← Chapters

ငရဲသို့် သွားရာလမ်း

Vol. 9 Ch. 126

ငရဲသို့် သွားရာလမ်း

Vol. 9 Ch. 126

မွန်းတည့်ချိန်ဖြစ်၍ နေမင်းက ရောင်ခြည်တန်းများကို အရှိန်တညီးညီး ထုတ်လွှတ်နေသည်။ နတ်ဘုရား၏မျက်နှာပျက်ကြီးရှေ့၌ ၎င်းက စူးရှသော ရောင်ခြည်တန်းများကို ထုတ်လွှတ်နေပေရာ သာမန်လူများ မော့ကြည့်ရန် ခဲယဉ်းနေပေသည်။

နေမင်းကြီးနောက်ရှိ နတ်ဘုရားက ကြီးကျယ်မြင့်မြတ်သည်။ သာမန်လူများအတွက် သူသည် အချိန်နှင့်အာကာသကို ကျော်လွန်သော ဖြစ်တည်မှုတစ်ခုဖြစ်သည်။ နေ့ဖြစ်စေ၊ ညဖြစ်စေ၊ အမှန်တရား သို့မဟုတ် အိပ်မက်ဖြစ်စေ၊ အတိတ် သို့မဟုတ် အနာဂတ်ဖြစ်စေ သူက ထာဝရတည်မြဲနေမည်သာ ဖြစ်သည်။

ဤလောကကြီးထဲရှိ အပြောင်းအလဲများကို သက်သေထူရင်း၊ သေခြင်းရှင်ခြင်းကိုလည်း သက်သေထူရင်း၊ သူ ရောက်ရှိလာခြင်းကြောင့် ရက်စက်ကြမ်းတမ်းသွားခဲ့သော လောကပျက်ကြီးကိုလည်း သက်သေထူရင်းဖြင့် သူ ရှိနေမည်သာ ဖြစ်သည်။

နေရောင်ခြည်အလင်းတန်းထဲရှိ လက်ကျန်အပူဓာတ်များမှာ နတ်ဘုရားမျက်နှာပျက်ကြီး၏ သက်ရောက်ခြင်းခံလိုက်ရဟန်တူပြီး ရန်ငြိုးများဖြင့် ပြည့်နှက်လာသည့်အလားပင်။ ၎င်းက ယခုရာသီ၌ ကောင်းကင်တာအိုဆန္ဒကို မလိုက်လျောချင်ဘဲ တိတ်တဆိတ် ထွက်ခွာချင်နေသည့်အလား။

ချီရွှဲ့ထုံဂိုဏ်းပင်မမြို့ကြီး၏ ချောင်ကြိုချောင်ကြားမကျန် အပူဓာတ်များ အရူးအမူး ထုတ်လွှတ်ကာ သက်ရှိသတ္တဝါများအားလုံးကို အငွေ့ပျံအောင် လုပ်နေသည်။

ထိုမမြင်နိုင်သောအဆိပ်က သစ်ရိပ်များနှင့် တံစက်မြိတ်အောက်များကိုပင် စိမ့်ဝင်နေသည်။ ပင်လယ်လေပြေတိုက်ခတ်လာသည့်တိုင်အောင် ၎င်းကို ဖယ်ရှားခြင်းငှာ မတတ်သာပေ။ ၎င်းက အရိုးအသားများထဲအထိ စိမ့်ဝင်သွားသော အဆိပ်နှင့် ဆင်တူသည်။

၎င်းသည် ရွှီချင်း၏ တာအိုဝတ်ရုံထောင့်စွန်းနှင့် ဆင်တူသည်။

ထိုနေရာသည် သာမန်သာဖြစ်ဟန်တူသော်လည်း အနီးကပ်ကြည့်ပါက အမှုန့်အနည်းအကျဉ်း ရှိနေသည်ကို မြင်နိုင်သည်။ ယခုအခါ အမှုန့်အများစု ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ထိုအမှုန့်အငွေ့အသက်က နတ်ဘုရား၏မျက်နှာပျက်ကြီးကြောင့် သက်ရောက်ခြင်း ခံလိုက်ရသော အပူဓာတ်နှင့် ဆင်တူပြီး ရွှီချင်း၏ဝတ်ရုံအောက်ရှိ အသားနှင့် အရိုးများထိ စိမ့်ဝင်သွားသည်။

