← Chapters

အခန်း (၃၂၄)

Vol. 33 Ch. 324

အခန်း (၃၂၄)

Vol. 33 Ch. 324

*အခန်း(324)

စုန့်လူကြီးမင်း၏ စကားများမှာ လူတိုင်းကို စိတ်မသက်မသာ ဖြစ်သွားစေခဲ့သည်။

သို့သော်လည်း သူ့ကို မည်သို့ ပြန်လည် ဖျောင်းဖျရမည်ကိုတော့ သူတို့ မသိရှိကြတော့ချေ။

ဆိုရလျှင် လူတိုင်းက စုန့်ကျစ်သယ်၏စကားများမှာ လက်ရှိအခြေအနေအစစ်အမှန် ဖြစ်နေသည်ကို သိရှိထားကြသောကြောင့်ပင် ဖြစ်ပေသည်။

“စုန့်လူကြီးမင်း၊ လူကြီးမင်းကတစ်ယောက်တည်းလို့ ဘယ်သူကပြောလဲ၊ ကျွန်မတို့အားလုံးလည်း ရှိနေသလို နောက်ကွယ်မှာ တိုင်းပြည်လည်း ရှိနေပါသေးတယ် ကျွန်မတို့က လူကြီးမင်းကို အထီးကျန်ပြီးနေရတာမျိုး အဖြစ်မခံပါဘူး!”

ထိုစဉ် လင်းရန်က ရုတ်တရက် အပြုံးတစ်ခုဖြင့် စကားဝင်ပြောလိုက်သောကြောင်း မှိုင်းညို့နေသော လေထုက ပြိုကွဲသွားခဲ့လေ၏။

ဆိုရလျှင် ကိစ္စရပ်များကို ရှင်းလင်းစွာ မစုံစမ်းရသေးခြင်းနှင့် လင်းရန်၏ဖခင် ပေးပို့လိုက်သော လက်ကောက်မှာလည်း ရောက်ရှိမလာသေးခြင်းကြောင့်သာ ဖြစ်ပေသည်။

သို့မဟုတ်ပါက သူမအနေဖြင့် စုန့်လူကြီးမင်းအား သူမ၏ သံသယများကို တိုက်ရိုက်ပြောပြကာ သူ၏ ရင်သွေးအရင်းမှာ သေဆုံးသွားခဲ့ခြင်း မရှိဘဲ ဤကမ္ဘာလောကတွင် အသက်ရှင်လျက် ရှိနေနိုင်သေးကြောင်း သိစေချင်နေခဲ့ပေပြီ။

သို့သော် စုန့်လူကြီးမင်းအနေဖြင့် ဤမျှကြီးမားသော စိတ်အပြောင်းအလဲကို ခံနိုင်ရည် ရှိပါမည်လား။

အကယ်၍ ဤသည်မှာ တိုက်ဆိုင်မှုတစ်ခုမျှသာ ဖြစ်နေခဲ့ပါက သူ၏အတွက် ထိုးနှက်ချက်က အလွန်ပင် ပြင်းထန်လွန်းပေလိမ့်မည်။

သာမန်လူတစ်ဦးက သူ၏ ဇနီးနှင့် သားသမီးများ သေဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဟု လက်ခံထားပြီးမှ တစ်စုံတစ်ယောက်က သူတို့ မသေဆုံးနိုင်ကြောင်း ရုတ်တရက် လာပြောပြီး၊ နောက်ပိုင်းတွင် မှားသွားခြင်းသာဖြစ်ကြောင်း ထပ်မံပြောဆိုလာမည်ဆိုလျှင် ထိုသူမှာ အတိုင်းထက်အလွန် မျှော်လင့်ချက်မဲ့သွားပေလိမ့်မည်။

ထို့ကြောင့် လင်းရန်တစ်ယောက် တခြားသူများကို မဖုံးကွယ်ထားလျှင်ပင် စုန့်လူကြီးမင်းကိုတော့ သေချာပေါက် ဖုံးကွယ်ထားရပေမည်။

