အခန်း (၃၂၈)
Vol. 33 Ch. 328
*(328)
ကျန်းကျွင့်ပြောခဲ့သည့်အတိုင်း သူသာ ပြန်ရောက်လာပါက အဘိုးကြီးစုန့်က သူ့ကို ခွင့်မလွှတ်ဘဲ နေမည်မဟုတ်ချေ။
မတိုင်ခင်က တံခါးလာမဖွင့်ပေးခြင်းမှာ လင်းရန်က ကြားထဲမှ နှောင့်ယှက်နေခြင်းကြောင့်သာ ဖြစ်ရပေမည်။
ထိုသို့တွေးမိပြီးနောက် ကျန်းကျွင့်က လင်းရန်ကို နောက်တစ်ကြိမ် ဒေါသတကြီး စိုက်ကြည့်လိုက်ပြန်သည်။
အကယ်၍ တံခါးစောင့်သာ ရောက်မလာခဲ့ပါက သူသည်က လင်းရန်၏ လှည့်ကွက်ထဲတွင် ကျရှုံးကာ အိမ်ထဲတွင် လူမရှိဟု အမှန်တကယ် ထင်သွားပေလိမ့်မည်။
လင်းရန်သည်ကား ကျန်းကျွင့်ကို ဂရုစိုက်ရန်ပင် စိတ်မဝင်စားနေခဲ့ဘဲ သူပြောသမျှကိုလည်း လေတိုက်နေသည်ဟုသာ မှတ်ယူထားလိုက်၏။
သူမက ရူးကြောင်ကြောင် ဖြစ်နေသော ကျန်းကျွင့်ကို လျစ်လျူရှုကာ တံခါးစောင့် ရှောင်ဖူကိုသာ ပြန်ကြည့်လိုက်သည်။
“ရဲဘော်ရှောင်ဖူ၊ ဒီကို လာရတဲ့ အကြောင်းရင်းကို မပြောရသေးဘူးနော်၊ ကိစ္စတစ်ခုခုရှိရင် စုန့်လူကြီးမင်းကို သွားပြောလိုက်ပါလား”
တစ်စုံတစ်ခု ထူးခြားမှု မရှိပါက တံခါးစောင့်က သူ၏ တာဝန်ကျရာနေရာမှ ထွက်လာလိမ့်မည် မဟုတ်ချေ။ ယခုတွင် သူသည် စုန့်လူကြီးမင်း၏ တံခါးဝအထိ ပြေးလာခြင်းဖြစ်၍ စုန့်လူကြီးမင်းကို ပြောပြရန်အတွက် အလွန်အရေးကြီးသော ကိစ္စတစ်စုံတစ်ရာ ရှိနေပေလိမ့်မည်။
ရှောင်ဖူလည်း လင်းရန်၏ စကားကြောင့် သတိဝင်လာကာ အဆက်မပြတ် ခေါင်းညိတ်ပြလေ၏။
“ဟုတ်တယ်၊ ဟုတ်တယ်၊ အရေးကြီးပါတယ်၊ စုန့်လူကြီးမင်းကို ပြောပြဖို့အတွက် အရမ်းအရေးကြီးတဲ့ ကိစ္စရှိတယ်”
ထိုအခြေအနေကို မြင်လျှင် လင်းရန်သည်လည် သူ့ကို အထဲသို့ဝင်နိုင်ရန် ဖယ်ပေးလိုက်လေသည်။
ကျန်းကျွင့်က ထိုအခွင့်အရေးကို အသုံးချကာ အထဲသို့ ဝင်ရန် ကြိုးစားသော်လည်း၊ လင်းရန်က တံခါးကို ရုတ်တရက် ပြန်လည်ပိတ်ဆို့လိုက်ကာ သူ့အား အေးစက်သော မျက်နှာအမူအရာဖြင့် ကြည့်လိုက်၏။
“ဘာလဲ”
ကျန်းကျွင့် ကြောင်အမ်းသွားရပြီး လင်းရန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
“လင်းရန် ဒါက ဘာသဘောလဲ၊ မင်းက ငါ့ကို တားနေတာလား၊ သေသေချာချာ မှတ်ထားစမ်းပါ၊ ဒါ ငါ့အိမ်ပဲ၊ မင်းက ဘယ်လို အရည်အချင်းနဲ့ ငါ့ကို အိမ်ထဲမဝင်အောင် တားနေရတာလဲ”
ထိုစကားကို ကြားလိုက်ရလျှင် လင်းရန်က ကျန်းကျွင့်အား လှောင်ပြောင်လိုစွာပြုံးလိုက်ပြီး ဝေခွဲမရသည့် အမူအရာဖြင့် ကြည့်၍ပြောလိုက်လေ၏။