ထိုပျံ့နှံ့နှုန်းက အလွန်မြန်ဆန်သည်။ ၎င်း ရောက်ရှိလာပြီး ပျံ့နှံ့သွားသည့်အချိန်က အသက်ရှူချိန်အနည်းငယ်သာ ကြာသည်။

ရွှီချင်းသည် သူ့အင်္ကျီထောင့်စွန်းကို ကြည့်ကာ မျက်လုံးများ မှေးသွားပြီး ဆိပ်ကမ်းသို့ ခပ်သွက်သွက် လျှောက်လာသည်။

သူ့အင်္ကျီထောင့်စွန်းမှ အမှုန့်သည် အစောပိုင်းက တိုက်ပွဲအတွင်း ရေသူမလူငယ်ချန်ထားခဲ့သည့် အရာဖြစ်သည်။ တခြားတစ်ယောက်သာဆိုပါက ချက်ချင်း သိရန် အလွန် ခဲယဉ်းနေမည် ဖြစ်သည်။

ယင်းအဆိပ်က အရောင်အဆင်းကင်းမဲ့သည် မဟုတ်ပါလား။ ၎င်းကို အတိုင်းအတာတစ်ခုအထိ အဆိပ်အဖြစ် မပြောနိုင်ချေ။

သို့သော်လည်း ရွှီချင်းသည် ဆေးတာအိုပညာရပ်တွင် ကျွမ်းကျင်သည်။ ထိုလက္ခဏာရပ်ကြောင့် သူ၏စိတ်ထဲ အစွမ်းသတ္တိချင်းဆင်တူသော ဆေးခုနစ်မျိုး၊ ရှစ်မျိုးကို တွေးမိသွားသည်။ မည်သည့်အဆိပ်ဖြစ်မည်ကိုတော့ သူ ပြန်ရောက်မှသာ စစ်ဆေးကြည့်ရမည်ဖြစ်သည်။

သို့သော်လည်း မည်သို့ပင်ဆိုစေ ရေသူထီးလူငယ်နှင့် ကြိမ်ဖန်များစွာ ထိပ်တိုက်တွေ့လာရပြီးနောက် ရေသူထီးလူငယ်ကို သတ်ချင်စိတ်များ ပို၍သာ ကြီးထွားလာသည်။

“ ငါးကို သတ်ဖို့ အချိန်ကျပြီ ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်ပြီး လှေဆိုက်ကပ်ရာနေရာကို လျှောက်သွားသည်။ မှော်လှေကလေးထဲ သူ ရောက်သွားသည်နှင့် အကာအကွယ်အလွှာကို ချက်ချင်း အသက်သွင်းလိုက်ပြီး ဘေးပတ်ဝန်းကျင်မှ ဆူညံသံများကို တားဆီးကာ မှော်လှေအတွင်းပိုင်းကို ပကတိ ငြိမ်သက်သွားအောင် လုပ်လိုက်သည်။

သူက အခန်းလေးထဲ တင်ပျဉ်ခွေထိုင်ချလိုက်ပြီး သူ၏တာအိုဝတ်ရုံထောင့်စွန်းကို ဆုတ်ဖြဲလိုက်သည်။

သူက ထိုအင်္ကျီစကို လက်ဖြင့် ကိုင်၍ အနီးကပ်ကြည့်လိုက်သည်။ ထို့နောက် ဘယ်လက်ဖြင့် လက်ဟန်ဖော်လိုက်ရာ ဘယ်လက်ဝါးမှ မီးတောက်များ ချက်ချင်း မြှောက်တက်လာသည်။

ပင်လယ်အသွင်ပြောင်းပညာရပ်က ရေကို အားပြု၍ ကျင့်ကြံခြင်းဖြစ်ပါသော်လည်း မန္တန်ကျင့်ကြံသူများအတွက် တခြားမန္တန်များကိုလည်း အထောက်အကူအနေဖြင့် လေ့ကျင့်ရသည်။

ကျောက်စိမ်းပေလွှာထဲတွင် ဖော်ပြချက်များစွာ ပါဝင်၏။

ရွှီချင်းက ဘယ်လက်ကို ဝှေ့ယမ်းလိုက်ရာ မီးလုံးက သူ့အင်္ကျီထောင့်စွန်းဆီ ပျံသန်းသွားပြီး လောင်ကျွမ်းလိုက်သည်။

တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာပြီး မီးခိုးငွေ့များ အူထွက်လာသည်။

