အခန်း (၃၂၆)
Vol. 33 Ch. 326
အခန်း(326)
နောက်ဆုံးတွင် စုန့်ရှီးယန်က သူ၏ဖခင်အား ချက်ချင်း ဆက်သွယ်ရန် လင်းရန်နှင့် သဘောတူလိုက်လေ၏။ အကယ်၍ သူ၏ဖခင်ထံမှ အသေးစိတ် အချက်အလက်များကို သိရှိရပါက လင်းရန်ထံသို့ ချက်ချင်း ဖုန်းပြန်ခေါ်မည်ဖြစ်ပြီး သူ၏ဖခင်နှင့်အတူ ဤနေရာသို့ လာရောက်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
မည်သည့်အရာကိုမျှ မမေးမြန်းနိုင်ခဲ့ပါက သို့မဟုတ် သူ၏ဖခင်ကပင် မသိရှိပါကလည်း သူ လာခဲ့လိမ့်မည်ပင် ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ဤကိစ္စကသာ အမှန်ဖြစ်ခဲ့ပါက စုန့်လူကြီးမင်းမှာ သူ၏ အဘိုးအရင်း ဖြစ်နေသည်မဟုတ်ပါလား။
မည်သို့သော အခြေအနေမျိုးတွင်မဆို သူကိုယ်တိုင် သွားရောက်ပြီး အတည်ပြုရပေမည်။
အတိုချုပ်ရသော် စုန့်ရှီးယန်၏ဖခင်ဘက်မှ မည်သို့သောအခြေအနေရှိသည်ဖြစ်စေ စုန့်ရှီးယန်က လာရောက်ရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်ပေသည်။
သူ၏ ဆုံးဖြတ်ချက်ကို ကြားလျှင် လင်းရန်သည်လည်း စိတ်သက်သာရာ ရသွားခဲ့ရ၏။
နောက်ဆုံးတွင် စုန့်မိသားစုဝင်တစ်ဦး ကိုယ်တိုင်က ရှေ့သို့ထွက်လာခြင်းမှာ ပို၍ကောင်းမွန်သကဲ့သို့ ပို၍လည်း အဆင်ပြေချောမွေ့ပေလိမ့်မည်။
ဖုန်းချပြီးနောက် လင်းရန်က ဖုန်းပြန်လာမည့်အချိန်ကို ထပ်မံ၍ စောင့်ဆိုင်းနေခဲ့ရပြန်သည်။
သို့သော် စုန့်ရှီးယန်နှင့် ဖုန်းပြောပြီးကတည်းက တစ်နေ့ကုန်သည်အထိ စုန့်ရှီးယန်ထံမှ ဖုန်းပြန်မလာခဲ့ပါချေ။ တစ်ဘက်တွင် မည်သို့သောအခြေအနေ ဖြစ်နေသည်ကို သူမ မသိရှိနိုင်ချေ။ ထိုအချက်များကြောင့် သူမအနေဖြင့် စိတ်မရှည်ဖြစ်လာရသည်။
ယနေ့တွင် စိတ်မရှည်ဖြစ်နေသူမှာ လင်းရန် တစ်ဦးတည်းတော့ မဟုတ်ပါချေ။ အိမ်ရာဝင်းအတွင်းမှ လူများ လာရောက်ခေါ်ဆောင်မည်ကို စောင့်နေသည့် ကျန်းကျွင့်သည်လည်း ပါဝင်ပေသည်။
မှောင်စပျိုးလာပြီဖြစ်သော်လည်း လမ်းမပေါ်တွင် မည်သူမျှ ရှိမနေသည်ကို မြင်နေရသောကြောင့် ကျန်းကျွင့်မှာ ပို၍ပင် မသက်မသာ ခံစားလာရ၏။
အိမ်ရာဝင်းထဲကလူတွေ ဘာလို့ သူ့ကို လာမရှာကြသေးတာလဲ။
သူ ဒီမှာ နေနေတာကို မသိကြလို့များလား။
သို့သော် သူ ဝင်းအတွင်းမှ ထွက်လာခဲ့ချိန်က တံခါးစောင့်ရဲဘော်ကို သူ၏သူငယ်ချင်းထံသို့ သွားမည်ဖြစ်ကြောင်း ပြောခဲ့သည် မဟုတ်ပါလား။
ထိုသူငယ်ချင်းမှာ မည်သူဖြစ်ကြောင်းနှင့် မည်သည့်နေရာတွင် နေထိုင်ကြောင်းကိုလည်း သူ စုန့်ကျစ်သယ်အား ယခင်က ပြောပြခဲ့ဖူးသည်။ ထို့ကြောင့် စုန့်ကျစ်သယ်နှင့် တခြားသူများက သူရှိသည့်နေရာကို မသိနိုင်စရာ အကြောင်းမရှိချေ။
သို့ဆိုလျှင် အဘယ်ကြောင့် မည်သူကမျှ သူ့အား ပြန်ခေါ်ရန် ရောက်မလာကြသနည်း။
စုန့်ကျစ်သယ်က သူ့ကို အမှန်တကယ်ပဲ စွန့်လွှတ်လိုက်ပြီလား? !
