးတော့မှာလဲ။
ထိုသို့ တွေးမိလိုက်ပြီးနောက် ကျန်းကျွင့် ရုတ်တရက် စိတ်အေးသွားရပြန်၏။
မှန်ပေသည်။ယခုအချိန်၌ စုန့်ကျစ်သယ် အားကိုးနိုင်သူမှာ သူတစ်ဦးတည်းသာ ရှိပေသည်။ စုန့်ကျစ်သယ်သည်က ယခုအချိန်တွင် မည်မျှပင် ဒေါသထွက်နေသည်ဖြစ်စေ၊ သူ သေခါနီးအချိန်သို့ ရောက်လာလျှင်တော့ သူ၏ နောက်ဆုံးကိစ္စများကို စီစဉ်ပေးကာ သင်္ဂြိုဟ်ပေးမည့်သူမှာ သူတစ်ဦးတည်းသာ ရှိနေမည်ကို စုန့်ကျစ်သယ် မသိဘဲ မနေနိုင်ချေ။
ယခု သူ ဤကဲ့သို့ ပြုမူနေခြင်းမှာ ခေတ္တခဏ စိတ်လိုက်မာန်ပါ ဖြစ်သွားခြင်းကြောင့်သာ ဖြစ်နိုင်ပေသည်။
ထို့ပြင် အန်တီတုန်ကဲ့သို့သော လူများက ဘေးမှနေ၍ မြှောက်ပင့်ပေးနေကြသောပြောင့် သိက္ခာကို ငဲ့ကွက်ကာ ဒေါသထွက်ဟန် ဆောင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
ယနေ့ညနေပိုင်းလောက်ဆိုလျှင် သူ၏ ဒေါသများ ပြေလျော့သွားပြီးနောက် သူ့ထံသို့ လာရောက်ကာ လေသံအေးအေးဖြင့် စကားများ ပြန်ပြောလာပေလိမ့်မည်။
လွန်ခဲ့သော နှစ်များအတွင်း စုန့်ကျစ်သယ်က သူ့အပေါ် သည်းခံခွင့်လွှတ်ပေးခဲ့သည်များကို ပြန်လည် စဉ်းစားကြည့်လေလေ၊ သူ၏ ခန့်မှန်းချက်မှာ မှန်ကန်နေသည်ဟု ကျန်းကျွင့် ပို၍ ခံစားရလေလေ ဖြစ်ပေသည်။
ထို့ကြောင့် သူ ဒေါသထွက်မနေတော့ဘဲ စုန့်ကျစ်သယ်၏ သရုပ်ဆောင်မှုတွင် ပူးပေါင်းပေးလိုက်လေသည်။
“ကောင်းပြီ၊ ကောင်းပြီလေ၊ အခုတော့ ခင်ဗျားတို့ နှစ်ယောက်က လူကောင်းတွေ ဖြစ်သွားပြီး ကျွန်တော်ကတော့ လူဆိုးကြီး ဖြစ်သွားပြီပေါ့
ခင်ဗျားတို့ ကျွန်တော့်ကို မမြင်ချင်ကြဘူး မဟုတ်လား၊ ဒါဆို ကျွန်တော်လည်း ထွက်သွားလိုက်တော့မယ်!”