ဤအကြောင်းများကြောင့် သူမအနေဖြင့် ကျေးဇူးကန်းသော ကျန်းကျွင့်ကြောင့် စုန့်လူကြီးမင်း စိတ်မကောင်းမဖြစ်စေရန် တခြားသော နှစ်သိမ့်စကားများကိုသာ ရှာဖွေ၍ပြောဆိုလိုက်ရခြင်း ဖြစ်ပေ၏။

“စုန့်လူကြီးမင်း၊ လူကြီးမင်းသာ စိတ်မရှိဘူးဆိုရင် ကျွန်မနဲ့ အဘိုးရှုန်းတို့ မထွက်ခွာခင်အထိ ကျွန်မ လူကြီးမင်းကို ပြုစုစောင့်ရှောက်ပေးပါရစေ၊

လူကြီးမင်းအတွက် နေ့တိုင်း ထမင်းချက်ပေးမယ်၊ လမ်းအတူလျှောက်ပေးမယ်၊ တကယ်တော့ ဒီလိုအလုပ်မျိုးကို ကျွန်မ ဝါသနာပါသလို ကျွမ်းလည်းကျွမ်းကျင်ပါတယ်”

“ဒီအတောအတွင်း လူကြီးမင်းရဲ့အခြေအနေကို အဖွဲ့အစည်းဆီမှာ တင်ပြပြီး သင့်တော်တဲ့ ပြုစုစောင့်ရှောက်သူတစ်ယောက် ရှာပေးဖို့ သူတို့ကို အကူအညီတောင်းထားလို့ ရတာပဲ

ဒါဆိုရင် လူကြီးမင်း ဘာမှ စိုးရိမ်နေစရာ မလိုတော့ဘူးပေါ့”

လင်းရန်က ပြုစုစောင့်ရှောက်သူအကြောင်းကို စတင်ပြောဆိုလိုက်သောအချိန်မှသာ အန်တီတုန်နှင့် တခြားသူများလည်း သတိဝင်လာကြတော့သည်။

ဟုတ်ပေသည်!

ပြုစုစောင့်ရှောက်သူတစ်ယောက် ရှာလိုက်လျှင် ရသည်မဟုတ်ပါလား။

ပြုစုစောင့်ရှောက်သူမှာ သားသမီးအရင်းအချာနှင့် မနှိုင်းယှဉ်နိုင်သော်လည်း ကျန်းကျွင့်သည်လည်း သူ၏ သားအရင်း မဟုတ်သောကြောင်း ထိုနှစ်ဦးကြားတွင် များစွာ ကွာခြားလှသည်တော့ မဟုတ်ချေ။

ထို့ပြင် ကျန်းကျွင့်က စုန့်လူကြီးမင်းကို ပြုစုစောင့်ရှောက်ရာ၌ အလွန်ပင် ပေါ့ဆခဲ့သည်ဖြစ်ရာ ပြုစုစောင့်ရှောက်သူအသစ်ကမည်မျှပင် ညံ့ဖျင်းစေ ကျန်းကျွင့်လောက်တော့ ဆိုးရွားလိမ့်မည် မဟုတ်ချေ။

ဤသို့ တွေးကြည့်လိုက်လျှင် စုန့်လူကြီးမင်း၌ အမွေဆက်ခံမည့်သူ မရှိတော့သည့်ကိစ္စမှလွဲ၍ တခြား စိုးရိမ်စရာ မရှိတော့ဟု ထင်ရပေသည်။

“ဟေး၊ စားဖိုမှူးလေးလင်း ပြောတဲ့ အကြံက ကောင်းသားပဲ၊ ဒီရက်ပိုင်းအတွင်းမှာ သူတို့ဆီကနေ ပြုစုစောင့်ရှောက်သူတစ်ယောက်လောက် အမြန်ရှာခိုင်းလိုက်မယ်၊ ပြုစုစောင့်ရှောက်သူမရောက်ခင်အထိတော့ ငါတို့နဲ့ စားဖိုမှူးလေးလင်းတို့က အစ်ကိုကြီးစုန့်ကို ဝိုင်းပြီး ကြည့်ပေးကြတာပေါ့၊ လူများတော့ အင်အားရှိတယ်လေ၊ အဆင်ပြေပါတယ်”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါတွေအားလုံး စားဖိုမှူးလေးလင်း ကျေးဇူးကြောင့်ပဲ၊ ဟားဟား..”

