အခန်း (၃၂၅)
Vol. 33 Ch. 325
အခန်း(325)
ထိုသူငယ်ချင်းမှာ ကျန်းကျွင့်တစ်ယောက် ညဉ့်နက်သန်းခေါင်အချိန်မှ သူ့ထံသို့ ရောက်လာလိမ့်မည်ဟု မ မျှော်လင့်ထားသောပြောင့် အနည်းငယ် ရှုပ်ထွေးနေခဲ့လေသည်။
“အစ်ကိုကျန်း၊ ဘာလို့ ဒီအချိန်ကြီး ရောက်လာတာလဲ?”
ကျန်းကျွင့်အနေဖြင့် သူသည်က အဘိုးကြီး၏ မောင်းထုတ်ခြင်းကိုခံခဲ့ရသည်ဟူသော အချက်ကို လုံးဝ ထုတ်ပြောလိမ့်မည်မဟုတ်သကဲ့သို့ ထိုသို့ပြောရန်လည်း ရှက်နေခဲ့သည်။
ထို့ကြောင့် သူက လက်ကာပြကာ ဝေဝေဝါးဝါးဖြင့် ပြောဆိုလိုက်လေ၏။
“အဘိုးကြီးနဲ့ နည်းနည်းလောက် စိတ်သဘောထားချင်း မတိုက်ဆိုင်ဖြစ်လာလို့၊ လောလောဆယ် သူ့ကို မမြင်ချင်သေးတာနဲ့ အပြင်ကိုထွက်ပြီး လမ်းလျှောက်လာတာ
မင်းဆီမှာ ခဏတည်းလို့ ရမလား? ဒီည ဒီမှာပဲအိပ်ပြီး မနက်ဖြန်မှ ပြန်လိုက်မယ်”
စုန့်ကျစ်သယ်အနေဖြင့် သူ့ကို စွန့်ခွာသွားနိုင်မည်မဟုတ်ဟု သူက အမြဲတစေ အခိုင်အမာ ယုံကြည်ထား၏။
အကယ်၍ သူသာ တစ်ညခောက် ပြန်မလာပါက ထိုအဘိုးကြီးမှာ အိပ်ရာထဲတွင် အနားနိုင်လိမ့်မည်မဟုတ်ချေ။ သို့ဖြစ်၍ မနက်ဖြန် မနက်စောစောတွင် သူ့ကိုလာရှာရန် တစ်စုံတစ်ယောက်ကို သေချာပေါက် လွှတ်လိုက်ပေလိမ့်မည်။
ထိုအချိန်ကျမှသာ သူက စုန့်ကျစ်သယ်အတွက် မည်မျှအထိ အရေးပါကြောင်းကို တခြားသူများ ရှင်းလင်းစွာ မြင်တွေ့နိုင်လိမ့်မည်။
နောက်ပိုင်းတွင် အလုပ်အကိုင်မရှိဘဲ လျှောက်ပြောနေတတ်သည့် လူများ၊ အထူးသဖြင့် ထိုအဘွားကြီး အန်တီတုန်နှင့် လင်းရန်တို့ သူ့အိမ်သို့လာကာ မဆီမဆိုင် စကားများကို လာပြောရဲတော့မည်မဟုတ်ပေ။
ထိုနှစ်ဦးအကြောင်းကို တွေးမိလိုက်သည့်အခါ ကျန်းကျွင့်၏ မျက်နှာမှာ ပို၍ပင် ရုပ်ဆိုးသွားရ၏။
အထူးသဖြင့် လင်းရန် ပြောဆိုခဲ့သည့် ကိစ္စပင်။
ဒါက စကားလမ်းကြောင်း ပြောင်းသွားခဲ့ပြီဆိုတော့ အဲဒီအကြောင်းကို ထပ်မပြောတော့လောက်ပါဘူး ဟုတ်တယ်မလား။
သူ့စိတ်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်နေသေးသော်လည်း၊ နောက်ဆုံးတွင် ကျန်းကျွင့်တစ်ယောက် စုန့်ကျစ်သယ်၏ သူ့အပေါ်တွင်ထားရှိသော သံယောဇဉ်ကိုသာ ယုံကြည်ရန် ဆုံးဖြတ်လိုက်လေသည်။
စုန့်ကျစ်သယ်က သူ့ကို သံသယဝင်ကာ ရက်အနည်းငယ်မျှသာ သိကျွမ်းသည့် ထမင်းချက်မလေးကို ယုံကြည်လိမ့်မည် မဟုတ်ဟု တွေးတောလိုက်သည်။