မဟုတ်ဘူး၊ ဒါက မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး!
သူ မရှိပါက စုန့်ကျစ်သယ်အနေဖြင့် သေပင်မသေရဲလောက်ချေ။ သို့ဖြစ်၍ ထိုသူက သူနှင့် အမှန်တကယ် အဆက်အသွယ်ဖြတ်ပြီး အလိုမရှိတော့ဘဲ မနေနိုင်ပေ။
သို့သော် သူ၏ စိတ်ထဲတွင် ထိုမေးခွန်းကို အကြိမ်ကြိမ် ပြန်လည်မေးမြန်းနေခဲ့ကာ စိုးရိမ်ပူပန်သော စိတ်မှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာနေကြောင်းကို ကျန်းကျွင့်ကိုယ်တိုင်သာ အသိဆုံး ဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင် သူ၏သူငယ်ချင်းဖြစ်သူမှာ တစ်စုံတစ်ခုကို ရိပ်မိသွားခြင်းကြောင့်လားမသိပါဘဲ သူ့ထံသို့ မေးမြန်းလိုက်လေ၏။
“အစ်ကိုကျန်း၊ ခင်ဗျားနဲ့ စုန့်လူကြီးမင်းတို့ တကယ်ပဲ အဆင်မပြေဖြစ်နေကြတာလား?”
ကျန်းကျွင့်မှာ စုန့်ကျစ်သယ်၏ သားအရင်းမဟုတ်ကြောင်းကို အနည်းငယ်လောက် အဆက်အသွယ်ရှိသူတိုင်း စုံစမ်းသိရှိနိုင်ပေသည်။ ထိုသည်မှာ လျှို့ဝှက်ချက်တစ်ခုလည်း မဟုတ်ချေ။
ဤသူငယ်ချင်းမှာလည်း ထိုအကြောင်းကို သေသေချာချာ စုံစမ်းထားပုံရ၏။ အစပိုင်းတွင် သူသည်က ကျန်းကျွင့်အနေဖြင့် ကောက်ရလာသော ကလေးတစ်ဦးမျှသာ ဖြစ်သော်လည်း ဤမျှအထိ ထောင်လွှားနေသည်ကို အထင်အမြင်သေးခဲ့ဖူးပေသည်။
သို့သော် နောက်ပိုင်းတွင် စုန့်ကျစ်သယ်၌ ဤကမ္ဘာလောကတွင် မည်သည့်ဆွေမျိုးသားချင်းမျှ မရှိတော့ကြောင်းနှင့် ကျန်းကျွင့်ကို သားအရင်းမဟုတ်လျှင်ပင် သားအရင်းကဲ့သို့ ပြုစုစောင့်ရှောက်ထားကြောင်းကို သိရှိသွားခဲ့ရ၏။
စုန့်ကျစ်သယ်က ကျန်းကျွင့်အပေါ် ထားရှိသော သဘောထားကြောင့်သာ သူသည်လည်း ကျန်းကျွင့်နှင့် ရင်းနှီးအောင် ကြိုးစားခဲ့ခြင်း ဖြစ်ပေသည်။ သို့မဟုတ်ပါက မည်သူကမှ ကျန်းကျွင့်ကဲ့သို့ အသုံးမကျသည့်သူနှင့် ညီအစ်ကို တော်ချင်မည် မဟုတ်ပါချေ။
