← Chapters

အခန်း (၃၃၀)

Vol. 33 Ch. 330

အခန်း (၃၃၀)

Vol. 33 Ch. 330

*

အခန်း(330)

ဖခင်ဖြစ်သူ၏ တုံ့ပြန်မှုကို မြင်လိုက်ရရုံဖြင့် စုန့်ရှီးယန်က အခြေအနေကို ရိပ်မိသွားခဲ့ပြီ ဖြစ်သောကြောင့် ကားကိုပြင်ဆင်နေချိန်အတွင်း သူ၏ဖခင်အား အမှန်တရားကို ပြောပြရန် တောင်းဆိုခဲ့လေသည်။

အမှန်စင်စစ် အမှန်တရားမှာ အလွန်ပင် ရိုးရှင်းလှပေသည်။ စုန့်လူကြီးမင်း၏ အိမ်နီးချင်းဟောင်းများ ပြောပြခဲ့သည်နှင့် ဆင်တူပေ၏။

စုန့်ကျယ်၏ ဖခင်မှာ စစ်ထဲသို့ဝင်ရန် အိမ်မှ ထွက်ခွာသွားချိန်က သူ၏ဇနီးသည်အား ဇာတိမြေတွင် စောင့်ဆိုင်းနေရန် ကတိကဝတ် ပြုခဲ့လေသည်။

သို့သော် မည်သူက ထင်မှတ်ထားပါမည်နည်း။ အစီအစဉ်များမှာ အပြောင်းအလဲများကို မမီခဲ့ပါချေ။

စုန့်ရှီးယန်၏အဘိုးဖြစ်သူ ထွက်ခွာသွားပြီး နှစ်အနည်းငယ်အကြာတွင် ရန်သူများမှာ အနီးအနားရှိ ကျေးရွာများသို့ ရောက်ရှိလာခဲ့တော့သည်။

ရန်သူများ၏ ရက်စက်ကြမ်းကြုတ်မှုကို လူတိုင်းသိရှိထားကြသောကြောင့် သူတို့က တစ်ညတည်းနှင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရလေ၏။

ထွက်ပြေးနေချိန်အတွင်း သူ၏အဖွားနှင့် ဖခင်ဖြစ်သူတို့မှာ လက်ကောက်မှလွဲ၍ မည်သည့်အရာကိုမျှ ယူဆောင်မလာနိုင်ခဲ့ကြချေ။

နောက်ဆုံးတွင် သားအမိနှစ်ဦးအနက် တစ်ဦးမှာ ငယ်ရွယ်လွန်းသေးပြီး တစ်ဦးမှာလည်း အားနည်းလွန်းသောကြောင့် နေရာအနည်းငယ်သို့ ထွက်ပြေးတိမ်းရှောင်ပြီးနောက် အဖွားဖြစ်သူမှာ ကျန်းမာရေးချို့ယွင်းလာပြီး ဆက်လက်၍ မတောင့်ခံနိုင်တော့ပါချေ။

ထိုအချိန်တုန်းက အချိန်ဆိုသည်မှာ အသက်နှင့်ထပ်တူ အရေးကြီးနေခဲ့၏။ ထို့ကြောင့် သူမက ဆက်လက် ထွက်ခွာနိုင်တော့မည် မဟုတ်ကြောင်းကို သိရှိခဲ့ချိန်တွင် အဖွားဖြစ်သူမှာ ထိုအချိန်က အသက်ငါးနှစ်အရွယ်သာ ရှိသေးသော စုန့်ကျယ်ထံသို့ လက်ကောက်ကို ပေးအပ်ခဲ့ပြီး မည်သည့်အချိန်တွင်မဆို သေသေချာချာ ဝှက်ထားရန်နှင့် လုံးဝ မပျောက်သွားရန် မှာကြားခဲ့လေသည်။

ဤလက်ကောက် ရှိနေသေးရွေ့ နောက်တစ်ချိန်တွင် ဖခင်ဖြစ်သူနှင့် ပြန်လည်တွေ့နိုင်လိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ဖခင်ဖြစ်သူတွင်လည်း ထပ်တူညီသော လက်ကောက်တစ်ကွင်း ရှိခဲ့သည်ဟူ၏။