ကျန်းကျွင့် သူ့ကိုယ်သူ ထိုသို့ နှစ်သိမ့်ပြီးနောက် မနက်ဖြန် မနက်စောစောတွင် အိမ်ရာဝင်းအတွင်းမှ ကားတစ်စီးမှ သူ့ကို လာရောက်ခေါ်ဆောင်မည်ကို သူငယ်ချင်းဖြစ်သူ၏ အိမ်၌ပင် စောင့်ဆိုင်းနေခဲ့သည်။
သို့သော် အိမ်ရာဝင်းအတွင်းမှ လူများက အမှန်တကယ်ပင် သူ့ကို လာရောက်ရှာဖွေသည့်အချိန်တွင် သူ့ကို ပြန်လည်ဖိတ်ခေါ်ရန် မဟုတ်ဘဲ တခြားသော အကြောင်းပြချက်များကြောင့် ဖြစ်နေခဲ့မည်ကိုတော့ သူ မသိနေခဲ့ပေ။
…
ကျန်းကျွင့် အိမ်မှ ထွက်ပြေးသွားသည့် နောက်တစ်နေ့တွင် စုန့်လူကြီးမင်းက အထီးကျန်ပြီး အကူအညီမဲ့ ဖြစ်မသွားသည့်အပြင် လင်းရန် ရှိနေခြင်းကြောင့် ပို၍ပင် ပျော်ရွှင်နေခဲ့ရ၏။
လင်းရန်က ယမန်နေ့က ပြောခဲ့သည့်အတိုင်း အမှန်တကယ်ပင်လုပ်ဆောင်ခဲ့လေသည်။ သူမသည်က စုန့်လူကြီးမင်းအတွက် ထမင်းချက်ပေးရုံသာမက ထမင်းစားပြီးနောက်တွင်လည်း သူ့ကို လမ်းလျှောက်ထွက်ရန် ခေါ်ဆောင်သွားခဲ့၏။
လမ်းတစ်လျှောက်တွင် တခြားသော မိတ်ဆွေဟောင်းများက ထိုမြင်ကွင်းကို မြင်တွေ့ရလျှင် မရယ်မောဘဲ မနေနိုင်ကြဘဲ သူတို့နှစ်ဦး အတူ လမ်းလျှောက်နေသည်မှာ အဘိုးနှင့် မြေးအရင်းအချာနှင့်ပင် တူကြောင်းကို စနောက်နေခဲ့ကြလေသည်။
ထိုစကားများကို ကြားလျှင် စုန့်လူကြီးမင်းသည်လည်း ရယ်မောလိုက်ကာ လင်းရန်ကို ကြည့်လိုက်မိလေ၏။
“တကယ်လို့ ငါ့မှာသာ ဒီလိုမြေးမလေးတစ်ယောက်ရှိဖို့ ကံပါလာခဲ့မယ်ဆိုရင် တကယ့်ကို ကောင်းမွန်တဲ့ကိစ္စတွေဖြစ်လာမှာပဲ”
တစ်ဖက်လူမှာ ထိုစကားကိုကြားလျှင် စုန့်လူကြီးမင်း၏ အတိတ်ဖြစ်ရပ်ကို သတိရသွားကာ သူပြောလိုက်သောစကားက မသင့်တော်ကြောင်း ရုတ်တရက် ခံစားလိုက်ရ၏။ ဤသည်မှာ တစ်ဖက်လူ၏ ရင်ကို တည့်တည့်ကန်လိုက်သကဲ့သို့ ဖြစ်သွားသည်မဟုတ်ပါလား။
သို့သော် ကံကောင်းထောက်မစွာဖြင့် စုန့်လူကြီးမင်းက ဤအမှန်တရားကို လက်ခံထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် ထိုသို့သော စကားစုလေးတစ်ခုကြောင့် ဝမ်းနည်းပူဆွေးခြင်း မရှိတော့ချေ။
တစ်ဖက်လူ၏ မျက်နှာပေါ်မှ စိတ်အနှောင့်အယှက်ဖြစ်နေသော အမူအရာကို မြင်လိုက်ရသဖြင့် လင်းရန်က အချိန်ကိုက်ပင် စကားလမ်းကြောင်း လွှဲလိုက်လေ၏။