“ရှင့်အိမ် ဟုတ်လား၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ရှင်နဲ့ စုန့်လူကြီးမင်းတို့ဆက်ဆံရေးကို ဖြတ်လိုက်ကြပြီဆိုတာ ကျွန်မ မှတ်မိနေပါသေးတယ်၊
ရှင်ကိုယ်တိုင်လည်း ဆန္ဒအလျောက် ထွက်သွားခဲ့တာပဲလေ၊ ဒါက ဆက်ဆံရေးပြတ်စဲသွားတာပဲမလား၊
ဒါ့အပြင် ဒီနေရာက ရှင့်အိမ်ဆိုတာကတော့.. ကျွန်မထင်တာတော့ မဟုတ်လောက်တော့ဘူး ထင်တယ်နော်၊ ရဲဘော်ကျန်းကျွင့်”
လင်းရန်က ထိုသို့ တိုက်ရိုက်ပြောဆိုလိမ့်မည်ဟု ကျန်းကျွင့် မထင်မှတ်ထားခဲ့သဖြင့် သူ၏မျက်နှာမှာ ချက်ချင်းပင် အရှက်ရကာ နီရဲသွားရလေတော့သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် သူသည်က ပြန်မလာမီကတည်းက စိတ်ဓာတ်ကို အတတ်နိုင်ဆုံး ပြင်ဆင်ထားခဲ့ပြီးဖြစ်သောကြောင့် ထိုအချိန်တွင် တစ်စုံတစ်ယောက်က ဤကိစ္စကို အသုံးချ၍ သူ့ကို ပိတ်ဆို့ဟန့်တားမည်ကို ခန့်မှန်းထားပြီးသား ဖြစ်ပေသည်။
ထို့ကြောင့် မည်မျှပင် အရှက်ရနေသည်ဖြစ်စေ ကျန်းကျွင့်တစ်ယောက် ခက်ခက်ခဲခဲဖြင့်ပင် အောင့်အီးသည်းခံလိုက်ရလေ၏။
“ဟုတ်တယ်၊ အဲဒီနေ့က ငါပြောခဲ့တော့ရော ဘာဖြစ်လဲ၊ ဒေါသထွက်ရင် စကားမမှားဖူးတဲ့သူ ဘယ်သူရှိလို့လဲ”
ကျန်းကျွင့် ထိုနေ့က ဖြစ်ရပ်ကို ဒေါသကြောင့် ပြောဆိုခဲ့သည့် စကားများအဖြစ် အရှက်မရှိဘဲ လွှဲချလိုက်ပြီး ဆက်ပြောလိုက်ပြန်သည်။
“ပြီးတော့ ဒါက ငါနဲ့ ငါ့ဦးလေးကြားက ကိစ္စပဲ၊ မင်းလို အပြင်လူက ငါတို့ကိစ္စမှာ ဘာလို့ ဝင်ပါနေရတာလဲ၊ ငါ့ဦးလေးကိုယ်တိုင်က ငါ့ကို အထဲမဝင်စေချင်ဘူးလို့ မပြောသရွေ့ မင်းပြောသမျှက အလကားပဲ”
ကျန်းကျွင့်၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေသည့် မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် စုန့်လူကြီးမင်းက သူ့အပေါ်တွင် အမှန်တကယ် စိတ်ပျက်နေပြီဖြစ်ကြောင်းကို သူ လုံးဝမယုံကြည်သည်မှာ ထင်ရှားပေသည်။
ထို့ကြောင့် လင်းရန်က သူ့အား အဓိပ္ပာယ်အပြည့်ရှိနေသော သင်ခန်းစာတစ်ခုကိုသာ ပေးလိုက်တော့၏။
“ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲလွန်းနေလို့ မရဘူး ရဲဘော်ကျန်းကျွင့်”
“စကားအပိုတွေ ပြောမနေနဲ့တော့၊ ငါ့ရှေ့က ဖယ်စမ်းပါ၊ ငါ့ဦးလေးကို တွေ့ရမယ်”
ကျန်းကျွင့်က လင်းရန်ကို တွန်းဖယ်ရန် လက်လှမ်းလိုက်ချိန်တွင် ဧည့်ခန်းအတွင်းမှ တုန်ယင်နေသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
“ဘာပြောလိုက်တာလဲ၊ သူတို့က ငါ့ရဲ့ ဆွေမျိုးတွေလို့ ပြောတယ် ဟုတ်လား... ဘယ်မှာလဲ၊ သူတို့တွေ ဘယ်မှာလဲ!”