ထိုသို့ ပြောဆိုပြီးနောက် ကျန်းကျွင့်က အနောက်သို့ လှည့်ထွက်ကာ အပြင်ဘက်သို့ လျှောက်သွားခဲ့လေတော့၏။
သို့သော် မထွက်ခွာမီ သူသည် စုန့်ကျစ်သယ်ကို အဓိပ္ပာယ်အပြည့်ရှိနေသော အကြည့်တစ်ချက် ထပ်မံပေးရန်လည်း မမေ့ခဲ့ပေ။
“ဦးလေးစုန့်၊ ကျွန်တော်သွားပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းဂရုစိုက်ပါဦး၊ မဟုတ်ရင် ကျွန်တော့်လိုမျိုး ဦးလေးရဲ့ဘေးနားမှာ နေ့တိုင်း အဖော်လုပ်ပေးမယ့်သူ ရှိတော့မှာ မဟုတ်ဘူး”
သူ၏ စကားလုံးများက စုန့်ကျစ်သယ်အား တစ်စုံတစ်ခုကို သတိပေးလိုက်ခြင်းလည်း ဖြစ်ပေသည်။
ဆိုရလျှင် သူသာ ထွက်ခွာသွားပါက စုန့်ကျစ်သယ်က အမှန်တကယ်ပင် တစ်ကိုယ်တည်း အထီးကျန်ကာ အကူအညီမဲ့ဖြစ်သွားလိမ့်မည်။
စုန့်ကျစ်သယ်အနေဖြင့် သူပြောချင်သည့်စကားကို သေသေချာချာ နားလည်ပြီး သူ့ထံသို့ ပြန်လည်ရောက်လာလိမ့်မည်ဟု သူ ယုံကြည်နေခဲ့သည်။ကျန်းကျွင့်က ထိုအကြောင်းကိုပြောဆိုပြီးနောက် အိမ်ထဲမှ ထွက်ခွာသွားခဲ့လေ၏။ အထုပ်အပိုးနှင့် တခြားပစ္စည်းများကိုတော့ သူ လုံးဝ ယူဆောင်မသွားခဲ့ချေ။
မည်သို့ပင်ဖြစ်စေ စုန့်ကျစ်သယ်က အလွန်ဆုံး နောက်တစ်နေ့တွင် သူ့ကို လာရှာရန် တစ်စုံတစ်ယောက်ကို သေချာပေါက် လွှတ်လိုက်ပေလိမ့်မည်။ ထို့အတွက် ပစ္စည်းများကို ယူသွားရန် မလိုအပ်ဟု သူ ယူဆထားခဲ့သည်။
အကယ်၍ ယခုအချိန်တွင် ပစ္စည်းများကို ယူသွားပါက အန်တီတုန်တို့အုပ်စု၏ လှောင်ပြောင်ခြင်းကို ခံရပေလိမ့်မည်။ ထိုသို့ အရှက်ကွဲခံရခြင်းမှာ မထိုက်တန်ပါချေ။
သို့ဖြစ်၍ လူတိုင်းမှာ ကျန်းကျွင့် ထွက်ခွာသွားသည်ကိုသာ မည်သို့မျှ တုံ့ပြန်ခြင်းမပြုနိုင်ဘဲ ငေးကြည့်နေမိခဲ့ကြလေသည်။
ခဏမျှကြာမှသာ လူတိုင်းက သတိပြန်ဝင်လာကြပြီးနောက် စုန့်ကျစ်သယ်ဘက်ကို မသိစိတ်ဖြင့် လှည့်ကြည့်လိုက်ကြ၏။
“လောင်စုန့်.. ဒါက..”
“အစ်ကိုကြီးစုန့်၊ ဒါက ဘယ်လိုဖြစ်တာလဲ၊ အဲဒီကောင်လေးက ဘာလို့ ထွက်သွားတာလဲ၊ ငါက သူ့ကို ထွက်သွားခိုင်းဖို့အထိ မရည်ရွယ်ပါဘူး”
အန်တီတုန်သည်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရပြီး ထိတ်လန့်သွားရတော့သည်။
သူမက ကိုယ့်ကိုယ်ကိုယ်ပင် အပြစ်တင်လာမိသည်။ အကယ်၍ သူမသာ မတိုင်ခင်က ကျန်းကျွင့်ကို ဤမျှ ရက်ရက်စက်စက် မဆဲဆိုခဲ့ပါက သူသည်လည်း အမှန်တကယ် ထွက်သွားလိမ့်မည် မဟုတ်ချေ။
သူသာ ထွက်သွားခဲ့ပါက စုန့်ကျစ်သယ်မှာ အမှန်တကယ်ပင် တစ်ဦးတည်း ကျန်ရစ်ခဲ့ရပေတော့မည်။
သူမအနေဖြင့် ကျန်းကျွင့်ကို ဆုံးမရုံနှင့် သူ့ကိုယ်သူ ပြန်လည်သုံးသပ်စေချင်ရုံသာ ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်းကို ဘုရားသခင်သာ သိပေလိမ့်မည်။