“စုန့်လူကြီးမင်း၊ မွန်းတည့်ချိန်ကျရင် ဘာစားချင်လဲ၊ လူကြီးမင်းဘာသာပဲ တွေတောလိုက်ပါဦး၊ မဟုတ်ရင် ကျွန်မ ဘာချက်ရမလဲဆိုတာ မသိတော့ဘူးလေ”
အစားအသောက်အကြောင်း ပြောလိုက်သည်နှင့် စုန့်လူကြီးမင်းက ပို၍ တက်ကြွလာခဲ့ရ၏။
သူက စားသောက်ချင်သည့် ဟင်းလျာနှစ်မျိုးကို အလျင်အမြန် ပြောဆိုလိုက်လျှင် လင်းရန်က အပြုံးတစ်ခုနှင့် ခေါင်းညိတ်ပြလိုက်လေသည်။
သူမ စုန့်လူကြီးမင်းကို အိမ်သို့ ဖြည်းဖြည်းချင်း ပြန်ပို့ရန် ပြင်လိုက်ချိမ်တွင် ဆက်သွယ်ရေးရုံးမှ ရဲဘော်တစ်ဦးက သူတို့ထံသို့ အပြေးအလွှား လျှောက်လာသည်ကို မြင်လိုက်ရ၏။
“ရဲဘော်လင်းရန်၊ မင်းရဲ့ ချစ်သူက ဖုန်းပြန်ခေါ်နေပါတယ်!”
သူမ၏ ချစ်သူ... စုန့်ရှီးယန်!
လင်းရန် ခေတ္တမျှ ကြောင်အမ်းသွားပြီးမှ သတိဝင်လာကာ စုန့်လူကြီးမင်းအား ချက်ချင်းပင် ပြောလိုက်လေသည်။
“စုန့်လူကြီးမင်း၊ ကျွန်မ လူကြီးမင်းကို အရင်ဆုံး အိမ်ကိုပြန်ပို့ပေးပါ့မယ်၊ ပြီးရင် ဖုန်းသွားပြောပြီးမှ ထမင်းပြန်ချက်ပေးမယ်နော်”
သို့သော် သူမ အလွန်အမင်း စိတ်လှုပ်ရှားနေသည်ကို မြင်လျှင် စုန့်လူကြီးမင်းက လက်ကာပြလိုက်၏။
“မင်း ဖုန်းအရင်သွားပြောလိုက်လေ၊ ငါ့ဘာသာငါ ပြန်လို့ရပါတယ်၊ အခုက ခြေလှမ်းနည်းနည်းပဲ ဝေးတော့တာ၊ ပြီးတော့ အပြင်မှာလည်း လူတွေအများကြီးရှိနေတာပဲ၊ ဘာမှမဖြစ်နိုင်ပါဘူး”
ထိုစကားကို ကြားလျှင် လင်းရန်လည်း သဘောတူလိုက်လေတော့သည်။
မည်သို့ပင်ဖြစ်စေ စုန့်ရှီးယန်က ရှားပါးစွာ အချိန်ရလာခြင်းဖြစ်၍ ဤအခွင့်အရေးကို လက်လွတ်သွားပါက တစ်ဖက်လူအနေဖြင့် နောက်ထပ် တာဝန်တစ်ခုဖြင့် ထွက်သွားမည်ကို သူမ စိုးရိမ်မိ၏။
ထို့မပြင် စုန့်လူကြီးမင်း၏ အကြောင်းကိုလည်း သူမ သူ့ကို သေသေချာချာ ပြောပြရပေမည်။
သို့ဖြစ်၍ နောက်ဆုံးတွင် လင်းရန်တစ်ယောက် စုန့်လူကြီးမင်းကို ဖြည်းဖြည်းချင်း ပြန်သွားခိုင်းလိုက်ပြီးနောက် သူမကိုယ်တိုင်က ဆက်သွယ်ရေးရုံးသို့ အချိန်မီ သွားခဲ့လေ၏။
လင်းရန် ဆက်သွယ်ရေးရုံးသို့ ရောက်လျှင် ဆက်သွယ်ရေးတာဝန်ခံ၏ အကူအညီဖြင့် ဖုန်းပြန်ခေါ်လိုက်သည်။
လိုင်းချိတ်ဆက်ပြီးနောက် စုန့်ရှီးယန်၏ ရင်းနှီးနေသော အသံကို ကြားလိုက်ရလေ၏။
“ရန်ရန်!”
