← Chapters

အခန်း (၃၂၇)

Vol. 33 Ch. 327

အခန်း (၃၂၇)

Vol. 33 Ch. 327

*အခန်း(327)

ရဲဘော် စုန့်ကျစ်သယ်ရဲ့ ဆွေမျိုးတွေ ဟုတ်လား!

ထိုစကားကို ကြားလိုက်လျှင် တံခါးဝ၌ ကင်းစောင့်နေသော ရဲဘော်၏ မျက်လုံးများမှာ အံ့အားသင့်လွန်းပြီး ပြူးထွက်လုမတတ် ဖြစ်သွားရလေ၏။

“စုန့်.. စုန့်လူကြီးမင်းရဲ့ ဆွေမျိုးတွေလား၊ သူ ပြောတာကတော့...”

သူ၏ ဆွေမျိုးသားချင်းများမှာ အသက်ရှင်လျက် မရှိကြတော့ဟု သူ ပြောခဲ့သည် မဟုတ်ပါလား။

တံခါးစောင့်ရဲဘော် ပြောတော့မည့် စကားကို ကြိုတင်သိနေသကဲ့သို့ စုန့်ရှီးယန်က ဆက်လက်ရှင်းပြလိုက်လေသည်။

“ နားလည်မှုလွဲမှားမှုတချို့ ရှိခဲ့လို့ပါ၊ ဒီနေ့ ကျွန်တော်တို့ လာတာက အဲဒီနားလည်မှုလွဲတာတွေကို ရှင်းလင်းဖို့နဲ့ ပြီးတော့.. ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လမ်းလွဲအောင် လုပ်ပြီး ဟန့်တားနေတဲ့သူတွေကို ဖမ်းဆီးဖို့ လာတာပါ”

စုန့်ရှီးယန်၏ မျက်ဝန်းထဲမှ စူးရှထက်မြက်သော အကြည့်များမှာ စုန့်ကျစ်သယ်၏ ငယ်စဉ်အချိန်က အမူအရာနှင့် အမှန်တကယ်ပင် ဆင်တူလွန်းပေသည်။

ယခုအချိန်တွင် တံခါးစောင့်ရဲဘော်က အနည်းငယ် ပို၍ ယုံကြည်သွားပြီ ဖြစ်သော်လည်း ဘေးကင်းစေရန်အတွက် စုန့်ရှီးယန်တို့အား ချက်ချင်း အထဲသို့ ပေးမဝင်သေးဘဲ ဤနေရာတွင် ခေတ္တစောင့်ရန် ပြောဆိုကာ စုန့်လူကြီးမင်း၏ အိမ်သို့ အကြောင်းကြားရန် အပြေးအလွှား ထွက်သွားလေတော့သည်။

တံခါးစောင့်ရဲဘော်က စုန့်အိမ်သို့ ပြေးသွားနေချိန်တွင် သူ၏ရှေ့မှ အရင်ဝင်သွားသော ကျန်းကျွင့်က စုန့်အိမ်၏ တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။

အိမ်ရာဝင်းသို့ ပြန်မလာခဲ့သည်မှာ နှစ်ရက်မျှသာ ရှိသေးသော်လည်း ကျန်းကျွင့်တစ်ယောက် လွမ်းဆွတ်တမ်းတသည့်ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရ၏။

ယမန်နေ့နှင့် တစ်နေ့က သူ တည်းခိုခဲ့သော နေရာမှာ မဆိုးလှဟု ဆိုနိုင်ပါချေ။ သူ၏သူငယ်ချင်းမှာ မိဘနှစ်ပါးလုံး အလုပ်လုပ်ကိုင်သူများ ဖြစ်သောကြောင့် အိမ်ကအတော်ဘေး ကျယ်ဝန်းလှပေသည်။

သို့သော် ဤသည်မှာ သာမန်အလုပ်သမားများနှင့် ယှဉ်လျှင်သာ ကောင်းမွန်ခြင်းဖြစ်ပြီး၊ စုန့်ကျစ်သယ်၏ အိမ်နှင့် ဝင်းတစ်ခုလုံး၏ ပတ်ဝန်းကျင်နှင့် နှိုင်းယှဉ်ပါက ဆံခြည်တစ်မျှင်စာမျှပင် ယှဉ်နိုင်ခြင်း မရှိချေ။