မီးအလင်းရောင်က ရွှီချင်း၏ မျက်နှာကို ရောင်ပြန်ဟပ်နေ၏။

မီးလောင်ကျွမ်းခံနေရသော သူ့အင်္ကျီထောင့်စွန်းက တွန့်ကွေးနေပြီး မီးလောင်ကျွမ်းနေသည့်နေရာမှ အနီရောင်မျဉ်းလေးက အင်္ကျီတစ်ခုလုံးသို့ ပျံ့သွားသည်ကို သူ ကြည့်နေသည်။ ထိုအနီရောင်မျဉ်းလေး ဖြတ်သွားသည့်နေရာတိုင်း မီးခိုးရောင်သူ့အင်္ကျီထောင့်စွန်းက ပြာဖြစ်သွားသည်။

အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူ၏အင်္ကျီထောင့်စွန်းတစ်ခုလုံး မီးလောင်သွားပြီဖြစ်ပြီး တဖြည်းဖြည်း မီးများ ငြိမ်းသွားပြီဖြစ်သည်။

ရွှီချင်းက လက်ထဲရှိ ပြာများကို ကြည့်လိုက်ပြီး ၎င်းတို့မှ ထွက်လာသည့် မီးခိုးငွေ့များကို ရှူကာ တီးတိုးရေရွတ်လိုက်သည်။

“ ဒါ တစ္ဆေဆန္ဒရဲ့ သွေးပဲ။ အဆိပ်လို့လည်း ပြောလို့ရတယ်။ အဆိပ်မဟုတ်ဘူးလို့လည်း ပြောလို့ရတယ် ”

သမားတော်ကြီးပိုင် ပေးထားခဲ့သည့် ဆေးကျမ်းထဲတွင် တစ္ဆေဆန္ဒအကြောင်း ပါဝင်သည်။ ပင်လယ်နက်ထဲတွင်သာ နေထိုင်သော ထိုသတ္တဝါများက အလွန်ရှားသည်။ ရွှီချင်း၌လည်း ထိုသတ္တဝါနှစ်ကောင်ရှိသည်။ သို့သော် တခြားဆေးပင်များ သူ ရှာမတွေ့သေး၍ ၎င်းတို့အား ထိပင်မထိရသေးချေ။

၎င်း၏သွေးကိုသာ ကောင်းစွာအသုံးချပါက ဒဏ်ရာများအား ပျောက်ကင်းစေနိုင်သော နတ်ဆေးတစ်မျိုး ဖြစ်လာနိုင်ကြောင်း သူ သိသည်။ သို့သော်လည်း ၎င်းကို တခြားနည်းလမ်းများဖြင့် ပေါင်းစပ်လိုက်မည်ဆိုပါက ယင်ယန်အစွန်းရောက်သွားပြီး ၎င်း၏သွေးမှ ထုတ်လွှတ်သောအငွေ့အသက်များက တခြားသန္ဓေပြောင်းသားရဲများစွာကို ဆွဲဆောင်သွားမည်ဖြစ်သည်။

“ ဉာဏ်အလင်းပွင့်မြက်ပင်ရဲ့ လက္ခဏာရပ်တွေလည်း ရှိသေးတယ် ”

ရွှီချင်းက မျက်လုံးများ မှိတ်လိုက်သည်။ သူ သုံးသပ်ပြီးနောက် မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။ သူ၏အကြည့်က နက်ရှိုင်းသော ကန်ရေပြင်အလား အလွန် တည်ငြိမ်အေးစက်နေသည်။

သမားတော်ကြီးပိုင်၏ ဆေးကျမ်းထဲတွင် ဆေးနှစ်မျိုး ပေါင်းစပ်ပြီးနောက် မည်သို့ ဖြစ်လာမည်ကို မဖော်ပြထားပါသော်လည်း ဆေးပညာဗဟုသုတအရ စက်ဆုပ်ရွံရှာသည့်အငွေ့အသက်ကို ပိုအားကောင်းသွားစေမည်ဖြစ်သည်။

ထိုအငွေ့အသက်က အနည်းအကျဉ်းဆိုပါက သန္ဓေပြောင်းသားရဲများက ဘာမှလုပ်မည်မဟုတ်ပါသော်လည်း ပြင်းထန်နေခဲ့လျှင် သန္ဓေပြောင်းသားရဲများ၏ သတ်ဖြတ်ချင်စိတ်ကို နှိုးဆွပေးမည်ဖြစ်သည်။