စုန့်ရှီးယန်၏ အသံထဲတွင် လွမ်းဆွတ်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကို ကြားနိုင်ရန်အတွက် မခက်ခဲပါချေ။
အကယ်၍ ဖုန်းဖြင့် ပြောနေရခြင်းသာ မဟုတ်ပါက သူ့အနေဖြင့် လင်းရန်ကို မချီကာ ပွေ့ဖက်ထားပေလိမ့်မည်။
ဤမျှချိုမြိန်လွန်းသောအသံကြောင့် လင်းရန် ရှက်ရွံ့သွားရကာ တစ်ဖက်တွင်လည်း ပျော်ရွှင်သွားခဲ့ရလေ၏။
ထိုအမျိုးသားက အလုပ်လုပ်နေချိန်တွင်ပင် သူမအကြောင်းကို တွေးတောရန်အတွက် မမေ့လျော့ခဲ့ပုံရသည်။
ထိုသို့ တွေးမိပြီး လင်းရန်၏ စိတ်နှလုံးတို့ကချိုမြိန်သွားရလေ၏။
သို့သော် သူမ၏ ဖုန်းခေါ်ဆိုမှုအတွက် အဓိကရည်ရွယ်ချက်ကို မေ့လျော့မသွားခဲ့ချေ။
“စုန့်ရှီးယန်၊ ရှင်နဲ့ ပြောစရာ ကိစ္စတစ်ခု ရှိတယ်၊ ဒါပေမဲ့ ကျွန်မ ရာနှုန်းပြည့်တော့ မသေချာဘူး ဒါကြောင့် ရှင်ကိုယ်တိုင် ဒီကိုလာပြီး ကိုင်တွယ်ဖြေရှင်းမလားဆိုတာကို ဆုံးဖြတ်ရမယ်”
မူလက စုန့်ရှီးယန်အနေဖြင့် လင်းရန်မှ သူ့အား မည်မျှလွမ်းဆွတ်ကြောင်း ပြောဆိုလာမည်ကို စောင့်မျှော်နေခဲ့ခြင်း ဖြစ်ပေသည်။
သူ့အနေဖြင့် မဖြစ်နိုင်ကြောင်းကို သိရှိထားသော်လည်း လင်းရန်က သူ့ထံသို့ ဖုန်းဆက်လာခြင်းမှာ သူမ သူ့ကို လွမ်းဆွတ်နေသောကြောင့်ပင် မဟုတ်ပါလား။
အကယ်၍ သူမဘက်မှ ပြောရန် ရှက်နေမည်ဆိုပါက သူကိုယ်တိုင်ပင် စတင်ပြောဆိုလိုက်မည်ဟုလည်း တွေးထားသေး၏။
ယောကျာ်းတစ်ယောက်အနေဖြင့် မပြောရဲမည့်စကားမျိုးမရှိသင့်ပေ။ လိုအပ်လျှင် လိုက်လျောနိုင်ခြင်းမှာလည်း စစ်မှန်သော အရည်အချင်းပင် ဖြစ်ပေသည်။
သို့သော် သူ၏ လွမ်းဆွတ်ကြောင်း မပြောရသေးမီ လင်းရန်၏ လေးနက်သော အသံနှင့် ကြားလိုက်ရလေသည်။
စုန့်ရှီးယန် မျက်မှောင်ကြုတ်သွားကာ ချက်ချင်းပင်လေးနက်သည့်အမူအရာဖြစ်သွားရလေ၏။
“ရန်ရန် ဘာဖြစ်လို့လဲ၊ ကိုယ့်ကို ပြောပြပါဦး”
လင်းရန်သည်လည်း အချိန်ဆွဲမနေတော့ဘဲ သူမ ရှာဖွေတွေ့ရှိထားသည့်အရာများနှင့် သံသယဖြစ်စရာများကို တိုက်ရိုက်ပင် ပြောပြလိုက်တော့သည်။ တစ်ဖက်မှ စုန့်ရှီးယန်သည်ကား ထိုအကြောင်းများကို ကြားလိုက်ရပြီးနောက် အလွန်အမင်း တုန်လှုပ်သွားပုံရသည်။
“...ဒါပေမဲ့ ကျွန်မရဲ့အဖေက အဲဒီပစ္စည်းကို အခုထိ ပို့မလာသေးတော့ လက်ကောက်နှစ်ကွင်းက တစ်ထပ်တည်း တူ၊ မတူဆိုတာ ကျွန်မလည်း ရာနှုန်းပြည့် မသေချာသေးဘူး