ထိုဟောင်းနွမ်းစုတ်ပြတ်နေသော အလုပ်သမားတန်းလျား အဆောက်အအုံက အိမ်ဝင်းထဲမှ သီးသန့်ခြံဝန်းနှင့် အိမ်လေးကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။

ထို့အပြင် သူ ထိုနေရာတွင် နေထိုင်စဉ်က နေ့စဉ်နေ့တိုင်း တစ်ဖက်လူနှင့် ခုတင်တစ်လုံးတည်းတွင် အတူအိပ်ခဲ့ရသည်။ မိုးမလင်းမီကတည်းက စင်္ကြံလမ်းရှိ တခြားသူများ၏ ဟင်းချက်သံ၊ အိမ်တွင်းလှုပ်ရှားသံများကြောင့် နိုးလာခဲ့ရလေ၏။

သူတွင်သွားစရာနေရာ မရှိခြင်းကြောင့်သာမဟုတ်ပါက ထိုနေရာတွင် တစ်ရက်မျှပင် မနေချင်တော့ချေ။

ယခု ပြန်ရောက်လာပြီဖြစ်၍ ထိုအဘိုးကြီးကို အလျှော့ပေးလိုက်သည်က ပို၍ ကောင်းမွန်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ အဘိုးကြီးစုန့်မှာ နောက်ထပ်နှစ်အနည်းငယ်မျှသာ အသက်ရှင်တော့မည်ဖြစ်၍ သူ့အနေဖြင့် အောင့်အီးသည်းခံ၍သာ ကျော်ဖြတ်ရပေမည်။ နောက်ပိုင်းတွင် အဘိုးကြီးပိုင်ဆိုင်သမျှ အရာအားလုံးက မွေးစားသားဖြစ်သော သူ့ထံသို့သာ ရောက်ရှိလာမည် မဟုတ်ပါလား။

ထိုသို့ တွေးမိလိုက်သည်နှင့် ကျန်းကျွင့်က ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်လေ၏ ။ သူ့အနေဖြင့် သူ၏ ဒေါသကို ခဏလောက် ထိန်းထားကာ စုန့်ကျစ်သယ်ကို ကောင်းမွန်စွာ တောင်းပန်ပြီး ခွင့်လွှတ်မှုရရှိရန် ကြိုးစားရမည်။

နောက်ဆုံးတွင် သူက ရင်းနှီးနေသော တံခါးဝရှေ့တွင် ရပ်လိုက်ပြီး အသက်ကို ဝဝရှူကာ မျက်နှာကို အသာပွတ်သပ်လိုက်ပြီးနောက် အရှေ့မှတံခါးကို ခေါက်လိုက်တော့သည်။

“ဦးလေး၊ ကျွန်တော် ပြန်လာပြီ”

အိမ်ထဲတွင် ဟင်းချက်နေခဲ့သောလင်းရန်နှင့်၊ စုန့်လူကြီးမင်းနှင့်အတူ စစ်တုရင်ကစားနေသည့် စားဖိုမှူးရှုန်းတို့မှာ တံခါးအပြင်ဘက်မှ အသံကို ကြားလိုက်ရလေ၏။

ရုတ်တရက် သူတို့၏ လက်လှုပ်ရှားမှုများ ရပ်တန့်သွားကြပြီး စားဖိုမှူးရှုန်းက စုန့်လူကြီးမင်းအား ချက်ချင်း လှည့်ကြည့်လိုက်သည်။

“အစ်ကိုကြီးစုန့်.. ဒါက..”

ကျန်းကျွင့်နှင့် အကြိမ်အနည်းငယ်မျှသာ ဆုံဖူးသော်လည်း ကျန်းကျွင့်၏ စိတ်မမှန်လွန်းသော ကိုယ်ရည်ကိုယ်သွေးမှာ မှတ်မိလောက်စရာဖြစ်နေခဲ့သောကြောင့် ထိုအသံက ကျန်းကျွင့်၏ အသံဖြစ်ကြောင်းကို စားဖိုမှူးရှုန်းပင် ချက်ချင်းသိရှိလိုက်သည်။

ထို့အတွက် ကျန်းကျွင့်နှင့် ဆယ်စုနှစ်ပေါင်းများစွာ အတူနေထိုင်လာခဲ့သည့် စုန့်လူကြီးမင်းအတွက်တော့ ပြောစရာပင်မလိုတော့ပေ။