သူ ဤကဲ့သို့ ချက်ချင်းထွက်သွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ထိုသို့ တွေးမိပြီးနောက် အန်တီတုန်တစ်ယောက် အလွန်နောင်တရသွားပြီး သူမ၏ ပါးစပ်ကိုပင် ပြန်လည်ရိုက်နှက်ချင်စိတ် ဖြစ်သွားခဲ့ရ၏။
ဘေးနားရှိ လူတစ်ယောက်က သက်ပြင်းချကာ ပြောလိုက်လေသည်။
“ကျန်းကျွင့်ရဲ့နောက်ကို တစ်ယောက်ယောက်ကို လိုက်သွားခိုင်းပြီး သူ့ကို ပြန်ခေါ်ခိုင်းလိုက်ရမလား”
လူတိုင်းက စုန့်ကျစ်သယ်၏ အခြေအနေကို သိရှိထားကြပေသည်။ ကျန်းကျွင့်မှာ လူစိတ်မရှိသူ ဖြစ်နေပါစေ သူသည်က စုန့်ကျစ်သယ်အတွက် နောက်ဆုံးကျန်ရှိသော ဆွေမျိုးသားချင်းလည်း ဖြစ်နေပြန်၏။
အကယ်၍ သူသာ အမှန်တကယ် ထွက်သွားပြီး ပြန်မလာတော့ပါက စုန့်လူကြီးမင်း တစ်ယောက်တည်း မည်သို့ နေထိုင်ရပါမည်နည်း။
တစ်စုံတစ်ခု ဖြစ်ပွားလာပါက ဝိုင်းဝန်းလုပ်ကိုင်ပေးမည့်သူပင် ရှိလိမ့်မည်မဟုတ်တော့ချေ။
အဓိကအချက်မှာ သူ၏ နောက်ဆုံးခရီးကို ပို့ဆောင်ပေးမည့်သူ မရှိတော့ခြင်းသာဖြစ်ပေ၏။
သူတို့သည်လည်း သက်ကြီးရွယ်အိုများဖြစ်သည့်အတွက် သူတို့အတွက် သားသမီး မြေးမြစ်များ ရှိနေခြင်းမှာ မည်မျှ အရေးကြီးကြောင်းကို လူတိုင်း သိနားလည်ထားကြပြီး စုန့်လူကြီးမင်းအတွက် စိုးရိမ်ပူပန်နေခဲ့ကြရလေ၏။
သို့သော် အစိုးရိမ်ဆုံးဖြစ်နေသင့်သည့် စုန့်လူကြီးမင်းသည်ကား ယခင်ကထက်ပင် ပို၍ တည်ငြိမ်နေခဲ့မည်ကိုတော့ သူတို့ မထင်မှတ်ထားခဲ့ပါချေ။
သူသည်က မိတ်ဆွေများ၏ စိုးရိမ်ပူပန်မှုများကို ရင်ဆိုင်ရင်း လက်ကာပြကာ အပြုံးတစ်ခုနှင့်ပြောလိုက်လေ၏။
“မလုပ်ပါနဲ့၊ သူ့ကို သွားပါစေ၊ ငါ သူ့ကို အခွင့်အရေးတွေ အများကြီး ပေးခဲ့ပြီးပြီ.. အခုတော့ ငါတို့ကြားမှာ သားအဖ သံယောဇဉ်က အမှန်တကယ် မရှိတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို သူကိုယ်တိုင် ချလိုက်တာပဲ”
“ငါ့အတွက်တော့ စိတ်မပူကြပါနဲ့၊ ငါက လှုပ်ရှားမှု နှေးကွေးတယ်ဆိုပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ ဂရုစိုက်နိုင်ပါသေးတယ်၊ ထမင်းစားဆောင်ကို သွားစားမယ်ဆိုရင် ငါ ငတ်ပြီးမသေနိုင်ပါဘူး
ညဘက်မှာ တစ်ခုခု ဖြစ်လာခဲ့ရင်လည်း အဲဒါ ငါ့ရဲ့ကံကြမ္မာပဲပေါ့၊ ဒါက ကလေးအမေနဲ့ ကလေးက ငါ့ကို ပြန်ဆုံဖို့ ခေါ်နေတာလည်း ဖြစ်နိုင်တာပဲ...”
ထိုစကားများကို ပြောဆိုနေချိန်တွင် စုန့်လူကြီးမင်း၏ လေသံမှာ အလွန်ပင် ပေါ့ပါးနေခဲ့၏။ “သေခြင်းတရား” နှင့် “အထီးကျန်ခြင်း” တို့အပေါ် မည်သည့် ကြောက်ရွံ့မှုမျှ မရှိဘဲ တည်ငြိမ်စွာ လက်ခံထားသည့်အပြင် မျှော်လင့်ချက် အရိပ်အယောင်လေးများပင် ပါဝင်နေခဲ့သေးလေသည်။