ယခုအချိန်တွင် ကျန်းကျွင့်နှင့် စုန့်ကျစ်သယ်တို့ကြားတွင် မည်သို့သော ပဋိပက္ခဖြစ်ပွားသည်ကို သူ မသိရှိသော်လည်း၊ ထိုပဋိပက္ခမှာ ကျန်းကျွင့် ယမန်နေ့က ပြောခဲ့သကဲ့သို့ ရိုးရှင်းပုံမရချေ။
အကယ်၍ သူတို့နှစ်ဦးကြားတွင် အမှန်တကယ်ပင် အက်ကြောင်းပေါ်သွားပြီဆိုပါက၊ ကျန်းကျွင့်က သူ့အတွက် အဓိပ္ပာယ် မရှိတော့ပေ။
သူအနေဖြင့် ကျန်းကျွင့်အား မြှောက်ပင့်ပေါင်းသင်းနေရမည့် တာဝန်မရှိတော့ပါချေ။
ထို့ကြောင့် သူ ဤကိစ္စကို သေသေချချာ သိရှိနိုင်ရန် ကိုယ်တိုင်ပင် မေးမြန်းလိုက်ခြင်း ဖြစ်ပေသည်။
သို့သော် ကျန်းကျွင့်က ဤအချက်ကို အဘယ်ကြောင့် ဝန်ခံပါမည်နည်း။
ထိုသူ၏ မေးမြန်းမှုကို ရင်ဆိုင်ရသောအခါ သူသည် မျက်နှာကိုတင်းလျက် ငြင်းဆိုလိုက်သည်။
“အဆင်မပြေတာဟုတ်လား? မင်း ဘာတွေ လျှောက်ပြောနေတာလဲ”
“အဘိုးကြီးမှာ ငါ့လို သားတစ်ယောက်ပဲ ရှိတာလေ၊ သူ့ရဲ့ နာရေးကိစ္စကို ဘယ်သူ့ကိုမှ မလုပ်စေချင်ဘူးဆိုရင်တော့ တစ်မျိုးပေါ့.. ဒါမှမဟုတ်ရင် သူက ငါနဲ့ အဆင်မပြေဖြစ်ရဲပါ့မလား
မင်းကတော့ နေ့တိုင်း အတွေးတွေ များနေတာပဲ၊ ငါ အခြေအနေကောင်းနေတုန်းကတော့ မင်း ဒီလိုမတွေးခဲ့ပါဘူး”
“ဒီတစ်ခါတော့ အဘိုးကြီးနဲ့ ငါက အတော်လေး စကားများသွားကြတာ၊ သူက စိတ်ဆိုးနေသေးတာဖြစ်နိုင်တယ်၊ ငါကလည်း အစောကြီး ပြန်မသွားချင်သေးဘူး၊ တကယ်လို့ မင်းက ငါ့ကို ဒီမှာ မနေစေချင်ဘူးဆိုရင်လည်း ငါ ထွက်သွားပေးနိုင်တယ်၊ ငါက နေစရာနေရာ မရှာနိုင်သေးဘူးလို့ မင်း ထင်နေတာလား”
ထိုသို့ပြောဆိုပြီးနောက် ကျန်းကျွင့်က ဒေါသတကြီးဖြင့် ထွက်ခွာတော့မည့် အမူအရာကို ရည်ရွယ်ချက်ရှိရှိ လုပ်ပြလိုက်လေ၏။
သူ၏ အမူအရာကို မြင်လျှင် တစ်ဖက်လူမှာလည်း ယုံကြည်သွားရပြန်သည်။
“ဟေး.. အစ်ကိုကျန်း၊ ဘာတွေ ပြောနေတာလဲ ၊ ကျွန်တော့်မှာ အဲဒီလို အတွေးမျိုး ဘယ်ရှိပါ့မလဲ