ထိုအသံ၏ ပိုင်ရှင်မှာ တခြားသူမဟုတ်ဘဲ စုန့်လူကြီးမင်းပင် ဖြစ်ပေသည်။
လင်းရန်နှင့် ကျန်းကျွင့်တို့ စကားများနေခေိန်အတွင်း တံခါးစောင့် ရှောင်ဖူမှာ အိမ်ထဲသို့ အမြန်ဝင်သွားခဲ့ပြီး တံခါးဝတွင် ဖြစ်ပျက်နေသည်များကို စုန့်လူကြီးမင်းအား အလျင်အမြန် ပြောပြခဲ့လေ၏။
“လူကြီးမင်းရဲ့ ဆွေမျိုးလို့ ပြောတဲ့သူတစ်ယောက် ရောက်နေပါတယ်” ဟူသော စကားကို ကြားလိုက်ရသည့်အခိုက်တွင် စုန့်ကျစ်သယ်မှာ အလွန်အမင်း အံ့သြသင့်သွားရကာ မည်သည့်အရာကိုမျှ မစဉ်းစားနိုင်တော့ဘဲ ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားခဲ့ရလေသည်။
သူသည်က ကိုယ့်ကိုယ်ကို စိတ်ခြောက်ခြားနေသည်ဟုပင် ထင်မှတ်မိသွား၏။
သို့သော် သူက လျင်မြန်စွာပင် သတိဝင်လာပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ရှောင်ဖူထံသို့ အခြေအနေများကို မေးမြန်းလေတော့သည်။
ရှောင်ဖူသည်လည်း ဖုံးကွယ်ထားခြင်းမရှိဘဲ စုန့်ရှီးယန်နှင့် တခြားသူများက တံခါးဝတွင် သူ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ပြောပြလိုက်၏။
“စုန့်လူကြီးမင်း၊ အဲဒီလူပြောတာက မှန်၊ မမှန်ကို ကျွန်တော် မသိလို့ အခြေအနေကို လာမေးတာပါ
တကယ်လို့ အမှန်ဆိုရင် ကျွန်တော် သူတို့ကို သွားခေါ်လိုက်ပါ့မယ်”
သို့သော် ရှောင်ဖူ၏ စကားမဆုံးမီမှာပင် စုန့်လူကြီးမင်းက ဘေးနားရှိ တောင်ဝှေးကို ချက်ချင်း ကောက်ကိုင်လိုက်ပြီး စိတ်ခံစားချက်များကို ထိန်းချုပ်ရင်း ပြောလိုက်လေ၏။
“တံခါးဝမှာပေါ့ ဟုတ်လား၊ ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်၊ ငါ လိုက်ခဲ့မယ်”
သူ၏ လေသံမှာ ပြောနေရင်းဖြင့် ပို၍ ကျယ်လောင်လာကာ ပို၍လည်း စိတ်လှုပ်ရှားလာခဲ့သည်။ စားဖိုမှူးရှုန်းနှင့် ရှောင်ဖူတို့က ထိုသူ စိတ်လှုပ်ရှားလွန်းပြီး ထပ်မံ၍ သတိလစ်သွားမည်ကို စိုးရိမ်နေခဲ့ကြ၏။
သို့သော် စုန့်လူကြီးမင်းက သူတို့ထင်ထားသည်ထက် ပို၍ ကြံ့ခိုင်နေခဲ့ပေသည်။ သူ၏ ဆွေမျိုးသားချင်းဟု ဆိုသူ နှစ်ဦးကို တွေ့မြင်လိုသည့် ပြင်းပြသော ဆန္ဒက သူ့ကို ထောက်ကူပေးထားခြင်းကြောင့်လားကို မသိရသော်လည်း သူ သတိလစ်မသွားခဲ့ချေ။