ပြီးတော့ ရှင်တို့မိသားစုရဲ့ အမွေအနှစ်လက်ကောက်က တစ်ကွင်းတည်းလား၊ ဒါမှမဟုတ် နှစ်ကွင်းလား”
လင်းရန် ပြောစရာရှိသည်များကို ပြောဆိုပြီးနောက် စုန့်ရှီးယန်အား လျင်မြန်စွာပင် ပြန်လည်မေးမြန်းလိုက်သည်။
ဆိုရလျှင် လက်ကောက်များက အမှန်တကယ်ပင် တစ်ထပ်တည်း တူနေလျှင်ပင်၊ ထိုသည်က မိသားစုနှစ်ခုလုံးမှ ဆိုင်တစ်ဆိုင်တည်းတွင် ဝယ်ယူခဲ့ခြင်း သို့မဟုတ် လက်သမားတစ်ဦးတည်းက ပြုလုပ်ခဲ့ခြင်းမျိုး ဆိုပါက အလွန်ပင် ရှက်စရာ ကောင်းနေပေလိမ့်မည်။
ထို့ကြောင့် သူမအနေဖြင့် ထိုအချက်ကို သေချာအောင်မေးမြန်းရခြင်း ဖြစ်ပေ၏။
သို့သော် ဤမေးခွန်းက စုန့်ရှီးယန်ကို အခက်တွေ့သွားစေခဲ့သည်။
“ကိုယ်လည်း မသိဘူး၊ အဲဒီနေ့က အဖေက အဲဒါကိုသာ ရုတ်တရက် ထုတ်မပြခဲ့ဘူးဆိုရင် ကိုယ်တို့ရဲ့အိမ်မှာ ဒီလိုပစ္စည်းမျိုးရှိနေတယ်ဆိုတာကို ကိုယ်တောင် သိမှာမဟုတ်ဘူး”
စုန့်ရှီးယန်၏ ငယ်ဘဝမှတ်ဥာဏ်တွင် သူ၏ဖခင်က မိဘမဲ့တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ရသူဖြစ်ပြီး သူ၏ ဇာတိမြေက မည်သည့်နေရာ ဖြစ်သည်ကိုပင် သူတို့ မသိရှိခဲ့ကြချေ။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူ၏ဖခင်က မိသားစုအမွေအနှစ် ရွှေလက်ကောက်တစ်ကွင်းကို ထုတ်ပြနိုင်ခဲ့ခြင်းက စုန့်ရှီးယန်ကိုလည်း အလွန်အံ့အားသင့်စေခဲ့သည်။
“ဒါဆို ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ?”
လင်းရန်သည် မသိစိတ်ဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး မေးမြန်းလိုက်လေ၏။
“ရှင့်အဖေကို ဒီကိစ္စအကြောင်းကို ပြောပြလိုက်တာက ပိုမကောင်းဘူးလား. သူက တစ်ခုခုလောက်တော့ သိထားသင့်တယ်လို့ ထင်တာပဲ”
သို့မဟုတ်ပါက သူ့အနေဖြင့် ထိုလက်ကောက်ကို နှစ်ပေါင်းများစွာကြာအောင် တိတ်တဆိတ် သိမ်းဆည်းထားလိမ့်မည် မဟုတ်ချေ။
စုန့်ရှီးယန်သည်လည်း လင်းရန်နှင့် အကြံတူသောကြောင့် ဤကိစ္စကို သူ၏ဖခင်ထံသို့ ပြောပြရန် ချက်ချင်းပင် ဆုံးဖြတ်လိုက်လေသည်။
မည်သို့ပင်ဖြစ်စေ ၊ နောက်ဆုံးရလဒ်မှာ မည်သို့ပင်ရှိနေသည်ဖြစ်စေ မျှော်လင့်ချက် အလင်းရောင်လေး တစ်စွန်းတစ်စလောက် ရှိနေသရွေ့ သူ စုံစမ်းစစ်ဆေးရပေမည်။
*