ဤသည်မှာ “ညီညွတ်ခြင်း”လက်ကောက်တစ်စုံ ဖြစ်ပြီး၊ သူမနှင့် အဘိုးဖြစ်သူတို့ လက်ထပ်စချိန်က ရွှေပန်းထိမ်သည်ထံတွင် အထူးတလည်ပြုလုပ်ထားခဲ့သော အရာများ ဖြစ်ပေသည်။

သူတို့က တစ်ဦးလျှင် တစ်ကွင်းစီ ဆင်မြန်းခဲ့ကြ၏။

အဘိုးဖြစ်သူ၏ ကိုယ်ပေါ်တွင်ရှိနေသော လက်ကောက်မှာ အနည်းငယ် ပို၍ ကြီးမားပြီး အဖွားဖြစ်သူ သိမ်းဆည်းထားသော လက်ကောက်မှာ ပို၍ သေးငယ်ပေသည်။

သို့သော် အရွယ်အစား ကွာခြားမှုမှလွဲ၍ တခြားသော အချက်များက တစ်ထပ်တည်း တူညီပေသည်။

ထိုဖြစ်ရပ်၏ နောက်ပိုင်းအကြောင်းအရာများကို စုန့်ကျယ်ဘက်မှ ထုတ်မပြောခဲ့သော်လည်း စုန့်ရှီးယန်အနေဖြင့် အဆုံးသတ်ကို ခန့်မှန်းနိုင်ခဲ့ပေ၏။

သူ၏ဖခင်ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်များအရ အဖွားဖြစ်သူမှာ ထိုအချိန်ကတည်းက ကွယ်လွန်သွားခဲ့ပုံရပြီး၊ သူ၏ဖခင်မှာ ထိုလက်ကောက်တစ်ကွင်းတည်းဖြင့် မိဘမဲ့တစ်ဦး ဖြစ်ခဲ့ရရှာပေသည်။

နှစ်ပေါင်းများစွာအတွင်း ဖခင်ဖြစ်သူက အဘိုးဖြစ်သူအား ရှာဖွေရန် အဘယ်ကြောင့် ဤလက်ကောက်ကို အသုံးမပြုခဲ့သနည်းဆိုသည့်မေးခွန်းအတွက်တော့၊ ထိုအချိန်က သူ့အနေဖြင့် အလွန်အမင်း ငယ်ရွယ်လွန်းသောကြောင့် သူ မည်သို့ရှင်သန်ခဲ့သည်ကိုပင် မေ့လျော့နေခဲ့ရလောက်သည်။

သူ၏ ဇာတိမြေက မည်သည့်နေရာ တွင်ဖြစ်ကြောင်းကို မည်သို့ မှတ်မိနိုင်ပါမည်နည်း။ ရုပ်ရည်ကိုပင် မသဲမကွဲသာ မှတ်မိတော့သော ဖခင်ဖြစ်သူကိုလည်း မည်သို့ ရှာဖွေနိုင်ပါမည်နည်း။

သူ မှတ်မိနေသည့် တစ်ခုတည်းသော အရာမှာ အမေဖြစ်သူ ချန်ရစ်ခဲ့သော လက်ကောက်နှင့်၊ ဤလက်ကောက်ကို အားကိုး၍ ဖခင်ဖြစ်သူကို ရှာဖွေနိုင်သည်ဟူသော စကားတစ်ခွန်းသာ ဖြစ်ပေသည်။

စုန့်ရှီးယန်၏ ပြောပြချက်ကို နားထောင်ပြီးနောက် လင်းရန်မှာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

စစ်ပွဲဆိုသည်မှာ ရက်စက်လွန်းပေ၏။

အရာအားလုံးကို ဖျက်ဆီးခဲ့ပြီး အရာရာကို ဟန့်တားပိတ်ဆို့ခဲ့ပေသည်။

ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်တွင် မျက်စိများရှိပေသေး၏။ တချို့သော နောင်တရစရာများ ရှိနေဦးမည် ဖြစ်သော်လည်း ယခုအချိန်တွင် သားအဖနှစ်ဦးက ပြန်လည်ဆုံတွေ့နိုင်ခဲ့ကြပေပြီ ။