“စားဖိုမှူးလေးလင်း၊ မင်းက တကယ့်ကို မိန်းကလေးကောင်းလေးပဲ၊ စိတ်နှလုံးဖြူစင်ပြီး စေတနာလည်း ကောင်းတယ်၊ မိသားစုအတွက် သမီးကောင်းလေးဖြစ်မှာပဲ”

လူတိုင်းက သူမကို အဆက်မပြတ် ချီးမွမ်းနေကြသည်ကို ကြားလျှင် လင်းရန် အနည်းငယ် အားနာမိသွားရ၏။

သူမအနေဖြင့် အကူအညီပေးရန် ကိုယ်တိုင်ကမ်းလှမ်းခဲ့ခြင်းက တခြားသော အကြောင်းပြချက်ကြောင့် ဖြစ်သည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။

အကယ်၍ စုန့်ရှီးယန်နှင့် စုန့်ကျယ်၏ ဖခင်တို့ကြားတွင် တော်စပ်မှုသာ မရှိခဲ့ပါက စုန့်လူကြီးမင်း၏ အတွေ့အကြုံကို ကိုယ်ချင်းစာမိပြီး အများဆုံးလုပာနိုင်သည်မှာ နည်းလမ်းရှာပေးရုံသာဖြစ်ပေလိမ့်မည်။ ဤကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ နေထိုင်ပြုစုပေးရန်အထိ ဆုံးဖြတ်လိမ့်မည် မဟုတ်ချေ။

သို့သော် ယခုအချိန်တွင် သူမအနေဖြင့် တခြားအရာများကို ထပ်မံစဉ်းစားနေရန် မလိုတော့ချေ။

သူမ၏ဖခင်ဖြစ်သူ လင်းကျန်းအန်း ပေးပို့လိုက်သော လက်ကောက် ရောက်ရှိလာမည့်အချိန်ကိုသာ စောင့်ဆိုင်းရန်လိုအပ်သည်။

ပြီးနောက်တွင် သူမ၏ ခန့်မှန်းချက်ကို အန်တီတုန်တို့အား ပြောပြကာ စုန့်လူကြီးမင်း၏ ဇာတိမြေသို့ လူလွှတ်နိုင်မည့် နည်းလမ်းကို ရှာခိုင်းရပေမည်။

“စုန့်လူကြီးမင်း၏ ဇနီးနှင့် ကလေးက ချောက်ထဲပြုတ်ကျသည်ကို မျက်မြင်တွေ့ရှိခဲ့သည်” ဆိုသော ထိုအဘိုးအို၏ နောက်မျိုးဆက်များကို ရှာဖွေကာ အသေးစိတ် မေးမြန်းစုံစမ်းခိုင်းရပေမည်။

ယခုအချိန်တွင်တော့ အချိန်က နည်းပါးလာပြီဖြစ်၍ ထပ်မံနှောင့်နှေးနေ၍ မဖြစ်တော့ချေ။

…

လူတစ်စုက ဝိုင်းဝန်းလုပ်ကိုင်ပေးကြသောကြောင့် စုန့်လူကြီးမင်းကို ကောင်းမွန်စွာ အနားယူစေနိုင်ခဲ့လေသည်။

သူ အိပ်ပျော်သွားသည်ကို ကြည့်ပြီးနောက် လင်းရန်က သူမနှင့် စားဖိုမှူးရှုန်းတို့ တည်းခိုရာနေရာသို့ ပြန်ကာ လိုအပ်သည့် ပစ္စည်းတချို့ကို သွားယူရန် စီစဉ်လိုက်၏။

ညဘက်တွင် စုန့်လူကြီးမင်းအိမ်ရှိ ဧည့်သည်ခန်းတွင် လာရောက် တည်းခိုနေထိုင်ရလိမ့်မည်။

ဤရက်ပိုင်းအတွင်း သူမက ကူညီပြုစုပေးမည်ဟု ပြောဆိုခဲ့ပြီးဖြစ်၍ ကတိဖျက်၍ မဖြစ်နိုင်ချေ။