ကျွန်တော်က အစ်ကို့အတွက် စိတ်ပူလို့ မေးတာပါ၊ စုန့်လူကြီးမင်းနဲ့ ဘာမှမဖြစ်ဘူးဆိုရင်တော့ ကောင်းတာပေါ့၊ အစ်ကို ဒီမှာပဲ နေလိုရတယ်၊ ဘယ်လောက်ပဲကြာကြာ နေချင်သလောက် နေလို့ရပါတယ်၊
ကျွန်တော်တို့ ညီအစ်ကိုတွေကြားမှာ ဘာလို့ ဒီလိုတွေ စိမ်းစိမ်းကားကား ပြောနေရတာလဲ”
ကျန်းကျွင့် ပြောသည့်အတိုင်းလည်း ဖြစ်နိုင်ပေသည်။ ဤတစ်ကြိမ်တွင် အဘိုးကြီး ဒေါသထွက်နေသည့်အချိန် အနည်းငယ် ပိုရှည်သွားခြင်းသာ ဖြစ်ပေလိမ့်မည်။
မနက်ဖြန်အထိသာ စောင့်ကြည့်လိုက်ရအောင်။
ကျန်းကျွင့်ကို လာခေါ်ဆောင်မဲ့ တစ်စုံတစ်ယောက် သေချာပေါက် ရှိနေလောက်မှာပါ။
မဟုတ်ပါက ထိုသူမှာ အမွေဆက်ခံမည့်သူ မရှိသော အထီးကျန် အဘိုးကြီးတစ်ဦးသာ ဖြစ်နေပေတော့မည် မဟုတ်ပါလား။
သို့ဖြစ်၍ ကျန်းကျွင့်သည် ဤနေရာ၌သာ ဆက်လက်၍ နေထိုင်နေခဲ့လေ၏။
သို့သော် သူ မထင်မှတ်ထားသည်မှာ ဒုတိယမြောက်နေ့သို့ ရောက်သည့်တိုင်အောင် အိမ်ရာဝင်းအတွင်းမှ မည်သူတစ်ဦးတစ်ယောက်မျှ သူ့ထံသို့ ရောက်ရှိမလာခဲ့ချေ။
ယခုအချိန်တွင်တော့ သူ၏သူငယ်ချင်းသာမက ကျန်းကျွင့်ကိုယ်တိုင်ပင် ငြိမ်သက်စွာ မထိုင်နိုင်တော့ချေ။
နှစ်ရက်တောင် ရှိသွားပေပြီ။
စုန့်ကျစ်သယ်က သူ့ထံသို့ လူလွှတ်၍ မရှာဖွေခဲ့သည်မှာ နှစ်ရက်တောင် ကြာမြင့်သွားခဲ့ပြီ ဖြစ်ရာ တစ်စုံတစ်ခုတော့ အမှန်တကယ် ဖြစ်ပွားနေပေပြီ။
စုန့်ကျစ်သယ်ကိုယ်တိုင် တစ်စုံတစ်ခု ဖြစ်နေခြင်းလား၊ သို့မဟုတ်..သူ့ကို အမှန်တကယ်ပင် အလိုမရှိတော့ခြင်းလား။
မည်သည့်အကြောင်းအရင်းပင် ဖြစ်စေ၊ ကျန်းကျွင့်အတွက်လုံးဝ လက်ခံနိုင်စရာ မရှိချေ။
ထို့ကြောင့် သူငယ်ချင်းဖြစ်သူက အကဲခတ်၍ မေးမြန်းနေရန်ပင် မလိုတော့ဘဲ သူကိုယ်တိုင်ပင် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်လေတော့သည်။
“ငါ ပြန်တော့မယ်၊ ငါ့မှာ ကိုင်တွယ်ဖြေရှင်းစရာ ကိစ္စလေးတွေ ရှိနေတာကို ရုတ်တရက် သတိရသွားပြီ၊ ငါ အရင်သွားနှင့်ပြီ!”