စုန့်ရှီးယန်က လင်းရန်အား ထိုအကြောင်းများကို ပြောပြနေချိန်တွင် တစ်ဖက်မီ ကျန်းကျွင့်သည်လည်း ထိုစကားလုံးအားလုံးကို ကြားသွားခဲ့လေသည်။

သူ နားထောင်နေရင်းနှင့် သူ၏မျက်လုံးများက ပို၍ ပြူးကျယ်လာခဲ့ရကာ၊ သူ၏ မျက်နှာအမူအရာမှာလည်း ပို၍ ထိတ်လန့်တုန်လှုပ်မှုများနှင့်ဖုံးလွှမ်းလာခဲ့ရတော့သည်။

ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နိုင်ရတာလဲ။

ဘယ်လိုလုပ်ပြီး ဒီလိုတွေ ဖြစ်ကုန်ရတာလဲ။

ဘာလို့ စုန့်လူကြီးမင်းရဲ့ သားအရင်းက သေဆုံးမသွားခဲ့ရတာလဲ။

ဒီလိုမျိုး ခက်ခဲတဲ့ အခြေအနေမျိုးမှာ သူက ဘာအတွက်ကြောင့် ကံကောင်းထောက်မစွာနဲ့အသက်ရှင်ကျန်ရစ်ခဲ့ရတာလဲ။

ဘာကြောင့် သူလည်း သူ့ရဲ့အမေနဲ့လိုက်ပါပြီး သေမသွားခဲ့ရတာလဲ။

နောက်ပြီး နှစ်ပေါင်းများစွာကြာအောင် ပေါ်မလာခဲ့ဘဲ ဘာအတွက်ကြောင့် ဒီအချိန်မှ ရောက်လာရတာလဲ။

သူ့ရဲ့အဖေက သေဆုံးသွားပြီလို့ တွေးလိုက်ရင် အဆင်ပြေတာပဲမဟုတ်ဘူးလား။

သူ ဘာလုပ်သင့်လဲ။ သူ ဘာဆက်လုပ်ရမလဲ။

“အစ်ကိုကြီးစုန့်၊ ရှောင်စုန့်တို့သားအဖကို အိမ်ထဲကို အရင်ခေါ်သွားလိုက်ပါလား၊ အိမ်ထဲကိုရောက်မှ အေးအေးဆေးဆေး စကားပြောကြတာပေါ့ အပြင်မှာ အေးလွန်းတယ်

အခုလို အအေးပတ်ခံနေတာက မကောင်းဘူး၊ ခင်ဗျားရဲ့ ခန္ဓာကိုယ်က ဒဏ်မခံနိုင်ဘူးလေ”

မှောင်စပြုလာပြီဖြစ်သော်လည်း စုန့်လူကြီးမင်းက ခြေလှမ်းမရွေ့နိုင်ဘဲ အရှေ့မှကလေးများကိုသာ စိုက်ကြည့်နေမိသောကြောင့် စားဖိုမှူးရှုန်းလည်း လူတိုင်းကို အိမ်သို့ အရင်ပြန်ရန် တိုက်တွန်းလိုက်ရလေ၏။

ထိုအချိန်မှ စုန့်လူကြီးမင်းသည်လည်း သတိဝင်လာကာ သူ၏မျက်ရည်များကို သုတ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်လေသည်။

“ဟုတ်ပါရဲ့၊ငါ ဝမ်းသာလွန်းလို့... အိမ်ထဲကိုခေါ်ဖို့တောင် မေ့နေခဲ့တယ်၊ ငါ့သား..လာခဲ့၊ အဖေ မင်းကို အိမ်ထဲကိုခေါ်သွားမယ်!”