သို့သော် တည်းခိုရာနေရာသို့ ပစ္စည်းသွားမယူမီ လင်းရန်နှင့် အန်တီတုန်တို့က လမ်းတစ်ဝက်အထိ အတူ လျှောက်လာခဲ့ကြလေသည်။

လင်းရန်သည်လည်း ဤအခွင့်အရေးကို အရယူကာ ကျန်းကျွင့်ကြောင့် ပြတ်တောက်သွားခဲ့သော စကားဝိုင်းကို ဆက်လက်ပြောဆိုလိုက်၏။

“အန်တီတုန်၊ ကျွန်မ ပွင့်ပွင့်လင်းလင်း ပြောရရင် စုန့်လူကြီးမင်းရဲ့ ဇနီးနဲ့ ကလေး ချောက်ထဲကို ပြုတ်ကျသွားတယ်ဆိုတဲ့ ကိစ္စက နည်းနည်းတော့ ထူးဆန်းနေသလိုပဲ

အဲဒီတုန်းက ကျန်းကျွင့်တစ်ယောက်တည်းကပဲ ဇာတိကိုပြန်ပြီး သွားမေးခဲ့တာလို့ အန်တီပြောခဲ့တယ်လေ၊ ဒါပေမဲ့ ဒီနေ့ ကျန်းကျွင့်ရဲ့ အမူအရာကိုလည်း အန်တီမြင်ခဲ့တာပဲ

သူက စုန့်လူကြီးမင်းနဲ့ အဆက်အသွယ် ပြတ်သွားမှာကို စိုးရိမ်ပုံမရဘဲ တကယ့်ကို အရှက်မရှိ ပြုမူနေတာ၊ သူ ဇာတိကနေ ယူလာတဲ့သတင်းက တကယ်ပဲ မှန်ကန်ရဲ့လားလို့ အန်တီမတွေးမိဘူးလား?

ထိုစကားကို ကြားလိုက်ရသောအခါ အန်တီတုန်နှင့် တခြားသူများမှာ လင်းရန်၏ စကားကြောင့် အံ့သြထိတ်လန့်သွားရရှာ၏။

သူတို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်ဖက်လူ၏ မျက်ဝန်းထဲရှိ လေးနက်မှုနှင့် သံသယများကို အချင်းချင်း မြင်တွေ့လိုက်ရလေသည်။

လင်းရန်၏စကားကိုကြားမှ အမှန်တကယ်ပင် သံသယဖြစ်စရာကောင်းကြောင်းကို သူတို့ ခံစားလိုက်ရလေ၏။

အစပိုင်းတွင် သူတို့သည်က ကျန်းကျွင့် ပြောသမျှကိုသာ နားထောင်ခဲ့ကြပြီး အခြေအနေကို ပို၍ အသေးစိတ်သိရှိရန် မကြိုးစားခဲ့ကြချေ။

အကယ်၍ ကျန်းကျွင့်က အမှန်တကယ်ပင် လိမ်ညာနေခဲ့ခြင်း သို့မဟုတ် တစ်စုံတစ်ခုကို ဖုံးကွယ်ထားခြင်း ဖြစ်နေပါက သူတို့အားလုံး လှည့်စားခံလိုက်ရခြင်းသာ မဟုတ်ပါလော။

အထူးသဖြင့် ယနေ့ ကျန်းကျွင့် ပြုမူခဲ့သော အမူအရာများမှာ သံသယမဝင်ဘဲ မနေနိုင်လောက်အောင် ဖြစ်စေခဲ့သည်။

ထိုအကြောင်းကို တွေးမိလိုက်ပြီးနောက် အန်တီတုန်၏မျက်နှာသည်လည်း အလွန်ပင်လေးနက်သွားတော့၏။

“ရှောင်လင်း၊ မင်းပြောတာ မှန်တယ်၊ အစတုန်းက ငါတို့က ဒီကိစ္စကို ပေါ့ပေါ့ဆဆပဲ သဘောထားခဲ့ပြီး ထပ်ပြီး မစဉ်းစားမိခဲ့ကြဘူး