မည်သည့်အရာမဆို လွန်လွန်ကျူးကျူးဖြစ်လျှင် မကောင်းပေ။

ထိုဆေးနှစ်မျိုးကို ရောစပ်ပြီးပါက ထူးခြားသော ဆေးရည်တစ်မျိုး ဖြစ်လာသည်။

ထိုဆေးရည်ကို ထိမိလိုက်သည့်လူတိုင်း ဆေးများခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားမည်ဖြစ်သည်။

ယင်းက အဆိပ်ဆေးမဟုတ်၍ ဆေးစွမ်းမပြပေ။ ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်သည့် အာနိသင်အနည်းအကျဉ်းပင် ရှိနေသည့်အတွက်ကြောင့် ၎င်းကို စစ်ဆေးကြည့်ရန် မဖြစ်နိုင်သလောက်ပင်။ ၎င်းကို ဖယ်ထုတ်ပစ်ရန် အလွန် ခက်ခဲပြီး အနိမ့်ဆုံး နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည်။

၎င်း၏အစွမ်းက သန္ဓေပြောင်းသားရဲများစွာကို စက်ဆုပ်ရွံရှာစိတ်ဖြစ်စေသည်။ ရတနာမုဆိုးစခန်းဘေးရှိ တားမြစ်နယ်မြေတောအုပ်ထဲ၌ ပထမဆုံးအကြိမ် ရွှီချင်း မိုးကြိုးအဖွဲ့၏ တာဝန်ထမ်းဆောင်စဉ်အတွင်း တစ္ဆေရိုင်းကြီး၏ သားရေအိတ်ရှုံ့လေးထဲရှိ ဆေးမှုန့်များက ထိုဆေးအမျိုးအစားဖြစ်သည်။

တစ္ဆေရိုင်းကြီး၏ ဆေးမှုန့်က ရွှီချင်းကိုယ်ပေါ် စိမ့်ဝင်လာသည့်ဆေး၏အငွေ့အသက်နှင့် ဆင်တူသည်။ သို့သော်လည်း ပါဝင်ပစ္စည်းများက နှိုင်းယှဉ်၍မရချေ။ ထိုဆေးနှစ်မျိုးအကြား ကွာခြားချက်က မိုးနှင့်မြေပမာ ဖြစ်သည်။

“ ငါ ဂိုဏ်းထဲနေရင်တော့ ဒီအငွေ့အသက်ကြောင့် အန္တရာယ်ကြီးကြီးမားမား တွေ့ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ ပင်လယ်ပြင်ကို ထွက်ရင် … ”

လက်ရှိအချိန်တွင် သူသာ ပင်လယ်ထဲ ထွက်သွားပါက ပြန်မလာနိုင်တော့မည်မှာ သေချာကြောင်း သူ ကောင်းစွာ သိသည်။

ထိုလူသတ်သည့်နည်းလမ်းက အလောင်းသာမက အရိုးများပါ မကျန်အောင် အစဖျောက်သည့်နည်းဖြစ်ပြီး မြွေပွေးတစ်ကောင်ကဲ့သို့ ဆိုးဝါးသည်။ ထိုနည်းလမ်းကို အကျိုးရှိရှိ အသုံးချနေကြသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ ရွှီချင်းသာ ဆေးတာအိုပညာကို မသိထားပါက သေသွားသည့်တိုင်အောင် ရန်သူ မည်သူမည်ဝါမှန်း သိလိုက်ရမည် မဟုတ်ချေ။

“ ငါ့အဆိပ်ကို မင်း သိနိုင်မလား ကြည့်သေးတာပေါ့ ”

ရွှီချင်း၏မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားသည်။ ရေသူထီးလူငယ်က သူ့ကို အဆိပ်ခတ်ခဲ့ပါသော်လည်း သတိမမူ ဂူမမြင်ဆိုသကဲ့သို့ တိုက်ပွဲအတွင်း သူသည်လည်း ရေသူထီးလူငယ်ကို အဆိပ်ခတ်ခဲ့သည်။