ထိုသို့ပြောဆိုရင်း စုန့်လူကြီးမင်းက စုန့်ကျယ်၏လက်ကို တင်းတင်းဆုပ်ကိုင်ကာ အိမ်သို့ လျှောက်သွားလေတော့သည်။

သို့သော်လည်း သူ လှည့်အထွက်တွင် ရှုပ်ထွေးကာ အကူအညီမဲ့နေသော ကျန်းကျွင့်ကို ရုတ်တရက် မြင်တွေ့လိုက်ရ၏။

ကျန်းကျွင့်၏ အမူအရာကို မြင်လျှင် စုန့်လူကြီးမင်းက ခေတ္တမျှ ကြောင်အမ်းသွားပြီး သူ့တွင် သားအရင်း ပြန်ပေါ်လာသောကြောင့် ကျန်းကျွင့်ကညအစွန့်ပစ်ခံရမည်ကို စိုးရိမ်နေခြင်းဖြစ်မည်ဟု တွေးတောမိသွားသည်။

ဆိုရလျှင် စုန့်ကျယ်သာ ပေါ်မလာခဲ့ပါက သို့မဟုတ် သားအဖချင်း ပြန်မဆုံခဲ့ကြပါက စုန့်လူကြီးမင်းအနေဖြင့် ကျန်းကျွင့်ကို နောက်ပိုင်းတွင် လုံးဝဂရုမစိုက်တော့ရန် ဆုံးဖြတ်ချက်ချပြီးသား ဖြစ်ပေသည်။

သို့သော် ယခုအချိန်တွင်တော့ သူ၏သားအရင်းနှင့် ပြန်လည်ဆုံတွေ့ရသည့် ဝမ်းမြောက်မှုက ကျန်းကျွင့်အပေါ်ထားရှိသော စိတ်ပျက်မှုများကို လျော့ပါးသွားစေခဲ့ဟန်ရှိ၏။

သို့မဟုတ် ဘုရားသခင်ကို ကျေးဇူးတင်သောအားဖြင့် နောက်မျိုးဆက်များအတွက် ကုသိုလ်ပြုလိုသောကြောင့်လည်း ဖြစ်နိုင်ပေသည်။

အရေးကြီးဆုံးအချက်မှာ အကယ်၍ သူသည်က သားအရင်းနှင့်တွေ့သည်နှင့် မွေးစားသားကို ဘေးဖယ်ထားလိုက်ကြောင်း တခြားသူများ သိရှိသွားပါက သူ၏သား စုန့်ကျယ်မှာ လူအများ၏ ကဲ့ရဲ့ပြောဆိုခြင်းကို ခံရမည်ဖြစ်ပြီး စိတ်ထားကျဉ်းမြောင်းသူအဖြစ် အထင်ခံရမည်ကို သူက စိုးရိမ်မိခြင်း ဖြစ်ပေ၏။

ထို့ကြောင့် သူ၏သားဖြစ်သူအတွက် ဂုဏ်သိက္ခာကို ငဲ့ကွက်ကာ စုန့်လူကြီးမင်းက နောက်ဆုံးတွင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး စုန့်ကျယ်အား ပြောလိုက်လေသည်။

“ငါ့သား ဒါက ကျန်းကျွင့်ပဲ၊ သူက ငါမွေးစားထားတဲ့ ကလေးပေါ့၊ မင်းထက်တော့ အသက်အနည်းငယ် ငယ်လိမ့်မယ်၊ သူ့ကို ညီလေးလို့ပဲ ခေါ်လိုက်ပါဦး”

ဤသည်ကို ကြည့်ခြင်းဖြင့် စုန့်လူကြီးမင်းက ကျန်းကျွင့်အား အမှန်တကယ်ပင် ပစ်ပယ်ထားရန် ရည်ရွယ်ချက် မရှိပုံရပေသည်။

ထိုအခြေအနေကို မြင်လျှင် လင်းရန် မျက်မှောင်ကြုတ်မိသွားရ၏။

သူမအနေဖြင့် စုန့်လူကြီးမင်း၏ ဇနီးနှင့် ကလေးက ချောက်ထဲသို့ပြုတ်ကျသည်ဟူသော ကောလာဟလမှာ တစ်စုံတစ်ခု မှားယွင်းနေကြောင်းနှင့် အကြီးမားဆုံးသော တရားခံမှာ ကျန်းကျွင့် ဖြစ်နိုင်ကြောင်းကို ထုတ်ပြောချင်နေမိသည်။