အခု ငါတို့ ဒီကိစ္စကို လူကြီးတွေနဲ့ တိုင်ပင်ပြီး အစ်ကိုကြီးစုန့်ရဲ့ ဇာတိကို လူလွှတ်ပြီး မသိမသာ စုံစမ်းခိုင်းလိုက်မယ်”

“တကယ်လို့ ကျန်းကျွင့်ကသာ ဖြစ်ပျက်ခဲ့တဲ့ အမှန်တရားကို ဖုံးကွယ်ဖို့ တစ်ခုခု လုပ်ခဲ့တာပဲဖြစ်ဖြစ်၊ ကြိုးကိုင်ခြယ်လှယ်ခဲ့တာပဲဖြစ်ဖြစ် ဆိုရင်တော့ ဒီကျန်းကျွင့်က တကယ်ကို သေသင့်တဲ့သူပဲ!”

အန်တီတုန်နှင့် တခြားသူများက နောက်ဆုံးတွင် ဤကိစ္စကို အလေးအနက်ထားလာကြသည်ကို မြင်လိုက်ရသောကြောင့် လင်းရန်လည်း စိတ်သက်သာရာ ရသွားခဲ့လေသည်။

“ဒါက ကျွန်မရဲ့ ခန့်မှန်းချက်သက်သက်ပါပဲ၊ အမှန်မဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်၊ မဟုတ်ရင်တော့ စုန့်လူကြီးမင်းက နှစ်တွေ ဒီလောက်ထိကြာအောင် ဝံပုလွေတစ်ကောင်ကို မွေးမြူထားခဲ့သလို ဖြစ်နေလိမ့်မယ်”

လင်းရန် အကူအညီမဲ့စွာ သက်ပြင်းချလိုက်မိ၏။

“ ဒါကသာ အမှန်ဖြစ်နေခဲ့ရင် လောင်စုန့်က ဂရုမစိုက်ရင်တောင် ငါတို့နဲ့ တိုင်းပြည်က ကျန်းကျွင့်ကို ဘယ်တော့မှ အေးအေးဆေးဆေး နေခွင့်ပေးမှာ မဟုတ်ဘူး”

သူမနဲ့ပြောဆိုပြီ့နောက် အန်တီတုန်နှင့် တခြားသူများက ထိုအကြောင်းကို တိုင်ကြားရန်အတွက် လူကြီးများကို အမြန်ပင်သွားရှာကြလေသည်။

လင်းရန်သည်လည်း သူမ၏ ပစ္စည်းများကို ယူရန် ပြန်လာခဲ့ပြီး စုန့်လူကြီးမင်း၏ အိမ်တွင် နေထိုင်ရန် ပြင်ဆင်လိုက်၏။

ကျန်းကျွင့်အတွက်တော့..

ထိုအချိန်တွင် သူသည်က အိမ်ရာဝင်းနှင့် အနီးဆုံးရှိ ရပ်ကွက်သို့ ရောက်ရှိနေပြီဖြစ်ကာ သူ၏ သူငယ်ချင်းတစ်ဦးထံတွင် တည်းခိုရန် ပြင်ဆင်နေခဲ့လေ၏။

ထိုသူငယ်ချင်းမှာ ကျန်းကျွင့်နှင့် မတော်တဆ ဆုံတွေ့ခဲ့ဖူးသူဖြစ်ပြီး မျိုးရိုးကောင်းသည့် မိသားစုမှ ဖြစ်ပေသည်။

သူတို့နှစ်ဦးသည် တစ်ခါတရံ တွေ့ဆုံကာ အတူတကွထမင်းစားခြင်း၊ အပြင်တွင် သွားကစားခြင်းတို့ ပြုလုပ်လေ့ရှိကြပြီး အပျော်အပါးမိတ်ဆွေများဟု ဆိုနိုင်ပေသည်။

သို့သော်လည်း စုန့်လူကြီးမင်း၏ နောက်ခံအရှိန်အဝါကြောင့် သူတို့နှစ်ဦး ပေါင်းသင်းဆက်ဆံသည့်အချိန်တွင် ကျန်းကျွင့်က သိသိသာသာ အသာစီးရလေ့ရှိလေ၏။

*

All Chapters