သို့သော် ထိုအသံကို ကြားပြီးနောက်တွင် စုန့်လူကြီးမင်းက ထူးခြားသော တုံ့ပြန်မှုတစ်စုံတစ်ရာကို မပြသဘဲ စားဖိုမှူးရှုန်းကိုသာ အသာပြုံးပြလိုက်လေ၏။

“သူ့ကို ဂရုမစိုက်ပါနဲ့၊ လာခဲ့ ငါတို့ စစ်တုရင် ဆက်ကစားကြရအောင်”

စားဖိုမှူးရှုန်းသည်လည်း ထိုအခြေအနေကို မြင်လျှင် စုန့်လူကြီးမင်း၏ သဘောထားကို ချက်ချင်းပင် ရိပ်မိသွားခဲ့သည်။

သူက စိတ်ထဲတွင် နားလည်သွားသောကြောင့် ထပ်မံ၍ ဖျောင်းဖျခြင်း မပြုတော့ဘဲ စုန့်လူကြီးမင်း၏ စကားအတိုင်း စစ်တုရင်ကိုသာ ဆက်လက် ကစားနေခဲ့လေ၏။

ကာယကံရှင်ဖြစ်သူကပင် မည်သည့်စကားကိုမှ မပြောလျှင် အပြင်လူဖြစ်သည့် သူ့အနေဖြင့် အဘယ်ကြောင့် ကြားဝင်နေရပါမည်နည်း။

ထို့အပြင် အဓိကအချက်မှာ စားဖိုမှူးရှုန်းကိုယ်တိုင်လည်း ကျန်းကျွင့်အပေါ် အလွန်အမင်းရွံရှာမိခြင်းပင် ဖြစ်၏။ သူသည်က စုန့်လူကြီးမင်းကို ထပ်မံ၍ ဒုက္ခမပေးနိုင်စေရန်အတွက် ထိုကောင်လေးကို တတ်နိုင်သမျှ အမြန်ဆုံး၊ တတ်နိုင်သမျှ အဝေးဆုံးသို့ ထွက်သွားစေချင်ပေပြီ။

သို့ဖြစ်၍ သူတို့နှစ်ဦးလုံးက ကျန်းကျွင့်၏ အသံကို ကြားရသော်လည်း သူ့ကို လျစ်လျူရှုထားကာ စစ်တုရင်ကိုသာ ဆက်လက် ကစားနေခဲ့ကြလေ၏။

အိမ်အပြင်ဘက်တွင်ရှိနေသော ကျန်းကျွင့်မှာ တံခါးခေါက်ပြီးနောက် စုန့်လူကြီးမင်းက ဝမ်းသာပျော်ရွှင်စွာဖြင့် တံခါးလာဖွင့်ပေးမည့်အချိန်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့သည်။

မည်သို့ပင်ဖြစ်စေ ယခင်က အမြဲတစေ အလျှော့ပေးကာ သည်းခံခဲ့သူမှာ အဘိုးကြီးစုန့်သာ ဖြစ်ခဲ့သည်။ ယခုတစ်ကြိမ်တွင် သူ့ဘက်မှ ဦးစွာ အလျှော့ပေးလိုက်ခြင်း ဖြစ်၍ ထိုအဘိုးကြီးမှာ အလွန်ပင်ဝမ်းသာသွားပေလိမ့်မည်။

ထိုအကြောင်းကို တွေးမိလျှင် ကျန်းကျွင့်တစ်ယောက် အဘိုးကြီးစုန့်မှ ဝမ်းသာလွန်း၍ မျက်ရည်ကျကာ သူ့အား အသိစိတ်ရှိသူဟု ချီးမွမ်းနေသည့် မြင်ကွင်းကို မြင်ယောင်နေမိတော့၏။

သို့သော် ခေတ္တမျှ စောင့်ဆိုင်းပြီးနောက်တွင်ပင် မည်သူမျှ တံခါးလာမဖွင့်ပေးဘဲနေမည်ကိုတော့ သူ မထင်မှတ်ထားခဲ့ပါချေ။