ထိုအဆိပ်က အန္တရာယ်မဖြစ်စေဘဲ အမှတ်အသားတစ်ခုသာ ဖြစ်သည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ရေသူထီးလူငယ်၏ အမှတ်အသားက ပင်လယ်ထဲရှိ အမျိုးအမည်မသိသော သန္ဓေပြောင်းသားရဲများ၏ ရက်စက်ကြမ်းတမ်းသောစိတ်ကို နှိုးဆွပေးနိုင်ပါသော်လည်း ရေသူထီးလူငယ်ပေါ်ရှိ သူ့အမှတ်အသားက မရဏခြေရာများ ထင်ကျန်ရစ်စေသည်။

ရွှီချင်းသည် တည်ငြိမ်နေပြီး ပြာများကို သိမ်းဆည်းကာ သိုလှောင်အိတ်ကို ဖွင့်လိုက်သည်။ အိတ်ထဲရှိ ဆေးလုံးများကို သူ ကြည့်လိုက်ပြီးနောက် ဘေးပတ်လည်ရှိ ဆေးစင်ကလေးများကို ဆက်ကြည့်လိုက်သည်။

သူသည် အဆိပ်ဖြေရာတွင် မထူးချွန်ဘဲ အထူးသဖြင့် အဆိပ်မဟုတ်သော ယခုလိုဆေးမျိုးကို ခရမ်းရောင်သလင်းကျောက်သည်လည်း ပျောက်ကင်းအောင် မစွမ်းဆောင်နိုင်ချေ။

သို့သော် သူက အဆိပ်၌ ထူးချွန်သည်။

အဆိပ်ဆေးများကို သူ တည်ငြိမ်စွာ ကြည့်လိုက်ပြီး ခံစားချက်မဲ့စွာ မျိုချလိုက်သည်။ ထို့နောက် အဆိပ်ဆေးမှုန့်ခုနစ်မျိုး၊ ရှစ်မျိုးခန့်ကို ရောစပ်လိုက်ပြီး ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။

ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမနိုင်သိမ်းမရ တုန်ရီလာပြီး သူ၏နဖူးမှ ချွေးသီးများ စီးကျလာသည်။ သို့သော်လည်း သူသည် တင်ပျဉ်ခွေထိုင်နေဆဲဖြစ်ပြီး ခန္ဓာကိုယ်ထဲ လောင်မြိုက်နေသော နာကျင်မှုဒဏ်ကို တိတ်တဆိတ် တောင့်ခံသည်။ သူ၏ရင်ထဲတွင် လူသတ်ချင်စိတ်များ တဟုန်းဟုန်းတောက်လောင်နေပါသော်လည်း သူ့အသိစိတ်က မုန်တိုင်းမလာခင် ငြိမ်သက်နေသည့်ပုံစံမျိုးဖြင့် တည်ငြိမ်နေသည်။

သူ့အဆိပ်က သူ၏ကိုယ်တွင်းအင်္ဂါများ၊ အရိုးများနှင့် အသားများကို လောင်ကျွမ်းသွားသည်။

တစ္ဆေဆန္ဒနှင့် ဉာဏ်အလင်းပွင့်မြက်ပင်၏ အစွမ်းများကို သူ မဖယ်ရှားနိုင်သည့်အတွက်ကြောင့် အဆိပ်ကိုသုံး၍ သူ ဖယ်ရှားပစ်ခြင်းဖြစ်သည်။ ထို့နောက် ပြန်လည်သက်သာရန် သူ၏ပြန်လည်ကုစားနိုင်စွမ်းကို အသုံးချမည်ဖြစ်သည်။

ထိုဖြစ်စဉ်က လေးနာရီတိတိ ကြာမြင့်သွားသည်။

အပြင်ဘက်၌ ဆည်းဆာရောင်ခြည်တန်းများ ဖြာကျလာသောအခါတွင် ရွှီချင်း၏မျက်လုံးများ တဖြည်းဖြည်း ပွင့်လာသည်။ သူ့မျက်လုံးများ သွေးချင်းချင်း နီမြန်းနေပြီး သူ့ခန္ဓာကိုယ်ထဲမှ အဆိပ်က သူ၏ပြန်လည်ကုစားနိုင်သည့်နှုန်းကြောင့် အပြီးတိုင် ဖယ်ရှားခြင်းခံလိုက်ရပြီဖြစ်သည်။ တချိန်တည်းမှာပင် တစ္ဆေဆန္ဒ၏အစွမ်းသည်လည်း လွင့်ပျယ်သွားပြီဖြစ်သည်။