ထိုသို့ပြောပြီးနောက် ကျန်းကျွင့်က နောက်သို့ပင် လှည့်မကြည့်တော့ဘဲ ထွက်ခွာသွားလေ၏။
သူ၏သူငယ်ချင်းမှာလည်း အလောတကြီးဖြင့် ထွက်ခွာသွားသော သူ၏ နောက်ကျောကို ကြည့်ရင်း ကျန်ရစ်ခဲ့ရကာ စိတ်ထဲတွင်လည်း သံသယများ ပိုမိုပြင်းထန်လာခဲ့တော့သည်။
ကြည့်ရသည်မှာ ကျန်းကျွင့်နှင့် စုန့်ကျစ်သယ်တို့ကြားတွင် အမှန်တကယ်ပင် ကြီးမားသော ပြဿနာတစ်ခု ရှိနေပုံရပေသည်။
…
ကျန်းကျွင့် အိမ်ရာဝင်းအတွင်းသို့ အပြေးအလွှား ပြန်လာချိန်တွင် ညနေစောင်းနေပေပြီ ။ ထိုအချိန်တွင် အိမ်ရာဝင်းသို့သွားမည့်ကား မရှိတော့သည့်အတွက် သူ ခြေကျင်သာ ပြေး၍ပြန်ခဲ့ရ၏။
သို့သော် သူ၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေသောကြောင့် ဤခရီးတစ်လျှောက်လုံးတွင် ပထမဆုံးအကြိမ်အဖြစ် ပင်ပန်းသည်ဟုပင် မခံစားရချေ။
သူ အိမ်ရာဝင်း၏ တံခါးဝသို့ ရောက်ရှိလာချိန်တွင် အမောတကော ဖြစ်နေခဲ့ပြီး တံခါးစောင့်ရဲဘော်အား တံခါးဖွင့်ပေးရန် ပြောဆိုတော့မည့်ဆဲဆဲ၌ သူ၏နောက်ဘက်မှ ကားတစ်စီး၏ အသံကို ရုတ်တရက် ကြားလိုက်ရလေသည်။
ကျန်းကျွင့် ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် မသိစိတ်ဖြင့် နောက်သို့ လှည့်ကြည့်လိုက်မိ၏။
သူ့အနေဖြင့် အပိုဆောင်း ထွက်ပေးသည့်ဖယ်ရီကား သို့မဟုတ် ဝင်းထဲမှ လူကိုကြိုရန် ထွက်လာသော ကားတစ်စီး ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့လေ၏။
သို့သော်လည်း သူ လှည့်ကြည့်လိုက်ချိန်တွင် မြင်တွေ့လိုက်ရသည်မှာ အလွန်ပင် စိမ်းသက်လွန်းနေသော ကားတစ်စီး ဖြစ်နေပေသည်။
ကား၏ လိုင်စင်နံပါတ်ပြားကို ကြည့်ရသည်မှာလည်း တခြားမြို့မှ ဖြစ်ပုံရသည်။
အိမ်ရာဝင်းမှ တစ်စုံတစ်ယောက်၏ အဝေးရောက် ဆွေမျိုးများများ ဖြစ်နေလောက်မည်လား။
ကျန်းကျွင့်မှာ စုန့်ကျစ်သယ်၏ အကြောင်းကိုသာ အာရုံရောက်နေသောကြောင့် ထိုစိမ်းသက်သော ကားကို တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် မျက်နှာလွှဲလိုက်ကာ တံခါးစောင့်ရဲဘော်ကို သူ့အား အထဲသို့ အမြန်ပေးဝင်ရန်သာ တောင်းဆိုလိုက်လေသည်။
တံခါးစောင့်ရဲဘော်က သူ့ကို သိကျွမ်းသူ ဖြစ်ပေသည်။ လွန်ခဲ့သည့် နှစ်ရက်အတွင်း ကျန်းကျွင့်နှင့် စုန့်ကျစ်သယ်တို့ ဆက်ဆံရေး ပြတ်ဆဲသွားသည်ဟူသော ကောလာဟလအချို့ကို ကြားထားသော်လည်း သေသေသေချာ မသိရှိသောကြောင့် နောက်ဆုံးတွင် ကျန်းကျွင့်ကို အထဲသို့ ပေးဝင်လိုက်၏။
သူက ကျန်းကျွင့်ကို အထဲသို့ဝင်နိုင်ရန် တံခါးငယ်လေးကို ဖွင့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် တံခါးဝတွင် ရပ်ထားသော ကားပေါ်မှ စစ်ဝတ်စုံဝတ်ထားသည့် အရပ်ရှည်သည့် လူတစ်ဦး ဆင်းလာခဲ့လေသည်။
“ရဲဘော်၊ ကျွန်တော်တို့ကို တံခါးဖွင့်ပေးပါဦး၊ ကျွန်တော်တို့က ရဲဘော် စုန့်ကျစ်သယ်ရဲ့ ဆွေမျိုးတွေပါ၊ သူ့ကို လာရှာတာ”