ကျန်းကျွင့် ကြောင်အမ်းသွားခဲ့ရ၏။

ဘာဖြစ်တာလဲ။ အိမ်ထဲမှာ ဘယ်သူမှ မရှိဘူးလား။ အဘိုးကြီးစုန့် အပြင်ကိုသွားနေတာလား။

ကျန်းကျွင့်၏ မျက်နှာက ချက်ချင်းပင် ပျက်သွားတော့သည်။

သူ့ဘက်မှ အမှားကို ဝန်ခံပြီး တောင်းပန်ရန် ဆုံးဖြတ်လိုက်ချိန်တွင်မှ အိမ်တွင် လူမရှိ ဖြစ်နေရသည်လား။

ဒီအဘိုးကြီးက ဘာတွေ လုပ်နေပြန်ပြီလဲ။ တစ်ယောက်တည်း အပြင်ကိုလမ်းထွက်မလျှောက်သင့်တာကို မသိဘူးလား။

အကယ်၍ တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပါက နောက်ပိုင်းတွင် ထိခိုက်ခံရမည့်သူမှာ ကျန်းကျွင့်ပင် ဖြစ်ပေသည်။

ထို့အပြင် ထိုလင်းရန်နှင့် အဘွားကြီးတုန်တို့မှာ စကားပြော အလွန်ကောင်းကြသူများ ဖြစ်ကြသော်လည်း ဤအချိန်တွင် ထိုအဘိုးကြီးကို တားဆီးရန် အဘယ်ကြောင့် မဖျောင်းဖျကြပါသနည်း။

ကျန်းကျွင့် စိတ်ထဲမှနေ၍ လင်းရန်နှင့် အန်တီတုန်ကို ဆဲဆိုနေမိပြီး အနီးဝန်းကျင်တွင် စုန့်လူကြီးမင်းကို လိုက်လံရှာဖွေရန် လှည့်ထွက်လာခဲ့လေ၏။

စုန့်လူကြီးမင်းက အိမ်ထဲ၌ ရှိနေပြီး သူ့ကို တံခါးဖွင့်မပေးချင်ရုံသာ ဖြစ်ကြောင်းကိုတော့ သူ လုံးဝ မတွေးမိခဲ့ချေ။

သို့သော် သူ လှည့်ထွက်လိုက်သည်နှင့် သူ့နောက်မှ ပြေးလာသော တံခါးစောင့်ရဲဘော်သည်လည်း စုန့်အိမ်၏ တံခါးဝသို့ ရောက်ရှိလာခဲ့လေ၏။

ကျန်းကျွင့်က ပြန်ရောက်လာပြီးနောက် ချက်ချင်းပင် ပြန်ထွက်သွားရန်လုပ်နေသည်ကို မြင်လျှင် တံခါးစောင့်ရဲဘော်မှာ ခေတ္တမျှ ကြောင်အမ်းသွားရ၏။

“ရဲဘော်ကျန်း၊ ခင်ဗျား ခုမှ ပြန်ရောက်တာကို ဘာလို့ ပြန်ထွက်သွားတာလဲ”

ကျန်းကျွင့်သည် တစ်ဖက်လူအား အထင်သေးစွာ ကြည့်လိုက်ပြီး “မင်းရဲ့ဘယ်မျက်လုံးက ငါ့ကို ပြန်ထွက်သွ်းတာ မြင်နေတာလဲ၊ ငါက အိမ်ထဲတောင် မဝင်ရသေးဘူး” ဟူ၍ ပြန်ပြောချင်စိတ် ဖြစ်သွားခဲ့ရလေသည်။

သို့သော် ကျန်းကျွင့်တစ်ယောက် ထိုသူနှင့် အချိန်ဖြုန်းနေရန် စိတ်မပါသောကြောင့် တိုက်ရိုက်ပင် ပြောလိုက်လေ၏။

“ငါ့ဦးလေး အိမ်မှာမရှိဘူး၊ ငါသွားရှာလိုက်ဦးမလို့”

ထိုသို့ပြောပြီးနောက် သူက နေရာမှ ထွက်ခွာရန် ပြင်လိုက်သော်လည်း တံခါးစောင့်ရဲဘော်က သူ့အား မသေချာသော မျက်နှာအမူအရာဖြင့် ကြည့်လာလေသည်။

“စုန့်လူကြီးမင်း အိမ်မှာရှိပါတယ်၊ သူအပြင်ထွက်သွားတာကို ကျွန်တော် မမြင်မိဘူး”