စားဖိုမှူးရှုန်းနှင့် ရှောင်ဖူတို့ကလည်း ထိုအခြေအနေကို မြင်လျှင် စုန့်လူကြီးမင်းကို အသာတွဲပြီး ထွက်လာခဲ့ကြလေသည်။
သူတို့၏ကြားမှ စကားအနည်းငယ်လောက်ကိုသာ ကြားလိုက်ရသော ကျန်းကျွင့်သည်ကား ယခုအချိန်တွင် သံသယများဖြင့် ပြည့်နှက်နေခဲ့၏။
ဆွေမျိုးတွေဟုတ်လား။ ဘယ်သူ့ရဲ့ဆွေမျိုးလဲ။
စုန့်ကျစ်သယ်ရဲ့ ဆွေမျိုးတွေလား။
မဟုတ်ဘူး၊ ဒါက မဖြစ်နိုင်ဘူး။ စုန့်ကျစ်သယ်ရဲ့ ဇနီးနဲ့ ကလေးက ပျောက်ကွယ်သွားတာ ကြာပြီလေ။
သူတို့က ဘယ်လိုလုပ် ဒီတံခါးဝအထိ ရောက်လာနိုင်မှာလဲ?
မဖြစ်နိုင်တာ၊ ဒါက လုံးဝ မှားနေတာပဲ။
ကျန်းကျွင့်သည် သူ၏ စိတ်ထဲမှ ထိတ်လန့်တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုများကို ဖိနှိပ်ထားလိုက်၏။
စုန့်လူကြီးမင်း အလောတကြီး ထွက်လာသည်ကို မြင်လျှင် သူက ချက်ချင်းပင် ရှေ့မှပိတ်ရပ်ကာ စုန့်လူကြီးမင်းအား တားဆီးလိုက်လေသည်။
“ဦးလေး၊ ဘာလုပ်မလို့လဲ၊ အဲဒါက အလိမ်အညာတွေ ဖြစ်မှာ သေချာတယ်၊ တစ်ယောက်ယောက်က ဦးလေးကို လှည့်စားဖို့ တမင်တကာ ထောင်ချောက်ဆင်ထားတာ
သူတို့ သေသွားတာ နှစ်တွေအများကြီး ကြာခဲ့ပြီဆိုတာကို ဦးလေး မေ့သွားပြီလား၊ အဲဒါကို အာ့ကုန်းဇီရဲ့ ဦးလေးက ကိုယ်တိုင် မြင်ခဲ့တာလေ
အဲဒီလောက် မြင့်တဲ့ ချောက်ထဲက ပြုတ်ကျပြီးရင် အသက်ရှင်နေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး၊ တချို့လူတွေရဲ့ လှည့်ကွက်ထဲမှာ အလိမ်ခံပါနဲ့”
ကျန်းကျွင့်၏ စကားကြောင့် စုန့်လူကြီးမင်းတစ်ယာက် ခြေလှမ်းများကို ခေတ္တ ရပ်တန့်လိုက်လေ၏။
ထိုအခြေအနေကို မြင်လျှင် ကျန်းကျွင့်မှာ သက်ပြင်းတစ်ချက်ကို ချလိုက်မိသည်။
အဘိုးကြီးမှာ သူ၏ စကားကို နားဝင်သွားပြီဟု ခံစားလိုက်ရသည်။ သူ၏စကားကို နားထောင်နေသေးသရွေ့ အရာအားလုံး အဆင်ပြေပေလိမ့်မည်။
သို့သော် သူ စိတ်သက်သာရာမရသေးမီ စုန့်လူကြီးမင်းက ခေါင်းမော့လာကာ သူ့အား အမူအရာကင်းမဲ့စွာ ကြည့်လျက် ပြတ်သားသော လေသံဖြင့် တစ်လုံးချင်း ပြောဆိုလာခဲ့သည်။
“ငါ့ရှေ့က ဖယ်စမ်း၊ ဒါက တကယ့် အလိမ်အညာပဲ ဖြစ်နေရင်တောင်၊ တစ်ယောက်ယောက်က ငါ့ကို လာလိမ်နေတာပဲ ဖြစ်နေရင်တောင်၊ ငါ သွားကို သွားရမယ်!”