ရွှီချင်းက ဂရုတစိုက် စစ်ဆေးကြည့်လိုက်ပြီး အတည်ပြုပြီးနောက် အခန်းငယ်လေးမှတစ်ဆင့် ဝင်လုဆဲနေမင်းကြီးကို ကြည့်လိုက်သည်။ သူ့အကြည့်က လေးနက်နေပြီး သူ တီးတိုးရေရွတ်လိုက်သည်။

“ သိပ်မကြာခင် ငါ ကောင်းကောင်း အိပ်နိုင်တော့မှာပါ ”

သူ တိတ်ဆိတ်စွာ ထရပ်လိုက်ပြီး ကိုယ်လက်သန့်စင်ကာ အနားယူရန် မျက်လုံးများ မှိတ်လိုက်သည်။

ခဏအကြာ ကောင်းကင်ဝေဟင်ပြင်ရှိ နေမင်းကြီးက လမင်းကြီးကို ခွင့်ပြုပေးလိုက်ဟန်တူသည်။ အမှောင်ထုကြီးစိုးလာ၏။

ကောင်းကင်ယံတွင် ပြန့်ကျဲနေသော ကြယ်ကလေးများ သုသာန်တစပြင်ရှိ ပိုးစုန်းကြူးလေးများအလားပင်။ မထင်ရှားသော်လည်း အဆင်တန်ဆာများအဖြစ် တာဝန်ထမ်းဆောင်နေကြသည်။

ယနေ့ညက လူသတ်ရန်အတွက် သင့်တော်သည်။

ရွှီချင်း၏မျက်လုံးများ ပွင့်လာပြီး မည်းနက်တောက်ပြောင်သော သံတုတ်ကလေးကို သူ့အင်္ကျီလက်ထဲ အသာထားလိုက်သည်။ ထို့နောက် ဓားမြှောင်ကို သွေး၍ သူ့ဖိနပ်ထဲ ထည့်လိုက်သည်။

ပြီးသည်နှင့် အဆိပ်များကို သူ စစ်ဆေးကြည့်လိုက်ပြီး တည်ငြိမ်စွာ အစီအရီထားလိုက်သည်။ ကိစ္စဝိစ္စများ ပြီးစီးသောအခါမှသာ မှော်လှေကလေးအပြင်ဘက်ကို သူ ထွက်လာသည်။ သူက အရှိန်တင်လိုက်ပြီး တခဏလေးအတွင်း ပျောက်ကွယ်သွားသည်။

လရောင်က လောကတစ်လွှား ဖြာကျနေပြီး အေးစိမ့်စိမ့်ခံစားချက်တစ်မျိုး ပေးနေသည်။ ၎င်းက အမှောင်ထဲသွားလာနေသော ကြောင်များပေါ်သို့လည်း ရံဖန်ရံခါ ကျရောက်သွားပြီး လေတိုက်ခတ်သည့်အလား မြန်ဆန်စွာ ရွေ့လျားနေသည့် အထီးကျန်ဝံပုလွေတစ်ကောင်၏ အေးတိအေးစက်အကြည့်နှင့် လူငယ်လေးအပေါ်သို့လည်း ဖြာကျနေသည်။

လရောင်နှင့်အတူ ပင်လယ်လေပြေသည်လည်း အေးစိမ့်စိမ့်အငွေ့အသက်ကို ဆောင်ကြဉ်းလာသည်။ ၎င်းက လူငယ်လေးဘေးကို တိုက်ခတ်သွားပြီး သူ၏ဝတ်ရုံရှည်ကို ပင့်တိုက်လိုက်ရာ နက်မှောင်သော ဆံပင်ရှည်များ တဖျပ်ဖျပ်လွင့်သွားသည်။ သို့သော်လည်း ထိုလေပြေက သူ့အမှတ်အသားမှ ချန်ရစ်ထားခဲ့သည့် ပင်မမြို့ကြီးပေါ် စိမ့်ဝင်နေသော ထူးခြားသည့်အငွေ့အသက်ကို ဖယ်ရှားခြင်းငှာ မစွမ်းသာချေ။

နောက်ဆုံး၌ ၎င်းက လူသတ်တော့မည့်လေချွန်သံအလား အရှိန်ပြင်းပြင်း တိုက်ခတ်နေပေရာ လူငယ်လေး၏ နားထဲ တရွှီရွှီမြည်နေသည်။

ထိုလူငယ်လေး လူသတ်တော့မည်။

All Chapters