သို့သော် စုန့်လူကြီးမင်းက ဤမျှအထိ ပျော်ရွှင်နေသည်ကို မြင်တွေ့နေရသောကြောင့် လင်းရန်က နှုတ်ခမ်းကို လှုပ်ရှားလိုက်သော်လည်း ယခုအချိန်တွင် ထိုအကြောင်းကို မပြောဘဲ ဆိုင်းငံ့ထားလိုက်မိလေ၏။

မည်သို့ပင်ဖြစ်စေ သက်သေအထောက်အထားများ မရရှိသေးပါချေ။ ထို့အပြင် သူမဘက်မှ စကားပြောလိုက်ပါက တစ်ဖက်လူအား သတိပေးလိုက်သကဲ့သို့ ဖြစ်သွားမည်ကိုလည်း စိုးရိမ်မိသောကြောင့် ဖြစ်ပေသည်။

သူမ၏ဘေးနားရှိ စုန့်ရှီးယန်က သူမ၏ တုံ့ဆိုင်းနေမှုကို သတိပြုမိသွားပြီး ခေါင်းကို အသာအယာ ခါရမ်ပြလိုက်ကာ လက်တလောအချိန်တွင် တည်ငြိမ်စွာနေရန် မျက်ရိပ်ပြလိုက်လေ၏။

ဤနေရာသို့ လာရာလမ်းတွင် သူသည်က သူ၏ဖခင်အား ကျန်းကျွင့်အကြောင်း ပြောပြထားပြီးသား ဖြစ်သောကြောင့် ဖခင်ဖြစ်သူအနေဖြင့် ကျေးဇူးကန်းသော ကျန်းကျွင့်အပေါ် သတိမရှိစွာဖြင့် ညီအစ်ကိုအရင်းကဲ့သို့ ဆက်ဆံလိမ့်မည်ကို စိုးရိမ်ရန် မလိုတော့ချေ။

ထိုအချိန်မှသာ လင်းရန်လည်း ခေတ္တမျှ စိတ်အေးသွားရတော့သည်။

သို့သော်လည်း သူမအနေဖြင့် ခဏအကြာတွင် အန်တီတုန်၏အိမ်သို့ သွားရောက်ကာ စုံစမ်းစစ်ဆေးမှုများ မည်သို့အချေအနေရှိသည်ကို မေးမြန်းရန် စီစဉ်ထားဆဲပင်။

စုန့်ကျယ်က စုန့်လူကြီးမင်း၏ မိတ်ဆက်ပေးမှုကို နားထောင်ပြီးနောက် ကျန်းကျွင့်အား လေးနက်စွာ စိုက်ကြည့်လိုက်ပြီး တစ်ခွန်းသာ ပြောလိုက်လေသည်။

“ရဲဘော်ကျန်းကျွင့် မင်္ဂလာပါ ၊ ငါက စုန့်ကျယ်”

သူက ကျန်းကျွင့်အား “ညီလေး”ဟု မခေါ်ခဲ့ချေ။ “ရဲဘော်ကျန်းကျွင့်” ဟူသော ခေါ်ဆိုမှုမှာ ရင်းနှီးမှုမရှိသော်လည်း အလွန်အမင်း စိမ်းသက်လွန်းသည်တော့ မဟုတ်ပေ။

ဘေးနာရှိ စုန့်လူကြီးမင်းသည်လည်း ထိုအခြေအနေကို မြင်လျှင် အတင်းအကျပ် မတောင်းဆိုပါချေ။

မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် သူသည်က စုန့်ကျယ်ကိုသာ ဂရုစိုက်တော့မည် ဖြစ်ပေသည်။ စုန့်ကျယ်သာ သူ၏ဘေးတွင် ရှိနေပါက အရာအားလုံးကအဆင်ပြေနေပေပြီ ။

ကျန်းကျွင့်နှင့် ပတ်သက်လျှင်တော့ သူက ဦးစွာ မောင်းထုတ်လိမ့်မည် မဟုတ်သော်လည်း ယခင်ကကဲ့သို့ အရာအားလုံးကို ပုံအောပေးရန် အစီအစဉ်မရှိတော့ပေ။

*

All Chapters