သူ့တွင် ဆုံးရှုံးစရာ မည်သည့်အရာမျှမရှိတော့ချေ။ သို့ဖြစ်၍ တစ်ဖက်လူက မည်သို့ပင် ကြံစည်နေသည်ဖြစ်စေ၊ သူ့ကို အမှန်တကယ် လှည့်စားနေခြင်းပင် ဖြစ်စေ၊ သူ့အနေဖြင့် တစ်ဖက်လူကို တွေ့မြင်နိုင်ရန်အတွက် အရာအားလုံးကို ပေးဆပ်ရန် အသင့်ရှိနေပေသည်။
အကယ်၍ အမှန်တကယ်ဟူသောဖြစ်နိုင်ခြေက တစ်သောင်းပုံ တစ်ပုံမျှသာ ရှိသည်ဖြစ်စေ သူသည်က နောင်တမရှိဘဲ သေပျော်နေခဲ့ပေပြီ ။
ကျန်းကျွင့်မှာ စုန့်လူကြီးမင်း၏ ဤကဲ့သို့သော အမူအရာနှင့် သဘောထားကို တစ်ခါမျှ မမြင်ဖူးခဲ့သောကြောင့် သူ၏ စိတ်မသက်မသာဖြစ်မှုက ပို၍ပင် နက်ရှိုင်းလာခဲ့လေတော့သည်။
သူ့အနေဖြင့် စုန့်လူကြီးမင်းကို ထပ်မံ၍ ဖျောင်းဖျနိုင်ခြင်းမရှိတော့ကြောင်းကို သိရှိလိုက်ရသောကြောင့် တစ်ဖက်လူက လူလိမ်တစ်ယောက်သာ ဖြစ်ပါစေဟူ၍သာ စိတ်ထဲမှ ဆုတောင်းနေမိတော့၏။
သို့မဟုတ်ပါက စုန့်လူကြီးမင်း၏ ဆွေမျိုးသားချင်းများကသာ အမှန်တကယ် ရောက်ရှိလာခဲ့လျှင် ထိုသားအမိ ချောက်ထဲသို့ပြုတ်ကျပြီးသေဆုံးသည်ဟူသော သတင်းမှားကို ဖော်ထုတ်ခံရပေတော့မည်။
ထိုအကြောင်းကို တွေးမိလျှင် ကျန်းကျွင့်တစ်ယောက် အလွန်အမင်း တုန်လှုပ်ချောက်ခြားသွားရလေသည်။
စုန့်လူကြီးမင်းသည်က ကျန်းကျွင့်ကို ပြောဆိုပြီးနောက် တစ်စက္ကန့်မျှပင် အချိန်မဖြုန်းတော့ဘဲ ကျန်းကျွင့်ကို ကျော်ဖြတ်ကာ တံခါးဝဆီသို့ တည့်တည့် လျှောက်သွားလေတော့၏။
သူသည်က တစ်လှမ်း နောက်ကျသွားလျှင်ပင် တစ်ဖက်လူ ထွက်ခွာသွားမည်ကို စိုးရိမ်နေသည့်အလား သူ၏ ခြေလှမ်းများမှာလည်း ယခင်ကထက်ပင် ပို၍ မြန်ဆန်နေခဲ့လေသည်။