မတိုင်ခင် တံခါးခေါက်ခဲ့ချိန်တွင် မည်သူကမျှ ပြန်မတုံ့ပြန်ခဲ့သည်ကို ပြန်တွေးမိကာ ကျန်းကျွင့်က တံခါးစောင့်အား စိတ်မရှည်သော အမူအရာဖြင့် ကြည့်၍ ပြောလိုက်၏။

“ငါ ခုနကပဲတံခါးခေါက်ခဲ့တာ၊ အိမ်မှာ ဘယ်သူမှ မရှိဘူး”

သို့သော် ကျန်းကျွင့် ထိုစကားကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ၏နောက်ဘက်မှ တံခါးက ရုတ်တရက် ပွင့်လာခဲ့ပြီး လင်းရန်က အိမ်ထဲမှ ထွက်လာကာ တံခါးစောင့်ရဲဘော်ကို အပြုံးတ်ခုနှင့် ကြည့်လိုက်လေသည်။

“ရဲဘော်ရှောင်ဖူ ၊ အိမ်ထဲကနေ ရှင့်အသံကို ကြားလိုက်ရလို့၊ တစ်ခုခု အရေးကြီးကိစ္စရှိနေလို့ ရောက်လာတာလား”

လင်းရန်မှာ ဟင်းပန်းကန်များကို သယ်ယူရင်းဖြင့် တံခါးနားမှ ဖြတ်သွားချိန်တွင်အပြင်ဘက်မှ အသံကို ကြားလိုက်ရသောကြောင့် တံခါးဖွင့်ကြည့်လိုက်ချိန်တွက် အပြင်ဘက်တွင် ရပ်နေသော တံခါးစောင့် ရှောင်ဖူကို တွေ့လိုက်ရခြင်း ဖြစ်ပေသည်။

“စားဖိုမှူးလေးလင်း၊ မင်း အိမ်မှာ ရှိနေတာပဲ၊ ဒါဆို ရဲဘော်ကျန်းကျွင့်က ဘာလို့ အိမ်မှာ ဘယ်သူမှ မရှိဘူးလို့ ပြောနေတာလဲ”

လင်းရန် ထွက်လာသည်ကို မြင်လျှင် တံခါးစောင့်မှာ ခေတ္တမျှကြောင်အမ်းသွားရပြီး လင်းရန်နှင့် ကျန်းကျွင့်ကို တစ်လှည့်စီကြည့်ကာ ပို၍ပင် ရှုပ်ထွေးသွားရတော့သည်။

တစ်ဖက်လူက အိမ်ထဲတွင် လူမရှိဟု ဆိုခဲ့သည် မဟုတ်ပါလား။

အဘယ်ကြောင့် လင်းရန်က

ထွက်လာရသနည်း။

ထိုသူထက် ပို၍ တုန်လှုပ်သွားရသူမှာ ကျန်းကျွင့်ပင် ဖြစ်၏။

သူ လင်းရန်အား မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့မိကာ တိုက်ရိုက်ပင် မေးမြန်းလိုက်လေတော့သည်။

“မင်း ဘာလို့ ငါ့အိမ်ထဲကို ရောက်နေတာလဲ၊ မဟုတ်သေးဘူး၊ မင်း အိမ်မှာ ရှိနေရက်နဲ့ ဘာလို့ ငါ့ကို တံခါးမဖွင့်ပေးတာလဲ၊ တမင်သက်သက် ငါ့အသံကို မကြားချင်ယောင် ဆောင်နေတာမလား”

ကျန်းကျွင့်တစ်ယောက် ပြောနေရင်းနှင့်ပင် အချက်တစ်ခုကို ရုတ်တရက် သတိပြုမိသွားရ၏။

“လင်းရန်၊ ငါ အိမ်မှာ မရှိတုန်း မင်းက ငါ့နေရာကို အစားထိုးပြီး ငါ့ဦးလေးက မင်းကို သမီးလို ၊ မြေးလိုမျိုး ဆက်ဆံတာကိုလိုချင်နေတာလား၊ မင်းရဲ့ အကွက်က အတော်လေးကို သိသာလွန်းနေတာပဲ ဟားဟား...

မင်း ဘယ်လောက်တောင် လောဘကြီးလွန်းနေတာလဲ”

ကျန်းကျွင့် လင်းရန်အား အထင်အမြင်သေးစွာ ကြည့်လိုက်လေ၏။ လင်းရန်မှာ သူပြောသကဲ့သို့ အမှန်တကယ် ဖြစ်နေသည့်အလားပင်။

All Chapters